NLD ခရိုင်ဥက္ကဌ ပါးရိုက်သည့်ကိစ္စ မဟုတ်မှန်ကြောင်း ရှင်းလင်း

ပို့စ်တင်ချိန် - 5/21/2014 12:33:00 PM


ဧရာဝတီတိုင်းဒေသကြီးဒေသကြီး ဖျာပုံခရိုင်၊ဖျာပုံ-ဒေးဒရဲ လမ်းပေါ်ရှိမြို့ဝင်ကြေးကောက်ခံသော ဂိတ်စခန်း၌ ပြီးခဲ့သည့်ဧပြီ ၂၇ ရက်နေ့တွင် အမျိုးသား
ဒီမိုကရေစီအဖွဲ့ချုပ်(NLD)အမျိုးသားလွှတ်တော်အမတ် ဦးသိမ်းဆွေက မြို့ဝင်ကြေးကောက်ခံနေသူအား ပါးရိုက်ခဲ့သည်ဟု အင်တာနက်စာမျက်နှာတွင်
ပျံနှံလျက်ရှိသည့် သတင်းမှာ မဟုတ်မှန်ကြောင်း ဦးသိမ်းဆွေက ပြောကြားသည်။

“ကျွန်တော်က လွှတ်တော်အမတ်တစ်ယောက်ပါ၊ ကျွန်တော်ပြောဆိုလုပ်ဆောင်သမျှက ကျွန်တော့်ပါတီကိုလည်း ထိခိုက်နိုင်ပါတယ်၊ အဖေနဲ့အမေက
ကျောင်းဆရာ၊ ဆရာမတွေပါ ကျွန်တော်ကိုယ်တိုင်လည်း ကျူရှင်ဆရာတစ်ယောက်လုပ်ခဲ့တာပါ ဒီလိုအပြုအမူမျိုးကို ဘယ်တုန်းကမှမလုပ်ခဲ့ပါဘူး”ဟု
ယမန်နေ့က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဦးသိမ်းဆွေ က  ပြောသည်။
မြို့ဝင်ကြေးတစ်ရက်တည်း နှစ်ကြိမ်ကောက်ခံခြင်းနှင့်ပတ်သတ်၍ ဦးသိမ်းဆွေက ငွေကောက်ခံသူ တာဝန်ခံကို  အရေးယူဆောင်ရွက်ပေးရန်
ရဲတပ်ဖွဲ့သို့အကြောင်းကြားခဲ့ပြီး လိုင်စင်ရလုပ်ငန်းရှင် ဦးပေါ်ထွန်းအား နောင်မဖြစ်ရန် ပြောဆိုဆုံးမဖို့အသိပေးခဲ့သည်ဟု သိရသည်။

လူမှုရေးကိစ္စရပ်များအတွက် ဖျာပုံ၊ ဘိုကလေး၊ ကျိုက်လတ်မြို့များသို့သွားရောက်ကာ ဒေသတွင်းပြသနာများကို ဌာနဆိုင်ရာ၊ အုပ်ချုပ်ရေး၊ ဝန်ကြီးဌာနများသို့
တင်ပြတောင်းဆိုရန်ဆောင်ရွက်နေပြီး နယ်မြို့များတွင် အင်တာနက်လိုင်းမကောင်း၍ အင်တာနက်မသုံးဖြစ်သောကြောင့် အင်တာနက် လူမှုကွန်ယက်တွင်
ပျံနှံနေသောသတင်းကို မသိရှိရကြောင်း ၄င်းကဆက်လက်ပြောကြားသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သတ်ပြီး မြို့ဝင်ကြေးကောက်ခံသော တာဝန်ခံကိုဇော်မျိုးနှင့် မြို့ဝင်ဘီးကောက်လိုင်စင်ရ လုပ်ငန်းရှင်ဦးပေါ်ထွန်းတို့က ၎င်းတို့၏ မချေမငံ
ပြောဆိုဆက်ဆံခဲ့မှုနှင့်  မှားယွင်းမှုအတွက် တောင်းပန်ကြောင်း ဦးသိမ်းဆွေထံ စာပို့ထားကြောင်းလည်း သိရသည်။

ချမ်းမင်းဟန်
The Myanma Age