Apple က ကမ္ဘာ့တန်ဖိုးအရှိဆုံး ကုန်အမှတ်တံဆိတ် အဖြစ် မှတ်တမ်းတင်


ယခုနှစ်အတွက် ကမ္ဘာ့တန်ဖိုးအရှိဆုံး ကုန်အမှတ်တံဆိတ် နေရာကို Apple က ရယူလိုက်ပြီ ဖြစ်ပါတယ်။

Interbrand's 2013 global brand ranking က ကြေညာတဲ့ စာရင်းအရ ဖြစ် ပါတယ်။ Brand ရဲ့  တန်ဖိုးက အမေရိကန်ဒေါ်လာ ၉၈.၃ ဘီလျံ ဖြစ်ပါတယ်။ ဒုတိယ နေရာလိုက်သူကတော့ ကိုကာကိုလာ ဖြစ်ပြီး သူ့ Brand ရဲ့  တန်ဖိုးက အမေရိကန်ဒေါ်လာ ၇၉.၂ ဘီလီယျံ ဖြစ်ပါတယ်။ Apple ဟာ ၂၀၁၁ ခုနှစ်က နံပါတ် ၈ မှာပဲ ရှိခဲ့တဲ့ ကုမ္မဏီ ဖြစ်ပါတယ်။ ၂ နှစ်အတွင်း စီးပွားရေး မြင့်တက်လာမှုနဲ့ ကုန်ပစ္စည်း အရည်အသွေးကြောင့်မို့ ဖြစ် ပါတယ်။

IBM က ၇၈.၈ ဘီလျံနဲ့ တတိယနေရာမှာ ရှိပြီး၊ Microsoft ကတော့ ၅၉.၅ ဘီလျံနဲ့ စတုတ္ထနေရာမှာ ရှိပါတယ်။ General Electric, McDonald's Samsung, Intel နဲ့ Toyota တို့က အစဉ်လိုက် လိုက်ပါတယ်။ Amazon နဲ့ Facebook ကတော့ အဆင့် ၁၉ နဲ့ ၅၂ နေရာတွေမှာ ရှိနေပါတယ်။ အမြန်ဆုံး အမည်ရရှိလာတဲ့ Top risers ကုမ္မဏီများအဖြစ် အသတ်မှတ်ခံ ခဲ့ရကြောင်း သိရပါတယ်။
.
Ref: mashable
Aung Kham (TSJ Team)
TechSpace Journal

BREAKING NEWS

သံတွဲမြို့ရှိ ကမန်အမျိုးသားပါတီဥက္ကဌ ဦးကျော်ဇံလှ၏ နေအိမ်ကို အကြမ်းဖက်သမား ၂ဝဝကျော် တိုက်ခိုက်ခဲ့ဟု ရိုက်တာရေးသား

ဝိပဿနာတရားပြ ဆရာကြီး ဦးဂိုအင်ကာ အိန္ဒိယနိုင်ငံ မွန်ဘိုင်း (ဘုံဘေ)မြို့တွင် လူကြီးရောဂါဖြင့် အသက် ၉ဝအရွယ်တွင် ကွယ်လွန်ရှာပြီ

မြန်မာနိုင်ငံတွင် ၂ဝ၁၇၌ မိုဘိုင်းလ်ဖုန်း သိပ်သည်းဆ ၅ဝ%ရှိလာမည်ဟု တယ်လီနော် CEO က ပြောဆို၊ လူဦးရေ သန်း ၃ဝနီးပါး ဖုန်းကိုင်နိုင်မည်

ပြန်ကြားရေးဝန်ကြီးဌာနက ဦးဆောင်ရေးဆွဲထားသော ရုပ်သံလွှင့်ဥပဒေကြမ်းကို အောက်တိုဘာ၌ လွှတ်တော်သို့ တင်သွင်းမည်
Kamayut Media

ဘယ်လိုအခြေအနေ မျိုးမှာ ရေမချိုးသင့်ပါသလဲ ?


သွေးပေါင် အရမ်းကျ နေချိန် မှာ ရေမချိုးသင့်ပါ ။

ရေချိုးတဲ့အခါ ရေအပုချိန်မြင့်ရင် သွေးကြောကျယ်ပြန့်သွားတာပြီး
ဦးနှောက်ထဲမှာသွေးပန့်ပိုးတာက မလုံလောက်ဘုးဖြစ်နေတတ်တာမို့
အလွယ်တကု မှုးလဲတတ်ပါတယ် ။
ရေအေးနဲ့ချိုးရင် သွေးကြောတွေက ကျုံ့သွား ပြီး အချမ်းတက်နိင်တယ် ။

ရေအေးဖြင့်အမြဲ မျက်နှာသစ်သူ

တချို့ ကျန်းမာရေးချို့တဲ့ တဲ့အမျိုးသမီးများ ရေအေးနဲ့မချိုးသင့်ပါ ။ နဂိုက
ခုခံအားမကောင်းတာမို့ အေးတဲ့နိုးဆွမှု ကြောင့်အအေးမိ ၊အဖျားတက်ခြင်း
ကိုဖြစ်စေတယ် ။ ဒါပေမယ့် ကြာရှည် ရေအေးဖြင့်မျက်နှာသစ်သူက
သွေးလည်ပတ်မှုကို အထောက်အကုပြုပါတယ် ။
အအေးမိ နှာစေးတာကိုကာကွယ်နိင်ပြီး အသားရည်ကိုစိုပြေစေတယ် ။

အရက်သောက်ပြီး နောက် ရေမချိုးသင့်

အရက်ပျံက အသည်း အလုပ်လှုပ်ရှားမှုကို ပာန့်တားနိင်တယ် ။ ဂလုးကို့စ် ထုတ်လုပ်ခြင်းကို တားဆီးတယ်။
ရေချိုးတဲ့အခါခန္ဓာကိုယ်ထဲမှသကြားဓာတ်ကိုအသုံးပြုရတာပိုများလာပါတယ် ။ အရက်သောက်ပြီးနောက်ရေချိုးရင်သွေးချိုက အချိန်မှီမဖြည့်စည်း
ပေးနိင်တာမို့အလွယ်တကု ခေါင်းမုးခြင်း ။ မျက်စိပြာခြင်း ၊ တစ်ကိုယ်လုံးအားမရှိ အားပျော့သွားတတ်ခြင်း ။ ပိုဆိုးပါက သွေးချိုကျဆင်းခြင်းကြောင့် မူးမေ့ မြော သွားတတ်ပါတယ် ။

အစားဝအောင်စားပြိး နောက် ရေမချိုးသင့်

အစားဝအောင်စားပြိး နောက် ရေချိုးရင်တစ်ကိုယ်လုံးရဲ့အပေါ်ယံအရေပြား သွေးကြောက ရေနွေးရဲ့နိုးဆွမှုကြောင့် ကျယ်ပြန့်သွားပါတယ် ။ များသောသွေးလည်ပတ်မှုကအပြင်ဖက်သို့
ရောက်ရှိလာတာနဲ့အမျှဝမ်းဗိုက်ထဲမှသွေးပန့်ပိုးမှုကနည်းလာတာမို့ အစာကြေလမ်းကြောင်းစုတ်ယုမှုကို ထိခိုက်စေတာကြောင့်
သွေးချိုကကျဆင်းလာပါတယ် ။ ပိုဆိုးပါက မှုးမေ့လဲကျ တတ်ပါတယ် ။

အလုပ်လုပ်ပြီးချင်း ရေမချိုးသင့်

ကာယအလုပ်လုပ်ဖြစ်စေ ဥာဏ်စွမ်းရည်ဖြင့်အလုပ်လုပ်သည်ဖြစ်စေ
အလုပ်လုပ်ပြီးနောက် ခဏ အနားယုပြီးမှ ရေချိုးသင့်တယ် ။
သို့မပာုတ်လျှင် နှလုံးရောဂါ ၊ ဦးနှောက်ထဲမျာသွေးပန့်ပိုးမှုမပြည့်စုံခြင်း ဖြစ်တာမို့မုးမေ့လဲကျသွားတတ်ပါတယ် ။

အဖျားရှိတဲ့အခါရေမချိုးသင့်

အဖျား (၃၈ဒီဂရီ = ၁၀၀.၄ ဖာရင်ပိာုက် ) မြင့်တက်လာတဲ့အခါ ခန္ဓာကိုယ်ရဲ့ကယ်လိုရီကုန်ဆုံးသွားက ၂၀% များလာပါတယ် ။ အဲဒီအချိန်မှာ ခန္ဓာကိုယ်က အားလျှော့တာတဲ့အချိန်ဖြစ်တာမို့ရေချိုးလိုက်ရင် ရုတ်တရက် (အက်စီးတန့်)မတော်တဆများဖြစ်ပွားနိင်ပါတယ် ။

*** ချစ်ခင်လေးစားရသောသူငယ်ချင်းတို့ ........
လုတိုင်း လုတိုင်း ရေချိုးတာက နေ့စဉ် အလုပ်တစ်ခု ဖြစ်နေတယ် ။
ရေချိုးခြင်းကိုချိုးကိုချိုးရမယ်လို့တသတ်မှတ်တည်း မသတ်မှတ်ပါနဲ့ ။
ရှောင်ရန်နှင့်သတိထားစရာတွေလည်းရှိပါတယ် ။ သတိမမှုမိရင်
ရေချိုးလိုက်တာနဲ့တစ်ကိုယ်လုံးရောဂါဝေဒနာများရတတ်ပါတယ်။


(ဦးနှောက်သွေးကြောပြတ်ခြင်း ။ဦးနှောက်သွေးထွက်ခြင်း ။လေဖြတ်ခြင်း တို့ဖြစ်တတ်တာမို့ သွေးတိုးနဲ့နှလုံး ရောဂါ ရှိသူများပိုပြီး ဂရုစိုက်ပါ )
သူငယ်ချင်းတို့ရောဒီလိုအခြေအနေမျိုးမှာရေချိုးဖုးရင်တော့သတိထားသင့်ပါတယ် လို့မျှဝေရင်းသူငယ်ချင်းများအားလုံးကျန်းမာပါစေ~~.♡♡♡

Jin Li Chao
Kayan Times

ရွှေရောင်စမတ်ဖုန်းကို Samsung က အရင်ထုတ်ကြောင်းဆို


လက်ရှိ မြန်မာမှာတင်မက ကမ္ဘာ့ Social Media မှာ ပြန့်နှံ့နေတဲ့ အတင်း သတင်း တစ်ခုကတော့ Samsung ဟာ Apple တို့ ရွှေရောင်စမတ်ဖုန်း ထုတ်လုပ်မှုကြောင့် ရွှေရောင် Samsung Galaxy S4 ထုတ်လုပ်ခြင်းဖြစ် တယ်ဆိုတဲ့ သတင်း ဖြစ်ပါတယ်။ ယခု ဒါကို Samsung တို့ ငြင်းဆိုလိုက်ပါပြီ။

Samsung တို့က ရွှေရောင်ဗားရှင်း (Gold Edition) ကို အရင်ဆုံးထုတ် လုပ်ခြင်း ဖြစ်တယ်လို့ တရားဝင် ကြေညာလိုက်ခြင်း ဖြစ်ပါတယ်။ Samsung Mobile Arabia က Twitter မှ တစ်ဆင့် ရေးသားဖော်ပြတဲ့ သတင်းပါ။ စက်တင်ဘာလ ၈ ရက်နေ့ကတည်းက Gold Edition Samsung Galaxy S4 ကို ထုတ်လုပ်ဖြန့်ချိခဲ့ ခြင်း ဖြစ်ကြောင်း ၁၀ ထပ် ၈ က အရင်လာကြောင် ခနဲ့တဲ့ အရေးအသားနဲ့ ဖော်ပြ ခဲ့ပါတယ်။ အကြောင်း ကတော့ Apple က ရွှေရောင် iPhone 5S ကို စက်တင်ဘာလ ၁၀ ရက်နေ့မှာ release လုပ်ခဲ့ခြင်းကြောင့်မို့ပါ။

ရွှေရောင် Edition များကို အရှေ့ အလယ်ပိုင်းနိုင်ငံများမှာ ရောင်းနေ ခဲ့ပြီး ဖြစ်တယ်လို့ ဆိုပါတယ်။ iPhone 5S ထွက်ရှိလာမှုနဲ့အတူ Samsung Galaxy Note 3 နဲ့ သိပ်မကွာတဲ့ အချိန်ကာလအတွင်း ဈေးကွက်ရောက်ရှိ မှု ကြောင့် ယှဉ်ပြိုင်မှုတွေ ပြင်းထန်နေပါပြိ။ iPhone 5S အရောင်းသွက်မှုနဲ့ အတူ Samsung Galaxy Note 3 လည်း အရောင်းသွက်လျက် ရှိကြောင်း သိရ ပါတယ်။
.
Ref: mashable
Aung Kham (TSJ Team)
TechSpace Journal

လူငယ်တစ်ဦးက လမ်းသွားလမ်းလာများအား ဓာတ်ဆီဖြင့်ပက်၍ ကလေးငယ်တစ်ဦး ကျောကုန်းမီးလောင်


လူငယ်တစ်ဦးက ဓာတ်ဆီပုလင်းကိုင်၍ လမ်းသွားလမ်းလာများအား ဓာတ်ဆီဖြင့်ပက်ကာမီးတို့သောကြောင့် တတိယတန်းကျောင်းသားလေးတစ်ဦး၏ ကျောကုန်းတွင် မီးလောင်ဒဏ်ရာ ရရှိသွားသော ဖြစ်စဉ်တစ်ခု ဟသာင်္တမြို့၊ အမှတ်(၁)ရဲစခန်းပိုင် နယ်မြေတွင် ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

““ဖြစ်စဉ်ဖြစ်ခဲ့တာ မှန်ပါတယ်။ ပြစ်မှုကျူးလွန်သူက တိမ်းရှောင်နေပြီး တရားဥပဒေအတိုင်း ဆက်လက်အရေးယူသွားမှာပါ”” ဟု ဟသာင်္တမြို့၊ အမှတ်(၁)ရဲစခန်းမှ အမှုစစ် ဒုရဲအုပ် အောင်စိန်မြင့်က ပြောသည်။ဟင်္သာတမြို့၊ မြ၀တီရပ်ကွက်တွင် စက်တင်ဘာ ၂၈ ရက် ညက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အသက် ၁၆ နှစ်အရွယ် ကျော်ထက်ဝင်းဆိုသူက ယင်းရပ်ကွက်ရှိ ကုန်စုံဆိုင်တစ်ဆိုင်မှ ဓာတ်ဆီပုလင်းကိုယူကာ လမ်းသွားလမ်းလာများအား လိုက်ပက်ပြီး မီးခြစ်ဖြင့် လိုက်တို့ခြင်းဖြစ်ကြောင်း သိရသည်။ ယင်းလုပ်ရပ်ကြောင့် အသက် (၁၀) နှစ်အရွယ် တတိယတန်းကျောင်းသားလေးတစ်ဦး၏ ကျောကုန်းတွင် မီးလောင်ကျွမ်းကာ ဘေးပတ်ဝန်းကျင်တွင် နေထိုင်သူများက ၀ိုင်းဝန်းငြှိမ်းသတ်ပေးခဲ့ရကြောင်း မြ၀တီရပ်ကွက် မှ ရာအိမ်မှူး ဦးအောင်ကိုကပြောသည်။

ကျောကုန်းတွင် မီးလောင်ဒဏ်ရာရရှိသွားသောကလေးမှာ ဟသာင်္တပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူခဲ့ပြီး ဒဏ်ရာအခြေအနေ သက်သာသွားပြီဖြစ်ကြောင်း မြ၀တီရပ်ကွက် အုပ်ချုပ်ရေးမှူးဦးအောင်ကျော်သိန်းက ပြောသည်။

အဆိုပါအမှုကို ဟသာင်္တမြို့၊ အမှတ် (၁)ရဲစခန်းတွင် ပြစ်မှုပုဒ်မ ၃၂၄ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း သတင်းရရှိသည်။ ကလေးချင်းစနောက်ရာမှ မမျှော်လင့်ဘဲ ဖြစ်ပွားခဲ့ခြင်းကြောင့် မီးလောင်ဒဏ်ရာအား ပျောက်ကင်းအောင် ကုသပေးသွားမည်ဖြစ်ပြီး သက်ဆိုင်ရာအုပ်ချုပ်ရေး တာဝန်ရှိသူများအနေဖြင့် ညှိနှိုင်းပေးစေလိုကြောင်း ပြစ်မှုကျူးလွန်သူ၏ မိခင်ဖြစ်သူ ဒေါ်ခင်အေးမူကပြောသည်။

7Day Daily

ကျပ် ၄၀၀ မြို့ပတ် အဲကွန်း ရထား အောက်တိုဘာ ပထမပတ်တွင် စတင်ပြေးဆွဲမည်


ရန်ကုန် ၊ စက်တင်ဘာ ၂၉ ။         ။ ဂျပန်နိုင်ငံလုပ် အဲကွန်း RBE ရထားတွဲ ဆိုင်းဖြင့် မြို့ပတ်ရထား အောက် တိုဘာ ၅ရက် သို့မဟုတ် ၆ရက် တွင် စတင်ကာ ငွေကျပ်၄၀၀ ဖြင့် ပြေးဆွဲသွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရသည်။
ရထားပို့ဆောင်ရေး ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးဦးသန်း ဌေးက ''ဒီ RBE ရထားတွဲတွေနဲ့ မြို့တစ်ပတ်ကို ဒီဇယ် ၇၅ ဂါလန် ကုန်ပြီး မြို့တစ်ပတ်ရထား တစ် ခေါက်ပြေးရင်ကို ကျပ်တစ်သိန်း ရှုံးပါတယ်။ ဒီအတွက်ကာမိအောင် စီးနင်းခ ကျပ် ၄၀၀ ယူတာပါ''ဟု စက်တင်ဘာ ၂၉ ရက်ရန်ကုန်ဘူ တာကြီး စခန်းသာဧည့်ဂေဟာ၌ ပြောကြားခဲ့ခြင်းဖြစ်သည်။

ဝန်ကြီးက ဆက်လက်ပြီး အဆိုပါ  RBE ရထားတွဲဆိုင်းဖြင့် ရန်ကုန်-ကျိုက်ထိုခရီးစဉ် ပြေး ဆွဲရာတွင် ကျပ် ၃၅၀၀ ကျသင့် ပြီး ယင်းခရီးစဉ်၏ သုံးပုံတစ်ပုံ ခန့်ရှိသော ရန်ကုန်မြို့ပတ်ရထား လမ်းပိုင်းတွင် ငွေကျပ် ၄၀၀ သာ ကောက်ခံ ထားကြောင်း၊ ရထား တွင် ပါဝင်သော ဝန်ဆောင်မှု အားလုံးကို စီးနင်းသူများအတွက် အပြည့်အဝ ပေးထားကြောင်း ပြောသည်။ အဆိုပါအဲကွန်းရထားတွဲ ဆိုင်းကို တွဲငါးတွဲဖြင့်ပြေးဆွဲမည် ဖြစ်ပြီး ရှေ့နောက်ရထားစက် ခေါင်း ပါဝင် ကြောင်း၊ ထိုင်ခုံအရေ အတွက် ၃၃၂ခုံနှင့် တွဲတစ်တွဲလျှင် အဲကွန်းလေးလုံး ပါဝင်ကြောင်း၊ အဆင့်မြင့် သန့်စင်ခန်းများကို အသုံးပြုခွင့် ပေးထားကြောင်း သိရသည်။

ပြေးဆွဲ မည့် ခရီးစဉ်များမှာ နံနက် ၆နာရီတွင် အင်းစိန်ဘူ တာမှ စတင်ထွက်ခွာမည်ဖြစ်ပြီး ရန်ကုန်ဘူတာကြီးသို့ နံနက် ၇ နာရီ ၁၅မိနစ်တွင် ရောက်ရှိကာ ရန်ကုန်ဘူတာကြီးမှ နေ့စဉ်ခေါက် ရေ ရှစ်ခေါက် မြို့ပတ်ပြေးဆွဲသွား မည်ဖြစ် ကြောင်း သိရသည်။

လမ်းခရီးတွင် ဘုရားလမ်း၊ ကြည့်မြင်တိုင်၊ ကမာရွတ်၊ သမိုင်း၊ အင်းစိန်၊ ဒညင်းကုန်း၊ မင်္ဂလာဒုံ၊ ပုရွက်ဆိတ်ကုန်း၊ တံတားလေး၊ ကံဘဲ့၊ မလွှကုန်း၊ ပုဇွန်တောင်၊ ရန်ကုန်ဘူတာကြီး စသည့်ဘူ တာ ၁၃ခုဖြင့် မြို့ပတ်သွားမည် ဖြစ်ပြီး အချိန် တစ်နာရီ  ၁၅မိနစ် သာ ကြာမြင့်သည့်အတွက် ပုံမှန် ရထားများထက် မိနစ်၃ဝအချိန် ကုန်သက်သာကြောင်း၊ မည်သည့် ဘူတာမဆိုစီးနင်းပါက ကလေး လူကြီးအပါအဝင် ငွေကျပ်၄၀၀ ကျသင့်မည်ဖြစ်ပြီး နိုင်ငံခြားသား ခရီးသည်များ အတွက် ကန်ဒေါ် လာ နှစ်ဒေါ်လာကျသင့်မည်ဖြစ် ကြောင်း သိရသည်။

မြန်မာ့မီးရထား တိုင်းအ မှတ်(၇)မှ လက်ထောက်အထွေ ထွေမန်နေဂျာ ဦးကျော်ကျော် မျိုးက''အဲကွန်းပါ RBE ရထား တွဲတွေနဲ့ မြို့ပတ်လမ်းမှာ ပြေး မယ်ဆိုရင် ရထားငါးတွဲဆိုင်း တစ် ဆိုင်းဖြစ်မှာပါ။ လူဦးရေ၃၀၀ ကျော်လောက် စီးနင်း နိုင် မယ်၊။ လက်ရှိက တစ်နေ့ကို ရထားတွဲ ဆိုင်း၂၁ ဆိုင်းနဲ့ ခေါက်ရေ ၂၀၀ လောက် ပြေးဆွဲနေတော့ ၂၂ ဆိုင်းနဲ့ ခေါက်ရေက၂၀၈ခေါက် ဖြစ်လာမယ်''ဟုပြောသည်။

မြို့ပတ်ရထား စီးနင်းသူ ဦးဇော်နီဝင်းက ''လူတိုင်းမြို့ပတ် ရထားကိုစီးဖို့ဆိုရင် မြို့နယ်တိုင်း မှာ ဘူတာစဉ်ရှိပြီးတော့ မြို့နယ် ဘတ်စ်ကားဂိတ်တွေနဲ့ ချိတ်ဆက် ပေးဖို့လိုတယ်။ ဒီလို အချိန်မှန် မှန် ပြေးဆွဲပြီး အလွယ်တကူစီး နင်းနိုင်တဲ့ နေရာရှိ မယ်ဆိုရင် ပြည် သူတွေ စီးလာကြလိမ့်မယ်''ဟု ပြောသည်။

သော်ဇင်ထက်

iPhone 5S လုပ်လို့မရတဲ့ Galaxy S4 ရဲ့ အားသာချက်


ပွဲဆူအောင်လုပ်တယ်တော့မထင်ပါနဲ့။ businessinsider.com ရဲ့ ဖော်ပြချက်
ကိုပြန်လည်မျှဝေခြင်းသက်သက်သာဖြစ်တယ်။iPhone 5S မှာလည်း သူ့အား
သာချက်သူရှိပေမယ့် ဒီရေးသားချက်တွေမှာ အားနည်းချက်ရှိနေတာကိုတွေ့
နေရပါတယ်။ ဝေဖန်သူကတော့ Samsung ကိုအားပေးတဲ့ သူထင်ပါရဲ့ 
iPhone 5s မှာလုပ်လို့မရတဲ့ ဟာတွေကိုသာ သေချာထောက်ပြဝေဖန်သွား
ပါတယ်။

၁။ Samsung Galaxy S4 မှာ စမတ်တီဗီ တွေကိုထိန်းချုပ်လို့ရတဲ့ universal remote စနစ်ပါဝင်ပြီး iPhone 5S မှာအသုံးပြုလို့မရတဲ့ အားနည်းချက် ရှိတယ်။

၂။ Android ဖြစ်တဲ့ S4 မှာ NFC စနစ်လို့ခေါ်တဲ့ near field communitcation ပါဝင်တယ်။
ဥပမာ သင့်ဖုန်းမှာ Bank အကောင့် Cedit Card နဲ့ချိတ်ဆက်ပြီး ငွေစာရင်း
တွေကို ဖုန်းထဲမှာ ထည့်သွင်းထားတယ်ဆိုရင် စူပါမားကတ်တို့လိုနေရာမျိုးမှာ
ငွေချေတဲ့အခါ ဖုန်းအသုံးပြုပြီး ဆင်ဆာမှာပြလိုက်တာနဲ့ အလိုအလျောက်
ဖြတ်တောက်စေတဲ့စနစ်ပါ။iPhone 5S မှာတော့ အဲဒီစနစ်ပါဝင်လာခြင်း
မရှိဘူး။ အချို့က ဒီစနစ်ကိုလုံခြုံမူမရှိလို့ ထောက်ပြဝေဖန်ထားတယ်။

၃။ Galaxy S4 မှာ 32GB နဲ့ 64GB တို့အပြင် Micro Sd ကဒ်ထပ်ထည့်အသုံး
ပြုလို့ရတဲ့ အားသာချက်ရှိတယ်။

၎။ ဘယ်စမတ်ဖုန်းမှာမှ ဘက်ထရီက ပြည့်စုံအားသာတယ်ဆိုတာမရှိပါဘူး။
အားကုန်တဲ့ အချိန်၊သက်တမ်းလွန်ရင် အားနည်းချက်တော့ပေါ်လာစမြဲပဲ။
ဒါပေမယ့် Android ဖုန်းတွေဖြစ်တဲ့ S4 မှာ ဘက်ထရီကိုအလွယ်တကူ ဖြုတ်
ယူတပ်ဆင်လို့ရတယ်။လွယ်ကူစွာလဲလှယ်အသုံးပြုလို့ရတယ်။

၅။ S4 မှာဗီဒီယိုတွေကို 1080p HD Video အပြည့်အဝကြည့်ရှုလို့ရနိုင်တယ်။

၆။ iPhone 5s ကနောက်တစ်ခုမယှဉ်နိုင်တာ မျက်နှာပြင်မှာ S4 ကပိုကြီး ပြီးတော့ ၅ လက်မဆိုတဲ့ အရွယ်အစားနဲ့ အားသာနေတယ်ဆိုတဲ့အချက်ပါပဲ။

၇။ အုပ်စုလိုက် ဂိမ်းကစားတဲ့အခါ၊ဓာတ်ပုံ၊ဗီဒီယိုတွေကို တစ်ယောက်နဲ့
တစ်ယောက်မျှဝေတာ၊APP တွေကိုတစ်ယောက်နဲ့တစ်ယောက် File Sharing လုပ်တဲ့အခါ Android ဖုန်းဖြစ်တဲ့ Samsung Galaxy S4 ကကြိုးမဲ့၊
Wifi Zapya,Bluetooth စနစ်နဲ့ အလွယ်တကူ မျှဝေရယူနိုင်တဲ့ အားသာချက် ရှိတယ်။

၈။ S4 ဟာ ဓာတ်ပုံရိုက်တဲ့ အခါရုပ်ပုံရဲ့  Background တွေမှာမလိုအပ်တဲ့ အရာတွေကို အလိုအလျောက် ဖြတ်ပစ်ပေးနိုင်တဲ့ အားသာချက်ပါဝင်တယ်။

၉။ သင် ဖုန်းမျက်နှာပြင်ကိုကြည့်ပြီးစာဖတ်နေတယ် (သို့မဟုတ်) တစ်ခုခုလုပ်နေတယ်ပဲ ထားပါ။မျက်နှာပြင်ကို လုံးဝ တို့ထိခြင်းမရှိပဲ ဒီတိုင်းပဲကြည့်နေမယ်ဆိုရင် သတ်မှတ်ထားတဲ့ Screen
timeout ကိုရောက်ရင် Screen Off ဖြစ်တယ်ဆိုတာလူတိုင်းသိမှာပါ။သို့ပေ
မယ့် ဒီ S4 မှာကအဲ့ဒီလိုမဟုတ်ပဲ Screen ကိုကြည့်ရှုနေပါက timeout ဆို
ပြီး Screen Off ဖြစ်သွားတယ်ဆိုတာမရှိပဲ Sensor စနစ်နဲ့ အလိုအလျောက်
ကြည့်ရှုလို့အဆင်ပြေစေမယ့် အားသာချက်ပါဝင်နေတယ်ဆိုတာပါပဲ။

၁၀။ Galaxy S4 ဟာ ကွန်ပျူတာတွေနဲ့ချိတ်ဆက်တဲ့အခါ အလွယ်တကူ USB နဲ့ချိတ်ဆက်အသုံးပြုလို့အဆင်ပြေစေတယ်။

၁၁။ Galaxy S4 ဟာမျက်နှာပြင်တစ်ခုတည်းမှာကို App နှစ်ခုကို တစ်ပြိုနက် အသုံးပြုလို့ရတဲ့ အားသာချက်တွေပါဝင်တယ်။

အထက်ပါ အချက်-၁၁ ချက်က iPhone 5s မှာပါဝင်မူမရှိတဲ့ အားနည်ချက်
တွေဖြစ်တယ်ဆိုပြီး busineessinsider ကဖော်ပြထားခြင်းဖြစ်ပါတယ်။

ခွန်နေ(AMMG)
TechSpace Journal

အယ်ရှာဘတ်နှင့် ကင်ညာ စစ်ဖြစ်နေပြီဟု ကင်ညာအစိုးရ ကြေညာ


နိုင်ရိုဘီ၊ စက်တင်ဘာ ၂၈

ကင်ညာနိုင်ငံ နိုင်ရိုဘီမြို့တော်ရှိ ဝက်ထ်ဂိတ် ဈေးဝယ်စင်တာကို အကြမ်းဖက် တိုက်ခိုက်ခဲ့သည့် အယ်ရှာဘတ် စစ်သွေးကြွအုပ်စုနှင့် ကင်ညာနိုင်ငံ စစ်ဖြစ်နေပြီဟု ကင်ညာ အစိုးရအဖွဲ့က ကြေညာ လိုက်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

ကင်ညာမြို့တော်ရှိ ဝက်ထ်ဂိတ် ဈေးဝယ်စင်တာကို အယ်ရှာဘတ် စစ်သွေးကြွအုပ်စုက အကြမ်းဖက် တိုက်ခိုက်ခဲ့ခြင်းကြောင့် အရပ်သားနှင့် လုံခြုံရေး တပ်ဖွဲ့ဝင် ၆၇ ဦး သေဆုံးခဲ့ပြီး ယင်းကဲ့သို့သော တိုက်ခိုက်မှုကြီးများ ထပ်မံဖြစ်ပွားခြင်း မရှိအောင် ကာကွယ်ပေးမည်ဟုအစိုးရ အရာရှိများက ကင်ညာ ပြည်သူများကို အာမခံ ပြောကြားသည်။

သို့သော်လည်း အစ္စရေး လူမျိုးများ ပိုင်ဆိုင်သည့် ဝက်ထ်ဂိတ် ဈေးဝယ်စင်တာနှင့် မြို့တော်အတွင်းရှိ ခရစ်ယာန် ဘုရားရှိခိုး ကျောင်းများကို အယ်ရှာဘတ် အုပ်စုက အသေခံ ဗုံးခွဲတိုက်ခိုက်ရန် ကြံစည်နေပြီး အယ်ရှာဘတ် စစ်သွေးကြွ အဖွဲ့ဝင်များ နိုင်ရိုဘီမြို့တော်တွင်း ခိုအောင်းနေကြောင်း ကင်ညာ အမျိုးသား ထောက်လှမ်းရေးအဖွဲ့ (NIS) က ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်ကတည်းက သတိပေးခဲ့ကြောင်း ကင်ညာသတင်းစာ သုံးစောင်တွင် ထုတ်ဖော် ရေးသားခဲ့ကြသည်။

ကင်ညာ ထောက်လှမ်းရေး အဖွဲ့၏ သတိပေးချက်နှင့် နိုင်ငံခြား ထောက်လှမ်းရေး အဖွဲ့များ၏ သတိပေးချက်များကို ကင်ညာအစိုးရနှင့် စစ်ဘက်က အရေးယူ လုပ်ဆောင်ခြင်း မရှိသည်ကို Nation, Standard, Star သတင်းစာသုံးစောင်၏ မျက်နှာဖုံး စာမျက်နှာများတွင် မေးခွန်း ထုတ်ရေးသားလိုက်သည်။
“ဒါက ဟုတ်တယ်၊ မဟုတ်ဘူးလို့ တိတိကျကျ ဖြေလို့ရတဲ့ အဖြေမျိုး မဟုတ်ဘူး” ဟု ကင်ညာ ပြည်ထဲရေးဝန်ကြီးဌာန အတွင်းဝန် အီရင်ဂိုက Reuters သတင်းကို ပြောကြားလိုက်သည်။

ထို့အပြင် နေ့စဉ်နေ့တိုင်း ထောက်လှမ်းရေး သတိပေးချက်များ ရရှိနေပြီး အရေးယူမှုများ ဆောင်ရွက်နေသလို အကြမ်းဖက်ရန် ကြံစည်မှုများစွာကို ဖယ်ရှားနိုင်ခဲ့ကြောင်း ထောက်လှမ်းရေး သတိပေးချက်များ ရရှိရုံဖြင့် မည်သည့် ဖြစ်ရပ်မျှ မဖြစ်ပွားနိုင်ဟု မဆိုနိုင်ကြောင်း ၎င်းက ဖြည့်စွက် ပြောကြားသည်။
“ကျွန်တော် ပြောနိုင်တာကတော့ ကျွန်တော်တို့ စစ်ဖြစ်နေပါတယ်။ ကင်ညာ လူငယ်လေးတွေကို အယ်ရှာဘတ်အုပ်စုက အစွန်းရောက်ဝါဒ သွတ်သွင်းပြီး ကင်ညာတွေကို သတ်ဖြတ်ခိုင်းဖို့ နေ့စဉ် ကြိုးပမ်းနေပါတယ်” ဟု အီရင်ဂိုက မှတ်ချက်ပြုသည်။

ဝက်ထ်ဂိတ် ဈေးဝယ်စင်တာ တိုက်ခိုက်ခံရမှုနှင့် ပတ်သက်၍ ကင်ညာ လုံခြုံရေး အကြီးအကဲကို တနင်္လာနေ့၌ ကျင်းပမည့် လွှတ်တော် ကာကွယ်ရေးနှင့် နိုင်ငံခြားရေးရာ ကော်မတီ အစည်းအဝေး တွင် မေးမြန်းလိမ့်မည်ဟု အများက မျှော်လင့်နေချိန်တွင် သတင်းစာများ၏ အထက်ပါအတိုင်း ရေးသားမှု ပေါ်ပေါက်လာခြင်း ဖြစ်သည်။

အိန္ဒိယနိုင်ငံ မွန်ဘိုင်းမြို့၌ ၂၀၀၈ ခုနှစ်တွင်း ဖြစ်ပွားခဲ့သည့် သုံးရက်ကြာ အကြမ်းဖက် တိုက်ခိုက်မှု ကဲ့သို့သော လက်ပစ်ဗုံးများ၊ ချေမှုန်းရေး ရိုင်ဖယ်များ အသုံးပြု တိုက်ခိုက်မှုမျိုး ကင်ညာနိုင်ငံ၌ ဖြစ်ပေါ် နိုင်သည်ဟု NIS အဖွဲ့က ဖေဖော်ဝါရီလအတွင်း သတိပေးချက် ထုတ်ပြန်ခဲ့ကြောင်း ကင်ညာ သတင်းစာ The Star တွင် ဖော်ပြထားသည်။

ထို့အပြင် အယ်ရှာဘတ် စစ်သွေးကြွ အုပ်စုသည် ကင်ညာနိုင်ငံတွင်း လက်နက်ကိုင် ပစ်ခတ်မှုများ မကြာခဏ ပြုလုပ်လေ့ ရှိခြင်းကြောင့် တိုက်ခိုက်မှုကြီးများ ဆက်လက် ပြုလုပ်နိုင်မည်ဟု အများက မျှော်လင့်ထားပြီး ယင်းလုံခြုံရေး ခြိမ်းခြောက်မှုကို ကိုင်တွယ်နိုင်ရေးမှာ ကင်ညာသမ္မတ ကင်ယာတာအတွက် အဓိက စိန်ခေါ်ချက်တစ်ရပ် ဖြစ်နေသည်။

ဆိုမာလီယာ အခြေစိုက် အယ်ရှာဘတ် စစ်သွေးကြွ အဖွဲ့ခေါင်းဆောင်ကလည်း ကင်ညာနိုင်ငံတွင်း ယင်းကဲ့သို့သော တိုက်ခိုက်မှုများ ဆက်လက် ပြုလုပ်သွားမည်ဟု ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ခြိမ်း ခြောက် ပြောကြားထားသည်။

အယ်ရှာဘတ် စစ်သွေးကြွအုပ်စု၏ စစ်ဆင်ရေး စွမ်းရည်သည် ဆိုမာလီယာ နိုင်ငံတွင်းသာမက ပြင်ပနိုင်ငံများတွင်လည်း အကြမ်းဖက် တိုက်ခိုက်နိုင်ကြောင်း အနောက်နိုင်ငံများက သတိပေးထားပြီး ဝက်ထ်ဂိတ် ဈေးဝယ်စင်တာ တိုက်ခိုက်မှုက ယင်းသတိပေးချက်ကို အတည်ပြုပေးလိုက်ခြင်း ဖြစ်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။
The Voice Weekly

မန္တလေးမှ လက်ပံတောင်းထိ လမ်းလျှောက် ဆန္ဒပြသူများ ဧရာဝတီတံတား (ရတနာပုံ) တွင် တားဆီးခံရ




မန္တလေး၊ စက်တင်ဘာ ၂၉

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဧရိယာနယ်မြေ အတွင်းရှိ လယ်တီ ဆရာတော်ဘုရားကြီး တည်ဆောက်ခဲ့သော သိမ်တော်နှင့် စေတီတော်တို့ကို မဖျက်ဆီးစေရန်အတွက် ရန်ကုန်နှင့် မုံရွာမြို့ အခြေစိုက် ဖွဲ့စည်းထားသည့် လက်ပံတောင်း အရပ်ရှိ လယ်တီ ဆရာတော်ဘုရားကြီး၏ သာသနိက အဆောက်အအုံများ ကာကွယ် စောင့်ရှောက်ရေး အင်အားစု အဖွဲ့သည် စက်တင်ဘာလ ၂၉ ရက်နေ့ မွန်းလွဲပိုင်းက မန္တလေးမြို့မှ လက်ပံတောင်းတောင် ကြေးနီ တူးဖော်ရေး စီမံကိန်းသို့ လမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့ရာ ဧရာဝတီတံတား (ရတနာပုံ) အနီးတွင် လုံခြုံရေး ရဲများ၏ တားဆီးခြင်း ခံခဲ့ရကြောင်း မန္တလေးမြိုခံ သတင်းထောက်များက ပြောကြားသည်။

အမရပူရမြို့နယ် ကပ်ကျော်ဘုရားမှ စတင်ကာ လမ်းလျှောက်ခြင်းကို မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့က ခွင့်မပြုခဲ့ဘဲ တားမြစ်ခဲ့ပြီး အမရပူရမြို့နယ်အထွက် ဧရာဝတီတံတား (ရတနာပုံ) အနီးတွင် စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့ကလည်း လမ်းလျှောက်သူများ အဖွဲ့ကို သံဆူးကြိုးများဖြင့် ထပ်မံစည်းချ တားဆီးခဲ့ကြောင်း၊ ယင်းနောက် လမ်းလျှောက် သူများထဲတွင် ပါဝင်သူ နှစ်ဦးကို အချုပ်ကားပေါ်သို့ ဖမ်းခေါ် သွားခဲ့သော်လည်း နှစ်ဦးနှစ်ဖက် အချေအတင် ပြန်လည် ဆွေးနွေးခဲ့ရာ ၁၀ မိနစ်ခန့် အကြာတွင် ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဆန္ဒထုတ်ဖော် လမ်းလျှောက်သော အဖွဲ့ကို ဦးဆောင်သူ တစ်ဦးဖြစ်သော ဦးစည်သူက ပြောကြားသည်။
“ခွင့်ပြုမိန့် မတင်ထားလို့ တားရတာပါ။ ခွင့်ပြုချက်နဲ့ဆိုရင် ကျွန်တော်တို့က လိုက်တောင် စောင့်ရှောက် ဦးမှာပါ” ဟု အမရပူရမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးရွှေပိုက ပြောကြားသည်။

ယင်းအဖွဲ့သည် စစ်ကိုင်းတိုင်းဒေသကြီးဘက်ခြမ်းရှိ ရထားခုံးကျော်တံတား အနီးတွင် လုံခြုံရေး အဖွဲ့များနှင့် ညှိနှိုင်း ပြေလည်မှု ရရှိခဲ့ပြီး ဆက်လက် ထွက်ခွာခဲ့ရာ ညနေ ၅ နာရီတွင် စစ်ကိုင်း ကောင်းမှုတော်ဘုရားအနီး သို့မဟုတ် ဘုရားနီ ဘုရားအနီးတွင် ယခုညအိပ်ပြီးနောက် စက်တင်ဘာ ၃၀ ရက်နေ့ နံနက်တွင် မုံရွာသို့ ဆက်လက်ထွက်ခွာမည် ဖြစ်ကြောင်း လယ်တီ ဆရာတော်ဘုရားကြီး၏ သာသနိက အဆောက်အအုံများ ကာကွယ် စောင့်ရှောက်ရေး အင်အားစုအဖွဲ့မှ သိရသည်။
“ကျွန်တော်တို့ကတော့ ဒီလယ်တီ ဆရာတော်ဘုရားကြီးရဲ့ သိမ်တော်နဲ့ စေတီကို မဖျက်ဆီးစေဖို့ လက်ပံတောင်းတောင်မှာရှိတဲ့ ဝမ်ပေါင် ကုမ္ပဏီရဲ့ ကြေးနီ တူးဖော်ရေး စီမံကိန်း နယ်မြေအထိ လမ်းလျှောက်သွားကြမှာပါ။

ကျွန်တော်တို့ ဖြတ်သွားရာ ဒေသက ပြည်သူတွေကပါ ကျွန်တော်တို့ သဘောထား၊ ကျွန်တော်တို့ ဖြစ်စေချင်တဲ့ဟာကို သိရှိသွားကြမှာ ဖြစ်ပါတယ်” ဟု ၎င်းအဖွဲ့ကို ဦးဆောင်သူ ဦးစည်သူက ပြောကြားသည်။

လယ်တီ ဆရာတော်ဘုရားကြီး၏ သာသနိက အဆောက်အအုံများ ကာကွယ် စောင့်ရှောက်ရေး အင်အားစုအဖွဲ့သည် အဖွဲ့၏ ခရီးမစတင်မီ စက်တင်ဘာ ၂၉ ရက်နေ့ မွန်းတည့် ၁၂ နာရီ အချိန်က မန္တလေးမြို့ မဟာမြတ်မုနိဘုရားကြီး အရှေ့ဘက်မုခ်အနီးရှိ ဓမ္မိကာရာမ ကျောင်းတိုက်တွင် သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ပြီးနောက် ၄၀ ဦး ကျော်ခန့်ပါသော အဖွဲ့ဖြင့် လက်ပံတောင်းတောင်သို့ လမ်းလျောက် ဆန္ဒဖော်ထုတ်ခြင်း ဖြစ်သည်။
The Voice Weekly

အမျိုးသားများ ကာမစိတ် လျော့ကျ လာသောအခါ ဖြစ်လေ့ရှိသော လက္ခဏာများ (အသက် ၁၈ နှစ်ပြည့်မှဖတ်ပါ)




ရွှေပိတောက်ဆေးရုံ ဆီးလမ်းကြောင်းအထူးကုပါရဂူ၏ရှင်းပြချက်အရအမျိုးသားများကာမစိတ်လျော့ကြ ခြင်းဆိုသည်မှာလိင်ဆက်ဆံသောသူများကာလကြာရှည်စွာကာမစိတ်လျော့နည်းခြင်း(သို့)ကာမစိတ်မရှိခြင်းကိုခေါ်ပါသည်။ကာမစိတ်လျော့နည်းသွားလျှင်အမျိုးသားများ၏ကျန်းမာရေးကိုထိခိုက်နိုင်ပါသည်။ထို့ကြောင့်ကာမစိတ်လျော့နည်းခြင်းလက္ခဏာကိုသိရှိပါကအချိန်မီကုသမှုခံယူသင့်ပါသည်။
အမျိုးသားများကာမစိတ်လျော့ကျခြင်း၏လက္ခဏာများ
အမျိုးသားများကာမစိတ်လျော့ကျခြင်းမှာကာမစိတ်ဆန္ဒလုံးဝမရှိခြင်းနှင့်လိင်ဆက်ဆံခဲ့လျှင်လည်းစိတ်မအီမသာဖြစ်ကာပျော်ရွှင်မှုမရှိခြင်း၊စိတ်ညစ်ရခြင်း၊ကာမစိတ်ဆန္ဒကိုပြင်းထန်စွာကန့်ကွက်ခြင်းနှင့်ငြင်းဆန်ခြင်းတို့ဖြစ်တတ်ပါသည်။အချို့လူနာရှင်များသည်လိင်ဆက်ဆံမှုကိုဝန်မခံခြင်းမှာဝမ်းနည်းသောစိတ်ကိုလျော့ကြစေသောနည်းလမ်းဖြင့်မိမိကိုယ်ကိုကာကွယ်ကြသည်။
ကာမစိတ်လျော့ကြသောလူနာသည်ကာမစွမ်းအားအဟန့်အတားရှိသောလူနာထက်ပို၍ဒေါသထွက် လွယ်ပျော့ညံ့ပြီးမိမိကိုယ်ကိုပို၍ကာကွယ်ကြသည်။
ကာမစိတ်လျော့ကြခြင်းသည်စိုးရိမ်ပူပန်ခြင်း၊စိတ်ဓါတ်ကျခြင်းနှင့်အမြဲဒွန်တွဲနေတတ်သည်။ကာမစိတ် လျော့ကြသောလူနာသည်ကာမစိတ်အထွတ်အထိပ်မရောက်သောသူနှင့်စိတ်လှုပ်ရှားမှုအနှောက်အယှက်ရှိ သောသူထက်ပို၍ခေါင်းမာပြီးရောဂါလက္ခဏာအလွန်ဆိုးဝါးသည်။
ကာမစိတ်အနှောက်အယှက်ဖြစ်စေသောအကြောင်းရင်းမှာများသောအားဖြင့်မိမိ၏နေထိုင်မှုပေါ်တွင် စိတ်ပျက်ခြင်းနှင့်မျှော်လင့်ချက်ကင်းမဲ့ခြင်း၊လုပ်ငန်းအဆင်မပြေခြင်း၊လူမှုဆက်ဆံရေးအဆင်မပြေခြင်း၊အိမ် ထောင်ရေးပဋိပက္ခဖြစ်ခြင်းတို့ကြောင့်စိတ်ကျဉ်းကြပ်ခြင်း၊ဝမ်းနည်းခြင်း၊စိတ်အလိုမကျခြင်းဖြစ်ပြီးကာမစိတ်များကျဆင်းစေပါသည်။
ရွှေပိတောက်ဆေးရုံဆီးလမ်းကြောင်းအထူးကုပါရဂူ၏ရှင်းပြချက်အရအချို့လူနာရှင်များသည်ကာမစိတ်လျော့ကျခြင်း၊လိင်တံမကြွခြင်း(သို့)လိင်တံကြွသော်လည်းမမာခြင်းများဖြစ်တတ်ပါသည်။သို့သော်အချို့သောလူ
နာရှင်များတွင်ကာမစွမ်းအားပုံမှန်ရှိပါသည်။ထို့နောက်ကာမစိတ်၏တုံ့ပြန်မှုကိုမထိခိုက်ဘဲပုံမှန်အတိုင်းလိင်ဆက်ဆံမှုပြုလုပ်နိုင်ပါသည်။လိင်ဆက်ဆံသည့်အချိန်တွင်လည်းကာမစိတ်အထွတ်အထိပ်ရောက်ခြင်းကိုအဟန့်အ တားမဖြစ်စေပါ။
ဆီးလမ်းကြောင်းမျိုးပွားအင်္ဂါရောဂါရှိသူများသည်လိင်ဆက်ဆံချိန်တွင်ပုံမှန်မဟုတ်သောတုံ့ပြန်မှုများဖြစ်ပေါ်တတ်ပါသည်။ဥပမာ-နာတာရှည်ဆီးကျိတ်ရောင်ရမ်းခြင်း၊ကပ္ပယ်အိတ်အမြှေးပါးရောင်ရမ်းခြင်း၊ဆီးလမ်း ကြောင်းရောင်ရမ်းခြင်းစသည်တို့ဖြစ်ပါသည်။ထို့အပြင်ဟော်မုန်းဓါတ်မမှန်ခြင်းရောဂါ၊တကိုယ်လုံးနာတာရှည်   ရောဂါအမျိုးမျိုးတို့လည်းဖြစ်နိုင်ပါသည်။ဖိုဓါတ်ဟော်မုန်းထုတ်လွှင့်မှုနည်းခြင်းကြောင့်လည်းကာမစိတ်ကိုထိခိုက်စေပါသည်။ခန္ဓာကိုယ်ပင်ပန်းနေသောအချိန်တွင်လည်းကာမစိတ်ဆန္ဒလျော့ကျတတ်ပါသည်။
ကြာရှည်စွာကာမစိတ်လျော့ကျခြင်းသည်လင်မယားကြား၏ချစ်ခင်ကြင်နာမှုကိုထိခိုက်စေရုံမကခန္ဓာ ကိုယ်နှင့်အာရုံကြောအခြေအနေအလိုက်တုံ့ပြန်ခြင်းကြောင့်အလေးထားပြီးဂရုစိုက်သင့်သည်။ထို့အပြင်ခန္ဓာ ကိုယ်ကျန်းမာရေးအခြေအနေကိုလည်းအချိန်မီစစ်ဆေးပြီးရောဂါလက္ခဏာတွေ့ရှိပါကလျင်မြန်စွာကုသသင့်ပါ သည်။အိမ်ထောင်သည်များသည်အသက်အရွယ်ကြီးလာသည်နှင့်အမျှကာမစိတ်ဆန္ဒများတဖြည်းဖြည်းလျော့ ကျလာခြင်းသည်ပုံမှန်အားဖြင့်ရောဂါလက္ခဏာမဟုတ်ပါ။

Shwe Paduak ဆေးရုံ > အမျိုးသား ရောဂါများ မှ ကူးယူဖော်ပြပါသည်။

                                                                             


လက်ရှိ အချိန်တွင် တိုင်းပြည်လူဦးရေ၏ ရာခိုင်နှုန်း ၃၀ သာ လျှပ်စစ်မီး သုံးစွဲနိုင်ပြီး လျှပ်စစ်မီး လုံးဝမရရှိသေးသည့် ပြည်နယ်များတွင် ၂၀၁၄ အကုန်၌ လျှပ်စစ် ဓာတ်အားလိုင်းများ ပြီးစီးအောင် တည်ဆောက်မည်



လက်ရှိအချိန်တွင် တိုင်းပြည်လူဦးရေ၏ ရာခိုင်နှုန်း ၃၀ သာ လျှပ်စစ်မီး သုံးစွဲနိုင်ပြီး လျှပ်စစ်လုံးဝ မရရှိသေးသည့် ပြည်နယ်အများစုတွင် ၂၀၁၄ အကုန်၌ လျှပ်စစ်ဓာတ်အားလိုင်းများ ပြီးစီးအောင် တည်ဆောက်မည်ဟု လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက ပြောကြားသည်။

"အခု လက်ရှိက လူဦးရေရဲ့ ရာခိုင်နှုန်း ၃၀ ပဲ လျှပ်စစ်မီး ပေးနိုင်သေးတာ။ ရာခိုင်နှုန်း ၅၀ ပြည့်အောင် မီးပေးနိုင်ဖို့ဆို နောက်ထပ်ဓာတ်အားလိုင်းတွေ ဆွဲမှာပေါ့။ ရခိုင်ပြည်နယ် တစ်ခုလုံးက ၂၀၁၄ ကုန်ရင် လျှပ်စစ်မီး ရတော့မယ်။ အဲဒါဆို ရခိုင်ပြည်နယ်က ပြည်သူတွေသည် အစိုးရရဲ့ မီးကိုရမယ်။ နောက် ချင်းပြည်နယ်ကို ဓာတ်အားလိုင်း ဆွဲနေပြီ။ ချင်းပြည်နယ်လည်း ၂၀၁၄ ကုန်ရင် ဟားခါး၊ ဖလမ်း၊ တီးတိန်တို့က National Grid က နေရမယ်။ အဲဒါဆို အဲဒီဒေသက လူတွေက လျှပ်စစ်မီး ရလာမယ်။ နောက်တစ်ခါ ကချင်ပြည်နယ်မှာ ဓာတ်အားလိုင်းကြီး ပြီးသွားပြီ။ ကချင်ပြည်နယ်မှာရှိတဲ့ မိုးကောင်း၊ မိုးညှင်း၊ မြစ်ကြီးနား၊ ၀ိုင်းမော် အင်းတော်ကြီး ဒေသအားလုံးက ပြည်သူတွေ ၂၀၁၄ ကုန်ရင် မီးတွေရလာမယ်။ မီးရတဲ့ သူတွေကတော့ ပိုတိုးလာမယ်။ မွန်ပြည်နယ်မှာဆိုရင် မော်လမြိုင်ကနေရေးကို ဓာတ်အားလိုင်းကြီး ဆွဲနေပြီ။ လာမယ့်နှစ်မှာ ရေးကနေ ထားဝယ်ကို ဆွဲမယ်။ ရေးကလူတွေလည်း လျှပ်စစ်ဓာတ်အားရမယ်။ ထားဝယ်က လူတွေလည်း ရမယ်။ ရှမ်းပြည်နယ်ဆိုရင် တောင်ကြီးကနေထိုင်ပြီး အင်းဒေသတစ်ခုလုံး မီးရအောင် ပေးတဲ့အခါမှာ အင်းဒေသကြီး တစ်ခုလုံး လျှပ်စစ်ရသွားပေမယ့် ရွာတွေအားလုံး မရောက်သေးဘူး။ နောက်တစ်ခါ ပအို့ဒေသ တစ်ခုလုံး လျှပ်စစ်မီးလိုင်းကြီး ကျွန်တော်တို့ ဆွဲနေတယ်။ အရင်က ပအို့ဒေသ တစ်ခုလုံး လုံးဝလျှပ်စစ်မီး မရသေးဘူး။ အခု မိုင်းရယ်၊ စိုင်းပေါင်၊ ဟိုပုံး အားလုံး လိုင်းတွေဆွဲနေပြီ။ ၂၀၁၄- ၂၀၁၅ ဆိုရင် မိုင်းရယ်၊ စိုင်းပေါင်၊ ဟိုပုံး၊ ဆီဆိုင်အားလုံးက လျှပ်စစ်ဓာတ်အား ထပ်တိုးရလာမယ်။ နောက်တစ်ခါ ဓနုဒေသ တစ်ခုလုံး ကလောကနေ ပင်းတယ၊ ပင်းတယကနေ ရွာငံဆွဲနေတယ်။ ဓနုဒေသ တစ်ခုလုံး လျှပ်စစ်ရလာမယ်။ မဖြစ်မနေ လျှပ်စစ်မီး လုံးဝမရရှိသေးတဲ့ ဒေသရှိသေးတယ်။ နာဂဒေသ မီးမရဘူး။ လာမယ့်နှစ်မှာ လေရှီး၊ လဟယ်၊ လန်းယွန်းမှာ ရေအားလျှပ်စစ် အသေးလေးသုံးခု သွားဆောက်မယ်။ လေရှီး၊ လဟယ်၊ လန်းယွန်းသည် လျှပ်စစ်မီး ရရမယ်" ဟု ပြောကြားသည်။

၂၀၁၄ ကုန်ပါက လောပိတ ရေအားလျှပ်စစ် တည်ရှိရာ ကယားပြည်နယ်၏ ရာခိုင်နှုန်း ၇၀ လျှပ်စစ်မီး ရရှိအောင် ဆောင်ရွက်မည်ဖြစ်ကြောင်း၊ စီမံကိန်းလည်း ရေးဆွဲထားပြီး နိုင်ငံတော်မှလည်း ဘတ်ဂျက်ချထားပေးပြီးဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။

၂၀၁၅-၂၀၁၆ တွင် တစ်ပြည်လုံး လူဦးရေ၏ ရာခိုင်နှုန်း ၅၀ လျှပ်စစ်မီး သုံးစွဲနိုင်ရန် ဆောင်ရွက်မည်ဟု လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန၏ စီမံကိန်းများအရ သိရသည်။

မဟာဓာတ်အားလိုင်း ပြတ်တောက်မှုကြောင့် စက်တင်ဘာ ၁၉ ရက်ညက ရန်ကုန်မြို့တွင် လျှပ်စစ်မီး ပြတ်တောက်မှုအား တွေ့ရစဉ်
Eleven Media Group

ပေကျင်းရှိ တိန်ယန်အန်မင်ရင်ပြင်အလှဆင်စရိတ်များ၍ ကန့်ကွက်



အမျိုးသားအားလပ်ရက် မတိုင်မီ ပေကျင်းမြို့ တိန်ယန်အန် မင်ရင်ပြင်၌ အလွန်ကြီးမားသော ပန်းအိုးကြီးတစ်လုံးကိုနေရာချ ထားမှုအား သတင်းစာ၌ ၎င်း၏ ကုန်ကျစရိတ်များကိုပါ ဖော်ပြခဲ့ ရာ တရုတ်အင်တာနက်အသုံး ပြုသူများက စက်တင်ဘာ ၂၉ ရက်တွင် အပြင်းအထန်ဝေဖန်ခဲ့ ကြသည်။စိတ်ကိုလှည့်စားသော အ လွန်ကြီးမားသော ရဲရဲတောက်အ နီရောင်အိုးကြီး၏အပေါ်တွင် ကြီး မားသော ပန်းအတုများ၊ မက်မွန် သီးအတုများအား ရင်ပြင်ထဲ၌ ယခုအပတ်အတွင်း တပ်ဆင်ထား ခဲ့သည်။ ထိုရင်ပြင်မှာ တရုတ် နိုင်ငံ၏ သင်္ကေတနေရာတစ်ခုပင် ဖြစ်သည်။ ဤပန်းအိုး၏ကုန်ကျစရိတ် မှာ ယွမ် ၅၇၀၀၀၀(ဒေါ်လာ ၉၃၀၀၀)ဖြစ်ပြီး ယခင်နှစ်နှစ်က ယွမ် ၈၀၀ဝသာကုန်ကျခဲ့သည်ဟု အဆိုပါ ပေကျင်းလူငယ်သတင်း စာတွင် ဖော်ပြခဲ့သည်။

ဤကုန်ကျစရိတ်နှင့် ပတ် သက်၍တရုတ်အင်တာနက်အ သုံးပြုသူများအကြား၌ ဝေဖန်မှု များပေါ်ပေါက်ခဲ့သည်။ သို့ရာ တွင် ပေကျင်းမြို့တစ်ခွင်၌ အမျိုး သားနေ့အသုံးပြုထားသော ပန်း အရေအတွက်မှာ ယခင်ကထက် ထက်ဝက်သာရှိသည်ဟုဆိုသည်။''အခွန်ထမ်းများ၏ငွေကြေး ကိုဘယ်သူက သုံးစွဲခွင့်ပြုခဲ့သ နည်း''ဟု ဆီနာဝေဘိုတွစ်တာတစ် ဦးက ဖော်ပြခဲ့သည်။အခြားတွစ်တာအသုံးပြု သူတစ်ဦးက ဤ ၅၇၀၀၀ဝသော ငွေကို ဤထက်ကောင်းသောနေ ရာ၌အသုံးပြုသင့်သည်ဟု ဖော်ပြ ခဲ့သည်။

အစီရင်ခံစာ၌ဖော်ပြသည် မှာ ပန်းအိုးအသေး ၈၀၀၀၀ဝကို အသုံးပြုခဲ့ပါက ယခင်နှစ် ယွမ် ၁၀၀၀၀၀၀ ကုန်ကျခဲ့သည်ဟုနှိုင်း ယှဉ်ဖော်ပြခဲ့သည်။
တရုတ်သမ္မတသစ်ရှီကျင့် ပင်က အစိုးရ၏ အလဟဿကုန် ကျစရိတ်ကိုလျှော့ချသွားရန် လှုံ့ ဆော်ခဲ့ပေရာ အစိုးရအဆောက် အအုံသစ်များဆောက်လုပ်မှုနှင့် အလှဆင်မှုကိစ္စများမပြုလုပ်ရန် ညွှန်ကြားခဲ့သည်။ ဤကိစ္စနှင့် ပတ်သက်၍ အစိုးရအရာရှိများ က အလွဲသုံးစားပြုမှုများ၌ အသုံး မဝင်သည့် အဆောက်အအုံစီမံ ကိန်းများလည်း ပါဝင်သည်။

တရုတ်အရှေ့ပိုင်းနယ်မြေ တစ်ခု၌ ရေပန်းထုတ်နေသည့်ကြေး ရုပ်ငါးတစ်ခုကို သွန်းလုပ်ခဲ့ရာ ယွမ် ငွေသန်း ၇ဝကုန်ကျခဲ့ကြောင်းလည်း ယခုအပတ်တွင်ဖော်ပြခဲ့ရာ အစိုး ရ၏ငွေကြေးဖြုန်းတီးမှုအပေါ် လူထုက ဒေါသထွက်ခဲ့ကြသည်။
Yangon Media Group

အိန္ဒိယ - မြန်မာ - ထိုင်း ဖြတ် ဘတ်စ်ကား နိုဝင်ဘာ ၄ ရက် စတင်ပြေးဆွဲရန် စီစဉ်

 အိန္ဒိယ နိုင်ငံ အင်ဖာလ်မှ ထိုင်းနိုင်ငံ ဘန် ကောက်သို့ မြန်မာနိုင်ငံမှ ဖြတ် ကျော်၍ အဲကွန်းဘတ်စ်ကားများ လာမည့်နိုဝင်ဘာ၎ရက်တွင် စတင် ကာ တိုက်ရိုက်ပြေးဆွဲပေးသွား မည်ဖြစ်ကြောင်း (New Light )အလင်းသစ် ကုမ္ပဏီမှ သိရသည်။

အင်ဖာလ်-တမူး-မန္တလေး -ရန်ကုန်-မြိတ်-ထားဝယ်-ဘန် ကောက်သို့ ပြေးဆွဲပေးမည့် ခရီး သည် ၃၆ဦးပါ ခရီးသည်တင်မော် တော်ယာဉ်အစီး၂ဝကို ယင်းကု မ္ပဏီမှစတင်ကာ ပြေးဆွဲပေးသွား မည်ဖြစ်ကြောင်း အလင်း သစ် ကုမ္ပဏီဥက္ကဋ္ဌ ဦးသာနိုင် က ပြောသည်။ ဦးသာနိုင်က ''နိုင်ငံတော် က သတ်မှတ်ပေးထားတဲ့ဈေးနှုန်း နဲ့ ပြေးဆွဲပေးသွားမှာပါ။ နိုင်ငံ ဖြတ်ကျော်ခရီးစဉ်ကို ကားနဲ့တိုက် ရိုက် တရားဝင်ပြေးဆွဲပေးတာ တော့ ပထမဆုံးပါ။ ခရီးသွား တွေ အတွက် အဆင်ပြေ အောင် ဆောင် ရွက်ပေးသွားမှာပါ''ဟု ပြောသည်။

အဆိုပါခရီးစဉ်အစအဆုံး ကို ကျပ်ခြောက်သောင်းထက်မ နည်းသတ်မှတ်ပေးထားပြီး ခရီး စဉ်တစ်ဖြတ်လျှင် ကျပ်တစ်သောင်း နှုန်းဖြင့်သတ်မှတ်ကာ အစားအ သောက်စရိတ်ပါ စီစဉ်ပေးထား ကြောင်း သိရသည်။ လိုက်ပါမည့်ခရီးသည်များ အနေနှင့် နိုင်ငံကူးဗီဇာကိစ္စများကို မိမိကိုယ်တိုင် ဆောင်ရွက်ရမည် ဖြစ်ပြီး ကုမ္ပဏီအနေဖြင့် ခရီးသည် ပို့ဆောင်ရေးအတွက် နယ်စပ်ဂိတ် ဝင်ကြေးများကို အစိုးရနှင့်ဆွေး နွေးဆောင်ရွက်ထားသည်။

ခရီးစဉ်လက်မှတ်များကို ခရီးသွားများ အဆင်ပြေ ဝယ်ယူ နိုင်ရန်အတွက် ရန်ကုန်၊ မန္တလေး အပါအဝင် တခြားသောမြို့နယ် များတွင်ပါ အရောင်းကိုယ်စား လှယ်များ ထားရှိပေးသွားမည်ဖြစ် ပြီး တိကျသောသတင်းအချက် အလက်များကို ပြည်သူ များ ထံသို့ ထပ်မံပြောကြား ရန်ရှိကြောင်း သိရသည်။ ဦးသာနိုင်က ''နိုင်ငံကူးလက် မှတ်နဲ့ ဗီဇာကိစ္စကတော့ သူတို့ ဘာသာပဲလုပ်ရမှာပါ။ ကိုယ်သွား ချင်တဲ့နိုင်ငံရဲ့ သံရုံးမှာ ဒေါ်လာ ၄ဝပေးပြီး အချိန်မရွေးဆောင် ရွက်နိုင်ပါတယ်။ ဒီတော့ ကျွန်တော်တို့အနေနဲ့က နယ်စပ် ဝင်ကြေး တွေကိုပဲ ဆောင်ရွက်ပေး ထားပါတယ်''ဟု ပြောသည်။ သယ်ယူပို့ဆောင်ပေးမည့် ကားများသည် ဂျပန်နိုင်ငံမှထုတ် လုပ်ထားပြီး ဝန်ဆောင်မှုများကို အာဆီယံနိုင်ငံများနည်းတူ အ ဆင့်မီ ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း သိရ သည်။

ဝေဝေနှင်း
yangonmedia

ရန်ကုန်မြို့ရှိ လူဦးရေ သုံးသန်းကျော် နေ့စဉ်ရထားအသုံးပြု သွားလာနိုင်ရန် ဂျပန်က ကူညီစီစဉ်ပေးမည်



လာမည့် အနှစ် ၂၀ အတွင်း ရန်ကုန်မြို့၏ လူဦးရေ သုံးသန်းကျော် နေ့စဉ် ရထားအသုံးပြုနိုင်အောင် စီစဉ်နိုင်မည်ဟု ဂျပန်မှ ခန့်မှန်းထားကြောင်း ရထားဝန်ကြီးဌာနမှ သိရသည်။

ရန်ကုန်မြို့၏ ယာဉ်လိုင်းကျပ်တည်းမှုများကြောင့် ရထားအသုံးပြုသူ အရေအတွက်မှာ နေ့စဉ်များပြား လာနေသော်လည်း ဖြည့်ဆည်းနိုင်သည့် ပမာဏမှာ ရာခိုင်နှုန်း အနည်းငယ် ၀န်းကျင်သာ ရှိနေသေးသည့်အတွက် ရန်ကုန်မြို့ ရထားစနစ်ကို ဂျပန်နှင့် ပူးပေါင်းကာ အဆင့်လိုက် လုပ်ဆောင်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

"ဂျပန်က ဘယ်လိုမှန်းထားလဲဆိုရင် အခု ရန်ကုန်မြို့ပတ် ရထားတွေကို အသုံးပြုနေတာက လူဦးရေ တစ်သန်းကျော်ကျော် ၀န်းကျင်လောက် ရှိတယ်။ အဲဒီအနေအထားကလည်း လက်ရှိရန်ကုန်မြို့ရဲ့ ခရီးသွားလာရေး အတိုင်းအတာမှာ သုံးရာခိုင်နှုန်းနဲ့ လေးရာခိုင်နှုန်း လောက်မှာပဲ ရှိနေတယ်။ အဲဒါကို ဂျပန်က လာမယ့် ၂၀၃၅ လောက်မှာ လူဦးရေ သုံးသန်းသုံးနိုင်အောင် ပြုလုပ်ဆောင်သွားမယ်လို့ သူတို့ဘက်က ခန့်မှန်းထားတယ်" ဟု မြန်မာ့မီးရထား အထွေထွေ မန်နေဂျာ ဦးကျော်ကျော်မျိုးက ပြောကြားသည်။

လက်ရှိတွင် ရန်ကုန်မြို့ပတ် ရထားကို အရှိန်မြှင့်တင်ရန် ရထားလမ်းပိုင်းများကို ရာနှုန်းပြည့် ပြင်ဆင်နိုင်ရန်အတွက် မြန်မာ့မီးရထား ၀န်ကြီးဌာန၊ အစီအစဉ်ဖြင့် လုပ်ဆောင်နေကြောင်းလည်း သိရသည်။

၂၀၁၃ မတိုင်မီကတည်းက သဘောတူညီထားချက်အရ ရန်ကုန်မြို့ပတ် ရထားလမ်း၏ စနစ်များကို အဓိကထား ပြုလုပ်ရန် ပါရှိခဲ့သည့်အပြင် အနာဂတ် စီမံကိန်းများအရ ဖြတ်လမ်းကျယ်သွားမည် ဖြစ်ကြောင်း၊ ထို့ပြင် လက်ရှိရန်ကုန်မြို့ပတ်လမ်း ဒီဇိုင်းကို အခြေပြုကာ ပြုပြင်ရေးဆွဲ တည်ဆောက်မှုများ ပါဝင်မည်ဖြစ်ကြောင်း မြန်မာ့မီးရထား ၀န်ကြီးဌာနမှ သိရသည်။

၎င်းအပြင် ရန်ကုန်မြို့ပတ် ရထားလမ်း စီမံကိန်းအပြင် ဂျပန်နိုင်ငံ၏ Main Plan အရ သီလ၀ါ ဆိပ်ကမ်းအထိ ဖောက်လုပ်မည်ဟု ပါရှိကြောင်း မီးရထား ၀န်ကြီးဌာနမှ ရုံးအဖွဲ့မှူး ဦးဝင်းနောင်က ပြောကြားထားသည်။

ရန်ကုန်မြို့ပတ် ရထားလမ်းနှင့် နောင်လာမည့် ရထားလမ်း စီမံကိန်းများတွင် ဂျပန်နိုင်ငံမှ အတိုးနှုန်း သက်သာသော ချေးငွေများကိုလည်း ထုတ်ပေးသွားမည် ဖြစ်ကြောင်းလည်း သိရသည်။

ရန်ကုန်မြို့တွင် ပြေးဆွဲနေသော မြို့ပတ်ရထားလိုင်းပေါင်း ၂၁ လိုင်းရှိပြီး ငါးမိနစ်လျှင် တစ်ကြိမ်ထွက်ရှိနေပြီး တစ်နေ့လျှင် ခေါက်ရေ ၂၀၀ တွင် လူဦးရေ တစ်သိန်းကျော်မှာ အသုံးပြုနေပြီဖြစ်ကြောင်း သိရသည်။

မြို့ပတ်ရထားစီး ပြည်သူများအား တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)
Eleven Media Group

လူနေတိုက်ခန်းတွဲပြိုကျမှု သေဆုံးသူ ၆ဝအထိရှိလာ



စာရင်းပေါက်ပျောက်ဆုံးသူ အားလုံးရှာဖွေမှုကို ကယ်ဆယ်သူ များအဆုံးသတ်ပြီးနောက် မွမ် ဘိုင်းရှိ လူနေတိုက်ခန်းတွဲအ ဆောက်အအုံပြိုကျမှုကြောင့် သေ ဆုံးသူအရေအတွက်မှာ တနင်္ဂ နွေနေ့က ၆၀ အထိမြင့်တက်လာ ခဲ့သည်။မြို့၏အရှေ့ပိုင်း၌ မြို့နယ် ကပိုင်ဆိုင်သော မိသားစု ၂၂စု နေထိုင်သော ငါးထပ်ရှိ ၎င်းအ ဆောက်အအုံမှာ သောကြာနေ့ အရုဏ်ဦးတွင် ပြိုကျကာ အုတ်ပုံ ကြီးတစ်ခုပမာ ဖြစ်သွားခဲ့သည်။

''သေဆုံးသူအရေအတွက် က အခုဆိုရင် ၆ဝအထိ မြင့်မား လာပါတယ်။ အပျက်အစီးတွေ ကြားထဲ နောက်ထပ်အလောင်း ရှာမှုကို ရပ်ဆိုင်းလိုက်ပါပြီ''ဟု မွမ်ဘိုင်းဒု-ရဲမင်းကြီး တာနာဂျီဂ ဟက်ဂ်ျက အေအက်ဖ်ပီသို့ပြော ကြားခဲ့သည်။

''အပျက်အစီးတွေရှင်းဖို့ လို အပ်တာကလွဲပြီး ရှာစရာတစ်ဦး မှ မရှိတော့ပါဘူး''ဟု ၎င်းအရာ ရှိက ပြောကြားခဲ့သည်။ ထို့အပြင် ပြိုကျမှုအဆောက်အအုံအား ရဲ တပ်ဖွဲ့၏ စုံစမ်းစစ်ဆေးမှုကိုရပ် ဆိုင်းတော့မည်ဖြစ်ကြောင်းလည်း ထပ်မံပြောကြားခဲ့သည်။ ပြိုကျ မှုနှင့်ပတ်သက်၍ လူတစ်ဦးကို ဖမ်းဆီးထားကြောင်းလည်း ဂ ဟက်ဂ်ျက ပြောကြားခဲ့သည်။

ဖမ်းဆီးခံရသောအမျိုးသား မှာ အဆိုပါအဆောက်အအုံတွင် ရုံးခန်းတစ်ခန်းပိုင်ဆိုင်သော အ ရှုတ်က်မီပတ်တာဆိုသူဖြစ်ကြောင်း အမည်မဖော်သော ရဲအရာရှိ၏ ပြောကြားချက်ကိုကိုးကား၍ Press Trust of India သတင်းဌာနက ပြောပြခဲ့သည်။အပျက်အစီးများကြားမှ ရှင် သန်သူ ၃ဝကို ကယ်တင်ခဲ့ကြောင်း အမျိုးသားကပ်ဘေးတုံ့ပြန်ရေး တပ်ဖွဲ့မှ အရာရှိတစ်ဦးဖြစ်သူ အ လော့က်အဗက်စ်သီက အခင်း ဖြစ်ရာမှ အေအက်ဖ်ပီသို့ဖုန်း ဖြင့်ပြောကြားခဲ့သည်။

သို့သော် လည်း နောက်ထပ်သေဆုံးသူအ ရေအတွက်တိုး မတိုးမှာ ဆေးရုံ တွင်ရောက်ရှိနေသည့် ဒဏ်ရာရ သူများ၏အခြေအနေပေါ်မူတည် ကြောင်းလည်း ၎င်းကပြောကြား ခဲ့သည်။ သေဆုံးသူများထဲမှ အ ယောက် ၃ဝမှာ အမျိုးသမီးများ ဖြစ်သည်ဟု သိရသည်။

ဖမ်းဆီးခံရသည့် မြေညီ ထပ်ရှိ ၎င်းငှားရမ်းသောရုံးခန်း ကုန်လှောင်ရုံတွဲလျက်အခန်းများ ကို မှားယွင်းသောအခွင့်မရှိသော မွမ်းမံမှုများပြုလုပ်ခဲ့သည်ဟု စွပ် စွဲခံခဲ့ရသည်။ ထိုမွမ်းမံမှုကြောင့် ပြိုကျသည်ဟု ယူဆကြသည်။ အ ဆောက်အအုံမှာ နှစ် ၃ဝသက် တမ်းရှိနေပြီး အဆောတလျင် ပြုပြင်မှုများပြုလုပ်ရန် စာရင်းသွင်း ခံထားရကြောင်း ပြည်တွင်းမီဒီ ယာများက ပြောပြခဲ့သည်။
Yangon Media Group

ရန်ကုန်မြို့တွင် Apple Authorized Reseller သုံးခု ဖွင့်လှစ်ထားပြီး ထပ်မံတိုးချဲ့ ဖွင့်လှစ်ရန် ရှိနေ




ရန်ကုန်မြို့တွင် လက်ရှိအချိန်အထိ Apple Authorized Reseller အရောင်းဆိုင်သုံးခု ဖွင့်လှစ်ထားခဲ့ပြီး ထပ်မံ၍လည်း တိုးချဲ့ဖွင့်လှစ် သွားရန်ရှိကြောင်း သတင်းရရှိသည်။

TAC Apple Authorized Reseller ကို ၂၀၁၂၊ စက်တင်ဘာလ အတွင်းက အမှတ် ၄၅၊ ပြည်လမ်း၊ ၇ မိုင်ခွဲတွင် ဖွင့်လှစ်ခဲ့ပြီး ဆူးလေဘုရားလမ်းရှိ Sakura Tower အောက်ထပ်တွင်လည်း ၂၀၁၃ ခုနှစ် အတွင်း၌ Apple Authorized Reseller အရောင်းဆိုင်တစ်ခု ဖွင့်လှစ်ထားကြောင်း သိရသည်။

mDrive Apple Authorized Reseller အရောင်းဆိုင်ကို ၂၀၁၃၊ စက်တင်ဘာ ၂၈ ရက်က Junction မော်တင်တွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

"TAC အနေနဲ့ကတော့ ရန်ကုန်၊ ၇ မိုင်ခွဲမှာ ၂၀၁၂ သြဂုတ်ကတည်းက ဖွင့်ထားပါတယ်။ မန္တလေးမှာလည်းတစ်ခု ဖွင့်ထားတယ်။ ထပ်ဖွင့်ဖို့လည်း စီစဉ်နေတာ ရှိပါတယ်။ လက်ရှိတော့ ရန်ကုန်မြို့မှာ သုံးခုရှိလာတာပေါ့။ AAR ဖွင့်ဖို့ ထပ်လျှောက်ထားတဲ့ သူတွေလည်း ရှိပါတယ်။ တချို့ကတော့ တံဆိပ်မျိုးစုံ ရောင်းပေမယ့်လည်း ကောင်တာတစ်ခုထား ရောင်းချဖို့ လျှောက်တဲ့သူတွေလည်း ရှိတယ်" ဟု TAC Apple Authorized Reseller မှ ကိုသော်တင့်က ပြောကြားခဲ့သည်။

လက်ရှိတွင် AAR များ အနေဖြင့် Mac ထုတ်ကုန်များနှင့် iPod များ၊ iPhone, iPad တို့၏ Accessories များကို အဓိကထား ရောင်းချလျက်ရှိကြောင်း သိရသည်။

ပြည်တွင်း၌ iPhone ကို တရားဝင် ရောင်းချနိုင်ရန် Apple အနေဖြင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ ဆက်သွယ်ရေး အော်ပရေတာ ကုမ္ပဏီများနှင့် ညှိနှိုင်းဆွေးနွေးနေကြောင်း သိရသည်။

"ဈေးကြီးပေးဝယ်ရပြီး ဒီမှာက ၀န်ဆောင်မှုပေးတာ သေသေချာချာ မရှိတော့ သုံးစွဲသူတွေ အနေနဲ့ နစ်နာရတာတွေ အများကြီးပါ။ အခြားဖုန်းတွေလို အထူးအစီအစဉ်တွေနဲ့ မိတ်ဆက်ရောင်းချတာ၊ မြန်မာစာ တစ်ပါတည်း ပါဝင်တာ၊ အာမခံကာလ ပါဝင်တာမျိုးတွေ ဖြစ်လာရင် ကောင်းပါမယ်" ဟု iPad သုံးစွဲသူ တစ်ဦးက ပြောကြားသည်။

စက်တင်ဘာ ၂၈ က mDrive စတိုးတွင် Macbook ကို ကြည့်ရှုနေကြသူများ
Eleven Media Group

မြစ်ဆုံစီမံကိန်း ပြန်လည်စတင်ရန် CPI ကုမ္ပဏီက ကြိုးပမ်းနေပြီး နေပြည်တော်၌ CPI ကုမ္ပဏီရုံးခန်း တည်ဆောက်ရန် စီစဉ်နေဟုဆို




နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ၎င်း၏သမ္မတ သက်တမ်းကာလအတွင်း မြစ်ဆုံစီမံကိန်းအား ရပ်ဆိုင်းကြောင်း တရားဝင်ထုတ်ပြန် ကြေညာထားသော်လည်း လက်ရှိကာလ၌ CPI ကုမ္ပဏီ အနေဖြင့် မြစ်ဆုံစီမံကိန်းအား ပြန်လည်စတင်နိုင်ရေး ကြိုးပမ်းနေပြီး နေပြည်တော်၌လည်း CPI ကုမ္ပဏီ၏ ရုံးခန်းတည်ဆောက်ရန် စီစဉ်နေကြောင်း ရန်ကုန်မြို့ရှိ တော်ဝင်နှင်းဆီ ခန်းမ၌ စက်တင်ဘာ ၂၈ ရက်က ပြုလုပ်သည့် ဧရာဝတီမြစ်ဝှမ်းဒေသ ဖွံ့ဖြိုးမှု အဓွန့်ရှည်ရေးဆိုင်ရာ သုတေသနအဖွဲ့ (ARBRO) ၏ ဒုတိယအကြိမ် လူထုအကြံပြု အစည်းအဝေးမှ သိရသည်။

"ခုချိန်အခါမှာ ဧရာဝတီဟာ ဘယ်တုန်းဘယ်ကာလနဲ့မှ မတူအောင် အရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ တစ်ကြောင်းက ကျွန်တော်တို့ရဲ့ မြစ်ကြီးကိုက တော်တော်ချူချာနေပြီ။ အဲဒီမှာမှ မြစ်ဆုံမှာ တာဆောက်ဦးမှာဆိုတော့ တွေးတွေးပြီး အတော်ရင်လေး ရပါတယ်။ အဆိုးဆုံးကတော့ အဲဒီအလုပ်ကြီးက ပြန်စဖို့ လုပ်နေပြီ။ လုပ်နေတယ်ဆိုတဲ့ သတင်းကလည်း အလွန်ကြားနေရပါတယ်။ ကျွန်တော်တွေးပြီး ပူလာတယ်။ အခုတောင်မှ ဒါကြီးကို ရပ်ပါ့မယ်ပြောတဲ့ သမ္မတက ရုံးထဲမှာ ရှိနေတုန်း ရှိသေးတယ်။ ခုမှ သက်တမ်းက တစ်ဝက်လောက် ရှိသေးတယ်။ ဒါပေမဲ့ တစ်ဖက်က စဖို့လုပ်နေတယ်။ နေပြည်တော်မှာလည်း ရုံးခန်းဆောက်ဖို့ မြန်မာငွေကျပ် သိန်း ၄၀၀၀ ရန်ပုံငွေ ရထားတယ်တဲ့ စီပီအိုင်က" ဟု မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်က အဆိုပါ အခမ်းအနားတွင် ပြောကြားသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ၎င်း၏သမ္မတ သက်တမ်းအတွင်း မြစ်ဆုံစီမံကိန်းအား ရပ်ဆိုင်းကြောင်း ၂၀၁၁ ခုနှစ် စက်တင်ဘာ ၃၀ ရက်တွင် ထုတ်ပြန်ကြေညာထားခဲ့ရာ ယခုအခါ၌ နှစ်နှစ်ပြည့်ပြီ ဖြစ်သည်။
၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးမြအေး ခေါင်းဆောင်သည့် အဖွဲ့ဝင်လေးဦးတို့ ၂၀၁၃ ခုနှစ် ဇွန်လအတွင်းက တရုတ်နိုင်ငံ ယူနန်ပြည်နယ်သို့ သွားရောက်စဉ်ကလည်း တရုတ် CPI ကုမ္ပဏီမှ တာဝန်ရှိသူများနှင့် တွေ့ဆုံစဉ် CPI ကုမ္ပဏီဘက်မှ မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းအား ဆက်လက်လုပ်ဆောင် လိုသည်ဟုဆိုကာ အချက်အလက်များ၊ ဓာတ်ပုံများ ပြသကာ ရှင်းလင်းခဲ့ကြောင်း သိရသည်။

မြစ်ဆုံစီမံကိန်းအတွက် တင်ပြသော EIA အစီရင်ခံစာကို အပြစ်အနာအဆာများပြီး တောင့်တင်းခိုင်မာမှု မရှိသော အစီရင်ခံစာ ဖြစ်သည်ဟု နိုင်ငံတကာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင် ရှစ်ဦးက ဝေဖန်ပြောဆိုခဲ့ကြောင်း၊ အစီရင်ခံစာ ရေးသားခဲ့သော BANCA မှ ဦးဆောင်သူ ပါမောက္ခ ဦးညိုမောင်က ပြောကြားသည်။

"မြစ်ဆုံစီမံကိန်း စတင်တဲ့ အချိန်မှာ တရုတ်ပညာရှင်တွေနဲ့ ကျွန်တော်တို့ မြန်မာပညာရှင် အဖွဲ့တွေက ပတ်ဝန်းကျင် ထိခိုက်နိုင်တဲ့ အခြေအနေတွေကို လေ့လာပြီးတော့ EIA အစီရင်ခံစာကို ၂၀၁၀ မေလ အတွင်းမှာ စီမံကိန်း လုပ်ဆောင်နေတဲ့ ကုမ္ပဏီကို သီးခြား report တစ်စောင်စီ တင်ပါတယ်။ ဒါပေမဲ့ နိုင်ငံတကာက ဒီအစီရင်ခံစာနဲ့ ပတ်သက်ပြီး အခုဝေဖန်ထားတဲ့ အချက်တွေကို ကြည့်ရတာ ကျွန်တော်တို့ အစီရင်ခံစာထဲက အကြောင်းအရာတွေ မဟုတ်ဘူး။ ပြီးတော့ စီမံကိန်း လုပ်ဆောင်တဲ့ ကုမ္ပဏီက ကျွန်တော်တို့ အစီရင်ခံစာကို နိုင်ငံတကာကို ချမပြဘူးလို့ ယူဆလို့ ရပါတယ်" ဟု ဦးညိုမောင်က ပြောကြားသည်။

မြစ်ဆုံစီမံကိန်း ပြန်လည်စတင်ရန် တရုတ်ကုမ္ပဏီက ကြိုးပမ်းနေမှုများနှင့် ပတ်သက်ပြီး မြစ်ဆုံစီမံကိန်းအား တရုတ်ကုမ္ပဏီ မဟုတ်ဘဲ အမေရိကန်၊ ဂျပန်နှင့် ကိုရီးယားစသည့် မည့်သည့်နိုင်ငံမှမဆို ဆည်တည်ဆောက်ရန် ကြိုးပမ်းပါက မြန်မာပြည်သူ လူထုအနေဖြင့် လက်ခံလိမ့်မည် မဟုတ်ကြောင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင် ဒေါ်ဒေ၀ီသန့်စင်က ပြောကြားသည်။

"ဧရာဝတီကို ပြန်ပြီးတော့လုပ်ဖို့ တာစူနေပါပြီ။ အဲဒီတော့ ကြားရတဲ့ ကိစ္စတွေဟာ ကျွန်မတို့ ဧရာဝတီအတွက် စိတ်လုံးလုံး မချနိုင်သေးပါဘူး။ ဧရာဝတီနဲ့ ပတ်သက်ပြီး ရာခိုင်နှိုင်း ၆၀ အစိုးရကို ပေးပြီးသား သွင်းပြီးသားပါလို့ စီပီအိုင် ဥက္ကဋ္ဌက မီဒီယာတွေကနေပြီးတော့ ပြောခဲ့ပြီ။ မီဒီယာတွေကနေပဲ အစိုးရနဲ့ တွဲပြီးလုပ်နေတဲ့ တရုတ်ပညာရှင် အဖွဲ့ကလည်း အင်မတန်မှ ကြီးမားသော ဟိုက်ဒရိုပါဝါ စီမံကိန်းတွေကို မြန်မာပြည်မှာ လက်မခံသင့်ပါဘူးလို့ ပညာရှင် ရှုထောင့်ကနေပြီးတော့ မှန်မှန်ကန်ကန် ကျွန်မတို့ ပြည်သူတွေကို ပြောခဲ့ပါတယ်။ GEI အဖွဲ့ကပါ။ ဘာပဲပြောပြော ဧရာဝတီနဲ့ ပတ်သက်ရင် ကျွန်မတို့က ဆက်ပြီးတော့ အလုပ်တွေ လုပ်ဖို့ရှိပါတယ်။ တရုတ်အစိုးရမို့လို့ ကျွန်မတို့ ဧရာဝတီကို တားဆီးနေတာ မဟုတ်ပါဘူး။ အခု လက်ဝဲရော လက်ယာရော နိုင်ငံတွေအားလုံး ကျွန်မတို့ မြန်မာပြည်နဲ့ မဟာမိတ် စီးပွားရေး လုပ်နေပါပြီ။ အဲဒီတော့ အမေရိကန်တို့ ဂျပန်တို့ ကိုရီးယားတို့ ဧရာဝတီမြစ်ဆုံကို ဆောက်မယ်ဆိုရင်လည်း ကျွန်မတို့ ပြည်သူလူထုကတော့ လက်ခံနိုင်လိမ့်မယ်လို့ မထင်ပါဘူး။ ဒါတွေဟာ အမျိုးသားရေး တာဝန်လို့ ကျွန်မခံယူပါတယ်" ဟုလည်း ဒေါ်ဒေ၀ီသန့်စင်က ပြောကြားခဲ့သည်။

မြစ်ဆုံစီမံကိန်း လုပ်ငန်းခွင် တစ်နေရာအား တွေ့ရစဉ် (ဓာတ်ပုံ-၀င်းမြင့်ကျော်)
Eleven Media Group

ဦးသိန်းစိန်အစိုးရ မြေမသိမ်းဟု ကတိပြု


ပြည်ပခရီးစဉ်မှ ပြန်လည် ရောက်ရှိလာသော သမ္မတဦးသိန်းစိန် (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)
သမ္မတ ဦးသိန်းစိန် ဦးဆောင်သော အစိုးရသစ်က လယ်ယာမြေ သိမ်းဆည်းမှုများ မဖြစ်ပေါ်စေရန် ဂရုစိုက် လုပ်ဆောင် သွားမည် ဖြစ်ပြီး မြေသိမ်းမှုများ ပပျောက်ရေးအတွက် မြေယာစီမံခန့်ခွဲမှု ဥပဒေကြမ်း ရေးဆွဲပြီး လွှတ်တော်သို့ တင်သွင်း သွားမည် ဖြစ်ကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီး ဦးဝင်းထွန်းက ကတိပြု ပြောဆိုသည်။

နေပြည်တော်တွင် စက်တင်ဘာ ၂၇ရက်နေ့က ကျင်းပ ပြုလုပ်ခဲ့သော မြေယာ စီမံခန့်ခွဲမှု ဗဟိုကော်မတီ၏ သတင်းစာရှင်း လင်းပွဲတွင် အစိုးရသစ် အနေဖြင့် မြေသိမ်းမှုများ မဖြစ်စေရန် တတ်နိုင်သမျှ လုပ်ဆောင်သွားမည်ဖြစ်ပြီး လယ်ယာမြေ သိမ်းဆည်းမှုများကို ဟန့်တားနိုင်ရေး ဥပဒေမူကြမ်း တရပ် ရေးဆွဲလျက်ရှိကြောင်း ဦးဝင်းထွန်းက ပြောဆိုသည်။

“ဒီအစိုးရ လက်ထက်မှာတော့ မြေယာသိမ်းတာတွေ မဖြစ်အောင်လုပ်သွားမှာပါ။ တတ်နိုင်သမျှ သိမ်းဖို့ မရှိနိုင်အောင် လုပ်မှာပါ။ ဥပဒေကြမ်း ကလည်း အမျိုးသား အဆင့် အနေနဲ့ ရေးဆွဲတာပါ။ လာမယ့်နှစ် ဧပြီလမှာ အပြီး သတ်မယ်။ ဒီထဲမှာက မြို့နယ်၊ ကျေးရွာထိပါ လိုက်နာရမယ့် ဥပဒေတွေ၊ မြေအသုံးချမှုတွေ ပါမယ်။ အရင်က မရှိခဲ့တော့ လုပ်ချင်သလို လုပ်ခဲ့တယ်။ ဥပဒေတွေ ရှိပေမယ့် နည်းစနစ်ပိုင်း အားနည်းလို့ ဖြစ်လာတာဆိုတော့ ဒီဥပဒေက အကောင်းဆုံး ထိန်းနိုင် မှာပါ”ဟု ဦးဝင်းထွန်းက ဆိုသည်။

အစိုးရက မြေယာ သိမ်းဆည်းမှု ဟန့်တားနိုင်မည့် ဥပဒေကြမ်းရေးဆွဲရာတွင် ပြည်တွင်းပြည်ပ ပညာရှင်များ၊ ကုလသမဂ္ဂ နှင့် အပြည်ပြည် ဆိုင်ရာ အစိုးရ မဟုတ်သော အဖွဲ့အစည်း များမှ ပညာရှင်များကို အကူညီတောင်းခံထားကြောင်း သိရှိရ သည်။

ပြည်ထောင်စု လွှတ်တော် လယ်မြေ နှင့် အခြားမြေများ သိမ်းဆည်းခံရမှု စုံစမ်း စစ်ဆေးရေး ကော်မရှင်က အစိုးရထံ တင်ပြ ထားသည့် မြေသိမ်းဆည်းမှု အမှုပေါင်း ၇၄၅ ခုကို ပြန်လည် စစ်ဆေး လျက်ရှိပြီး အမှုများကို ပြန်လည် စစ်ဆေးပြီး ပါက မူလ ပိုင်ရှင်ပြည်သူများထံ ပြန်လည် ပေးအပ်မည်ဖြစ်ကြောင်း၊ စစ်တပ်က သိမ်းထည်း ထားသော မြေဧက ၃၈၀၀၀ ကို မူလပိုင်ရှင်ထံ ပြန်လည် ပေးအပ်နိုင်ရန် စီစဉ်နေကြောင်း သိရှိရသည်။

“ ဒီတနှစ်အတွင်း ပြန်ပေးနိုင်အောင် စီစဉ်ထားတယ်။ နောက်ပိုင်းလည်း ဒီလိုမြေသိမ်းတာတွေ နည်းအောင် ဖွဲ့စည်း ထားတဲ့ ကော်မတီတွေကနေ လုပ်မယ်။ ဖြစ်လာရင်လည်း ဖြေရှင်းပေးမယ်။ ဥပဒေ၊ နည်းဥပဒေ ထွက်လာရင် လည်း အဲဒီတိုင်း လုပ်သွားမယ်”ဟု ဦးဝင်းထွန်းက ပြောသည်။

အစိုးရက ဖွဲ့စည်းထားသော မြေယာသိမ်းဆည်းမှုများ ဖြေရှင်းရေး ကော်မတီတွင် ဒုတိယသမ္မတ ဦးဥာဏ်ထွန်းက ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်ပြီး အဖွဲ့ဝင်များ အဖြစ် အစိုးရ၀န်ကြီးများပါဝင်ကြောင်း သိရှိရသည်။
ဧရာဝတီ

ကိုယ်ကြပ်ဘောင်းဘီ (စကီနီ ဘောင်းဘီ) ဝတ်သူများ သတိပြုရန်


ကိုယ်ကြပ်ဘောင်းဘီ (စကီနီ ဘောင်းဘီ/ဂျင်း) များက လူငယ်များ အကြား ရေပန်းစားလာပြီ ဖြစ်တာနဲ့ အညီ သူရဲ့  ဆိုးကျိုးများလည်း သိထားရန် လိုအပ်ပါတယ်။
သေချာတာကတော့ ခပ်ကြပ်ကြပ် ဘောင်းဘီ ဖြစ်တဲ့အတွက် ခါးအောက် ပိုင်း အာရုံကြော စနစ်၊ သွေးလည်ပတ်ကိုကို ကြိမ်းသေ သက်ရောက် မှု ရှိပါတယ်။ လေဝင်လေထွက်လည်း မရှိတဲ့အတွက် အသားတွင်း မှာတင် မကပဲ ပြင်ပ အသားအရည် မှာလည်း ဆိုးကျိုး ရှိလာ နိုင်ပါတယ်။
စကင်နီ ဘောင်းဘီ ဝတ်သော အမျိုးသမီးများဟာ အခြား ဘောင်းဘီ ဝတ်ဆင်လေ့ ရှိတဲ့ အမျိုးသမီးများနဲ့ စာရင် ကိုယ်ဝန်ဆောင်နိုင်ချေ နည်းပါတယ်။ ကိုယ်ဝန်ရှိစဉ် ကာလမှာ စကင်နီ ဘောင်းဘီ ဝတ်ခြင်း ကလည်း ပျက်ကျဖို့ အနီးစပ်ဆုံးပဲ ဖြစ်ပါတယ်။ ခါးပေါ်ပဲ တင်ဝတ်ဝတ်၊ ခါးအောက်ပဲ လျှော ဝတ်ဝတ် သွေးနဲ့၊ အာရုံကြော များကို ကြပ်ကြပ် စည်းထားတဲ့အတွက် ခါးအောက်ပိုင်း တစ်ခုလုံး ဒဏ်ဖြစ်လာ တတ်ပါတယ်။ အာရုံကြောစနစ်ဆိုတာ ခြေဖျားကနေ ဦးနှောက်အထိ အားလုံး ဆက်စပ် နေပြီး ခါးအောက်ပိုင်း အာရုံကြော စနစ် အားနည်းမှုက အခြား ကိုယ်အစိတ်အပိုင်းများသို့လည်း သက်ရောက်မှု ရှိပါတယ်။
ကိုယ်ကြပ်ဘောင်းဘီရဲ့  ဒဏ်ကို အမျိုးသားများ ပိုခံရပါတယ်။ အထူးသဖြင့် ဆီး လမ်းကြောင်းနဲ့ ဆိုင်တဲ့ ရောဂါများ ဖြစ်နိုင်ချေ ပိုများပြီး ဆီးသွားရ မလွယ်ကူခြင်း၊ ဆီးလမ်းကြောင်းလွဲခြင်း၊ ဆီးလမ်းကြောင်းမှ တစ်ဆင့် ပိုးဝင်ခြင်း၊ ကျောက်ကပ် နှင့် ဆက်စပ်ရောဂါများ ဖြစ်ပွားခြင်းတို့အထိ ဆိုးကျိုး ရှိပါတယ်။
ကိုယ်ကြပ်ဘောင်းဘီ (စကင်နီ ဂျင်း) ဝတ်လေ့ရှိသော အမျိုးသမီး တစ်ဦး ဟာ သားအိမ်လမ်းကြောင်းလွဲပြီး ကလေးမမွေးနိုင်တဲ့ အခြေအနေ အထိ ဖြစ်ခဲ့တာလည်း ရှိခဲ့ဖူးပါတယ်။
အားလုံးချည်းပြောလို့ ကိုယ်ကြပ်ဘောင်းဘီ မဝတ်သင့်ပါဘူးလို့ ဆိုလိုခြင်း မဟုတ်ကြပါဘူး။ ဒီလိုသာ ဖြစ်ကြေးဆိုရင် အားလုံး ဆီးလမ်းကြောင်းနဲ့ ဆိုင် တဲ့ ရောဂါများ ဖြစ်နေကြပြီ ဖြစ်ပါတယ်။ ဖြစ်ကြပေမယ့် ဒါဟာ ချက်ခြင်း မဟုတ်ပဲ တဖြည်းဖြည်းနဲ့ အားယူလာတဲ့ ရောဂါမျိုး ဖြစ်ပါတယ်။ ဗြိတိန်မှာ စကင်နီ ဘောင်းဘီ ဝတ်တဲ့ အမျိုးသား အယောက် ၂၀၀၀ ကို စစ်တမ်းကောက်ထားပြီး ဖြစ်ရာ အမြဲ စွဲဝတ်သူများအတွက် ကျန်းမာရေး ဆိုးကျိုး ပိုများတယ်ဆိုတာကို လေ့လာ တွေ့ရှိထားပါတယ်။
ဒါကြောင့် ကိုယ်ကြပ်ဘောင်းဘီကို ဝတ်ဆင်တဲ့ ဖက်ရှင်ကို နှစ်သက်ပေမယ့် အမြဲ စွဲဝတ်တဲ့ အလေ့အထတော့ မပြုလုပ်ရန် လိုအပ်တယ်လို့ ဆေးပညာရှင်များက တိုက်တွန်းထားကြောင်း သိရပါတယ်။
--
Ref- medic-facts
အောင်ခမ်း ( ရိုးရာလေး )

လူသတ်မှုတွင် အစွပ်စွဲခံရသော တပ်မတော်သားသုံးဦးကို အရေးယူခြင်းမရှိ၍ အာဆီယံနိုင်ငံ ကာ/ချုပ်များထံ စာပို့မည်

ပြည်မြို့ န၀ဒေးတံတားအနီး View Point ကမ်းနားသောင်ပြင်တွင် ဖြစ်ပွားခဲ့သည့် ပစ္စည်းလုကာလူသတ် ရိုက်နှက်မှုတွင် စွပ်စွဲခံထားရသော တပ်မတော်သား သုံးဦးအား အရေးယူနိုင်ခြင်း မရှိသေး၍ ဒေသခံများက လက်မှတ်ရေး ထိုးကာ အာဆီယံနိုင်ငံများ၏ ကာကွယ်ရေးဦးစီးချုပ်များထံ ပန်ကြားလွှာပို့မည်ဟု သိရသည်။

ကာယကံရှင်များ၏ တောင်းဆိုမှုဖြင့် မြို့ခံလူမှုရေးအဖွဲ့များက ဦးဆောင်ကာ လက်မှတ်ကောက်ခံခဲ့ရာ နာရေးကူညီမှု အသင်းဥက္ကဋ္ဌ ဦးကျော်သူ အပါအ၀င် စုစုပေါင်း လက်မှတ်ရေးထိုးသူ နှစ်သောင်း ၀န်းကျင်ခန့်အထိ ရရှိပြီဖြစ်ကြောင်း ဦးဆောင်ပါဝင်သူတစ်ဦးက ပြောသည်။

“ကာယကံရှင်က တောင်းဆိုတဲ့အတွက် မြို့ခံလူထုက နည်းလမ်းရှာပြီး လုပ်ဆောင်ပေးတာပါ။ သူတို့ကို လူတွေ ပစ်မထားဘူးဆိုပြီး စိတ်ဓာတ်တက်ကြွလာမယ်။ ဦးကျော်သူရဲ့လက်မှတ်ကို ရတဲ့ရက်က မိသားစုအားလုံး ၀မ်းသာခဲ့ရတယ်”ဟု အထက်ပါပုဂ်္ဂိုလ်က ပြောသည်။

ထို့အပြင် ပြည်မြို့ရှိ လွှတ်တော်ကိုယ်စားလှယ်များ၏ လက်မှတ်များကိုလည်း ရယူရန် ကြိုးပမ်းမည်ပြီး ရရှိသည့် လက်မှတ်များကို အာဆီယံနိုင်ငံများ၏ ကာကွယ်ရေးဦးစီးချုပ်များနှင့် သမ္မတဦးသိန်းစိန်ထံ ပန်ကြားလွှာများ ပို့မည်ဟု ပြည်မြို့ လူမှုရေးအဖွဲတစ်ခုမှ ဥက္ကဋ္ဌက ပြောသည်။ သမ္မတထံကိုမူ ပန်ကြားလွှာအား အောက်တိုဘာ ၅ ရက်တွင် ပို့မည်ဖြစ်သည်။

ထိုပန်ကြားလွှာတွင် ပြစ်မှုကျူးလွန်သူများကို အမှန်အတိုင်း ဖော်ထုတ်ပေးရန်၊ ပြစ်မှုကျူးလွန်သူများကို ဥပဒေနှင့်အညီ ဆောင်ရွက်ပေးရန်၊ နစ်နာသူများကို ကုစားခွင့်ပေးရန်နှင့် အလားတူအဖြစ် နောက်တစ်ကြိမ် မဖြစ်ပေါ်စေရေးအတွက် အာမခံပေးရန် အချက်များ တောင်းဆိုထားသည်။

ထိုတပ်မတော်သားသုံးဦးသည် ဧပြီလ၂၃ ရက်က ပြည်မြို့ View Point ကမ်းနားသောင်ပြင်တွင် ကိုဇော်မင်းဦးအား သတ်ဖြတ်ပြီး အတူပါလာသော အမျိုးသမီးတစ်ဦးကို လည်ပင်းညှစ် ရိုက်နှက်ကာ သတိလစ်နေစဉ် လက်စွပ်ချွတ်ယူခဲ့သည်ဟု သေဆုံးသူ၏ မိသားစုက စွပ်စွဲထားခြင်း ဖြစ်သည်။
ရေခဲ(ပြည်)
Mizzima - News in Burmese

တပ်မတော်နှင့် ကေအင်န်ယူအကြား ယုံကြည်မှု ၉၉ ဒဿမ ၉၉ ရာခိုင်နှုန်း ရှိလာဟုဆို


တပ် မတော်နှင့်  KNU ကရင်အမျိုး သား အစည်းအရုံးနှင့် အကြိမ်ကြိမ် ထိတွေ့ဆက်ဆံမှုများကြောင့် ယုံ ကြည်မှု တည်ဆောက်ခြင်းသည် ၉၉ဒသမ၉၉ရာခိုင်နှုန်းအထိ တိုး လာပြီဟု ကာကွယ်ရေးဦးစီးချုပ် က တင်စား ပြောဆိုကြောင်း KNU ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဖဒိုမန်းငြိမ်းမောင်က ပြောသည်။ ဖဒိုမန်းငြိမ်းမောင်က ''အခု နှစ် နှစ်ဆန်းပိုင်းမှာ ကာကွယ်ရေး ဦးစီးချုပ်နဲ့စပြီးတွေ့တယ်။ သူက ပထမအကြိမ် KNU နဲ့တွေ့ဆုံ တုန်းက  ယုံကြည် မှု က ရာခိုင်နှုန်း ရဝ ပဲရှိ တယ်။ အခု တတိယအကြိမ်တွေ့ တော့ ယုံကြည်မှုတည်ဆောက် တာက ၉၉ဒသမ၉၉ရာခိုင်နှုန်း ရှိလာပြီဆိုပြီးတော့ ပြောတယ်။ တော်ရုံတန်ရုံကိစ္စတွေဆို နားလည် မှုရှိလာပြီလို့ ပြောတယ်။ နှစ်ဦး နှစ်ဖက်တွေ့ ဆုံတာ သုံးကြိမ်ရှိပြီ ဖြစ်တဲ့အတွက် ဆက်ဆံရေးက တိုးတက်လာတယ်''ဟု ကာကွယ် ရေးဦးစီးချုပ်က ပြောဆိုခဲ့ကြောင်း ပြောသည်။

ကာကွယ်ရေးဦးစီးချုပ် ဗိုလ် ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် KNU အမျိုးသားအစည်းအရုံး ခေါင်းဆောင်များနှင့် နေပြည် တော်တွင် စက်တင်ဘာ၂၈ရက် က တွေ့ဆုံခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ အပစ်အခတ်ရပ်စဲထားသည့် တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့တချို့နှင့် ပဋိပက္ခတချို့ဖြစ်ပေါ် နေခြင်းမှာ တိုင်းရင်းသားလက်နက် ကိုင်များနှင့် ထားရှိသည့် ကတိ ကဝတ်များအား တိုင်းရင်းသား လက်နက်ကိုင်များမှ လက်တွေ့ဖော် ဆောင်မှုတွင် အားနည်းချက်များ ရှိခြင်းကြောင့် ဖြစ် ကြောင်း KNU  နှင့် အပစ်အခတ်ရပ်စဲရေးလုပ်ပြီး သည့်နောက်ပိုင်း ယင်းကဲ့သို့ပဋိ ပက္ခများမရှိတော့ကြောင်း၊ ယင်း မှာ KNU မှ တပ်ဖွဲ့ဝင်များမှာ တပ်၏ညွှန်ကြားချက်အား လိုက် နာခြင်းကြောင့်ဖြစ်ကြောင်း ကာ ကွယ်ရေး ဦးစီးချုပ် က ပြောဆို ခဲ့ ကြောင်း ဖဒိုမန်းငြိမ်းမောင်က ပြောသည်။

''ကျွန်တော်တို့  KNU နဲ့ အပစ်အခတ်ရပ်ပြီးကတည်းက ဘာမှပြဿနာမဖြစ်တော့ဘူး။ KNU  က အမိန့်နာခံမှုရှိတယ်။တပ်ညွှန်ကြားမှုကိုလိုက်နာတယ်။  ဖွဲ့စည်းပုံကောင်းတယ်ပေါ့။ ဒီလို မျိုးနှိုင်းယှဉ်ပြီး ပြောတာမျိုးတော့ ရှိပါတယ်။ ဒီလို ပဋိပက္ခတွေ ဖြစ်နေ တာ ကျွန်တော်တို့လောက် ထိ တွေ့ဆက်ဆံမှုမရှိလို့ ဖြစ်ရတာ လို့ ကာကွယ်ရေးဦးစီးချုပ်ကပြော ပါတယ်''ဟု ဖဒိုမန်းငြိမ်းမောင် က ပြောသည်။

ယင်းတွေ့ဆုံပွဲတွင် ကာကွယ် ရေးဦးစီးချုပ်က တပ်မတော်သည် အခြေခံဥပဒေအား ကာကွယ် စောင့်ရှောက်ရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အား ကာကွယ်စောင့် ရှောက်ရန်အတွက် သမ္မတ၏ဦး ဆောင်မှုအောက်တွင်သာ လုပ် ဆောင်သွားမည်ဖြစ်ကြောင်း ပြော ဆိုခဲ့ကြောင်း ဖဒိုမန်းငြိမ်းမောင် က ပြောသည်။

လင်းအောင်

အိုဘားမားနှင့် သမိုင်းဝင်ပြောဆိုပြီး ရိုဟာနီ ဖိနပ်ဖြင့် ပေါက်ခံရ



အမေရိကန်သမ္မတဘား ရက်အိုဘားမားနှင့် သမိုင်းဝင် ဆက်သွယ်မှုပြုလုပ်ပြီးနောက် အီရန်တွင်ရောက်ရှိစဉ် သမ္မတ ရိုဟာနီ၏ယာဉ်တန်းမှာ ရှူးဖိနစ် တစ်ဖက်ဖြင့် အပစ်ခံရသည်။ရိုဟာနီ၏ အိမ်ပြန်ခရီးကို ကြိုဆိုသူများရော၊ ကန့်ကွက်သူ များရော ရှိခဲ့သည်။ ကာလရှည် တားမြစ်ထားမှု၏ အဆုံးသတ် အဖြစ် ဆယ်စုနှစ်သုံးနှစ်ကျော် အတွင်း အမေရိကန်သမ္မတတစ်ဦး နှင့်ပထမဆုံးဆက်ဆံမှုကို အီရန် သတင်းစာများက ချီးကျူးကြို ဆိုခဲ့ကြသည်။

မာရ်နတ်ကြီးဟု ကာလရှည် ပြက်ရယ်ပြုလှောင်ပြောင်ခဲ့သော နိုင်ငံတစ်ခု၏ ခေါင်းဆောင်နှင့် ရို ဟာနီတို့ ၁၅မိနစ်ကြာ ပြောဆို ဆွေးနွေးမှုသည် သဘောထား တင်းမာသူတချို့အတွက် မခံရပ် နိုင်စရာကိစ္စဖြစ်သည်။ စနေနေ့ က ရိုဟာနီ၏ယာဉ်တန်း ဖြတ် သန်းစဉ် မီဟရာဘက်လေဆိပ် အပြင်မှ ကန့်ကွက်သူ ၆ဝခန့်က Dealth to America, Dealth to Israel ဟု ကြွေးကြော်ကြသည်။သို့သော် ထောက်ခံသူ ၂၀ဝမှ ၃၀ဝနီးပါးက Thank you Rouhani
ဟု အော်ဟစ်ခဲ့သည်။

ရဲတပ်ဖွဲ့က ကန့်ကွက်သူနှင့် ထောက် ခံသူတို့ကို ခွဲခြားပေးခဲ့သည်။လူအုပ်ကို အသိအမှတ်ပြု သည့်အနေဖြင့် ကားအတွင်းမှ ရိုဟာနီ မတ်တတ်ရပ်စဉ် ရှူးဖိနပ် ဖြင့် အပစ်ခံခဲ့ရခြင်းဖြစ်သည်။ သို့သော် ပစ်မှတ်က လွဲချော်ခဲ့ သည်။၁၉၇၉ တော်လှန်ရေးအပြီး တွင် အစွန်းရောက်အီရန်ကျောင်း သားများက အမေရိကန်သံရုံး မှ ဓားစာခံများကို ဖမ်းဆီးထား ပြီးနောက်ပိုင်း တီဟီရန်နှင့် အ မေရိကန်ကြား သံတမန်ဆက် သွယ်ရေး ပြတ်တောက်ခဲ့သည်။ ဆက်သွယ်ပြောဆိုရန် အိုဘား မားဘက်က စတင်ကမ်းလှမ်းခြင်း ဖြစ်ကြောင်း ရိုဟာနီက သတင်း ထောက်များကို လေဆိပ်တွင် ပြောကြားခဲ့သည်။

''ကျွန်တော် နဲ့ မိနစ်အနည်းငယ်လောက် အို ဘားမားက စကားပြောချင်တယ် လို့ ကျွန်တော့်ဆီကို အကြောင်း ကြားလာပါတယ်''ဟု ရိုဟာနီ၏ ပြောကြားချက်ကို ကိုးကား၍ ၎င်း၏ရုံးက ထုတ်ပြန်ခဲ့သည်။ရိုဟာနီသည် နှစ်ပေါင်း ၂၇၀ဝသက်တမ်းရှိ ပါရှန်းခေတ် ရှေးဟောင်းပစ္စည်းတစ်ခုကို အီ ရန်သို့ ယူဆောင်လာခဲ့သည်။ ၎င်းပစ္စည်းမှာ ခြင်္သေ့ကိုယ် လင်း ယုန်ငှက်ခေါင်းသဏ္ဌာန် စပျစ်ရည် ထည့်သည့် ငွေဖလားတစ်ခုဖြစ် သည်။

အီရန်ပြည်သူများအတွက် အထူးလက်ဆောင်တစ်ခုအဖြစ် ရိုဟာနီကို ပေးခဲ့ခြင်းဖြစ်ကြောင်း အီရန်မီဒီယာများက နောက်ပိုင်း တွင် ဖော်ပြခဲ့သည်။၎င်းပစ္စည်းမှာ ဒေါ်လာ တစ်သန်းတန်သည်ဟု ခန့်မှန်း ကြပြီး ၂၀၀၃ခုနှစ်က ခိုးထုတ်သူ တစ်ဦးထံမှ အမေရိကန်အကောက် ခွန်အရာရှိများက သိမ်းဆည်းခဲ့ သည်။ အိုဘားမားနှင့် ရိုဟာနီ ဆက်သွယ်ပြောဆိုမှုကို အီရန် ဦးစီးခေါင်းဆောင်က သဘောတူခဲ့ သည်ဟု သိရသည်။

Yangon Media Group

သတင်းစာများကို ဝေဖန်ချင်သည့် အကြောင်းရင်းခုနစ်ချက်


ထင်ရှားသည့် ဗြိတိသျှအမေ ရိကန် သတင်းစာဆရာခရစ္စတိုဖာဟစ်ချင်းစ်က သတင်းစာများကို ယခုလို သရော်ခဲ့ဖူးသည်။

“ကျွန်တော်သတင်းစာဆ ရာဖြစ်လာတဲ့အကြောင်းရင်းကတော့ သတင်းအချက်အလက်ရဖို့ သတင်းစာတွေကို အားမကိုးချင် လို့ပါပဲ”

သတင်းစာများ၏ ရိုသားမှုနှင့် ဓမ္မဓိဋ္ဌာန်ကျမှုတို့က ဒီမိုကရေစီစနစ်တစ်ခုအတွက် ဘယ် လောက်အရေးပါသလဲဆိုသည် ကို ရာနှုန်းပြည့် နားမလည်သေးသည့် သတင်းထောက်နှင့် စာတည်းများရှိကောင်းရှိနေနိုင်သည်။

ကျွမ်းကျင်မှုအားနည်းခြင်း၊ မရိုးသားခြင်း စသည့်အကြောင်း အမျိုးမျိုးဖြင့် သတင်းစာများအပေါ် လူထုယုံကြည်မှုကျဆင်းသည့်အခါ လူ့အဖွဲ့အစည်းနှင့် ဒီမိုကရေစီကို စောင့်ကြည့်သည့် ယန္တရားပြိုလဲပြီး ပြည်သူလူထုကို အမြတ်ထုတ် သွေးခွဲမည့် အစုအ ဖွဲ့များအတွက် အခွင့်အလမ်းတွေ ပွင့်လန်းလာတော့သည်။ ကမ္ဘာကျော်လူထုဆနစစ်တမ်းကောက်ခံယူသည့် Gallup အဖွဲ့ကြီးက အမေရိကန်ပြည်သူများအကြားမှာ မတူညီသည့် အသက်မွေးဝမ်း ကျောင်းလုပ်ငန်းများ၏ ကျင့်ဝတ် နှင့် ရိုးသားမှုအပေါ် ယုံကြည်မှုစစ်တမ်းကို ပြီးခဲ့သည့် ၂၀၁၂ ခု နှစ်ကကောက်ခံခဲ့သည်။

ရိုးသားမှုနှင့် ကျင့်ဝတ်အပေါ် ပြည်သူယုံကြည်မှုစစ်တမ်း၏ ထိပ်ဆုံးမှာ သူနာပြုများ ရပ်တည်ပြီး သတင်းစာဆရာများကတော့ နံပါတ် (၁၂) မှာသာ ရှိနေပါသည်။ သတင်းစာဆရာများ၏ အပေါ်မှာ အင်ဂျင်နီယာ (၄)၊ သွားဆရာဝန်များ (၅)၊ ရဲအရာရှိများ (၆) စသည်ဖြင့် အသီးသီးရှိနေပြီး ဘဏ်လုပ်ငန်းရှင်များကပင် နံပါတ် (၁၁) ချိတ်ပြီး သတင်းစာဆရာများ အပေါ်မှာ တက်ထိုင်နေသည်ကို တွေ့ရသည်။ ဒါကိုပင် အချို့သတင်းသမားများက ကြံ ဖန်ဂုဏ်ယူကြသေးသည်။ “ကျွန်တော်တို့အောက်မှာ ရှေ့နေ၊ အာ မခံအရောင်းကိုယ်စားလှယ် ၊ ဆီနိတ်တာနှင့် ကားအရောင်းကိုယ်စားလှယ်များ ရှိပါသေးသည်တဲ့။

Gallup စစ်တမ်းများမှာ အမေရိကန်ပြည်သူများအကြား သတင်းစာများအပေါ် ယုံကြည်မှုက ၂၀၁၁ ခုနှစ်မှာ ၂၈ ရာခိုင်နှုန်း၊ ၂၀၁၂ မှာ ၂၅ ရာခိုင်နှုန်းနှင့် ယခုနှစ် ၂၀၁၃ မှာ ၂၃ ရာခိုင်နှုန်းသို့ တောက်လျှောက်ကျဆင်းလာနေသည်။ သတင်းစာနှင့် ပြည်သူကွာရှင်း ပြတ်စဲသည့်အခါ နိုင်ငံရေးတောကြောင်များ လက်ခမောင်း ခတ်ပြီး လူ့အဖွဲ့အစည်းယိုင်နဲ့ တတ်ပါသည်။

လွတ်လပ်မှုကို ယခုမှ ထွေးပွေ့ခွင့်ရသည့် မြန်မာသတင်းစာများကတော့ အရှိန်ကောင်းကောင်းနှင့် ချီတက်နေကြသည်။ ရေရှည်မှာ ပြည်သူလူထု၏ ယုံကြည်မှုကို မဆုံးရှုံးကြဖို့အတွက် အားနည်းချက် ခုနစ်ချက်ကို ဝေဖန်ပါမည်။

(၁) ကိုယ်ပျောက်သတင်းအရင်းအမြစ်များ (Invisible Sources) ဘယ်ကရသည့်အချက်အလက်၊ အကြောင်းအရာများကို မဖော်ပြဘဲ “သိရသည်” ဆိုရုံဖြင့် ရောချ၍မရပါ။ “ဘယ်က သိရသည်” ကို တိတိကျကျ ဖော်ပြဖို့လိုအပ်သည်။ စာဖတ်သူများကို အကြံပေးချင်သည်က မိမိဖတ်ရသည့် ပုံနှိပ်စာလုံးများ အားလုံးကို မယုံကြည်ဖို့ဖြစ်သည်။ သတင်းထဲမှာ ဘယ်သတင်း အရင်းအမြစ်ကို ညွှန်းထားသလဲ၊ အဲဒီသတင်းအရင်းမြစ်က ဘယ်လောက်ယုံကြည် စိတ်ချထိုက်သလဲဆိုသည်ကို စဉ်းစားပါ။

သတင်းထောက်များကလည်း စာဖတ်သူကို ပေးပို့မည့် သ တင်းအချက်အလက်ကို ခိုင်မာသည့် သတင်းအရင်းအမြစ်များ ဖြင့် အတည်ပြုသင့်သည်။ အတည်မပြုနိုင်သေးလျှင် မသုံးရန် (သို့မဟုတ်) အတည်မပြုရသေးကြောင်း ပြည်သူကို ရိုးသားစွာ ဖော်ပြသင့်သည်။

(၂) ပင်ပေါင် ဂျာနယ်လစ်ဇင် (Ping Pong Journalism)
တစ်ခြမ်းပဲ့သတင်းများဖြစ်ပါသည်။ တစ်ဖက်က စွပ်စွဲသည်ကို ဒီကနေ့ဖော်ပြသည်။ အခြားတစ်ဖက်က ဖြေရှင်းသံကို နောက် နေ့ဖော်ပြသည်။ နောက်တစ်နေ့မှာ ပထမတစ်ဖက်က ရှင်းလင်း ချက်ကို ပြန်ထည့်သည်။ သတင်းပေးပို့မှုက ပင်ပေါင်ဘောလုံးလို တစ်ဖက်စီပြေးနေသည်။ စာဖတ်သူကိုယ်တိုင်ပင်ပေါင်ဘောလုံးဖြစ်ပြီး ဘက်တံနှင့် အပြန်အလှန်အရိုက်ခံရသလို ဖြစ်နေသည်။

(၃) ဖုံးကွယ်ထားသော ကိုယ်ပိုင်ထင်မြင်ချက်များ (Hidden Opinions)
ထင်မြင်ချက်များနှင့် ပတ်သက်လျှင် ပြဿနာနှစ်မျိုးကို တွေ့ရသည်။ ပထမတစ်မျိုးက သတင်းထဲတွင် မိမိ၏ ထင်မြင်ယူဆချက် မထည့်ရဆိုသည့် သံမဏိစည်းမျဉ်းကို လက်တစ်လုံးခြားချိုးဖောက်ခြင်းဖြစ်သည်။ “ပြည်သူများအကြားမှာ ဝေဖန်မှုများရှိနေသည်၊ အချို့က သုံးသပ်ကြသည်” ဆိုသည့် စကားလုံးများ၏ နောက်ကွယ်မှာ ပုန်းလျှိုးနေသည့် သတင်းစာဆရာ၏ “ထင်မြင်ချက်” များကို တွေ့မြင်နေရသည်။

ဒုတိယပြဿနာက သတင်းများမှာ သုံးသပ်ချက် (Opinion) များသာကဲပြီး အချက်အလက် (Fact) များ အလွန်အမင်းအား နည်းခြင်းဖြစ်သည်။ ပြောစကားမှတ်ချက်များရလျှင် သတင်းဖြစ်သည်ဟု ယူဆနေသူများရှိသည်။

(၄) ကျန်းမာရေးနှင့်မညီညွတ်သည့် သတင်းများ (Junk Journalism)
စာဖတ်သူများအကြားမှာ အများကြိုက်အကြောင်းအရာများကို ပြူးတူးပြဲတဲခေါင်းစဉ်ဖြင့် ဖော်ပြပြီး သတင်းထဲတွင်တော့ခိုင်မာသည့် သတင်းအချက်အလက်မထည့်သွင်းနိုင်သည့် သ တင်းပေးပို့မှုဖြစ်သည်။

စာဖတ်သူ ဖတ်သင့်၊ သိသင့်သည့်သတင်းများကို ကြိုးစားပမ်းစာုးံစမ်းဖော်ထုတ်မှုမပြုလုပ်ဘဲ စာဖတ်သူ ဖတ်ချင်၊ မြင်ချင်၊ ကြား ချင်သည့် စိတ်ဆန္ဒကို အလိုလိုက် ဖို့အတွက် ဖန်တီးတင်ပြမှုဖြစ်သည်။ အများကြိုက်၊ အသင့်စားအစားအစာ Junk Food များက ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ထိခိုက်နိုင်သလို Junk Journalism က စိတ်ကျန်းမာရေးကို ထိခိုက်စေသည်။

စာဖတ်သူများ သတိထားရမည်မှာ ကိုယ်ချစ်သူကို ချီးမြှောက် တိုင်း (သို့မဟုတ်) ကိုယ်မချစ်သူ ကို တိုက်ခိုက်တိုင်း မျက်စိမှိတ် မယုံဖို့ဖြစ်ပါသည်။

(၅) မိုးနတ်မင်း၏ သတင်း (Top Down Reporting)
ရာထူးကြီး၊ ထင်ရှားသူများ ဘာပြောပြောသတင်းဖြစ်နေသည့် အတွေးအခေါ်ကို ကျွန် တော်တို့ လေးလေးနက်နက်ဆန်း စစ်သင့်သည်။ “နောက်ပြန်လှည့် သူကိုချေမှုန်းမည်”၊ “ဘာသာရေး၊ လူမျိုးရေးခွဲခြားမှုကို သည်းခံမည်မဟုတ်ပါ” စသည့် စကားများ ကို သတင်းရေးသားသည့်အခါ မိုးပေါ်ကကျလာသည့် ပြောစကား တစ်ခုတည်းကိုသာ စာဖတ်သူကို ပြန်ရေးပြတာမဟုတ်ဘဲ သူ့ပြော စကားနဲ့ အလုပ် ဘယ်လောက် ကိုက်ညီမှုရှိသလဲဆိုတာကို ပြည်သူနားလည်ဖို့ လေ့လာသုတေသနပြုဖော်ပြသင့်သည်။

အထက်က လူကြီးပြောတိုင်းသတင်းဖြစ်နေသည့်အချိန်မှာ ပြည်သူများဆနနှင့် အခက်အခဲကို အထက်က သိအောင် ပြုလုပ်ရမည့် Bottom up reporting လည်းလိုအပ်ပါသည်။ သို့မ ဟုတ်လျှင် ပါးနပ်သော ခေါင်းဆောင်ကြီးများက လက်ခုပ်ချူချင်တိုင်း စကားတစ်ခွန်းထပြောသည်ကို ၀န်ဆောင်မှုပေးနေရသည့် အခြေစိုက်သွားမည်။ သ တင်းတစ်ပိုင်း ၀ါဒဖြန့်ချိရေးတစ် ပိုင်း Infoganda များအဖြစ် အပြုစားခံရတတ်သည်။ သတိထားပါ။

(၆) ဖြတ်ညှပ်ကပ် သတင်းပေးပို့မှု(Copy and Paste Reporting)
သတင်းထုတ်ပြန်ချက်များ၊ သတင်းစာရှင်းလင်းပွဲများ အ ကြောင်းကို အစာသွတ်မွမ်းမံဖြည့်စွက်ခြင်းမရှိဘဲ အသင့်ဖော်ပြပေး ခြင်းများ မြင်တွေ့နေရသည်။ သတင်းစာသည် စာတိုက်ပုံးမဟုတ် သည့်အတွက် လာပေးသမျှကို လက်လွှဲပြောင်းရုံတာဝန်ဖြင့် ကျေ နပ်မနေသင့်ပါ။

(၇) ပုန်းကွယ်နေသည့် ရည်ရွယ်ချက် (Hidden Agenda)
သတင်းစာ စတင်ကတည်းက ဘာလုပ်မည်ဆိုသည့် ရည် ရွယ်ချက်တစ်ခုဖြင့်စတည်ထောင်ခြင်းဖြစ်သည်။ ပြည်သူလူထု၏ နေ့စဉ်ဘ၀မှာ ဆုံးဖြတ်ချက်များ မှန်ကန်အောင် ချမှတ်နိုင်ဖို့ လို အပ်သည့် သတင်းအချက်အလက်များကို မပေးဘဲ ရည်ရွယ်ချက်
တစ်ခုအတွက် သြဇာကြီးထွားအောင် စည်းရုံးသိမ်းသွင်းခြင်းဖြစ်သည်။

ဝါကျများ၏ နောက်ကွယ်မှာ ပုန်းကွယ်နေသည့် ရည်ရွယ်ချက်များကို စာဖတ်သူများမြင်အောင်ဖတ်ကြဖို့လိုသည်။

သုတေသနလူထုစစ်တမ်းများကို လေ့လာသည့်အခါ အမေရိကန်ပြည်ထောင်စုမှာ သတင်းစာများ၏ ရွှေခေတ်(Heyday) သည် ၁၉၇၄ ခုနှစ်တစ်ဝိုက်ဟု တွေ့ရသည်။ မထူးဆန်းလှပါ။ လူငယ်သတင်းထောက်နှစ်ဦးဖြစ် သည့် ဘော့်ဘ်ဝုဒ်ဝါဒ့်နှင့် ကားလ် ဘန်းစတိန်းတို့၏ ၀ါးတားဂိတ်ထုတ်ဖော်မှုကြောင့် သမ္မတ ရစ်ချတ်နစ်ဆင်ရာထူးမှ နုတ်ထွက်ခဲ့ ရသည့် နှစ်ဖြစ်သည်။ ၁၉၇၀ ခုနှစ်များသည် အမေရိကန်သတင်းစာတို့က မြင့်မားသောစံနှုန်းကို ထိန်းသိမ်းခြင်းဖြင့် ပြည်သူ့ယုံကြည်မှုကိုအမြင့်မားဆုံးရခဲ့သည့် အချိန်ဖြစ်
သည်။

အပြောင်းအလဲကို ရင်ဆိုင်နေရသည့် မြန်မာသတင်းစာများလည်း ရွှေခေတ် (Heyday) ကို ရောက်နိုင်ပါသည်။ ရဲရင့်ထက် မြက်သည့် လူငယ်သတင်းစာဆရာများ၏ အင်အားက အတောင့်အတင်းဖြစ်နေသည်။ သို့သော် စံနှုန်းများမြင့်မားဖို့တော့လိုသည်။ ပြည်သူများကလည်း အရည်အသွေးကို စစ်ဆေးသည့်နည်းဖြင့် ကူညီပေးသင့်သည်။ သတင်းတစ် ပုဒ်ကို ဖတ်သည့်အခါ မေးခွန်းသုံး ခုမေးပေးပါ။

ဒီသတင်းဟာ အချက်အလက်ခိုင်မာရဲ့လား။

ဒီသတင်းမှာ သတင်းအရင်း အမြစ်ပြည့်စုံရဲ့လား။

သတင်းရေးသားမှုဟာ မျှတရဲ့လား။

စာဖတ်သူများကို မင်နီဘောပင်တစ်ချောင်း အိတ်ထဲမှာ အမြဲထည့်ထားဖို့ အကြံပြုချင်သည်။

ဗန်းပေါ်က သတင်းစာဂျာနယ်များကို စာမေးပွဲစစ်ကြရန် ဖြစ်ပါသည်။
ရေးသားသူ- ရဲမိုး
7Day News Journal

မန္တလေးမှ လက်ပံတောင်းထိ လမ်းလျှောက် ဆန္ဒပြသူများ ဧရာဝတီတံတား (ရတနာပုံ) တွင် တားဆီးခံရ


လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဧရိယာနယ်မြေ အတွင်းရှိ လယ်တီ ဆရာတော်ဘုရားကြီး တည်ဆောက်ခဲ့သော သိမ်တော်နှင့် စေတီတော်တို့ကို မဖျက်ဆီးစေရန်အတွက် ရန်ကုန်နှင့် မုံရွာမြို့ အခြေစိုက် ဖွဲ့စည်းထားသည့် လက်ပံတောင်း အရပ်ရှိ လယ်တီ ဆရာတော်ဘုရားကြီး၏ သာသနိက အဆောက်အအုံများ ကာကွယ် စောင့်ရှောက်ရေး အင်အားစု အဖွဲ့သည် စက်တင်ဘာလ ၂၉ ရက်နေ့ မွန်းလွဲပိုင်းက မန္တလေးမြို့မှ လက်ပံတောင်းတောင် ကြေးနီ တူးဖော်ရေး စီမံကိန်းသို့ လမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့ရာ ဧရာဝတီတံတား (ရတနာပုံ) အနီးတွင် လုံခြုံရေး ရဲများ၏ တားဆီးခြင်း ခံခဲ့ရကြောင်း မန္တလေးမြိုခံ သတင်းထောက်များက ပြောကြားသည်။

အမရပူရမြို့နယ် ကပ်ကျော်ဘုရားမှ စတင်ကာ လမ်းလျှောက်ခြင်းကို မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့က ခွင့်မပြုခဲ့ဘဲ တားမြစ်ခဲ့ပြီး အမရပူရမြို့နယ်အထွက် ဧရာဝတီတံတား (ရတနာပုံ) အနီးတွင် စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့ကလည်း လမ်းလျှောက်သူများ အဖွဲ့ကို သံဆူးကြိုးများဖြင့် ထပ်မံစည်းချ တားဆီးခဲ့ကြောင်း၊ ယင်းနောက် လမ်းလျှောက် သူများထဲတွင် ပါဝင်သူ နှစ်ဦးကို အချုပ်ကားပေါ်သို့ ဖမ်းခေါ် သွားခဲ့သော်လည်း နှစ်ဦးနှစ်ဖက် အချေအတင် ပြန်လည် ဆွေးနွေးခဲ့ရာ ၁၀ မိနစ်ခန့် အကြာတွင် ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဆန္ဒထုတ်ဖော် လမ်းလျှောက်သော အဖွဲ့ကို ဦးဆောင်သူ တစ်ဦးဖြစ်သော ဦးစည်သူက ပြောကြားသည်။
“ခွင့်ပြုမိန့် မတင်ထားလို့ တားရတာပါ။ ခွင့်ပြုချက်နဲ့ဆိုရင် ကျွန်တော်တို့က လိုက်တောင် စောင့်ရှောက် ဦးမှာပါ” ဟု အမရပူရမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးရွှေပိုက ပြောကြားသည်။

ယင်းအဖွဲ့သည် စစ်ကိုင်းတိုင်းဒေသကြီးဘက်ခြမ်းရှိ ရထားခုံးကျော်တံတား အနီးတွင် လုံခြုံရေး အဖွဲ့များနှင့် ညှိနှိုင်း ပြေလည်မှု ရရှိခဲ့ပြီး ဆက်လက် ထွက်ခွာခဲ့ရာ ညနေ ၅ နာရီတွင် စစ်ကိုင်း ကောင်းမှုတော်ဘုရားအနီး သို့မဟုတ် ဘုရားနီ ဘုရားအနီးတွင် ယခုညအိပ်ပြီးနောက် စက်တင်ဘာ ၃၀ ရက်နေ့ နံနက်တွင် မုံရွာသို့ ဆက်လက်ထွက်ခွာမည် ဖြစ်ကြောင်း လယ်တီ ဆရာတော်ဘုရားကြီး၏ သာသနိက အဆောက်အအုံများ ကာကွယ် စောင့်ရှောက်ရေး အင်အားစုအဖွဲ့မှ သိရသည်။
“ကျွန်တော်တို့ကတော့ ဒီလယ်တီ ဆရာတော်ဘုရားကြီးရဲ့ သိမ်တော်နဲ့ စေတီကို မဖျက်ဆီးစေဖို့ လက်ပံတောင်းတောင်မှာရှိတဲ့ ဝမ်ပေါင် ကုမ္ပဏီရဲ့ ကြေးနီ တူးဖော်ရေး စီမံကိန်း နယ်မြေအထိ လမ်းလျှောက်သွားကြမှာပါ။

ကျွန်တော်တို့ ဖြတ်သွားရာ ဒေသက ပြည်သူတွေကပါ ကျွန်တော်တို့ သဘောထား၊ ကျွန်တော်တို့ ဖြစ်စေချင်တဲ့ဟာကို သိရှိသွားကြမှာ ဖြစ်ပါတယ်” ဟု ၎င်းအဖွဲ့ကို ဦးဆောင်သူ ဦးစည်သူက ပြောကြားသည်။

လယ်တီ ဆရာတော်ဘုရားကြီး၏ သာသနိက အဆောက်အအုံများ ကာကွယ် စောင့်ရှောက်ရေး အင်အားစုအဖွဲ့သည် အဖွဲ့၏ ခရီးမစတင်မီ စက်တင်ဘာ ၂၉ ရက်နေ့ မွန်းတည့် ၁၂ နာရီ အချိန်က မန္တလေးမြို့ မဟာမြတ်မုနိဘုရားကြီး အရှေ့ဘက်မုခ်အနီးရှိ ဓမ္မိကာရာမ ကျောင်းတိုက်တွင် သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ပြီးနောက် ၄၀ ဦး ကျော်ခန့်ပါသော အဖွဲ့ဖြင့် လက်ပံတောင်းတောင်သို့ လမ်းလျောက် ဆန္ဒဖော်ထုတ်ခြင်း ဖြစ်သည်။
The Voice Weekly

ဝိပဿနာဆရာကြီး ဦးဂိုအင်ကာ ကွယ်လွန်ရှာ



ဝိပဿနာဆရာကြီး ဦးဂိုအင်ကာသည် စက်တင်ဘာ ၂၉ ရက် ည ၁၁ နာရီခန့်က သူ၏နေအိမ်တွင် ကွယ်လွန်သွားခဲ့ကြောင်းသတင်းရရှိသည်။

သူ၏ ဈာပနကို အောက်တိုဘာ ၁ ရက်နေ့တွင် အိန္ဒိယနိုင်ငံဘုံဘေမြို့တွင်ကျင်းပပြုလုပ်မည်ဖြစ်ကြောင်းသိရသည်။

ဆရာကြီး ဦးဂိုအင်ကာသည် ၁၉၂၄ ခုနှစ်က မြန်မာနိုင်ငံ မန္တလေးမြို့တွင်မွေးဖွားခဲ့ပါသည်။

PP
Popular Myanmar News Journal

ရန်ကုန်မြို့မှာ ပထမဆုံး အထူး မြို့ပတ်ရထား


ရန်ကုန်မြို့မှာ ပထမဆုံး အထူး မြို့ပတ်ရထားကို အောက်တိုဘာ(၁)ရက် စတင်ပြေးဆွဲပါမယ်။ အရင်က ရိုးရိုး မြို့ပတ်ရထားမှာ လူတစ်ဦးကို ၁၀၀ ကျပ်နှုန်းနဲ့ ပြေးဆွဲခဲ့ပြီး အခု အထူး မြို့ပတ်ရထား (အဲယားကွန်းနဲ့)ကို ၄၀၀ ကျပ် သတ်မှတ်ထားကာ နိုင်ငံခြားသားဆိုရင် အမေရိကန် ၂ ဒေါ်လာ ကျသင့်မှာ ဖြစ်ပါတယ်။

DVB TV News

တစ်နိုင်ငံလုံး အပစ်ရပ်စဲရေး နိုဝင်ဘာလဆန်း လက်မှတ်ထိုးမည်




တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးပွဲကို လာမယ့် နိုဝင်ဘာလဆန်းပိုင်းမှာ ကျင်းပဖို့ လျာထားပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအားလုံးကို ဖိတ်ကြားထားတယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ဒီနေ့ ပြောကြားလိုက်ပါတယ်။

ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးစင်တာမှာ ကျင်းပတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းကော်မတီနဲ့ ပြည်တွင်းနိုင်ငံရေးပါတီ ၄၀ နီးပါးလောက်နဲ့ တွေ့ဆုံဆွေးနွေးပွဲမှာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောကြားခဲ့တာပါ။

ဒီနေ့ ဆွေးနွေးပွဲမှာ တင်ပြခဲ့တာနဲ့ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဥာဏ်ဝင်းက အခုလိုပြောပါတယ်။

" နိုင်ငံရေးဆွေးနွေးပွဲ လုပ်လို့ရှိရင် တစ်ဦးပေါ်တစ်ဦး ယုံကြည်မှုရှိဖို့လိုတယ်၊ ယုံကြည်မှုရှိဖို့နဲ့ ပတ်သက်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေလည်း ပြင်ဆင်ဖို့ လိုတယ် တိုင်းရင်းသားတွေရဲ့ အခွင့်အရေးတွေ ကာကွယ်ပေးဖို့ အဲ့ဒါတွေ ထည့်သွင်းစဉ်းစားပေးပါဆိုပြီး ဆွေးနွေးခဲ့တယ်၊ ပါတီတွေကို ပြောတယ်ဆိုတာ ပြည်သူတွေကို ပြောတာပဲလေ၊ ပြည်သူကို ချပြတယ် ပြောပြတယ်ဆိုတာ ဒါကောင်းတဲ့ လက္ခဏာတွေ"

ဒီဆွေးနွေးပွဲမှာ ပြည်ထောင်စုဝန်ကြီးတွေက ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ ဆက်စပ်နေတဲ့ စီးပွားရေးဖံွ့ဖြိုးတိုးတက်ရေးအတွက် အစိုးရက ဖော်ဆောင်နေတဲ့ လုပ်ငန်းစဉ်တွေနဲ့ပတ်သက်ပြီး တက်ရောက်လာတဲ့ နိုင်ငံရေးပါတီတွေကို ရှင်းပြခဲ့တယ်လို့ သိရပါတယ်။
RFA Burmese

လက်ပံတောင်းအရေး ဆန္ဒပြသူများ ရဲတပ်ဖွဲ့နှင့် ရုန်းရင်းဆန်ခတ်ဖြစ်



လက်ပံတောင်းအရေး လှုပ်ရှားသူ သံဃာတော်တွေနဲ့ ဒေသခံတွေ စုစုပေါင်း ၅၀ လောက်ဟာ မန္တလေးတိုင်း အမရပူရမြို့အဝင်ကနေ လက်ပံတောင်းတောင်ခြေ လယ်တီဆရာတော်ဘုရားကြီးရဲ့ သိမ်တော်အထိ ဒီကနေ့ လမ်းလျှောက်ဆန္ဒပြခဲ့ကြရာ အာဏာပိုင်တွေက ခွင့်ပြုခြင်းမရှိတဲ့အတွက် ရဲတပ်ဖွဲ့ဝင်တွေနဲ့ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ပါတယ်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဧရိယာအတွင်းက လယ်တီဆရာတော် ဘုရားကြီးရဲ့သိမ်တော်နဲ့ သာသနိက အဆောက်အအုံတွေကို မူလအတိုင်းထားပေးဖို့ သူတို့တွေက တောင်းဆိုကြတာ ဖြစ်ပါတယ်။

ဆန္ဒပြချီတက်ရတာနဲ့ပတ်သက်ပြီး လက်ပံတောင်းအရေး လှုပ်ရှားသူတစ်ဦးဖြစ်တဲ့ ကိုစည်သူက အခုလို ပြောပါတယ်။

" သိမ်ကိုတော့ ကျွန်တော်တို့ မူလအတိုင်းရှိစေချင်ပါတယ်၊ အစိုးရကို ကျွန်တော်တို့ ဆန့်ကျင်နေခြင်းမဟုတ်ဘူး၊ ကျွန်တော်တို့ သာသနာတော်နဲ့ အထင်ကရ စေတီတစ်ဆူဖြစ်တဲ့ လယ်တီဆရာတော် ဘုရားကြီးရဲ့ သိမ်ကျောင်းနဲ့ အဆောက်အအုံကိုသာ အစီရင်ခံစာပါအတိုင်းလေးဖြစ်စေချင်တဲ့အတွက် ဒီနေ့ ပွဲလေးကို ကျွန်တော်တို့ အပါအဝင် ဒေသခံတွေ ဆရာတော်ဘုရားတွေနဲ့အတူ ကျွန်တော်တို့ လုပ်ဆောင်ခြင်းဖြစ်ပါတယ်"

လက်ပံတောင်းတောင်ကြေးနီစီမံကိန်း လုံးဝရပ်ဆိုင်းရေးအတွက် ဆန္ဒပြခဲ့ကြတဲ့ ရဟန်းသံဃာတွေ ပြည်သူတွေကို အာဏာပိုင်တွေက အင်အားသုံးဖြိုခွဲခဲ့တဲ့ ၁၀ လပြည့် အထိမ်းအမှတ်နဲ့ ဒီဆန္ဒပြပွဲကို ကျင်းပတာဖြစ်တယ်လို့လည်း သိရပါတယ်။

RFA Burmese

လက်ပံတောင်းအရေး ဆန္ဒပြသူများ ရဲတပ်ဖွဲ့နှင့် ရုန်းရင်းဆန်ခတ်ဖြစ်



လက်ပံတောင်းအရေး လှုပ်ရှားသူ သံဃာတော်တွေနဲ့ ဒေသခံတွေ စုစုပေါင်း ၅၀ လောက်ဟာ မန္တလေးတိုင်း အမရပူရမြို့အဝင်ကနေ လက်ပံတောင်းတောင်ခြေ လယ်တီဆရာတော်ဘုရားကြီးရဲ့ သိမ်တော်အထိ ဒီကနေ့ လမ်းလျှောက်ဆန္ဒပြခဲ့ကြရာ အာဏာပိုင်တွေက ခွင့်ပြုခြင်းမရှိတဲ့အတွက် ရဲတပ်ဖွဲ့ဝင်တွေနဲ့ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ပါတယ်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဧရိယာအတွင်းက လယ်တီဆရာတော် ဘုရားကြီးရဲ့သိမ်တော်နဲ့ သာသနိက အဆောက်အအုံတွေကို မူလအတိုင်းထားပေးဖို့ သူတို့တွေက တောင်းဆိုကြတာ ဖြစ်ပါတယ်။

ဆန္ဒပြချီတက်ရတာနဲ့ပတ်သက်ပြီး လက်ပံတောင်းအရေး လှုပ်ရှားသူတစ်ဦးဖြစ်တဲ့ ကိုစည်သူက အခုလို ပြောပါတယ်။

" သိမ်ကိုတော့ ကျွန်တော်တို့ မူလအတိုင်းရှိစေချင်ပါတယ်၊ အစိုးရကို ကျွန်တော်တို့ ဆန့်ကျင်နေခြင်းမဟုတ်ဘူး၊ ကျွန်တော်တို့ သာသနာတော်နဲ့ အထင်ကရ စေတီတစ်ဆူဖြစ်တဲ့ လယ်တီဆရာတော် ဘုရားကြီးရဲ့ သိမ်ကျောင်းနဲ့ အဆောက်အအုံကိုသာ အစီရင်ခံစာပါအတိုင်းလေးဖြစ်စေချင်တဲ့အတွက် ဒီနေ့ ပွဲလေးကို ကျွန်တော်တို့ အပါအဝင် ဒေသခံတွေ ဆရာတော်ဘုရားတွေနဲ့အတူ ကျွန်တော်တို့ လုပ်ဆောင်ခြင်းဖြစ်ပါတယ်"

လက်ပံတောင်းတောင်ကြေးနီစီမံကိန်း လုံးဝရပ်ဆိုင်းရေးအတွက် ဆန္ဒပြခဲ့ကြတဲ့ ရဟန်းသံဃာတွေ ပြည်သူတွေကို အာဏာပိုင်တွေက အင်အားသုံးဖြိုခွဲခဲ့တဲ့ ၁၀ လပြည့် အထိမ်းအမှတ်နဲ့ ဒီဆန္ဒပြပွဲကို ကျင်းပတာဖြစ်တယ်လို့လည်း သိရပါတယ်။

RFA Burmese

Cervical Spondylosis လည်ပင်း ကျီးပေါင်းတက်နေပါတယ်



Fri, Sep 27, 2013 at 4:30 PM
Q 1: အခု မျက်နှာတွေထုံကျင်ပြီး ဦးခေါင်းထုံကျင် နေတယ်။လေးလံတယ်။ လည်ကျပ် နောက်ဦးခေါင်းကျပ်နေတယ်။ အရိုးကြီးပေါင်းတက်တယ်လို့ ပြောတယ်။ အရိုးကျီးပေါင်းရောဂါ နှုင့် လည်ချောင်းရောဂါ လက္ခဏာ ပြောပြပါလား

20 Jul 10, 08:29
Q 2: အရိုးကျီးပေါင်း ကို ဘယ်လိုကုသရပါမလဲခင်ဗျာ။

December 21, 2010 1:29 PM
Q 3: ဆရာရှင့် လည်ပင်းကျီးပေါင်းတက်နေပါတယ်။ လွန်ခဲ့တဲ့ ၅ နှစ်က စဖြစ်ပါတယ်။ ဆရာရဲ့  ကျီးပေါင်းအကြောင်း လည်း ဖတ်ပြီးပါပြီ။ ဒါပေမဲ့ ဘာလုပ်ရမလဲဆိုတာ ပြောပြပေးပါဦး။ စိတ်ထင်တော့ ဆေးသောက်လို့ သက်သာတယ်လို့ဘဲ ထင်နေတယ်။ ခုဆေးမပေးတော့ဘူး။ အဲဒါ ဘာဆေးသောက်ရင် ကောင်းမလဲ သိချင်ပါတယ်။ ပထမ ဖြစ်တုန်းကလို လေဆာနဲ့လဲ ပြန်ကုချင်နေလို့  မြန်မာပြည်လည်း ပြန်ချင်နေပါတယ်။

အရိုးကျီးပေါင်းတက်ခြင်း Spondylosis ဆိုတာ အရိုး-အဆစ်တွေ အနိစ္စဖြစ်စဉ်သဘော ပြောင်းလဲ-ပျက်ယွင်း လာတာမျိုးပါ။ ဖြစ်တာကတော့ အဆစ်ပေမဲ့ သူ့အနားက အာရုံကြောတွေကို ဖိမိရင် ပိုပြီး ဒုက္ခပေးတယ်။ အာရုံကြော ဆိုတာက နာတာကို သိတာနဲ့ လှုတ်ရှားမှု ဆောင်ရွက်တာဆိုပြီး အနည်းဆုံး ၂ မျိုးရှိတာမို့ ဒဏ်ခံရတဲ့ အာရုံကြော အမျိုးအစားလိုက်ပြီး၊ ရောဂါလက္ခဏာတွေ ဖြစ်လာစေတယ်။ နာတာ-ကျင်တာ၊ ကောင်းကောင်း မလှုတ်ရှားနိုင်တာ မျိုးတွေပါ။ ညအိပ်တုံး ခေါင်းအုံး အနေအထား မမှန်လို့၊ ဖြစ်တာကလည်း ဒါမျိုးအသေးစားဘဲ။ “အုံးလွဲတယ်” ခေါ်တာ မျိုးပေါ့။ ဖြစ်ရတဲ့အကြောင်း သိပ်တိတိကျကျ မသိရင် သီအိုရီတွေ များနေတတ်တာတွေထဲ ဒီရောဂါလည်း ပါတယ်။

ကျောရိုးလို့သာ အလွယ်ပြောတာ ကျောရိုးက အရိုးတွေအများကြီး ထပ်နေတာ၊ ကြားနေရာတွေက အဆစ်တွေဖြစ်တယ်။ လည်ပင်း၊ ရင်ခေါင်း၊ ခါး၊ တင်ပါး၊ အမြီးပိုင်းတွေဆိုပြီး နေရာအလိုက် ခေါ်ရတယ်။ စုစုပေါင်း (၇ + ၁၂ + ၅ + ၅ + ၄) = ၃၃ ရိုးရှိတယ်။ ခန္ဓာဗေဒ ရေးပြနေတာတော့ မဟုတ်ပါ။ အရိုးကျီးပေါင်းတက်တာက ဒီနေရာတွေမှာ အဖြစ်များလို့။ အရိုးတခုနဲ့ တခုကြား နေရာကနေ အာရုံကြောတွေက ဘယ်-ညာ ဖြာထွက်တယ်။ အရိုး-အဆစ် မကောင်းရင် အဲဒီ အာရုံကြောတွေကို သွားဖိမိတာနဲ့ လက္ခဏာတွေ ရစေတော့တယ်။ လည်ပင်းနာ၊ ဂုတ်ပိုးနာ၊ ခေါင်းမူး၊ ခေါင်းကိုက်၊ လည်ပင်း တင်းတောင့်၊ လက်တလျှောက် အပ်နဲ့ထိုးခံရသလိုခံစား၊ ထုံကျင်၊ လက်ကောင်းကောင်း မလှုပ်နိုင်၊ လက်ဖျားတွေ ထုံကျင်၊ အနေအထိုင်-အလုပ်အကိုင်ခက်၊ အားယုတ်၊ အအိပ်ပျက်။

ဒီလက္ခဏာတွေက Spondylosis ကြောင့်အပြင် Herniated inter-vertebral disks အဆစ်ကြားအရွတ် ကြွံထွက်တာနဲ့ Fibro-myalgia and myo-fascial pain syndromes အရွတ်-ကြွက်သားရောဂါမျိုးတွေကြောင့်ပါ ဖြစ်တတ်တယ်။ လူတွေ အရွယ်ရလာရင် သု့အလိုလို အဆစ်မြဲစေအောင် ကြိုးစားတဲ့အနေနဲ့ အရိုးမျက်နှာပြင် ကျယ်လာတယ်။ ဒီလိုလုပ်လို့ ဒီအခြေအနေမျိုး ဖြစ်လာစေတတ်သေးတယ်။ အရွယ်ရရင် ဘာမှမကောင်းဘူး မဟုတ်လား။

လည်ပင်းပိုင်းဖြစ်ရင် Cervical spondylosis ခေါ်တယ်။ ခါးဖြစ်ရင် Lower back spondylosis ခေါ်တယ်။ လည်ပင်းမှာ ဖြစ်တာ အမျိုးသမီးတွေမှာ ပိုများတယ်။ သမင်လည်ပြန် သိပ်မကြည့်ကြနဲ့။ လည်ပင်းမှာ ဖြစ်သူတွေဆိုရင် တက်တဲ့ ကျီးပေါင်းက အာရုံကြောကို တိုက်ရိုက် ဖိတာကြောင့် အောက်ပိုင်းတခုလုံး အားနည်းတာ၊ လမ်းသွားလာ ပုံမမှန်တာ၊ ကိုယ်ကို ဘယ်-ညာ ကောင်းကောင်း မထိန်းနိုင်တာ၊ ဆီး-ဝမ်းသွားရာ မမှန်တာတွေပါ ဖြစ်စေတယ်။ ဒါ့ပြင် ခြေတွေ လက်တွေမှာ အာရုံကြောနဲ့ သွေးလျှောက်တာ ထိခိုက်လို့ (ရှော့ခ်) လို့ခေါ်နိုင်တဲ့ (Paresthesia) ဖြစ်စေတတ်သေးတယ်။ သေခြာအောင် X-rays နဲ့ MRI လုပ်ရတယ်။

အနေအထိုင်၊ အသွားအလာ၊ စတာတွေကြောင့် ဖြစ်ရတာမို့ Lifestyle ရောဂါလို့ ဆိုရမယ်။ ဒါ့ကြောင့် ဖြစ်သူတွေ Lifestyle ပြောင်းဘို့ လိုလာတယ်။ လုပ်နေရတဲ့ အလုပ်ကနေ ပြောင်းသင့် ပြောင်းရမယ်။ ဘေးကနေ လုပ်ပေး နိုင်တာတွေက Physiotherapy ကုတာနဲ့ (NSAIDs) အနာ သက်သာဆေးတွေ ပေးတာဖြစ်တယ်။ လိုအပ်လာရင် Surgery ခွဲစိတ်ရတယ်။

Alternative therapies တခြားနည်းလမ်းတွေလည်း ရှိပါတယ်။ Osteopathic manipulative medicine (OMM), massage, trigger-point therapy, chiropractic, osteopathic care and acupuncture ဆိုတာတွေ ပါတယ်။

အာယုဗေဒနည်းမှာ Mahanarayan taila ကအကောင်းဆုံးလို့ ဆိုတယ်။ တနေ့ ၂-၃ ကြိမ်နှိပ်ပေးရတယ်။ ဆောင်းတွင်း ဆိုရင် ဆေးအဆီကို နဲနဲအပူပေးပြီးမှ သုံးရတယ်။ Guggulu ဆိုတဲ့ဆေးလည်း ကောင်းတယ်ပြောတယ်။ Simhanada guggulu ဆေးပြာကို တခါသောက် ၂-၄ ပြား၊ တနေ့ ၄ ကြိမ်ပေးတယ်။ ရေနွေး ဒါမှမဟုတ် နွားနို့ပူပူနဲ့ သောက်ခိုင်းတယ်။ ဒီဆေးက ဝမ်းနုတ်တဲ့ သဘောလည်းပါတယ်။ ဝမ်းမချုပ်စေရဘူးလို့ ဆိုတယ်။ ၄ ပြားနဲ့ မရရင် ၆ ပြား ပေးတယ်။ Triphala powder ဆေးမှုံ့ ကိုလည်းသုံးတယ်။ နွားနို့ပူပူထဲ ဆေး လက်ဘက်ရည် ၁ ဇွန်းနဲ့ သကြားထည့် သောက်စေတယ်။ တပါတ် ၂ ခါကနေ တနေ့ တခါပေးတယ်။

နာတဲ့နေရာကို အပူကပ်တာ အကျိုးရှိတယ်။ သတိထားဘို့က ဖြစ်နေတဲ့ရောဂါကြောင့် ထုံနေတဲ့ နေရာလေးတွေ ဖြစ်နေတတ်တယ်။ အဲဒီနေရာကို အပူကပ်ရင် မလွန်စေနဲ့။ လူနာက ပူတာမသိဘူး။ တနေ့ကို နာရီဝက် လုပ်ရတယ်။ နာတဲ့နေရာတွေကို နှိပ်တာမှာ အတင်းမလုပ်ရပါ။ ပိုဆိုးစေတတ်တယ်။ အသာအယာနှိပ်ပါ။ လည်ပင်းဖြစ်တာကို အခံရခက်လို့ ဆိုပြီး ဆေးကုတာကို အတင်း မလုပ်သင့်ဘူး။ ခါးတဲ့ အစားအစာတွေ တည့်တယ်။ အေးတဲ့ ရာသီဥတု၊ အေးတဲ့ရေ ချိုးတာ၊ အပြင်းအထံ လှုတ်ရှားတာ၊ မကောင်းပါ။ လည်ပင်း လေ့ကျင့်ခန်းလုပ်ပါ။ အလုပ်ကို နားလုပ်ပါ။ Neck collar ကော်လာ ကြာကြာတပ်ထားပါ။ အရင်က “ပဒေါင်” အခု “ကယန်း” အမျိုးသမီးတွေ ဒီရောဂါ လုံးဝမဖြစ်ကြဘူး။

• NSAIDs အနာသက်သာဆေး အဆင်ပြေတာကို ဆက်သောက်ပါ။
• ဘိန်းပါတဲ့ အနာသက်သာဆေး၊ Morphine and Morphine-like substances (Oxycodone, Hydrocodone)
• Muscle relaxants ကြွက်သားပြော့ဆေး၊ (Carisoprodol, Cyclobenzaprine, Metaxalone, Methocarbamol)
• Cortisone injections စတီရွိုက်ထိုးဆေး၊
• တခြားဆေးများ၊ Phenytoin (အတက်ကျဆေး)၊ Carbamazepine (အတက်ကျဆေး)၊ Amitriptyline (စိတ်ကျသက်သာဆေး)
• အာယုဗေဒနည်း လက်လှမ်းမီရင် သုံးပါ။ Cervirite, Rhus Tox, Causticum, Calcarea phos, Calcarea flour, Nux, Hypericum
• နာတဲ့နေရာကို အပူကပ်ပါ။ အပူကပ်ရင် မလွန်စေနဲ့။
• အသာအယာ နှိပ်ပါ။
• ခါးတဲ့ အစားအစာတွေ စားပေးပါ။
• လည်ပင်း လေ့ကျင့်ခန်းလုပ်ပါ။
• အလုပ်ကို နားနားနေနေ လုပ်ပါ။
• Neck collar ကော်လာ တပ်ထားပါ။
• Lifestyle ပြောင်းဘို့ လိုနိုင်တယ်။

Dr. တင့်ဆွေ
၂၁-၁၂-၂ဝ၁ဝ
၃ဝ-၉-၂ဝ၁၃

ဗြိတိသျှ ကျောင်းသားလေး သေနတ်တုဖြင့် ဘဏ်ဓားပြတိုက်


"စံပြကျောင်းသား" အဖြစ်ဖော်ပြခံရသော ဗြိတိသျှကျောင်းသားလေး
တစ်ဦးသည် အင်္ဂါနေ့က သေနတ် အတုဖြင့် ဘဏ်တစ်ခုကို ဓားပြတိုက်ခဲ့
သည်ဟုဆိုသည်။

ဥပဒေရေးရာများအရ အမည်မဖော်ပြလိုသော အသက် ၁၅ နှစ်ရှိကျောင်း
သားသည် အင်္ဂလန် အနောက်တောင်ပိုင်းရှိ လီဗာပူးမှ ဘာကလေဘဏ်ခွဲ
တစ်ခုကို ဓားပြတိုက်ခဲ့ကြောင်း၊ ၎င်းသည် သော ကြာနေ့တွင် ပေါင် ၂၀၀၀ (ဒေါ်လာ ၃၂၀၀) နှင့်အတူ ထွက်ပြေးသွားကြောင်း မြို့တော်ကလေးတရား ရုံးက ပြောသည်။

သူ၏မိခင်က အခန်းထဲမှ ငွေထုပ်နှင့် သေနတ်အတုကိုတွေ့ရှိပြီးနောက် ရဲထံအပ်နှံခဲ့သည်။

၎င်း၏သား အနက်ရောက်ဝတ်စုံ၊ ရှပ်အင်္ကျီအဖြူ၊ နက်ခ်တိုင်နှင့် တရားရုံး
ထဲသို့ဝင်သွားသည်ကိုကြည့် ၍ မိခင်ဖြစ်သူမှာ တရားရုံးနောက်ဘက်၌ ငိုကြွေးနေခဲ့သည်။ အပြစ်ကိုလည်း အသနားခံခဲ့သည်ဟု ဆိုသည်။

တရားသူကြီး အီယန်လိုမက်စ်က ဤကလေးသည် ဗီဒီယိုဂိမ်းထဲကအတိုင်း သရုပ်ဆောင်ခဲ့ခြင်းဖြစ် သည်ဟု ဆိုသည်။

အမှုလိုက်အရာရှိ ဒီဘရာချန်ကပြောကြားရာတွင် ဤကလေးသည် ဘဏ်ထဲသို့မျက်နှာကို ပဝါအုပ်၍ ဝင်သွားခဲ့ကြောင်း၊ သူ၏သေနတ်ကို ဆွဲထုတ်လိုက်ကာ ငွေကိုင်များအာ "ဘာမှမလုပ်နဲ့ သေသွားမယ်။ ကျုပ်ကထောင်ငါးနှစ်ကျပြီး ခုလေးတင်လွတ်လာကာစရှိသေးတယ်" ဟု ပြောလိုက်သည်။

ငွေကိုင်များက ငွေထုပ်များကို အိတ်ထဲတွင်ထည့်ကြသည်။ သူက ငွေကို
အမြန်လိုချင်နေသည်။ တခြား သူများက မနာလိုဖြစ်မည်ကို စိုးရိမ်၍ဖြစ်
ကြောင်း အမှုလိုက်ကပြောသည်။

တရားရုံးက ကြားနာရာတွင်ဤကလေးမှာ ကျောင်း၌ "စံပြကျောင်းသား" ဖြစ်
ကြောင်း သူသည်မသင့် လျော်သော အပြုအမူကို မသိဟုဆိုသည်။

လူငယ်အား ဘဏ်ဓားပြတိုက်မှုနှင့် ပြစ်မှုကျူးလွန်ရန်ရည်ရွယ်၍ သေနတ်
အတုကိုင်ဆောင်မှုကြောင့် ကြောက်လန့်စေမှုကို ဖြစ်စေခဲ့မှုတို့ဖြင့် စွဲဆိုခဲ့သည်။ ၎င်းအား ခြွင်းချက်အာမခံဖြင့် လွှတ်ပေးခဲ့သည်။

၎င်းအား လီဗာပူးတရားရုံးက အောက်တိုဘာ ၁၅ ရက်တွင် စီရင်ချက်ချမည်။

Ref:APP
The Yangon Times Daily

Belching လေတက်ခြင်း



သမီးအမျိုးသားက့ မှာပါ ။ အခုသူက ပါးစပ်ကနေလေလည်နေပါတယ်။ အချဉ်ဓာတ်တော့မပါပါဘူး။ ကော်ဖီသောက်တဲ့အခါ ထမင်းစားပြီးတဲ့အခါတွေမှာ ဖြစ်နေပါတယ်။ အရင်ဒီလိုတခါမှမဖြစ်ဘူးပါ။ တလခန့်ရှိပါပြီ။ ဆေးခန်းသွားသော်လည်း အဆင်မပြေပါဘူး။ အခု အင်းဝလေနိုင်ဆေးတော့ သောက်နေပါတယ်။ ဗိုက်အောင့်တာနာတာလည်း မရှိပါဘူး။ ထမင်းစားလည်းပျက်နေပါတယ်။ အခုသမီးက မြန်မာနိုင်ငံမှာပါ။ ဘာဆေး သောက်ခိုင်းလို့ရမလဲဆရာ။ စက်ရုံဆေးခန်းသွားရတာ အဆင်မပြေလို့ပါ။ မြန်မာဆရာဝန်က တပတ်မှ တရက်ပဲထိုင်လို့ပါ။ ပိတ်ရက်မဟုတ်တော့ အခက်အခဲလေးရှိလို့ပါ။ ကူညီပါနော်ဆရာ။

Belching လေတက်တာကို Burping, Ructus, Eructation စသဖြင့် ခေါ်တယ်။ အစာလမ်းကြောင်းထဲက လေတွေ အထက်တက်ပြီး ပါးစပ်ကနေ ထွက်လာတာဖြစ်တယ်။ အများအားဖြင့် အစာမျိုပြွန် နဲ့ အစာအိမ်ထဲက လေတွေ တက်-ထွက်လာတာပါ။ လေတက်ရင်း အသံပါထွက်တယ်။ တခါတလေ အနံ့အသက်လဲပါမယ်။ လူတိုင်းအဲလိုဖြစ်ကြပေမဲ့ လူ့ရှေ့သူ့ရှေ့ လေတက်တာကို မယဉ်ကျေးဘူးလို့ ယူဆကြတယ်။

လေတက်ခြင်းရဲ့ ဇီဝကမ္မဗေဒ
လူတိုင်း အစာဖြစ်ဖြစ် ရောဖြစ်ဖြစ် သောက်စရာတခုခုဖြစ်ဖြစ် မျိုးချခိန်မှာ လေပိုပါ မျိုချတယ်။ မကြာမတင် လေကို ထုတ်ပြစ်တယ်။ ပုံမှန်ဆိုရင် နိုက်ထရိုဂျင် နဲ့ အောက်စီဂျင် တွေပါနေတယ်။ Carbonated drinks ကာဗွန်ပါနေတဲ့ သောက်စရာမျိုးသောက်ရင် ချက်ချင်းလေတက်မယ်။ ဥပမာ ဘီယာ၊ ရှိန်ပိန်၊ အချိုရည်။ ဒါမျိုးထဲမှာတော့ Carbon dioxide ကာဗွန်ဒိုင်အောက်ဆိုက် ပါနေတယ်။ Metformin နဲ့ Byetta လို ဆီးချိုဆေးတွေကလဲ လေပိုတက်စေတယ်။

လေတက်တာနဲ့အတူ အစာမကျေတာ၊ ပျို့ချင်တာ၊ ရင်ခေါင်းနေရာ နာတာတွေပါ တွဲဖြစ်နေရင် အနာ၊ ဒါမှမဟုတ် Hiatal hernia အစာမျိုပြွန် အထက်ကျွံတာ ဖြစ်မလား ဆေးစစ်ရမယ်။

လေတက်ရင် အသံထွက်တာဟာ အစာမျိုပြွန် အထက်ဖျားက အထိန်းဝိုင်း တုန်ခါလို့ ဖြစ်တယ်။ ကလေးငယ်လေးတွေ လေတက်တာ မဆန်းပါ။ နို့စို့ရင်း လေပါမျိုးလို့၊ လေတက်မယ်။ မတက်နိုင်ရင် အနေရခက်ပြီး ငိုမယ်။ အန်မယ်။ နို့တိုက်ပြီးတိုင်း လေထုတ်ရမယ်။ ကလေးကို ပခုံးပေါ်မှာ မသာတင်၊ သူ့ဗိုက်ကို ပွေ့တဲ့ရဲ့ ရင်ပတ်နဲ့ ကပ်ထား၊ ကျောကလေးကို အသာပွတ်-ပုတ်ပေးရတယ်။ လေထွက်ရင် အမေကပြုံးလိမ့်မယ်။ အမေလေတက်လို့ Excuse me! မပြောရင် ရိုင်းရာကျတယ်။ ခွေးတွေ၊ ကြောင်တွေလဲ လေတက်တာဘဲ။

အစာစားတာ မြန်ရင်လဲ လေတက်တယ်။ စားရင်း စကားများများ ပြောရင်လဲ တက်မယ်။ Chew gum ဝါးလို့လဲ တက်မယ်။ ဖျော်ရည်ကို ပိုက်နဲ့ စုပ်သောက်တာလဲ လေပိုဝင်စေနိုင်တယ်။

Acid reflux အက်စစ်ဓါတ် အထက်ဆန်တာကတော့ အစာမျိုပြွန် အောက်ဖျားက အထိန်းဝိုင်း သိပ်မကောင်းလို့ ဖြစ်တယ်။ သူကောင်းနေမှ အစာအိမ်ထဲရောက်သွားပြီဖြစ်တဲ့ အစားအစာနဲ့ ရေ-အရည်တွေကိုရော၊ အစာကျေချက်ဘို့ ထွက်လာတဲ့ အက်စစ်ဓါတ်တွေကို အစာအိမ်ကနေ အထက်တက်မလာစေအောင် ထိန်းပေးနိုင်တယ်။ ဒီလိုဖြစ်သူတွေမှာ ရင်ပတ်ရိုး အောက်မှာ ပူလောင်နေတာမျိုးထံစားရမယ်။ ဗိုက်လဲ အောင့်မယ်။ ပျို့ချင်မယ်။ လေတက်တာ သိပ်များလိမ့်မယ်။

အလွန်အကျွံ လေတက်ရင် Acid Reflux (GERD), Barretts Esophagus, Colitis, Colon/Bowel Disorders, Crohn's Disease နဲ့ Diverticulitis/Diverticulosis ရောဂါတွေကို စစ်ဆေးရမယ်။

GERD ဆိုတဲ့ အစာချေအရည် အထက်ဆန်တဲ့ရောဂါဖြစ်သူတွေကို အိပ်ရင် ဘယ်ဘက်ကို စောင်းအိပ်စေတယ်။ ခေါင်းရင်းပိုင်း မြှင့်ထားရတယ်။ အစာကို နဲနဲချင်း အကြိမ်များများခွဲစားစေရတယ်။ ကိုယ်အလေးချိန်ဝနေရင် ချစေရတယ်။
အက်စစ်ဓါတ်များတဲ့အစာတွေ ရှောင်စေတယ်။ အဆီများတာ၊ ကြက်သံန်နီ၊ ချောကလက်၊ ကော်ဖီ၊ လဘက်ရည်တွေကိုလဲ ရှောင်စေတယ်။

GERD အတွက် ဆေးအဖြစ် Antacids ဆေးကိုတော့ လူတိုင်းလိုလိုက သုံးကြတယ်။ နောက်ပြီး Omeprazole, Esomeprazole, Pantoprazole, Lansoprazole နဲ့ Rabeprazole တွေပေးတယ်။ နောက်အမျိုးအစားဆေးကတော့ Ranitidine, Famotidine နဲ့ Cimetidine တွေဖြစ်တယ်။

- Cabbage မုံလာထုပ်၊ Legumes ပဲတောင့်ရှည်၊ Beans ပဲသီး၊ Brussels and sprouts မုံလာ အမျိုးမျိုး၊ Milk နို့တွေကို ရှောင်ထားသင့်တယ်။ လက်ဖက်ရည်၊ ကော်ဖီသောက်တာလဲ မများသင့်ဘူး။
- Yoghurt ဒိန်ချဉ်ကိုလဲ ထမင်းစားပြီးစားသုံးသင့်တယ်။
- ချင်း (ဂျင်း) ကလဲ သက်သောစေတယ်။
- တချို့က ချင်းပြုတ်ရည် တဇွန်း နဲ့ သုံပုရာ-ရှောက်ရည် တဇွန်းကို ထမင်းစားပြီးတိုင်း သောက်ဘို့ ဆေးနည်းပေးတယ်။
- နောက်တနည်းက (သံပုရာရည် တဇွန်း + ဆိုဒါ ဇွန်းတဝက် + ရေအေး တဖန်ခွက်) သောက်ခိုင်းတယ်။
- အစာစားတာကို တနေ့ ၄-၆ ခါ နဲနဲချင်း ခွဲစားပါ။
- စားရင်း-ဝါးရင်း ပါးစပ်ပိတ်ထားပါ။ အစာစားတာ ဖြေးဖြေးစားပါ။
- စိတ်ပူစရာ၊ စိတ်ရှုတ်စရာတွေ ပြေအောင်ကြိုးစားပါ။
- အသက် ဖြေးဖြေးရှူပါ။
- စားပြီးပြီးချင်း လှဲမအိပ်ပါနဲ့။

Gastroesophageal reflux disease (GERD) အချဉ်ရည် အထက်ဆန်ခြင်း ကိုလဲ ဖတ်နိုင်ပါတယ်။

Dr. တင့်ဆွေ
၂-၁၁-၂ဝ၁၁
၃ဝ-၉-၂ဝ၁၃

မီးလောင်, အပူလောင်, ဆီပူလောင်သူများ အပူလောင်အမာရွတ် မကျန်အောင် ပျောက်ကင်းနိုင်သော ကွမ်းသီး


မီးလောင်, အပူလောင်, ဆီပူလောင်သူများအား ကြုံတွေ့ခဲ့ရပါက ခရုသင်းကဲ့သို့ အဖြူကွက်နှင့် အပူလောင်အမာရွတ် ကျန်မနေရစ်ဘဲ နဂိုအသားအရေရောင်ကဲ့သို့ ပြန်လည်ဖြစ်စေရန်(အနာသက်သာ ပျောက်ကင်းစမှစ၍)ကွမ်းသီးအား ကျောက်ပျဉ်တွင် သွေး၍ရရှိသောကွမ်းသီးအရည်အား နေ့စဉ် မကြာခဏ အနည်းဆုံး တနေ့(၃)ကြိမ်ထက်မနည်း လိမ်းပေးစေခြင်းဖြင့်မူလအသားအရေအရောက်ကဲ့သို့ပင် ပြန်ဖြစ်ကြောင်း ရေးသားဖော်ပြလိုက်ရပါသည်။

( ခင်မောင်လေး-ဖန်ခါးမြေ )

ကမ္ဘာ့နိုင်ငံအသီးသီးက ထူးဆန်းအံ့သြဖွယ်ဥပဒေ ၂၅ဝချက်အကြောင်း


အင်္ဂလန်စာရေးဆရာ Richard Happer က ကမ္ဘာ့နိုင်ငံအသီးသီးက ထူးဆန်းအံ့သြဖွယ်ဥပဒေ ၂၅ဝချက်အကြောင်းကို
"The law is an ass"ဆိုပြီး စာအုပ်ရေးသားထုတ်ဝေခဲ့တယ်။ ဥပဒေတချို့ကို အကြမ်းဖျင်း ဘာသာပြန်မျှဝေလိုက်ပါတယ်။

ထိုင်းနိုင်ငံ
ထိုင်းနိုင်ငံမှာ အတွင်းခံဘောင်းဘီတိုမဝတ်ဘဲ အိမ်ပြင်မထွက်ရတဲ့ ဥပဒေရှိတယ်။ အတွင်းခံဘောင်းဘီမဝတ်ဘဲ အပြင်ထွက်ရင် ဥပဒေကိုကျူးလွန်ရာရောက်ပါတယ်။ ရှပ်အင်္ကျီမဝတ်ဘဲ ကားမမောင်းရပါတဲ့။

စင်ကာပူ
စင်ကာပူနိုင်ငံမှာ ပီကေမဝါးရ ဥပဒေရှိပါတယ်။ ၁၉၉၂ခုနှစ်ကစပြီး စင်ကာပူနိုင်ငံမှာ ပီကေထုတ်လုပ်တာ၊ တင်သွင်းတာ၊ ရောင်းဝယ်တာ၊ စားတာတွေ မလုပ်ရ တားမြစ်ထားပါတယ်။ ၂ဝဝ၄ခုနှစ်ရောက်မှ ဆေးဆိုင်တစ်ချို့မှာ ဆေးပီကေတွေကိုရောင်းခွင့်ပေးပါတယ်။ ဆေးပီကေကိုဝယ်ရင်လည်း ကိုယ်ရေးကိုယ်တာအချက်အလက်တွေ ဖြည့်ရပါတယ်တဲ့။

ဘရုနိုင်း
ဘရုနိုင်းနိုင်ငံမှာ အများပြည်သူသုံးနေရာတွေမှာ ဒူးရင်းသီးမစားရတဲ့ဥပဒေ ထုတ်ထားပါတယ်။ ဘတ်စ်ကား၊ မြေအောက်ရထား၊ ဟိုတယ်၊ လေယာဉ်ကွင်းတွေမှာ ဒူးရင်းသီးမစားရပါဘူးတဲ့။

ဂျပန်
ဂျပန်နိုင်ငံမှာ လူတွေကို ဝခွင့်မပေးတဲ့ဥပဒေ ရှိပါတယ်။ ဂျပန်ဟာ ကမ္ဘာပေါ်မှာ ဝသူဦးရေနှုန်း နည်းပါးတဲ့နိုင်ငံဖြစ်တယ်။ (၅%သာရှိပါတယ်။ အမေရိကားမှာ ၃၅%ရှိပါတယ်) ဂျပန်ဥပဒေဟာ ၂ဝဝ၉ခုနှစ်မှာ ခါးအတိုင်းအတာအကြီးဆုံးကို သတ်မှတ်ခဲ့သေးတယ်။ အသက် ၄ဝနှစ် သို့မဟုတ် ၄ဝနှစ်အထက်အမျိုးသားတွေရဲ့ ခါးပတ်အကျယ်ဟာ ၈ဝ cmထက်မကျော်ရ၊ အဲဒီအသက်အရွယ် အမျိုးသမီးတွေရဲ့ခါးပတ်အကျယ်ဟာ ၉ဝcmထက် မကျော်ရလို့ သတ်မှတ်ထားပါတယ်တဲ့။

ဆွစ်စလန်
ဆွစ်စလန်နိုင်ငံမှာ ည ၁ဝနာရီကျော်ရင် အိမ်သာရေမလောင်းရ ဥပဒေရှိပါတယ်။ အနံ့နံခြင်းက ဆူညံခြင်းထက် ပတ်ဝန်းကျင်ကို ပိုသက်ရောက်စေလို့ပါတဲ့။ ဒါကြောင့် ည၁ဝနာရီကျော်မှာ အိမ်သာရေလောင်းတာဟာ ဥပဒေကိုချိုးဖောက်တာပဲဖြစ်ပါတယ်။

အရက်မသောက်ရဥပဒေ
အမေရိကန်နိုင်ငံ St. Louisမြို့မှာ လမ်းပေါ်မှာထိုင်နေတုန်း ဘီယာမသောက်ရ တားမြစ်ထားပါတယ်။
Chicagoမြို့မှာ မြို့ရဲ့ဘယ်ထောင့်တစ်နေရာမှာပဲဖြစ်ဖြစ် သင်ရပ်ပြီး အရက်သောက်ရင် သင့်ကိုဖမ်းဆီးခွင့်ရှိပါတယ်။
Kansasပြည်နယ် Topekaမြို့မှာ ရေနွေးကြမ်းခွက်နဲ့ အရက်ထည့်မသောက်ရ တားမြစ်ထားပါတယ်။
Clevelandမြို့မှာ ဝီစကီပုလင်းလိုက်မော့ခွင့် တားမြစ်ထားပါတယ်။
ကနေဒါရဲ့ Saskatchewanမြို့နယ်မှာ အရက်ဘားမှာ ရေမသောက်ရတားမြစ်ထားပါတယ်တဲ့။


ကျန်တချို့နိုင်ငံရဲ့ဥပဒေကို ဒီမှာသွားကြည့်နိုင်ပါတယ်.. http://www.ltaaa.com/wtfy/6394.html
.
နိုင်းနိုင်းစနေ

ကော်ဖီရောင် ချင်းတွင်းမြစ်နှင့် ခပ်စိပ်စိပ်ကြုံလာရသော ပတ်ဝန်းကျင်ပြဿနာများ


တနိုင်းခ၊ တဝှမ်းခ မြစ်နှစ်စင်းမှ မြစ်ဖျားခံ စီးဆင်းလာသည့် ချင်းတွင်းမြစ်ရေ၏ အရောင်သည် ၁၂ ရာသီလုံး ကော်ဖီရောင် ဖြစ်နေလေပြီ။ လွန်ခဲ့သောနှစ်ပေါင်း ၂၀ ခန့် ဆောင်းတွင်းကာလ များတွင် ကြည်လင်ပြာလဲ့သည့် ရေအရောင်ကို ယခုချိန်တွင် ပြန်လည်တမ်းတ၍ မရတော့ဟု အသက် ၈၀ ဝန်းကျင် မုံရွာမြို့ခံလူကြီးတစ်ဦးက တမ်းတမ်းတတ ပြောဆိုသည်။

ဆယ်စုနှစ်နှစ်စုကြာ ဖြတ်သန်းခဲ့ပြီးနောက် ချင်းတွင်းမြစ်ရေလည်း နောက်ကျိ ခဲ့ရလေပြီ။ ပစ္စည်းများပျက်လျှင် ပြင်၍ ရနိုင်ငြားသော်လည်း ပတ်ဝန်းကျင် ယိုယွင်းပျက်စီးမှု၏ နောက်ဆက်တွဲ ဆိုးကျိုးများတွင် တစ်ခုအပါအဝင် အဖြစ် ပြောနိုင်သော မြစ်ရေ အရောင်ပြောင်းလဲမှုမှာ တစ်နှစ် ထက်တစ်နှစ် ပိုမိုသိသာ ဆိုးရွားလာသည်။

"ချင်းတွင်းမြစ်က ရေနဲ့ လွန်ခဲ့တဲ့ ဆယ်စုနှစ် တစ်စုအချိန်က လက်ဖက်ရည်ကြမ်း သောက်ရတဲ့အရသာက တော်တော် ကောင်းခဲ့တယ်" ဟု မြစ်ရေ ကြည်လင်ခဲ့စဉ် က မြစ်ရေနှင့် လက်ဖက်ရည်ကြမ်း သောက်ခဲ့ရပုံကို အသက် ၈၀ ဝန်းကျင် မုံရွာမြို့ခံ ရှေ့မီနောက်မီ လူကြီးတစ်ဦးက ပြောကြားသည်။

ချင်းတွင်းမြစ်သည် လွန်ခဲ့သည့် ဆယ်နှစ်ကျော်ကာလ အချိန်တွင် မိုးတွင်း ရေကြီးချိန်တွင်သာ မြစ်ရေနောက်ကျိမှု ရှိပြီး တော်သလင်းလနှင့် သီတင်းကျွတ်လ တို့တွင်မြစ်ရေမှာ တည်ငြိမ်ကာ ဆောင်းကာလများတွင် ကြည်လင်ပြီး ပြာနေကြောင်း၊ လက်ရှိတွင် မြစ်ရေမှာ အချိန်ပြည့် နောက်နေပြီဖြစ်ကြောင်း ၄င်းက ဆက်လက်ပြောကြားသည်။

ချင်းတွင်းမြစ်ရေများ နောက်ကျိလာမှုမှာ မြစ်အထက်ပိုင်းတွင် သစ်ပင်သစ်တောများ ပြုန်းတီးလာမှုကြောင့် မြေဆီလွှာမှ အနည်အနှစ်များ မြစ်အတွင်းသို့ စီးဝင်မှု များပြားလာခြင်းကြောင့် ဖြစ်ပြီး၊ ယင်းကြောင့် မြစ်ရေမှာ ကော်ဖီရောင်ကဲ့သို့ အညိုရောင်ရှိသော အရောင်သို့ ဖြစ်လာရခြင်းဖြစ်ကြောင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်တစ်ဦးက သုံးသပ်သည်။ မြစ်ရေများ နောက်ကျိမှုများပြားလာ သကဲ့သို့ မုံရွာမြို့၏ ကမ်းနားမှ အမှိုက်ပုံများ မှာလည်း တစ်နှစ်ထက်တစ်နှစ် များပြားလာလျက်ရှိသည်။ အိမ်တွင်းမီးဖိုချောင်ထွက် အမှိုက်များကို ကမ်းနားနှင့်နီးသူများက လွယ်လင့်တကူ ပစ်နိုင်သော ကမ်းနားတွင် ပစ်လာမှုများသည်လည်း တစ်စတစ်စ များပြားရှိလာသည်။

ချင်းတွင်းမြစ်ရေကျချိန် ကမ်းနားတာရိုး၏ အမြင့်နှင့် အမှိုက်ပုံ၏အမြင့်တို့မှာ ယှဉ်ပြိုင်လျက်ရှိသည်။ ရေကြီးချိန်တွင် ယင်းအမှိုက်များမှာ မြစ်ရေစီးနှင့်အတူ ပါဝင်သွားလေ့ရှိပြီး ယင်းအမှိုက်များထဲတွင် နစ်ပေါင်းများစွာကြာမှ ပျက်စီးနိုင်သော ကြွပ်ကြွပ်အိတ် များလည်း ပါဝင်ပေသည်။
"ကြွပ်ကြွပ်အိတ်တွေ မြစ်ထဲမှာ ရှိနေတာက ရေသတ္တဝါတွေရဲ့ အသက်အန္တရာယ် ကို ခြိမ်းခြောက်ခံရတာပဲ။ အစာအမှတ်နဲ့ စားသုံးပြီး ရေသတ္တဝါတွေ သေကျေ ပျက်စီးမှုတွေ ဖြစ်နိုင်တယ်" ဟု သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်တစ်ဦးက သုံးသပ်သည်။

ယခင်က ချင်းတွင်းမြစ်တွင်းတွင် တံငါလှေများဖြင့် ငါးဖမ်းနေကြသည့် မြင်ကွင်းများမှာ မြစ်ကမ်းဘေးမှကြည့်လျှင် နေ့စဉ် မြင်တွေ့နေကျ ဖြစ်ပြီး ယခုအချိန်တွင် ငါးဖမ်းသည့် တံငါလှေများကို မုံရွာမှ ဟုမ္မလင်းသို့ ရေလမ်းမှ ခရီးသွားခဲ့သည့် တစ်လျှောက် မမြင်ရသလောက် နည်းသွား ပြီဖြစ်ကြောင်း မကြာသေးခင်အချိန်က ဟုမ္မလင်းသို့ ခရီးရှည်သွားခဲ့သည့် မုံရွာမြို့ခံ စာရေးဆရာ ကဗျာဆရာကြီး ဦးအံ့မောင်က ဆိုသည်။

မြစ်အတွင်းမြစ်ရေ နောက်ကျိလာမှု နှင့် မြစ်ရေအတွင်း အမှိုက်သရိုက်များ များပြားစွာ ပျော်ဝင်လာမှု၏ နောက်ဆက်တွဲ ပြဿနာများအဖြစ် ဆယ်စုနှစ်နှစ်စုအတွင်း တဖြည်းဖြည်းဖြင့် မြစ်ငါး ရှားပါးလာခြင်းနှင့် ငါးဖမ်းသူ နည်းပါးသွားခြင်းတို့က သက်သေ ထူနေသည်။ အလားတူ မုံရွာမြို့ ပေါ်တွင်လည်း ဆယ်စုနှစ် နှစ်စုခန့်အတွင်း ပြောင်းလဲမှုများစွာ ဖြစ်ခဲ့ပြီဖြစ်သည်။

မုံရွာမြို့တွင် အင်းလေးအင်း၊ ကုန်းလေးကုန်း၊ ကျစ်လေးကျစ်၊ ခြင်္သေ့လေးကောင်၊ ထန်းလေးပင် စသည့် ဆိုရိုးစကားများ ရှိခဲ့သော်လည်း အင်းလေးအင်းမှာ လက်ရှိတွင် နှစ်အင်းသာ မြို့ပေါ်တွင် ကျန်ရှိတော့သည်။ ယခင်က ကွေ့ကြီးအင်း၊ ပေကုန်းအင်း၊ အင်းဇောင်းကြီး၊ ထန်းတော အင်းဟူ၍ ရှိခဲ့ရာမှ ယခုအခါ ပေကုန်းအင်းနှင့် အင်းဇောင်းကြီးတို့မှာ လူနေ ရပ်ကွက်များ အဖြစ် တည်ရှိနေခဲ့ပြီ ဖြစ်သည်။
"ဟိုးအရင်က အင်းကြီးတွေထဲမှာ ရေတွေဝင်တယ်။ ချင်းတွင်းမြစ်ရေကြီးချိန်ဆို အင်းတွေကနေ ရေသွင်းရတယ်။ အင်းဇောင်းကြီးမှာဆို လှေပြိုင်ပွဲတွေ ပြုလုပ်တာတွေ ရှိခဲ့တယ်။ နွေမှာဆိုရင်တော့ အဲဒီအင်းကြီးထဲမှာ ရေမရှိဘူး။ လေတံခွန် လွှတ်လို့ရတယ်" ဟု အသက် ၆၀ အရွယ် မုံရွာမြို့ခံတစ်ဦးက ဆိုသည်။

ဘုရားကြီးရပ်ကွက် အတွင်းရှိ အင်းဇောင်းကြီးရှိခဲ့စဉ် ကာလက မုံရွာမြို့ တစ်မြို့လုံးမှ အသုံးပြုသော သုံးရေများသည် ရေမြောင်းမှတစ်ဆင့် အဆိုပါအင်းကြီးထဲသို့ စီးဝင်ပြီး ယင်းအင်းကြီးထဲတွင် အနည်ထိုင်စေပြီးမှ ချင်းတွင်းမြစ်အတွင်း ရေဆိုးများ ထုတ်လွှတ်ကြောင်း မုံရွာမြို့တွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများ လုပ်ကိုင်နေသူတစ်ဦးက ပြောကြားသည်။ မုံရွာမြို့၏ ရေမြောင်းစနစ်ကို ပြန်လည်သုံးသပ်ရန် လိုလာပြီး ပတ်ဝန်းကျင်ထိခိုက်မှု နည်းပါးစွာဖြင့် မြစ်အတွင်း စနစ်တကျ ပြန်လည်စီးဆင်းနိုင်ရန်မှာ စိန်ခေါ်မှု တစ်ခုအဖြစ် ကြုံတွေ့နေရဆဲ ဖြစ်ကြောင်း မုံရွာမြို့ခံအများစုက သုံးသပ်ကြသည်။

လွန်ခဲ့သောသုံးနှစ်ခန့်က အင်းများအတွင်း မြစ်ရေဝင်ရောက်ခြင်း မရှိခဲ့သည့် အတွက် မြို့ခံများအကြား သဘာဝပတ်ဝန်းကျင် သတိပေးခေါင်းလောင်းသံ မြည်လာခဲ့ပြီး မုံရွာမြို့ဝန်းကျင် ရာသီဥတု ပြောင်းလဲမှုကို သိသာစွာ ခံစားခဲ့ရသည်။ ပြီးခဲ့သည့် ၂၀၁၀ နွေလမျာြး ဖစ်သော မတ်၊ ဧပြီ၊ မေလများတွင် မုံရွာမြို့ရှိ မြေအောက်ရေတွင်းများ ခန်းခြောက်ခဲ့ပြီး မြို့လူထု သောက်ရေသုံးရေ အတွက် ဒုက္ခရောက်ခဲ့ရသည်။

ကမ္ဘာ့ရေထု၏ ၉၇ ဒသမ ၂ ရာခိုင်နှုန်း မှာ ပင်လယ်ဆားငန်ရေများ ဖြစ်သည်။ မြစ်ချောင်းအင်းအိုင်များရှိ ရေပမာဏမှာ ၀ ဒသမ ၀၁ ရာခိုင်နှုန်း၊ ရေခဲအဖြစ် တည်ရှိ နေသောရေက၂ ဒသမ ၁၅ ရာခိုင်နှုန်း၊ မြေအောက်ရေ ပမာဏက ၀ ဒသမ ၆၂ ရာခိုင်နှုန်းသာ ရှိသည်ဟူ၍ ဒေါက်တာ ဇော်မြင့်နီ ရေးသားသည့် သဘာဝပတ်ဝန်းကျင် ချစ်သူများရဲ့ ရင်ထဲမှာ စာအုပ်တွင် ဖော်ပြထားသည်။

"ကိုယ်ပိုင်စက်ရေတွင်းတွေ အလွယ်တကူ တူးပြီး ရေကို ထင်သလို သုံးနေကြတယ်။ အဝတ်ဖွပ်ရင်း၊ ရေချိုးရင်း ရေတွေက ပေါင်းလန်အောင် လျှံကျနေတာ ပိတ်ရကောင်းမှန်း မသိဘူး။ အဲလိုလူတွေက နေရာတိုင်းရှိတယ်။ တကယ်တော့ မြေအောက်ရေ ဆိုတာကလည်း သူ့အကန့်အသတ်နှင့်သူ ရှိတယ်။ စည်းကမ်းမဲ့ ထုတ်သုံးလို့ရတာ မဟုတ်ဘူး။ ဒါကို လူတိုင်းသိဖို့လိုတယ်" ဟု မုံရွာတက္ကသိုလ် ဘူမိဗေဒဌာနမှ တွဲဖက် ပါမောက္ခတစ်ဦးက ဆိုသည်။
ကော်ဖီရောင်ထသော မြစ်ရေ၊ စီးစရာမရှိသော ရေမြောင်းများ၊ ရှားပါးလာသည့် မြစ်ငါးများနည်းတူ မုံရွာမြို့အတွင်း နေ့စဉ် စီးဝင်နေသော ရေများထဲပါလာသော ပျက်စီးရန် မလွယ်သည့် ကြွပ်ကြွပ်အိတ် များ၏ ရန်မှာလည်း စိုးရိမ်စရာပင်ဖြစ်သည်။ ၂၀၁၀ ပြည့်နှစ် ဧပြီလ ၁ ရက်နေ့တွင် မုံရွာမြို့နယ် စည်ပင်သာယာရေးအဖွဲ့က မုံရွာမြို့ အား ကြွပ်ကြွပ်အိတ် ကင်းစင်နယ်မြေ အဖြစ် သတ်မှတ်ခဲ့ပြီး ဗီနိုင်းကြီးများ မြို့အတွင်းတွင် လိုက်လံချိတ်ဆွဲ ခဲ့ကြသည်။ သို့သော် ယနေ့အချိန်အထိ မုံရွာမြို့ ပေါ်တွင် ကြွပ်ကြွပ်အိတ်များ မပျောက်သေး။ ဖောဖောသီသီ သုံးစွဲနေကြဆဲ ဖြစ်သည်။

"အစားထိုးအနေနဲ့ ပလတ်စတစ်အိတ် အသုံးပြုလို့ရတယ် ဆိုပေမယ့် အိတ်ကတ် (အထုပ်လိုက်) ဝယ်ရင် ကြွပ်ကြွပ်အိတ်က ပလတ်စတစ်အိတ်ထက် အလုံးရေပိုတော့ သုံးစွဲသူတွေက ဆိုးကျိုးကို မကြည့်ဘူး။ အရေအတွက်ကိုပဲ ကြည့်ပြီးတော့ သုံးနေတယ်" ဟု မုံရွာမြို့ ချင်းတွင်းရတနာဈေး အတွင်း ဆိုင်တစ်ဆိုင်မှ အမျိုးသားတစ်ဦးက ပြောသည်။

ကြွပ်ကြွပ်အိတ် ရောင်းချသူနှင့် သုံးစွဲသူများကို ထိထိရောက်ရောက် ကိုင်တွယ်မှု မရှိခဲ့ဘဲ ကြေညာချက် ကပ်ရုံတစ်ခုထဲဖြင့်တော့ ကြွပ်ကြွပ်အိတ်များမှာ ပပျောက်မသွားနိုင်ပေ။ မုံရွာမြို့ နန္ဒဝန် ရပ်ကွက်နှင့် ထန်းတောအင်းများအနီး ဝန်းကျင် လူနေကျဲသောနေရာများတွင် ကြွပ်ကြွပ်အိတ်များမှာ ပျံဝဲနေဆဲ ဖြစ်သည်။

၂၀၁၃ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့တွင် မုံရွာမြို့၏ အမှိုက်သိမ်းစနစ်အား မြို့နယ် စည်ပင်သာယာရေး ကော်မတီမှ ပုဂ္ဂလိကကုမ္ပဏီ တစ်ခုသို့ လွှဲပြောင်းပေး အပ်ခဲ့ပြီး ယင်းကုမ္ပဏီမှ လက်ရှိအချိန်တွင် မုံရွာမြို့၏ အမှိုက်သိမ်းစနစ်အား တာဝန်ယူနေပြီ ဖြစ်သည်။
"လက်ရှိအနေအထား ကတော့ မုံရွာမြို့ထဲက အမှိုက်ပုံကြီးတွေ အင်အားကြီးတဲ့ အမှိုက်ပုံကြီးတွေကို အရင် သိမ်းဆည်းဖို့ လုပ်ဆောင်နေပါတယ်။ အမှိုက်ပစ်တဲ့ နေရာကတော့ သတ်မှတ်ပေးတဲ့ နေရာ ဖြစ်တဲ့ ဆားကျင်းသုသာန်မှာ ပစ်နေတယ်" ဟု အမှိုက်သိမ်းစနစ်အား လုပ်ကိုင်ခွင့် ရသည့် ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

"သုသာန်တွေမှာ အမှိုက်ပစ်တယ် ဆိုတာကတော့ မှန်ကန်တဲ့ အဖြေတစ်ခု မဟုတ်ဘူး။ အမှိုက်ပုံနေရာ၊ ပစ်မယ့်နေရာကို ဘယ်လိုရွေးချယ်မလဲ၊ စနစ်တကျ စွန့်ပစ်ဖို့ အမှိုက်ကန်တွေ အမှိုက်ချိုင့်တွေကို ဘယ်လိုတူးမယ် ဆိုတာတွေကို စနစ်တကျ လေ့လာပြီးပစ်ရင်တော့ ဒီထက်ပိုကောင်းတဲ့ စနစ် ဖြစ်လာမှာပါ" ဟု သဘာဝပတ်ဝန်းကျင် ဆောင်းပါးများ ရေးသားနေသည့် ဆောင်းပါးရှင်တစ်ဦးက သုံးသပ်သည်။

ပတ်ဝန်းကျင် ယိုယွင်းမှုများကို မုံရွာ ခံစားလာရ သည်မှာလည်း တစ်နှစ်ထက် တစ်နှစ် သိသာလာသည်။ မုံရွာတွင် နွေလများတွင် အပူချိန်များမှာလည်း ပြင်းထန်လွန်းလှသည်။ အပူပိုင်းစိုက်ဆင်း လေပြင်းများသည် မြို့ပေါ်တစ်မျိုး၊ မြို့ ပြင်တစ်ဖုံ နွေလများတွင် အလည်ရောက်လာ တတ်သေးသည်။ လွန်ခဲ့သည့်နှစ်များနှင့် ယခု နှစ်များတွင် မိုးခေါင်မှုများ၊ မိုးရွာလျှင် အဆက်မပြတ် ရွာသွန်းမှုများနှင့် မိုးများ၍ ဆည်ရေများ လျှံကျခဲ့မှုများသည် ပတ်ဝန်းကျင် ယိုယွင်းလာမှု၏ အမှတ်သင်္ကေတများ ဖြစ်လာတော့သည်။

ဆယ်စုနှစ် နှစ်စုအတွင်း သဘာဝ သယံဇာတများကို အဆမတန် ထုတ်ယူပြီး ပြန်လည်အစားထိုးခြင်း မပြုခဲ့၍ ချင်းတွင်းမြစ်ကြီးမှာ ကော်ဖီရောင် ပေါက်၍နေပေပြီ။ ယခုအတိုင်းသာ ပြဿနာများကို အဖြေ မရှာဘဲ ဆက်သွားပါက မုံရွာအပါအဝင် ချင်းတွင်းမြစ်ရိုး တစ်လျောက် မြို့ရွာများမှာ ရာသီဥတု ဖောက်ပြန်မှုနှင့် သဘာဝဘေး အန္တရာယ်များကို ခံစားရတော့မည် ဖြစ်သည်။
"ချင်းတွင်းမြစ်ကရေနဲ့ လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်စု အချိန်က လက်ဖက်ရည်ကြမ်း သောက်ရတဲ့ အရသာက တော်တော် ကောင်းခဲ့တယ်" ဟု မြစ်ရေကြည်လင်ခဲ့စဉ်က မြစ်ရေနှင့် လက်ဖက်ရည်ကြမ်း သောက်ခဲ့ရပုံကို အသက် ၈၀ ဝန်းကျင် မုံရွာမြို့ခံ ရှေ့မီနောက်မီ လူကြီးတစ်ဦးက ပြောဆိုသည်။

The voice myanmar