ရန်ကုန်မြို့တွင် Apple Authorized Reseller သုံးခု ဖွင့်လှစ်ထားပြီး ထပ်မံတိုးချဲ့ ဖွင့်လှစ်ရန် ရှိနေ

ပို့စ်တင်ချိန် - 9/30/2013 01:16:00 PM




ရန်ကုန်မြို့တွင် လက်ရှိအချိန်အထိ Apple Authorized Reseller အရောင်းဆိုင်သုံးခု ဖွင့်လှစ်ထားခဲ့ပြီး ထပ်မံ၍လည်း တိုးချဲ့ဖွင့်လှစ် သွားရန်ရှိကြောင်း သတင်းရရှိသည်။

TAC Apple Authorized Reseller ကို ၂၀၁၂၊ စက်တင်ဘာလ အတွင်းက အမှတ် ၄၅၊ ပြည်လမ်း၊ ၇ မိုင်ခွဲတွင် ဖွင့်လှစ်ခဲ့ပြီး ဆူးလေဘုရားလမ်းရှိ Sakura Tower အောက်ထပ်တွင်လည်း ၂၀၁၃ ခုနှစ် အတွင်း၌ Apple Authorized Reseller အရောင်းဆိုင်တစ်ခု ဖွင့်လှစ်ထားကြောင်း သိရသည်။

mDrive Apple Authorized Reseller အရောင်းဆိုင်ကို ၂၀၁၃၊ စက်တင်ဘာ ၂၈ ရက်က Junction မော်တင်တွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

"TAC အနေနဲ့ကတော့ ရန်ကုန်၊ ၇ မိုင်ခွဲမှာ ၂၀၁၂ သြဂုတ်ကတည်းက ဖွင့်ထားပါတယ်။ မန္တလေးမှာလည်းတစ်ခု ဖွင့်ထားတယ်။ ထပ်ဖွင့်ဖို့လည်း စီစဉ်နေတာ ရှိပါတယ်။ လက်ရှိတော့ ရန်ကုန်မြို့မှာ သုံးခုရှိလာတာပေါ့။ AAR ဖွင့်ဖို့ ထပ်လျှောက်ထားတဲ့ သူတွေလည်း ရှိပါတယ်။ တချို့ကတော့ တံဆိပ်မျိုးစုံ ရောင်းပေမယ့်လည်း ကောင်တာတစ်ခုထား ရောင်းချဖို့ လျှောက်တဲ့သူတွေလည်း ရှိတယ်" ဟု TAC Apple Authorized Reseller မှ ကိုသော်တင့်က ပြောကြားခဲ့သည်။

လက်ရှိတွင် AAR များ အနေဖြင့် Mac ထုတ်ကုန်များနှင့် iPod များ၊ iPhone, iPad တို့၏ Accessories များကို အဓိကထား ရောင်းချလျက်ရှိကြောင်း သိရသည်။

ပြည်တွင်း၌ iPhone ကို တရားဝင် ရောင်းချနိုင်ရန် Apple အနေဖြင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ ဆက်သွယ်ရေး အော်ပရေတာ ကုမ္ပဏီများနှင့် ညှိနှိုင်းဆွေးနွေးနေကြောင်း သိရသည်။

"ဈေးကြီးပေးဝယ်ရပြီး ဒီမှာက ၀န်ဆောင်မှုပေးတာ သေသေချာချာ မရှိတော့ သုံးစွဲသူတွေ အနေနဲ့ နစ်နာရတာတွေ အများကြီးပါ။ အခြားဖုန်းတွေလို အထူးအစီအစဉ်တွေနဲ့ မိတ်ဆက်ရောင်းချတာ၊ မြန်မာစာ တစ်ပါတည်း ပါဝင်တာ၊ အာမခံကာလ ပါဝင်တာမျိုးတွေ ဖြစ်လာရင် ကောင်းပါမယ်" ဟု iPad သုံးစွဲသူ တစ်ဦးက ပြောကြားသည်။

စက်တင်ဘာ ၂၈ က mDrive စတိုးတွင် Macbook ကို ကြည့်ရှုနေကြသူများ
Eleven Media Group