ကျိုက်ထီးရိုး စေတ်ီပွဲတော်ကာလ မရောက်မီ ဘုရား ပရိဝုဏ်အတွင်း မိုင်းရှာဖွေမှုများပြုလုပ်ပြီး လုံခြုံရေးတစ်ရာကျော်ဖြင့် အချိန်ပြည့်စောင့်ကြည့်မည်

ပို့စ်တင်ချိန် - 10/16/2013 12:18:00 PM




လာမည့် ကျိုက်ထီးရိုး စေတီတော်ပွဲတော်ကာလမရောက်မီ ဘုရားပရ၀ုဏ်အတွင်း မိုင်းရှာဖွေမှုများနှင့် လုံခြုံရေးအင်အား တစ်ရာကျော်တို့ဖြင့် အချိန်ပြည့် စောင့်ကြည့် စစ်ဆေးသွားမည်ဖြစ်ကြောင်း မွန်ပည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယပြည်နယ် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ၀င်းကိုက အောက်တိုဘာ ၁၅ ရက် နံနက်ပိုင်းတွင် ပြောကြားခဲ့သည်။

ပြည်တွင်း၌ ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားနေမှုကြောင့် ဘုရားပွဲတော်ကာလတွင် ဘုရားဖူးလာ ပြည်သူများ စိုးရိမ်စိတ်များ မရှိစရန်အတွက် လုံခြုံရေးအပိုင်းကို ယခင်ကထက် ပိုမို တိုးမြှင့်ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ လုံခြုံရေး ဆောင်ရွက်မှုများနှင့်ပတ်သက်၍ "ကျွန်တော်တို့ ပြည်နယ်တစ်ခုလုံးမှာ လုံခြုံရေးတွေ တိုးမြှင့်ပြီး ရှာဖွေစစ်ဆေးမှုတွေ တိုးမြှင့်ပြီး လုပ်နေပါတယ်။ ဒါ့အပြင် ကျိုက်ထီးရိုးပွဲတော် ကာလအတွင်းမှာလည်း အချိန်ပြည့် CCTV ကင်မရာများမှတစ်ဆင့် စောင့်ကြည့်သွားမယ်။ မသင်္ကာတဲ့ သူတွေတွေ့ရင် စစ်ဆေးမယ်။ ပွဲတော်ကာလ မတိုင်ခင်မှာလည်း ဘုရားပရ၀ုဏ်တစ်ခုလုံးမှာ မိုင်းရှာဖွေမှုတွေ ပြုလုပ်သွားမယ်။ ဒါ့အပြင် ပွဲတော်ကာလမှာ အရပ်ဝတ်နဲ့ရော ယူနီဖောင်းနဲ့ပါ လုံခြုံရေးအင်အား တစ်ရာကျော်နဲ့ ဆောင်ရွက်သွားပါမယ်" ဟု မွန်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယပြည်နယ် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ၀င်းကိုက အောက်တိုဘာ ၁၅ရက် နံနက် ပိုင်းတွင် ပြောကြားခဲ့သည်။

ထို့အပြင် လုံခြုံရေးဆောင်ရွက်မှုကို မြို့နယ် ရပ်ကွက်အသီးသီး၌ ကော်မတီများ ဖွဲ့စည်းထားပြီး ရဲတပ်ဖွဲ့နှင့် ပြည်သူပူးပေါင်း ဆောင်ရွက်လျှက်ရှိကြောင်း သိရှိရသည်။
ကျိုက်ထီးရိုးစေတီတော်၌ လာမည့် သီတင်းကျွတ် လပြည့်နေ့တွင် ဘုရားအနေကဇာတင်ခြင်း အခမ်းအနား၊ ဆွမ်းကပ်ပွဲနှင့် ဘုရားပွဲတော် ဖွင့်ပွဲအခမ်းအနားကို ကျင်းပသွားမည် ဖြစ်ကြောင်း ကျိုက်ထီးရိုးစေတီတော် ဂေါပကအဖွဲ့ ဘဏ္ဍာရေးမှူးဖြစ်သူ ဦးနုဝင်းက အောက်တိုဘာ ၁၅ရက် မွန်းလွဲပိုင်းတွင် ပြောကြားခဲ့သည်။

ယမန်နှစ်က ကျိုက်ထီးရိုးစေတီတော်သို့ လာရောက် ဖူးမြော်နေကြသူများကို တွေ့ရစဉ် (ဓာတ်ပုံ-၀င်းမြင့်ကျော်)
Eleven Media Group