မိုဘိုင်းနည်းပညာနှင့် ပတ်သက်၍ Ooredoo မှ ပထမဦးဆုံးသော အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

ပို့စ်တင်ချိန် - 10/16/2013 11:19:00 AM

မြန်မာဘာသာဖြင့် လက်ကိုင်ဖုန်းများ ထုတ်လုပ်ရန် စိတ်ဝင်စားနေသော Ooredoo ကုမ္ပဏီသည် Myanmar Blogger Society (MBS) နှင့် ပူးပေါင်း၍ မိုဘိုင်းနည်းပညာနှင့် ပတ်သက်သည့် အလုပ်ရုံဆွေးနွေးပွဲကို ပထမဦးဆုံးအကြိမ်အဖြစ် ရန်ကုန်မြို့၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။



Brain Stroming ခေါင်းစဉ်ဖြင့် မိုဘိုင်းနည်းပညာအကြောင်းအရာများကို ဆွေးနွေးပြောကြားမည်ဖြစ်ကြောင်း ၊ အဆိုပါဆွေးနွေးပွဲသို့ Ooredoo ကုမ္ပဏီမှ မိုဘိုင်းနည်းပညာ ကျွမ်းကျင်သူများ တက်ရောက်မည်ဖြစ်ကြောင်း MBS အနေဖြင့် သတင်းထုတ်ပြန်ခဲ့သည်။



အောက်တိုဘာ ၂၇ ရက်နေ့ နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ မြန်မာအင်ဖိုတက်ခ် အခန်း၂၀၅ တွင် ကျင်းပမည်ဖြစ်သော အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသည် Ooredoo အနေဖြင့် လူမှုဆိုင်ရာအဖွဲ့အစည်းများနှင့် ပထမဦးဆုံးအကြိမ် လက်တွဲဆောင်ရွက်သော အလုပ်ရုံဆွေးနွေးပွဲဖြစ်သည်ဟု သိရသည်။



အလုပ်ရုံဆွေးနွေးပွဲသို့ ပြည်တွင်းမှ Mobile Developerများ၊ Mobile Application ရေးသားသူများ၊ နည်းပညာဆိုင်ရာအဖွဲ့အစည်းများ၊ ဘဏ်လုပ်ငန်းများ၊ နည်းပညာနယ်ပယ်မှ Freelance များနှင့် စိတ်ပါဝင်စားသူမည်သူမဆို တက်ရောက်နိုင်ကြောင်း သိရသည်။ Ooredoo ဆိုသည်မှာ ကာတာနိုင်ငံအခြေစိုက် ဆက်သွယ်ရေးကုမ္ပဏီတစ်ခုဖြစ်ပြီး မြန်မာအစိုးရမှ နိုင်ငံအတါင်း ဆက်သွယ်ရေးလုပ်ငန်းများလုပ်ကိုင်ရန် ရွေးချယ်ထားသော ဆက်သွယ်ရေး အော်ပရေတာတစ်ခုဖြစ်သည်။ ၎င်းသည်နိုင်ငံအတွင်း၌ မိုဘိုင်းဆင်းကတ်အရောင်းစင်တာ ၂ သိန်းခွဲနီးပါး ဖွင့်လှစ်သွားမည်ဖြစ်ပြီး မြန်မာလုပ်သားအများဆုံး ခန့်အပ်သွားမည်ဟု ကတိပေးထားသူ ဖြစ်သည်။



မြင့်ကျော်လှိုင်
myanmarinternetjournal