စီးပွားရေးအရ တွက်ခြေကိုက်နေပြီး အသုံးပြုသူနှုန်း မြင့်တက်လာသည့် ရန်ကုန်-ကျိုက်ထီးရိုး အဲယားကွန်း အမြန်ရထား နေ့ရက် (သို့မဟုတ်) ပြေးဆွဲချိန်များ တိုးမြှင့်မည်

ပို့စ်တင်ချိန် - 10/16/2013 12:02:00 PM




စီးပွားရေးအရ တွက်ခြေကိုက်နေပြီး အသုံးပြုသူနှုန်းမှာ မြင့်တက်လာသည့် ရန်ကုန်-ကျိုက်ထီးရိုး အဲယားကွန်း အမြန်ရထား ခရီးစဉ်အား နေ့ရက် (သို့မဟုတ်) ပြေးဆွဲချိန်များကို တိုးမြှင့်ပြေးဆွဲ သွားမည်ဖြစ်ကြောင်း ရထားပို့ဆောင်ရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရသည်။

စက်တင်ဘာ ၇ ရက်က စတင်ပြေးဆွဲခဲ့သော ရန်ကုန်-ကျိုက်ထို-ရန်ကုန် ခရီးစဉ်ကို စနေ၊ တနင်္ဂနွေများတွင် ပြေးဆွဲလျက် ရှိနေပြီး ဖွင့်လှစ်သည့်နေ့မှစ၍ အသုံးပြုသည့် ခရီးသည် အရေအတွက်မှာ နေ့စဉ်နှင့်အမျှ မြင့်တက်နေလျက်ရှိကြောင်း ရထားပို့ဆောင်ရေး ၀န်ကြီးဌာနမှ အောက်မြန်မာပြည် အထွေထွေ မန်နေဂျာ ဦးကျော်ကျော်မျိုးက ပြောကြားသည်။

လက်ရှိတွင် ပွင့်လင်းရာသီချိန်သို့ ရောက်ရှိတော့မည် ဖြစ်သည့်အပြင် ကျိုက်ထီးရိုး ဘုရားဖူး သွားရောက်မည့် သူများမှာလည်း အများအပြား ရှိနေခြင်းတို့ကြောင့် ခရီးစဉ်ကို တိုးချဲ့ပြေးဆွဲခြင်း သို့မဟုတ် နေ့ရက်ကို တိုးမြှင့်ပြေးဆွဲခြင်းတို့ကို မဖြစ်မနေ ပြုလုပ်သွားမည်ဖြစ်ကြောင်း ဦးကျော်ကျော်မျိုးက ဆိုသည်။

လက်မှတ်ခ အနေဖြင့် ရန်ကုန်မှ ကျိုက်ထိုသို့ ကျပ် ၃၅၀၀ ဖြစ်ပြီး နိုင်ငံခြားသား ဆိုပါက အမေရိကန် ၁၀ ဒေါ်လာ ကောက်ခံနေကြောင်း သိရသည်။

လူဦးရေ ၃၃၀ ကျော် တင်ဆောင်နိုင်သော ခရီးစဉ်အတွင်း ကြား၌ ပဲခူး၊ ဝေါနှင့် သိမ်ဇရပ်ဘူတာ သုံးခုတွင်သာ ရပ်တန့်သွားမည်ဖြစ်ကြောင်း၊ ခရီးစဉ် ကြာချိန်မှာ ၄ နာရီခွဲခန့် ကြာမြင့်ကြောင်း သိရသည်။

ရထားခရီစဉ်တွင် နိုင်ငံခြားသား ခရီးသွားများလည်း စီးနင်းအသုံးပြုနိုင်မည် ဖြစ်သောကြောင့် ရထားနဲ့ လုံခြုံရေးအတွက်လည်း စီစဉ်ထားသည်ဟု သိရပြီး ရထားပေါ်တွင် ၀န်ထမ်းဦးရေ ၁၃ ဦး လိုက်ပါဆောင်ရွက်မည် ဖြစ်ကြောင်း၊ နိုင်ငံခြားသားများအတွက် ပတ်စ်ပို့ ပြသ၍ ကြိုတင်လက်မှတ် ၀ယ်နိုင်ကြောင်းနှင့် ပြည်တွင်းခရီးသွားများ အနေဖြင့် ရန်ကုန်ဘူတာ အထက်တန်းရက် ကြိုတင်လက်မှတ်ရုံတွင် တနင်္လာမှ သောကြာအထိ ငါးရက်ကြိုတင်၍ ခရီးသွားမည့်သူ အပါအ၀င် လူတစ်ဦးလျှင် ငါးစောင်အထိ နိုင်ငံသား စိစစ်ရေးကတ်ပြား/ထောက်ခံစာတို့ကို ပြသ၍ ၀ယ်ယူနိုင်ကြောင်း၊ လက်ကျန် လက်မှတ်များကိုမူ ရထားမထွက်မီ ၁၅ မိနစ်အလို အချိန်အထိ ခရီးသွားမည့်သူကိုယ်တိုင် တစ်ဦးလျှင် တစ်စောင်နှုန်းဖြင့် ၀ယ်ယူနိုင်ကြောင်း သိရသည်။

ရန်ကုန်-ကျိုက်ထိုသို့ ပြေးဆွဲနေသော အဲယားကွန်း ရထားအား တွေ့ရစဉ်
Eleven Media Group