ပန်းချီဆရာတစ်ဦး လေးလွှာတိုက်ခန်း ဝရန်တာမှ ခုန်ချ

ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် ဆရာစံ(အရှေ့မြောက်)ရပ်ကွက်၊ ဦးချစ်မောင်လမ်း၊ ဓမ္မာရုံမှတ်တိုင် အနီးရှိ ငါးထပ်တိုက် လေးလွှာ တိုက်ခန်းရှေ့ ဝရန်တာမှ အသက် ၃၆ နှစ် အရွယ်ရှိ ပန်းချီဆရာတစ်ဦး ခုန်ချ သေဆုံးခဲ့မှု ဇွန်လ ၂၃ ရက် ညနေ ၄နာရီ မိနစ် ၃၀ ခန့်က ဖြစ်ပွားခဲ့ကြောင်း မျက်မြင် တွေ့ရှိသူ အချို့က The Voice သို့ ပြောကြားသည်။

ခုန်ချ သေဆုံးသူမှာ ပန်းချီဆရာ စောခူကြီး ဆိုသူဖြစ်ပြီး အမှတ် ၁၆၀ ဦးချစ်မောင်လမ်း၊ ငါးထပ်တိုက် လေးလွှာ ညာဘက် အခန်းတွင် နေထိုင်သူ ဖြစ်ကြောင်း၊ မခုန်ချမီ မိနစ်ပိုင်းအလိုက တိုက်ခန်းအတွင်း လမ်းလျှောက်နေပြီး ၎င်း၏ဇနီးက အဝတ်လျှော်စက် ပိတ်ရန် တိုက်ခန်း အနောက်ဘက်သို့ သွားရောက်နေစဉ် ပန်းချီဆရာက အရှေ့ ဝရန်တာ တံခါးကို ဖွင့်ကာ ခုန်ချခဲ့ခြင်း ဖြစ်ကြောင်း သေဆုံးသူ၏ဇနီး ပြောကြားချက်ကို ကိုးကား၍ စစ်ဆေးသည့် ရဲအရာရှိ တစ်ဦးက ပြောကြားသည်။

အရက် ဖြတ်ထားသည်မှာ မကြာသေး၍ ဂရုစိုက်ရန် လိုအပ်နေသူ ၎င်းကို ဇနီးသည်က ဂရုတစိုက် ကြည့်နေသော်လည်း အဝတ်လျှော်စက် ပိတ်ချိန် တစ်ခဏ အတွင်းမှာပင် ယင်းကဲ့သို့ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါ တိုက်အနီးတွင် မုန့်မျိုးစုံ ဖွင့်လှစ် ရောင်းချသူ ဒေါ်သင်းသင်းဦးက ရှင်းပြသည်။

“သူပြုတ်ကျတဲ့ နေရာမှာ ကားတစ်စီးက ကွယ်နေတော့ ကားပေါ်ကပဲ ပြုတ်ကျတယ် ထင်နေတာ၊ ဘေးက အကြော်သည် အဒေါ်ကြီး အော်တော့မှ တိုက်ပေါ်က ပြုတ်ကျတာမှန်း သိတာ” ဟု မျက်မြင် တွေ့ရှိသူ ဦးခင်မောင်မြင့်က ပြောကြားသည်။

ခုန်ချခဲ့သူသည် ပလက်ဖောင်းကို မေးတင်ကာ ပြုတ်ကျခဲ့ပြီး လာရောက် ကူညီခဲ့သူကို မပီမသ စကားများ ပြန်လည် ပြောကြားခဲ့ပြီးနောက် ၁၅ မိနစ် အကြာတွင် ငြိမ်ကျသွားရာ အငှားယာဉ်ဖြင့် ရန်ကုန်ဆေးရုံကြီးသို့ တင်ပို့စဉ် လမ်းခုလတ်တွင် သေဆုံးခဲ့ကြောင်း ကိုယ်တိုင်ပွေ့ထူကာ ကူညီခဲ့သူ ဦးခင်မောင်မြင့်က ရှင်းပြသည်။

အဆိုပါ သေဆုံးမှုနှင့် ပတ်သက်၍ ဗဟန်းမြို့နယ် ရဲစခန်းသို့ တယ်လီဖုန်းဖြင့် မေးမြန်းခဲ့ရာ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးကို မေးမြန်းပါရန် ရဲအရာရှိတစ်ဦးက ပြန်လည်ဖြေကြားသည်။

The Voice Weekly

၁၀ တန်းအောင်လက်မှတ် (၂) ရက်အတွင်းရပြီ

အောင်လက်မှတ်လျှောက်ထားရာတွင်လိုအပ်ချက်များမှာ
(၁) အောင်မြင်သည့်ခုနှစ်
(၂) စာစစ်ဌာန (ကျောင်း)
(၃) မှတ်ပုံတင် မိတ္တူ
(၄) ပတ်စ်ပို့ ဓါတ်ပုံ (၂)ပုံ
(၅) ခုံအမှတ်
(၆) အဖအမည်
(၇) အဖ မှတ်ပုံတင်အမှတ်
လျှောက်လွှာကို (၂၅၀ ) ကျပ်ဖြင့် ၀ယ်ယူရမှာဖြစ်သည်။အထက်ပါအချက်များကိုဖြည့်စွက် ဖောင်တင်ရမည်။
ထို့နောက်သင့်အား လက်ခံဖြတ်ပိုင်းတခုပြန်ပေးလိုက်ပါလိမ့်မယ်။
လက်ခံဖြတ်ပိုင်းဖြင့် နောက်တနေ့တွင် သွားရောက်ထုတ်ယူရန်ဖြစ်သည်။ အောင်လက်မှတ်ထုတ်ပေးရာကောင်
တာတွင် မိမိဖြတ်ပိုင်းကိုပေးပါက တာဝန်ရှိသူများမှာ ထုတ်ပေးသွားပါလိမ့်မယ်။
သတိပြုရန်။  ။ ရန်ကုန်တိုင်းမှ အောင်မြင်သူများ ကိုယ်စားထုတ်ယူခွင့်ပြုပေးလိမ့်မည်မဟုတ်ပါ။
နယ်များမှ ကိုယ်စားထုတ်ယူမည့်သူများအတွက်လိုအပ်ချက်များမှာ
(၁) ကာယကံရှင်၏ မှတ်ပုံတင် မိတ္တူ ပါရှိရမည်။
(၂) ကာယကံရှင်၏ လွှဲစာပါရှိရမည်။
(၃) ထုတ်ယူမည့်သူ၏ မှတ်ပုံတင် မိတ္တူ ပါရှိရမည်။
(၄) လူတစ်ဦးလျှင် ကိုယ်စားတစ်စောင်သာ ထုတ်ယူခွင့်ပြုသည်။
အဆိုပါအချက်များဖြင့် မစုံလင်ပါက ထုတ်ယူလို့ရမှာ မဟုတ်တာကြောင့် ကရုပြုကြဖို့လို့ပါတယ်။အောက်ပါပုံမှ လျှောက်လွှာကို
ကိုယ်တိုင်လက်ရေးမူဖြင့်ဖြည့် ပြီး ကိုယ်စားထုတ်ယူရန်ဖြစ်သည်။
၂၀၁၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အမှတ်စရင်းများကို တော့ထုတ်မပေးသေးပါဘူး။ (ဇူလိုင်)လဆန်းတွင် လိုင်သက္က
သိုလ်နယ်မြေရှိ ဇွဲကပင်ဆောင်တွင် လာရောက်စုံစမ်းနိုင်ကြောင်း သိရသည်။
တက္ကသိုလ်ဝင်စာမေးပွဲ အောင်လက်မှတ်ထုတ်ယူသူများအဆင်ပြေစေရန် တင်ဆက်လိုက်ပါတယ်
Hau Sian Siam( MM Social Sky)

တိုင်းမဂ္ဂဇင်းပါ ဆောင်းပါးရှင် ဟန်နာဘိခ်ျ မြန်မာနှင့် ရှေးကပင်ရေစက်ရှိခဲ့ဘူးသည်



ယခု အသံများဆူပွက် သွားစေသော ဦးဝီရသူပုံပါ ကမ္ဘာကျော် တိုင်းမ် မဂ္ဂဇင်း မျက်နှာဖုံး ပါ Face of Buddhist Terror ဆောင်းပါး ကိုရေးသားသူမှာ ဟန်နာဘိခ်ျ ( Hannah Beech) ဖြစ်သည်။ ကမ္ဘ့ာသိက္ခာရှိ မဂ္ဂဇင်း တစ်စောင်ဖြစ်သည့် တိုင်းမ်း မဂ္ဂဇင်းမှ သတင်းစာဆရာမ ဖြစ်သူ ဟန်နာဘိခ်ျ မှာ အမေရိကန် လူမျိုးတစ်ဦးဖြစ်ပြီး လက်ရှိ တိုင်းမ် မဂ္ဂဇင်း ၏ အာရှရေးရာ ကျွမ်းကျင်သူ လည်းဖြစ်သည်။

အဆိုပါ တိုင်းမ် မဂ္ဂဇင်း ၏ အရှေ့တောင်အာရှ ဗျူရို အကြီးအကဲ အဖြစ်လည်း မကြာခဏ ဖော်ပြခြင်းခံရသော ဟန်နာ ဘိခ်ျ မှာ မနှစ်က ဒေါ်အောင်ဆန်းစုကြည် တက်ရောက် ခဲ့သော၊ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ကျင်းပခဲ့သည့်ကမ္ဘာ့စီးပွားရေးဖိုရမ် ၂၀၁၂ တွင် Panel Speaker တစ်ဦး အဖြစ်လည်း ဆောင်ရွက်ခဲ့သည့် အတွက် ထင်ရှားသည်။

ဟန်နာမှာ အမေရိကန်ပြည်ထောင်စု၊ မိန်းပြည်နယ်၊ ကိုလ်ဘီကောလိပ် မှ ၁၉၉၅ ခုနှစ်တွင် ဘွဲ့ရခဲ့သည်။ ဘွဲ့မရမီ ၁၉၉၄ ခုနှစ်က သမ္မတဟောင်း ဟယ်ရီအက်စ် ထရူးမင်း ပညာသင်ဆု ကို မေရီလင်းပြည်နယ် မှ ထူးချွန်စွာ ရရှိခဲ့သူဖြစ်သည်။ အမေရိကန်ပြည်ထောင်စု တွင် Presidential Scholarship ခေါ် သမ္မတ ၏ အထူးပညာသင်ဆု များကို သာမန်ထူးချွန်သူများ ရနိုင်ကြသည် မဟုတ်ပေ။ ငယ်စဉ်ကတည်းက အတန်းတိုင်းတွင် အစွမ်းပြ ထူးချွန်ခဲ့သူများသာ ရရှိနိုင်သော ဆုဖြစ်သည်။

U.S. NEWS & WORLD REPORT တွင်အလုပ်သင် သတင်းထောက်အဖြစ် သတင်းစာလောက သို့ စတင်ဝင်ရောက်ခဲ့သည့် ဟန်နာမှာ အာရှရှိ သတင်းအဖွဲ့အစည်ုး အတော်များများ တွင်လည်း တာဝန်ထမ်းဆောင်ခဲ့ဘူးသည်။

ဟန်နာဘိခ်ျ မှာ အာရှတိုက် သတင်းစာထုတ်ဝေသူများအသင်း ၏ အကောင်းဆုံး အယ်ဒီတာ့အာဘော် ဆုဖြစ်သည့် (SOPA ) ဆု ကို ၂၀၀၉ ခုနှစ်က ရရှိခဲ့သည်။ ထိုဆုကို ရှရှိရာတွင် အကောင်းဆုံးသတင်း ဂုဏ်ထူးဆောင် အထူးဆု ရရှိခဲ့ခြင်းဖြစ်ပြီး ရရှိခဲ့သော သတင်းဆောင်းပါးမှာ "Cyclone Nargis in Burma" ဖြစ်သည်။

ထိုစဉ်က မြန်မာ့သမိုင်းစဉ် တွင် အကြီးမားဆုံးသော သဘာဝဘေးအန္တရာယကြီး ဖြစ်သည့် နာဂစ်မုန်တိုင်းသင့် မြန်မာပြည်သူများ၏ သရုပ်ကို ကမ္ဘာ့ စာဖတ်ပရိသတ် ကွက်ကွက် ကွင်းကွင်း မြင်သာအောင် ဖော်ကျူး ပြနိုင်ခဲ့သောကြောင့် အဆိုပါ ဆုကို ရရှိခဲ့ခြင်းဖြစ်သည်။

နာဂစ် ဆိုင်ကလုန်းမုန်တိုင်းသင့် အောက်မြန်မာနိုင်ငံတွင် လူပေါင်း သိန်း နှင့်ချီ သေကျေပျက်စီးခဲ့ပြီး ရုပ်ဝတ္ထုပိုင်း ဆိုင်ရာ ဆုံးရှုံးမှု မခန့်မှန်းနိုင်လောက်အောင် ကြီးမားခဲ့ပါသော်လည်း ထိုစဉ်က အုပ်ချူပ်သူအကြီးအကဲ ဗိုလ်ချူပ် မှူးကြီး သန်းရွှေအစိုးရ (လက်ရှိသမ္မတကြီး ဦးသိန်းစိန်မှာ ထိုစဉ်က ၀န်ကြီးချူပ်ဖြစ်သည်။) မှာ ဘာမှမဖြစ်ပါ။ အားလုံးအဆင်ပြေပါသည်ဟု တွင်တွင် လိမ်လည် နေခဲ့ပြီး နိုင်ငံတကာမှ ကမ်းလှမ်းခဲ့သည့် မုန်တိုင်းလွန်ကာလ ကယ်ဆယ်ရေး အကူအညီများကို တစ်လကျော်ကြာ လက်မခံနိုင်ဟု ငြင်းဆန်နေခဲ့သည်။

မုန်တိုင်းကြောင့်သေဆုံး သွားခဲ့ရသူများမှာ အမှန်တကယ်တွင် နှစ်သိန်းခွဲ နှင့် သုံးသိန်းအကြား ရှိကြောင်း ကုလသမဂ္ဂ ကျွမ်းကျင်သူများက ခန့်မှန်းခဲ့ပါသော်လည်း ဗိုလ်ချူပ်မှူးကြီး သန်းရွှေအစိုးရ က တစ်သိန်း လေးသောင်း ၀န်းကျင်ခန့် နှင့် စာရင်းပိတ်လိုက် ပြီး ၄င်း တို့၏ တွေဝေတာဝန်မဲ့မှုများကြောင့် ဖြစ်ခဲ့ရသော အထိအရှ စာရင်းကို မှေးမှိန်အောင် ကြိုးစားခဲ့သည်။

ထိုသို့ နိုင်ငံတကာကိုလည်း ၀င်အကူအညီမခံ၊ မိမိတို့တွင်လည်း ကူညီနိုင်သည့် စွမ်းအားမရှိဘဲ လိပ်ခဲတည်းလည်း ဖြစ်နေချိန်တွင် ၊ ပြည်တွင်း သတင်းစာ၊ဂျာနယ်များ တွင်လည်း နာဂစ် နှင့်ပတ်သက်သည့် သတင်း များ အားတင်းတင်းကြပ်ကြပ် စိစစ် ပြီး အထူးသဖြင့် ဓါတ်ပုံ၊ ဗီဒီယို မှတ်တမ်းများစသည့် အထောက်အထားများအား ရသလောက်ဖျောက်ဖျက်ပစ်နေချိန်လည်းဖြစ်သည်။ ပြည်တွင်းတွင် အမှန်တကယ် ဘာဖြစ်နေသည် ကို ပြင်ပကမ္ဘာ သို့မပေါက်ကြားစေရန် အမြင့်ဆုံးအဆင့် သတ်မှတ် ဆောင်ရွက်ခဲ့သည့် အချိန်အခါလည်းဖြစ်သည်။

ထိုသို့သော အခြေအနေသမယ အတွင်း ဟန်နာဘိခ်ျ ၏ Cyclone Nargis in Burma ဆောင်းပါး ပါလာခဲ့ပြီး အထောက်အထား အတော်ပြည့်ပြည့်စုံစုံ ဖြင့် မြန်မာပြည်တွင်း အမှန်တကယ် ဘာဖြစ်နေသည်ကို ပြင်ပကမ္ဘာ သိခွင့်ရသွားခဲ့ပြီး နောက်ပိုင်း ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချူပ် ဘန်ကီမွန်း က မြန်မာပြည်တွင်း လာရောက် ခွင့်ပြုရန် တောင်းဆိုသည်အဖြစ် ဦးတည် သွားစေပြီး ထိုနောက်ပိုင်းတွင် အစိုးရ မှ နိုင်ငံတကာ အကူအညီများအား ၀င်လာခွင့် ပြုလိုက်သည်။

အထက်ပါ အကြောင်းချက်များအား ထောက်ချင့်ကြည့်လျှင် ဟန်နာဘိခ်ျ ၏ ကလောင်သွားမှာ မြန်မာပြည်သူများအတွက် မည်သို့ အကျိုးပြု ခဲ့ဘူးကြောင်း ထင်ရှားသည်။ ထိုစဉ်က ပြည်ပရောက် မြန်မာများ၊ ပြည်တွင်း မြန်မာပညာတတ် များ အကြားတွင် ဟန်နာ ၏ အဆိုပါ ဆောင်းပါးမှာ များစွာ အားပေးသြဘာပေးခြင်း ခံခဲ့ရသည်။

ဟန်နာဘိခ်ျ မှာ ၂၀၀၇ ခုနှစ်ကလည်း အဆိုပါ အာရှတိုက် သတင်းစာထုတ်ဝေသူများအသင်း ၏ အကောင်းဆုံး အယ်ဒီတာ့အာဘော် ဆုဖြစ်သည့် (SOPA ) ဆု ကို အကောင်းဆုံး အတွေးအမြင် ဆောင်းပါးဆု ရရှိခဲ့သည့် နိုင်ငံတကာ တွင် လေးစားခြင်းခံရသည့် သတင်းစာဆရာမတစ်ဦးဖြစ်သည်။

ယခုအခါ တွင်မူ ဟန်နာဘိခ်ျ မှာ မြန်မာဗုဒ္ဓဘာသာဝင် များ၏ မေတ္တာတော် စူးရောက်ခြင်း ခံနေရသူဖြစ်သည်။

(ရောဘတ်အယ်လ်ဟို့စ်
Myanmar News Update

အပျို့ ရင်သား၊ အိမ်ထောင်သည် ရင်သားနဲ့ ဘယ်လိုကွာခြားလဲ


တစ်နေ့တုန်းက ဒေါက်တာ (…) ရဲ့စာအုပ်ကို ဖတ်မိတော့ သူ့ဆောင်းပါး ထဲမှာ အပျိုဆိုတဲ့ ကောင်မလေး တစ်ယောက်က ဆေးခန်းလာပြတာ ကလေး ပျက်ကျမှု ဖြစ်နေတယ်တဲ့။ အဲဒါနဲ့ သူလည်း ရင်သားတွေကို လှန်ကြည့်တော့မှ အပျို မဟုတ်ဘူးဆိုတာ သိသွားတယ်တဲ့။ အပျိုရဲ့ ရင်သား၊ အိမ်ထောင်သည် ရင်သားနဲ့ ကလေးအမေ ရင်သားတွေက ဘယ်လောက်တောင် ကွာခြားမှု ရှိလို့လဲ။ အဲဒါလေး သိချင်ပါတယ် ဆရာ။

ကျွန်တော့်ဆီ ရောက်လာတဲ့ မေး(လ်)လေးတစ်စောင်ပါ။ တော်တော်တော့ ဟုတ်နေပြီဗျ။ ကလေးပျက်ကျမှု ဖြစ်နေတယ်၊ ဒါနဲ့ သူလည်း ရင်သားကို လှန်ကြည့်တယ်ဆိုတော့ တော်တော် လန့်သွားတယ်။ အပျိုလို့ ပြောရင် ရင်သား လှန်ကြည့်ရမှန်း ကျွန်တော်တော့ အခုမှ သိရပါတယ်။ အံ့ဘွယ်သုတပါပဲ။ (ကလေး ပျက်ကျတာ သိနေပြီးမှတော့ ဘာပြုလို့ ရင်သားကို လှန်ကြည့်တာလဲ မသိဘူးနော်။ ကလေးပျက်ပါတယ်ဆိုမှ အပျိုမဟုတ်တော့တာ သေချာနေပြီပဲဟာ…)

ထားပါတော့လေ… မေးခွန်းကို ဖြေရရင်တော့ ကလေးပျက်ကျတာလို့ ဆိုထားတဲ့အတွက် ကိုယ်ဝန်ဆောင် မိန်းကလေးဖြစ်ပါလိမ့်မယ်။ ကိုယ်ဝန်ဆောင်ပြီဆိုတာနဲ့ သဘာဝတရားက ကိုယ်ဝန်ဆောင်မိခင်ရဲ့ ရင်သားကို ပြုပြင်ပါတော့တယ်။ သည်အခါမှာ ရင်သားဟာ မူလကထက်လည်း ကြီးထွားလာပါတယ်။ အလေးချိန်အားဖြင့် တစ်ဖက်ကို တစ်ပေါင် နှုန်းလောက်အထိတောင် ကြီးထွားလာနိုင်တယ်လို့ အဆိုရှိတယ်။ တချို့အမျိုးသမီးတွေမှာ အဲသလို ရင်သား ကြီးထွားလာလို့ ရင်သားမှာ အကြောပြတ်သလို အရာမျိုးတွေ ရှိလာတတ်တယ်။ (အပျိုပေမယ့် ၀လွန်း၊ ရင်သား ထွားလွန်းရင်လည်း အလားတူပဲ အကြောပြတ်တတ်တာကို သတိချပ်ကြစေလိုပါတယ်။)

ဒါ့အပြင် ရင်သားများဆီကို သွေးပို့လွှတ်မှုကလည်း တိုးပွားလာတဲ့အတွက် ရင်သားပေါ်က သွေးကြောတွေရဲ့ အရောင် ပိုရင့်လာသလို မြင်လည်း ပိုမြင်သာလာပါတယ်။ ဒါ့အပြင် နို့သီးခေါင်း အောက်ခြေက အမည်းဝိုင်းကလည်း အရောင် ပိုရင့်ပြီး နက်မှောင်လာပါတယ်။ ကလေးအနေနဲ့ မအေ့နို့သီးခေါင်းကို အလွယ်တကူ တွေ့နိုင်အောင် သဘာဝတရားက ဖန်တီးလိုက်တာပါ။

ကိုယ်ဝန် သုံးလကနေ ခြောက်လအတွင်းမှာတော့ ခပ်ပျစ်ပျစ်နဲ့ အ၀ါရောင်သမ်းတဲ့ နို့ဦးရည် စထွက်လာတတ်ပါတယ်။ အများကြီး မဟုတ်တဲ့အတွက် တချို့ဆို သတိတောင် မထားမိဘူး။ တချို့ကျတော့လည်း အရည်အနေနဲ့ သတိထားမိတာ ရှိသလို တချို့ကျတော့လည်း နို့သီးခေါင်းမှာ ခြောက်နေတဲ့ အဖတ် အဖတ်လေးတွေ အဖြစ် တွေ့ရတတ်တယ်။

အဲဒါတွေဟာ ကိုယ်ဝန်ဆောင်ရဲ့ ရင်သားမှန်း သိသာစေတဲ့ အပြောင်းအလဲပါပဲ။ အဲတော့ အပျို့ရင်သားနဲ့ ကိုယ်ဝန်ဆောင့်ရင်သား ကွဲပြားမှုမှာ ကိုယ်ဝန်ဆောင်ရဲ့ ရင်သားက တအား တင်းနေမယ်၊ ထွားနေမယ်၊ အကြောတွေကို သိသိသာသာ ထင်းထင်းကြီး မြင်နေရမယ်၊ နို့သီးခေါင်းနဲ့ အောက်ခြေအမဲဝိုင်းတို့လည်း တအား နက်မှောင်နေမယ်ဆိုတာလောက်ပဲ မျက်စိနဲ့ ကြည့်ပြီး ပြောနိုင်ပါတယ်။

အိမ်ထောင်သည့်ရင်သားကတော့ တကယ်လို့သာ ကလေး မမွေးဖူးသူ၊ ကိုယ့်ကိုယ်ကိုယ်လည်း ဂရုစိုက် မွမ်းမံ ထိန်းသိမ်းတတ်သူမျိုးဆိုရင် အပျို့ရင်သားနဲ့ ဘာမှ သိသိသာသာ မကွဲပြားပါဘူး။ ကလေးအမေ ရင်သားဖြစ်ဦးတောင်မှ ကလေးကို နို့ခွဲပြီးချိန်ကစပြီး သူ့ရင်သား အလှအပကို မွမ်းမံ ထိန်းသိမ်းသွားမယ်ဆိုရင်လည်း အပျိုနဲ့ မခြားနိုင်တဲ့ ရင်သားမျိုးကို ပြန်ရနိုင်ပါတယ်။ (အခုခေတ်မှာ အဲသလို ရင်သားကို ပြုပြင်နိုင်တဲ့ အလှကုန်ပေါင်းစုံ ပေါ်ထွန်းလို့ နေပါပြီ။ ခွဲစိတ် ကုသနည်းနဲ့ ရင်သားအလှကို ထိန်းသိမ်းကြတာမျိုးလည်း ရှိနေပါတယ်။ ဘာအလှကုန်တွေလဲ၊ ဘယ်မှာ သွားခွဲရမှာလဲတွေတော့ ဆက်မမေးကြပါနဲ့တော့ဗျာ၊ ကိုယ့်ဘာသာ ကိုယ်သာ စုံစမ်းယူကြပါတော့။ မေးလည်း မဖြေဘူးလို့ အခုကတည်းက တစ်ခါတည်း ပြောထားလိုက်မယ်နော်…)

အသက်ကလေး ရလာရင်တော့ ရင်သားက ပျော့လာတယ်၊ အိတွဲလာပါတယ်။ သွေးဆုံးချိန်မှာတော့ ရင်သားက တဖြည်းဖြည်းနဲ့ ပြန်ကျုံ့သွားတတ်ပါတယ်။ ယောက်ျားရင်ဘတ်လို လုံးလုံးကြီး ပြားချပ်ချပ်တော့ ဖြစ်မသွားပေမယ့် ငယ်တုန်းကထက် အများကြီး ကျုံ့သွားတာတော့ အမှန်ပါပဲ။

သည်လောက်ဆိုရင် အပျို၊ အိမ်ထောင်သည်နဲ့ ကလေးအမေတို့ကြားက ရင်သားများ ခြားနားပုံကို သိချင်သူများ စိတ်အထာကျလောက်ပြီထင်ပါတယ်။

Myawady News

မြန်မာဒုက္ခသည် ၇ သိန်းကျော် ရှိနေကြောင်း ဦးအောင်မင်း တရားဝင်ပြောပြီ


နှစ်ပေါင်း ၆၀ ကျော် ဖြစ်ပွားခဲ့သည့် ပြည်တွင်းစစ် ကာလအတွင်း မြန်မာနိုင်ငံတွင် ဒုက္ခသည်ပေါင်း ၇ သိန်းကျော် ရှိကြောင်း သမ္မတရုံး ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်းက ရန်ကုန်မြို့တွင် ပထမဆုံးကျင်းပသည့် ကမ္ဘာ့ဒုက္ခသည်များနေ့၌ တရားဝင် ထုတ်ဖော် ပြောကြားသွားသည်။

“ကျနော်တို့တတွေ စနစ်တွေပြောင်းကုန်ပါပြီ။ အရင်က ဒုက္ခသည်နဲ့ ပတ်သက်ပြီး မရှိဘူးဘဲပြောခဲ့တာပါ။ အခု အမှန်အတိုင်း ပြောတယ်၊ ဒါဟာပြောင်းလဲမှုကို ပြပါတယ်။ ဒုက္ခသည်ဆိုတာမှာ နယ်မြေတွေ မငြိမ်းချမ်း၊ မအေးဆေးလို့ ထွက်ပြေးနေရသူလို့ ပြောရမှာပါ။ သူတို့တွေအတွက်လုံခြုံပြီ၊ နေလို့ရပြီဆို ပြန်လာမှာပဲ။ အဲဒီလိုဖြစ်ဖို့အတွက် အစိုးရက လုပ်ဆောင် ပေးသွားမှာပါ” ဟု ဦးအောင်မင်းက ပြောသည်။

လက်ရှိတွင် စစ်ပွဲများကြောင့် ပြည်တွင်း၌ လှည့်လည် ရှောင်ပုန်းနေရသော ဒုက္ခသည် (IDP) ပေါင်း ၄၄၆၀၀၀၊ စစ်ပွဲများ ကြောင့် နယ်စပ်တွင်ထွက်ပြေး နေရသော ဒုက္ခသည် (Refugee) ၃၅၀၀၀၀ ခန့်ရှိကြောင်း ဦးအောင်မင်းက ဆိုသည်။

“အခုလက်ရှိတော့ ကယားပြည်နယ်ဘက် ရှားတောနယ်မြေ ဒေါတခဲဒေသမှာ ကယားဘက်ကနေ ထွက်သွားတဲ့ သူတွေ အတွက် ပြန်လည်နေရာချပေးဖို့ စီစဉ်ထားတယ်။ လက်ရှိ ဒီအချက်ကို ပြီးခဲ့တဲ့ ဆွေးနွေးပွဲမှာ ပြောထားပြီးပါပြီ” ဟု ၎င်းက ဆက်ပြောသည်။

ဒုက္ခသည်များ ပြန်လည်နေရာချထားရေး အတွက် အစိုးရမှ နိုင်ငံတကာ အကူအညီများ ရယူကာ ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ဦးအောင်မင်းက ပြောသည်။

“ပြန်လည် နေရာချထားရေးအတွက် အခု အချိန်မှာ တိတိကျကျ ပြောနိုင်ဖို့ လိုအပ်ပါသေးတယ်။ အစိုးရအနေနဲ့ နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက် သွားဖို့ ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်နေပါတယ်။ UNHCR (United Nations High Commissioner For Refugees) တို့လို အဖွဲ့တွေနဲ့ တိုင်ပင်ဆွေးနွေး နေပါတယ်။ အဓိကကတော့ အလုံးစုံ အပစ်အခတ် ရပ်စဲရေး ဆောင်ရွက် ပြီးမှသာ ဒီကိစ္စတွေကို ဆက်လက် အကောင်အထည် ဖော်နိုင်မှာဖြစ်ပါတယ်” ဟု လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင်က ရှင်းပြသည်။

ဒုက္ခသည်များအတွက် နေရေး၊ စားရေး၊ လုံခြုံစွာ နေနိုင်ရေးအတွက် မိုင်းရှင်းရေး စသည့် လုပ်ငန်းများကို လုပ်ဆောင် သွားမှာဖြစ်သကဲ့သို့ တခြားတဘက်မှလည်း အလုပ်အကိုင် ရရှိနိုင်ရေးအတွက်ပါ စီစဉ် ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း ဦးအောင်မင်းက ပြောသည်။

“အလုပ်အကိုင် အတွက်က နယ်စပ်ဒေသတွေမှာ စက်မှုဇုန်တွေ ဖော်ထုတ်သွားဖို့ အတွက်လည်း စီစဉ်နေတယ်။ ဒီမှာ လယ်ယာသီးနှံ စိုက်ပျိုးရေး အတွက်ကိုလည်း စိုက်ပြီး ကုန်ချောထုတ်နိုင်ဖို့ အထိပါ ဆောင်ရွက်သွားဖို့ နိုင်ငံတွင်းက ပညာရှင်တွေ အပါအဝင် နိုင်ငံတကာ ပညာရှင်တွေနဲ့ပါ ဆွေးနွေး တိုင်ပင် လုပ်ဆောင်သွားဖို့ရှိတယ်။ အထည်အလိပ် စက်ရုံတွေ၊ နောက် SME (အသေးစားစက်မှု) လုပ်ငန်းတွေ အတွက်လည်း စီစဉ် ဆောင်ရွက်ပေးသွားမယ်” ဟု ဦးအောင်မင်းက ဆိုသည်။

မြေမြှုပ်မိုင်း ရှင်းလင်းရေး အတွက်လည်း နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ဆွေးနွေးတိုင်ပင်လျှက် ရှိကြောင်း၊ မြန်မာ့ တပ်မတော်အတွင်းရှိ စစ်မြေပြင် အင်ဂျင်နီယာ တပ်ရင်းမှ စစ်သည်များကလည်း ဖြေရှင်းသွားရန် စီစဉ်ထားကြောင်း ဦးအောင်မင်း၏ အဆိုအရ သိရသည်။

“တချို့ဒေသတွေမှာ ကရင်မှာဆို လက်နက်ကိုင် အဖွဲ့တွေနဲ့ တပ်မတော်နဲ့ ပေါင်းပြီး ကိုယ့်ဘက်သူ့ဘက် ဖော်ထုတ် နေတာတွေ ရှိပါတယ်။ ဒီအပေါ်မှာ နိုင်ငံတကာကပါ ပါဝင်ကူညီဖို့ ပြောထားတာတွေ ရှိတယ်။ သူတို့တွေနဲ့လည်း တိုင်ပင် ဆွေးနွေးပြီး သူတို့ အကူအညီတွေလည်း လက်ခံသွားဖို့ရှိပါတယ်” ဟု ဦးအောင်မင်းက ဆိုသည်။

ပြည်တွင်းစစ်ပွဲ ငြိမ်းချမ်းရေးအတွက် အလုံးစုံ အပစ်အခတ် ရပ်စဲရေး ဆောင်ရွက်သွားမည် ဖြစ်ရာ နေပြည်တော်တွင် ကျင်းပမည့် ဆွေးနွေးပွဲ၌ နိုင်ငံတကာမှ တာဝန်ရှိသူများ ရှေ့မှောက်တွင် လက်မှတ်ရေးထိုးသွားမည် ဖြစ်ကြောင်း ဦးအောင်မင်းက ဧရာဝတီကို ပြောသည်။

“အလုံးစုံအပစ်အခတ်ရပ်စဲဖို့ အတွက် နိုင်ငံတကာက လူတွေရှေ့မှာ လက်မှတ်ရေးထိုးမှာပါ။ လက်ရှိ ထိုးထားပြီးတဲ့ အချက်တွေက ပြောင်းလဲပြီး ထိုးမှာမဟုတ်ဘူး၊ ဆွေးနွေးပြီးသားတွေကို ပိုခိုင်မာအောင် လုပ်သွားမှာပါ။ တိုင်းရင်းသားတွေ လိုချင်နေတဲ့ နိုင်ငံရေး ဆွေးနွေးပွဲကိုလည်း သမ္မတကြီးက ဆောင်ရွက်ပေးမှာ ဖြစ်တယ်လို့ အကြိမ်ကြိမ် ကတိပြုထား ပြီးပါပြီ။အဲဒီအတိုင်း လုပ်ဆောင်မှာပါ” ဟု သမ္မတရုံးဝန်ကြီးက ဆက်ပြောသည်။

UNHCR ၏ ကမ္ဘာလုံးဆိုင်ရာ ပြောင်းလဲမှုဖြစ်စဉ် အခြေအနေပြ အစီရင်ခံစာအရ တကမ္ဘာလုံးတွင် ဒုက္ခသည် ၁၅ သန်း ရှိသည့်အနက် စစ်ဘေးကြောင့် နိုင်ငံတွင်းမှ ထွက်ပြေးတိမ်းရှောင်နေရသည့် ဒုက္ခသည် ၄ သိန်းကျော်မှာ မြန်မာနိုင်ငံမှ ဖြစ်ကြောင်း ၎င်းတို့မှာ ထိုင်း၊ ဘင်္ဂလားဒေရှ့်၊ အိန္ဒိယနှင့် မလေးရှားတို့တွင် ခိုလှုံနေရကြောင်း သိရသည်။

ဧရာဝတီ

စစ်ဝါဒီတွေရဲ့ အကြောက်ဆုံးကတော့ တိုင်းရင်းသားပေါင်းစုံ ညီညွတ်မှာနဲ့ ဘာသာပေါင်းစုံ ညီညွတ်မှာပဲ ဆိုတဲ့ ရွှေဝါရောင်ဆရာတော် အရှင်ဣဿရိယ



"အခု ဦးဇင်းအဓိက လွမ်းနေတဲ့အချက်က ဒီလို ဦးနုကတောင်မှ ဦးရာရှစ်နဲ့ လက်တွဲပြီးတော့ လုပ်ခဲ့တဲ့ ကိစ္စ၊ ဦးဇင်းတို့ကျတော့ရော ဘာဖြစ်လို့ အစ္စလာမ်နဲ့ ဗုဒ္ဓဘာသာတွဲပြီးတော့ မလုပ်နိုင်ရမှာလဲ၊ လက်တွဲပြီးတော့ ဆောင်ရွက်ကြရအောင်ပါ"

"ဒီစစ်ဝါဒီတွေရဲ့ အကြောက်ဆုံးကတော့ တိုင်းရင်းသား ပေါင်းစုံညီညွတ်မှာနဲ့ ဘာသာပေါင်းစုံ ညီညွတ်မှာကိုပါ။ ဘယ်လက်နက်ကိုင် အဖွဲ့အစည်းကိုမှ သူတို့ ကြောက်နေတာမဟုတ်ဘူး။ အဲဒီတော့ ဒီးနေရာကနေ ဦးဇင်းတိုက်တွန်းချင်တာကတော့ ဒီစစ်အာဏာရှင် အစိုးရရဲ့ မကြိုက်ဆုံးအလုပ်ကို လုပ်ကြရအောင်ပါလို့ တိုက်တွန်းရင်း နိဂုံးချုပ်အပ်ပါတယ်။"

ရွှေဝါရောင်ဆရာတော် အရှင်ဣဿရိယ



မလေးရှားကပြန်လာတာ Pass post အတုကိုင်လာတယ်လို့ စွပ်စွဲခံရတဲ့မြန်မာတစ်ဦး မင်္ဂလာဒုံလေယာဉ်ကွင်းမှာ ဖမ်းခံရ


ယခုလပိုင်းအတွင်း မလေးရှားတွင် မြန်မာတွေသတ်ခံခဲ့ရ ကာ အော်ပရာစီနေသောကြောင့် ကိုယ့် နိုင်ငံ ကိုယ်ပြန်လာကြပါက ပတ်စ်ပို့ မပါလည်း အရေးမယူဘူးဆိုပြီး ဇွန်လ ၂၂ ရက်တွင် ပတ်စ်ပို့ အတုကိုင် လာတယ်လို့ စွပ်စွဲခံရသည့် မြန်မာတစ်ဦးကို ဖမ်းဆီးကာ သေချာပေါက် ထောင်ချပစ်မည်ဟု ပြောကြသည်။

ဖမ်းထားတဲ့ သူ့ကို ပြစ်မှုဆိုင်ရာပုဒ်မ 420 ၊ 468 ၊ 471 & NATIONAL ACT(LA WA KA) 13(1)/ 13 (7)(A)(D) အရဖမ်းတာလို့ မင်္ဂလာဒုံက B.S.I (စစစ)က အရာရှိကြီးကပြောပါတယ်။

“သူ့ကို စံပြအနေနဲ့ဖမ်းတာလေ။ ပတ်စ်ပို့အတုကြီးနဲ့ ပြန်လာတာကို သိသိကြီးနဲ့ လွှတ်ပေးရမှာလား။ ဒီလို အချိန်မှာ လွှတ်ပေးရမယ်ဆိုတာ သဘာဝမှ မကျတာ။ ကျွန်တော့်မှာ ပတ်စ်ပို့မရှိလို့ ပြန်လာပါတယ်ဆို ရိုးရိုး သားသားပြန်လာကြလေ။ ဒီအတိုင်း ပြန်လာတယ် ဘာစာအုပ်မှ မပါရင် မဖမ်းပါဘူး။ ဖမ်းထားတဲ့သူကို တရားစွဲပြီး ထောင်ချရမယ်။”ဟူ၍ သူကပြောပါတယ်။

ဇွန်လ၂၂ ရက်နေ့မှာ MAI No.8M- 502 နှင့် မလေးရှားနိုင်ငံမှ မြန်မာနိုင်ငံ မင်္ဂလာဒုံလေဆိပ်သို့ ပြန်လာသည့် မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ်၊ ပြလို့မြစ်ရွာက လယ်သမား အသက် ၃၃ နှစ်ရှိ ကိုဝင်းထွဋ်ကို လေဆိပ်စစ်ဆေးရေး ကောင်တာမှာ စစ်ဆေးခဲ့ကြပါတယ်။

ယင်းနေ့တွင် မြန်မာ၆၈ ယောက် ပြန်လာကြရာတွင် နိုင်ငံကူးလက်မှတ်အတုကိုင်ကာ တရားမ၀င် ၀င်ရောက်လာတာ ကြောင့် ဖမ်းဆီးခဲ့တယ်လို့ S.B နှစ်ပွင်ကပြောပါတယ်။

မလေးရှားနိုင်ငံက ပြန်ရောက်လာသူတွေမှာ pass post အစစ်ဆိုပေမယ့် အခွန်ဆောင်တဲ့တုံးက အတုဆိုရင် တောင် မဖမ်းပါဘူးလို့ လ.၀.က မှအရာရှိကပြောပါတယ်။ ဒါပေမယ့်လည်း pass postလည်းအတု တုံးကလည်း အတုမို့ ဖမ်းရတာလို့ လူဝင်မူကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဥိးစီးဌာန၊ အမျိုးသားမှတ်ပုံတင်ဌာနက အရာရှိ တစ်ဦး ကပြောပါတယ်။

(သတင်း- အင်တာနတ်သတင်းစဉ်)

အိပ်ခန်းထဲမှ အချစ်ရဲ့ တန်ခိုး


အိပ်ခန်းထဲမှ အချစ်ဟာ သင့်အတွက် ကင်ဆာရောဂါကို အောင်နိုင်ပြီး နှလုံးရောဂါကို ကာကွယ်နိုင်တဲ့ အပြင် အရွယ်တင် နုပျိုစေပါတယ်။ လိင် ဆက်ဆံမှု ပြုလုပ်တာကြောင့် ဘယ်လို အကျိုးကျေးဇူးတွေ ပိုကောင်းမွန်အောင် ဘယ်လိုလုပ်ရမယ် ဆိုတာ ဖော်ပြ လိုက်ပါတယ်။
၁။ အရွယ်တင်နုပျိုစေပါတယ်

တစ်ပတ်ကို အနည်းဆုံး လေးကြိမ် လိင်ဆက်ဆံမှု ပြုလုပ်တဲ့ လင်မယားတွေဟာ ပုံမှန် လူကြီးတွေထက် ၁၀ နှစ်ကျော်ခန့် ပိုပြီး အရွယ်တင်နုပျို စေနိုင်တယ်လို့ Royal Edinburhg ဆေးရုံမှ သုတေ သန ပြုလုပ်ချက်အရ သိရပါတယ်။ “လိင်ဆက်ဆံ မှုကြောင့် ရရှိတဲ့ ပျော်ရွှင် ကျေနပ်မှုဟာ အရွယ်တင် နုပျိုဖို့အတွက် အရေးကြီး အချက် ဖြစ်တဲ့ adrenaline, dopamine နဲ့ noradrenalin တွေ ထုတ်လုပ်နိုင် ပါတယ်” လို့ အာရုံကြောနဲ့ စိတ်ပိုင်းဆိုင်ရာ အထူးကု Dr.Dowid က ပြောပါတယ်။

“ဒါ့အပြင် လိင်ဆက်ဆံမှုကြောင့် Growth ဟော်မုန်းတွေ ထွက်လာပြီး လေထု ညစ်ညမ်း မှုကြောင့် ရရှိလာတဲ့ ဓာတ်တိုးပစ္စည်းတွေကို တိုက်ခိုက်နိုင်ပါတယ်။ ဒါကြောင့် အရေပြား Cell နံရံတွေ မပျက်စီးအောင် ထိန်းနိုင်ပြီး ကြွက်သားတွေ Relax ရစေကာ အရေးအကြောင်းတွေ မပေါ်အောင် ကူညီနိုင်ပါတယ်” လို့ ဆက်ပြောပါတယ်။

ပိုမိုကောင်းမွန်အောင်

ကာမဂုဏ် လိုက်စားတာ မဟုတ်ဘဲ သင်ရဲ့ ဇနီးမယားနဲ့ ပုံမှန် လိင်ဆက်ဆံမှု လုပ်တာကြောင့် စိုးရိမ် ကြောင့်ကြမှု များတာနဲ့ မိမိကိုယ်ကို လုံခြုံမှုမရှိတာလိုမျိုး အချက်တွေ မရှိတော့ဘဲ ငယ်ရွယ် နုပျိုအောင် နေနိုင်ပါတယ်။ အိမ်ထောင်သည် အသက်ရှည်ရတဲ့ သော့ချက်တွေ အနေနဲ့ ဓာတုပစ္စည်း Response တွေရအောင် လှုံ့ဆော်မှု အနေနဲ့ လင်မယားချင်း ပွေ့ဖက်တာနဲ့ ထိတွေ့ကိုင်တွယ်မှု လုပ်တာတွေကို ၁၅ မိနစ်ခန့် လိင်ဆက်ဆံမှု မပြုလုပ်ခင်နဲ့ ပြုလုပ် အပြီးမှာ ပြုလုပ်ပေးပါ။

၂။ အအေးမိရောဂါကို ကာကွယ်နိုင်ပါတယ်

တစ်ပတ်ကို အနည်းဆုံးနှစ်ကြိမ် လိင်ဆက်ဆံမှုကြောင့် အအေးမိရောဂါနဲ့ တခြား ဗိုင်းရပ်စ် ရောဂါတွေကို ကာကွယ်နိုင်တဲ့ Antibody ဖြစ်တဲ့ Immunoglobulin ရာခိုင်နှုန်း မြင့်တက် လာနိုင်တယ်လို့ wikes တက္ကသိုလ်မှ လေ့လာသူတွေက တွေ့ရှိခဲ့ပါတယ်။

ပိုမိုကောင်းမွန်အောင်

ဒီလို သဘာဝအလျောက်ထွက်လာတဲ့ Antibodies တွေ ပိုရရှိအောင် Sex ကို အချိန် ကြာကြာ လုပ်ပေးရပါမယ်။ ဒါကြောင့် လိင်ဆက်ဆံမှုကို Position မျိုးစုံလုပ်ပေးပါ။

၃။ ကင်ဆာကို ကာကွယ်နိုင်ပါတယ်

အသက် ၂၀ အရွယ်မှာ တစ်ပတ်ကို အနည်းဆုံး ခုနှစ်ကြိမ် သုက်လွှတ်တဲ့ အမျိုးသားတွေဟာ တစ်ပတ်ကို သုံးကြိမ်လောက်သာ သုက်လွှတ်တဲ့ အမျိုးသားတွေထက် အသက်ကြီးလာရင် ဆီးကျိတ်ကင်ဆာ ဖြစ်နိုင်ခြေသုံးဆ နည်းတယ်လို့ သြစတြေးလျ ကင်ဆာ အဖွဲ့မှ လေ့လာမှုအရ သိရပါတယ်။ မကြာခဏ သုက်လွှတ်တာကြောင့် ဆီးကျိတ်ပြွန်ထဲမှ ကင်ဆာ ဖြစ်စေနိုင်တဲ့ Carcinogens စုဆောင်းမှု မဖြစ်အောင် ကာကွယ်နိုင်ပါတယ်လို့ သုတေသန ခေါင်းဆောင် ပါမောက္ခ Graham Giles က ပြောပါတယ်။

ပိုမိုကောင်းမွန်အောင်

တစ်နေ့တည်းကို ခဏခဏ သုက်လွှတ်မည့်အစား နေ့စဉ်တစ်ကြိမ်စီ သုက်လွှတ် ပေးတာဟာ အကျိုးရှိဆုံးပါ။

၎။ နာကျင်မှု ပျောက်စေပါတယ်

လိင်ဆက်ဆံပြီးနောက် စိတ်ကျေနပ်မှု ရနေတာဟာ နာကျင်မှုကို သက်သာစေတယ်လို့ Biology and Medicine ဂျာနယ်မှ သုတေသနပြုချက်အရ သိရပါတယ်။ လိင်ဆက်ဆံမှု ကြောင့် ခန္ဓာကိုယ်ရဲ့ သဘာဝ အကိုက်အခဲ ပျောက်ဆေး Endorphins တွေဟာ တစ်မိနစ် အတွက် သုံးဆလောက် မြင့်တက် လာပါတယ်လို့ အင်္ဂလန်နိုင်ငံ Paisley တက္ကသိုလ်မှ Sexual Psychologisl ကပြောပါတယ်။ လိင်ဆက်ဆံမှုကြောင့် ခါးနောက်ကျော နာတာနဲ့ ခေါင်းတစ်ခြမ်းကိုက် ဝေဒနာတွေ သက်သာသွားတဲ့ အထောက် အထားတွေ ရှိတယ်လို့ ဆိုပါတယ်။

ပိုမိုကောင်းမွန်အောင်

သင့်မှာ နာကျင်မှုရှိနေရင် ကြမ်းတမ်းတဲ့ လိင်ဆက်ဆံမှုကို ရှောင်ပါ။ ညင်ညင်သာသာ နှေးနှေး ကွေးကွေးနဲ့ အချိန်ကြာတဲ့ ဆက်ဆံနည်းကို အသုံးပြုပါ။ နာကျင်မှု ပိုမို သက်သာအောင် ပိုတက်စီယမ် ပါဝင်မှုများတဲ့ စပျစ်သီးတွေ စားပေးပါ။

မြ၀တီ

တော်ဝင်ဆုထူးပန်တာဝါ ဆောက်ရန်ကိစ္စနှင့် ပတ်သက်၍ အကယ်ဒမီ ဒေါ်ဝါ၀ါဝင်းရွှေနှင့် Father Land ကုမ္ပဏီတို့ အပြန်အလှန်ရှင်းလင်း

ဇွန် ၂၂ ရက်က Father Land ဆောက်လုပ်ရေး ကုမ္ပဏီမှ ရှင်းလင်းနေစဉ်

တော်ဝင်ဆုထူးပန်တာဝါ ဆောက်လုပ်မည့် ကိစ္စနှင့် ပတ်သက်၍ အကယ်ဒမီ ဒေါ်ဝါ၀ါဝင်းရွှေနှင့် Father Land ဆောက်လုပ်ရေး ကုမ္ပဏီတို့ ဇွန်လ ၂၂ ရက်နှင့် ၂၃ ရက်နေ့များတွင် သတင်းမီဒီယာများအား ရှင်းလင်းခဲ့ကြောင်း သိရသည်။
"အန်တီဝါပိုင်တဲ့ မြေပေါ်မှာ ဆုထူးပန်တာဝါ (၁၂ ထပ် အဆောက်အအုံ) ဆောက်ဖို့ Father Land ကုမ္ပဏီကို ကန်ထရိုက် ငှားခဲ့တာပါ။ အဲဒီအတွက် ၂၀၁၂ ခုနှစ် ဧပြီလ ၂၃ ရက်နေ့မှာ စာချုပ်ချုပ်ခဲ့ပါတယ်။ ဒါပေမဲ့ အခုအချိန် တစ်နှစ်ကျော်တဲ့ အချိန်အထိ ဘာမှအကောင်အထည် မဖော်နိုင်သေးပါဘူး။ စာချုပ်စချုပ်တဲ့နေ့မှာ စရန်ငွေကျပ်သိန်း ၁၀၀၀ ပေးတယ်။ ဒုတိယအကြိမ် လုပ်ငန်းသဘောအရ ကျပ်သိန်း ၇၀၀၀ ထပ်ပေးခဲ့ပါတယ်။ စည်ပင်သာယာဘက်ကို ဆောက်လုပ်ခွင့် တင်ပြဖို့ အပိုင်းကိုလည်း တာဝန်ယူမယ်လို့ ပြောပြီးတော့ ဘာမှလှုပ်ရှားမှု မရှိခဲ့ပါဘူး။ သိန်းပေါင်း ၈၀၀၀ ယူပြီးနောက်ပိုင်း ကျပ်သိန်း ၁၀၀၀ ကို ငွေအရမ်းကျပ်နေလို့ဆိုပြီး ထပ်တောင်းပါတယ်။ စုစုပေါင်းကျပ် သိန်း ၉၀၀၀ ပါ။  ဒါပေမဲ့ ဘာမှမလုပ်ပြနိုင်ပါဘူး။ အခုအချိန်ထိလည်း အန်တီဝါ မြေပေါ်မှာ ပိုင် ၁ ချောင်းတောင် မရိုက်ရသေးပါဘူး။ ဒါကြောင့် မီဒီယာတွေကို အခုလို ခေါ်ရှင်းတာပါ။ ဒီနေ့ကစပြီး Father Land ကုမ္ပဏီနဲ့ ချုပ်ထားတဲ့ စာချုပ်ကို တရားဝင် ဖျက်သိမ်းလိုက်ပါပြီ။ အန်တီ ဒီကိစ္စကိုလုပ်တာ လူမျိုးရေး၊ ဘာသာရေး၊ နိုင်ငံရေး လုံးဝမပါပါဘူး" ဟု ဒေါ်ဝါ၀ါဝင်းရွှေက ရှင်းလင်းခဲ့သည်။
"လူမှုရေးအပိုင်း အရမှာလည်း ဒီနှစ်ဖေဖော်ဝါရီလ ၉ ရက်မှာ ဆူထူးပန်တာဝါရှေ့ မြေကွက်မှာ ညသန်းခေါင်ယံအချိန် ဦးကျော်မြင့် အပါအ၀င် လူ ၄ ဦးက အမဲသားပေါ်မှာ ဖယောင်းတိုင် လာထွန်းတယ်။ အဲဒါကို အဲဒီနားမှာနေတဲ့ သူတွေတွေ့တယ်။ အန်တီဝါ့ကိုပြောတော့ အန်တီဝါက သူ့တို့ဘာသာအရ လုပ်ငန်းအောင်မြင်အောင် လုပ်တာပဲဆိုပြီး တွေးခဲ့တယ်။ နောက်တစ်ပတ်လောက်ကြာတော့ အဲဒီလိုပဲ သူကိုယ်တိုင်လာပြီး ထပ်ထွန်းပါတယ်။ နောက်ဆုံးအကြိမ် ဖေဖော်ဝါရီလ ၁၇ ရက် နေ့မှာ ထပ်လုပ်ပါတယ်။ အဲဒီလိုလုပ်ပြီး သူတို့ပြန်သွားတော့ အဲဒီနားမှာနေတဲ့ လင်မယားနှစ်ယောက်က အနားကိုသွားပြီး မီးလောင်နေတဲ့ ပစ္စည်းတွေကို သဲနဲ့ပက်ငြှိမ်းပြီး ပစ္စည်းတွေ သွားယူခဲ့တယ်။ သူတို့ယူလာတဲ့ ပစ္စည်းတွေကို ကြည့်လိုက်တော့ အန်တီဝါ ဓာတ်ပုံအောက်မှာ အင်းကွက်တွေချထားပြီး ဆေးဖယောင်းတွေနဲ့ မီးထွန်းထားတာ ဓာတ်ပုံကို မီးလောင်နေပြီ။ အဲဒါကို အန်တီဝါသိတော့ အင်မတန် ၀မ်းနည်းခဲ့ရတယ်။ အဲဒါနဲ့ နောက်တစ်နေ့မှာ ဦးကျော်မြင့်ကိုခေါ်ပြီး ပြတယ်။ ဒီကိစ္စ မင်းကိုယ်တိုင် လုပ်သလားလို့မေးတော့ သူကိုယ်တိုင်လုပ်တာပါလို့ ၀န်ခံခဲ့ပါတယ်။ သူက အဲဒါကောင်းဖို့ လုပ်တာလို့လည်း ပြောပါတယ်။ စဉ်းစားကြည့်ပါ။ ကောင်းဖို့လုပ်တာဆိုရင် ဓာတ်ပုံကို မီးရှို့မလားလို့ မေးလိုက်တယ်။ အဲဒီမှာသူက ဒီအဆောက်အအုံကို သူနဲ့ဆက်မဆောက်လို့ ရပါတယ်လို့ ပြောသွားပါတယ်။ အန်တီဝါ အဲဒီအချိန်တုန်းက မိတ္ထီလာမှာ လူမျိုးရေး ပဋိပက္ခတွေ ဖြစ်နေတဲ့ အချိန်မို့လို့ နှုတ်ပိတ်နေခဲ့တယ်။ ဒီလို အောက်လမ်းနည်းအရ အန်တီဝါ့ကို တိုက်ခိုက်တယ်ဆိုတော့ အန်တီဝါဘယ်လိုမှ ဆက်မလုပ်နိုင်တော့သလို Father Land ဆောက်လုပ်ရေးနဲ့လည်း လုံးဝမသက်ဆိုင်တော့ပါဘူး" ဟု ဒေါ်ဝါ၀ါဝင်းရွှေက ဆက်လက်ရှင်းပြခဲ့သည်။
လုပ်ငန်း ဆက်မလုပ်ဖြစ်တော့၍ စရံအဖြစ် ပေးချေထားသည့် ငွေများအား ပြန်ပေးရန် ၁၁ ကြိမ်တိတိ ဒေါ်ဝါ၀ါဝင်းရွှေ၏ရှေ့နေ ဦးသန်းဋ္ဌေးမှတစ်ဆင့် ညှိနှိုင်းခဲ့ကြောင်း၊ ငွေများကို အရစ်များခွဲ၍ ပြန်ပေးဖို့ သဘောတူညှိနှိုင်းရန် ဇွန်လ ၂၁ ရက်နေ့အထိ ပြောခဲ့သော်လည်း Father Land လာရောက်ခြင်း မပြုခဲ့ဘဲ ရှောင်နေကြောင်း၊ ယင်းနောက်ပိုင်း ၎င်းတို့နှင့် ဆက်မလုပ်ဘဲ မြေအားပြန်ပေးရန်ပြောတော့ မြေပြန်လိုချင်ပါက စရန်ငွေအဖြစ် ကျပ်သိန်း ၉၀၀၀ အဆုံးခံရမည်ဖြစ်ကြောင်း ပြောသဖြင့် မြေကြီးအား ကျပ်သိန်း ၉၀၀၀ ဖြင့် ရွေးယူရမည့်သဘော ဖြစ်နေကြောင်း ဒေါ်ဝါ၀ါဝင်းရွှေ ဆက်လက်ရှင်းပြခဲ့သည်။
ယခု ဆုထူးပန် တာဝါအား ဆောက်လုပ်မှု ရပ်ဆိုင်းထားပြီး လုပ်ငန်းအပ်နှံသူ ဒေါ်ဝါ၀ါဝင်းရွှေမှ ပေးချေသည့် ငွေပမာဏ မူလသဘောတူထားသည့် ၁၂ ထပ် အဆောက်အအုံ ဆောက်လုပ်ရမည့် ငွေပမာဏပင် မပြည့်မီကြောင်း၊ ထပ်မံသဘောတူခဲ့သည့် ၂၁ ထပ် ဆောက်လုပ်ရန်မှာ မဖြစ်နိုင်ခြင်းကြောင့် လုပ်ငန်းရပ်ဆိုင်းထားရခြင်း ဖြစ်ကြောင်း၊ အကယ်၍ လုပ်ငန်းအပ်နှံသူဘက်မှ လုပ်ငန်းဆက်မလုပ် ဖြစ်ပါက ပေးချေထားသည့် စရံငွေ ကျပ်သိန်း ၉၀၀၀ ပြန်ပေးမည် မဟုတ်ဘဲ ဆုံးရှုံးမည် ဖြစ်သည်ကို အကြောင်းပြန်ထားကြောင်း ဇွန်လ ၂၂ ရက်နေ့တွင် Father Land ဆောက်လုပ်ရေး ကုမ္ပဏီမှ တာဝန်ရှိသူများက သတင်းမီဒီယာများကို ရှင်းလင်းခဲ့သည်။

ဇွန် ၂၂ ရက်က Father Land ဆောက်လုပ်ရေး ကုမ္ပဏီမှ ရှင်းလင်းနေစဉ်
"အဓိက ပြဿနာက လုပ်ငန်းအပ်နှံသူဘက်က ပေးချေတဲ့ ငွေပမာဏ မပြည့်မီတာရယ်၊ သတင်းစာမှာ လူနေအိမ်ခန်းတွေ ရောင်းပေးဖို့ ကြော်ငြာတဲ့ ကိစ္စတွေကြောင့် အခုလို လုပ်ငန်းရပ်ထားရပြီး မီဒီယာတွေကို ရှင်းလင်းတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ဘက်ကတော့ လုပ်ငန်းအပ်နှံသူက ငွေအပြည့်အ၀ ပေးမယ်ဆိုရင် ရှေ့ဆက်ပြီး လုပ်ချင်ပါတယ်။ ကျွန်တော်တို့ကလည်း ဆက်ပြီးလုပ်မယ် ဆိုရင်လုပ်မယ်။ ဆက်မလုပ်ရင် စရံဆုံးမယ်လို့ သူတို့ကို အကြောင်းပြန်ထားပါတယ်။ ဒါပေမဲ့လည်း ကျွန်တော်တို့ဘက်က တတ်နိုင်သလောက် ညှိနှိုင်းပြီးလုပ်ဖို့ တံခါးဖွင့်ပေး ထားပါတယ်" ဟုလည်း Father Land ဆောက်လုပ်ရေး ကုမ္ပဏီမှ တာဝန်ရှိသူများက ဇွန်လ ၂၂ ရက်နေ့ သတင်းမီဒီယာများ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
ကျပ်သိန်း ၉၀၀၀ ပြန်ပေးရန် ရှောင်နေသည့်အတွက် ဒေါ်ဝါ၀ါဝင်းရွှေ အနေဖြင့် Father Land ဆောက်လုပ်ရေး ကုမ္ပဏီဥက္ကဋ္ဌ ဦးကျော်မြင့်အား တရားစွဲဆိုမည်လားဟု သတင်းမီဒီယာများ၏ မေးမြန်းချက်ကို "ဆောက်လုပ်ရေး လုပ်ငန်းအကြောင်း နားမလည်လို့ သူ့ကိုပုံအပ်ခဲ့တာ ဖြစ်ပါတယ်။ သူက အခုသိန်း ၉၀၀၀ ပြန်ပေးဖို့ကို ရှောင်နေတယ်။ သူမတရားလုပ်ပြီး သိန်း ၉၀၀၀ ကို စားမယ်ဆိုရင်လည်း စားပါစေ။ ဒါပေမဲ့ သိန်း ၉၀၀၀ ဆိုတာ မနည်းပါဘူး။ ပြန်မယူဘူးလို့လည်း မဟုတ်ပါဘူး။ ရှေ့ဆက်လုပ်မယ့် ကိစ္စကို အချိန်ယူပြီး စဉ်းစားမှာပါ" ဟု ပြန်လည်ဖြေကြားခဲ့သည်။
ကျပ်သိန်း ၉၀၀၀ မပေးချင်၍ ရှောင်နေသည့် အပေါ်တွင် Father Land ဆောက်လုပ်ရေး ကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးက ယင်းကိစ္စမှာ မဟုတ်မှန်ကြောင်းလည်း ဇွန်လ ၂၂ ရက်နေ့တွင် ပြောကြားခဲ့သည်။
ဒေါ်ဝါ၀ါဝင်းရွှေ၏ ရှေ့နေဖြစ်သူ ဦးသန်းဋ္ဌေးက "ဒီကိစ္စမှာ ငွေကိုအလွဲသုံးစား လုပ်တဲ့အတွက် တရားစွဲလို့ ရပါတယ်။ ဒါပေမဲ့ ဒေါ်ဝါ၀ါဝင်းရွှေ အနေနဲ့ ဥပဒေကြောင်းအရ မလုပ်ဘူးလို့ ပြောပါတယ်။ ကာယကံရှင် ခွင့်ပြုချက် ရရင်တော့ တရားစွဲမှာပါ" ဟု ပြောကြားခဲ့သည်။
ထို့ပြင် ဇွန်လ ၂၄ ရက်နေ့ နိုင်ငံပိုင် သတင်းစာတွင်လည်း ဆုထူးပန်တာဝါ ဆောက်လုပ်မည့် မြေပေါ်မှ Father Land ဆောက်လုပ်ရေး ကုမ္ပဏီအား ၂၄ နာရီအတွင်း ထွက်ခွာပေးရန် ဒေါ်ဝါ၀ါဝင်းရွှေဘက်မှ ကြေညာသွားမည် ဖြစ်ကြောင်းလည်း သိရသည်။

Eleven