မလေးရှားတွင် မြန်မာနိုင်ငံသားတစ်ဦး ကွန်တိန်နာအတွင်း သေဆုံး


မလေးရှားနိုင်ငံ ပီနန်ကျွန်းတွင် လာရောက် အလုပ်လုပ်နေသော မြန်မာနိုင်ငံသားတစ်ဦးကို စွန့်ပစ်သတ္တုပစ္စည်းများ စုဆောင်းသည့် Jalan Siput Kepah အရပ်ရှိ ကွန်တိန်နာ တစ်လုံးအတွင်း သေဆုံးနေသည့်ကို တွေ့ရကြောင်း မလေးရှားနိုင်ငံ အခြေစိုက် သတင်းမီဒီယာများတွင် ဖော်ပြထားသည်။

အသက် ၂၆ နှစ်အရွယ် မြန်မာနိုင်ငံသား ဦးသန့်ဇင်လင်းကို ၎င်း၏ အခန်းဖော်များက ချွန်ထက်သော ကိရိယာများဖြင့် အကြိမ်ကြိမ် ထိုးနှက်သတ်ဖြတ်ခဲ့ကြောင်း အိမ်နီးချင်းတစ်ဦး၏ ပြောကြားချက်အရ သိရသည်ဟု မလေးရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

အဆိုပါ သက်သေထွက်ဆိုသူ အိမ်နီးချင်းက သြဂုတ်လ ၂၂ ရက်နေ့ ည ၁၂ နာရီကျော်ခန့်တွင် ကပ်လျက်အိမ်၌ ဆူညံသံများ၊ အော်ဟစ်ရုန်းကန်သံများ ကြား၍ အခန်းထဲသို့ ချောင်းကြည်ရာ ဦးသန့်ဇင်လင်းသည် သွေးအိုင်ထဲတွင် လဲနေသည်ကိုတွေ့၍ ရဲတပ်ဖွဲ့ထံ တိုင်ကြားခဲ့ခြင်း ဖြစ်သည်။

ဦးသန့်ဇင်လင်းကို သတ်ဖြတ်ခဲ့သည်ဟု ယူဆရသည့် အခန်းဖော် Joe နှင့် Mai တို့သည် သြဂုတ်လ ၂၂ ရက် နေ့ ည ၁၂ ကျော် နောက်ပိုင်းက ပင် ပျောက်ဆုံးနေခဲ့ကြောင်း၊ ၎င်းတို့နှစ်ဦးကို ဖမ်းဝရမ်းထုတ်ထားပြီး ဖမ်းမိပါက မလေးရှား ပီနန်ဥပဒေပုဒ်မ ၃၀၂ အရ လူသတ်မှုဖြင့် အရေးယူသွားမည် ဖြစ်ကြောင်း ယင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

ဦးသန့်ဇင်လင်းသည် မလေးရှားနိုင်ငံတွင် အလုပ်လုပ်နေသူဖြစ်ပြီး ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးမှ ထုတ်ပေးသော ပြည်တွင်းနေထိုင်ခွင့် အမှတ်အသား ကတ်ပြားကို ကိုင်ဆောင်ထားသူတစ်ဦး ဖြစ်သည်။
The Voice

ဆီးချိုသမားများ ခရီးထွက်လျှင် လိုက်နာရမည့်အချက်များ



ဆီးချိုသမား ခရီးရှည် ထွက်ပြီဆိုရင် လိုက်နာသင့်တဲ့ အချက်တွေ ရှိပါတယ်။
(၁) ဆီးချိုဆေးတွေ အလုံအလောက် ယူသွားဖို့ လိုပါတယ်။

(၂) ဆီးချိုရောဂါနဲ့ တွဲပြီး တခြား သွေးတိုးရောဂါ၊ နှလုံးရောဂါ စတဲ့ ရောဂါတွေ ရှိနေရင် အဲဒီ တခြားရောဂါတွေအတွက် ဆရာဝန် ညွှန်ကြားထားတဲ့ ဆေးတွေကိုလည်း ဆောင်ထားဖို့ လိုပါတယ်။

(၃) နောက်ပြီး ဆီးချိုသမားတွေက မူးတတ်ပါတယ်။ ဒါကြောင့် အမူးပျောက်ဆေးတွေလည်း ဆောင်သွားသင့်ပါတယ်။

(၄) တချို့ အန်တတ်တဲ့ ဆီးချိုသမားတွေလည်း ရှိပါတယ်။ အန်တတ်တယ်ဆိုရင်လည်း အအန်ပျောက်တဲ့ ဆေးတွေကို ဆောင်သွားရပါမယ်။

(၅) ဆီးချိုသမားအတွက် အရေးအကြီးဆုံး ဆောင်ထားရမှာကတော့ ဆီးချိုတိုင်းကိရိယာပဲ ဖြစ်ပါတယ်။ ဆီးချိုသမားတွေက ခရီးရှည်သွားရင်း၊ လာရင်း၊ စားရင်း၊ သောက်ရင်းနဲ့ သွေးတွင်းသကြားဓာတ် တက်လို့ တက်နေမှန်း မသိတာမျိုး ဖြစ်တတ်ပါတယ်။ ဒါကြောင့် ဆီချိုတိုင်းစက်လေးကို ဆောင်ထားပြီး မကြာခန တိုင်းပေးသင့်ပါတယ်။

(၆) ခရီးသွားတဲ့အချိန် ကြာတယ်ဆိုရင် ထိုင်နေရတာ ခြေထောက်ကို အောက်ချထားရတဲ့အတွက် ဆီးချိုသမားတွေမှာ သွေးပြန်ကြောပိတ်တာမျိုး ဖြစ်တတ်ပါတယ်။ ခြေထောက် သွေးပြန်ကြော မပိတ်စေဖို့ ခြေထောက်ကို အကြာကြီး ချထားရတယ်ဆိုရင် လေ့ကျင့်ခန်းအနေနဲ့ ပေါ့ပေါ့ပါးပါး လုပ်ရတဲ့ လှုပ်ရှားမှုလေးတွေကို လုပ်ပေးဖို့ လိုအပ်ပါတယ်။ နိုင်ငံခြားခရီးရှည် သွားတယ်ဆိုရင် လေယာဉ်ပေါ်မှာ လေ့ကျင့်ခန်းလေးတွေ လုပ်ခိုင်းတာ ရှိပါတယ်။ လေ့ကျင့်ခန်းလုပ်တယ် ဆိုတာလည်း အထွေအထူးတော့ မဟုတ်ပါဘူး။ ထိုင်နေရင်းနဲ့ပဲ ခြေဖဝါးကို လှန်လိုက်၊ ကော့လိုက် လုပ်ပေးခိုင်းတာပါ။

(၇) နောက်တစ်ချက်ကတော့ ဆီးချိုသမားတွေက ခရီးသွားရင် အအေးမိတာ၊ နှာစေးတာ၊ ချောင်းဆိုးတာတွေ ဖြစ်တတ်ပါတယ်။ ဆီးချိုသမားတွေက များသောအားဖြင့် နေမကောင်း ဖြစ်ပြီဆိုရင် အစာကို ကောင်းကောင်း မစားနိုင်တော့ပါဘူး။ အစာ မစားတဲအတွက် လူနာက သူ့ဘာသာသူ ဆီးချိုဆေးကို ရပ်ပစ်လိုက်ပါတယ်။ အဲဒါ တကယ်တမ်းတော့ မှားပါတယ်။ ဘာလို့လဲဆိုရင် ဆီးချိုသမားတစ်ယောက် အနေနဲ့ ရောဂါပိုး တစ်ခုခု (Infection) ဝင်သွားပြီဆိုရင် စိတ်ဖိစီးမှု Stress တွေ ဖြစ်လာတာကို တွေ့ရပါတယ်။ အဲဒီ စိတ်ဖိစီးမှုတွေက သွေးတွင်း သကြားဓာတ်ကို ပိုတက်စေနိုင်ပါတယ်။ ဒါကြောင့် ဆီးချိုသမားတွေ ဖျားတိုင်းဖျားတိုင်း ဆီးချိုရောဂါကုဆေးကို ဖြတ်လိုက်တယ်ဆိုတာတွေ မလုပ်သင့်ပါဘူး။ ဆီးချိုသမား ဖျားလို့ရှိရင် ဆီးချိုရောဂါဆေးကို လုံးဝ မဖြတ်ပစ်လိုက်ပါနဲ့။ သွေးတွင်း သကြားဓာတ်ကို ခဏခဏ စစ်ပေးပါ။ သွေးတွင်း သကြားဓာတ် အတက်အကျအလိုက် လိုရင်လိုသလို ဆေးကို တိုးတာ၊ လျှော့တာတွေ လုပ်ပြီး သောက်ရပါမယ်။ ဆီးချိုရောဂါကုဆေးကို လုံးဝ ဖြတ်လိုက်ဖို့တော့ ဆရာတို့က အားမပေးပါဘူး။

ဆီးချိုသမားတွေ ခရီးရှည်သွားတဲ့ အခါမှာ ကိုယ်လိုအပ်တဲ့ ဆေးတွေကို အလုံအလောက် ယူသွားဖို့လည်း အရေးကြီးပါတယ်။ ဆေးဝါးတွေကို အတိအကျပဲ ယူသွားတာမျိုး မလုပ်သင့်ပါဘူး။ ဥပမာ- သုံးလလောက်ကြာမယ့် ခရီးရှည်ကို သွားဖို့ ရှိတယ်ဆိုရင် ဆေးဝါးတွေကို ငါးလစာလောက် ယူသွားဖို့ လိုအပ်ပါတယ်။ တစ်ခါတလေမှာ ဆီးချို အတက်အကျ ဖြစ်တာတွေကြောင့် ပိုသောက်ရတာမျိုးတွေ လုပ်ရပါတယ်။ အဲဒီအခါတွေမှာ လုံလောက်ဖို့အတွက် ပိုပြီးယူသွားဖို့ လိုအပ်ပါတယ်။ နောက်ပိုင်း ထိုးကြတဲ့ ဆေးတွေမှာတော့ ပမ်တွေရှိပါတယ်။ အဲဒါတွေကတော့ ရေခဲပုံးနဲ့ ယူစရာ မလိုပါဘူး။


By ဒေါက်တာဦးကိုကို

ချယ်ရီကိုးလ် သူမရဲ့ Tatto များကိုထုတ်ဖော်ပြသ




နာမည်ကျော်အောင်မြင်တဲ့ Celebrity တွေတော်တော်များများဟာ ခန္ဓာကိုယ်
မှာ tatto ဆွဲတဲ့ ယဉ်ကျေးမူဟာယခုနောက်ပိုင်းတော်တော်များများလုပ်လာ
တာကို မြင်တွေ့နေရပါတယ်။

အချို့က မိမိရဲ့  အထိမ်းအမှတ်တစ်ခု ခုကြောင့် ရေးဆွဲတတ်ကြသလို၊အချို့က
အလှအပ အတွက်ရေးဆွဲတတ်ကြပါတယ်။

ချယ်ရီကိုးလ်ကတော့ သူမရဲ့ အထိမ်းအမှတ်ကြောင့်လား အလှအပကြောင့်
လား၊ဝါသနာကြောင့်လား ဆိုတာတော့ မေးခွန်းထုတ်သူတွေကတော့
ထုတ်နေကြပါတယ်။

အကြောင်းကတော့ သူမရဲ့  Tatto ဟာလူတွေပိုစိတ်ဝင်စားတဲ့ နေရာမှာ
ရေးထိုးစေတာက မီဒီယာစာမျက်နှာမှာ နာမည်ကြီးစေခဲ့ပါတယ်။

ယခင်က ချယ်ရီကိုးလ်တစ်ယောက် tatto ထိုးတယ်လို့ သတင်းထွက်ပေါ်ခဲ့ပေ
မယ့် သူမဘယ်နေရာမှာထိုးတယ်ဆိုကိုဘယ်သူမှမသိခဲ့ပါဘူး။အဲတုန်းကလည်း
အရုပ်ကထိုးလို့မပြီးသေးတဲ့အတွက် ထုတ်ဖော်ပြသခြင်းမရှိဘူးလို့ဆိုနိုင်ပါ
တယ်။

ယခုသူမပြသလိုက်တဲ့ Tatto ကတော့ဆေးရောင်စုံတွေနဲ့ချယ်သထားတာကို
မြင်တွေ့ရမှာဖြစ်ပြီး သူဘာကြောင့်ထိုးတယ်ဆိုတာကတော့.........

myawady

ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌနှင့် ရန်ကုန်တိုင်း ဗီဒီယိုအခြေခံအဖွဲ့ ဥက္ကဋ္ဌတို့ အပြန်အလှန် တရားစွဲ



ရန်ကုန်တိုင်း ဗီဒီယိုအခြေခံအဖွဲ့ ဥက္ကဋ္ဌ ဒေါ်စန်းစန်းမော် (ဆုဗီဒီယိုထုတ်လုပ်ရေး) ကို မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက သြဂုတ်လ ၉ ရက်နေ့တွင် တာဝန်မှ ရပ်ဆိုင်းလိုက်ကြောင်း သတင်းထုတ်ပြန်ခဲ့သော်လည်း ၎င်းသည် အမှတ် ၁၆၊ ဝင်္ကဘာလမ်း၊ ငါးထပ်ကြီးအနောက်ရပ်ကွက် ဗဟန်းမြို့နယ်ရှိ ရန်ကုန်တိုင်း ဗီဒီယိုအခြေခံအဖွဲ့ ရုံးခန်းကို ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများထံ ခွင့်ပြုချက် တောင်းခံခြင်းမရှိဘဲ ကျူးကျော် ဝင်ရောက်ကာ ဆက်လက်သုံးစွဲနေသဖြင့် အရေးယူပေးပါရန် ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ သရုပ်ဆောင်လူမင်းက ဗဟန်းမြို့နယ် ရဲစခန်းသို့ သြဂုတ်လ ၂၃ ရက်နေ့တွင် တိုင်ကြားခဲ့ကြောင်း ကာယကံရှင်များက ပြောကြားသည်။

ယင်းသို့ တိုင်တန်းမှုအပေါ် ရန်ကုန်တိုင်း ဗီဒီယိုအခြေခံအဖွဲ့ ဥက္ကဋ္ဌ ဒေါ်စန်းစန်းမော်က“သူ့ဘက်က ကျွန်မကို ကြိုက်တဲ့ ပုဒ်မနဲ့ တရားစွဲလို့ရပါတယ်။ ကျွန်မဘက်ကလည်းသူ့ကို ရန်ကုန်တိုင်း ဗီဒီယို အခြေခံအဖွဲ့ ဥက္ကဋ္ဌအဖြစ်က မတရား ထုတ်ပယ်မှု၊ ကျွန်မရဲ့ဂုဏ်သိက္ခာ ကျဆင်းအောင် မဟုတ် တမ်းတရား စာသားတွေနဲ့ ရုပ်ရှင်အစည်းအရုံး ဝက်ဘ်ဆိုက်မှာ စာတွေဖြန့်ဝေမှု၊ ကျွန်မရဲ့ တာဝန်ဝတ္တရားတွေကို မဆောင်ရွက်နိုင်အောင် ရုံးခန်းကို ပိတ်ဆို့ထားမှုတွေနဲ့ သြဂုတ်လ ၁၃ ရက်ကစပြီး တရားစွဲဖို့ လုပ်ထားပါတယ်။ သူနဲ့ကျွန်မ တရားရုံးမှာ တွေ့ကြတာပေါ့” ဟု သူ၏သဘောထားကို ဖွင့်ဟသည်။

ယင်းသို့ အပြန်အလှန် တရားစွဲဆိုမှုများသည် ၎င်းတို့၏ ပုဂ္ဂိုလ်ရေး ကိစ္စများသာဖြစ်ပြီး မိမိတို့နှင့် မသက်ဆိုင်ကြောင်း၊ အနုပညာလောက ကောင်းကျိုးအတွက် လုပ်ကြသည့်ကိစ္စဆိုလျှင်မူ မှန်သည့်ဘက်က ထောက်ခံသွားမည် ဖြစ်ကြောင်း သရုပ်ဆောင် ဦးသူရ (ခ) ဇာဂနာက မှတ်ချက် ပြုသည်။

မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ သရုပ်ဆောင်လူမင်းနှင့် ဗီဒီယိုအခြေခံအဖွဲ့(ဗဟို) ဥက္ကဋ္ဌ ဦးဝင်းကြည်တို့ကို နုတ်ထွက်ပေးရန်အတွက် ဗီဒီယို ထုတ်လုပ်သူများ၊ ငှားရမ်းရေး လုပ်ငန်းရှင်များနှင့် မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့်၊ တနင်္သာရီတိုင်းဒေသကြီးတို့ရှိ ဗီဒီယိုအခြေခံအဖွဲ့တို့မှ တာဝန်ရှိသူအချို့နှင့် သရုပ်ဆောင်မင်းဇော် စသည်ဖြင့် လူဦးရေ ၅၀ ကျော်က သြဂုတ်လ ၂၄ ရက် နံနက် ၁၁ နာရီတွင် မဟာဗန္ဓုလပန်းခြံ အနောက်ဘက်၌ ဆန္ဒပြတောင်းဆိုခဲ့ကြသည်။

အဆိုပါဆန္ဒပြပွဲနှင့် ပတ်သက်၍ “ဆန္ဒပြတာကို ကျွန်တော်မကန့်ကွက်ဘူး။ ကျွန်တော်တို့လည်း ၈၈ တုန်းက ဆန္ဒပြခဲ့ဖူးတာပဲ။ ဒါပေမဲ့ ဆန္ဒပြတဲ့ စကားတွေကို အွန်လိုင်းက နားထောင်ကြည့်ရသလောက်တော့ သူတို့ရဲ့ပုဂ္ဂိုလ်ရေးကိစ္စတွေကို ရှေ့တန်းတင်ပြီး ပြောနေကြတယ်။ အနုပညာ တလောကလုံးကိုလည်း ကိုယ်စားပြုတယ်လို့ မထင်ဘူး။ ဆန္ဒပြရတဲ့ အကြောင်းအရင်းက ဘာလဲဆိုတာ မရှင်းလင်းဘူး။ ဆန္ဒပြတာကို အစိုးရက တရားဝင်ခွင့်ပြုထားတယ် ဆိုပေမယ့် ဒီနေ့ သူတို့ရဲ့လုပ်ရပ်က လွတ်လပ်စွာ ဆန္ဒဖော်ထုတ်ခွင့်အတွက် ခေတ်အဆက်ဆက် တိုက်ပွဲဝင်ခဲ့ကြတဲ့ လူတွေရဲ့မျက်နှာကို သဲနဲ့ပက်လိုက်သလို၊ မစင်နဲ့ပက်လိုက်သလို ခံစားရတယ်” ဟု ဦးသူရ (ခ) ဇာဂနာက ဆိုသည်။

The Voice

လုံခြုံရေးတိုးမြှင့်ပြီးနောက် မြိတ်၌ အကြမ်းဖက်သမား ၃ဦး ဖမ်းမိ



မြန်မာနိုင်ငံတွင်ဖြစ်ပွားခဲ့သော ပဋိပက္ခများအား အကြောင်းပြု၍ ပြည်ပနိုင်ငံများရှိ အကြမ်းဖက်အဖွဲ့ အစည်းများမှ နိုင်ငံတွင်းအဖျက်အမှောက်လုပ်ငန်းများ လုပ်ဆောင်ရန် အကြမ်းဖက် သမားများ စေလွှတ်ထားသည့်သတင်းများရရှိ၍ နိုင်ငံတစ်ဝှမ်း လုံခြုံရေးအထူးမြှင့်တင်ဆောင်ရွက်ထားရာ တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်၌ အကြမ်းဖက်သမား ၃ ဦးအား ဖမ်းဆီးရမိခဲ့သည်။

တနင်္သာရီတိုင်းဒေသကြီး နယ်စပ်ဝင်ပေါက်များ၊ ရေလမ်းကြောင်းများမှ တဆင့်အကြမ်းဖက်သမားများ ၀င်ရောက်လာမည့် သတင်းကို ကြိုတင်သိရှိထား၍ ဖောက်ခွဲရေးသမားများ၏ အမည်နှင့် ဓါတ်ပုံများအား တိုင်းဒေသကြီးအတွင်းရှိ လုံခြုံရေးအဖွဲ့များထံပေးပို့ထားရာ သြဂုတ်လ ၂၂ ရက်နေ့က မြိတ်ကျွန်းစုရှိ တံငါရွာတစ်ရွာနေရာ၌ ထိုလူများအား ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

ဖမ်းဆီးရမိသူများမှာ ထိုင်းနိုင်ငံတွင် တရားမ၀င်အလုပ်သွားလုပ်ပြီး မိမိနိုင်ငံသို့ ပြန်လာသည့် မြန်မာလူမျိုးများနှင့် ရော၍ ရေလမ်းကြောင်းမှတဆင့် ၀င်ရောက်ခဲ့ခြင်းဖြစ်သည်။ အဆိုပါသုံးဦးအနက်နှစ်ဦးမှာ မြန်မာနိုင်ငံဖွား ထိုင်းနိုင်ငံသားများဖြစ်ပြီး ကျန်တစ်ဦးမှာ အင်ဒိုနီးရှားနိုင်ငံဖွား ထိုင်းနိုင်ငံသားဖြစ်သည်။ အဆိုပါ အကြမ်းဖက်သမား(၃)ဦးစလုံးမှာ မြန်မာလူမျိုးများကဲ့သို့ မြန်မာစကားကို ကျွမ်းကျင်စွာပြောဆိုနိုင်သူများဖြစ်သည်။

“အကြမ်းဖက်သမား သုံးယောက် ဖမ်းမိထားတယ်လို့တော့ ကြားတယ်။ ဘယ်ရွာမှာ မိလဲတော့ အတိအကျ မသိဘူးဗျ၊ ကျွန်တော်တို့ တနသာင်္ရီတိုင်းက ထိုင်းနိုင်ငံနဲ့ နယ်မြေ ဆက်စပ်နေတော့ ကုန်းကြောင်းရော ရေကြောင်းကပါ ၀င်လာနိုင်တယ်။ လုံခြုံရေးကိုတော့ အရင်ကထက် တိုးပြီးချထားတာ တွေ့ရတယ်။ ပြည်သူတွေအနေနဲ့လည်း ကိုယ့်ပတ်ဝန်းကျင်မှာ သတင်း ရရချင်း သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့အစည်းတွေကို ချက်ချင်းသတင်းပို့သင့်တယ်။”ဟု ကျွန်းစုမြို့နယ်မှ ဒေသခံ ရေလုပ်သား တစ်ဦးက ပြောသည်။

မြန်မာနိုင်ငံအတွင်းသို့ ဖောက်ခွဲရေးသမားများ ၀င်ရောက်လာမည့် သတင်းများကြိုတင်ရရှိထားသဖြင့် နိုင်ငံတစ်ဝှမ်း လုံခြုံရေး တိုးမြှင့်ချထားရာ မြိတ်မြို့နယ်တွင် အကြမ်းဖက်သမားများ ဖမ်းဆီးရမိခြင်းမှာ ပထမဦးဆုံးအကြိမ်ဖြစ်သည်။

မြစ်မခ

မိခင်ဖြစ်သူနှင့်အတူ အိပ်နေသော ကလေးတစ်ဦး ရေထဲသို့ ပြုတ်ကျသေဆုံး


မိခင်ဖြစ်သူနှင့်အတူ အိပ်နေသော ဆယ်လသားအရွယ် ကလေးငယ်တစ်ဦး အိမ်ထရံကြားမှ ထွက်ကျကာ ရေထဲသို့ ပြုတ်ကျသေဆုံးမှု သြဂုတ်လ ၂၃ ရက်နေ့ နံနက် ၇ နာရီက ဒလမြို့နယ် မှော်စက်ရပ်ကွက် အောင်သပြေ လမ်းရှိ နေအိမ်တစ်လုံးတွင် ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ စုံစမ်းသိရှိရသည်။

ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်၊ မှော်စက်ရပ်ကွက် အောင်သပြေလမ်း တွင် နေထိုင်သော ဦးကျော်ဝင်းလွင်နှင့် ဒေါ်မိုးမိုးအေးတို့သည် ဆယ်လသားအရွယ်ရှိ မောင်နိုင်လင်းထွန်းနှင့်အတူ ည ၂ နာရီခန့်က အိပ်ရာဝင်ခဲ့ရာ နံနက်အိပ်ရာထချိန်တွင် မိခင်ဖြစ်သူသည် ကလေးကို မတွေ့ရှိရ၍ ရှာဖွေရာ အိမ်အောက်ရှိ ရေထဲသို့ ပြုတ်ကျ သေဆုံးနေသည် ကို တွေ့ရှိခဲ့ရကြောင်း အဆိုပါ မှော်စက်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်က The Voice သို့ ပြောကြားသည်။

“အမျိုးသားက မနက် ၅ နာရီလောက်က အလုပ်ထသွားတာပါ၊ အဲဒီအချိန်လောက်ထိ ရှိနေသေးတယ်လို့ ပြောတယ်။ အဲဒါ မနက် ၇ နာရီလောက် အမေဖြစ်သူ အိပ်ရာကနိုးတော့ ကလေးမတွေ့လို့ လိုက်ရှာတော့ အိမ်အောက်ရေထဲက တွေ့တယ်လို့ ပြောတယ်ဟု” ၎င်းက ဆိုသည်။

အဆိုပါနေအိမ်တွင် လေဖြတ်ပြီး ကျန်းမာရေး မကောင်းသော အဘိုးတစ်ဦးရှိပြီး ညဘက်တွင် ကျန်းမာရေး ပြုစုရခြင်းကြောင့် အိပ်ရေးပျက်သဖြင့် အိပ်ပျော်သွားကြောင်း၊ ကလေးသည် အိပ်ရာ မှနိုးပြီး လေးဖက်တွား လျှောက်သွားရင်း အနားကွပ်မရှိသည့် အိမ်ခေါင်းရင်း ထရံကြားမှ ပြုတ်ကျသွားခြင်း ဖြစ်ကြောင်း၊ အိမ်အောက်ရှိ ရေများ သည် မြေနိမ့်ပိုင်း ဖြစ်သဖြင့် မိုးတွင်းကာလတွင် ရေဝပ်လေ့ ရှိကြောင်း အဆိုပါ ရပ်ကွက်အုပ်ချုပ်ရေးမှူးက ထပ်မံပြောကြားသည်။

“အိမ်အောက်ရေက တစ်ပေလောက် နက်တယ်။ ကလေးကို ရေထဲမှာ လိုက်ရှာရတယ်၊ ရုတ်တရက်ဆို မတွေ့ရဘူး။ မှုခင်း ဆရာဝန်ရဲ့ ပြောပြချက်အရကလေးရဲ့ အဆုတ်ထဲမှာ ရွှံရေတွေ ဝင်နေတယ်လို့ စစ်ဆေးတွေ့ရှိရတယ်” ဟု ဒလမြို့နယ် ရဲစခန်းမှ ဒုရဲအုပ် ထူးနိုင်ဝင်းက ပြောသည်။

The Voice

TE ယာဉ်ဖြင့် သယ်ဆောင်လာသော ကျွန်းခွဲသား သုံးတန်နီးပါးဖမ်းမိ

ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ် ဘောလုံးစက်ရုံအနီး၌ သြဂုတ်လ ၂၀ ရက် နံနက် ၇ နာရီ ၄၀ မိနစ်က ဟီးနိုး (TE) ခြောက်ဘီးယာဉ်ဖြင့် တရားမဝင် သယ်ဆောင်လာသော သုံးတန်နီးပါးရှိသည့် ကျွန်းခွဲသား ၁၁၂ ချောင်းကို ဖမ်းဆီးရမိကြောင်း မှော်ဘီမြို့နယ် သစ်တောဦးစီးဌာနထံမှ သိရှိရသည်။

အဆိုပါ ယာဉ်သည် တိုက်ကြီးမြို့နယ်မှ ထွက်ခွာလာပြီး ကျွန်းခွဲသားများပေါ်တွင် အုတ်များဖုံးကာ တင်ဆောင်လာခဲ့ကြောင်း၊ အမှတ် (၄) လမ်းဆုံ သစ်တောဂိတ်မှ သတင်းပေးမှုကြောင့် ဘောလုံးစက်ရုံအနီးတွင် သစ်တောဝန်ထမ်းများက ယာဉ်ကိုစစ်ဆေးရာ အုတ်ခဲများအောက်တွင် တရားမဝင် ကျွန်းခွဲသား ၁၁၂ ချောင်း၊ အလေးချိန် ၂ ဒသမ ၉၁ တန်ကို ဖမ်းမိခဲ့ကြောင်း မှော်ဘီမြို့နယ် သစ်တောဦးစီးမှူး ဦးမြင့်ထွန်းက The Voice သို့ ပြောကြားသည်။

“ကားပေါ်မှာ ယာဉ်မောင်းအပါ အမျိုးသားသုံးဦးနဲ့ အမျိုးသမီးတစ်ဦး ပါလာတယ်။ မြို့ထဲ အုတ်သွားပို့မှာလို့ ပြောပေမယ့် မသင်္ကာလို့ စစ်ဆေးကြည့်တော့ အောက်မှာ ကျွန်းခွဲသားတွေ ပါလာတာ။ ဆိုက်အကြီးကြီးတွေ။ ဒါတွေကို ဘယ်နေရာတွေ တင်ပို့ရောင်းချနေလဲ ဆိုတာကိုတော့ ရဲက စစ်ဆေးနေတုန်းပါ” ဟု ၎င်းကဆက်လက် ပြောကြားသည်။

တရားမဝင် ကျွန်းခွဲသားများ တင်ဆောင်လာသော ယာဉ်မောင်းနှင့် ယာဉ်ပေါ်ပါလာသူများသည် တိုက်ကြီးမြို့နယ်တွင် နေထိုင်ပြီး ၎င်းတို့ကို (ပ ) ၄၈၂/၁၃၊ သစ်တောဥပဒေပုဒ်မ ၄၃-က ဖြင့် အမှုဖွင့်ထားကာ တိုက်ကြီးမြို့တွင်နေသူ ယာဉ်ပိုင်ရှင်ကိုလည်း ဖမ်းမိရေးအတွက် စုံစမ်းလျက် ရှိကြောင်း မှော်ဘီမြို့နယ် ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ယခု ဖမ်းမိသော သစ်သုံးတန်နီးပါးသည် ယခုနှစ်အတွင်း မှော်ဘီမြို့နယ်တွင် ဒုတိယအကြိမ်မြောက် ဖမ်းမိခဲ့ခြင်းဖြစ်ပြီး မေလတွင် မြောင်းတကာ စက်မှုဇုန်အနီးတွင် မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ်မှ သယ်ဆောင်လာသော တရားမဝင် ကျွန်းခွဲသား သုံးတန်ကျော်ကို ယခုနှစ် ပထမဦးဆုံးအကြိမ် ဖမ်းမိခဲ့ခြင်း ဖြစ်ကြောင်း မှော်ဘီမြို့နယ် သစ်တောဦးစီးဌာနထံမှ သိရှိရသည်။

The Voice

ခရစ္စတီယန် စတီးဝပ် အချစ်သစ်တွေ့နေပြီ


ခရစ္စတန်သည် လိန်းဂါရစ်ဆင်နှင့် တွဲနေပြီး ယခုအခါ လိန်းသည် Twilight မင်းသမီး၏ လော့စ်အန်ဂျလိစ် မြို့ နေအိမ်သို့ ပြောင်းရွှေ့နေထိုင်နေပြီဟုလည်း ကောလာဟလများ ပျံ့နှံ့လျှက် ရှိသည်

ခရစ္စတီယန် စတီးဝပ်တစ်ယောက် အချစ်သစ် တွေ့နေပြီဟု ယူဆရကြောင်း သတင်းများ ထွက်ပေါ်လာ ခဲ့သည်။ ခရစ္စတန်သည် လိန်းဂါရစ်ဆင်နှင့် တွဲနေပြီး ယခုအခါ လိန်းသည် Twilight မင်းသမီး၏ လော့စ်အန်ဂျ လိစ်မြို့ နေအိမ်သို့ ပြောင်းရွှေ့နေထိုင်နေပြီဟုလည်း ကောလာဟလများ ပျံ့နှံ့လျှက် ရှိသည်။ ခရစ္စတန်သည် Twilight ဇာတ်ကားများတွင် အတူတွဲဖက် သရုပ်ဆောင်ခဲ့သည့် ရောဘတ် ပက်တင် ဆန်နှင့် ချစ်သူအဖြစ်မှ လမ်းခွဲခဲ့သည့်နောက် တစ်ကိုယ်တည်း ကာလအတန် ကြာ ဖြတ်သန်းခဲ့သည်။ သို့သော်လည်း ပြီးခဲ့သည့် သီတင်းပတ်များအတွင်း လိန်းနှင့် သူမတို့ကြား ရင်းနှီးသော ဆက်ဆံရေးမျိုး ရှိနေသည်ဟု ယူဆနိုင်လောက်စရာ အခြေအနေများ တွေ့မြင်လာရသည်။

Camp X-Ray ဇာတ်ကား ရိုက်ကွင်းတွင် တွေ့ဆုံလာသည့်နောက် အသက်(၃၃)နှစ်ရှိ လိန်းသည် ၎င်းထက် အသက်(၁၀)နှစ်ငယ်သော မင်းသမီးနှင့် ဆက်ဆံရေး သိသိသာသာ နီးကပ်လာကြောင်း မျက်မြင်များက ဆိုသည်။ ယခုအခါ လိန်းသည် ခရစ္စတန်နှင့် အတူသွားရောက် နေထိုင်နေပြီ ဟု နီးစပ်သူ တစ်ဦးက ထုတ်ဖော် ပြောကြားခဲ့သည်။ "လိန်းကို အဖော်ပြုရတာကို ခရစ္စတန်ကလည်း ပျော်ပါတယ်။ ခုဆို လိန်းက ခရစ္စတန့် အိမ်မှာပဲ အချိန်အတော်များများ ရှိနေတယ်။ လိန်းက ပထမတော့ လော့စ် အန်ဂျလိစ်မှာ ဟိုတယ်သွားတည်းတယ်။ နောက်ပိုင်းတော့ လော့စ်ဖီး လစ်ဇ်က ခရစ္စတန်ရဲ့အိမ်မှာ ပြောင်းနေဖြစ်ပါတယ် ဟု ခရစ္စတန်၏ သူငယ်ချင်း တစ်ဦးက ထုတ်ဖော်ပြောဆိုသွားသည်။

ခရစ္စတန် အနေဖြင့် လိန်းနှင့် ပျော်ရွှင်နေသည့်တိုင် သူမ၏ မိသားစုက အတိတ်တွင် မှောင်ရိပ်သန်းမှုများ ရှိခဲ့ဖူးသည့် လိန်းနှင့် ပတ်သက်ပြီး စိုးရိမ်နေကြောင်း သတင်းများလည်း ထွက်ပေါ်နေသည်။ လိန်းသည် (၂၀၀၇)ခုနှစ်က အရက်မူးပြီး ကားမောင်းကာ အသက်(၁၇)နှစ်အရွယ် လူငယ်တစ်ဦး သေဆုံးသည့် ယာဉ် တိုက်မှု ဖြစ်ခဲ့ပြီးနောက် ထောင်(၃)နှစ် ကျခဲ့သည်။ လိန်းသည် ယခင်က Playboyမဂ္ဂဇင်း၏ Playmate တစ်ဦးလည်းဖြစ်၊ ၎င်း၏ ချစ်သူဟောင်းလည်းဖြစ်သည့် အက်ရှ်လေ မစ်တင်ဂလီကို ပါးရိုက်ခဲ့ကြောင်း စွပ်စွဲမှုများလည်း ထွက်ပေါ်ခဲ့ဖူးသည်။

Planet Myanmar Network


စွန့်စားလိုစိတ်ရှိသော အမျိုးသမီး များသည် လိင်မှု ကိစ္စတွင် ပိုမိုပြင်းပြ


စွန့်စားလိုစိတ်ရှိသော အမျိုးသမီး များသည် လိင်မှု ကိစ္စတွင် ပိုမိုပြင်းပြ စွာ ဆောင် ရွက် လိုစိတ် ရှိကြောင်း သိရှိ ရသည်။ရှီကားဂိုး တက္ကသိုလ် မှ ပညာရှင် များသည် တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူ အယောက် (၅၀၀) ၏ တံတွေးမှ တဆင့် လိင်မှု အာရုံကို လှုံ့ဆော်ပေးသော Testosterone ပမာဏကို တိုင်းတာ မှတ်သားခဲ့ရာ လိင်ဆိုင်ရာ ဆန္ဒပြင်းပြ သည့် အမျိုးသမီး များသည် အများအားဖြင့် လောင်းကစား ဆန်ဆန် စီးပွားရေး လုပ်ငန်းများကို လုပ်ကိုင် တတ်သူများ ဖြစ်နေသည်ကို တွေ့ရှိ ခဲ့ရသည်။

ပညာရှင်များက လူတဦး ( အထူးသဖြင့် အမျိုးသမီး တဦး ) ၏ လိင်မှု စွမ်းရည်သည် အလုပ်အကိုင်၊ ငွေကြေး အခြေအနေ နှင့် ဆက်စပ်လေ့ ရှိကြောင်း ဖော်ပြခဲ့သည်။

ထီထိုးခြင်း ကဲ့သို့ ကံစမ်းမှုမျိုး နှင့် သေမြေကြီး၊ ရှင်ရွှေထီး စွန့်စားရသော အလုပ်အကိုင် များကို ခုံမင်လေ့ ရှိသည့် အမျိုးသမီးများ၏ Testosterone မှာ အမြင့်ဆုံး အနေအထား ရောက်ရှိ နေတတ်သလို ထို အမျိုးသမီးများ သည် လိင်မှု ကိစ္စတွင်လည်း အရဲကိုး ဆောင်ရွက်မှုများ ပြုလုပ်လေ့ ရှိကြောင်း ပညာရှင်များက ဆိုသည်။

ရှီကားဂိုး တက္ကသိုလ်မှ ပါမောက္ခ ဒါရီယို မာစထရီပီရီ က အမျိုးသမီးတဦး၏ လုပ်ရဲကိုင်ရဲ၊ ဆုံးဖြတ်ရဲသော စိတ်သည် လိင်မှု ဘ၀တွင်ပါ အကျုံးဝင် နေလေ့ရှိပြီး လိင်ဆိုင်ရာ စွမ်းဆောင်မှုကို ဖော်ဆောင်သည့် Testosterone ကို အမြင့်မားဆုံး တွန်းတင် ပေးတတ်ကြောင်း ထုတ်ဖော် ပြောဆို သွားခဲ့သည်။

Myanmarnewsupdate


အစာမရှိသော အစာအိမ်အတွက် ရေသောက်ပေးပါ


မနက်အိပ်ရာ နိုးထပြီးချိန်တွင် ချက်ချင်း ရေသောက်ခြင်းသည် ဂျပန်နိုင်ငံရှိ ပြည်သူများစွာအတွက် နေ့စဉ် ပြုမူ လုပ်ဆောင်နေတဲ့ အရေးပါသော ကျန်းမာရေး လုပ်ဆောင်မှုလေး ဖြစ်တယ်လို့ သိရပါတယ်။ ထို့အပြင် သိပ္ပံပညာရှင်များ သုတေသနပြုချက်အရ ၎င်းဟာ အလွန်အရေးပါပြီး ကောင်းကျိုးများစွာ ဖြစ်စေတယ် ဆိုတာကိုလည်း တွေ့ရှိခဲ့ပါတယ်။ နံနက်ခင်း ရေသောက် ပေးခြင်းအားဖြင့် သင့်ရဲ့ တစ်ညတာ ပင်ပန်း တစ်ကြီး လှုပ်ရှား ခဲ့ရတဲ့ အစာအိမ်အတွက် များစွာ အကျိုးရှိစေမှာ ဖြစ်ပါတယ်။ ဒါ့အပြင် တစ်နေ့တာ အတွက် အဆင်မပြေမှုများ၊ စိတ်သောကများ အတွက်ပါ ရေရဲ့ အစွမ်းကြောင့် လန်းဆန်း သွားစေနိုင် ပါတယ်။

ဒါကို ဂျပန်ဆေးပညာရှင် တွေက ၉၆ ပါး ရောဂါနှင့် များစွာသော အောက် ဖော်ပြပါ ရောဂါများအတွက် အလွန်ပင် အစွမ်းထက်တဲ့ နည်းလမ်း တစ်ခု ဖြစ်ကြောင်း တွေ့ရှိခဲ့တာပါ။

ခေါင်းကိုက်ခြင်း၊ ခန္ဓာကိုယ် ပင်ပန်းနွမ်းနယ်ခြင်း၊ အဆစ်မြစ်ရောင်ရောဂါ ဖြစ်ခြင်း၊ နှလုံးတုန်ခြင်း၊ ဝက်ရူး ပြန်ရောဂါ ဖြစ်ခြင်း၊ အသဲ အဆီဖုံးခြင်း၊ လည်ချောင်းနာ ဖြစ်ခြင်း၊ ပန်းနာရင်ကျပ် ဖြစ်ခြင်း၊ တီဘီ၊ ဦးနှောက် အမြှေးရောင်ရောဂါ၊ ကျောက်ကပ်ရောဂါ၊ ဝမ်းလျှောဝမ်းပျက်ခြင်း၊ လိပ်ခေါင်းရောဂါ၊ ဝမ်းချုပ် ခြင်း၊ မျက် စိနာခြင်း၊ ကင်ဆာနှင့် ရောဂါ များစွာအတွက် ရေကို နည်းလမ်းတကျ နံနက်တိုင်း သောက်သုံး ခြင်းအားဖြင့် ရောဂါများစွာကို ကြိုတင်ကာကွယ်ပြီး ဖြစ်မှာပါ။

လုပ်ဆောင်ရမယ့် နည်းလမ်းကတော့ -

၁။ မနက်အိပ်ရာထပြီး သွားမတိုက်ခင် ၁၆၀ မီလီမီတာရှိ ဖန်ခွက်ဖြင့် ရေ ၄ ခွက် သောက်ပါ။

၂။ ထို့နောက် သွားတိုက်၊ မျက်နှာသစ်ပြီးပါက ၄၅ မိနစ်အတွင်း မည်သည့်အရာမှ စားခြင်း၊ သောက်ခြင်း မပြုပါနှင့်။ ၄၅ မိနစ်ပြည့်ပြီးမှ ပုံမှန်အတိုင်း စားသုံးပါ။

၃။ နံနက်စာစားပြီး ၁၅ မိနစ်အတွင်း၊ နေ့လည်စာနှင့် ညစာစားပြီး ၂ နာရီအတွင်း အခြား အရာများ စား သောက်ခြင်း ရှောင်ပါ။

၎။ ညစာစားပြီး ၁ နာရီခွဲ အတွင်း ဒါမှမဟုတ် ၂ နာရီအတွင်း အိပ်စက်ခြင်း မပြုပါနှင့်။

အထက်ပါ လုပ်ဆောင်မှုတွေကို သင့်ရဲ့တစ်နေ့တာအတွက် ပုံမှန် လုပ်ဆောင် သွားပါက ဖျားနာခြင်း ကင်း ဝေးပြီး ကျန်းမာတဲ့ ဘဝကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါ တယ်။

ဒီအရာတွေကို လူတိုင်းရဲ့ဘဝမှာ ပြုလုပ်နိုင်ပါတယ်
Good Healths

ဘူးသီး၏ ကျန်းမာရေး အကျိုးကျေးဇူးများ


မြန်မာ လူမျိုးတွေရဲ့ မီးဖိုချောင် ထဲမှာ အတွေ့ရများတဲ့ ဘူးသီးဟာ သွေးတိုး ကျစေတဲ့ အစွမ်းနဲ့ နှလုံးရောဂါ သက်သာစေတဲ့ အစွမ်း ရှိတယ်လို့ ဆိုကြပါတယ်။

ဘူးသီးကို ဟင်းခါး အဖြစ် ကျိုချက် သောက်သုံး ကြသလို ဘူးသီးကို ပြုတ်ပြီး တို့စားတာ၊ သုပ်စား တာမျိုးလည်း ပြုလုပ် ကြပါတယ်။ ဘူးသီးကို စားပေးတာကြောင့် အောက်ပါ အကျိုး ကျေးဇူးတွေကို ရရှိစေပါတယ်။

အသည်းရဲ့  လုပ်ငန်းဆောင်တာ တွေကို ဟန်ချက်ညီစေပါတယ်

ဘူးသီးမှာ ပြည့်ဝဆီနဲ့ ကယ်လိုရီ ပါဝင်မှု နည်းပါတယ်။ အမျှင်ဓာတ်၊ ဗီတာမင်စီ၊ ရိုင်ဘို ဖလေဗင်၊ ဇင့်(သွပ်)၊ သိုင်ယာ မင်၊ သံဓာတ်နဲ့ မဂ္ဂနီဆီယမ်တို့ ပါဝင်မှု များပါတယ်။ ဒါကြောင့် အသည်းကို သန့်စင် စေတာ၊ ပြန်လည် အားဖြည့်ပေးတာနဲ့ အယ်လ်ကိုဟောကြောင့် ထိခိုက်မှုကို ကာကွယ်ပေးတာတို့ လုပ်ဆောင် ပေးပါတယ်။

ဆံပင်ဖြူတာကို လျော့ကျစေပါတယ်

ဘူးရွက်ကရတဲ့ အရည်ဟာ အသားဝါတာကို သက်သာစေပြီး ဘူးသီးအရည် ကတော့ ဆံပင်ဖြူ တာကို လျော့ကျစေ တယ်လို့ ဆိုကြပါတယ်။

နုံးချည့်ညောင်းညာမှု သက်သာစေပါတယ်

ဘူးသီးကို စားပေးတာကြောင့် နုံးချည့် ညောင်းညာမှု လျော့ကျစေပြီး လန်းဆန်း စေပါတယ်။ အထူးသဖြင့် ပူပြင်းတဲ့ ရက်တွေမှာ လန်းဆန်းစေပါတယ်။

စိတ်စွဲလွန် ဝေဒနာကို သက်သာစေပါတယ်

ဘူးသီးဟာ နာ့ဗ်ကြောတွေကို အားကောင်းတဲ့အတွက် အလုပ်တစ်ခုခုကို ထပ်ခါ တလဲလဲ လုပ်တတ်တဲ့ စိတ်စွဲလွန် ဝေဒနာ (OCD)ကို လျော့ကျ စေပါတယ်။ ဆေးဝါးဗေဒ ဂျာနယ်ရဲ့ လေ့လာမှုအရ ဘူးသီးမှာ စိတ်စွဲ လွန်ဝေဒနာကို လျော့ကျစေတဲ့ အစွမ်းရှိတယ်လို့ သိရ ပါတယ်။

ကိုယ်အလေးချိန်ကို လျော့ကျ စေပါတယ်

ဘူးသီးမှာ ရေဓာတ် ၉၆ ရာခိုင်နှုန်း ပါဝင်တာကြောင့် ဘူးသီး ၁၀ဝ ဂရမ်စား တဲ့အခါ ၁၂ ကယ်လိုရီပဲ ရရှိပါတယ်။ ဒါကြောင့် ကိုယ်အလေးချိန် လျော့ကျစေတဲ့ အစားအစာ တစ်မျိုးအဖြစ် အသိအမှတ် ပြုထားပါတယ်။

အထွေထွေ ကျန်းမာရေးကို ကောင်းမွန်စေပါတယ်

ဘူးသီးမှာ သိုင်ယာမင်၊ ဗီတာမင်စီ၊ ဇင့်(သွပ်)၊ သံဓာတ်နဲ့ မဂ္ဂနီဆီယမ်တို့ များ စွာ ပါဝင်တဲ့အတွက် အထွေထွေ ကျန်းမာရေးကို ကောင်းမွန် စေပါတယ်။

မျက်စိ ကျန်းမာရေးကို ကောင်းမွန်စေပါတယ်

ဘူးသီးမှာ ဘီတာကယ်ရိုတင်း ပမာဏ များစွာ ပါဝင်တဲ့အတွက် မျက်စိ အမြင်အာရုံကို ကောင်းမွန် စေပါတယ်။ ဘူးသီးဟာ အစာအိမ်ဝေဒနာ၊ အစာအိမ်အူ လမ်းကြောင်း ပိုးဝင်တာနဲ့ လိပ်ခေါင်းစ တာတွေကိုလည်း သက်သာစေပါတယ်။ ဘူးသီးမှာ သွေးတွေကို သန့်စင်စေတဲ့ အာနိသင်လည်း ရှိတာကြောင့် ရောဂါ အများစုကို တွန်းလှန် ပေးနိုင်ပါတယ်။

သွေးတွင်း သကြားဓာတ် ပမာဏကို လျော့ကျစေပါတယ်

ဘူးသီးမှာ ပါတဲ့ ပပ်တိုက်နဲ့ အယ်လ်ကာလွိုက် တွေက သွေးတွင်း သကြား ဓာတ်ပမာဏကို လျော့ကျ စေပါတယ်။ ဒါကြောင့် ဆီးချို ရောဂါ ရှိသူတွေ အသင့်အတင့် စားနိုင်ပါတယ်။

Myawady

မြန်မာတွင် တယ်လီဖုန်းစက်ရုံ လာရောက်တည်ဆောက်ရန် ဆမ်ဆောင်းက ကမ်းလှမ်း


ကိုရီးယား နိုင်ငံ ဆမ်ဆောင်းကုမ္ပဏီက မြန်မာ နိုင်ငံတွင် တယ်လီဖုန်းထုတ်လုပ် သည့်စက်ရုံ လာရောက်တည် ထောင်ရန် ကမ်းလှမ်းထားကြောင်း ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း က ပြောသည်။ ဩဂုတ်၂၃ရက်က နေပြည် တော်သမ္မတရုံး၌ ပြုလုပ်သော ဝန်ကြီးများအစည်းအဝေးတွင် နိုင်ငံတော်သမ္မတရုံး ပြည်ထောင် စုဝန်ကြီး ဦးစိုးသိန်းက ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

 ''ဆမ်ဆောင်းကုမ္ပဏီက ကန်ဒေါ်လာ ၁ဝဘီလီယံ လာရောက်ရင်းနှီးမြှုပ်နှံဖို့ ကမ်းလှမ်း ထားတယ်။ သူတို့က ဒီမှာ ဖုန်း စက်ရုံထောင်ဖို့အတွက် လျှပ်စစ် စီစဉ်ပေးရမယ်။ လျှပ်စစ်မပေးနိုင် သေးတဲ့အတွက် လာဖို့စောင့်နေ ကြတာဖြစ်ပါတယ်''ဟု ပြည်ထောင် စုဝန်ကြီး ဦးစိုးသိန်းက ပြောသည်။ ၂၀၁၂ခုနှစ်ကလည်း ယင်း ကဲ့သို့ မြန်မာနိုင်ငံတွင် ဖုန်းဆက် စပ်ပစ္စည်းများ လာရောက်ထုတ် လုပ်ရန်အတွက် ကမ်းလှမ်းမှုများ ရှိခဲ့ပြီး မြန်မာ့ရင်းနှီးမြှုပ်နှံမှုကော် မရှင်မှ မြေနေရာနှင့်လျှပ်စစ်မီး မပေးနိုင်ခြင်း ကြောင့် လာရောက် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်နိုင်ခဲ့ခြင်း မရှိကြောင်း ယခင် ဆမ်ဆောင်း အီလက်ထရွန်နစ်ပစ္စည်းများ ကိုယ် စားလှယ်ယူ တင်သွင်းရောင်းချခဲ့ သည့်စက်မှုလုပ်ငန်းရှင်ကြီး ဦးမြတ် သင်းအောင်က ပြောသည်။

ဦးမြတ်သင်းအောင်က ''အ ရင်ကလဲ ဆမ်ဆောင်းက ဒီမှာ အလုပ်အကိုင်အခွင့်အလမ်း လူ ၃၀၀၀၀၊ ၄ဝဝဝဝလောက်ကို ဟန်း ဖုန်းစက်ရုံထောင်ပြီး ပေးနိုင်ဖို့အ တွက် စက်ရုံမြေနေရာနဲ့ လျှပ်စစ် ထုတ်ဖို့  Gas  မပေးနိုင်တဲ့အတွက် မလုပ်နိုင်ခဲ့ဘူး။ ဒီက ဖုန်း Operater  အတွက် လက်ရှိကုမ္ပဏီနှစ်ခု အပြင် နောက်ထပ်နှစ်ခုလဲ ရင်း နှီးမြှုပ်နှံဖို့ရှိတယ်လို့ သိရတယ်'' ဟု ပြောသည်။

ဖြိုးလွင်အောင်
yangon times

မြန်မာ့တပ်မတော် အိန္ဒိယနယ်မြေအတွင်း ကျူးကျော်တပ်စွဲသည်ဆိုသည့် စွပ်စွဲချက် လုံးဝမမှန်ဟုဆို



နယ်မြေတိုင်းတာ သတ်မှတ်မှုနှင့် ပတ်သက်၍ အပြင်းအထန် အငြင်းပွားမှုများ ဆက်တိုက်ဖြစ်ပေါ်နေသော အိန္ဒိယ-မြန်မာ နယ်စပ် တစ်လျှောက်တွင် မြန်မာ့တပ်မတော်က အိန္ဒိယနယ်မြေအတွင်း ကျူးကျော်တပ်စွဲနေသည်ဆိုသည့် စွပ်စွဲချက်မှာ လုံးဝမမှန်ကြောင်း နိုင်ငံတော် သမ္မတရုံး ညွန်ကြားရေးမှူး ဦးဇော်ဌေးက The Voice သို့ ပြောကြားသည်။

မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်း ၃၉၈ ကီလိုမီတာကျော် ထိစပ်နေသော အိန္ဒိယနိုင်ငံပိုင် မဏိပူရပြည်နယ် ချန်ဒယ်ခရိုင် အတွင်းရှိ ဟိုလန်ဖိုင်ရွာအတွင်း နှစ်နိုင်ငံ နယ်နိမိတ် တိုင်းတာချက်များ ကို ကျော်လွန်ကာ မြန်မာတပ်မတော်သားများက သြဂုတ်လ ၂၂ ရက်နေ့တွင် ယာယီတဲများ ဆောက်လုပ်၍ ကျူးကျော် တပ်စွဲနေကြကြောင်း မဏိပူရပြည်နယ် အစိုးရက ထုတ်ပြန် ကြေညာသည်ဟု အိန္ဒိယနိုင်ငံအခြေစိုက် သတင်းမီဒီယာများတွင် ဖော်ပြထားသည်ကို ဦးဇော်ဌေးက ယင်းသို့ ငြင်းဆိုလိုက်ခြင်း ဖြစ်သည်။

လွတ်လပ်ရေးရရှိပြီးနောက်ပိုင်း အိန္ဒိယ-မြန်မာ နှစ်နိုင်ငံနယ်နိမိတ် တိုင်းတာသတ်မှတ်ရန်အတွက် နယ်နိမိတ် သဘောတူစာချုပ်ကို ၁၉၆၇ ခုနှစ်တွင် ချုပ်ဆိုခဲ့ကြပြီး သဘောတူစာချုပ်အရ နယ်နိမိတ်တိုင်းတာ သတ်မှတ်ခြင်းကို ၁၉၆၉ ခုနှစ်မှ ၁၉၇၄ ခုနှစ်အထိ ပူးတွဲတိုင်းတာခဲ့ကြရာ မြန်မာ၊ တရုတ်၊ အိန္ဒိယ သုံးနိုင်ငံဆုံရာ နေရာနှင့် အိန္ဒိယ-မြန်မာ ကဘော်ချိုင့်ဝှမ်းဒေသတွင်း ဒေသများတွင် နယ်နိမိတ် သတ်မှတ်တိုင်းတာရန် ကျန်ရှိနေခဲ့ကြောင်း၊ ယခုအငြင်းပွားမှု ဖြစ်ပေါ်နေသည့် နေရာမှာ ယင်း ကဘော်ချိုင့်ဝှမ်းဒေသတွင် ဖြစ်ပေါ်နေခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

ယင်းသို့ နယ်နိမိတ် သတ်မှတ်ရန် ကျန်ရှိနေခြင်းမှာ ကဘော်ချိုင့်ဝှမ်းဒေသ အတွင်းတွင် လွတ်လပ်ရေး မရမီကပင် အင်္ဂလိပ်အစိုးရ လက်ထက်က နယ်မြေ သတ်မှတ်သည့်အနေနှင့် မှတ်တိုင် ၃၉ တိုင် စိုက်ထူခဲ့ပြီး ယင်းမှတ်တိုင်များ နေရာရွေ့လျားမှုနှင့် အိန္ဒိယဘက်မှ ရွာများ မြန်မာ့နယ်မြေဘက်တွင် ကျူးကျော်နေမှုများကြောင့် မှတ်တိုင်သစ်များ ပြန်လည် သတ်မှတ်စိုက်ထူရန် အခက်အခဲများ ရှိနေခြင်း ဖြစ်သည်။

အမှန်တကယ်တွင် ယင်းနေရာသည် မြန်မာပိုင် နယ်မြေများဖြစ်ပြီး နယ်နိမိတ်စာချုပ် သဘောတူညီချက်များအရ အတိအကျ ဆောင်ရွက်ပါက အိန္ဒိယဘက်မှ ကျူးကျော်နေသော ကျေးရွာအစိတ်အပိုင်း အချို့သည် ပြောင်းပေးရမည် ဖြစ်သော်လည်း အိန္ဒိယပြည်သူများက ဆန့်ကျင် ဆန္ဒပြမှုကြောင့် ဆက်လက်တိုင်းခြင်း မပြုလုပ်နိုင်ခြင်း ဖြစ်ကြောင်း ဦးဇော်ဌေးက ဆိုသည်။

မြန်မာဘက် အိမ်နီးချင်းပီသစွာ ကျူးကျော်ကျေးရွာများကို ဖယ်ရှားပေးစရာမလိုဘဲ ယင်းနယ်မြေ အစားထိုးနယ်မြေအချို့ ပြန်ပေးရန် အိန္ဒိယအစိုးရနှင့် ညှိနှိုင်းရာတွင်လည်း အဆင်မပြေခဲ့ကြောင်း ၎င်းကရှင်းပြသည်။

ပြီးခဲ့သည့် ဇူလိုင်လ အတွင်းကလည်း အိန္ဒိယ-မြန်မာနယ်စပ် အငြင်းပွားမှု အပြင်းအထန် ဖြစ်ပွားခဲ့မှုကြောင့် အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ် အတွင်းရှိ Goubajang ကျေးရွာ ထက်ဝက်သည် မြန်မာနိုင်ငံ ဘက်သို့ ရောက်ရှိသွားသည်ဟု သတင်းများ ထွက်ပေါ်ခဲ့သော်လည်း မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးမှ ဒုတိယသံအမတ်ကြီး Mr.Sailas Thangal က ယင်းသတင်းမှာ မမှန်ကန်ကြောင်း ငြင်းဆို ပြောကြားခဲ့သည်။

မဏိပူရအစိုးရက အိန္ဒိယ-မြန်မာ နယ်နိမိတ် ပြန်လည် သတ်မှတ်ရေးအတွက် အထူးကော်မတီတစ်ရပ် ဖွဲ့အစည်းရန် ကြိုးပမ်းနေချိန်တွင် ယင်းဖြစ်စဉ် ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။

The Voice

ခံတွင်းရနံ့ ဆိုးခြင်းကို ကာကွယ်နည်း



မေးခွန်းက ရိုးရိုးလေးပါ။ သင့်လုပ်ဖော် ကိုင်ဖက် သို့မဟုတ် သင့်မိတ်ဆွေ တစ်ယောက် ယောက်မှာ ခံတွင်းက အနံ့ဆိုး ထွက်နေတယ် ဆိုရင် သင်က သူတို့ကို ပြောပြမလား။ အခြားလူတွေ အားလုံးကိုပဲ သင်ရဲ့ အဖြေဟာလည်း "မပြောပါဘူး" လို့ ဖြစ်ကောင်း ဖြစ်နိုင် ပါတယ်။

ဒီလိုဆိုရင် သင့်ခံတွင်းက အနံ့ဆိုး ထွက်နေတယ် ဆိုရင်လည်း ဘယ်သူကမှ သင့်ကို ပြောပြမှာ မဟုတ်ဘူးပေါ့။

ခံတွင်းရနံ့ ဆိုးခြင်းရဲ့ ဖြစ်စဉ်က ခံတွင်း အတွင်းမှာ စားကြွင်စားကျန်နဲ့ ကလာပ်စည်း အသေတွေကို စားသုံးတဲ့ ဗက်တီးရီးယားက ထုတ်လုပ်တဲ့ အငွေ့ ပျံလွယ်တဲ့ ဆာလဖာ ဒြပ်ပေါင်း တွေကြောင့် ဖြစ်ပါတယ်။ သာမန် ပလုတ်ကျင်း ဆေးရည်၊ သွားတိုက် ဆေးနှင့် ခံတွင်းဖြန်းဆေး တို့ဟာ ခံတွင်းရနံ့ ဆိုးကို မွှေးရနံ့နဲ့ ဖုံးလိုက် တာဖြစ်တဲ့ အတွက် ကြာရှည် မခံပါဘူး။

Closys ၊၊ ဆိုတဲ့ ဒြပ်ပေါင်းကတော့ ဆာလဖာ ဒြပ်ပေါင်း တွေကို ဖယ်ရှားလိုက်ပြီး သန့်ရှင်းတဲ့ ခံတွင်း ရနံ့ကို လျင်မြန်စွာ ဖြစ်ပေါ် စေပါတယ်။ ခံတွင်းထဲက ဗက်တီးရီးယား ကိုလည်း သေစေပါတယ်။ ဒါကြောင့် ခံတွင်းရနံ့ဆိုး ပြဿနာ ရှိသူတွေ သွားတိုက်ဆေး ဝယ်မယ်ဆိုရင် နောက် ဘက်က ပါဝင် ပစ္စည်းများကို သေချာ ဖတ်ပြီးမှ ဝယ်ပါ။

မြ၀တီ

မန္တလေး ကျုံးနံဘေးတွင် ဓားကိုင်ရမ်းကားသည့် အုပ်စုမှ တစ်ဦးလွတ်မြောက်နေ

မန္တလေး ကျုံးနံဘေးတွင် အုပ်စုဖွဲ့ ဓားကိုင်ရမ်းကားသည့် လူငယ်တစ်ဦး လွတ်မြောက်နေကြောင်း ယင်းအမှုကို စစ်ဆေးနေသည့် မှုခင်းရဲတပ်ဖွဲ့မှ တာဝန်ရှိ ရဲအရာရှိ တစ်ဦးက ဆိုသည်။

ကျုံးနံဘေးတွင် ညပိုင်းအချိန် အုပ်စုဖွဲ့ ဓားကိုင်ရမ်းကားသည့် ဆယ်ကျော်သက်လူငယ် ကိုးဦးကို သြဂုတ်၂၂ ရက်ညက သက်သေများရှေ့ ခေါ်ယူစတင် စစ်ဆေးခဲ့ရာ ကနဦး နှစ်ဦးမှ ကိုးဦးအထိရှိပြီး ယင်းအဖွဲ့မှ တစ်ဦးမှာ ထွက်ပြေးတိမ်းရှောင် နေသဖြင့် ဖမ်းဆီးနိုင်ရန် စုံစမ်းနေကြောင်း သိရသည်။

"တိုင်းရဲတပ်ဖွဲ့က ဦးစီးစုံစမ်း စစ်ဆေးနေတာပါ။ ကျွန်တော်တို့ စခန်းကို ၂၃ ရက် နေ့ခင်းကမှ လွှဲလိုက်တာပါ။ အသက် ၁၈ နှစ်အောက် လူငယ်လေးဦးပါလို့ သူတို့ကို ကလေးသူငယ် တရားရုံးမှာ ရမန်ယူပြီး လူငယ်ထိန်းသိမ်းရေး ကျောင်းမှာထားဖို့ လျှောက်ထားပါတယ်။ မူးယစ်ဆေးဝါး သုံးစွဲထားခြင်း ရှိ၊ မရှိကို အုန်းချောမှာ စစ်ဆေးခဲ့ပါပြီ။ သူတို့ကတော့ အရက်သောက်ထားပြီး မူးယစ်ဆေးဝါး သုံးစွဲထားခြင်း မရှိဘူးလို့ ထွက်ဆိုထားပါတယ်။ ၁၈ နှစ်မပြည့်သေးတဲ့ လူငယ်လေးဦးကိုတော့ လူငယ်ထိန်းသိမ်းရေး စခန်းမှာထားပြီး ကျန်တဲ့ငါးဦးကတော့ အမှတ် (၂) ရဲစခန်းမှာ ချုပ်ထားပါတယ်" ဟု အမှတ် (၂) ရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။
အမှတ်(၄)ရဲစခန်းမှာ ဓားခုတ်မှုနှစ်မှု တိုင်ကြားထားတယ်။ အဲဒီအမှုတွေကလည်း သူတို့ကျူးလွန်ထားလားဆိုတာ စစ်ဆေးနေတုန်းပါ။ မူးယစ်ဆေးဝါး သုံးစွဲထားခြင်း ရှိ၊ မရှိ ဆေးစစ်ချက် အဖြေထွက်လာလို့ သုံးစွဲထားရင်တော့ မူးယစ်ဆေးဝါးမှုနဲ့ ထပ်စွဲသွားရမှာပေါ့ . . . . .

အုပ်စုဖွဲ့ ရမ်းကားသည့် ဖက်တီး(ခ)ချမ်းမြေ့သူ အပါအ၀င် ကိုးဦးကို အမှတ် (၂) နယ်မြေရဲစခန်းမှ (ပ) ၂၁၂/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၂၅/၃၂၆၊ အမှတ် (၈) မြို့မရဲစခန်း က (ပ)၁၂၂/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၂၆ အရ အမှုဖွင့် အရေးယူထားကြောင်းနှင့် ဆက်လက်စစ်ဆေး မှုများအရ ပြောင်းလဲစွဲဆို သင့်ပါက ထပ်မံစွဲဆို သွားမည်ဖြစ်ကြောင်း သိရသည်။

"နောက်ထပ် အမှတ်(၄)ရဲစခန်းမှာ ဓားခုတ်မှုနှစ်မှု တိုင်ကြားထားတယ်။ အဲဒီအမှုတွေကလည်း သူတို့ကျူးလွန်ထားလားဆိုတာ စစ်ဆေးနေတုန်းပါ။ မူးယစ်ဆေးဝါး သုံးစွဲထားခြင်း ရှိ၊ မရှိ ဆေးစစ်ချက် အဖြေထွက်လာလို့ သုံးစွဲထားရင်တော့ မူးယစ်ဆေးဝါးမှုနဲ့ ထပ်စွဲသွားရမှာပေါ့။ လောလောဆယ်တော့ နာကျင်စေမှု၊ လက်နက်ကိုင်ဆောင်မှုနဲ့ စွဲထားတယ်" ဟု မန္တလေးတိုင်း ရဲတပ်ဖွဲ့က ဆိုသည်။

မြ၀တီ

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် ထန်းကုန်းကျေးရွာတွင် မြန်မာအမျိုးသမီးငယ် တစ်ဦးအား အစ္စလာမ်ဘာသာဝင် တစ်ဦးက အဓမ္မပြုကျင့်ရန် ကြံစည်ခဲ့ကြောင်း သတင်းထွက်ပေါ်ပြီးနောက် မီးရှို့မှုများ ဖြစ်ပွား

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် ထန်းကုန်းကျေးရွာတွင် မြန်မာအမျိုးသမီး တစ်ဦးအား အစ္စလာမ်ဘာသာဝင် တစ်ဦးမှ အဓမ္မပြုကျင့်ရန် ကြိုးစားခဲ့မှုကို အဆိုပါ အနီးပတ်ဝန်းကျင်ရှိ သူများက သိရှိခဲ့ကြောင်း သတင်းထွက်ပေါ်ပြီးနောက်တွင် မီးရှို့မှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
သြဂုတ် ၂၄ ရက် ညနေ ၅း၃၀ နာရီအချိန်က ထန်းကုန်းကျေးရွာသို့ လာရောက်အလုပ်လုပ်ကိုင်သည့် အသက် ၁၉ နှစ်အရွယ် အမျိုးသမီးငယ်အား အစ္စလာမ်ဘာသာဝင် လူငယ်တစ်ဦးမှ အဓမ္မပြုကျင့်ရန် ကြိုးစားခဲ့သည်ဆိုသော သတင်းထွက်ပေါ်အပြီးနောက်တွင် ထန်းကုန်းတိုက်နယ် အတွင်းရှိ ကျေးရွာများမှ လူ ၁၀၀၀ ခန့်က နယ်မြေခံ ရဲစခန်းသို့ ရောက်ရှိလာပြီး တရားခံအား ထုတ်ပေးရန် တောင်းဆိုခဲ့ပြီးနောက်တွင် ယခုကဲ့သို့ မီရှို့မှုများ ဖြစ်ပွားခဲ့ရခြင်း ဖြစ်သည်ဟု သိရှိရသည်။
ည ၉ နာရီ ၀န်းကျင်ခန့်၌ ထန်းကုန်းကျေးရွာတွင် မီးရှို့မှုများ စတင်ဖြစ်ပွားခဲ့ပြီး ဈေးဆိုင်ခုနစ်ဆိုင်နှင့် နေအိမ် ၁၅ လုံးခန့် မီးရှို့ခံခဲ့ရကြောင်း၊ ရဲတပ်ဖွဲ့ဝင် ၅၀ ခန့်က အခြေအနေကို ထိန်းသိမ်းရန် ကြိုးပမ်းလျက်ရှိကြောင်း သိရှိရသည်။ အခင်းဖြစ်ပွားရာ နေရာသို့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ နယ်/လုံဝန်ကြီး ရောက်ရှိကာ အခြေအနေကို ၀ိုင်းဝန်ထိန်းသိမ်း နေသည်ဟု သိရပြီး နီးစပ်ရာ မြို့နယ်များမှ မီးသတ်ယာဉ်များ ရောက်ရှိကာ မီးငြိမ်းသတ်နေကြသည်ဟု ထန်းကုန်းကျေးရွာသို့ ရောက်ရှိနေသည့် The Daily Eleven သတင်းထောက်မှ သတင်းပေးပို့သည်။
"အုပ်စုနှစ်စု ထိပ်တိုက်ရင်ဆိုင်တာမျိုးတော့ မတွေ့ရပါဘူး။ ဒါပေမဲ့ ည ၉ နာရီ ၀န်းကျင်လောက်ကတည်းက ဖြစ်နေတဲ့ မီးရှို့မှုတွေက အခုထိ ရပ်တန့်သွားခြင်း မရှိသေးပါဘူး။ အဓမ္မပြုကျင့်ဖို့ ကြိုးစားတဲ့သူက ကန့်ဘလူ ရဲစခန်းကို ရောက်သွားပြီလို့ သိရပါတယ်။ ကန့်ဘလူနယ်မှာက အစ္စလာမ် ဘာသာဝင် အများအပြား ရှိတာကြောင့် အဓိကရုဏ်းသဏ္ဍာန် ဖြစ်လာမှာကို ဒေသခံတွေအားလုံး စိုးရိမ်နေကြပါတယ်။ အသေးစိတ် အခြေအနေတွေကိုတော့ မသိရသေးပါဘူး" ဟု The Daily Eleven သတင်းထောက်က သြဂုတ် ၂၄ ရက် ည ၁၂ ခန့်တွင် သတင်းပေးပို့သည်။
ထပ်မံရရှိသော သတင်းများအရ မီးလောင်ကျွမ်းမှုများ ဆက်လက်ဖြစ်ပွားနေပြီး သြဂုတ် ၂၅ နံနက် ၁ နာရီကျော်အထိ မီးငြိမ်းသတ်နေရဆဲ ဖြစ်ကြောင်းနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက အခြေအနေကို ထိန်းသိမ်းနိုင်ရန် လုပ်ဆောင်လျက်ရှိကြောင်း ကနဦး သတင်းများအရ သိရသည်။

The Daily Eleven


ရွှေတိဂုံစေတီတော် ကန့်သတ်ဧရိယာဖြစ်သည့် ပြည်သူ့ရင်ပြင်အတွင်း ဆောက်ခွင့်မပြုသင့်သည့် သုံးထပ်အမြင့်ရှိ ရှော့ပင်းစင်တာ အထပ်မြင့်နေ၍ တစ်ထပ်ပြန်ဖျက်ရန် ညွှန်ကြား



ရွှေတိဂုံစေတီတော် ကန့်သတ်ဧရိယာထဲဖြစ်သည့် ရွှေတိဂုံစေတီတော်နှင့် နီးကပ်နေသော အများပြည်သူ အပန်းဖြေရာ ပြည်သူ့ရင်ပြင်အတွင်း ဆောက်လုပ်ခွင့် မပြုသင့်သည့် ရှော့ပင်းစင်တာ တစ်ခုကို ဆောက်လုပ်ခွင့် ပြုထားခဲ့ကြောင်း သိရသည်။ ယခုမှ အဆိုပါ ရှော့ပင်းစင်တာမှာ အထပ်မြင့်နေ၍ တစ်ထပ်ပြန်လည် ဖျက်ခဲ့ရကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ သိရသည်။

အဆိုပါ ရှော့ပင်းစင်တာကို ပြည်သူ့ရင်ပြင်အတွင်း ကစားကွင်းများ အပန်းဖြေ နေရာများကို ငှားရမ်းလုပ်ကိုင်ခွင့် ရရှိထားသည့် သဘာဝဥယျာဉ် (Natural World) ကုမ္ပဏီမှ ဆောက်လုပ်နေခြင်းဖြစ်ပြီး စည်ပင်မှ ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သုံးထပ်အဆောက်အအုံ အလျား ၁၈၆ မီတာ၊ အနံ ၄၂ မီတာ ကျယ်ဝန်းပြီး ရွှေတိဂုံ စေတီတော်၏ အနောက်ဘက်မုခ်မှဆင်းလျှင် မျက်နှာချင်းဆိုင် ဦးဝိစာရလမ်းရှိ ပြည်သူ့ရင်ပြင် အပေါက်ဝင်ဝင်ချင်း နေရာ၌ ဆောက်လုပ်နေခြင်းဖြစ်ကာ မြန်မာမှုလက်ရာများကို အဓိကထား ရောင်းချမည့် ရှော့ပင်းစင်တာ ဖြစ်သည်ဟု သိရပြီး ပြီးစီးမှု ၇၀ ရာခိုင်နှုန်းခန့် ရှိပြီးမှ တစ်ထပ်ကိုပြန်ဖျက်ရန် ညွှန်ကြားခဲ့ခြင်း ဖြစ်သည်။

"အဲဒီရှော့ပင်းစင်တာက အထပ်မြင့်လို့ တစ်ထပ်ပြန်ဖျက်ဖို့ ညွှန်ကြားလိုက်တာ ဖြစ်ပါတယ်။ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အဆောက်အအုံ ဌာနရဲ့ သတ်မှတ်ပုံစံနဲ့ ငြိနေတာလို့တော့ သိရတယ်။ အဲဒီအဆောက်အအုံရဲ့ ဒီဇိုင်းပုံစံတွေ ဘာတွေကတော့ အဆောက်အအုံဌာနနဲ့ပဲ ဆိုင်ပါတယ်" ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ပန်းဥယျာဉ်နှင့် အားကစားကွင်းများ ဌာနမှ တာဝန်ရှိသူ တစ်ဦးက သြဂုတ် ၂၄ ရက်က ပြောကြားခဲ့သည်။

ထိုအကြောင်းအရာနှင့် ပတ်သက်၍ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အဆောက်အအုံဌာနသို့ ဆက်သွယ်မေးမြန်းခဲ့ရာ ဆက်သွယ်မေးမြန်း၍ မရရှိခဲ့ပေ။

အဆိုပါ ရှော့ပင်းစင်တာကို ဆောက်လုပ်သည့် သဘာဝဥယျာဉ် (Natural World) ကုမ္ပဏီကိုလည်း ဆက်သွယ်မေးမြန်းရာ ယင်းရှော့ပင်းစင်တာ စီမံကိန်းမှ တာဝန်ရှိသူတစ်ဦးက ကုမ္ပဏီလူကြီးများ မသိဘဲ ဖြေကြား၍ မရနိုင်ကြောင်း ပြန်လည်ပြောကြားခဲ့သည်။

အဆိုပါ ရှော့ပင်းစင်တာ ဆောက်လုပ်နေသည့် နေရာမှာ အများပြည်သူပိုင် ပန်းခြံဖြစ်ပြီး ရန်ကုန်မြို့၏ စိမ်းလန်းမြေဧရိယာ (Green Area) အတွင်း ဖြစ်နေသည့်အပြင် ရွှေတိဂုံ စေတီတော်တွင် အဆောက်အအုံ ဆောက်လုပ်ခွင့် ကန့်သတ်ဧရိယာ ဖြစ်နေသောကြောင့် ဆောက်လုပ်ခွင့် မပြုသင့်ခဲ့ကြောင်းလည်း ဝေဖန်သုံးသပ်မှုများ ရှိနေသည်။

ယင်းနှင့်ပတ်သက်၍ "ပန်းခြံဆိုတာ အပန်းဖြေတဲ့ နေရာမျိုးဖြစ်တယ်။ ဒါကြောင့် အဲဒီမှာ စားသောက်ဆိုင်တော့ ဖွင့်လို့ရတယ်။ စားသောက်ဆိုင် ဆိုရာမှာလည်း သေးသေးမွှားမွှားလေးတွေ ပုံစံမျိုးကို ပြောတာပါ။ အခိုင်အခံ့ အကြီးကြီးဆိုရင်တော့ မဖြစ်သင့်ဘူး။ ပန်းခြံဆိုတာမျိုးက သဘာဝအတိုင်း ဖြစ်တာများရမယ်။ လူတွေလုပ်တဲ့ Structure နည်းရမယ်။ အခုလို ပြည်သူ့ရင်ပြင်ထဲမှာ ရှော့ပင်းစင်တာကြီး ဆောက်တာက မဆောက်သင့်ဘူး။ ဆောက်ချင်ရင် အများပိုင်ပန်းခြံမှာ မဟုတ်ဘဲ သူ့ဟာသူ ပုဂ္ဂလိကပိုင် မြေပေါ်မှာပဲ ဆောက်သင့်တယ်" ဟု ရန်ကုန်မြို့ပြ စီမံကိန်း ပညာရှင်တစ်ဦးက ထောက်ပြခဲ့သည်။

Eleven

ရန်ကုန်မြေဈေး ကျဆင်းရန် အစိုးရစတင်လုပ်ဆောင်၊ နေရာ အလိုက် မြေဈေးများသတ်မှတ်


နေပြည်တော်၊ သြဂုတ် ၂၃

အိမ်၊ ခြံ၊ မြေ ဈေးနှုန်းများ အဆမတန်ကြီး မြင့်နေမှုနှင့် အခွန်အကောက်များ ဆုံးရှုံးခြင်းမှ ကာကွယ်ရန် ရန်ကုန်တိုင်းဒေသကြီးအတွင်း နေရာဒေသအလိုက် တစ်ပေပတ်လည် မြေဈေးနှုန်းများကို တရားဝင် သတ်မှတ်လိုက်ပြီ ဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမောင်မောင်သိမ်း က ပြောကြားသည်။

ယင်းသို့ တစ်ပေပတ်လည်မြေ ပေါက်ဈေးနှုန်းကို တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးကို ကာလပေါက်ဈေးနှင့်အညီ သတ်မှတ်ပေးရန် သက်ဆိုင်ရာဒေသ အစိုးရတာဝန်ရှိသူများ ပါသည့် ဈေးနှုန်းတွက်ချက်သည့် အဖွဲ့ထံမှ တောင်းခံထားခြင်းဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးအတွက် နေရာအလိုက် မြေဈေးနှုန်းများကို တွက်ချက်သတ်မှတ်ပြီး ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

“နေရာအလိုက် ဝင်ဒါမီယာဆို ဘယ်ဈေး၊ မြောက်ဒဂုံဆို ဘယ်ဈေး၊ တစ်ပေပတ်လည်နှုန်းနဲ့ တွက်ချက်ထားပါတယ်” ဟု ဒေါက်တာမောင်မောင်သိမ်းက ဆိုသည်။

ယင်းသို့ နေရာဒေသအလိုက် ကာလပေါက်ဈေးနှင့်အညီ သတ်မှတ်ထားသည့် မြေဈေးနှုန်းများကို မကြာမီ ထုတ်ပြန်ပေးမည်ဖြစ်ပြီး ယင်းပေါက်ဈေးအတိုင်း အခွန်အခများ ပေးဆောင်ရမည် ဖြစ်ကြောင်း ၎င်းကထပ်လောင်း ပြောကြားသည်။

“မြေဈေးတွေ တစ်ပေနှုန်းသတ်မှတ်ရင် သတ်မှတ်တဲ့အတိုင်း အခွန်တော့ရမယ်၊ မြေဈေးတော့ ကျသွားမှာ မဟုတ်ဘူး။ ကြိုက်ရောင်းကြိုက်ဝယ် မြေမှောင်ခို ဈေးကွက်သဘောတွေ ရှိလာမယ်” ဟု စိုင်းခွန်နောင် အိမ်၊ ခြံ၊ မြေ အကျိုးဆောင်လုပ်ငန်းမှ မန်နေဂျာ ဦးရန်အောင်က သုံးသပ်သည်။

မြေဈေးနှုန်းကို ယင်းသို့ သတ်မှတ်ပါက စာချုပ်ပေါ်တွင်သာ သတ်မှတ်နှုန်းဖြင့် စာချုပ်ချုပ်ဆိုသော်လည်း ဈေးနှုန်း ပိုပေးဝယ်ခြင်းမျိုးကို အစိုးရက ထိန်းချုပ်နိုင်မည် မဟုတ်ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

“ဒီလိုဈေးနှုန်း သတ်မှတ်လို့ မြေဈေး မကျနိုင်ဘူး။ ဈေးကွက် သဘောအရဈေးက ဝယ်သူရှိရင် ဆက်တက်နေမှာပဲ” ဟု ပြည်ကြီးတံခွန် အိမ်၊ ခြံ၊ မြေ အကျိုးဆောင်လုပ်ငန်းမှ မန်နေဂျာ ဦးနေဇော်အောင်က ပြောကြားသည်။

အိမ်၊ ခြံ၊ မြေ အကျိုးဆောင်များက ယင်းသို့ သုံးသပ်နေသော်လည်း ယခုဆောင်ရွက်ချက်မှာ ပြည်တွင်း အိမ်၊ ခြံ၊ မြေဈေး ကျဆင်းစေရေး အစိုးရ၏ ကနဦး ခြေလှမ်းမျှသာဖြစ်ပြီး နောက်ဆက်တွဲ ဆက်တိုက်လုပ်ဆောင်မည့် အစီအစဉ်များ ရှိသည်ဟု ယူဆရကြောင်း၊ ပြည်တွင်း အိမ်၊ ခြံ၊ မြေဈေး မြင့်တက်မှုကြောင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အပါအဝင် ပြည်တွင်း စီးပွားရေး ဖွံ့ဖြိုးစေမှုတို့တွင် ကြီးစွာသော အဟန့်အတား ဖြစ်နေသဖြင့် အစိုးရက မြေဈေးကျဆင်းစေရန် ကာလအတန်ကြာကပင် စီစဉ်ထားသည်ဖြစ်ရာ ဆင့်ကဲလုပ်ဆောင်မှုများ ဆက်လက်ဖြစ်ပေါ်လာမည် ထင်ကြောင်း စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက သုံးသပ်သည်။

မြေဈေးနှုန်း ကြီးမြင့်မှုကို တားဆီးရာတွင် တဇွတ်ထိုး ဆောင်ရွက်၍ မရသည်ကို သိရှိကြောင်း၊ ယခုအခါ အခွန်အဖွဲ့ (Tax Monitoring Board) ကို ဖွဲ့စည်းထားပြီးနောက် အခွန်အခများ ပိုမို ကောက်ခံသည့် နည်းဖြင့်သာ မြေဈေးနှုန်းများကို ထိန်းချုပ်နိုင်မည် ဖြစ်ကြောင်း သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းက ပြောကြားသည်။

“ရင်းနှီးမြှုပ်နှံမှုတွေနှေးတာ မြေဈေးကလည်း အဓိကအကြောင်း ဖြစ်နေတော့ အဲဒါ ပြန်စိစစ်ပြီး အခွန်နဲ့ ထိန်းမယ်” ဟု ၎င်းကဆိုသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် မြေယာဈေးနှုန်း တွက်ချက်သည့် လုပ်ငန်းကို သက်ဆိုင်ရာ ဒေသအစိုးရအဖွဲ့ဝင် ဝန်ကြီးတစ်ဦးစီ ပါဝင်သည့် ဈေးနှုန်းတွက်ချက်သည့်အဖွဲ့ ဖွဲ့စည်းဆောင်ရွက်နေကြောင်း ဦးစိုးသိန်းက ထပ်လောင်းပြောကြားသည်။

စီမံကိန်းသတင်းများနှင့် အခြားဆက်စပ် အကြောင်းအရာ များကြောင့် မြေဈေးနှုန်းများ မြင့်တက်ရခြင်းမှာ လောင်းကစား ပြုလုပ်လိုသည့် အလေ့အထများကြောင့်ဖြစ်ပြီး ယင်းဖြစ်ရပ်များကို ထိန်းသိမ်းရန် ငွေကြေး ရင်းနှီးမြှုပ်နှံမှု ပြုလုပ်နိုင်မည့် နေရာတစ်ခု ဖြစ်လာရေးအတွက် ၂၀၁၅ ခုနှစ်အမီ စတော့အိတ်ချိန်းတစ်ခုကို ဂျပန်နိုင်ငံ၏ အကူအညီဖြင့် တည်ထောင်သွားမည် ဖြစ်ကြောင်း ဒေါက်တာ မောင်မောင်သိမ်းက ဆက်လက်ပြောကြားသည်။

မြန်မာနိုင်ငံတွင် အိမ်၊ ခြံ၊ မြေများကို ငွေပိုငွေလျှံ ရှိသူများက လုပ်ငန်းတစ်ခုသဖွယ် အကျိုးအမြတ်ရရှိရန် ဈေးကစားမှုကြောင့် ကာလအတန်ကြာကပင် မြေဈေးများ မြင့်တက်နေခြင်းဖြစ်ကြောင်း၊ ယင်းအပြင် အစိုးရသစ်လက်ထက်တွင် ဝင်ရောက်လာရန်ရှိသည့် ပြည်ပ ရင်းနှီးမြှုပ်နှံမှုများကို ဈေးကိုင်ထားနိုင်ရန် အတွက်လည်း ငွေပိုငွေလျှံ ရှိသူများက မြေကွက်များကို ဈေးမြင့်ပေးဝယ်ကာ ကိုင်ထားကြ၍ ပြည်တွင်းမြေဈေးများ ဆက်တိုက်တက်လာခြင်း ဖြစ်ကြောင်း စီးပွားရေးပညာရှင်များက သုံးသပ်ထားသည်။
The Voice Weekly

ဟိန်းဝေယံ ဖခင် မာန်ထက်ချီ ဗီဒီယိုထုတ်လုပ်ရေးပိုင်ရှင် ဦးဝင်းကို


ဆန္ဒပြ သည့်လူအုပ်ကြားထဲကိုရောက်နေ သည့် မြန်မာနိုင်ငံ ရုပ်ရှင်အစည်း အရုံးမှ ဗီဒီယိုထုတ်လုပ်ရိုက်ကူးခွင့် ကို တစ်နှစ်တိတိ ပိတ်ခံထား ရသော မာန်ထက်ချီ ဗီဒီယိုထုတ်လုပ်ရေးပိုင် ရှင် ဦးဝင်းကိုကလည်း
ဆန္ဒထုတ် ဖော်မှုဆီကို ပါဝင်လာရောက်ရခြင်း နှင့်ပတ်သက်ပြီး..

"ဆန္ဒပြမယ်ဆိုတာကိုသိတော့ ကျွန်တော်တို့လည်း ပါဝင်ရမယ်
လေ။ အများအကျိုးအတွက် လုပ်တဲ့ နေရာမှာ ပါကိုပါရမယ်။ ဘာကြောင့်
ပါသင့်လဲဆိုတော့ လက်ရှိနိုင်ငံတော် က သွားနေတဲ့ နိုင်ငံရေးပေါ်လစီက
ဒီမိုကရေစီစနစ်ကို သွားနေတဲ့အနေ အထားမှာ နိုင်ငံတော်ကတောင်မှ
ဖြေလျှော့ပေးပြီးတော့ စီးပွားရေး၊ လူမှုရေး၊ ပရဟိတလုပ်ငန်းတွေကို
သွားနေတာ။ အဲဒီအချိန်မှာမှ NGOဆိုပြီး ကြေးကြော်နေတဲ့ မြန်မာနိုင်ငံ
ရုပ်ရှင်အစည်းအရုံးကနေပြီး လုပ်ရပ်၊ လုပ်ကိုင်နေမှုပုံစံတွေက ဒီမိုကရေစီ မဟုတ်ဘဲနဲ့ အာဏာရှင် ဆန်ဆန်ပုံစံဖြစ်နေတာကို လုံးဝ လက်မခံနိုင် ဘူး"ဟုပြောပြခဲ့သည်။ ဆန္ဒပြလူအုပ်ကြီးဆီကို ရောက်ရှိခဲ့ သူ မဟော်ဂနီ ဗီဒီယိုထုတ်လုပ်ရေး ပိုင်ရှင် ဂျမန်းကလည်း ယခုဤနေရာ ကိုလာရောက် ပြီး ရောက်ရှိနေတာ သည် ဆန္ဒပြခြင်းမဟုတ်ဘဲ ဆန္ဒလာ ဖော်ထုတ်တာ ပါဟုဆိုလာသည်။
Popular Journal

ယနေ့ ဆန္ဒထုတ်ဖော်မှုအပေါ် ဦးအောင်ခိုင် (မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး အမှုဆောင်အဖွဲ့ဝင်၊ ဇာတ်ပို့၊ ဇာတ်ရံအခြေခံအလွှာ ဥက္ကဋ္ဌ) ၏ သဘောထား


"ဆန္ဒပြတယ်ဆိုတာ အခု ဒီမို ကရေစီနိုင်ငံကို လျှောက်နေ တဲ့နိုင်ငံ ဖြစ် တဲ့အတွက် ကိုယ်ပိုင်ဆန္ဒဖော် ထုတ်ခွင့်ဆိုတာရှိတဲ့အတွက် တားဖို့ အစီအစဉ်မရှိပါဘူး။ ဒါပေမဲ့ တစ်ခု ရှိတာက မြန်မာနိုင်ငံရုပ်ရှင်အစည်း အရုံးမှာရှိတဲ့ အမှုဆောင် ၂၂ ယောက်လုံးက ရုပ်ရှင်အစည်းအရုံး မှာထိုင်နေပြီးတော့ အလုပ်မလုပ် ကြဘူး စွပ်စွဲချက်ကတော့ အတော် လေး ကို ပြင်းထန်တယ်လို့ထင်တယ်။ ဘာလို့လဲဆိုရင် ဒီမှာအလုပ်လုပ်နေ ကြတဲ့သူတွေသည် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက လစာကို စား နေကြတဲ့သူ တစ်ယောက်မှမပါဘူး။

အားလုံးက စေတနာ့ ၀န်ထမ်းတွေချည်းပဲ။ အဲဒါအပြင်ကို ကိုယ့်စရိတ်နဲ့ကိုယ် လာပြီးတော့ ရုပ်ရှင်လောကသား တွေကောင်းရာကောင်းကြောင်း အတွက် အများကြီး အလုပ်လုပ်နေ ကြတာ။ နေရာလိုချင်လို့ ဒီနေရာ လူကြီးဝင်လုပ်နေတာမဟုတ်ဘူး။

ဘာမျှော်လင့်ချက်ထားစရာမှလည်း တစ်ခုမှအကြောင်းမရှိဘူး။ သူ့ အလွှာအလိုက် ခေါင်းဆောင်တွေ ဟာ အလွှာကလူတွေအတွက်ကို အစည်းအဝေးတွေမှာ လိုအပ်ချက် တွေ တင်ပြတယ်။ တစ်ဖက်က ဆန္ဒ ပြတဲ့လူတွေဘက်က ပြောဆိုထားတာ က မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံး ကြီးက ပြိုကွဲတော့မယ့်အခြေအနေ ပေါ့။ ပျက်ကြောင်း ဆိုတဲ့တစ်ခုတည်း ထဲမှာ သင်းပျက်အောင်လုပ်နေတဲ့ သူတွေဟာ ဘယ်သူတွေလဲဆိုတာ ကိုယ့်ဘာသာကိုယ် သုံးသပ်ဖို့လို တယ်။ အခု မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးက လက်ရှိမြန်မာနိုင်ငံ ကို အုပ်ချုပ်နေတဲ့အစိုးရနဲ့သွားတူနေ တယ်။ တစ်ခုခုလုပ်ဖို့ ရှေ့ကိုခြေတစ် လှမ်းလှမ်းလိုက်၊ အနောက်ကနေပြီး တော့ အဲဒီလှမ်းနေတဲ့ခြေထောက်ကို လှမ်းဆွဲထားလိုက်၊ နောက်ကြောင်း ပြန်လှည့်ပြီး ရှင်းနေရလိုက် အဲဒီလို နဲ့ပဲ ရုပ်ရှင်အစည်းအရုံးက ၂ နှစ်ဆို တဲ့ကာလထဲကို ရောက်တော့ မယ်။ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှာ ရှိနေတဲ့ နာယကကြီးတွေ၊ အတိုင်ပင် ခံအဖွဲ့အစည်းတွေ၊ ဗီဒီယိုလောက ဦးဆောင်အဖွဲ့အစည်းတွေ၊ ပြီးတော့ အမှုဆောင် တွေ ဒီလူတွေဘာလုပ်နေကြ သလဲဆိုတာ ကို မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးရဲ့ ခေါင်းစီးအောက်မှာ ရှိနေတဲ့ ထဲထဲဝင်ဝင် အနုပညာကို ၀ါသနာပါပြီးတော့ စီးပွားရေးတစ်ခု တည်းမဟုတ်ဘဲနဲ့ အနုပညာအခြေခံ ပြီးဝင်လာတဲ့သူအားလုံးသိ တယ်။ ပြောချင်တဲ့စကားကတော့ ဒီနေ့ ဆန္ဒပြမယ်လို့ကြိုးစားကြတဲ့သူတွေ အနု ပညာလောကကို ဘယ်အချိန်က ၀င် လာခဲ့သလဲ၊ ကိုယ့်ဘာသာကိုယ် စဉ်းစားကြဖို့လိုတယ်။ တစ်ခုပဲရှိတာက ရုပ်ရှင်လောက အတွက်တော့ ဒါဟာ အမည်းစက် တစ်ခုဖြစ်သွားလိမ့်မယ်။ အဲဒီသမိုင်း ကို၊ ကိုယ်ရေးတဲ့သမိုင်းကို ကိုယ်ကိုယ် တိုင် လက်ခံနိုင်ဖို့တော့ အရေးကြီး တယ်။

ရုပ်ရှင်အစည်းအရုံးဘက်ကပဲ ဖြစ်ဖြစ်၊ ဆန္ဒဖော်ထုတ်သူများဘက်က ပဲဖြစ်ဖြစ် ကိုယ်လုပ်ခဲ့တဲ့သမိုင်း အတွက် ကိုယ့်ဘာသာကိုယ် တာဝန် ယူနိုင်ဖို့ အရေးကြီးတယ်။ ကိုယ့် အမည်းစက်ကို ကိုယ့်ဘာသာကိုယ် ဖျက်နိုင်ဖို့အရေးကြီးတယ်"
Popular Journal

ရေမြုပ်အိမ် ၃၀၀ အတွက် ထမင်းထုပ်ဝေ


ရွှေပြည်သာ၊ သြဂုတ် ၂၃

ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ် ဇီးကုန်းကျေးရွာအုပ်စု အင်းပေါက်ကျေးရွာတွင် သြဂုတ်လ ၂၃ ရက် နံနက် ၆ နာရီခန့်တွင် အိမ်ခြေ ၃၀၀ ကျော် ရေမြုပ်ခဲ့ပြီး ညနေ ၄နာရီတွင် ထမင်းထုပ်ဝေနေရကြောင်း ဇီးကုန်းရွာ တောင်ပိုင်းမှ ဒေါ်စိုးထွဋ်စန္ဒာမှ ပြောကြားသည်။

ညဦးပိုင်းကတည်းက စတင်ရွာသောမိုးကြောင့် အရုဏ်တက်ချိန်တွင် တစ်အိမ်လုံး ရေစမြှုပ်ခဲ့ပြီး မနက်ပိုင်းတွင် အလုပ်မဆင်းနိုင်တော့ကြောင်း၊ လျှပ်စစ်မီးလည်း ပြတ်တောက်နေပြီး ထင်း၊ မီးသွေးများ ရေစိုကုန်သဖြင့် ချက်ပြုတ်စားရန် မဖြစ်နိုင်ကြောင်း ဦးသိန်စိုးက ဆိုသည်။

ရေဆက်တက်လျှင် အိမ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရမည် ဖြစ်သကဲ့သို့ မိသားစုဝင်များကိုလည်း ရေဘေး လွတ်ရာသို့ ရွှေ့ပြောင်းရမည် ဖြစ်ကြောင်း လက်ရှိရေမြုပ်နေသည်မှာ ဆင့်ပေါ် ရေဖုံးသည်အထိ (သုံးပေခန့်) မြုပ်ကြောင်း နှစ်ထပ်အိမ်များ အပေါ်တက်နေနိုင်သော်လည်း တစ်ထပ်အိမ်များအတွက် အခက်အခဲ ရှိကြောင်း နေအိမ်ရေနစ်မြုပ် နေသူ ဒေါ်စိန်ရီက ပြောကြားသည်။

နာဂစ်မုန်တိုင်း မတိုင်ခင်က နှစ်စဉ်ရေကြီးလေ့ ရှိကြောင်း နောက်ပိုင်းနှစ်များတွင် ရေမကြီးသည်မှာ ကြာပြီ ဖြစ်ကြောင်း ယင်းရွာတွင် အိမ်ခြေ ၁၅၀၀ ကျော်ခန့် ရှိကြောင်း ရွာသားများထံမှ သိရှိရသည်။

(ဝမ်းတစ်)
The Voice Weekly

ဒလမြို့နယ်မှာ တောင်သူတွေ ဖယ်ရှားပေးဖို့ ပုဒ်မ ၁၄၄ ထုတ်ပြန်


ရန်ကုန်တိုင်း ဒလမြို့နယ်မှာ သီးစားခပေးပြီး လုပ်ကိုင်နေတဲ့ တောင်သူလယ်သမားတွေကို ဒီလ ၃၁ ရက်နေ့ နောက်ဆုံးထားပြီး လယ်မြေတွေက ထွက်ခွာပေးဖို့အတွက် ပုဒ်မ ၁၄၄ ထုတ်ပြန်လိုက်ကြောင်း လယ်သမားတွေက ဒီနေ့ ရန်ကုန်မြို့ ၈၈ မျိုးဆက်ပွင့်လင်းလူ့အဖွဲ့အစည်းရုံးမှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ရန်ကုန်တိုင်း ဒလမြို့နယ် တုံးတင်ကန်မြောက်နဲ့ ခနောင်ရွာမအုပ်စု ကျေးရွာတဝိုက်က လယ်ဧက ၅ဝဝ နီးပါးလောက်ကို ဧရာဝတီရေတပ်စခန်းဌာနချုပ်က ၁၉၉ဝ ခုနှစ်မှာ သိမ်းယူခဲ့ပြီး နောက်ပိုင်း လယ်တစ်ဧကကို စပါး ၁၁ တင်းနှုန်းနဲ့ သီးစားခပြန်ချပေးခဲ့တာလို့ သိရပါတယ်။

အခုလ ၁ဝ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး အုပ်ချုပ်ရေးမှူးရုံးက ပုဒ်မ ၁၄၄ အမိန့်ကို ထုတ်ပြန်ခဲ့တာလို့ ခနောင်ရွာမကျေးရွာက လယ်သမား ဦးမြသိန်းက RFA ကို အခုလိုပြောပါတယ်။

“ဒီနယ်မြေဟာ အေးချမ်းတဲ့နယ်မြေဖြစ်တဲ့အတွက် ပုဒ်မ ၁၄၄ မထုတ်သင့်ပါဘူးလို့ ကျနော်တို့က ရန်ကုန်တိုင်းအစိုးရကို ပြောချင်ပါတယ်၊ နောက်တစ်ချက်က ဒီလယ်သမားတွေဟာ ဒီမိုးတွင်းမှာ မြေနေစရာမရှိဘဲနဲ့ ပြောင်းရွှေ့ဖို့လည်း အခက်အခဲတွေ အများကြီးရှိတဲ့အတွက် တကယ်လို့ ညှိနှိုင်းဆောင်ရွက်ပေးမယ်ဆိုရင်တော့ ပွင့်လင်းရာသီကျမှပဲ လုပ်ပေးဖို့ဆန္ဒရှိပါတယ်”

ပြီးခဲ့တဲ့နှစ်ထဲမှာ အဲဒီသီးစားခပေးပြီး လုပ်ကိုင်နေတဲ့ လယ်သမားတွေက သိမ်းယူထားတဲ့အတိုင်း အကောင်အထည်မဖေါ်တဲ့ လယ်မြေတွေပြန်ပေးဖို့ ဒါမှမဟုတ် လျော်ကြေးပေးဖို့ အစိုးရထံ စာတင်ခဲ့တယ်လို့လည်း ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလမှာ ရန်ကုန်တိုင်း လယ်ယာမြေ စုံစမ်းရေးကော်မရှင်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သိန်းလင်း၊ ဦးခိုင်မောင်ရည်တို့အဖွဲ့ဟာ အဲဒီရွာတွေကို သွားရောက်စုံစမ်းစစ်ဆေးခဲ့ပြီး လယ်သမားတွေကိုကူညီဖို့ ကတိပေးခဲ့တယ်လို့ လယ်သမားတွေက ပြောပါတယ်။
RFA Burmese

ဘင်္ဂလားဒေ့ရှ်က ထပ်မံထွက်ပြေးလာသည့် ဒုက္ခသည်များ အရေးပေါ်အကူအညီလိုအပ်


မောင်တော၊ သြဂုတ် ၂၁

ခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံက အကြမ်းဖက်ခံရမှုများကြောင့် ထွက်ပြေးတိမ်းရှောင်လာသည့် ရခိုင်မျိုးနွယ်စုဝင် ဒုက္ခသည်မိသားစု ၁၈ စု (လူဦးရေ ၉၀ကျော်) အတွက် အရေးပေါ် ကယ်ဆယ်ရေးပစ္စည်းများ လိုအပ်နေကြောင်း လူမှုကူညီ စောင့်ရှောက်ရေးအသင်း (တောင်ပြိုလက်ဝဲ) ၏ ပြင်ပ ဆက်သွယ်ရေး တာဝန်ခံ ဦးထွန်းထွန်းဝင်းက ပြောကြားသည်။

မောင်တောခရိုင် မြောက်ပိုင်း တောင်ပြို လက်ဝဲမြို့နယ်ခွဲသို့ သြဂုတ်လ ၂၁ ရက်နေ့က ထွက်ပြေး တိမ်းရှောင်လာသည့် အဆိုပါ ဒုက္ခသည် များကို မောင်တောမြို့နယ် အုပ်ချုပ်ရေးမှူးရုံး အစီအစဉ်ဖြင့် နေရာ ချထားပေးထားပြီး ဆန်၊ ဆီ၊ ဆား စသည့်ရိက္ခာ များကို ထောက်ပံ့ပေးထားကြောင်း၊ လတ်တလောတွင် အိုး၊ ခွက်၊ ပန်းကန်၊ အဝတ်အထည်စသည့် အရေးပေါ် အထောက်အပံ့များ အခက်အခဲ ဖြစ်ပေါ်နေကြောင်း ၎င်းကဆိုသည်။

အဆိုပါ ဒုက္ခသည်များသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်း တောင်တန်းဒေသ၊ ဘန်ဒရိုဘန်ခရိုင်၊ အလယ်ခေါင်တောင် မြို့နယ်တွင်းရှိ ဘောရိဝ၊ စွန်ချောင်း၊ တာလဘိန်ညာ၊ ချိန်နာရီ စသည့်ရွာများမှ ထွက်ပြေးလာသူများ ဖြစ်သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် တိုက်ခိုက်ခံရခြင်း၊ လယ်မြေလုခံရခြင်း၊ မုဒိမ်းကျင့်ခံရခြင်းစသည် အကြမ်းဖက်မှုများ ဖြစ်ပေါ်နေကြောင်း အဆိုပါ ဒုက္ခသည်များ၏ ပြောဆိုချက်အရ သိရှိရသည်။

၂၀၁၂ ခုနှစ်မှ စက်တင်ဘာလတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံက ထွက်ပြေးလာသည့် ရခိုင်မျိုးနွယ်စုဝင် ၁၄၀၀ ကျော်ရှိပြီး ၎င်းတို့ကို မောင်တောမြို့နယ်တွင် ဒုက္ခသည်များအဖြစ် သတ်မှတ်ကာ လက်ခံထားသည်။

ခင်မောင်အေး

The Voice Weekly

မုံးထဆေးရုံ ဆရာဝန်မရှိ၍ လူနာသေဆုံးမှုမြင့်တက်


မိုင်းတုံ၊ သြဂုတ် ၂၃

လမ်းပန်းဆက်သွယ်ရေး ခက်ခဲကြမ်းတမ်းသည့် ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းတုံမြို့နယ် မုံးထမြို့နယ်ခွဲတွင် ဆေးရုံရှိသော်လည်း ဆရာဝန် မရှိသဖြင့် လူနာများမှာ သေဆုံးလျက် ရှိကြောင်း မိုင်းတုံမြို့နယ် ခေတ္တမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုင်းအောင်ထွန်းက ပြောကြားသည်။

ငှက်ဖျားဖြစ်နေသော ဌာနဆိုင်ရာ ဝန်ထမ်းတစ်ဦးကို မြို့နယ်ခွဲဆေးရုံကို ပို့ဆောင်ခဲ့ပြီး ဆရာဝန်မရှိ၍ သေသေချာချာ မကုသနိုင်ဘဲ မြို့နယ်ဆေးရုံကိုပို့ရာ လမ်း၌ပင် သေဆုံးခဲ့ရကြောင်း၊ စုစုပေါင်း လူနာငါးဦးခန့် သေဆုံးခဲ့ရပြီ ဖြစ်ကြောင်း ၎င်းကပြောကြားသည်။

“တာဝန်ကျဆရာဝန် တောင်းထားပေမယ့် ခုထိရောက်မလာဘူး။ ငှက်ဖျားပေါတဲ့နေရာဖြစ်လို့ လူနာတွေ၊ ဝန်ထမ်းတွေက ဖျားနာမှာ စိုးရိမ်နေကြတယ်။ အရေးပေါ်ဖြစ်လည်း မလွယ်ဘူး” ဟု ၎င်းကဆိုသည်။

မုံးထမြို့နယ်ခွဲတွင် ၁၆ ခုတင်ဆံ့ ဆေးရုံရှိသော်လည်း ဆရာဝန်လုံးဝမရှိ၊ လူနာခုတင်မရှိ ဖြစ်နေပြီး သူနာပြုဆရာမ လေးဦးသာ ရှိသဖြင့် ဖျားနာမှုတစ်စုံတစ်ရာ ဖြစ်မည်ကို စိုးရိမ်နေကြရကြောင်း မုံးထ တာဝန်ကျဝန်ထမ်းများက ဆိုသည်။

“လစာနှစ်ထပ်ရပေမယ့် အစစအရာရာ ဝေးလံရှားပါးပြီး ဘာမှဆက်သွယ် မရတာကြောင့် ပြန်ပြောင်းရဖို့ပဲ ကြိုးစားနေရတယ်” ဟု မုံးထတာဝန်ကျ ဝန်ထမ်းတစ်ဦးက ဆိုသည်။

မုံးထမြို့နယ်ခွဲ စတင်ဖွင့်စဉ်က ဆရာဝန်ရှိသော်လည်း အစစအရာရာ ရှားပါးခက်ခဲသဖြင့် မည်သည့်ဆရာဝန်မျှ ရောက်မလာခြင်းကြောင့် ဆုံးပါးရသည့် လူနာများ တဖြည်းဖြည်း တိုးလာကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရှိရသည်။

“ဒေသခံတွေကတော့ ဆေးမရှိလို့၊ ရရာဆေးဝါးတွေ၊ အနည်းငယ်တတ်တဲ့ လူတွေနဲ့ပဲ ကုနေရတယ်။ တတ်ကျွမ်းတဲ့ ဆရာဝန်ရောက်လာဖို့ပဲ ဆုတောင်းနေရတယ်” ဟု ဒေသခံဦးကျတဲက ဆိုသည်။

မုံးထမြို့နယ်ခွဲသည် မိုင်းတုံမှ ၆၇ မိုင်ဝေးကွာသည့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့်နေရာတွင် တည်ရှိပြီး အနီးဆုံး ကားလမ်းပေါက်သည့် နားကောင်းမူး ကျေးရွာနှင့် ၂၅ မိုင်ခန့် ကွာဝေးကြောင်း စုံစမ်းသိရှိရသည်။

မုံးထဆေးရုံအတွက် ဆေးဝါးများကို လေးလတစ်ကြိမ် ထောက်ပံ့ပို့ဆောင်ပေးလျက် ရှိကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနထံမှ စုံစမ်းသိရှိရသည်။
The Voice Weekly

3D စကန်နာ ထွက်ပြီ


Makerbot Digitizer ကုပ္ပဏီ က ထုတ်လုပ်တဲ့ စားပွဲတင် သရီးဒီ စကန်နာ တလုံးကို ဒေါ်လာ ၁၄၀၀ နဲ့ အောက်တိုဘာလ မှာ ရောင်းချ တော့မှာ ဖြစ်ကြောင်း ကြေညာလိုက်ပြီ ဖြစ်ပါတယ်။

ဒီစကန်နာ ပေါ်မှာ တင်နိုင်မယ့် အရွယ်၊ ပစ္စည်းတွေကို စကန် ဖတ်ပြီး အလားတူ ပစ္စည်း နောက်တခုကို သရီးဒီ ပရင့်တာ ကနေ ထုတ်လုပ် ပေးနိုင်မှာ ဖြစ်ပါတယ်။
BBC Burmese

လူမင်းကို ဆန္ဒပြပြီ




ရုပ်ရှင်အစည်းအရုံး ဥက္ကဌနဲ့ တာဝန်ရှိသူတွေ နှုတ်ထွက်ပေးဖို့ ရုပ်ရှင်လောကသားတချို့ ရန်ကုန်မှာ စနေနေ့က ဆနပြကြပါတယ်။

၇န်ကုန်မြို့၊ မဟာဗန္ဓုလလမ်းက ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်ရှေ့မှာ ဆန္ဒပြခဲ့ကြတာဖြစ်ပြီး ရုပ်ရှင်အစည်းအရုံး တာဝန်ရှိသူတွေ နှုတ်ထွက်ပေးဖို့ စာသားပါ ဆိုင်းဘုတ်တွေကိုင်ဆောင် ထားခဲ့ကြပါတယ်။ ရုပ်ရှင်လောကသား အယောက် ၃၀လောက် တရားဝင် ခွင့်ပြုချက်ရယူပြီး ဆန္ဒပြခဲ့ကြတာပါ။

စစ်တွေမှာ မွတ်စလင်ဒုက္ခသည် နှစ်ရာကျော်ကို နေရာပြန်လည်ချထား


ရခိုင်ပြည်နယ် စစ်တွေမြို့ အောင်မင်္ဂလာရပ်ကွက် မှာ နေထိုင်တဲ့ မွတ်စလင်ဒုက္ခသည် အိမ်ထောင်စုပေါင်း ၂ဝဝ ကျော်ကို ပြည်နယ်အစိုးရအစီအစဉ်နဲ့ သက္ကယ်ပြင် ဒုက္ခသည်စခန်းအနီးမှာ ဒီနေ့ကစပြီး ရွှေ့ပြောင်းနေရာချ ထားပေးနေပါတယ်။

အခုလိုနေရာချထားပေးတာဟာ အောင်မင်္ဂလာရပ်ကွက် မှာ နေထိုင်နေတဲ့ ဒုက္ခသည်တွေရဲ့ တောင်းဆိုချက် အရ ပြည်နယ်အစိုးရက အခုလို ရွှေ့ပြောင်းနေရာချ ထားပေးတာလို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီးဌာန၊ ဝန်ကြီး ဦးလှဟန်က RFA ကို ပြောပါတယ်။

“သူတို့ဘက်က ခေါင်းဆောင်တွေက တင်ပြလာလို့ ကျနော်တို့က စီမံပေးလိုက်တာပါ၊ သူတို့သွားချင်တဲ့လူလောက်ပဲ ကျနော်တို့ လွှတ်ပေးလိုက်တာပါ၊ ကျနော်တို့ တင်ပေးလိုက်တဲ့အထဲကတော့ ၁၃ဝ လောက်ပဲရှိတယ်၊ ဒါပေမယ့် ဒီမှာက ၁၅ဝ လောက် အနည်းဆုံးရှိမယ်ထင်တယ်”

စစ်တွေမြို့ အောင်မင်္ဂလာရပ်ကွက်ထဲမှာ မွတ်စလင်ဒုက္ခသည် အိမ်ထောင်စုပေါင်း ၂ဝဝ ကျော်ရှိတဲ့အနက် ၁၅ဝ ဝန်းကျင်ကို ဒီနေ့ ရွှေ့ပြောင်းနေရာချထားပေးပြီး ကျန်ရှိနေသေးတဲ့ ဒုက္ခသည်တွေကိုလည်း သူတို့ဆန္ဒသဘောအရ နောက်နေ့တွေမှာ ဆက်လက်ရွှေ့ပြောင်းသွားဖို့ရှိတယ်လို့ ဝန်ကြီး ဦးလှဟန်က ပြောပါတယ်။

အောင်မင်္ဂလာရပ်ကွက်မှာ နေထိုင်နေတဲ့ မွတ်စလင်မြို့မိမြို့ဖတစ်ဦးဖြစ်သူ ဦးရွှေဇံအောင်က အခုလို ပြောပါတယ်။

“ကျနော်တို့မှာ ရပ်ကွက် ၄ ရပ်ကွက်က ကျန်ခဲ့တာတွေရှိပါတယ်၊ အဲဒီကျန်ခဲ့တဲ့အထဲမှာ ပြီးခဲ့တဲ့မိုးတွင်းက ပြောင်း သွားပြီး အိမ်ထောင်စု ၂ဝဝ ကျော်လောက် ကျန်ခဲ့ပါတယ်၊ ဟိုမှာအမိုးအကာမပြီးသေးလို့ ကျနော်တို့က မပြောင်းသေးတာ၊ အခုကအမိုးအကာပြီးလို့ ပြောင်းတာဖြစ်ပါတယ်ခင်ဗျ၊ မသွားချင်တဲ့လူတွေကိုလည်း အတင်းအဓမ္မသွားဖို့လည်း မပြောပါဘူးခင်ဗျ”

ပြီးခဲ့တဲ့နှစ်က စစ်တွေမြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနောက်ပိုင်း အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ကြရတဲ့ မွတ်စလင်ဒုက္ခသည်တွေအားလုံးကို စစ်တွေမြို့အနောက်ဘက် သဲချောင်း၊ သက္ကယ်ပြင်၊ မှန်ဇီကျေးရွာတွေဘက်မှာ ဒုက္ခသည်တန်းလျားတွေဆောက်လုပ်ပြီး ပြည်နယ်အစိုးရက နေရာချထားပေးနေတယ်လို့ ပြည်နယ်အစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။
RFA Burmese

Facebook ကြောင့် အလုပ် မပျက်ချင်ဘူးဆိုရင်


အချို့ တွေများ Facebook ကိုအအိပ်ပျက် အစားပျက်လောက်အုံး အသုံးပြုပြီး မိမိလုပ်ငန်း ဆောင်တာ ပျက်ယွင်းနေတာတွေ ပတ်ဝန်းကျင်မှာ တွေ့မြင်နေရပါတယ်။ Facebook မသုံးလို့ အလုပ်ထုတ်မယ့် ရုံးဆိုလို့ Facebook ပဲရှိပါတယ်။ ဘယ်လုပ်ငန်းခွင်မှာမဆို Facebook အသုံးပြုမှုနဲ့ ပက်သက်ပြီး လိုလိုလားလား မရှိကြ တာကတော့ အမှန်ပါပဲ။ ဒီတော့ Self Control လုပ်ပြီး Facebook သုံးရင်း အလုပ်မပျက်ဖို့လည်း လုပ်ပါတယ်။ ဒီတော့ -


Product ထွက်ဖို့ သေချာရမယ်

Facebook ဘယ်လောက်ပဲ သုံးချင်သုံးချင် အလုပ်ကတော့ ပြီးရမယ်ဟုတ်။ အလုပ်မပြီးမြောက်ပဲ Facebook သုံးရင်တော့ ဒါ Facebook ကြောင့်အလုပ်ပျက်သူ ခေါင်းစဉ်ထဲကို ဝင်သွားပါမယ်။ ဒီတော့ အလုပ်စလုပ်ပြီဆိုတာတဲ့ Product /Project ပြီးအောင်လုပ်ရမယ်ဆိုတဲ့ စိတ်ကို အရင်မွေးရပါမယ်။

Quality ကောင်းဖို့ သေချာရမယ်

Facebook သုံးချင်လွန်းလို့ သူခိုင်းထားတာတွေ ဒီလိုလုပ်လို့ ပြီးရင် တော်ပါပြီလေ။ Sorry. အဲဒါမျိုးမဖြစ်ရဘူး။ Quality ကောင်းကောင်း Product ထွက်ကို ဒုတိယဦးစားပေးရောမှာ ထားရပါမယ်။ Facebook ကို ရှေ့ တန်းတင်လို့ မရသေးပါဘူး။ Quality ကောင်းတဲ့ Product တွေ ထွက်ချင်တယ်။ Facebook လည်း သုံးချင် သပဆိုရင် ဖြေရှင်းနိုင်မယ့် နည်းလမ်းက Facebook ကနေ Resource ရှာဖွေခြင်း ဖြစ်ပါတယ်။ ဒီတော့ Chat off လုပ်ထားဖို့လည်း လိုရင်လိုအပ်ပါမယ်။

Client စိတ်ကျေနပ်ရမယ်

ဒီမှာ ကိုယ့် Client က သူဌေးလည်းဖြစ်ချင်ဖြစ်မယ်။ Customer လည်းဖြစ်ချင်မယ်။ အခြား သူလည်း ဖြစ်ချင် ဖြစ်မယ်။ ကိုယ် Facebook သုံးတာ သူတို့ တရားဝင်သိတယ်လေ။ ဒီတော့ ထွက်လာတဲ့ Product က ဘယ်လောက်ပဲ Quality ကောင်းတယ်ပြောပြော သူတို့ စိတ်တိုင်းမကျရင် အလကားပါပဲ။ ဒီတော့ သူတို့ စိတ်ကျေနပ်ဖို့အတွက် ဘယ်လို လုပ်ရမယ်ဆိုတာ ကိုယ်တိုင် လေ့လာသုံးသပ်ပေါ့လေ။

အိုကေပြီ။ အထက်ပါ သုံးချက်နဲ့ ကိုက်ညီပြီဆိုရင် Facebook ကို အသုံးပြုနိုင်ပါပြီ။ (အချို့ တွေများ Facebook ကို တကူးတက အသုံးပြုစေတဲ့ ရာထူးမျိုးနဲ့ အလုပ်လုပ်နေကြတာလည်း ရှိပါတယ်။) ဘယ်လိုပဲ ဖြစ်ဖြစ် FB သုံးချင်စိတ် ပေါ်တိုင်း Priority ကို အရင်စဉ်းစားရပါမယ်။ Priority သုံးခု ပြီးပြည့်စုံအောင် ဖန်တီးနိုင်တယ်လို့ ယုံကြည်ချက်ရှိမှ Facebook ဖွင့်ပါ။ အချက် သုံးချက်ပြည့်ပြီမို့ တော်ပါပြီလေ။ Facebook ပဲ သုံးတော့မယ်လို့လည်း လုပ်လို့မရပါဘူ။ မိမိ တာဝန်ယူရတဲ့ အပိုင်း ကဏ္ဍတွေဆီကနေ more and more Challenge တွေ ရင်ဆိုင်ဖို့ အသင့်ရှိရပါမယ်။ ကိုယ်တိုင်လည်း Excite ဖြစ်နေဖို့ လိုအပ်ပါတယ်။ အလုပ်ပြီးပြီဟေ့ဆိုတာနဲ့ Facebook သုံးဖို့ပဲ စိတ်ရောက်နေပြီဆိုရင်တော့ မဟုတ်တော့ ပါဘူး။ ဒါဆိုရင် Facebook စွဲနေပါပြီ။ အချိန်ကုန်၊ အလုပ်မပြီး၊ ဟေးလေးဝါးလား သာလုပ်လို့ ကောင်းပေမယ့် Facebook ကြောင့် ကိုယ့်ဘဝ Down grade ဖြစ်သွားနိုင်ပါတယ်။

လုပ်ငန်းခွင့်က မည်သူမဆို Facebook ကြောင့် အလုပ်မပျက်ဖို့ ဆန္ဒပြုလိုက်ရပါတယ်။
.

အောင်ခမ်း (TSJ team)