TE ယာဉ်ဖြင့် သယ်ဆောင်လာသော ကျွန်းခွဲသား သုံးတန်နီးပါးဖမ်းမိ

ပို့စ်တင်ချိန် - 8/25/2013 05:12:00 PM

ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ် ဘောလုံးစက်ရုံအနီး၌ သြဂုတ်လ ၂၀ ရက် နံနက် ၇ နာရီ ၄၀ မိနစ်က ဟီးနိုး (TE) ခြောက်ဘီးယာဉ်ဖြင့် တရားမဝင် သယ်ဆောင်လာသော သုံးတန်နီးပါးရှိသည့် ကျွန်းခွဲသား ၁၁၂ ချောင်းကို ဖမ်းဆီးရမိကြောင်း မှော်ဘီမြို့နယ် သစ်တောဦးစီးဌာနထံမှ သိရှိရသည်။

အဆိုပါ ယာဉ်သည် တိုက်ကြီးမြို့နယ်မှ ထွက်ခွာလာပြီး ကျွန်းခွဲသားများပေါ်တွင် အုတ်များဖုံးကာ တင်ဆောင်လာခဲ့ကြောင်း၊ အမှတ် (၄) လမ်းဆုံ သစ်တောဂိတ်မှ သတင်းပေးမှုကြောင့် ဘောလုံးစက်ရုံအနီးတွင် သစ်တောဝန်ထမ်းများက ယာဉ်ကိုစစ်ဆေးရာ အုတ်ခဲများအောက်တွင် တရားမဝင် ကျွန်းခွဲသား ၁၁၂ ချောင်း၊ အလေးချိန် ၂ ဒသမ ၉၁ တန်ကို ဖမ်းမိခဲ့ကြောင်း မှော်ဘီမြို့နယ် သစ်တောဦးစီးမှူး ဦးမြင့်ထွန်းက The Voice သို့ ပြောကြားသည်။

“ကားပေါ်မှာ ယာဉ်မောင်းအပါ အမျိုးသားသုံးဦးနဲ့ အမျိုးသမီးတစ်ဦး ပါလာတယ်။ မြို့ထဲ အုတ်သွားပို့မှာလို့ ပြောပေမယ့် မသင်္ကာလို့ စစ်ဆေးကြည့်တော့ အောက်မှာ ကျွန်းခွဲသားတွေ ပါလာတာ။ ဆိုက်အကြီးကြီးတွေ။ ဒါတွေကို ဘယ်နေရာတွေ တင်ပို့ရောင်းချနေလဲ ဆိုတာကိုတော့ ရဲက စစ်ဆေးနေတုန်းပါ” ဟု ၎င်းကဆက်လက် ပြောကြားသည်။

တရားမဝင် ကျွန်းခွဲသားများ တင်ဆောင်လာသော ယာဉ်မောင်းနှင့် ယာဉ်ပေါ်ပါလာသူများသည် တိုက်ကြီးမြို့နယ်တွင် နေထိုင်ပြီး ၎င်းတို့ကို (ပ ) ၄၈၂/၁၃၊ သစ်တောဥပဒေပုဒ်မ ၄၃-က ဖြင့် အမှုဖွင့်ထားကာ တိုက်ကြီးမြို့တွင်နေသူ ယာဉ်ပိုင်ရှင်ကိုလည်း ဖမ်းမိရေးအတွက် စုံစမ်းလျက် ရှိကြောင်း မှော်ဘီမြို့နယ် ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ယခု ဖမ်းမိသော သစ်သုံးတန်နီးပါးသည် ယခုနှစ်အတွင်း မှော်ဘီမြို့နယ်တွင် ဒုတိယအကြိမ်မြောက် ဖမ်းမိခဲ့ခြင်းဖြစ်ပြီး မေလတွင် မြောင်းတကာ စက်မှုဇုန်အနီးတွင် မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ်မှ သယ်ဆောင်လာသော တရားမဝင် ကျွန်းခွဲသား သုံးတန်ကျော်ကို ယခုနှစ် ပထမဦးဆုံးအကြိမ် ဖမ်းမိခဲ့ခြင်း ဖြစ်ကြောင်း မှော်ဘီမြို့နယ် သစ်တောဦးစီးဌာနထံမှ သိရှိရသည်။

The Voice