အောင်သိဒ္ဓိကျောင်းဝင်း၌ ခိုလှုံနေရသော သမီးကလေး ရွာခံများ၏ ယာယီတဲများ ထပ်မံအဖျက်ခံရ

ပို့စ်တင်ချိန် - 2/18/2014 04:03:00 PM





ပဲခူးတိုင်းဒေသကြီး အလိုင်နီဆည် အနီးရှိ အောင်သိဒ္ဓိကျောင်းဝင်းတွင် ယာယီတဲထိုး နေထိုင်နေသူများ အနက် ကျောင်းသားမရှိသော အိမ်ထောင်စုပေါင်း ၇၅စု၊ လူဦးရေ ၂၀၀ ကျော် နေထိုင်သော ယာယီတဲများကို ဖျက်သိမ်းပေးရန် ဖေဖော်ဝါရီလ ၁၇ ရက် မွန်းလွဲ ၁ နာရီခန့်က ပဲခူးမြို့နယ် အုပ်ချုပ်ရေးမှူးက ဖုန်းဆက် အကြောင်းကြားသောကြောင့် အဆိုပါတဲများ ဖျက်သိမ်းပေးခဲ့ကြောင်း အောင်သိဒ္ဓိကျောင်းထိုင် ဆရာတော် အရှင်အဂ္ဂဓမ္မက မိန့်ကြားသည်။

"ဒီနေ့တဲတွေ အပြီးဖျက်ပေးဖို့ ဖုန်းဆက်တယ်။ မဖျက်ပေးရင် မနက်ဖြန် သူတို့အဖွဲ့ လာဖျက်မယ် ဆိုတော့ သူတို့ ဖျက်ရင် ပစ္စည်းတွေ အကုန်ပျက်စီးဆုံးရှုံးမှာ စိုးတာကြောင့် ကိုယ့်တဲကိုယ် ဖျက်ခိုင်းပြီး ကျောင်းဝင်းထဲက ဓမ္မာရုံကို ရွှေ့ခိုင်းခဲ့တာ" ဟု ဆရာတော်က ဆက်လက်မိန့်ကြားသည်။

တပ်ပိုင်မြေအတွင်း ကျူးကျော် နေထိုင်သည်ဟု ဆိုပြီး ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် သက်ဆိုင်ရာအာဏာပိုင် အဖွဲ့အစည်းများ၏ အင်အားသုံး ဖယ်ရှားခံ ရမှုကြောင့် အဆိုပါ ကျောင်းတိုက်တွင် ယာယီလာရောက် ခိုလှုံနေသော လူဦးရေ ၅၀၀ ကျော်ကို ပဲခူးတိုင်းဒေသကြီးမှ ထွက်ခွာပေးရန် ပဲခူးမြို့နယ် အုပ်ချုပ်ရေးမှူးက ဖေဖော်ဝါရီလ ၆ ရက်နေ့က အကြောင်းကြား ခဲ့သည်။

ယင်းကဲ့သို့ အကြောင်းကြားခဲ့ သောကြောင့် အောင်သိဒ္ဓိကျောင်းတိုက် အတွင်း ယာယီခိုလှုံနေသူ များက ကျောင်းနေအရွယ် ကလေးများ စာမေးပွဲ မပြီးသေးသောကြောင့် ခေတ္တနေထိုင်ခွင့် ပေးရန် သက်ဆိုင်ရာ အဖွဲ့အစည်းများထံ အသနားခံစာ တင်ပြခဲ့ရာ ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် ပဲခူးမြို့နယ် အုပ်ချုပ်ရေးမှူးရုံး က ယာယီခိုလှုံနေသူများ အနက် ကျောင်းသား မပါရှိသည့် အိမ်ထောင်စုဝင် ၇၅ စုကို ဖေဖော်ဝါရီလ ၁၅ ရက်နေ့ နောက်ဆုံး ဖယ်ရှားပေးရန် အမိန့်စာ ထုတ်ပြန်ခဲ့ကြောင်း သမီးကလေး ကျေးရွာသူ ကျေးရွာသားများထံမှ သိရှိရသည်။

"ဖယ်ရှားပေးဖို့ သတ်မှတ်ကာလထက် ကျော်နေပါပြီ။ အကယ်လို့ မဖယ်ရှားပေးဘူး ဆိုရင် ဥပဒေအတိုင်း အရေးယူ ဆောင်ရွက်သွားမယ်။ ကျောင်းသားပါတဲ့ မိသားစုဝင် တွေလည်း ကလေးတွေ စာမေးပွဲ ဖြေဆိုပြီး တစ်ပတ်အကြာမှာ ဖယ်ပေးဖို့ အကြောင်းကြားထားပါတယ်" ဟု ပဲခူး မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

လက်ရှိ ယာယီတဲများ ဖျက်သိမ်းခံရသော မိသားစုဝင်များကို ကျောင်းဝင်း ဓမ္မာရုံနှင့် ဆွမ်းချက်ဆောင်တွင် နေထိုင်ခွင့် ပြုထားပြီး သက်ဆိုင်ရာက ကျောင်းဝင်းတွင်း နေထိုင်ခွင့် မပြုခဲ့ပါက ဥပဒေအတိုင်း ရင်ဆိုင်ကာ ဒုက္ခရောက်နေသူများ ရွှေ့ပြောင်း နေရာမရရှိသရွေ့ ကျောင်း၌ နေထိုင်ခွင့်ပြုမည် ဖြစ်ကြောင်း ဆရာတော် အရှင်အဂ္ဂဓမ္မ က မိန့်သည်။

"နေစရာမရှိ ဒုက္ခရောက်နေလို့ DKBA အဖွဲ့က သူတို့ဆီမှာနေဖို့ စီစဉ်ပေးမယ် ပြောတယ်။ ဒါပေမဲ့ သက်ဆိုင်ရာ လူကြီးတွေက ဒီနားမှာ နေစရာမြေ ပန်ပေးခဲ့မယ်ဆို ကရင်ပြည်နယ်ဘက်ကို မပြောင်း ချင်ဘူး။ ဒီနေ့မနက် ပဲခူးမြို့နယ်ထွေ အုပ်ရုံးကို တစ်လလောက် ဆက်နေထိုင်ခွင့် ပြုဖို့ အသနားခံစာ သွားတင်တာ။ နေ့လယ်က ဖုန်းဆက်ပြီးဖယ်ခိုင်းတယ်။ ဆရာတော်သာ မကယ်ရင် ဘယ်သွား နေရမှန်းတောင် မသိတော့ဘူး"ဟု ယာယီတဲ ဖျက်သိမ်းခံရသော မိသားစုများတွင် ပါဝင်သော ကိုကျော်စိန်ဦးက ပြောကြားသည်။

The Voice Weekly