တပ်မတော်ကသိမ်းယူထားသော မြေများအား ဒုတိယအကြိမ် ပြန်ပေးရာတွင် ကာယကံရှင်များထံ မရောက်ရှိပါက ပြည်ခရိုင်လုံးဆိုင်ရာ တောင်သူလယ်သမားသပိတ် ပြုလုပ်မည်ဟုဆို

ပို့စ်တင်ချိန် - 2/18/2014 08:46:00 PM


တပ်မတော်ကသိမ်းယူထားသော မြေများအား ဒုတိယအကြိမ် စိစစ်ပေးအပ်လျက်ရှိဆိုသော ဖေဖော်ဝါရီ ၆ ရက်ထုတ် ကြေးမုံသတင်းစာပါသတင်းနှင့် စပ်လျဉ်း၍ အသိမ်းဆည်းခံရသူများထံ အမှန်တကယ် ပေးအပ်ခြင်းမရှိပါက ပြည်ခရိုင်လုံးဆိုင်ရာ တောင်သူလယ်သမားသပိတ် ပြုလုပ်မည်ဟု သိရသည်။

ယခုတစ်ကြိမ် စုစုပေါင်းမြေ ၁၅၄၈၉၂ ဒသမ ၁၀၂ ဧကအား ပြည်ထောင်စုအစိုးရအဖွဲ့နှင့် မြေအသုံးချမှုစီမံခန့်ခွဲရေး ဗဟိုကော်မတီသို့ တင်ပြပြီး သက်ဆိုင်ရာဝန်ကြီးဌာနနှင့် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရများမှတစ်ဆင့် စနစ်တကျစိစစ်၍ မူလသက်ဆိုင်သူများထံ ထပ်မံစွန့်လွှတ်ပေးမည်ဟု ဖေဖော်ဝါရီ ၆ ရက်ထုတ် ကြေးမုံသတင်းစာတွင် ဖော်ပြပါရှိထားသည်။

အထက်ပါ ထုတ်ပြန်ကြေငြာချက်နှင့်ပတ်သတ်၍ ပန်းတောင်မြို့နယ်၊ ဥရှစ်ပင်မြို့မှ လယ်ယာမြေ အသိမ်းဆည်းခံထားရသူ ကိုထွန်းထွန်းက "ပထမအကြိမ်တုန်းကလည်း မြို့နယ်၊ ခရိုင်၊ တိုင်းကို တိုက်ရိုက်မေးတယ် ညွှန်ကြားမထွက်သေးဘူးပြောတယ်။ လွှတ်တော်က တာဝန်ကျေပြီး အစိုးရအဖွဲ့အစည်းတွေက သက်ဆိုင်ရာဌာနတွေက မပေးသေးဘူး။ စစ်တပ်ကပေးတယ်ဆိုရင်လည်း သူတို့ဝန်ကြီးက ပေးဆိုမှပေးနိုင်မယ်။ ၀န်ကြီးက မပေးနဲ့ဆို မပေးနိုင်ဘူးလို့ပြောတဲ့ ဌာနကလူလည်းရှိတယ်" ဟုဆိုသည်။

မူလလယ်ယာမြေပိုင်ရှင်များအနေဖြင့် သိမ်းဆည်းခံရမှု ပုံသဏ္ဍာန်များအလိုက် သက်ဆိုင်ရာဌာနအသီးသီးတွင် လုပ်ကိုင်ခွင့် ပြန်လည်လျှောက်ထားရမည်ဖြစ်၍ တောင်သူလယ်သမားအများစုမှာ ဥပဒေကြောင်းအရ အကျုံးဝင်သော စာရွက်စာတမ်းအထောက်ထားများ ပြသရန်အားနည်းနေပြီး လုပ်ထုံးလုပ်နည်းများကိုလည်း နားလည်မှုမရှိသေးသောကြောင့် ရပ်ကျေးလယ်/စီ အဖွဲ့များ၏ စီမံခန့်ခွဲဆုံးဖြတ်ချက်များကို အားကိုးရမည့် အခြေနေတွင် နစ်နာသူများ ပြန်လည်ရရှိရန် ခက်ခဲနေဆဲဖြစ်ကြောင်း တောင်သူလယ်သမားအရေး တက်ကြွလှုပ်ရှားသူ ကိုလင်းက သုံးသပ်ပြောကြားသည်။

ပဲခူးတိုင်းဒေသကြီးအတွက် ဒုတိယအကြိမ် ပြန်လည်ပေးအပ်မည့် မြေစုစုပေါင်း ၁၅၃၁၆ ဒသမ ၃၀၀ ဧကဟု ဖော်ပြထားပြီး ပြည်ထဲရေးအမိန့်ဖြင့် သိမ်းဆည်းမြေ၊ လန (၃၉) ရယူသိမ်းဆည်းမြေ၊ မြေစာရင်းပုံစံ (၁၀၅/၁၀၆) ရယူသိမ်းဆည်းမြေ၊ တပ်အစီအစဉ်ဖြင့် လုပ်ပိုင်ခွင့်ရယူသိမ်းဆည်းမြေ၊ ယခင်ကာလ သိမ်းဆည်းရေးဆောင်ရွက်ဆဲမြေဟု ခွဲခြားပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။ ပြန်လည်လျှောက်ထားရန် ပြင်ဆင်နေသည့်တောင်သူတစ်ဦးက "ပြန်ပေးတယ်လို့သာပြောတာ ရှုပ်ထွေးနေဆဲပဲ၊ ကျွန်တော်တို့လယ်မြေတွေက ဘယ်အမျိုးအစားမှာပါလဲ၊ ပါကောပါလားမသိဘူး။ တိတိကျကျ အာမခံပြီး ဖြေရှင်းချထားပေးတာမရှိရင် အခြားမြို့နယ်က တောင်သူလယ်သမားတွေနဲ့ ချိတ်ဆက်ပြီး တောင်သူလယ်သမားသပိတ်လုပ်မယ်လို့ ရည်ရွယ်ထားတယ်"ဟုဆိုသည်။

ပြည်ခရိုင် ၆ မြို့နယ်အနက် ပန်းတောင်းမြို့နယ်၊ သဲကုန်းမြို့နယ်နှင့် ပြည်မြို့နယ်တို့မှာ လယ်ယာမြေသိမ်းဆည်းခံရမှု အများဆုံးဖြစ်ပြီး ပန်းတောင်းမြို့နယ်အတွင်း သိမ်းဆည်းခံမြေ ၁၉၈၀၀ ဧက ခန့်ရှိကြောင်း တောင်သူလယ်သမားရေး တက်ကြွလှုပ်ရှားသည့် အဖွဲ့ အစည်းများထံမှ သိရသည်။

Eleven Media Group