နိုင်ငံအနှံ့အပြားရှိ ပြည်သူများ၏ ဝေဖန်မှုနှင့် ကရုဏာသက်နေမှုတို့ကို လျစ်လျူရှုကာ အာဏာပိုင်များက သမီးကလေး ကျေးရွာသားများအား ခိုလှုံရာဘုန်းကြီးကျောင်းမှ နှင်ထုတ်ရန် အမိန့်များ ဆက်တိုက်ထုတ်ပြန်

ပို့စ်တင်ချိန် - 2/18/2014 09:35:00 PM


ဖယ်ရှားခံသမီးကလေး ကျေးရွာမှ မိသားစုများ ခိုလှုံရာ အောင်သိဒ္ဓိဘုန်းကြီးကျောင်းဝင်း အတွင်းရှိ ယာယီတဲများဖျက်၍ ဖေဖော်ဝါရီ ၁၇ ရက်က ထပ်မံရွှေ့ပြောင်းနေကြစဉ် (ဓာတ်ပုံ- ဥာဏ်ဝင်းရှိန်)

နိုင်ငံအနှံ့အပြားရှိ ပြည်သူများ ဝေဖန်မှုနှင့် ကရုဏာသက်နေမှုတို့ကို လျစ်လျူရှုကာ အာဏာပိုင်များက သမီးကလေးကျေး ရွာသားများအား ခိုလှုံရာဘုန်းကြီးကျောင်းမှ နှင်ထုတ်ရန်အမိန့်များ ဆက်တိုက်ထုတ်ပြန် နေကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီး အတွင်းရှိ အောင်သိဒ္ဓိ ဘုန်းတော်ကြီးကျောင်းတွင် ခိုလှုံနေသည့် သမီးကလေး ကျေးရွာသားများအနက် ကျောင်းသားမရှိသည့် အိမ်ထောင်စု ၅၇ စု နေထိုင်သည့် တဲများအား ပဲခူးမြို့နယ် အုပ်ချုပ်ရေးမှူးက ဖေဖော်ဝါရီ ၁၇ ရက် ညနေ နောက်ဆုံးထား၍ ဖျက်သိမ်းခိုင်းသဖြင့် ဖျက်သိမ်းပေးခဲ့ရကြောင်း သိရသည်။

အဆိုပါ ကျောင်းသားမရှိသည့် အိမ်ထောင် စု ၅၇ စုအား ဖေဖော်ဝါရီ ၁၅ ရက်နောက်ဆုံး ထား ပြောင်းရွှေ့ပေးရန် ပဲခူးမြို့နယ် အုပ်ချုပ်ရေးမှူးက အမိန့်ထုတ်ပြန်ခဲ့ပြီးနောက် ယခုကဲ့သို့ ဖေဖော်ဝါရီ ၁၇ ရက် ညနေပိုင်း နောက်ဆုံးထား ဖျက်သိမ်းပေးရန်နှင့် အကယ်၍ ဖျက်သိမ်းခြင်း မရှိသေးပါက သက်ဆိုင်ရာမှ လာရောက်ဖျက်သိမ်းမည် ဖြစ်ကာ တဲဆောက်သူများအားလည်း တရားစွဲအရေး ယူမည်ဟု ပဲခူးမြို့နယ် အုပ်ချုပ်ရေးမှူးဦးခင် သိန်းမောင်က အောင်သိဒ္ဓိကျောင်း ဆရာတော်ထံ ဖုန်းဆက်အကြောင်းကြားခဲ့ပြီးနောက် ယခုလို ဖျက်သိမ်းပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အောင်သိဒ္ဓိ ဘုန်းတော်ကြီးကျောင်းဆရာတော် ဦးအဂ္ဂဓမ္မက “ဒီနေ့နေ့လယ် ၁၂ နာရီ လောက်က ဦးဇင်းဆီကို ဦးခင်သိန်းမောင်က ဖုန်းဆက်ပါတယ်။ ဒီကျောင်းသားမရှိတဲ့ အိမ်ထောင်စု ၅၇ စုကို ဒီနေ့ညနေ နောက်ဆုံးထား ဖျက်သိမ်းပေးဖို့နဲ့ တကယ်လို့ ဖျက်သိမ်းမပေးရင် သူတို့ကိုယ်တိုင်ဖျက်ပြီး တရားစွဲ အရေးယူမယ်လို့ပြောလို့ ဖျက်သိမ်းပေးလိုက်ပါတယ်။ လောလောဆယ်တော့ သူတို့ကို ဓမ္မာရုံထဲမှာပဲ ခေါ်ထားပါမယ်”ဟု ဖေဖော်ဝါရီ ၁၇ ရက် မွန်းလွဲပိုင်းက The Daily Eleven သတင်းစာသို့ မိန့်ကြားသည်။

ယင်းကဲ့သို့ ထပ်မံသတိပေးခဲ့ခြင်းနှင့် စပ်လျဉ်း၍ ပဲခူးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးခင်သိန်းမောင်သို့ ဆက်သွယ်မေးမြန်းခဲ့ရာ ၎င်းက “ကျွန်တော်တို့ သတိပေးစာ ထုတ်ပြန်ထားတဲ့ရက်ထက် ကျော်လွန်နေလို့ ဒီနေ့နောက်ဆုံးထားပြီး စောင့်ကြည့်တာပါ။ ဘာလို့လဲဆိုတော့ ဒီနေရာက ဆည်မြောင်းပိုင်တဲ့ မြေနေရာပါ။ ဥပဒေအရ ကျူးကျော်တွေကို ဖျက်သိမ်းတရားစွဲလို့ရပေမယ့် သူတို့နစ်နာသွားမှာစိုးလို့ ကျွန်တော်တို့က နှစ်ရက်ထိ စောင့်ပေးတာပါ။ ဒီညနေမှ မဖျက်ပေးရင် ဥပဒေအရပဲ လုပ်မှာပါ”ဟု ဖေဖော်ဝါရီ ၁၇ ရက် မွန်းလွဲပိုင်းက ပြောကြားသည်။

သမီးကလေးကျေးရွာမှ နေအိမ်ဖျက်သိမ်းခံ ရွာသူရွာသားများမှာ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ အလိုင်နီဆည်ဘေးရှိ အောင်သိဒ္ဓိ ဘုန်းတော်ကြီးကျောင်းဝင်း အတွင်း၌ ယာယီတဲများထိုးကာ နေထိုင်လျက်ရှိပြီး ကိုယ်ဝန်ဆောင်များ၊ သက်ကြီးရွယ်အိုများနှင့် ကလေးများမှာ မြေကြီးပေါ်တွင် အိပ်ရသဖြင့် ကျန်းမာရေး ချွတ်ယွင်းမှုများလည်း ဖြစ်ပွားနေကြောင်း သိရသည်။

ထို့ပြင် လက်ရှိနေထိုင်နေသည့် ကျူးကျော်တဲများအား အပြီးဖျက်သိမ်းရန် သတိပေးထားသည့် ဖေဖော်ဝါရီ ၁၅ ရက် နံနက်ပိုင်းက ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် DKBA စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စောဆန်းအောင်က ဖယ်ရှားခံ သမီးကလေး ရွာသားများအား နေထိုင်စရာနှင့် အလုပ်အကိုင်များပေးရန် ကရင်ပြည်နယ်သို့ ခေါ်ဆောင်သွားမည်ဟု လာရောက်ပြောဆိုခဲ့ပြီး ရွာသားများက သက်ဆိုင်ရာအစိုးရ၏ မိမိတို့အပေါ် တုံ့ပြန်မှုအား စောင့်ဆိုင်းမည်ဖြစ်ပြီး အကယ်၍ လက်ရှိနေရာမှ အတင်းဖယ်ခိုင်းပါက ၎င်းတို့အနေဖြင့် လိုက်သွားမည်ဖြစ်ကြောင်း ရွာသားအချို့က ပြောကြားကြသည်။

သမီးကလေး ကျေးရွာသားတစ်ဦးက “ဒီမွေးရပ်မြေကို စွန့်ခွာပြီး တစ်နယ်တစ်ကျေးကို ပြောင်းရွှေ့သွားဖို့ဆိုတာ မလွယ်ပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ကို သက်ဆိုင်ရာက ဒီနေရာကနေ အတင်းဖယ်ရှား မောင်းထုတ် လာခဲ့ရင်တော့ ရွေးချယ်စရာ မရှိပါဘူး။ လိုက်သွားရုံပဲ ရှိမှာပါ။ ကျွန်တော်တို့မှာလည်း ဘဝဆိုတာ ရှိပါသေးတယ်”ဟု ဖေဖော်ဝါရီ ၁၅ ရက် ညပိုင်းက ဆိုသည်။

လက်ရှိတွင် အဆိုပါ ဘုန်းကြီးကျောင်းတွင် ဖယ်ရှားခံသမီးကလေးရွာမှ အိမ်ထောင် စု ၁၃၈ စု နေထိုင်လျက်ရှိကာ လူဦးရေ ၅၃ဝ ကျော်ရှိကြောင်း သိရသည်။

ဖျက်သိမ်းခဲ့ရသည့် အိမ်ထောင်စုတစ်စုတွင် ပါဝင်သည့် ဦးရွှေမောင်က “ဒီနေ့နေ့လယ်က သက်ဆိုင်ရာက ဖျက်ခိုင်းလို့ ကျွန်တော် ဖျက်ပေးလိုက်ပါတယ်။ တကယ်လို့ ကိုယ်တိုင် မဖျက်ဘူးဆိုရင် သူတို့ကိုယ်တိုင်ဖျက်ပြီး တရားစွဲ အရေးယူမယ်ဆိုလို့ ဖျက်ပေးလိုက်ရတာပါ။ လောလောဆယ် အခုဓမ္မာရုံထဲမှာပဲ နေရတယ်”ဟု ဖေဖော်ဝါရီ ၁၇ ရက် ညနေပိုင်းက ဆိုသည်။

တာဝန်ရှိသူ အာဏာပိုင်များနှင့် သမီးကလေးကျေးရွာမှ ပြည်သူများကြားတွင် ၎င်းရွာ အမှန်တကယ် တည်ရှိခဲ့ခြင်းနှင့် ပတ်သက်၍ ကွဲလွဲမှုများ ရှိနေသော်လည်း သမီးကလေး ကျေးရွာအနီး ရှိနေသော လဂွမ်းပြင် ရေလှောင်တမံ စီမံကိန်း၏ ကျောက်စာကမ္ပည်း မော်ကွန်းတွင်မူ သမီးကလေးကျေးရွာမှာ တည်ရှိခဲ့ကြောင်း ရေးသားဖော်ပြ ထားသည်ဟု သိရသည်။ ၎င်းကမ္ပည်းမော်ကွန်းတွင် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီလက်ထက် ၂ဝဝဝ ပြည့်နှစ်က တည်ဆောက်ပြီးစီးခဲ့သည့် လဂွမ်းပြင်ရေ လှောင်တမံ စီမံကိန်းမှာ လှည်းကူးမြို့နယ် သမီးကလေးကျေးရွာအနီး တည်ရှိနေကြောင်း ၂ဝဝဝ ပြည့်နှစ် နိုဝင်ဘာ ၂၈ ရက် နေ့စွဲဖြင့် အတိအလင်း ရေးထိုးဖော်ပြထားသည်။

ထိုကဲ့သို့သော အချက်အလက်များအရ သမီးကလေးကျေးရွာမှာ ၂ဝ၁၃ ခုနှစ်မှ ဖြစ်ပေါ်လာခြင်းမဟုတ်ဘဲ ဒေသခံရွာသူရွာသားများ ပြောကြားခဲ့သည့်အတိုင်း လွန်ခဲ့သည့် နှစ်ပေါင်း ၂ဝ ကျော် ၃ဝ ခန့်အတွင်းက ရှိနေခဲ့ခြင်း ဖြစ်သည်ဟု ဆိုရပေလိမ့်မည်။ အမှန်တကယ် ဆယ်စုနှစ် နှစ်ခုသုံးခုကျော် ကြာမြင့်စွာ တည်ရှိခဲ့သော ရွာတစ်ရွာအား ယခုလို အင်အားသုံးဖယ်ရှားမှု ပြုလုပ်ခဲ့ခြင်းမှာ အစိုးရအပေါ် ဝေဖန်စရာ ဖြစ်နေခဲ့ပြီး တပ်မတော်၏ ဂုဏ်သိက္ခာပိုင်းကို ထိခိုက်နိုင်စရာ ဖြစ်စေသည့်အပြင် ပြည်သူနှင့် တပ်မတော်အကြား အထင်အမြင်လွဲမှားမှုများ ဖြစ်စေနိုင်ကြောင်း သုံးသပ်မှုများ ရှိနေသည်။

နိုင်ငံသားတိုင်းသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အတွင်း မည်သည့် အရပ်ဒေသ၌မဆို ဥပဒေနှင့်အညီ အခြေစိုက် နေထိုင်ခွင့်ရှိကြောင်း ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၅၅ တွင် ပြဋ္ဌာန်းထားသည်။

ထို့ပြင် နိုင်ငံတော်သည် နိုင်ငံသားများ၏ တရားဝင်ရရှိ ပိုင်ဆိုင်ထားသော ရွှေ့ပြောင်းနိုင်သော ပစ္စည်း၊ မရွှေ့မပြောင်းနိုင်သော ပစ္စည်းများနှင့် စပ်လျဉ်း၍ ဥပဒေအရ ကာကွယ်ပေးရမည် ဟူ၍လည်း ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၃၅၆ တွင် ပြဋ္ဌာန်းထားသည်။

အလားတူ ဤဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်လျှင် နိုင်ငံတော်သည် နိုင်ငံသားများ၏ နေအိမ် ဥပစာ လုံခြုံမှု၊ ပစ္စည်းလုံခြုံမှု၊ စာပေးစာယူနှင့် အခြားဆက်သွယ်ရေးဆိုင်ရာ လုံခြုံမှုများ အတွက် ဥပဒေအရ ကာကွယ်ပေးရမည်ဖြစ်ကြောင်း ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၅၇ တွင် ပြဋ္ဌာန်းထားချက်အရ သိရသည်။

အဆိုပါ သမီးကလေးကျေးရွာ ဖယ်ရှားခဲ့ခြင်းနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတရုံးညွှန်ကြားရေးမှူး ဦးဇော်ဌေးက “သမီးကလေးကျေးရွာ အပါအဝင် ကျန်တဲ့တိုင်းဒေသ ကြီး၊ ပြည်နယ်တွေမှာရှိတဲ့ ကျူးကျော် ပြဿနာတွေကို သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရတွေကပဲ ကိုင်တွယ်ဖြေရှင်း နေတာပါ။ သမ္မတရုံးက တိုက်ရိုက်ကိုင်တွယ်ခြင်းတော့ မရှိပါဘူး”ဟု ဖေဖော်ဝါရီ ၁၇ ရက်က ပြောကြားသည်။

Eleven Media Group