ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးရေး လုပ်ငန်းများတိုးမြှင့်ဆောင်ရွက်ပေးရန် ရည်ရွယ်ချက်ဖြင့် စစ်တွေမြို့တွင် ရဟန်းတော် တစ်ပါးက တစ်ကိုယ်တော် လမ်းလျှောက်ပြီး ဆန္ဒထုတ်ဖော်

ပို့စ်တင်ချိန် - 6/08/2014 04:47:00 PM

ဓာတ်ပုံ-လမ်းလျှောက်ဆန္ဒဖော်ထုတ်စဉ်/လင်းမြတ်(နိရဉ္စရာ)



ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးရေး လုပ်ငန်းများတိုးမြှင့်ဆောင်ရွက်ပေးရန် ရည်ရွယ်ချက်ဖြင့် စစ်တွေမြို့တွင် ရဟန်းတော် တစ်ပါးက တစ်ကိုယ်တော် လမ်းလျှောက်ပြီး ဆန္ဒထုတ်ဖော်ခဲ့သည်။

ယင်းရဟန်းတော်မှာ စစ်တွေမြို့ အဘယရက္ခိတကျောင်းတိုက်မှ ဦးစက္ကိန္ဒဖြစ်သည်။ ယနေ့နံနက် (၇) နာရီ က စတင်ကာ စစ်တွေမြို့အဘယရက္ခိတကျောင်းတိုက်မှ လမ်းမကြီးအတိုင်း မြို့တစ်ပတ် လမ်းလျှောက်ကာ သာသနာတော်အလံအား ကိုင်ဆောင် ဆန္ဒထုတ်ဖော်ခဲ့သည်။

လမ်းလျှောက်ချီတက် ဆန္ဒထုတ်ဖော်ရခြင်းနှင့် ပတ်သက်၍ ဦးစက္ကိန္ဒက နိရဉ္စရာသို့  ယခု လိုမိန့်ကြားသည်။

“စစ်တွေမြို့တစ်ပတ် ဦးဇင်းလမ်းလျှောက်တဲ့ ရည်ရွယ်ချက်က ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးတွေ ဆောင်ရွက်ပေး ဖို့ပါ။ စစ်တွေမြို့မှာ ဖွံ့ဖြိုးရေး လုပ်ငန်းစဉ်အနေနဲ့ ဇော်မတတ်၊အုန်းရည်ဖော်စတဲ့ရွာနှစ်ရွာ သုံးရွာ လောက်ပဲ ဆောင်ရွက်တာတွေ့ရပါတယ် ။စစ်တွေမြို့ပေါ်မှာ စက်ရုံအလုပ်ရုံတွေ ဖန်တီးဖို့ရယ်၊စာသင်ကျောင်းတွေ၊ သောက်ရေကန်တွေနဲ့ ရွာကြားလမ်း ပြုပြင်တာစတဲ့ ဖွံ့ဖြိုးရေးအစီအစဉ်တွေ မပါသေးတဲ့အတွက် စစ်တွေ မြို့ပေါ်မှာလည်းဖွံ့ဖြိုးရေး ဆောင်ရွက် ဖို့လိုနေတယ်” ဟု မိန့်ကြားသည်။

စစ်တွေမြို့မှာ ရခိုင်ပြည်နယ် မြို့တော် ဖြစ်သော်လည်း လမ်းများကို ပြုပြင်မူ မရှိသဖြင့် ရှု့ခင်းသာလမ်းနှင့် လမ်းမကြီးမှ အပ မင်းဗာကြီးလမ်း အပါအ၀င် မြို့ထဲရှိ လမ်းအများအပြားမှာ ဆိုးဆိုးရွားရွား ပျက်စီးနေသည်ဟု သိရသည်။

ရခိုင့်အရေးပြဿနာများသည် ရခိုင်ပြည်နယ်တွင်း၌သာ ဖြစ်ပေါ်နေခြင်း မဟုတ်ကြောင်း၊ပြည်ပရောက် ရခိုင်လူမျိုးများ နေ့စဉ်ဘဝတွင်ကြုံတွေ့နေရသည့် ပြဿနာများကိုပါ ဖြေရှင်းရန်လိုကြောင်း ဦးစက္ကိန္ဒမှ
မိန့်ကြားပြန်သည်။

“ဒီအချိန်ဟာ ရခိုင်အရေးကို ကမ္ဘာကအာရုံစိုက်နေတဲ့အချိန်ဖြစ်ပါတယ်။ကိုင်တွယ်ရလည်း တော်တော်ခက်နေဆဲပေါ့။ ရခိုင်ပြည်ထဲမှာတော့ နေ့တိုင်းပြဿနာဖြစ်နေတာမျိုးမဟုတ်ဘူး။ မလေးရှာနိုင်ငံမှာဆိုရင် မြန်မာနိုင်ငံ က လူတွေ တစ်ရက်ကို တစ်ယောက်နှစ်ယောက်ဆိုသလို အသတ်ခံနေရတယ်၊အမျိုးသမီးတွေ မုဒိန်းကျင့်ခံaနရတယ်။ ဘင်္ဂလားဒေရှ့်နိုင်ငံမှာဆိုရင်လည်း ရခိုင်လူမျိုးတွေရှိတဲ့ ရွာတွေ ရွာလုံးကျွတ်လိုလို ပြောင်းရွှေ့လာ ရတော့မယ့် အခြေအနေတွေအထိ ဖိအားပေးခံနေရပါတယ်။ ဆိုလိုချင်တာက ရခိုင်အရေးဆိုတာ ရခိုင်ပြည်တွင်းမှာပဲ ဖြစ်နေတာမဟုတ်ဘဲ နိုင်ငံရပ်ခြားတွေမှာလည်းပြန့်ကြဲဖြစ်ပေါ်နေတာပါ၊ ဒါတွေကိုလည်း အစိုးရနဲ့ နိုင်ငံတကာက အလေးထားဆောင်ရွက်ဖို့လိုပါတယ်” ဟု မိန့်ကြားသည်။

သို့ရာတွင် ကုလသမဂ္ဂအပါအဝင်နိုင်ငံတကာမှ ရခိုင်အရေးနှင့်ပတ်သက်၍ ရခိုင်ပြည်နယ်တစ်ခုတည်းကိုသာ အာရုံစိုက်နေသဖြင့် ယင်းပြဿနာအခြေအနေအရပ်ရပ်ကို ဖြေရှင်းဆောင်ရွက်ပေးရန် ပြည်နယ်အစိုးရ၊ နိင်ငံတော်အစိုးရနှင့် ကုလသမဂ္ဂအထိ မှတ်တမ်းပြုစုကာ ဆက်လက် တင်ပြမည်ဖြစ်ကြောင်း ဦးစက္ကိန္ဒမှ မိန့်ကြားသည်။

ဦးစက္ကိန္ဒသည် ပထမအကြိမ်အဖြစ် စစ်တွေမြို့မှ မြောက်ဦးမြို့အထိ လမ်းလျှောက်ကာ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုး ရေးဆောင်ရွက်ပေးရန် ဆန္ဒထုတ်ဖော်ပြီး ယခုဆန္ဒထုတ်ဖော်မှုမှာ ဒုတိယအကြိမ်ဖြစ်ကြောင်း သတင်းရရှိသည်။

Narinjara