နော်မန်ဒီကမ်းခြေအထိမ်းအမှတ်ပွဲတွင် ကသိကအောက်ဖြစ်ရသော ရုရှားသမ္မတပူတင်နှင့် ချားလ်စ်မင်းသား

ပို့စ်တင်ချိန် - 6/08/2014 12:29:00 PM


မင်းကိုကြည့်နေတယ်နော်။ နော်မန်ဒီတိုက်ပွဲ နှစ် (၇၀) ပြည်အခမ်းအနားမှာ သမ္မတပူတင်ကို အသိရခက်သည့် အကြည့်ဖြင့် ကြည့်နေသည့် ချားလ်မင်းသား (AP)



ရုရှားသမ္မတဗလာဒီမာပူတင်ကို ဂျာမန်အာဏာရှင် ဟစ်တလာနှင့် ခိုင်းနှိုင်းပြောဆိုခဲ့သည့် ဗြိတိန်အိမ်ရှေ့မင်းသားချားလ်စ်သည် နော်မန်ဒီကမ်းခြေ နှစ်(၇၀)မြောက် အခမ်းအနားတွင် ပူတင်နှင့် ပြန်ဆုံတွေ့ခဲ့သည်။

နော်မန်ဒီကမ်းခြေတိုက်ပွဲသည် ဗြိတိန်၊ အမေရိကန်၊ ရုရှားနှင့် မဟာမိတ်များ ပူးပေါင်းပြီး ဂျာမန်များကို တိုက်ခဲ့သော တိုက်ပွဲဖြစ်သဖြင့် မလွှဲမရှောင်သာဘဲ ပူတင်က ရုရှားသမ္မတအဖြစ် တက်ရောက်ခဲ့ခြင်းဖြစ်သည်။

သို့သော်လည်း အခြားကမ္ဘာ့ခေါင်းဆောင်များက အခမ်းအနားတွင် ဗြိတိန်ဘုရင်မကြီးကို ဖေးမနေခိုက် ပူတင်က သီးခြားခပ်လှမ်းလှမ်း၌သာ နေသည်။

Benouville ရဲတိုက်တွင် နော်မန်ဒီတိုက်ပွဲအမှတ်တရ ကမ္ဘာ့ခေါင်းဆောင်များ ဓာတ်ပုံရိုက်ကူးရာ၌ အမေရိကန် သမ္မတနှင့် နယူးဇီလန်က ခေါင်းဆောင် ဂျယ်ရှီမာတာပေးတို့က ဗြိတိန်ဘုရင်မကြီးကို ဖေးမကူညီရာတွင် ခပ်လှမ်းလှမ်း နေသည့် ရုရှသမ္မတပူတင် (AFP)


ရုရှားက ယူကရိန်းနိုင်ငံကို စစ်အင်အားသုံးကာ ကျူးကျော်ဝင်ရောက်ပြီး ယူကရိန်းပြည်သူများ ဒုက္ခရောက်စေခဲ့သည့်အတွက် ချားလ်စ်မင်းသားက ပူတင်ကို ဂျာမန်အာဏာရှင် ဟစ်တလာနှင့် ခိုင်းနှိုင်းခဲ့ခြင်းဖြစ်သည်။

မင်းသား၏ ပြောကြားချက်ကို ရုရှားက ဒေါသထွက်ကန့်ကွက်ခဲ့ပြီး ရုရှားသည် ဒုတိယကမ္ဘာစစ်အတွင်းက နာဇီဂျာမန်များအား တိုက်ခိုက်ခဲ့ရာ ရုရှားစစ်သား သန်း ၃၀ ခန့် သေဆုံးခဲ့သည်ဟု တုံ့ပြန်ပြောဆိုခဲ့သည်။

ရုရှားသမ္မတပူတင်ကလည်း ချားလ်စ်မင်းသား၏ အပြုအမူသည် လက်မခံနိုင်စရာဖြစ်ပြီး ထီးနန်းနှင့် ထိုက်တန်သူမဟုတ်ဟု စွပ်စွဲပြောကြားလိုက်သည်။

ပြင်သစ်နိုင်ငံရှိ နော်မန်ဒီကမ်းခြေ နှစ်(၇၀)ပြည့်ပွဲတွင် သူတို့နှစ်ဦး ပြန်ဆုံသည့်အခါ တစ်ဦးနှင့်တစ်ဦး ခပ်လှမ်းလှမ်းမှာသာရပ်နေပြီး စကားမပြောကြဟု သိရသည်။

ပူတင်ရှိရာ ကမ္ဘာ့ခေါင်းဆောင်များဘက်သို့ ချားလ်စ်မင်းသားက တစ်ချက်သာ လှမ်းကြည့်ပြီး ပြောဆိုနှုတ်ဆက်ခြင်းမပြုဟု သတင်းများက ဖော်ပြထားသည်။

ထို့အတူ မကြာမီက ရွေးကောက်ခံထားရသော ယူကရိန်းသမ္မတသစ်ကလည်း ရုရှားသမ္မတပူတင်ကို မြင်သည့်အခါ မျက်နှာထားတင်းတင်းဖြင့်သာ နေခဲ့သည်ကို တွေ့ရသည်။

သို့သော် ဗြိတိန်ဘုရင်မကြီးကိုမူ အခမ်းအနားသို့ တက်ရောက်လာသော ကမ္ဘာ့ခေါင်းဆောင်များက နွေးထွေးစွာနှုတ်ဆက်ကြိုဆိုခဲ့သည်။

—Ref: Dailymail
7day daily