လူတွေကို နှလုံးသားနဲ့ ဆက်ဆံမယ့် ကမ္ဘာ့ပထမဆုံး စက်ရုပ်

ပို့စ်တင်ချိန် - 6/08/2014 11:46:00 AM


ဂျပန်နည်းပညာလုပ်ငန်းစုတစ်ခုဖြစ်တဲ့ Softbank က တီထွင်ထုတ်လုပ်လိုက်တဲ့ အံ့အားသင့်စရာပစ္စည်းသစ် တစ်ခုကတော့ Pepper ပဲဖြစ်ပါတယ်။ နှလုံးသားရှိတဲ့ ကမ္ဘာ့ပထမဆုံး စက်ရုပ်ပါ။

ဒီစက်ရုပ်ဟာ အသိဥာဏ်စွမ်းရည်ပရိုပရမ်ကနေတဆင့် ကိုယ်ဟန်အမူအရာ၊ မျက်နှာအမူအရာနဲ့ အသံနေ အသံထားတို့ ကို မှတ်သား၊ စိစစ်ပိုင်းခြားနိုင်တယ်လို့  တီထွင်သူတွေက ဆိုပါတယ်။

Softbank ရဲ့ ပြောကြားချက်အရ လူတွေဟာ ဒီစက်ရုပ်နဲ့ သူငယ်ချင်းလို မိသားစုလို ပေါင်းသင်းဆက်ဆံနိုင်ပြီး တခြားလုပ်ငန်းအများအပြားကိုလည်း ဆောင်ရွက်နိုင်တယ်လို့ ဆိုပါတယ်။

Softbank ရဲ့ အမှုဆောင်အရာရှိချုပ် Masayoshi Son က “ တခြားစက်ရုပ်တွေမှာ စိတ်ခံစားချက်တွေနဲ့  နှလုံးသားမပါရှိတဲ့အတွက် လူတွေက စက်ရုပ်လို့ ပဲ အသိအမှတ်ပြုကြပါတယ်။ လူသားသမိုင်းမှာ ပထမဆုံးအနေနဲ့ နှလုံးသားပါရှိပြီး စိတ်ခံစားချက်တွေ ဖော်ပြနိုင်တဲ့ စက်ရုပ်တစ်ရုပ်ကို ကျွန်တော်တို့  တီထွင်လိုက်ပါပြီ” လို့ ပြောကြားခဲ့ပါတယ်။

Pepper ကို နေ့ စဉ်တာဝန်တွေကို ကူညီလုပ်ဆောင်ဖို့ ဒီဇိုင်းဆွဲထားပြီး ဂျပန်လူဦးရေရဲ့ အဓိကဖြစ်တဲ့ သက်ကြီးရွယ်အိုတွေကို ဖေးမစောင့်ရှောက်ဖို့ အကောင်းဆုံးနည်းလမ်းတစ်ခုဖြစ်လာနိုင်ပါတယ်။

ဒီစက်ရုပ်တွေကို နောက်နှစ်မှာ ဈေးကွက်စသွင်းမှာဖြစ်ပြီး ဈေးနှုန်းကတော့ ယန်း ၁၉၈ ၀၀၀ ( ပေါင် ၁၁၅၀) ဖြစ်ပါတယ်။ ဈေးကွက်မတင်ခင်မှာတော့ သုံးစွဲသူပြည်သူတွေဟာ ဂျပန်နိုင်ငံမှာရှိတဲ့ Softbank ရဲ့ စတိုးဆိုင်နှစ်ခုမှာ စက်ရုပ်တွေကို စမ်းသပ်အသုံးပြုနိုင်တယ်လို့ ဆိုပါတယ်။ Peeper စက်ရုပ်ဟာ လူတွေကို ကပြဖျော်ဖြေနိုင်သေးတယ်လို့ သိရပါတယ်။

Ref: Mirror.co.uk
Trend Myanmar