မြန်မာနိုင်ငံ အလယ်ပိုင်း အပူချိန် မြင့်မားမှုကြောင့် အခြေခံပညာ ကျောင်းအချို့ စာသင်ချိန်ပြောင်း

ပို့စ်တင်ချိန် - 6/08/2014 11:48:00 AM



ရန်ကုန်၊ ဇွန် ၇

မြန်မာနိုင်ငံ အလယ်ပိုင်းဒေသတွင် နေ့အပူချိန် မြင့်မားမှုကြောင့် စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းဒေသကြီးတို့ရှိ မြို့နယ်အချို့တွင် အခြေခံပညာကျောင်းများကို စာသင်ချိန် ပြောင်းလဲ သင်ကြားပေးခဲ့ရကြောင်း ကျောင်းအုပ်ဆရာကြီးများက ပြောကြားသည်။

၂၀၁၄-၂၀၁၅ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများကို ဇွန်လ ၁ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ရာ အပူချိန် မြင့်တက်လျက် ရှိသောကြောင့် စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ အခြေခံပညာ အထက်တန်း၊ အလယ်တန်းနှင့် မူလတန်းကျောင်းများကို ဇွန်လ ၉ ရက်နေ့မှ စတင်၍ စာသင်ချိန်ကို နံနက်ပိုင်း၌သာ သင်ကြားရန် ညွှန်ကြားထားကြောင်း စစ်ကိုင်းတိုင်းဒေသကြီး တိုင်းပညာရေးမှူးရုံး တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“တိုင်းဒေသကြီး ဝန်ကြီးချုပ်ရဲ့ ညွှန်ကြားချက်အရ စာသင်ချိန်ကို နံနက်ပိုင်း အပူသက်သာတဲ့ အချိန်တွေ ပြောင်းဖို့ တစ်တိုင်းလုံးကို ညွှန်ကြားထားပါတယ်။ အရင်က နံနက် ၉ နာရီ ညနေ ၄ နာရီအထိ စာသင်ချိန်ကို အခုနံနက် ၆ နာရီကနေ နေ့လယ် ၁၁ နာရီထိပဲ သင်ကြားဖို့ အကြောင်းကြားထားတယ်” ဟု ၎င်းက ပြောဆိုသည်။

တိုင်းပညာရေးမှူး၏ ညွှန်ကြားချက်ကို ဇွန်လ ၆ ရက်နေ့က လက်ခံ ရရှိခဲ့သောကြောင့် စာသင်ချိန် ပြောင်းလည်းမည် ဖြစ်ကြောင်း မုံရွာမြို့ ဒေါနခြံရပ်က အခြေခံပညာမူလတန်း ကျောင်းအုပ်ဆရာကြီးက ပြောကြားသည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အခြေခံပညာ အထက်တန်းကျောင်းပေါင်း ၁၄၈ ကျောင်း၊ အလယ်တန်းကျောင်း ၂၂၀ နှင့် မူလတန်းကျောင်း ၄၁၈၃ ကျောင်း ရှိပြီး၊ ဇွန်လ ၉ ရက်နေ့မှ စတင်၍ နံနက်ပိုင်း အပူချိန် သက်သာသည့် အချိန်ထိ စာသင်ချိန် ပြောင်းလည်းထားမည် ဖြစ်ကြောင်း တိုင်းဒေသကြီး ပညာရေးမှူးရုံး ထုတ်ပြန်ချက်အရသိရသည်။

မကွေးတိုင်းဒေသကြီး ရေစကြို မြို့နယ်အတွင်း အပူချိန်မြင့်မားမှုနှင့် ပတ်သက်၍ ကျောင်းအကျိုးတော်ဆောင်များနှင့် ကျောင်သားမိဘ ၁၄၅ ဦးတို့က တင်ပြခဲ့သောကြောင့် ဇွန်လ ၄ ရက်နေ့က စတင်၍ စာသင်ချိန် ပြောင်းပေးခဲ့ကြောင်း ယင်းမြို့နယ် ယာယီပညာရေးမှူး ဒေါ်တင်ကြည်က ပြောကြားသည်။

“ရာသီဥတု ပူလွန်းတဲ့အတွက် ကျောင်းသား၊ ကျောင်းသူအချို့ ဝမ်းပျက်တာ၊ နှာခေါင်းသွေးလျံတာတွေနဲ့ မူးဝေ အော့အန်တာမျိုးတွေ ဖြစ်လာတဲ့အတွက် တိုင်းပညာရေးမှူးရဲ့ ညွှန်ကြားချက် ဆောင့်မနေတော့ပဲ စာသင်ချိန် ပြောင်းပေးလိုက်တယ်” ဟု ရေစကြိုမြို့ အမှတ် (၁) အခြေခံပညာ အထက်တန်း ကျောင်းအုပ်လည်း ဖြစ်သည့် ၎င်းက ရှင်းပြသည်။

ရေစကြိုမြို့ရှိ အခြေခံပညာကျောင်းများမှာ နံနက် ၈ နာရီမှ ညနေ ၃နာရီထိ စာသင်ချိန် ခုနစ်ချိန်ဖြင့် သင်ကြားပေးလျက် ရှိရာမှ ဇွန်လ ၄ ရက်နေ့က စတင်၍ နံနက် ၇ နာရီမှ ၁၁ နာရီ မိနစ် ၃၀ ထိ စာသင်ချိန် ခုနစ်ချိန်ဖြင့် ပြောင်းလည်း သင်ကြားပေးလျက် ရှိကြောင်း ယင်းမြို့နယ် ကျောင်းသားမိဘ အသိုင်းအဝိုင်းက သိရှိရသည်။

စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းဒေသကြီး အတွင်းရှိ အခြေခံပညာကျောင်း အချို့တွင် နေအပူချိန် မြင့်မားမှုကြောင့် စာသင်ချိန် ပြောင်းလဲသော်လည်း မန္တလေးမြို့တွင် ဇွန်လ ၆ ရက်နေ့အထိ ပုံမှန်အတိုင်း ဖွင့်လှစ်ပေးလျက် ရှိကြောင်း ကျောင်းသားမိဘများထံမှ သိရသည်။

စစ်ကိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့၏ နေ့အပူချိန်မှာ မေလ နောက်ဆုံးရက်က စတင်၍ မြင့်တက်လျက်ရှိရာ ဇွန်လ ပထမပတ်အတွင်း အနိမ့်ဆုံး နေ့အပူချိန်မှာ ၃၉ ဒဿမ ၈ ဒီဂရီ စင်တီဂရိတ်မှ အမြင့်ဆုံး နေ့အပူချိန် ၄၁ ဒဿမ ၅ ဒီဂရီ စင်တီဂရိတ်ထိ ရှိကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

The Voice Weekly