မယ်စကြာဝဠာမြန်မာ အလှမယ်လောင်းတွေကို ဘာကိုကြည့်ပြီး ရွေးလဲ

ပို့စ်တင်ချိန် - 6/08/2014 04:47:00 AM


Miss Universe Myanmar ဆန်ကာတင် ၂ဝကို ဘာကိုကြည့်ပြီးရွေးလဲ။ မျက်နှာပေါက်နဲ့ ခန္ဓာကိုယ် အချိုးအစားကို အတိအကျ တိုင်းထွာယူတာမဟုတ်ဘဲ ကြည့်လိုက်ရင် ပြေပြစ်မှုရှိတာကို အဓိကဦးစားပေး ရွေးချယ်တာလို့ ဒေါ်စိုးယုဝေက ဆိုပါတယ်။

တစ်နိုင်ငံလုံးအနှံ့က လျှောက်လွှာရှင် ၁၅ဝထဲက ၄ဝကို တွေ့ဆုံမေးမြန်းပြီး ဇွန် ၄ရက်နေ့က မြန်မာလေညင်းကုမ္ပဏီရုံးခန်းမှာ ဆန်ကာတင် ၂ဝကို ရွေးချယ်ခဲ့ပါတယ်။ ဆန်ကာတင် ၂ဝထဲမှာ ပါဝင်တဲ့ ဆွီတီကိုက “ဒီလိုလူတွေအများကြီးထဲက တကယ့်စင်ပေါ်မှာ ပြိုင်ရမယ့် အယောက် ၂ဝထဲ ပါဝင်ရွေးခံရတဲ့အတွက် အရမ်းပျော်ပြီး ဂုဏ်ယူပါတယ်။ အသိပညာအတွက် စာတွေလည်း အများကြီး ဖတ်ထားပါတယ်”လို့ ခါးနံပတ် ၄ အလှမယ်လောင်းက ဆိုပါတယ်။
မိုးစက်ဝိုင်ကို အားကျတဲ့ ယွန်းမှီမှီကျော်က အင်္ဂလိပ်စာကို သေသေချာချာ လေ့လာထားပြီး လေ့ကျင့်နေတယ်လို့ ပြောပါတယ်။
Miss Universe Myanmar Organization ရဲ့ National Director ဒေါ်စိုးယုဝေက သူတို့အဖွဲ့အစည်းအနေနဲ့ ပြိုင်ပွဲဝင်သူတွေအတွက် အသေးစိတ်ကအစ ပြင်ဆင်ထားတာမို့ အလှမယ်လောင်းတွေလည်း အလှဆုံး၊ အကောင်းဆုံးဖြစ်အောင် ကြိုးစားဖို့တာဝန်ရှိတယ်လို့ ရှင်းပြပါတယ်။
ဒီနှစ် Miss Universe Myanmar 2014 ပြိုင်ပွဲကို မနှစ်က ဝင်ပြိုင်ခဲ့သူတွေ ပြန်လည်ပါဝင်လာသလို အခြား အလှမယ်ရွေးပွဲတွေမှာ ဆုတွေရထားတဲ့ မော်ဒယ်တွေလည်း ပါဝင်လာပြီးဒီနှစ်မှာတော့ ရန်ကုန်နဲ့ မန္တလေးတင် မကဘဲ နယ်မြို့တွေ အစုံအလင်ပါတယ်လို့ ဆိုပါတယ်။
(ဆောင်းနှင်းဖြူ၊ Free Wings)


Kamayut Media