အွန်လိုင်းအသုံးပြုသူများကြောင့် ပဋိပက္ခများ ပိုမို မဖြစ်ပွားစေရန် မြန်မာအစိုးရနှင့် ဖေ့စ်ဘွတ် ပူးပေါင်း ဆောင်ရွက်မည်

ပို့စ်တင်ချိန် - 7/09/2014 08:35:00 AM


တင်ဇာအောင်

ရန်ကုန်၊ မဇ္ဈိမ။ ။ အွန်လိုင်း အသုံးပြုသူများကြောင့် ပြည်တွင်းတွင် ပဋိပက္ခများ ပိုမို မပြင်းထန်စေရန် မြန်မာအစိုးရနှင့် နာမည်ကျော် လူမှုကွန်ရက် ဖေ့စ်ဘွတ်တို့ ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်သွားမည်ဟု သမ္မတရုံး တာဝန်ရှိသူတစ်ဦးက မဇ္ဈိမကို အတည်ပြု ပြောဆိုသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁ ရက်က စတင်ပြီး မန္တလေးတွင် ဖြစ်ပွားခဲ့သော ပဋိပက္ခများကြောင့် သမ္မတရုံးမှ တာဝန်ရှိသူများနှင့် ဖေ့စ်ဘွတ်က တာဝန်ရှိသူများ ဖုန်းဖြင့် (Conference Call) ပြုလုပ်ဆွေးနွေးကြပြီး ပြည်တွင်း ဖေ့စ်ဘွတ် အသုံးပြုသူများကို စောင့်ကြည့်သွားမည်ဖြစ်ကာ ပူးပေါင်း ဆောင်ရွက်သွားမည်ဟု ၎င်းက ဆိုသည်။ ဆွေးနွေးရာတွင် သွေးထိုးလှုံ့ဆော်မှုများနှင့် ပတ်သက်၍ မည်ကဲ့သို့ ကူညီနိုင်မည်ကို ဆွေးနွေးခဲ့သည်။

အဆိုပါ တာဝန်ရှိသူက “ဆွေးနွေးတဲ့အခါမှာ ကျွန်တော်တို့ ဘက်က စိုးရိမ်နေတဲ့ အခုဖြစ်နေတဲ့ Challenge (စိန်ခေါ်မှု) တွေကို ရှင်းပြတယ်။ သူတို့ကလည်း သူတို့ ကူညီနိုင်တာ ပြောတယ်။ သူတို့ရဲ့ ပေါ်လစီတွေ ရှင်းပြတယ်။ ကျွန်တော်တို့ နှစ်ဦးနှစ်ဖက် သဘောတူညီချက် ရတယ်" ဟု ဆိုသည်။

Conference Call ဖြင့် ဆွေးနွေးရာတွင် ၀ါရှင်တန် ဒီစီ၊ အိုင်ယာလန် နှင့် စင်ကာပူ ရုံးများမှ ဖေ့စ်ဘွတ် တာဝန်ရှိသူ တစ်ယောက်စီ၊ Sillicon Valley မှ တာဝန်ရှိသူ နှစ်ဦး ပါဝင်ပြီး သမ္မတရုံးက တာဝန်ရှိသူများ ပါဝင် ဆွေးနွေးကြသည်။


Mizzima Burmese