ရခိုင်ပြည်နယ်တွင် ကမန်အတုများရှိနေသည်ဟု သံသယရှိကြောင်း ပြည်နယ်ဝန်ကြီးချုပ် ပြော

ပို့စ်တင်ချိန် - 7/09/2014 08:49:00 AM



ရခိုင်ပြည်နယ်ရှိ ကမန်များတွင် အတုများရှိသည်ဟု သံသယရှိကြောင်း ပြည်နယ် ဝန်ကြီးချုပ် ဦးမောင်မောင်အုန်း က ဇူလိုင် ၄ ရက်တွင် စစ်တွေမြို့ ဦးဥတ္တမခန်းမ၌ ကျင်းပပြုလုပ်သည့် ဒေသခံတိုင်းရင်းသားများ၊ လူမှုအဖွဲ့အစည်းများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် တွေ့ဆုံရာတွင် ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

‘‘ကမန်ဆိုတာက တိုင်းရင်းသားထဲမှာပါတယ်။ ဒါပေမဲ့ ကမန်လက်မှတ်တုတွေနဲ့ ဘင်္ဂါလီတွေ ရှိနေတယ်ဆိုတာကို ကျွန်တော်သိရတယ်။ ရန်ကုန်ရုံးချုပ်က ဖိုင်တစ်ဖိုင်ကို ကျွန်တော် တောင်းကြည့်ခဲ့တယ်။ အဲဒီမှာအောက်မှာ ရခိုင်မွတ်စလင်လို့ ရေးထားတယ်။ ယနေ့တိုင်းရင်းသားတွေက လက်မခံဘူး။ ရခိုင်ဆိုတာ ဗုဒ္ဓဘာသာပဲ။ ဘင်္ဂါလီဆို ဘင်္ဂါလီပေါ့။ ဘာဖြစ်လို့ ရခိုင် မွတ်စလင်ဖြစ်တာလဲ။ ဒါကြောင့် အတုလား အစစ်လားဆိုတာ ချိန်ကိုက်ရင် အဖြေပေါ်မှာပါ။ ဒါကြောင့် တိုင်းရင်းသားတွေကို မေတ္တာရပ်ခံချင်တာက လဝက လုပ်တာမှန်သမျှ မကျေနပ်ရင် ကျွန်တော့်ကိုပြောပါ။ ကျွန်တော် စိစစ်ပေးမယ်။ မဟုတ်ဘဲ ခိုးဝင်နေတဲ့သူတွေဆိုရင်တော့ ကျွန်တော်တို့ လုံးဝလက်မခံဘူး။ ဝန်ကြီးဌာနနဲ့ ကျွန်တော် ရှင်းပေးပါ့မယ်’’ ဟု ဦးမောင်မောင်အုန်းက ပြောသည်။

ပြည်နယ်ဝန်ကြီးချုပ်နှင့် တွေ့ဆုံရာတွင် ဒေသခံများက ဘင်္ဂါလီများကို မြန်မာနိုင်ငံသား ဥပဒေအရ စိစစ်နေခြင်းထက် မွေးရာပါ နိုင်ငံသားမဟုတ်ဘဲ တစ်နည်းအားဖြင့် တိုင်းရင်းသား မဟုတ်သူများ၏ လက်ထဲတွင် ရရှိထားသည့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို မည်သည့်လမ်းကြောင်းမှ ရရှိထားသည်ကို စိစစ်ပေးရန်လိုအပ်ကြောင်း၊ နိုင်ငံသား ဖြစ်သင့်သူများကိုလည်း ဥပဒေအရ နိုင်ငံသားဖြစ်ခွင့်ပေးစေလိုပြီး နိုင်ငံသားဖြစ်ခွင့်မရသူများကို ပြတ်သားသည့် ဆုံးဖြတ်ချက်တစ်ခုချမှတ်ကာ ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း တင်ပြခဲ့သည်ဟု တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သူ မြို့ခံတစ်ဦးက ပြောသည်။

7day daily