ထမင်းငတ်လို့သေတဲ့မသာမရှိသော နိုင်ငံတော်

ပို့စ်တင်ချိန် - 7/04/2014 07:49:00 PM



(တစ်)
ခေတ်အဆက်ဆက် လူထုကို မျက်ကွယ်ပြုကာ အုပ်စိုးသူ အစိုးရမင်းများ၏ဘက်ကနေ အမြဲတမ်းပင်းပြီး ရပ်ခံလျက် စကားပြောတတ်ကြသူတို့ ဆိုလေ့ဆိုထရှိသော စကားတစ်ခွန်းရှိပါသည်။ ‘‘ဟေ့.. မြန်မာပြည်မှာ ထမင်းငတ်လို့ သေတဲ့မသာမရှိဘူးကွ’’ဟူသော စကားပဲဖြစ်ပါသည်။ ခင်ဗျားတို့ ထင်သလောက်မဆိုးပါဘူးဟူသော အနက်အဓိပ္ပာယ်။

၁၉၆၂ ခုနှစ်မှစ၍ ဘက်ပေါင်းစုံက ယိုယွင်းပျက်စီးလာခဲ့သော နိုင်ငံတော်ကိုကြည့်ကာ စာတတ်ပေတတ် မျက်စိကြီးနားကြီး အသွားအလာ အဝင်အထွက် ခြေဆံလက်ဆံရှည်သူတို့က နိုင်ငံ့အခြေအနေကို မချိတင်ကဲဖြင့် ညည်းလေ့ရှိသည့်အခါတိုင်းတွင် ထိုသူတို့သည် ‘‘လမ်းဖြတ်ကူးတဲ့အခါ၊ မျက်မှောင်မကြုတ်ဘဲကူးတဲ့လူဟာ၊ မိတ်ဆွေတွေရဲ့ဒုက္ခနဲ့ ကင်းကွာနေတဲ့သူပဲဖြစ်ရမယ်’’ဟူသည့် ဂျာမန်ကဗျာဆရာကြီး ဘားတိုးဘရက်ခ်ျ (Bertolt Brecht)၏ ကဗျာစာသားထဲကအတိုင်း လူထုကို မျက်နှာလွှဲခဲပစ်ပြောလေ့ရှိပါသည်။ ခုနက ရေးပြခဲ့သည့်အတိုင်း မြန်မာပြည်မှာ ထမင်းငတ်လို့သေတဲ့မသာ မရှိပါဘူးပဲပေါ့။

ရုတ်တရက်တော့ ဟုတ်သယောင်ယောင်ကြီး။ စားစရာထမင်းမရှိ။ ဗုန်းခနဲပစ်လဲကျ။ ဆန့်ငင်ဆန့်ငင်ဖြစ်။ သေ။ ဒါမျိုးမရှိပါဘူးဆိုတာမျိုး။ တကယ့်တကယ်က ငတ်သည်ဆိုသော အခြေအနေသည် ထိုသူတို့ တွေးထင်သလောက် ရိုးစင်းလှသောကိစ္စ မဟုတ်ပါ။

၂၀၁၁ က ထုတ်ပြန်ခဲ့သော စာရင်းဇယားများအရ မြန်မာနိုင်ငံသားတို့၏ သက်တမ်း (Life expectancy)မှာ ၆၅ ဒသမ ၁၅ နှစ်ဖြစ်ပါသည်။ ဂျပန်က ၈၁ ဒသမ ၃ နှစ်၊ ဆွီဒင်က ၇၉ ဒသမ ၉ နှစ်၊ ကနေဒါက ၇၉ ဒသမ ၂ နှစ်၊ စပိန်က ၇၉ ဒသမ ၁ နှစ်၊ ဆွစ်ဇာလန်က ၇၉ နှစ်၊ ဩစတြေးလျက ၇၉ နှစ်၊ အစ္စရေးက ၇၈ ဒသမ ၉ နှစ်၊ နော်ဝေးက ၇၈ ဒသမ ၇ နှစ်၊ ပြင်သစ်က ၇၈ ဒသမ ၇ နှစ်၊ အီတလီက ၇၈ ဒသမ ၆ နှစ်၊ ယူကေက ၇၇ ဒသမ ၉ နှစ်၊ ယူအက်စ်အေက ၇၆ ဒသမ ၉ နှစ် စသည်စသည်များနှင့် နှိုင်းယှဉ်လိုက်သောအခါ မြန်မာတို့ အသက်တိုကြောင်း ပေါ်လွင်နေပါပြီ။

ဘာကြောင့် အသက်တိုသလဲ။ အလွယ်ဆုံးပြောရရင် ငတ်လို့ပါပဲ။

(နှစ်)

အရွယ်ရောက်ပြီးသူတစ်ယောက် နေ့စဉ်စားသုံးရန် ကိုယ်ခန္ဓာအတွက် လိုအပ်ချက် (Body need)များကို ကျန်းမာရေးပညာရှင်များက ထုတ်ပြန်ထားပြီးဖြစ်ပါသည်။

Protein (အသားဓာတ်) 50 grams, Fat (အဆီ) 70 grams, Carbohydrats (ကစီ) 310 grams, Sugar (သကြား) 90 grams, Sodium (ဆား) 2.3 grams, Dietary Fibre (အမျှင်) 30 grams.

ဒါက အခြေခံဖြစ်ပါသည်။ နေ့တိုင်း နေ့စဉ်လူတစ်ယောက်ချင်း လူတစ်ယောက်ချင်း၏ လိုအပ်ချက်ဖြစ်ပါသည်။ မဖြစ်မနေ စားကိုစားရမည့်ကိစ္စ။

အသားက ၅၀ ဂရမ်ဆိုတော့ ကျပ်သားနှင့်တွက်သော် သုံးကျပ်သားကျော်ကျော်၊ လေးကျပ်သား ဆိုပါတော့။ လူငါးယောက်ရှိသော မိသားစုတစ်စုအဖို့ ၂၀ သားလောက် နေ့တိုင်းစားရန် လိုအပ်ပါသည်။ နေ့တိုင်းပါ။ ၁၅ ကျပ်သားလောက်ဝယ်ကာ အာလူးနှင့်ရောပြီး သုံးရက်တစ်ခါ၊ လေးရက်တစ်ခါစားပြီး ကြက်သားနဲ့ကွဟူသော အခြေအနေမျိုးကို ဆိုလိုခြင်းမဟုတ်ပါ။ ကျွန်တော်တို့စားသုံးခဲ့ကြပါသလား။ ထို့အတူ သကြား၊ ဆား၊ အမျှင်နှင့် ကစီဓာတ်ကြွယ်ဝသည့်ဆန်များ။

ထမင်းကြမ်းတစ်ပန်းကန်ကို ဗယာကြော်ကလေးမျှနှင့် ပြီးခဲ့ရသောရက်များ၊ လက်ဖက်သုပ်ကလေးမျှနှင့် ပြီးခဲ့ရသောရက်များ၊ ဘဲဥတစ်ခြမ်းနှင့် ပြီးခဲ့ရသောရက်များ၊ ထန်းလျက်တစ်ခဲ၊ မြေပဲဆန်နည်းနည်းနှင့် ပြီးခဲ့ရသောရက်များ၊ ငါးပိထောင်းကလေး ငါပိဖုတ်ဆီဆမ်းကလေးတို့နှင့် ပြီးခဲ့ရသောရက်များ၊ မည်သည့်ဟင်းခတ်မှမပါသည့် ချဉ်ပေါင်ဟင်းကလေး ဟင်းချိုကလေးမျှနှင့် ခေါက်သောက်ခဲ့ရသောရက်များ ကျွန်တော်တို့တွေမှာ အနည်းနှင့်အများတော့ ရှိထားကြသူတွေချည်းပဲ ဖြစ်ပါသည်။

ကျွန်တော်တို့ ငတ်ခဲ့ကြပါသည်။

(သုံး)

ကျွန်တော်တို့ခန္ဓာကိုယ်ကြီးက ကစီဓာတ်ကိုပေးသော ထမင်းနှင့် ပရိုတိန်းကိုပေးသော အသားမျှကိုသာ လိုအပ်နေတာမျိုး မဟုတ်ပါ။

သတ္တုဓာတ်တွေကိုလည်း လိုအပ်ပါသည်။ ကယ်လ်စီယမ်၊ မဂ္ဂနီစီယမ်၊ ခရိုမီယမ်၊ သံဓာတ်။ နို့ထွက်ပစ္စည်းတွေ၊ ပဲပိစပ်တွေ၊ ဆယ်လ်မွန်ငါးတွေ၊ ဆာဒင်းငါးတွေ၊ နေကြာ၊ မြေပဲ၊ ဂျုံ၊ အသီးအရွက်စိမ်းစိမ်း၊ ဥတွေ၊ ပင်လယ်စာတွေ။ ကျွန်တော်တို့ မှန်မှန်စားသုံးခဲ့ကြပါရဲ့လား။

ဗီတာမင်အေတို့၊ ဘီတို့၊ စီတို့၊ ဒီတို့၊ အီးတို့၊ ကေတို့ကိုရော ကျွန်တော်တို့ နိုင်ငံသားအများ မှန်မှန်စားဖြစ်ကြပါစ။ နို့တွေ၊ အသည်းတွေ၊ မုန်လာဥအနီတွေ၊ ငါးကြီးဆီတွေ၊ အဝါရောင်ရွှမ်းတဲ့ အသီးတွေ၊ ငါးတွေ၊ ဒိန်ခဲတွေ၊ ခရမ်းချဉ်တွေ၊ သံပရာတွေ၊ ရှောက်တွေ၊ သစ်သီးအဆန်တွေ၊ ပန်းဂေါ်ဖီတွေ၊ ဟင်းနုနယ်တွေ၊ အရိုးပါဝါးစားနိုင်တဲ့ငါးတွေ၊ ရွှေဖရုံသီးတွေ။ အမျိုးအစားစုံစုံလင်လင် ပြည့်ပြည့်ဝဝ တစ်နိုင်ငံလုံး စားသုံးနေကြပါစ။

မည်ကာမတ္တထမင်းကို ကပြက်ကချော်ဟင်းကလေးတွေနဲ့ အသက်ရှင်နေတယ်ဆိုရုံကလေး စားသုံးနေခဲ့ကြတာ မဟုတ်ဘူးလား။

ငယ်ငယ်ရွယ်ရွယ်နဲ့ ဆံပင်ကလေးတွေဖြူလို့။ ဆံပင်အရောင်တွေက နက်ပြီးတော့ မှောင်မနေကြတော့ဘူး။ မျက်လုံးတွေက တောက်တောက်ပပမရှိ။ အရိုးအဆစ်တွေက ပျော့ပျော့ခွေခွေ။ အသားအရေတွေက လျော့ရိလျော့ရဲ။ လူကလေးတွေက သေးသေးညှက်ညှက်။ နှုတ်ခမ်းကလေးတွေဖြူဖွေးလို့။ မျက်တွင်းကလေးတွေကျလို့။ ရင်ဘတ်ကလေးတွေက ရှုံ့လို့ကျုံ့လို့။ လက်ပြင်ကလေးတွေကကုန်းလို့။ အရိုးပေါ်အရေတင် နားထင်နားရင်းကလေးတွေ ချိုင့်လို့ခွက်လို့။ သည်လိုနဲ့ပဲ တစ်မျိုးသားလုံးရဲ့ သက်တမ်း (Life expectancy)က ကျဆင်းသွားလိုက်တာ။

ကြေကွဲစရာကောင်းတာက ကျွန်တော်တို့တစ်တွေဟာ ကိုယ်ခန္ဓာအတွက် လိုအပ်တဲ့အရာတွေကို စားပါလို့ လမ်းညွှန်ထားသည်များကို မစားနိုင်ရုံမျှသာမက မစားပါနဲ့ဆိုသည်များကို စားနေရရှာတာ အများအသိပါ။ Monoum Saturated Oil လို့ခေါ်သော ပဲဆီ၊ သံလွင်ဆီကိုစားပါ၊ မတတ်နိုင်ပါက အသင့်အတင့်ကောင်းသော Polyum Saturated Oil ခေါ် ပြောင်းဖူးဆီ၊ နှမ်းဆီ၊ နေကြာဆီ၊ ပဲပိစပ်ဆီကို စားပါဟုဆိုသော်လည်း ကျွန်တော်တို့တစ်တွေ Saturated Oil ခေါ် ဘေးအန္တရာယ်အလွန်ကြီးသည့် စားအုန်းဆီကို စားသုံးနေကြဆဲပါ။ ငတ်တာကိုး။ ပိုက်ဆံမှမရှိတာ။ သွေးတိုးတိုး လေဖြတ်ဖြတ် နှလုံးရောဂါဖြစ်ဖြစ် စားကြရရှာတာပဲပေါ့။

အရက်သောက်ချင်ရင် အမျိုးအစားကောင်းတာလေး ရွေးသောက်လို့ လမ်းညွှန်သော်လည်း တစ်ပုလင်း သိန်းနှစ်ဆယ်၊ သိန်းသုံးဆယ် အတန်းအစားတွေကို အသာထားလို့ တစ်သောင်းခွဲ၊ နှစ်သောင်းတန်၊ သုံး၊ လေးသောင်းတန်တွေ အနားကိုတောင်မှ ရစ်သီရစ်သီမလုပ်နိုင်တဲ့အခါ ငါးဆယ်ဖိုးပေးပါဦး တစ်ခွက်မော့ချ၊ တစ်ရာဖိုးပေးပါဦး တစ်ခွက်မော့ချလုပ်ကြရတာ ကျွန်တော်တို့ဆီကလူတွေပါ။

၂၀၁၀ ပြည့်နှစ်က ကုန်ဈေးနှုန်းများကို အခြေခံကာ လူတစ်ယောက်စားဖို့အတွက် တစ်နေ့ငွေမည်မျှ သုံးစွဲသင့်သနည်းဆိုသော စာရင်းဇယားကို ကျွန်တော်ကြည့်ဖူးပါသည်။ ၇၆၃ ကျပ်တဲ့။ ဝတ်ဖို့၊ နေဖို့၊ ပညာသင်ဖို့၊ ဆေးကုဖို့၊ အလှပြင်ဖို့၊ အပန်းဖြေဖို့၊ လှူဖို့တန်းဖို့မပါ။ စားဖို့သက်သက် ၇၆၃ ကျပ်။ သို့ဆိုလျှင် မိသားစုငါးယောက်ရှိသော် ၃,၈၁၅ ကျပ်လိုမည်ပေါ့။ ဝင်ငွေ ၃,၀၀၀ ပဲရှိသော် ဘယ်လိုလုပ်ရပါ့။ အခုထိ တစ်နေ့လုပ်ခ ၁,၀၀၀၊ ၁,၅၀၀ သာရရှိသော အလုပ်များရှိနေပါသေးသည်ဆိုလျှင် စာဖတ်သူ ယုံကြည်နိုင်ပါစ။

(လေး)

မြန်မာတို့ အသက်တိုကြရှာပါသည်။ ရှင်စဉ်မှာလည်း စွမ်းဆောင်ရည်တို့ ကျဆင်းကြပါသည်။ မြန်မာပြည်မှာ ထမင်းငတ်လို့သေတဲ့မသာ မရှိပါဘူးဟုဆိုသောသူတို့ မည်သို့သော အချက်အလက် စာရင်းဇယားများနှင့် ပြောရဲဆိုရဲရှိခဲ့ကြသလဲ ဆိုသည်ကို ကျွန်တော်သိလိုလှပါသည်။      

7day daily