ဟုတ်မှဖြီးပါ ဥက္ကဋ္ဌကြီးရာ

ပို့စ်တင်ချိန် - 7/07/2014 06:26:00 PM


 သူငယ်ချင်းရေ....

          မင်းတို့လွှတ်တော်ဥက္ကဋ္ဌကြီးကို လွှတ်တော် စတင်ကျင်းပခါစတုန်းက ငါလေ လွှတ်အထင်ကြီး ထားတာ။ ဒီမိုကရေစီကိုစတင် မီးရှူးသန့်စင်ပေးမယ့် လက်သည်ကြီးတစ်ယောက်လို အားကိုးခဲ့တာကွ။ လွှတ်တော်ကိုတိုက်ရိုက် Live ထုတ်လွှင့် ပြသတဲ့ရက်များကဆို ငါဖြင့် ဘာအလုပ်မှမလုပ်နိုင် ဘူး။ လွှတ်တော်Channel ရှေ့ကနေ မောင်ကြီး မခွာနိုင်ကိုဖြစ်ခဲ့တာ။ နောက်တစ်ခါ အစိုးရအဖွဲ့ တွေကို ပိုင်ဆိုင်မှုစာရင်းစစ်မယ်လို့ ဥက္ကဋ္ဌကြီးက ကြေညာလိုက်တော့ ဒီတခါဖြင့် ကိုယ်ကျိုးနည်းကျ ပြီဆိုပြီး မဆီမဆိုင် လှံဖျားပုစဉ်းနားတာကို ကျီးကန်း က ချီးပါပြီး(ဝန်ကြီးအဖွဲ့အတွက်)စိတ်ပူလိုက်ရသေး တယ်။ ဥက္ကဋ္ဌကြီးကို သူရဘွဲ့ပေးခဲ့တာ ထိုက်တန်တယ် ဘာညာနဲ့ အတွေးနယ်ချဲ့မိသေးတယ်။ သူငယ်ချင်းရာ....

          လယ်သမားတွေရဲ့လယ်မြေတွေကို စစ်တပ်က သိမ်းယူထားတာကို ပြန်ပေးဖို့အဖွဲ့တွေဘာတွေဖွဲ့ ပြီးကွင်းဆင်းစစ်ဆေးဘာညာဆိုတော့ တယ်ဟုတ် ပါလားပေါ့နော်။ ဥက္ကဋ္ဌကြီးကတော့ စစ်တပ်က     လူဝတ်လဲလာတယ်ဆိုတာမေ့များမေ့နေရော့သလား ပေါ့နော်။ ငါတို့သာမန်ပြည်သူတွေ အဲဒီလိုထင်သွား ပြီးအတွေးတွေဝေဝါးဝါးဖြစ်သွားအောင်ကို ဆောက် ရွက်ချက်က ပီပြင်ခဲ့တာ။ တကယ်မဟုတ်ဘဲ တမင် သရုပ်ဆောင်ပြတာဆိုရင်လဲ  အကယ်ဒမီရှော့ဘဲ သူငယ်ချင်း။ အစိုးရရုံးဘက်ကနေလွှတ်တော်ကို ပြဿနာရှာတဲ့ အင်တာနက်ထဲက ဒေါက်တာဆိတ်ဖွားကိစ္စဖြစ်ကာစကဆိုရင် ပွဲကြမ်းချက်ကတော့ လက်လန်တယ်။ ဒေါက်တာဆိတ်ဖွားကိုဖမ်းမိဘို့ အဖွဲ့တွေဘာတွေ ကောက်ဖွဲ့ပစ်လိုက်တာ မအံ့သြဘဲ ကို မနေနိုင်ဘူး သူငယ်ချင်းရဲ့။

          ဒီမိုကရေစီကိုလဲ အိမ်ကမိန်းမ ထက်တောင်ချစ် ပုံရတယ်။ ဥပဒေကြမ်းတွေကလဲ တစ်နေ့တစ်မျိုး မရိုးရဘူး။ ကတ္တီပါဝတ်ရုံကြီးဝတ်ပြီး တစ်နေ့တနေ့ ကျွန်းသားကုလားထိုင်ကြီးပေါ်မှာ ဆန့်ဆန့်ကြီးထိုင် နေရတဲ့ ဒုက္ခကို မငြီးမငြူကိုလုပ်နိုင်တာ။ ဒီမိုကရေစီ အတွေ့အကြုံနုနယ်သေးတဲ့ဆွဲခန့်လွှတ်တော် အမတ် တွေရဲ့ လန်ဘားကျောက်တံတားပြောတာတွေကို ခန္တီပါရမီ အပြည့်နဲ့အိပ်မငိုက်ဘဲနားထောင်တာ တစ် ခုထဲနဲ့တင် ဥက္ကဋ္ဌရာထူးနဲ့ထိုက်တန်နေပြီလို့ ပြောရ မယ် သူငယ်ချင်းရဲ့။

          ဒီမိုကရေစီခေါင်းဆောင်သမ္မတဖြစ်ခဲ့ရင် တောင် သူ့အနေနဲ့ငြင်းစရာကန့်ကွက်စရာမရှိပါဘူး ဆိုပြီး ဒီမိုကရက်တွေပေးတဲ့ အမှတ်တွေကို သိမ်း ကျုံးယူငင်သွားနိုင်ခဲ့တယ်။ သရုပ်ဆောင် Mode ကဝင်လွန်းတော့ ဒီမိုကရက်တစ်ပါတီတစ်ခုက အမျိုး သမီးအမတ်အိုကြီးတပါးကတောင် ဥက္ကဋ္ဌကြီးကို   သမ္မတအဖြစ်ပေါ်တင်ကြီးထထောက်ခံနေခဲ့တယ်။ လွှတ်တော်သက်တမ်း ပထမ (၂)နှစ်ခွဲကတော့အက် ရှင်ဇာတ်ကြမ်းကားတွေလိုဘဲ ကြည့်ရတာမပျင်းရဘူး။ ပရိသတ်ကလည်း အစိုးရကို လွှတ်တော်ထိန်းကျောင်း မောင်းနှင်ပေးနေတယ် ဘာညာနဲ့ ထင်ကြေးတွေ မျိုးစုံပေးပြီး မကြုံစဘူး၊ နိုင်ငံရေးရသစုံကို ခံစားနေ လိုက်ကြတာ နဂိုလာခဲ့တဲ့ ကိုယ့်နေရပ်ဇာတိကိုတောင် မေ့တေ့တေ့ဖြစ်ကုန်ကြပြီ။

သူငယ်ချင်းရေ....

          ရုပ်ရှင်ထဲကစာတန်းထိုးသလိုသုံးနှစ်ကြာသောအခါဆိုစာတန်းကြီးပေါ်လာပြီး တကယ်တန်း ၂ဝ၁၅ ရွေးကောက်ပွဲကနီးကပ်လာတဲ့အခါ ဥက္ကဋ္ဌကြီးရဲ့     ကြွေးကြော်သံကတီးလုံးပြောင်းသွားပြီကွ။ဘာတဲ့ ၂ဝ၁၅ရွေးကောက်ပွဲမှာ NLDကို အပြတ်အသတ် နိုင်ရမယ်လို့ ကြိမ်းဝါးလိုက်တာ။ မြန်မာ့အားကစားကမ္ဘာကိုလွှမ်းရမယ်ဆိုတဲ့ ဆောင်ပုဒ်နဲ့ ခပ်ဆင်ဆင် တူပြီး။ လာမယ့်ဘရာဇီး ကမ္ဘာ့ဖလားဘောလုံးပွဲမှာ မြန်မာဘောလုံးအသင်းဖလားရမယ်လို့ ပြောတဲ့လေ ပေါက်မျိုးဖြစ်နေတယ် သူငယ်ချင်းရဲ့။

          ကြားဖြတ်ရွေးကောက်ပွဲရလဒ်တွေကို ဥက္ကဋ္ဌကြီး ကမေ့ပစ်လိုက်တာလား၊ လွှတ်တော်ထဲမှာ ထိုင်နေ တာကြာလို့ ပြည်သူနဲ့ကင်းကွာသွားတာလားမသိဘူး သူငယ်ချင်း။ အပြင်မှာကြံ့ဖွံ့ပါတီဝင်တွေနွေအခါ ဘန်ဒါပင်က ဘန်ဒါရွက်တွေကြွေသလို တဖြုတ်ဖြုတ် ထွက်ပြီး  သူတို့ပါတီကိုကျောခိုင်းသွားကြတာ၊ သန်းခေါင်စာရင်းကောက်ရင်းနဲ့ မသိမသာစာရင်း လုပ်ကြည့်စေချင်တယ်။ ပါတီဝင်ဘယ်နှစ်ယောက် ကျန်သေးသလဲ တိတိကျကျမသိဘဲနဲ့ NLDကို အ ပြတ်အသတ်နိုင်ရမယ်လို့ ထကြိမ်းဝါးလိုက်တာ သွေးရူးသွေးတန်းနဲ့ထအော် သလိုဖြစ်မနေဘူးလား။

          ပြည်သူတွေကမဲပေးတတ်သွားပြီကွ၊ ကြံ့ဖွံ့က ဘာတွေပေးပေး၊ ဘာတွေလုပ်ပြပြ၊ ပြည်သူက အေးအေးဆေးဆေးဘဲ။ ဒါပေမဲ့မဲပေးတဲ့နေ့မှာတော့ သွေးအေးအေးနဲ့ ကြံ့ဖွံ့ကိုနှိပ်ကွပ်ကြမှာ၊ ပေဖြစ်တုံး က တို့ပြည်သူတွေခံခဲ့ရတာလေ။ ရွေးကောက်ပွဲနေ့ မှာမဲပြား ဆိုတဲ့တူနဲ့ ကြံ့ဖွံ့နှိပ်ထားသမျှ လက်စားပြန်ချေမှာ၊ ဥက္ကဋ္ဌကြီးဦးဆောင်ပြီး နောက်ပါတီသစ်တခု နာမည်တမျိုးနဲ့ထူထောင်ပြီး သွေးသစ်လောင်းရင် တောင် သိပ်သေချာတာ မဟုတ်ဘူး။ ဆိုရှယ်လစ်ပါတီ က တိုင်းရင်းသားစည်းလုံးညီညွတ်ရေး တစညပါတီ ဆိုပြီး နားလှဲ့ပါးရိုက်လုပ်တာလဲမအောင်မြင်ဘူး။

          နိုင်ငံတကာနဲ့ ကုလသမဂ္ဂကို ၂ဝ၁၅ ရွေး ကောက်ပွဲမှာ မဲရုံတိုင်းကို ကြီးကြပ်ကျင်းပခွင့်ပြုခဲ့ရင် ကြားဖြတ်ရွေးကောက်ပွဲထက်ကို အကြောင်းဆိုး သွားမယ်လို့  ငါပြောရဲတယ်သူငယ်ချင်း။ ပြည်သူကလဲ နှစ် (၅ဝ)ကြာတော့ဓာတ်ပေါက်သွားပြီကွ၊ကြံ့ဖွံ့ဆိုရင် လေသံတောင် ကြားချင်တော့တာမဟုတ်ဖူး။ ရွေး ကောက်ပွဲနီးမှ ပြည်သူကို ဖင်ရက်ဆားဖြူးလာလုပ်လို့ လည်းအလကားပဲ။ အရိုးသားဆုံးရွေးကောက်ပွဲတစ်ခု ကိုသာ အာဏာရပါတီက ဦးစီးကျင်းပပေးခဲ့ရင် အ ဆိုးရွားဆုံးရလဒ်တွေကိုဘဲ ကြံ့ဖွံ့ပါတီရရှိစေရမယ် ဆိုတာ ငါလောင်းရဲတယ် သူငယ်ချင်း၊ ဥက္ကဋ္ဌကြီးရဲ့သင်္ကြန်အမြောက်ကြွေးကြော်သံတွေဖြစ်တဲ့ အစိုးရကို ပိုင်ဆိုင်မှုစစ်ဆိုတဲ့ စကားရယ်၊ လယ်သမားတွေကို လယ်တွေပြန်ရစေမယ်ဆိုတဲ့ ကတိစကားရယ်၊ ဥပဒေ အထက်မှာ ဘယ်သူမှမရှိဘူးဆိုတဲ့ မိန့်ကြားချက်တွေ ရယ်၊ ဒီမိုကရေစီစနစ်ကိုရောက် အောင်သွားမယ်လို့ ပြောခဲ့တဲ့ စကားတွေရယ်၊  လာမဲ့ရွေးကောက်ပွဲမှာ ဥက္ကဋ္ဌကြီးဦးဆောင်တဲ့ပါတီက အပြတ်အသတ်အနိုင် ရစေမယ်ဆိုတဲ့ ကြိမ်းဝါးသံတွေကို နားထောင်ပြီး ဒီ လိုလေးပြောကြည့်လိုက်ချင်တယ် သူငယ်ချင်း...

''ဟုတ်မှဖြီးပါ ဥက္ကဋ္ဌကြီးရာ'' လို့
အရမ်းသန့်ညွန့်
 ပြည်သူ့ဆန္ဒဂျာနယ်အတွဲ(၂)အမှတ်(၄)