တောင်ကြီးတွင် ခရစ်ယာန်မှ ဗုဒ္ဓဘာသာသို့ မိသားစုလိုက် ကူးပြောင်း

ပို့စ်တင်ချိန် - 7/07/2014 09:44:00 AM

မွန်းလွဲပိုင်းက တောင်ကြီးမြို့၊ ကံသာရပ်ကွက်ရှိ မဟာဓမ္မိကရာမ ပရိယတ္တိစာသင်တိုက်တွင် ပြုလုပ် (ဓါတ်ပုံ - ဂျွန်ချစ်ငြိမ်း၊ မဇ္ဈိမ)

ခရစ်ယာန်ဘာသာမှ ဗုဒ္ဓဘာသာသို့ မိသားစုလိုက် ကူးပြောင်းပွဲ အခမ်းအနား ကို ဇူလိုင်
 ၆ရက် မွန်းလွဲပိုင်းက တောင်ကြီးမြို့၊ ကံသာရပ်ကွက်ရှိ မဟာဓမ္မိကရာမ ပရိယတ္တိစာ
သင်တိုက်တွင် ပြုလုပ်ခဲ့သည်။

“ဘယ်သူတစ်ဦးတစ်ယောက်ရဲ့ အတင်းအကျပ် တိုက်တွန်းချက်ကြောင့် မဟုတ်သလို၊ ကိုယ်တိုင် သက်ဝင်ယုံ ကြည်လာလို့ လွတ်လပ်သော သဘောဆန္ဒအရ မိသားစုလိုက် ဘာသာကူးပြောင်းရခြင်း ဖြစ်တယ်” ဟု ဘာသာ ကူးပြောင်းသည့် မိသားစုဝင်တစ်ဦးဖြစ်သူ မသိမ့်က မဇ္ဈိမကို ပြောသည်

တောင်ကြီးမြို့၊ ရေအေးကွင်းရပ်ကွက်နေ၊ ဒေါ်သိန်းသိန်းညွန့်နှင့်အတူ သားနှစ်ဦး၊သမီး နှစ်ဦး က ခရစ်ယာန် ဘာသာမှ ဗုဒ္ဓဘာသာသို့ ၎င်းတို့ဆန္ဒအလျောက် ကူးပြောင်းရန် လျှောက်ထားခဲ့ခြင်းဖြစ်သည်ဟု ဓမ္မပါလ အသင်းဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တအရိယဝံသက မဇ္ဈိမကို မိန့်သည်။

“တပည့်တော်တို့ ဗုဒ္ဓဘာသာကို ထဲထဲဝင်ဝင် ယုံကြည်လို့ လေ့လာဆည်းပူးချင်တယ်ပြောပြီး ဘာသာကူး ပြောင်းဖို့ ဇွန်လကတည်းက လာရောက်လျှောက်ထားခဲ့တယ်၊ ဒီနေ့မှ ပြည်နယ်၊ မြို့နယ် မဟန ဆရာတော် ဘုရားတွေရှေ့မှာ ဘာသာကူးပြောင်းပွဲ ပြုလုပ်ပေးခြင်းဖြစ်ပါတယ် " ဟု ဆရာတော်က မိန့်သည်။





ခရစ်ယာန်ဘာသာမှ ဗုဒ္ဓဘာသာသို့ မိသားစုလိုက် ကူးပြောင်းပွဲ အခမ်းအနား ကို ဇူလိုင် ၆ရက်



အဆိုပါ အခမ်းအနားတွင် ကိုးကွယ်ရာ ဘာသာကူးပြောင်းသူ မသိမ့်က မည်သူတစ်ဦးတစ်ယောက်၏ ခြိမ်းခြောက်ခြင်း၊ အတင်းအကျပ်ခိုင်းစေခြင်းကြောင့် မဟုတ်ပဲ သက်ဝင်ယုံကြည်သဖြင့် ကူးပြောင်းရခြင်းဖြစ်သည်ဟု မိသားစုကိုယ်စား ဆရာတော်များထံ လျှောက်ထားခဲ့သည်။

အဆိုပါအခမ်းအနားသို့ ပြည်နယ် သံဃနာယကဥက္ကဋ္ဌဆရာတော်၊ မြို့နယ် သံဃနာယက ဥက္ကဋ္ဌ ဆရာတော်၊ ဓမ္မပါလ အသင်းဥက္ကဋ္ဌ ဆရာတော်၊ ဓမ္မပါလ အသင်းသားများနှင့် ဝံသာနုရက္ခိတ အသင်းသားများ တက်ရောက် ခဲ့သည်။

ကိုးကွယ်ရာဘာသာတစ်ခုမှ အခြားတစ်ခုသို့ ကူးပြောင်းလိုပါက ဗုဒ္ဓဘာသာအများစုပါဝင်သည့် မှတ်ပုံတင်ရေး အဖွဲ့သို့ သွားရောက်လျှောက်ထားရမည့် အချက်များပါရှိသော ကိုးကွယ်ရာ ဘာသာကူးပြောင်းခြင်းဆိုင်ရာ ဥပဒေ ပြဌာန်းရန် အစိုးရက ကြိုးပမ်းနေသည်။

အဆိုပါဥပဒေကြမ်းသည် လွတ်လပ်စွာ ဘာသာရေး ကိုးကွယ်ခွင့်ကို ကန့်သတ်ပိတ်ပင် ထားသည်ဟု ဥပဒေပညာရှင်အချို့နှင့် လူ့အခွင့်အရေးလှုပ်ရှားသူများက ပြင်းပြင်းထန်ထန် ဝေဖန်ထားသည်။

Mizzima News Daily