အေးစက်နေသော အက်ဆေးတစ်ပုဒ်

ပို့စ်တင်ချိန် - 7/07/2014 09:43:00 AM



(၁)

ဘောင်ဘင်ခတ်နေသော မပြည့်သည့် အိုးနှစ်လုံးကြားတွင် သမီးစာကျက်၍ မရပါ။ ကျောင်းမှန်မှန် တက်၍ သမီးစာမခက်သော်လည်း အဖေအလုပ်မှန်မှန်မလုပ်၍ ဆန်ခက်နေပါသည်။

‘ဘာလို့ကျူရှင်မတက်တာလဲ’ ဟု သူငယ်ချင်းကမေးသည်။ သမီးကဘာမှပြန်မဖြေပါ။

‘နင့်အိမ်က ကျူရှင်ခ တစ်လငါးထောင်တောင် မပေးနိုင်ဘူးလား’ တဲ့။

သမီးသူငယ်ချင်း စမ်းသီတာက မရမကထပ်မေးနေ၍ ဒေါသဖြစ်ဖြစ်နှင့် သမီးပြန်ဖြေလိုက်ရသည်။

‘နင့်အိမ်မှာက နင့်အမေရာ၊ နင့်အစ်မရာ၊ အစ်ကိုနှစ်ယောက်စလုံးရော အလုပ်လုပ်ကြတယ်။ ငါ့မှာက အဖေတစ်ယောက်တည်း လုပ်နေရတာဟဲ့’

‘နင့်အိမ်မှာက နင့်အမေရော၊ နင့်အစ်မရော၊ အစ်ကိုနှစ်ယောက်စလုံးရော အလုပ်လုပ်ကြတယ်။ ငါ့မှာကအဖေတစ်ယောက်တည်း လုပ်နေရတာဟဲ့’

သမီးစကားကြားတော့ သူဘာမှပြန်မပြောတော့ပါ။ နောက်နေ့တွင် သမီးနှင့်စကားမပြောတော့။ သူဘာကြောင့် သမီးကိုစကားမပြောတော့သည်ကို သမီးမသိပါ။ အဖြေမရှာတတ်ပါ။ သမီးမှာတွက်ရ မည့်သင်္ချာတွေ ရှိသေးသည်။ သင်လေချာလေဖြစ်နေသော သင်္ချာကို သမီးနားမလည်ပါ။ သို့သော် မခံချင်စိတ်ဖြင့် ကြိုးစားပါဦးမည်။

အမေကသမီးနှင့် စမ်းသီတာကို ပြိုင်ခိုင်းသည်။ အဖေကမပြိုင်ခိုင်းပါ။

‘ပြိုင်တယ်ဆိုကတည်းက မခံချင်စိတ်ကပါလာပြီ။ သမီးတို့ငယ်သေးတော့ မခံချင်စိတ်ရဲ့နောက်ကွယ် မှာရှိနေတဲ့ မနာလိုဝန်တို မစ္ဆရိယစိတ်တွေ ဒေါသတွေ၊ မာနတွေ ကပ်ပါလာပြီး လူကိုဒုက္ခပေးတော့ တာပဲ။ သမီးပညာရေးကို ထိခိုက်နိုင်တယ်။ ကိုယ့်ဉာဏ်စွမ်းရှိသလောက်သာ မခံချင်စိတ်နှင့် လူမသိ အောင်တိတ်တိတ်လေးကြိုးစား၊ ကိုယ်ကသူ့အပေါ် လိုက်ပြိုင်နေမှန်းသိသွားရင် ရန်သူလိုဖြစ်သွားလိမ့် မယ်’

မေ့မေ့စကားကမူ ဆန့်ကျင်ဘက်ဖြစ်သည်။

‘စာပြိုင်တာကောင်းတဲ့အလုပ်ပဲ သမီး။ သူကအဆင့်သုံးရရင် သမီးက အဆင့်တစ်ရအောင်လုပ်။ သူ့ အကျောတော့မခံနဲ့ သူဘယ်လောက်ပြိုင်နိုင်မလဲပြိုင်စမ်း’

သမီးအသက်ငယ်ပါသေးသည်။ သူတို့လူကြီးတွေ ပြောစကားကိုသိပ်နားမလည်သေးပါ။ အဖေပြော တာမှန်သလား။ အမေပြောတာ မှန်သလားသမီးမသိပါ။

(၂)

‘ကလေးတွေ လိမ္မာရေးခြားရှိသလောက် လူမှုရေးနားလည်သလောက် အဖေ၊ အမေက မသိတတ်ဘူး။ နားမလည်ဘူး နင်တို့တော့ဒုက္ခပဲ’

သမီးကြီးကြီးက ပြောပါသည်။

‘အဖေက ရှုးတူးတူး၊ အမေကကြောင်တောင်တောင် ငါ့တူမလေးကတော့ ဆင်းရဲခြင်းအမှောင်ထဲမှ သနားစရာပဲ’

တစ်ခါတစ်ရံ ရောက်လာတတ်သော နေပြည်တော်မှ လေးလေးတင့်က ပြောပြန်သည်။ အဖေနှင့်အမေ ကို ထိုသို့ပြောသည့်အတွက် သမီးစိတ်ထိခိုက်ရပါသည်။ မိဘဘက်က မခံချင်စိတ်ဖြင့် ပြန်ပြောချင် သော်သမီးပြန်မပြောရဲပါ။ ကြီးကြီးနှင့် လေးလေးတင့်တို့သည် သမီးနှင့်မောင်လေးတို့၏ ကျေးဇူးရှင်ဖြစ် သည်။ သမီးတို့အား ပေးကမ်းထောက်ပံ့သော ကျေးဇူးများစွာရှိကြသည်။

‘နင့်အဖေက အရက်မသောက်တော့ဘူး။ အလောင်းကစား ဝါသနာမပါဘူး။ မိန်းမအပျော်အပါးလိုက် စားတာမရှိဘူး။ ခက်တာက ငွေမရှာတတ်တာပဲ’ သမီး၏ ဘဘတစ်ဦးဖြစ်သော ဦးပါကြီးကသမီးကို မုန့်ဖိုးပေးရင်း ပြောပါသည်။

‘ဒီကောင်က မရှိလေ ခေါင်းမာလေဆိုတဲ့ ကောင်စားပဲ။ ငတ်လေမာနကြီးလေ။ ဒါတွေဟာ ဘဝမှာ အတားအဆီးတွေပဲဟ။ မာနတွေ၊ ယုံကြည်ချက်တွေဆိုတာက ပြုတ်စား၊ ကြော်စားလို့ရတာ မဟုတ် ဘူး။ အလကားဆန်မရှိ၊ အစားကြီး’

တော်ရုံတန်ရုံပြောခဲဆိုခဲသော လေးလေးမျိုးက ဖေကြီးကိုမှတ်ချက်ချသည်။ သူတို့ပြောသလို ဟုတ် လေသည်လားသမီးဉာဏ်မမီပါ။

‘ဘယ်သူတွေ ဘာပြောပြော အဖေကတော့ ကိုယ်လုပ်စရာရှိတာကို ဆက်လုပ်မှာပဲ။ သူများနဲ့မတူတာ ကို ဂုဏ်ယူနေတာ မဟုတ်ဘူး။ လူဆိုတာတစ်ယောက်နဲ့တစ်ယောက် မွေးဖွားကြီးပြင်းလာကြတာ မတူသလို ဘဝမှာဖြတ်သန်းခဲ့ကြရတာလည်း မတူကြဘူး။ သူတို့နဲ့နေလို့သူတို့နဲ့တူရမယ်ဆိုရင် ဘယ် ဟုတ်တော့မလဲ။ အရေးကြီးတာက ကိုယ့်လုပ်ရပ်ဟာ ဘယ်သူ့ကိုမှမထိပါးမိဖို့ မထိခိုက်စေဖို့ပဲ။

အဖေပြောသောစကားကို သမီးနားလည်သယောင်ရှိပါသည်။ အဖေ့သွေးပါ၍လားမသိ။ အဖေ့လိုစိတ် ဓာတ်မျိုးသမီးတွင် ရှိနေ၍အမေနှင့်ခဏခဏ စကားများရသည်။

‘ရုပ်ရော၊ အကျင့်ရော တစ်ထပ်တည်းပဲ။ လူတွေကိုရန်လိုနေတာ ကောင်းတယ်မှတ်နေလား။ စိတ်ကို ကောင်းအောင်ထား’ အမေကအဲ့ဒီလိုပြောတော့ သမီးငိုရသည်။ သမီးဘာတွေမှားနေသလဲဟု ပြန်စဉ်း စားကြည့်သည်။

အဖေမရှိသည့်အချိန်ကို ချောင်းပြီးမှအိမ်ကိုလာလည်ကာ။ အမေကျွေးတာစားပြီး တဟီးဟီးတဟား ဟာနှင့် ယောက်ျားတွေမကောင်းကြောင်း၊ မြိန်ရေရှက်ရေ ပြောတတ်ကြသည့် အမေ့သူငယ်ချင်း ဧည့်သည်တွေအပေါ် သမီးကြည့်မရတာ၊ မကျေနပ်တာ၊ ရန်လိုမိတာအပြစ်လား။

သူတို့သည် အမေ့အား လင်ယောက်ျားအပေါ်မည်သို့မည်ပုံ ဆက်ဆံ၍ကြိုးကိုင်ရမည်ဟု သင်ကြားပို့ချ ပေးကြသည်။ ဈေးဖိုးအားလိုတိုးပိုလျှော့လုပ်၍ ကုလားဖန်ထိုးနည်း၊ လင်ယောက်ျားတို့၏ ဟာကွက် အားနည်းချက်ကိုရှာ၍ ချုပ်ကိုင်နည်းစသဖြင့် မကောင်းသော အတတ်ပညာများ အခမဲ့လမ်းညွှန်ပြသ ပေးကြသည်။

သူတို့စကားများသည် စားကောင်းအောင်ဖားသော စကားလည်းပါသည်။

ဒါကိုမသိရှာသော အမေကပါးစပ်အဟောင်းသားဖြင့် အားကျသလိုလို၊ သဘောကျသလိုလို။ ဒါတွေ ကြားရတော့ သမီးနားခါးသည်။ သူတစ်ပါးအိမ်ထောင်ရေးတွင် ဝင်ရောက်စွက်ဖက်နေသော မိန်းမများ ကိုသမီးမုန်းသည်။ ဖြစ်နိုင်လျှင်အိမ်ကိုမလာစေချင်ပါ။ အတင်းအဖျင်းပြောခြင်းသည် မိန်းမကောင်းများ လုပ်သော အလုပ်မဟုတ်ဟုကြီးကြီးက ဆုံးမဖူးသည်။ အိမ်ထောင်ရှင်မကောင်းဟူသည် မိမိအိမ်တွင် ဝေယျာဝစ္စအလုပ်များဖြင့်သာ အချိန်ကုန်သင့်သည်ဟု ပြောဖူးသည်။

သမီးပြောသော စကားကိုအမေကလက်မခံပါ။ သမီးကိုဗိုက်ခေါက်လိမ်ဆွဲ၍ ဒေါသတကြီးပြောပါသည်။

‘ကလေးက ကလေးလိုနေစမ်း။ လူဆိုရင်မိတ်ဆွေအပေါင်းအသင်းရှိရတယ်။ ပြောသင့်ရင်ပြော၊ ရော သင့်ရင်ရောရတယ်ဟဲ့ မှတ်ထား။ နင့်အဖေသာတစ်ယောက်တည်း အခန်းအောင်းပြီး တလောကလုံးနဲ့ ရန်ဖြစ်ချင်နေတာ။ လူတောသူတောမတိုးတဲ့သားအဖ နင်ကများအမေကို ဟိုဟာမလုပ်နဲ့။ ဒီလူနဲ့မ ပေါင်းပါနဲ့ပြောရအောင် နင်ကအမေလား။ ငါကအမေလား’

အမေရိုက်၍ သမီးမနာပါ။ အမေပြော၍သာ သမီးနာလှပါသည်။ အသည်းခိုက်အောင် နာလှပါသည်။ အသည်းခိုက်အောင်နာလှပါသည်။

‘မိဘကိုပြန်ပြောတဲ့အတွက် ကံကြီးထိုက်မယ်’ တဲ့။

‘နင့်အဖေပြန်လာလို့မေးရင် ဘယ်မှမသွားဘူး။ အိမ်ကိုဘယ်သူမှမလာဘူးပြော။ နင့်အဖေက ယောက်ျားတန်မဲ့ ပစိပစပ်နဲ့ ဆူဆူပူပူလုပ်ဦးမယ်’

လိမ်ညာပြောတာမကောင်းဘူးဟု သင်ကြားပေးခဲ့သော အမေကသမီးကိုညာခိုင်းသည်။

‘မေကြီးဖေကြီးက မှာထားတယ်လေ အာမချောင်နဲ့တဲ့’

ပြောသင့်၊ မပြောသင့်နားမလည်ဘဲ လူထဲသူထဲ ပက်ခနဲပြောတတ်သည့် သမီးမောင်လေးက ထိုသို့ ပြောသောအခါ အမေသည်ကြောက်စရာကောင်းလောက်အောင် ဆွေ့ဆွေ့ခုန်ပါလေတော့သည်။ ငါ့ကိုလူကြားသူကြားထဲမှာ အရှက်ခွဲတယ်ဟုဆိုကာ မောင်လေးကိုရိုက်ပါလေတော့သည်။

‘ကိုယ်မှန်တယ်ထင်ရင် ပြောရဲရမယ်’ ဟူသော အဖေ၏စကားသည် သမီးအတွက်မှားနေပြီလားဟု သံသယဖြစ်မိပါသည်။

အဖေရိုက်သွင်းပေးသည့် အသိတရားကို အမေကမသိမသာ ဆွဲနုတ်သည်။ ကြာတော့သမီးမှာ မုသား စကားကို မပြောချင်ဘဲ ပြောရပါတော့သည်။ ကိုယ်မှန်သည်ကိုသိပါသော်လည်း ရဲရဲတင်းတင်း မပြော ရဲတော့ပါ။ အဆင်မပြေသော ဘဝအပေါ် သိမ်ငယ်ရှက်ရွံ့နေခဲ့သော သမီးသည်ကိုယ့်ကိုယ်ကိုယ် မယုံကြည်စိတ်ဖြင့် အရာရာကိုစိုးရွံ့စွာကြည့်ရင်း ရင်ထိတ်နေရပြီဖြစ်ပါသည်။

သမီးပဉ္စမတန်းတက်သောနှစ်က မြန်မာစာဆရာမက ‘သင်တို့မိသားစု’ အကြောင်း စာစီစာကုံးရေးခိုင်း ပါသည်။ စာစီစာကုံးရေးနည်းကို သမီးသိပ်နားမလည်၍ အဖေ့အားမေးရသည်။ အဖေကပုံဆွဲခြင်းအ ပြင် စာရေးခြင်းဖြင့်ပါအသက်မွေးနေသူဖြစ်၍ မေးရခြင်းဖြစ်သည်။

‘သမီး၏မိသားစုအကြောင်းကို ရေးပေါ့သမီးရဲ့။ အဖေရယ်၊ အမေရယ်၊ မောင်လေးရယ်’

‘အမှန်အတိုင်းရေးရမှာလားဟင်’

သမီး၏စကားကြောင့် အဖေတွေခနဲ ဖြစ်သွားသည်။ တော်တော်ကြာအောင် စဉ်းစားပြီးမှ

‘ဒါက ဒီလိုရှိတယ် သမီး။ လူတိုင်းလူတိုင်းမှာ မိသားစုဆိုတာရှိကြတာချည်းပဲ။ မိသားစုစာရင်းဝင် အဖေတို့၊ သမီးတို့မှာ အနည်းနဲ့အများဆိုသလို ဆင်းရဲကျပ်တည်းမှုနဲ့အတူ ပြဿနာတွေဖြစ်တတ်ကြ တယ်။ ဥပမာ အဖေနဲ့အမေကိုပဲကြည့်လေ။ မျက်နှာချင်းဆိုင်တာနဲ့ စကားများနေကြရတယ်။ ရန်ဖြစ် တယ်ဆိုတာ မကောင်းမှန်းသိပေမယ့် ရှောင်လို့မှမရဘဲ သမီးရယ်။ ဒါတွေနဲ့လုံးချာလိုက်နေတဲ့ အဖေ တို့၊ သမီးတို့အကြောင်း အမှန်အတိုင်းရေးလိုက်လို့ ဘယ်ဖြစ်ပါ့မလဲကွယ်။ မုသားမပါလင်္ကာမချောတဲ့။ တစ်ခုရှိတာက ဒါမျိုးတွေကိုရှောင်လွှဲပြီး ‘သမီးတို့မိသားစုသည် ဥမကွဲသိုက်မပျက်ဖြင့် မိသားစုဘဝ ရှေ့ရေးတိုးတက်စေရန် အားလုံးကကြိုးစားနေကြပါသည်’ ဘာညာနဲ့ရေးပြနိုင်ရမယ်။ အမေကအဖေ့ ကိုအထင်မသေးဖို့ရယ်၊ အဖေကလည်းအမေ့ကို နားလည်ဖို့ရယ်၊ မောင်လေးက မမအပေါ်ရိုသေချစ် ခင်ဖို့ရယ်၊ မမကလည်း မောင်လေးအပေါ်ငဲ့ညှာဖို့ရယ် ဒါတွေအားလုံးပါအောင် စ၊ လယ်၊ ဆုံး ရေးပြနိုင် မယ်ဆိုရင် စာစီစာကုံးကောင်းတစ်ပုဒ်ဖြစ်ပြီပေါ့ကွယ်’

အဖေရှင်းပြနေသော စကားအပေါ် သမီးအနေဖြင့် နားမလည်နိုင်စရာမရှိပါ။ သို့သော်စာစီစာကုံး၏ ပဏာမနိဒါန်းကို ဘယ်လိုစ၍ရေးရမည် ဆိုခြင်းသည်သာ အခက်ခဲဆုံးဖြစ်နေသည်။ သူငယ်တန်း ကျောင်းသူဘဝက ဝလုံးကိုဝိုင်းစက်အောင်ကြိုးစား၍ ရေးခဲ့ခြင်းကို အမှတ်ရလိုက်မိသည်။

‘ဘယ်လိုလဲသမီး။ ရေးဖို့ခက်နေပြီလား။ အစကတော့ ဒီလိုပေါ့သမီးရယ်။ စကားကိုပြေပြစ်အောင် ပြောတတ်သေးရင်စာကိုလည်း ပြေပြစ်အောင် ရေးတတ်ရမှာပေါ့။ တကယ်တော့ စကားပြောဆိုတာ ဟာအဖေတို့နေ့စဉ် ပြောနေတဲ့စကားတွေပဲလို့ဆရာကြီးတစ်ယောက်က ပြောခဲ့ဖူးတယ်။ ကိုယ်ပြော ချင်တဲ့အကြောင်းကို စကားလုံးတွေချိတ်ဆက်ပြီး အကျိုးနဲ့၊ အကြောင်းနဲ့လူတွေနားလည်အောင် ရေးပြနိုင်ဖို့က လွယ်တော့မလွယ်ဘူး။ ဒါပေမဲ့ကြိုးစားရင် ဘာမှမခက်ပါဘူး။ စာများများဖတ်ရမယ်။ ဒါမှ ဗဟုသုတကြွယ်ဝပြီး စာစီစာကုံးထဲမှာ သူ့နေရာနဲ့သူ အံ့ဝင်ခွင်ကျ ထည့်သုံးနိုင်မှာ။ ပြီးတော့စာရေးတဲ့ အကျင့်ကိုလုပ်ရမယ်။ ဒိုင်ယာရီသဘောမျိုး စိတ်ထဲရှိရာတစ်နေ့တာ ကြုံတွေ့ခဲ့ရတာတွေ၊ ခံစားရတာ တွေကို စာအုပ်တစ်အုပ်နဲ့ သတ်သတ်မှတ်မှတ်ရေးတဲ့အကျင့်ကို နေ့တိုင်းမပျက်မကွက် လုပ်ပေးရ မယ်။ ဆုရတဲ့လူတွေရဲ့ စာစီစာကုံးစာအုပ်တွေ အဖေဝယ်ပေးမယ်။ သူတို့ဘယ်လိုရေးတယ်ဆိုတာ အတုယူရမယ်။ ဒါမှသမီးဟာဘယ်လိုစာစီစာကုံးမျိုးကိုမဆို ဘယ်လိုအကြောင်းအရာ ခေါင်းစဉ်တပ် ထား၊ တပ်ထား ရေးပြနိုင်ပြီပေါ့။ သူများတွေအတွက် ခက်တဲ့အကြောင်းအရာဟာ သမီးအတွက်လွယ် သွားပြီ’

‘ဟဲ့ကောင်မလေး စာမကျက်ဘဲ ဘာလုပ်နေတာလဲ’

‘ဟိုဟို ကျက်မလို့ပါ မေမေ။ စာစီစာကုံးမရေးတတ်လို့ အဖေ့ကိုမေးနေတာပါ’

‘ဒါနဲ့အငယ်ကောင်ရော ဘာလုပ်နေလဲ’

‘သားပုံဆွဲနေတယ် မေကြီး’

‘ကြည့်စမ်း တစ်ယောက်ကစာရေးနည်းမေးတယ်။ တစ်ယောက်က စာမကျက်ဘဲ ပုံဆွဲနေတယ်။ စာမေးပွဲကဖင်နားကပ်နေပြီ။ အတတ်ကောင်းတွေ လုပ်နေကြတယ်ပေါ့လေ။ စာရေးတယ်၊ ပုံဆွဲတယ် ဆိုတာ ထမင်းငတ်မယ့် အလုပ်တွေဟဲ့။ ဟဲ့ကောင်မလေး နင့်စာစီစာကုံးနောက်မှရေး၊ စာကိုအရင် ကျက်။ အငယ်ကောင်ဖတ်စာအုပ်ယူပြီး စာကျက်စမ်း’။

ပုံဆွဲစားပွဲသို့ရောက်နေသော အဖေ့အားမေးငေါ့ရင်း အမေကသမီးတို့ကို ဆူနေခြင်းဖြစ်သည်။ ဒေါသ မာန်မာနကြီးလွန်းသော အဖေသည် အရက်ဖြတ်ပြီးကတည်းက အရင်လိုမဟုတ်တော့။ ဘယ်သူက သူ့ကိုဘာပဲလာပြောပြော မသိချင်ယောင်ဆောင်နေတတ်သည်။ သမီးသိသည်ကား အမေသည်သမီး တို့အား ပြောသလိုလိုဖြင့်အဖေအား ရန်စတိုက်ခိုက်နေခြင်းပဲ ဖြစ်သည်။

အဖေ၊ အမေ၏ အရိပ်အကဲကိုသိသော သမီးမောင်လေးက မြန်မာစာ ဖတ်စာအုပ်ကိုယူ၍ ကောက် လှန်ကာတွေ့သည့်စာမျက်နှာကို ကြုံး၍အော်ဆိုနေသည်။

‘စားဝတ်နေရေး ငွေရှာပေး ကျေးဇူးကြီးပေ တို့ဖေဖေ’

‘ဂလောင်’

နောက်ဖေးမီးဖိုချောင်မှ ဒန်အိုးလွတ်ကျသောအသံကို ကျယ်လောင်စွာ ကြားလိုက်ရသည်။ အမေ့ လက်ထဲမှ ထမင်းချက်ဒန်အိုးသည် အကြောင်းမဲ့ လွတ်မကျတန်ရာ။

(၃)

ပုံဆွဲစားပွဲ၌ စဉ်းစားနေဟန်တူသော အဖေဖျတ်ခနဲထရပ်လိုက်သည်ကို သမီးမြင်လိုက်ရသည်။

မကြာမီမပြည့်သော အိုးနှစ်လုံးဘောင်ဘင်ခတ်ကြတော့မည်။

ထိုနေ့က မောင်လေးလည်း စာမကျက်ဖြစ်တော့သလို သမီးလွန်စွာရေးချင်နေသော ရေးဖို့ကြိုးစားနေ သော သင်၏မိသားစုအကြောင်း စာစီစာကုံးကို မရေးဖြစ်ခဲ့ပါ။၏

တစ်နေ့နေ့တော့ လှပသည့်ပျော်ရွှင်စရာကောင်းလှသည့် သမီးတို့မိသားစုအကြောင်း စာစီစာကုံးတစ် ပုဒ်ကို ရေးနိုင်လိမ့်မည်ဟု ယုံကြည်ပါသည်။

စံတော်ချိန်သတင်းစာ

ဇွန် (၁၁) ရက်၊ ၂၀၁၄ ခုနှစ်