ထူးအယ်လင်းအား ဖေ့စ်ဘွတ်ခ်တွင် ဓာတ်ပုံထပ်တင်ပါက တရာရုံး ထပ်တက်မည်ဟု မီးမီးခဲ သတိပေး

ပို့စ်တင်ချိန် - 8/01/2014 10:33:00 AM



အဆိုတော် ထူးအယ်လင်းက ဇနီးဟောင်း အဆိုတော် မီးမီးခဲနှင့် လွန်ခဲ့သော လေးနှစ်ကျော်က တွဲရိုက်ထားသည့် ဓာတ်ပုံကို လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ် စာမျက်နှာသို့ တင်ခဲ့ရာ ထိုကဲ့သို့လုပ်ရပ်များ ထပ်မံပြုလုပ်ပါက တရားရင်ဆိုင် သွားမည်ဖြစ်ကြောင်း မီးမီးခဲ က ပြောသည်။
‘‘ထူးအယ်လင်းနဲ့ အစ်မနဲ့ တစ်သက်လုံး အဆင်မပြေနိုင်တော့ဘူး။ သူလုပ်ခဲ့တဲ့ ကိစ္စတွေ အတွက်လည်း လုံးဝခွင့်မလွှတ်နိုင်ဘူး။ တရားဝင်လည်း ကွဲပြီးသား ဖြစ်တဲ့အတွက်ကြောင့် ဒီပုံက အစ်မနဲ့လည်း မဆိုင်ဘူး။ သူ့ဘာသာလျှောက်တင် တဲ့ ကိစ္စကို အခု သတိပေးလိုက်ခြင်းပဲ။ ဒီထက်လွန်လာရင် အစ်မ တရားရုံး ထပ်တက်ဦးမှာ’’ ဟု အဆိုတော် မီးမီးခဲက ဓာတ်ပုံနှင့်ပတ်သက်၍ တုံ့ပြန်သည်။

မီးမီးခဲ သုံးသည်ဟု ယူဆရသော ဖေ့စ်ဘွတ်ခ် အကောင့်တစ်ခုတွင်လည်း ထူးအယ်လင်း ဓာတ်ပုံတင်ခြင်း ကိစ္စနှင့်ပတ်သက်၍ ပြန်ပေါင်းရန် အစီအစဉ် လုံးဝမရှိကြောင်းစသည့် စကားများဖြင့် ၎င်း၏ခံစားချက်များကို ပြတ်ပြတ် သားသား ရေးသားထားသည်။
ထူးအယ်လင်းသည် ၎င်း၏ပါးပြင်ကို မီးမီးခဲ အနမ်းပေးနေသော ဓာတ်ပုံကို ဖေ့စ်ဘွတ်ခ်တွင် တင်လိုက်ခြင်းကြောင့် ပရိသတ်များက ပြန်ပေါင်းသွားပြီဟု ယူဆခဲ့ကြပြီး မီးမီးခဲအား ‘‘ပြန်အဆင်ပြေသွားပြီလား’’ ဟု အသိမိတ်ဆွေများက ဖုန်းဖြင့် ဆက်သွယ်မေးမြန်း နေကြသည့်အတွက် ထိုလုပ်ရပ်ကို လက်မခံနိုင် ကြောင်း မီးမီးခဲ က ပြောသည်။

အဆိုပါ ဓာတ်ပုံသည် လွန်ခဲ့သော လေးနှစ်ကျော်က ရိုက်ကူးခဲ့သော ဓာတ်ပုံ ဖြစ်ပြီး ၎င်းတို့ နှစ်ဦး၏ သမီးဘာဘီ(ခေါ်) ဖြူဖြူစင်စင်လင်းသည် အသက်ငါးနှစ် ပြည့်တော့မည်ဖြစ်၍ မီးမီးခဲက အုပ်ထိန်းခွင့် ရရှိထားကြောင်း သိရသည်။

မီးမီးခဲသည် ထူးအယ်လင်းနှင့် ကွာရှင်းခွင့်၊ ရပိုင်ခွင့်၊ သမီးအုပ်ထိန်းခွင့်များရရန် တစ်နှစ်ကျော်ကြာ တရားရင်ဆိုင်ခဲ့ပြီး ၂၀၁၄ ဧပြီ ၃၀ ရက်က တရားဝင် ကွာရှင်းခွင့် ရခဲ့ခြင်းဖြစ်သည်။

7day daily