အူရီးဒူး ဆင်းမ်ကတ်များ စတင်ရောင်းချနေသော်လည်း ကတ်အချို့ ဖုန်းခေါ်ဆို၍ မရသေး၊ တရားဝင်ရောင်းမည့် သတ်မှတ်ရက်ရောက်မှသာ ခေါ်ဆိုနိုင်မည်ဟုဆို

ပို့စ်တင်ချိန် - 8/01/2014 03:48:00 PM


ရန်ကုန်၊ မဇ္ဈိမ။            ။ အူရီးဒူး မိုဘိုင်းဆင်းမ်ကတ်များကို ရန်ကုန်ရှိ မိုဘိုင်းဖုန်းဆိုင်အများစုတွင် ရောင်းချနေသော်လည်း ဆင်းမ်ကတ် အချို့သာ ခေါ်ဆိုမှု ပြုလုပ်နိုင်ပြီး အချို့ဆင်းမ်ကတ်များမှာ ဖုန်းခေါ်ဆို မရသေးဟု မိုဘိုင်းဖုန်းဆိုင်များနှင့် သုံးစွဲသူအချို့က မဇ္ဈိမကို ပြောသည်။


အူရီးဒူး မိုဘိုင်းဆင်းမ်ကတ်များကို မန္တလေး၊ နေပြည်တော်၊ ရန်ကုန်မြို့ကြီးများရှိ ဆိုင်အချို့တွင် စတင်ရောင်းချနေပြီ ဖြစ်သည်။

သို့သော် ဇူလိုင် ၃၁ ရက်တွင် ဝယ်ယူခဲ့သော အူရီးဒူး အမှတ်တံဆိပ် ဆင်းမ်ကတ်မှာ ဖုန်းခေါ်ဆို၍ မရသေးဟု ဆင်းမ်ကတ်ဝယ်ယူခဲ့သူ ကိုမိုင်းစောလွင်က ပြောသည်။

ကိုမိုင်းစောလွင်က “ဒီနေ့ (ဇူလိုင် ၃၁ ရက်) နေ့ခင်းမှာ အူရီးဒူးဆင်းမ်ကတ်တွေ ရောင်းနေတာတွေ့လို့ ဝယ်လိုက်တယ်။ ဖုန်းလိုင်းကို သုံးကြည့်လိုက်တော့ သုံးလို့မရသေးဘူး။ ဆိုင်ကို သွားပြန်မေးကြည့်တော့ သူတို့ တရားဝင် စရောင်းမယ့် ၂ ရက်နေ့မှ ဖုန်းလိုင်းတွေ အကုန်ဖွင့်ပေး မယ်လို့ ပြောတယ်” ဟု ပြောသည်။

အူရီးဒူး မိုဘိုင်းဆင်းမ်ကတ်များကို ဇူလိုင် ၂၉ ရက်က မန္တလေးနှင့် နေပြည်တော်ရှိ မိုဘိုင်းဖုန်းဆိုင် အချို့က  စတင်ရောင်းချခဲ့ပြီး ဖုန်းခေါ်ဆိုမှုများကို အခမဲ့ပြုလုပ်နိုင်သည် ဟုလည်း အသုံးပြုသူများက ဆိုသည်။

သို့သော် ဖုန်းခေါ်ဆိုမှုအချို့မှာ အဆင်မပြေပဲ လိုင်းကြပ်တည်းမှု ဖြစ်စေနိုင်ပြီး ဇူလိုင် ၁၅ ရက် နောက်ပိုင်းမှသာ ဖုန်းခေါ်ဆိုအသုံးပြုမှု ပိုမို အဆင်ပြေလာမည်ဟုလည်း ဖုန်းဆိုင် အချို့က ပြောသည်။

ပန်းဆိုးတန်းရှိ မိုဘိုင်းဖုန်းဆိုင် ဝန်ထမ်းတစ်ဦးက “လက်ရှိမှာ တချို့ဆင်းမ်ကတ်တွေက ဖုန်းခေါ်လို့ ရပေမယ့် လိုင်းကြပ်မှုတွေ ဖြစ်ပေါ်နိုင်တယ်၊ ဇူလိုင် ၁၅ နောက်ပိုင်းမှ ဖုန်းခေါ်ဆိုမှု အဆင်ပြေမယ်လို့ ပြောပါတယ်။ ဖုန်းဆင်းမ်ကတ်တွေကိုလည်း အကုန်လာချ ပေးတာမဟုတ်ဘဲ အချိန်နဲ့ ခွဲခြားပြီး လာချပေးတယ်။ ဒီညနေ (ဇူလိုင် ၃၁ ရက်)မှ နောက်ထပ် ဆင်းမ်ကတ်တွေ လာချပေးမယ်ပြောတယ်” ပြောသည်။

ဇူလိုင် ၃၁ ရက်က အူရီးဒူးဆင်းမ်ကတ် ဝယ်ယူ အသုံးပြုသူ မမိုးသူက “ အူးရီးဒူး ဆင်းမ်ကတ် အချင်းချင်း ဖုန်းခေါ်ရတာ တော့ အဆင်ပြေတယ်။ MPT ဖုန်းကတ်ကို ခေါ်ကြည့်တော့ ခေါ်လို့မရတာတို့ ဖုန်းခေါ်ဆိုမှုလိုင်း ကျကျသွားတာတို့ဖြစ်နေတယ် ” ဟုပြောသည်။

အဆိုပါ ဖုန်းခေါ်ဆိုမှုများနှင့် ပတ်သက်ပြီး အူရီးဒူးသို့ ဆက်သွယ်မေးမြန်းခဲ့သော်လည်း သြဂုတ် ၂ ရက်  စာနယ်ဇင်း ရှင်းလင်းပွဲမှသာ တရားဝင် ပြောကြားပေးမည်ဟု လူမှုဆက်ဆံရေးနှင့် ပြန်ကြားရေး မန်နေဂျာက ဆိုသည်။

ယင်းဆင်းမ်ကတ်ဖြင့် ဖုန်းခေါ်ဆိုပါက အူရီးဒူး ဆင်းမ်ကတ် အချင်းချင်း  အခမဲ့ ဖုန်းခေါ်ဆိုမှု မိနစ် ၉ဝဝ နှင့် အူရီးဒူး ဆင်းမ်ကတ်မှ အခြားအော်ပရေတာ (MPT ၊ MEC ) သို့ ခေါ်ဆိုပါက အခမဲ့ မိနစ် ၉ဝ ခေါ်ဆိုနိုင်မည်ဖြစ်သည်။ ထို့ပြင် အင်တာက် အသုံးပြုသူများအနေဖြင့် တစ်ရက်လျှင် 2GB အထိ အခမဲ့ အသုံးပြုနိုင်မည်ဖြစ်သည်။

ဖုန်းခေါ်ဆိုခများသတ်မှတ်ထားရာတွင်လည်း အူရီးဒူး ဆင်းမ်ကတ်အချင်းချင်း ခေါ်ဆိုပါက တစ်မိနစ် ၂၅ ကျပ် ၊ အခြား အော်ပရေတာသို့ ခေါ်ဆိုပါက ၃၅ ကျပ်နှင့် အင်တာနက် အသုံးပြုမှုအတွက် 1MB ကို ၂၅ ကျပ် ၊နှင့် SMS တစ်စောင်လျှင် ၂၅ ကျပ် ကောက်ခံမည်ဖြစ်သည်။  အူရီးဒူး၏ ဝန်ဆောင်မှုများ အတွက် Call Center ၂၃၄ သို့ ဖုန်ခေါ်ဆို မေးမြန်းနိုင်မည်ဖြစ်သည်။

mizzima