ဆိုင်ကယ်သူခိုးကို လူတစ်စုက သတ်ပြီး မျက်မြင်ကိုပါ ထပ်မံသတ်

ပို့စ်တင်ချိန် - 8/01/2014 03:46:00 PM



မူဆယ်မြို့၊ စွမ်ဆော် ရပ်ကွက်တွင် ဆိုင်ကယ်ခိုးယူသူ အမျိုးသားတစ်ဦးကို လူတစ်စုကသတ်ဖြတ်ခဲ့ပြီး မြင်တွေ့လိုက်သူတစ်ဦးကိုလည်း သေနတ်ဖြင့် ပစ်သတ်လိုက်ကြောင်း သတင်းရရှိသည်။

ဇူလိုင် ၃၀ ရက် ည ၁၀ နာရီ ခန့်က စွမ်ဆော်ရပ်ကွက်ခိုမွန်းရွာ တွင် လူနှစ်ဦးသေဆုံးမှုဖြစ်ပွားခဲ့ပြီး မည်သည့်လက်နက်ကိုင်အဖွဲ့အစည်း၏ လက်ချက်မှန်းမသိ ၍ လူသတ်မှုဖြင့်အမှုဖွင့်ကာ စစ်ဆေးနေဆဲဖြစ်ကြောင်း မူဆယ်မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးကပြောသည်။

‘‘ဒီမှာက ပြည်သူ့စစ်အဖွဲ့ တွေရော၊ သူပုန်တွေရောရှိတယ်။ ဆိုင်ကယ်ခိုးတဲ့လူတစ်ယောက်နဲ့ နောက်ထပ်တစ်ယောက်အသတ် ခံရတာတော့ဟုတ်ပါတယ်။ စစ် ဆေးနေတုန်းပါပဲ’’ဟု အဆိုပါရဲ အရာရှိကပြောသည်။

ဆိုင်ကယ်ခိုးသူမှာ စွမ်ဆော် ရပ်ကွက်ရှိ နေအိမ်တစ်အိမ်မှ ဆိုင်ကယ်ခိုး၍ မောင်းနှင်သွားခြင်းဖြစ်ပြီး ၎င်းကိုလိုက်ဖမ်းသူများက ဓားဖြင့်ခုတ်သတ်ခဲ့ခြင်းဖြစ်သည်။ ထို့နောက် ထိုမြင်ကွင်းကိုမြင်လိုက်သည့် လူငယ်တစ်ဦးကိုလည်း အဆိုပါလူအုပ်စုက သေနတ်ဖြင့်ပစ်သတ်လိုက်ခြင်းဖြစ်ကြောင်း သေဆုံးသူနှစ်ဦး၏အလောင်းများကိုမြင်တွေ့ ခဲ့ရသူ စွမ်ဆော်ရပ်ကွက်နေဒေသခံတစ်ဦးကပြောသည်။

‘‘အလောင်းတွေကတစ်ခုနဲ့ တစ်ခု ပေတစ်ရာလောက်ပဲကွာ တယ်။ လက်နက်ကိုင်ထားတဲ့လူ တွေက စိတ်ထင်သလိုလုပ်နေကြ တာ။ ဒီလိုအမှုမျိုးက လက်နက် ကိုင်တပ်ဖွဲ့တွေနဲ့ပတ်သက်နေတဲ့ အတွက် ရဲကလည်း ထိထိရောက် ရောက်စစ်ဆေးနိုင်မှာ မဟုတ်ဘူး။ ဒေသခံတွေအတွက်ကတော့ ကိုယ့်ထမင်းကိုယ်စားပြီး ကျီးလန့် စာစားဖြစ်နေတာ’’ဟု ၎င်းကပြော သည်။

မူဆယ်မြို့နှင့်ကပ်လျက် နမ့်ခမ်းမြို့တွင် ဇူလိုင် ၂၉ ရက်က တပ်မတော်သားနှစ်ဦး အသတ်ခံခဲ့ရပြီး ဇူလိုင် ၂၃ ရက်က လည်း အရပ်သားလူငယ်တစ်ဦးအသတ်ခံခဲ့ရသည်။ အဆိုပါအမှုများနှင့်ပတ်သက်၍ ကျူးလွန်သူများကို ရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခြင်းမရှိသေးဘဲ ရှစ်ရက်အတွင်း အရပ်သားသုံး ဦးနှင့် တပ်မတော်သားနှစ် ဦးအသတ်ခံခဲ့ရသည်။

မူဆယ်နှင့်နမ့်ခမ်းမြို့နယ် သည် တရုတ်နိုင်ငံနှင့်နယ်ချင်းစပ် နေသောဒေသဖြစ်ပြီး ပြည်သူ့စစ် အဖွဲ့များ၊ ရှမ်းလက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်သည့် RCSS/SSA ၊ပလောင်လက်နက်ကိုင်အဖွဲ့၊ ကချင်လက်နက်ကိုင်အဖွဲ့ (KIO)တို့ လှုပ်ရှားသွားလာနေသော နယ်မြေဖြစ်သည်။

7 Day Daily