၂၁ရက်၊ ၆လ၊ ၂၀၁၄ခုနှစ် သတင်းထူးများ

စိတ်ဝင်စားသည့် သတင်းအား နှိပ်၍ ဖတ်ရှုပါ။




၂၀ရက်၊ ၆လ၊ ၂၀၁၄ခုနှစ် သတင်းထူးများ

စိတ်ဝင်စားသည့် သတင်းအား နှိပ်၍ ဖတ်ရှုပါ။



ကိုယ်လုံးတီး ဝိရောဓိ



အဖြူ အမည်း ... အလင်းအမှောင်ကြားက ကောက်ကြောင်း လှလှလေးတစ်ခုက လူတွေအကြား တအံ့တသြ ရေရွတ်သံများစွာကို ဖိတ်ခေါ်လာသည်။
“အဲဒါ မြန်မာမလေး ဟုတ်ရဲ့လား”၊ “အလင်းနည်းနေတယ်ကွာ ...”၊ “အနုပညာ မြောက်လိုက်တာ”၊ “ရှက်ဖို့ကောင်းလိုက်တာ”၊ “ဘာတွေ ဖြစ်ကုန်တာလဲ” စသဖြင့် ထောက်ခံသံများ။ ဝေဖန်သံများ သောသောညံသွားကြသည်။မှောင်အတိ ကျတော့မတတ် အလင်းအနည်းဆုံး နှိမ့်ထားသည့် နောက်ခံပေါ်တွင် မိန်းမပျိုတစ်ယောက်၏ ခြေဖျားလေး တစ်ဖက်ထောက်၊ လက်နှစ်ဖက် မြှောက်ကာ ခပ်ကော့ကော့လေး ကောက်ကွေးနေသည့် ဘေးတိုက်အနေအထား ဝတ်လစ်စားလစ် ပုံတစ်ပုံကို ဝေဖန်ပြောဆိုနေကြခြင်း ဖြစ်သည်။ မေမြတ်မွန် အမည်ရှိ မော်ဒယ်လ်တစ်ဦးက အများသုံး လူမှုကွန်ရက်ပေါ်တွင် တင်လိုက်သည့် ပုံဖြစ်သည်။

ယင်းအပေါ် ခေတ်တစ်ခေတ်ကို ဖြတ်သန်းပုံချင်းမတူ၊ အနုပညာကို လက်ခံပုံချင်းမတူ၊ ယဉ်ကျေးမှုကို ထိန်းသိမ်းပုံချင်း မတူသူတို့ထံမှ အမြင်မတူသည့် အသံများ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာခြင်း ဖြစ်သည်။

“ဒါ အရွေ့တစ်ခု ... နိုင်ငံတကာမှာလည်း Sexy Model ဆိုတာ လိုင်းသီးသန့် ရှိတာပဲ။ ပြောရရင် Hip Hop သီချင်းတွေ ပေါ်ခါစကလိုပေါ့။ အစကတော့ ဘာတွေဆိုနေမှန်း မသိဘူးပေါ့။ ခုတော့လည်း အသားကျသွားတာပဲ” ဟု ပြောလာသူများလည်း ရှိပြန်သည်။

အဝတ်ဗလာပုံများဖြင့် လူသိများ လာသည့် မော်ဒယ်လ်များတွင် မေမြတ်မွန်မှာ ပထမဆုံး မဟုတ်သေး။ ကြိုးတစ်ချောင်းသာ ပါသည့် အတွင်းခံဘောင်းဘီနှင့် ပုံကို ဖေ့ဘုတ်ပရိုဖိုင်း ဓာတ်ပုံတင်ခြင်းဖြင့် နာမည်ကြီးလာသည့် ဇွန်သင်ဇာ။ နောက် ဇာဇာထက်တို့ ရှိခဲ့သေးသည်။

မည်သည့် ရည်ရွယ်ချက်ဖြင့် ယင်းပုံမျိုး ရိုက်တင်ကြသည်ဆိုလျှင် ဇွန်သင်ဇာက “နာမည်ကြီးချင်လို့ပါ” ဟု ပွင့်ပွင့်လင်းလင်းပင် ပြောကြားထားသည်။

“ကျွန်မဟာ ပရော်ဖက်ရှင်နယ် မော်ဒယ်လ်ဖြစ်တယ်။ Porn မော်ဒယ်လ် မဟုတ်ဘူးဆိုတော့ ဘာမှဂရုမစိုက်ပါဘူး” ဟု ဇာဇာထက်က ၎င်း၏ ရပ်တည်ချက်ကို ရှင်းပြထားသည်။

သို့သော် ၎င်းတို့ ပုံများက သမားရိုးကျအမြင်များကို ဖောက်ခွဲလိုက်သည်။ အငြင်းပွားဖွယ်ရာများကို မွေးထုတ်လိုက်သည်။ အချို့ပုံများက အနုပညာသို့လား၊ ရမ္မက်သို့လား အတပ်ပြောဖို့ ခက်လှသည်။

“အစ်ကိုက သဘောကျတယ်။ ကြည့်တဲ့ရှုထောင့်နဲ့ မူတည်ပြီး အရာအားလုံးဟာ ကွဲပြားခြားနားပါတယ်။ ကိုယ်စိတ်သန့်ဖို့ အရေးကြီးတာပါ” ဟု ဆိုလာသူက ဒါရိုက်တာ ဝိုင်း။

နိုင်ငံတကာ ဓာတ်ပုံပညာရပ်များ တွင်လည်း Glamour Photography၊ Nude Art တို့ ရှိနေကြသည်။ အမေရိကန်နိုင်ငံထုတ် ကမ္ဘာကျော် PLAY BOY မဂ္ဂဇင်းတွင် အမျိုးသမီးများ၏ အဖော်အချွတ် ပုံများကို ၁၉၅၃ ခုနှစ်တွင်မှ ပုံနှိပ်ဖော်ပြသည်။ သို့သော် ၁၈ နှစ်အောက် မကြည့်စေရ။

Glamour (ညှို့ငင်ဖမ်းစားနိုင်သော) ဓာတ်ပုံပညာအကြောင်း ပြန်ပြောရလျှင် ယင်းပညာ၏ အဆင့်အတန်းနှင့် ဟန်ပန်တို့မှာ လူ့အသိုင်းအဝိုင်းက လက်ခံနိုင်သည့် အနေအထားပေါ် မူတည်ကာ အချိန်နှင့်အမျှ ပြောင်းလဲလာခဲ့ခြင်း ဖြစ်သည်။

၁၉၂၀ ပြည့်နှစ် အစောပိုင်း ကာလများတွင် အမေရိကမှ ဓာတ်ပုံဆရာများက အောင်မြင် ထင်ရှားသူများကို ပိုပြီး စွဲမက်ဖွယ်ဖန်တီးနိုင်ရန် အလင်းအမှောင် နည်းပညာကို အသုံးပြုကာ Glamour ပုံများ ဖန်တီးလာကြသည်။ သို့သော် ၁၉၅၀ ပြည့်နှစ်ကျော်သည့်တိုင် အမျိုးသားများ အတွက် ရည်ရွယ်သည့် မဂ္ဂဇင်းများနှင့် ကြော်ငြာများရှိ Glamour ဓာတ်ပုံများမှာ အငြင်းပွားစရာ၊ တရားမဝင်သည့် အနေအထားတွင်သာ ရှိနေသည်။ အချို့နိုင်ငံများတွင် တရားဝင် သည့်တိုင်အောင် ယင်းမဂ္ဂဇင်းမျိုးကို အများပြည်သူရှေ့တွင် ခင်းကျင်းပြခွင့် မရှိပေ။

ပလတ်စတစ်အဖုံးများ ဖုံးကာ ခင်းကျင်းပြသရသည်။ တစ်ခါတစ်ရံ Glamour ဓာတ်ပုံပါသည့် မဂ္ဂဇင်းများကို အနုပညာမဂ္ဂဇင်း၊ ကျန်းမာရေး မဂ္ဂဇင်းများအဖြစ် ဈေးကွက်တွင် ဖော်ပြကြသည်။

မြန်မာနိုင်ငံတွင်မူ သူတို့နိုင်ငံများနောက် နှစ် ၆၀ ကျော်ကြာမှ စသည်ဟု အကြမ်းဖျင်း ဆိုနိုင်သည်။ ၂၀၁၂ ခုနှစ်ကုန်ပိုင်းတွင် လိင်ပညာပေး ခေါင်းစဉ်အောက်မှ ညှို့ မဂ္ဂဇင်း ထွက်ပေါ်လာသည်။

Glamour ဆန်သည့်ပုံများ ဖော်ပြထားသည့် ပထမဆုံး မဂ္ဂဇင်းဖြစ်သည်။ မျက်နှာဖုံးတွင် အရွယ်မရောက်သေးသူများ မဖတ်ရ စာတမ်းက သတိပေးထားသည်။ သို့သော် အသက် အကန့်အသတ်မရှိ။ နောက်ဆုံး အမြင်မတင့်တယ်ခြင်း ကြောင့်ပေလော၊ ယဉ်ကျေးမှု ကြောင့်ပေလော မသိ။ မကြာမီ ပိတ်သိမ်းလိုက်ရသည်။

အမြင်မတင့်သဖြင့် ပိတ်သိမ်းခြင်းမှာလည်း မြန်မာတွင်သာမက ခေတ်မီသည့် နိုင်ငံများတွင်လည်း ယနေ့တိုင် ရှိနေသေးသည်။ မကြာခင်ကပင် Rihanna ၏ Rogue ရေမွှေးကြော်ငြာမှာ သရုပ်ပျက်သည်ဟု ဗြိတိန်ကြော်ငြာ စံချိန်စံညွှန်း အာဏာပိုင်အဖွဲ့က ကန့်ကွက်သဖြင့် ကလေးငယ်များ မမြင်နိုင်သည့် နေရာသို့ ဆိုင်းဘုတ်များ ရွှေ့ခိုင်းခဲ့သည်။

မနေ့တစ်နေ့ကမှ ကမ္ဘာနှင့် ချိတ်ဆက်လာသည့် မြန်မာလူ့အသိုင်းအဝိုင်း အတွက်မူ Glamour၊ Nude Art တို့ကို လက်ခံရန်မှာ အချိန်သိပ်စောလွန်းသည်ဟု မြင်ကြဆဲဖြစ်သည်။
“သူတို့ဟော့ပြီး သိပ်မကြာဘူး ... ကိုယ်လုံးတီး ဖြစ်လာတယ်။ အဲဒါ ဘယ်လိုင်းဘက်ကို သွားနေတာလဲ၊ ဟိုလိုင်း (Porn) ကို ဦးတည်သွားတာလား၊ အောင်မြင် ကျော်ကြားမှုကို ဦးတည်တာလား” ဟု ဝေဖန်လာကြသည်။
ယင်းအတွေးများနှင့်အတူ မော်ဒယ်လ် ဇွန်သင်ဇာ၊ ဇာဇာထက်နှင့် ရိုတတို့ ပေါင်းပြီး လိင်ခွေရိုက်မည် ဟူသည့် ကောလာဟလများ ထွက်လာပြန်သည်။

မြန်မာပြည်တွင် Nude Art (ကိုယ်လုံးတီးဖြင့် သရုပ်ဖော် အနုပညာ) ကို ချပြစရာ မဂ္ဂဇင်း မရှိသောကြောင့် ယခုလို ဖြစ်နေရသည်ဟု မေမြတ်မွန်ကို ဓာတ်ပုံရိုက်ပေးထားသည့် ဓာတ်ပုံဆရာများအနက် တစ်ဦးက ရှင်းပြသည်။
“လူမှုကွန်ရက်ပေါ်ပဲ တင်ခွင့်ရတော့ အဆဲခံရတာပဲ ဖြစ်နေတာပေါ့။ မဂ္ဂဇင်းသာရှိရင် သူတို့အတွက်လည်း အဆင်ပြေမယ်။ ဖန်တီးချင်တဲ့သူတွေ အတွက်လည်း နေရာရလာမှာပေါ့” ဟု ၎င်းကဆိုသည်။



ရီဟားနား၊ ဂျေလို၊ ဘီယွန်းဆေးတို့ကို စံပြထားသည့် မော်ဒယ်လ် ဇာဇာထက်ကမူ “ကိုယ်နဲ့ လိုက်ဖက်မယ့် လိုင်းကို ရွေးတာမှာ Sexy လိုင်းကို ဖောက်ဖြစ်တာပါ။ ပါးပါးလေးနဲ့ ပုတ်တာ။ အဲဒီ Sexy ကို လက်ခံထားတာ။ အကုန်လုံး ဖော်လိုက်တဲ့ထိတော့ ဘယ်တော့မှ ရိုက်မှာ မဟုတ်ဘူး။ မိသားစု အသိုင်းအဝိုင်းကလည်း ရှိသေးတယ်” ဟု ၎င်း၏ ရပ်တည်ချက်ကို ဖော်ကျူးသည်။

အဝတ်ပါခြင်း၊ မပါခြင်းထက် ပေးမည့် အနုပညာ၊ ခံစားရမည့် ရသနှင့် မော်ဒယ်လ်၊ ဓာတ်ပုံဆရာတို့၏ ရပ်တည်ချက်မှာ အရေးကြီးလှသည်။ မော်ဒယ်လ် သန္တာလှိုင်ကမူ ယင်းအနုပညာမျိုး ဖန်တီးရာတွင် သရုပ်ဆောင်ပေးသည့် အမျိုးသား၊ အမျိုးသမီးထက်စာလျှင် ဖန်တီးရေးဆွဲ ရိုက်ကူးမည့် အနုပညာရှင်၏ ရည်ရွယ်ချက်နှင့် စေတနာမှာ ပိုအရေးကြီးကြောင်း ပြောပြသည်။
“အမျိုးသမီးတစ်ယောက်ရဲ့ သားမြတ်ဟာ မိခင်မေတ္တာကို ဖော်ကျူးတဲ့ သင်္ကေတ ဖြစ်နိုင်သလို လိင်မှုကိစ္စနဲ့ ပတ်သက်တဲ့ ဖန်တီးမှုလည်း ဖြစ်သွားနိုင်ပါတယ်” ဟု ၎င်းကဆိုသည်။

Black and white (အဖြူ၊ အမည်း) ဟု နာမည်ကြီးသွားသည့် မေမြတ်မွန် ဓာတ်ပုံအပေါ် ဓာတ်ပုံဆရာက “ဒါကို light and shake (အလင်းနဲ့ အရိပ်) နဲ့ပဲ အဓိကထားပြီး ရိုက်တာပါ။ Sex (လိင်အသားပေး) အတွက် အဓိက မဟုတ်ဘူး။ ဆွဲဆောင်မှုတစ်ခု အနေနဲ့ပဲ ရိုက်တာပါ။ မပေါ်အပ်တာတွေ မပေါ်ဘဲ အမျိုးသမီးတစ်ယောက်ရဲ့ အလှကို ဖော်ကျူးတာ” ဟု ဆိုသည်။ ၎င်းတစ်ဦးတည်း အနေနှင့် ဓာတ်ပုံပညာ မြောက်မြားစွာထဲမှ Nude Art ကို အနုပညာအဖြစ် စမ်းသပ်လိုက်ခြင်း ဖြစ်သည်ဟု ဆိုသည်။ သို့သော် ယခုအချိန်တွင် ရင်သားထင်ရှားစွာ အပြည့်ဖော်ထားသည့် ပုံများပင် စတင်ထွက်ပေါ်လာပြီ ဖြစ်သည်။

ယဉ်ကျေးမှုချင်း ကူးလူးရင်း ကမ္ဘာသိ အနုပညာတစ်ရပ် မြန်မာသို့ ခြေချခြင်း ဖြစ်သော်ငြား Nude မှာ ခက်ခဲလှသည်။ သို့သော် ပုံဖော်သူများ၊ မော်ဒယ်လ်များက အနုပညာစစ်သို့ ခံစားရင်း ရှေ့ဆက် မည်ဆိုလျှင်ကား တော်သေးသည်၊ ကျော်ကြားရန် သက်သက် Nude Art ကို အသုံးချမည် ဆိုလျှင်ကား ရင်လေးဖွယ်ရာဟု ယူဆသူများလည်း ရှိသည်။

မော်ဒယ်လ်ပေါင်း များစွာကို မွေးထုတ်ပေးနေသည့် မော်ဒယ်လ် တင်မိုးလွင်ကလည်း တက်သစ်စ မော်ဒယ်လ်များ ရေလိုက်လွဲမည်ကို စိုးရိမ်ပူပန်နေသည်။
“သူ့အနုပညာနဲ့သူ ရှိကောင်း ရှိမယ်။ ဒါပေမဲ့ တက်သစ်စ ကလေးတွေက ဒီလိုလုပ်မှ ပေါ်ပြူလာ ဖြစ်မယ်ထင်ပြီး လိုက်လုပ်မှာလည်း စိတ်ပူတယ်” ဟု ၎င်းကဆိုသည်။

နော်ဝေနိုင်ငံတွင် နေထိုင်သည့် မြန်မာနိုင်ငံသား ဓာတ်ပုံဆရာတစ်ဦးကမူ Model ကို ယခုလို အဓိပ္ပာယ် ဖွင့်ဆိုပြသည်။
“Model ကို ကိုယ်ဟန်ပြမယ် ဖက်ရှင်မယ်လို့ အဓိပ္ပာယ်ဖွင့်ချင်တယ်။ ကြော်ငြာအတွက် ရိုက်ပေးတဲ့ မော်ဒယ်လ်၊ ရှိုးလျှောက်တဲ့ မော်ဒယ်လ်ကို Profession မော်ဒယ်လ်လို့ပဲ ခေါ်ပြီး ဖန်တီးသူ တစ်ယောက်အတွက် Pose ပေးတဲ့ မော်ဒယ်လ်ကိုသာ Art Model အနုပညာမော်ဒယ်လ်လို့ ခေါ်တယ်” ဟု ၎င်းကပြောသည်။
“Nude Art ရိုက်တာနဲ့ အနုပညာလို့ နာမည်တပ်ပြီး နာမည်ကြီးအောင် လုပ်နေတဲ့ ဓာတ်ပုံဆရာတွေ မော်ဒယ်လ်တွေလို့ မပြောသင့်ပါဘူး။ Nude Fine Art ဆိုတာ Photography ထဲက ဖန်တီးမှုပါတဲ့ အနုပညာစစ်စစ်ပါ။ Fashion တစ်ခုတည်းက Photography မဟုတ်ဘူးဆိုတာ သိစေချင်ပါတယ်” ဟု ၎င်းကဆိုသည်။

ဝိရောဓိများအကြား ကိုယ်လုံးတီးဖြင့် သရုပ်ဖော်အနုပညာဟု ဆိုနိုင်သော Nude Art မှာ ရာစုဝက်ကြာအောင် အငြင်းပွားနေနိုင် ပါလိမ့်ဦးမည်။ ဖန်တီးသူများက ခံစားချက်ကိုယ်စီဖြင့် ဆေးရောင်ခြယ်သလို ခံစားကြည့်သူများကလည်း စိတ်ကြိုက် မှတ်ချက်ပေးနေကြပေ ဦးမည်။
မြန်မာပရိသတ်များ အကြားတွင်လည်း Nude Art နှင့် ပတ်သက်၍ အပေါင်းရော အနုတ်ပါ အသံဗလံများ ဆက်ထွက်နေဦးမည်။

Green
The Voice Weekly


အပြာဝတ္ထုဆန်ဆန် စာအုပ်တစ်အုပ် တရားဝင်ဆိုင်တင်ရောင်းချ မြန်မာနိုင်ငံ၌ စာပေလွတ်လပ်ခွင့်ရရှိခြင်းအပေါ် အလွဲအသုံးချမှုများရှိနေ

photo-internet

ရန်ကုန်၊ ဇွန် ၂၀- မြန်မာနိုင်ငံ၏ စာပေလွတ်လပ်ခွင့် ရရှိနေခြင်းအ ပေါ်တွင် တလွဲအသုံးချသူများရှိနေ သည့်အတွက် ယင်းကဲ့သို့ တလွဲအသုံး ချနေမှု ကို ပြည်သူများအားလုံးက ဝိုင်းဝန်းထိန်းသိမ်းသင့်ကြောင်း ပြန် ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲထွဋ်က ပြောကြားလိုက်သည်။

ယခုရက်ပိုင်းအတွင်းက မြန် မာစာပေလောကနှင့်စာအုပ်အရောင်း ဆိုင်ဈေး ကွက် အတွင်းသို့ ရောက်ရှိ လာသည့် စာရေးသူ အောင်ရင်ငြိမ်း ၏ ရိုမန်းဘော့ထ်တွေရဲ့ ကမ္ဘာ အမည် ရှိစာအုပ်ထွက်ရှိလာခြင်းအပေါ် ယင်း ကဲ့သို့ ပြောကြား လိုက်ခြင်းဖြစ်သည်။

ယင်းစာအုပ်သည် အသက် ၁၈နှစ် အောက် လူငယ်များမဖတ်ရ ဟု ကြော် ငြာေ ဖ်ာပြ ထားပြီး စာအုပ် တွင် ဖော်ပြ ရေးသား ထားသည့် အကြောင်းအရာ များသည် မြန်မာ့ယဉ်ကျေးမှုအရ လက်မခံနိုင်သော လိင်အသားပေး ရေးသားထားသည့် စာအုပ်တစ်အုပ် ဖြစ်ကြောင်း သိရသည်။

''စာအုပ်တော့ မတွေ့သေးပါ ဘူး။ စာအုပ်ကို ရရှိတဲ့အခါကျရင် အဖွဲ့လိုက် ဖတ်ရှုသုံးသပ်သွားမှာဖြစ် ပါတယ်။ အင်တာနက်မှာ ဖတ်လိုက်ရ တာက အတော့်ကိုဆိုးရွားပါတယ်။ မြန်မာနိုင်ငံမှာ စာပေလွတ်လပ်ခွင့်ရ တဲ့အပေါ်မှာ အလွဲသုံးစားမလုပ်မိဖို့ လိုပါတယ် ။ ဒါမျိုးက လူငယ်တွေကို ပါ ပျက်စီးနိုင်တဲ့အတွက် အားလုံးက ဝိုင်းဝန်းထိန်းသိမ်းပေးသင့်ပါတယ်'' ဟု ယင်းက ဒီမိုကရေစီတူဒေး သတင်း စာသို့ပြောသည်။

အဆိုပါစာအုပ်ကို စာအုပ်ဖြန့်ချိ ရောင်းချနေသည့် စာအုပ်ဆိုင်များ တွင် ပေါ်ပေါ်ထင်ထင်ရောင်းချလျက် ရှိကြောင်း၊ စာအုပ်တန်းဖိုးမှာ ကျပ် ၂၅၀ဝဖြစ်ကြောင်းသိရသည်။

ယင်းနှင့်ပတ်သက်ပြီး စာအုပ် ဝယ်ယူပြီး ဝေဖန်ရေးသားခဲ့သူ သတင်း စာဆရာ စည်သူအောင်မြင့်က '' ဒီစာ အုပ်က မြန်မာနိုင်ငံမှာရရှိနေတဲ့ လွတ် လပ်စွာရေးသားခွင့်ကို ဖျက်လိုဖျက် ဆီးလုပ်တာလို့ မြင်မိပါတယ်''ဟု ပြောသည်။

[--Democracy today Daily Newspaper--]
Yangon Media Group

အလုပ်အကိုင် တွင် လျင်လျင်မြန်မြန် တိုးတက်ရန် နည်းလမ်း



ကျနော့ မိတ်ဆွေ သူငယ်ချင်းတွေ လာမေးတယ်။ သူတို့တွေ ကုမ္ပဏီတွေမှာ အလုပ်လုပ် လာတာ ငါးနှစ် မကတော့ဘူးတဲ့။ သို့ပေမယ့် ရာထူး လစာက အလုပ်စလုပ်ဖူးတဲ့ အချိန်ကနေ ယနေ့အထိ ကြီးကြီးမားမား ပြောင်းလဲမှု မရှိဘူး လို့ ဆိုတယ်။ ဒီတော့ အဲ့ဒီ လေးငါးနှစ် အတွင်းမှာ သူ ဘာလုပ်ခဲ့လဲလို့ ကျနော် မေးတယ်။ ကုမ္ပဏီတွေမှာ သူက Admin ပိုင်းလုပ်ခဲ့တယ်။ Sale ပိုင်းလုပ်ပေးခဲ့ရ သေးတယ်။ စာရင်းအင်းလည်း လုပ်ပေးခဲ့ရတယ်။ အခြေခံအားဖြင့် ဒရိုင်ဘာလည်း လုပ်ခဲ့ရတယ်။ မာကတ်တင်း ဝန်ထမ်းလည်း လုပ်ခဲ့တယ်။ သို့ပေမယ့် ရာထူးက မန်နေဂျာ အဆင့်ကို တက်မလာပဲ ဘယ် ကုမ္ပဏီ သွားလျှောက်လျှောက် အလွန်ဆုံးမှာ စီနီယာ မာကဲတင်း၊ စီနီယာ အရောင်း အစရှိသဖြင့် ရာထူးပဲ ရပါသတဲ့။ ဒါနဲ့ ကျနော် ဥပမာ ပေးလိုက်တယ်။

စာဖတ်သူတို့ ကြားဖူးနေကြ ပုံပြင်တစ်ခုပဲ ဖြစ်ပါလိမ့်မယ်။ တစ်ခါက လုလင်ပျိုတစ်ယောက် ပညာစုံ သင်လာပြီး နယ်ပြန်လာတဲ့အခါ ဗေဒင်လည်းဟော၊ ပန်းပဲလည်းလုပ်၊ ပန်းချီလည်းဆွဲ၊ စောင်းလည်းတီး၊ ပန်း ၁၀ မျိုးမက ပညာ၊ သိုင်းပညာ အကုန်တတ်ခဲ့တော့ တစ်ခုပြီး တစ်ခု လုပ်စားတယ်လေ။ နောက်တော့ အတူသင်တဲ့ သူငယ်ချင်းက ပန်းပုပညာနဲ့ သူဌေး ဖြစ်သွားသည့်တိုင် သူက ဆင်းရဲမြဲ ဆင်းရဲတယ်။ ဒါနဲ့ ပါမောက္ခ ဆရာဆီ သွားမေးတော့ မာလကာပင်ပေါ် တက်ခိုင်းတယ်။ တစ်ကိုင်းပြီး တစ်ကိုင်း ကူးခိုင်းတယ်။ ဆရာက သစ်ပင်ကို ဆက်တိုက် ခါတယ်။ ခဏခဏ ပြုတ်ကျတာ ကြောင့် အကိုင်း တစ်ကိုင်းထဲမှာ ခိုင်ခိုင်နေခိုင်းပြီး ထပ်ခါတယ်။ လုံးဝ မကျတော့ဘူး။ မြဲသွားတယ်။ တည်သွားတယ်။

ပုံပြင်ထဲက လိုပါပဲ။ ယခု စာဖတ်သူက မိမိ ကျင်လည်တဲ့ လုပ်ငန်းမှာ၊ ပညာရပ်မှာ ရာထူး၊ အသက်မွေးဝမ်းကျောင်း ပညာရပ် တစ်ခုကို တိတိကျကျ မယူနိုင် သေးရင် ခါလိုက်တိုင်း ကျနေမှာ ပါပဲ။ ဘယ်နေရာရောက်ရောက် ဘယ်တော့မှ ပိုမြင့်တဲ့ ရာထူး အဆင့်တန်း တစ်ခုကို ရောက်သွားမှာ မဟုတ် ပါဘူး။ ဒီတော့ လုပ်ငန်းခွင် တစ်ခုမှာ အောင်မြင်တိုးတက်ချင်တယ် ဆိုရင် ကိုယ်က ဘယ်လောက်ပဲ တတ်တတ်၊ တစ်ခုဆို တစ်ခုတည်းကို အကောင်းဆုံး အတော်ဆုံး တတ်နေဖို့ လိုအပ် ပါတယ်။ စွဲမြဲလုပ်ကိုင်ဖို့ လိုအပ်တယ်။ အခြားဟာတွေ မတတ်ရဘူးလို့ မဆိုလိုပါ။ သို့သော် ကုမ္ပဏီ တစ်ခု လုပ်ငန်းခွင် တစ်ခုမှာ ရာထူး အမြင့်၊ ခေါင်းဆောင် အဆင့် ရဖို့က ခေါင်းဆောင် အဆင့်နဲ့ ညီမျှတဲ့ ထူးချွန်ထက်မြတ် သော အသက်မွေးဝမ်းကျောင်း ပညာတစ်ခု ရှိထားဖို့ လိုအပ် ပါတယ်။

ဒီလောက်ဆိုရင် လုပ်ငန်းခွင် တစ်ခုမှာ လျင်လျင်မြန်မြန် တိုးတက်အောင် ဘယ်လို လုပ်ရမယ် ဆိုတာကို သိရှိ နားလည်ပြီလို့ မျော်လင့် ပါတယ်။
.
အောင်ခမ်း (ရိုးရာလေး)

နေရာချင်း လဲချင်တဲ့ online သရဲမလေး


“ဟိုင်း….”

“ဟိုင်း……”

“မင်္ဂလာပါ..။ သူငယ်ချင်းမရှိလို့ ခင်ချင်လို့ပါ…”

သူမ ကျွန်တော့်ကို လာမိတ်ဆက်ခဲ့ပုံက ရိုးရိုးလေးပင်ဖြစ်သည်။ ဒီလိုနဲ့ ဟိုအကြောင်း ဒီအကြောင်း ရောက်တတ်ရာရာပြောရင်း ကျွန်တော်တို့ online ပေါ်က သူငယ်ချင်းဖြစ်ခဲ့ကြသည်။ အမှန်တိုင်း ၀န်ခံရလျှင် ကျွန်တော်သည် စာရိုက်ပြီး chatting လုပ်ရတာကို ပျင်းရိသော လူအမျိုးအစားထဲတွင် ပါဝင်သည်။ ပြောတိုင်းလိုင်း အပေါက်အလမ်းက တည့်ချင်မှတည့်သည်။ လူဘုကလန့်လို့လည်း တစ်ချို့က ခေါ်ကြသည်။ ဒါကြောင့် ကျွန်တော့်တွင်း online သူငယ်ချင်းလည်း များများစားစားမရှိခဲ့..။

ဒါပေမယ့် သူမနဲ့ chatting လုပ်ရင်း သတိထားမိလာတာက ကျွန်တော် chatting လုပ်ရတာကို ပျော်နေမိသည်။ သူမက ဟာသဥာဏ်ရွှင်သည်။ လူတစ်ဖက်သား မခံချင်အောင်လည်း စတတ်သည်။ သူစလို့ ကျွန်တော် စိတ်ဆိုးနေပြီဆိုရင် သူမမှာ ပျော်လို့မဆုံး..။ ပြီးလျှင် စကားတတ်သော သူမက ကျွန်တော်စိတ်ဆိုးပြေအောင် ရီစရာတွေ ပြန်ပြောပြနေတတ်သည်။ ဒါတွေသည်ကပဲ ကျွန်တော့်ကို သူမနဲ့ chatting လုပ်ရတာ ပျော်နေစေသည်လား မပြောတတ်။

ကျွန်တော် နာရီကို တစ်ချက်ကြည့်လိုက်သည်။ အချိန်က ည ၁၁း၄၅..။ နောက် ၁၅ မိနစ်ဆိုရင် ၁၂း၀၀ နာရီထိုးပြီ..။ ၁၂း၀၀ နာရီဆိုရင် chatbox မှာ သူမရဲ့ account မီးစိမ်းလေးလင်းလာလိမ့်မည်။ ကြိုတွေးထားသည့် အတိုင်းပင် ၁၂း၀၀ နာရီထိုးသည်နှင့်….

“ဟိုင်း…အစ်ကို…”

“ဟိုင်း..ညီမ…” ….. ဒီလိုနဲ့ပဲ ကျွန်တော်တို့အကြား သံဃောဇဉ်ဟူသော ကြိုးသည် လေလှိုင်းထဲမှတစ်ဆင့် အသံမကြား ရုပ်မမြင်ရသော စာလုံးတွေနဲ့ ဖြစ်တည်လာခဲ့ရလေပြီ..။

ဒီနေ့ လပြည့်နေ့…။ ကျွန်တော့်မှာ ရည်ရွယ်ချက် တစ်ခုရှိသည်။ ကျွန်တော် သူမကို အပြင်မှာ တွေ့ခွင့်တောင်း မည်။ ဖုန်းနံပါတ် တောင်းမည်။ စကားတွေ ပြောကြမည်။ သူမရဲ့ အသံကို ကျွန်တော်ကြားဖူးချင်သည်။ သူမကို ကျွန်တော် မြင်ဖူးချင်သည်။ တွေးရင်းနဲ့ပင် ရင်ခုံသံ ဆူညံလာသည်။ ကိုယ့်ကိုယ်ကို သတိပြန်ပေးမိသည်။ သြော်… ရုပ်မမြင်.. အသံမကြားပဲနဲ့လဲ… ဒီလိုဖြစ်တတ်ကြတာပါပဲလား..။

“အစ်ကိုတို့ အပြင်မှာတွေ့ကြရအောင်…”

“မတွေ့ချင်ပါဘူး…”

“အာ.. ညီမကလည်း…. အစ်ကိုတို့ ဒီလောက်တောင် ခင်နေပြီပဲ.. အကို့ကို မယုံတာလား..”

“အဲ့ဒီလိုမဟုတ်ပါဘူး.. ညီမ မတွေ့ချင်ဘူး.. ညီမ လာတွေ့လို့မရဘူး..”

“ဘာလို့ လာတွေ့လို့ မရတာလဲ.. အိမ်ကမလွတ်တာလား..”

“အဲ့ဒီလိုလည်း မဟုတ်ပါဘူး…. အကို မသိတာတွေ အများကြီး ရှိပါသေးတယ်…”

“ဒါဆို ဒီလိုလုပ်…”

“အင်း…ပြောလေ…”

“အကို မေးခွန်းတွေ မေးမယ်… ညီမ အကိုမေးတာ ဖြေနိုင်ရင် အပြင်မှာ မတွေ့ဘူး..၊ မဖြေနိုင်ရင်တော့ အပြင်မှာ တွေ့ကြမယ်…”

“သဘောတူတယ်… မေးတော့…”

ကျွန်တော့်အကွက်ထဲ သူမရောက်လာသည်။ ကျွန်တော် လူလည်ကျတော့မည်။ မေးမှတော့ သူမ မဖြေနိုင်တာပဲ မေးမှာပေါ့လို့..။

“အကို အခုဝတ်ထားတဲ့ အင်္ကျီဘာအရောင်လဲ…”

“အနီရောင်လေ… T-shirt လေး..”

အမလေးဗျ… ကျွန်တော်အမလေးကို တမိသည်။ ကျွန်တော် ဘာဝတ်ထားမှန်း သူမဘယ်လိုသိနေရတာလဲ..။ ရမ်းတုတ်လို့ မှန်သွားတာဖြစ်နိုင်သည်။

“အကို့ ဘောင်းဘီ ဘာအရောင်လဲ…၊ အကို အခု ဘာလုပ်နေလဲ..”

“အကို ပုဆိုးဝတ်ထားတယ်..၊ အညိုရောင်လေး..၊ အခုက အကို ကော်ဖီသောက်ရင်း စာရိုက်နေတယ်…”

အား…. ကျွန်တော် ကြောက်လန့်တကြား ယောင်အော်မိသည်။ ကျွန်တော် နောက်ကျော မလုံသလို ခံစားလာပြီး ဘေးဘီ ပတ်ကြည့်လိုက်သည်။ ကျွန်တော့် အခန်းထဲတွင် ကျွန်တော်ကလွဲပြီး ကြွက်တစ်ကောင် ကြောင်တမြှီးမှ မရှိ။ ကျွန်တော်ယောင်ယမ်းပြီး laptop က camera ကို ပိတ်လိုက်မိသည်။ သူမ ဒီ camera နေများ ကျွန်တော့်ကို ကြည့်နေတာလား..။ ဖြစ်နိုင်စရာအကြောင်းလုံးဝမရှိ။

“အကို့ အခန်းထဲမှာ ဘာပစ္စည်းတွေရှိလဲ…”

“စာကြည့်စားပွဲ၊ TV၊ ဂစ်တာ၊ ဗီဒို..၊ ထိုင်ခုံ ၂ လုံး…၊ တစ်လုံးက ကြိမ်ခုံလေး…ဟိ..ဟိ….”

ကျွန်တော့်တစ်ကိုယ်လုံး ချွေးတွေနဲ့ စိုရွှဲနေပြီ…။ ကျွန်တော် ကွန်ပျူတာကို ပိတ်ပြီး ဒီနေရာကနေ ထွက်ပြေးသွားလိုက်ချင်သည်။ ဒါပေမယ့် ကျွန်တော် အရဲတင်းပြီး

“နောက်ဆုံးတစ်ခုမေးမယ်…. မင်း … ဘယ်သူလဲ….”
သူမထံမှ စာရိုက်နေတဲ့ သင်္ကေလေးမြင်လိုက်ရသည်။

“အကို ..ဘာလို့ အဲ့လောက်ထိ ကြောက်သွားရတာလဲ…”
ဟင်….. ဘုရား…ဘုရား…..

“မေးတာဖြေပါ…။ မင်းဘယ်သူလဲ..။”

“အမှန်အတိုင်းပြောရင် ညီမကို မခင်တော့မှာ ကြောက်တယ်..”

” ညာနေတာက ပိုဆိုးတယ်.. အမှန်အတိုင်းပြောပါ…”

“ညီမက …….. လူမဟုတ်ဘူး…”
ဘုရား ကယ်တော်မူပါ…။ လူမဟုတ်ဘူးတဲ့…။

“….. မနောက်ပါနဲ့…”

“ညီမ နာမည်.. ဆုသက်ဝေ..၊ နေတာက တောင်ဒဂုံ၊ ညီမ အသက် က ၂၀၊ ညီမ ဆုံးတာ ဒီနေ့က ၁ လ ပြည့်တဲ့ နေ့ပဲ…”

“မယုံဘူး…မဖြစ်နိုင်တာတွေ…”

“ညီမ ဖုန်းနဲ့ အင်တာနက်သုံးရင်း လမ်းဖြတ်အကူးမှာ ကားတိုက်ခံရပြီး.. အဲ့ဒီစိတ်နဲ့ပဲ ခုလိုဖြစ်နေရတာ…”

“မယုံဘူး..”

“ညီမ လိပ်စာပေးလိုက်မယ်..၊ သွားစုံစမ်းကြည့်လိုက်…”

“မင်းမဟုတ်တဲ့ တစ်ကယ် ကားတိုက်ခံရတဲ့သူရဲ့ လိပ်စာကို မင်းက ပြောပြလို့ ရတာပဲလေ.. ”

“အကို မယုံဘူးပေါ့…”

“မယုံဘူး..”

“ဒါဆို.. အကို့ပါးစပ်ကလေ… ဆုသက်ဝေရေ…၊ ညီမကို အကို့ခြံဝန်းနဲ့ အခန်းထဲကို ၀င်ခွင့်ပြုပါတယ်လို့ ပါးစပ်ကနေ သုံးခါပဲ ရွှတ်လိုက်.. အကို့ ရှေ့ ညီမရောက်လာမယ်….”

ကျွန်တော် စဉ်းစားရကြပ်သွားသည်။ ကြောက်ကလည်းကြောက်… အလျော့ကလည်း မပေးချင်တာနဲ့… လူလည်ကျပြီး ဘာမှ မပြောပဲနဲ့…

“ကဲ..ပြောပြီးပြီ.. ပေါ်မလာပါလား…”

“အကိုကြောက်နေတယ်မှတ်လား..၊ အကို ဘာမှမပြောပါဘူး..၊ ညီမသိတယ်…”

ကျွန်တော် အားတင်းလိုက်သည်။ ရှိသမျှ သတ္တိတွေကို ရင်ဘတ်ထဲအကုန်ထည့်လိုက်သည်။ ကျွန်တော့် သိချင်စိတ်က ကြောက်စိတ်ကို အနိုင်ရသွားခဲ့သည်။

“ဆုသက်ဝေရေ…၊ ညီမကို အကို့ခြံဝန်းနဲ့ အခန်းထဲကို ၀င်ခွင့်ပြုပါတယ်..”
မျက်စိမိတ်ပြီး ပါးစပ်ကနေ အသံထွက်ပြီး အားရပါးရ သုံးခါ ပြောချပစ်လိုက်သည်။

ကျွန်တော့် ကွန်ပျူတာ ချက်ချင်းပိတ်သွားသည်။ ကျွန်တော့် အခန်းမီးတွေ အကုန်မှိတ်သွားသည်။ သွားပြီ..။ ကျွန်တော် မဟုတ်တာလုပ်မိပြီဟု တွေးမိချိန်သည် နောက်ကျသွားခဲ့ပြီ..။ ကျွန်တော့်ရဲ့ မသိစိတ်တွေက ကျွန်တော့်ရဲ့ အခန်းထောင့် အမှောင်တစ်နေရာကို တွန်းပို့နေသည်။ အဲ့ဒီနေရာမှာ တစ်စုံတစ်ခု ရှိနေသည်။

ကျွန်တော့်မျက်စိ အဲ့ဒီနေရာကို မကြည့်ချင်ပေမယ့် ကြည့်နေမိသည်။ အဲ့ဒီ မှောင်မှဲနေတဲ့ ကျွန်တော့်အခန်းထောင့်မှာ… တစ်ဖြည်းဖြည်း ပေါ်ထွက်လာတာက ခေါင်းက ဦးနှောက်ထွက်နေပြီး သွေးသံတရဲရဲနှင့် လက်ထဲမှာ ဖုန်းလေးတစ်လုံးကိုင်ထားသော ကောင်မလေး တစ်ယောက်…။ ကျွန်တော် ကြောက်လန့်တကြား အော်ဟစ်ဖို့အချိန်မရသေးခင် သူမထံမှ စကားသံကိုကြားလိုက်ရသည်။

“ညီမနဲ့ နေရာလဲပေးတဲ့အတွက် ကျေးဇူးပါပဲ အကို…”

ကျွန်တော်လည်း အခုတော့ ကျွန်တော်နဲ့ Chat မယ့် online သူငယ်ချင်းတစ်ဦးကို ည ၁၂း၀၀ နာရီထိုးသည်နှင့် လိုက်ရှာနေမိတော့သည်။

အောင်ထွန်းဦး

သဘာဝပုဇွန်ချဉ် လုပ်နည်း


** သဘာဝ ပုဇွန်ချဉ် အတွက် လိုအပ်တာလေးတွေ…

ခေါင်းဖြုတ်ပြီး အခွံမခွါထားသော ပုဇွန်ဆိတ် – 250 g
ထောင်းထားသော ကြက်သွန်ဖြူ – ထမင်းစားဇွန်း ၂ ဇွန်း (သို့) ၁ ဇွန်းခွဲ
မပျော့လွန်း၊ မမာလွန်းသော ကောက်ညင်း – ထမင်းစားဇွန်း ၂ ဇွန်း
ဆား – လက်ဖက်ရည်ဇွန်း တစ်ဝက်

ခေါင်းဖြုတ်ပြီး အခွံမခွါထားသော ပုဇွန်ဆိတ်လေးများ ကို ရေဆေး ၊ ရေစစ်ပြီးလျှင် tissue towel များဖြင့် ဖွဖွလေးဖိကာ ရေတတ်နိုင်သမျှခြောက်အောင် လုပ်ထားပါ။ (ရေခြောက်ဖို့လိုပါတယ်။)

ပုဇွန်များရေခြောက်လျှင် ကောက်ညင်း၊ ကြက်သွန်ဖြူ နှင့် ဆားကိုထည့်ကာ အိပြီးစီးလာအောင် ၇ မိနစ်ခန့် ရေဆေးပြီးခြောက်အောင်သုပ်ထားသော လက်ဖြင့် ဖိဆုပ်ပြီး နာနာနယ်ပေးပါ။ (စီးစီးလေးဖြစ်ဖို့ပြောသလို နယ်ပေးစေချင်ပါတယ်။)

အိပြီးစီးလာလျှင် သန့်ပြန်သော ပလတ်စတစ်ဗူးထဲ ဖိပြီးထည့်ကာ အဖုံးလုံအောင်ဖုံးပြီး အခန်းအပူရှိန်အများဆုံးနေရာဖြစ်သော မီးဖိုချောင်ထဲတွင် ၃ ရက်ထားပါ။ (နေပူမလှမ်းပါနှင့်။)

တစ်ရက်ပြည့်ပြီးနောက် အရောင်စပြောင်းကာ၊ အရည်အနည်းငယ် ထွက်လာပါမယ်။

၃ ရက်မြောက်နေ့မှာတော့ အနှံ့မွှေးလာတဲ့ ပုဇွန်ချဉ်လေးတွေထဲမှ ထွက်လာသော အရည်အနည်းငယ်ကို ဇွန်းဖြင့်ဖိ၍ သွန်ပစ်ပြီး ကြိုက်နှစ်သက်သလို သုံးဆောင်နိုင်ပါပြီ။ (ချက်ချင်းမစားနိုင်သေးလျှင် အရည်သွန်ပြီးနောက် အဖုံး ဖုံးကာ ရေခဲသေတ္တာထဲ ၅ ရက်ခန့် သိမ်းထားနိုင်ပါတယ်။)

Excellent- Foods Corner မှ အစားအစာဝါသနာရှင်များအတွက် ပြန်လည်မျှဝေပါသည်။

Credit to Chaw Su’s Food Friends

ဆေးလိပ်ဖြတ်ရာတွင် စာရိုက်ပြီး မက်ဆေ့ခ်ျ ပေးပို့ခြင်းက ကူညီနိုင်



ဆေးလိပ်ဖြတ်ရန် ကြိုးစားရာတွင် အထောက်အကူဖြစ်စေရန် စာရိုက်ပြီး မက်ဆေ့ခ်ျပေးပို့သော ၀န်ဆောင်မှုကိုအသုံးပြုသည့် ဆေးလိပ်သောက်သူများသည် စာဖတ်ရန် ပစ္စည်းကိရိယာများသာရရှိသည့် ဆေးလိပ်သောက်သူများထက် ဆေးလိပ်ဖြတ်နိုင်ဖွယ် နှစ်ဆပိုများပြီး ခြောက်လအကြာတွင် ဆေးလိပ်ဖြတ်နိုင်ဖွယ်ရှိကြောင်း အမေရိကန် သုတေသနအသစ်တစ်ရပ်အရ သိရသည်။
ဆေးလိပ်ဖြတ်ရန် သက်သေပြုပြီးဖြစ်သော သာဓကအတော်များများရှိကြောင်းနှင့် ယခုအခါ စာရိုက်ပြီး မက်ဆေ့ခ်ျပေးပို့ခြင်းမှာ ဆေးလိပ်ဖြတ်ရန် နောက်ထပ်နည်းလမ်းတစ်ခု ဖြစ်သည်ဆိုသော အထောက် အထားများ မိမိတို့ တွေ့ရှိထားသည်ဟု ယင်းလေ့လာမှုကို ဦးဆောင်သူ ၀ါရှင်တန်ဒီစီမြို့ရှိ ဂျော့ခ်ျဝါရှင်တန်တက္ကသိုလ်မှ အပြုအမူဆိုင်ရာ သိပ္ပံပညာရှင်လိုရိန်းအက်ဘရွန်က ပြောသည်။

အက်ဘရွန်၏ ဆေးလိပ်ဖြတ်ရန် စာရိုက်ပါ ‘‘text2quit’’ ၀န်ဆောင်မှုကို အသုံးပြုသော ဆေးလိပ်သောက်သူများ၏ ၁၁ ရာခိုင်နှုန်းမှာ ခြောက်လအကြာတွင် ဆေးလိပ်ဖြတ်နိုင်ပြီး ဆေးလိပ်ဖြတ်ရန် အထောက်အကူပြုသည့် စာပေသင်ကြားမှုခံယူခဲ့သူများ၏ ငါးရာခိုင်နှုန်းသာ ဆေးလိပ်ဖြတ်နိုင်ကြောင်း သိရသည်။

စာရိုက်ပြီး မက်ဆေ့ခ်ျပေးပို့ခြင်း ၀န်ဆောင်မှုအသုံးပြုသူများကြား ယင်းအောင်မြင်မှုနှုန်းထားမှာ တယ်လီဖုန်းဖြင့် ဆေးလိပ်ဖြတ်ရန် အကြံပေးမှုရယူခြင်းကဲ့သို့ ဆေးလိပ်ဖြတ်ရန် အထောက်အကူဖြစ်စေမည့် အခြားသော နည်းလမ်းများနှင့် ကိုက်ညီသည်ဟု မစ္စစ်အက်ဘရွန်နှင့် ၎င်း၏ လုပ်ဖော်ကိုင်ဖက်များက Preventive Journalတွင် ရေးသားဖော်ပြသည်။

ဆီးချိုရောဂါကို ထိန်းချုပ်ရာတွင် အထောက်အကူရစေရန်နှင့် တုပ်ကွေးကာကွယ်ဆေးရယူရန် သတိပေးခြင်းများအထိ ကျန်းမာရေးအသိပညာပေးရန် မက်ဆေ့ခ်ျပေးပို့သတိပေးခြင်းကို စမ်းသပ်နေသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်သည်။ သို့သော် ယခင်က ရှုပ်ထွေးသော ရလဒ်များသာ ထွက်ပေါ်ခဲ့သည်။

ဆေးလိပ်သောက်သူများ၏ ၇၀ ရာခိုင်နှုန်းနီးပါးက ဆေးလိပ်ဖြတ်လိုကြောင်း ပြောကြားသော်လည်း ဆေးလိပ်ဖြတ်ရန် အနည်းဆုံးကြိုးစားမှု နှစ်ကြိမ်လိုအပ်သည်ဟု ရောဂါထိန်းချုပ်ရေးနှင့် အမျိုးသားကျန်းမာရေးအဖွဲ့၏ ပြောကြားချက်အရ သိရသည်။

စာရိုက်ပြီး မက်ဆေ့ခ်ျပေးပို့သော ၀န်ဆောင်မှု အသုံးပြုသူများသည် ၎င်းတို့ဆေးလိပ်ဖြတ်နိုင်မည့် ရက်စွဲဆီသို့ တွန်းအားပေးသော မက်ဆေ့ခ်ျများ လက်ခံရရှိကြပြီး ပထမဆုံးသီတင်းပတ်အတွင်း တစ်ရက်စီတွင် အထောက်အကူဖြစ်စေမည့် မက်ဆေ့ခ်ျများစွာ လက်ခံရရှိခဲ့ကြသည်။ နှစ်လခွဲကြာပြီးနောက် တစ်ပတ်တစ်ကြိမ်သာ မက်ဆေ့ခ်ျများ လက်ခံရရှိခဲ့ကြသည်။

ဆေးလိပ်သောက်သူများကို စမ်းသပ်မည့် အစီအစဉ်များ စတင်လိုက်ပြီးနောက် မစ္စစ်အက်ဘရွန်နှင့် ၎င်း၏အဖွဲ့က ပါဝင်သူများအားလုံးကို တစ်လ၊ သုံးလနှင့် ခြောက်လကြာ စစ်တမ်းကောက်ယူခဲ့ကြသည်။ ပြီးခဲ့သည့် ခုနစ်ရက်အတွင်း ဆေးလိပ်မသောက်သုံးခဲ့ဟု ခြောက်လအ ကြာတွင် ပြောကြားသူများကို တံတွေးနမူနာပေးခိုင်းပြီး နီကိုတင်းဒုတိယအဆင့်ဖြစ်သည့် ကိုတီနင်းဓာတ်ကို စစ်ဆေးခဲ့သည်။

ခြောက်လအထိ ဆေးလိပ်မသောက်ပါဟု ပြောကြားသော လေ့လာမှုနှစ်ရပ်လုံးတွင် ပါဝင်သူများ၏ အချိုးအစားအတွက် ၎င်းတို့အမှန်တကယ်ဆေးလိပ်မသောက်ခဲ့ကြောင်း ဓာတုဗေဒဆိုင်ရာ အတည်ပြု ချက်ရယူခြင်းက ရလဒ်များကို ပိုမိုခိုင်မာအားကောင်းစေခဲ့သည်ဟု လေ့လာရေးအဖွဲ့က ရေးသားဖော်ပြသည်။ ယင်းအစီအစဉ်၏ ရည်ရွယ်ချက်မှာ ဆေးလိပ်ဖြတ်လိုသူများအတွက် အကူအညီဖြစ်စေမည့် မည်သည့်နည်းလမ်းမဆို၊ နည်းလမ်းများ အားလုံးကို အသုံးပြုပြီးကူညီရန် ဖြစ်သည်ဟု မစ္စစ်အက်ဘရွန်က ပြောသည်။

ဆေးလိပ်ဖြတ်လိုသည့် စာရိုက်ပြီး မက်ဆေ့ခ်ျပေးပို့သော  ၀န်ဆောင်မှုအသုံးပြုသူများအနေဖြင့် ၎င်းတို့ ဆေးလိပ်ဖြတ်ခြင်းကို တစ်စုံတစ်ဦးက အမှန်တကယ် ဂရုစိုက်နေသည်ဟု ခံစားကြရပြီး ယင်းမက်ဆေ့ခ်ျမှာ ကွန်ပျူတာက လုပ်ဆောင်ပေးခြင်း ဖြစ်သည်ကို ၎င်းတို့သိထားသော်လည်း ဆေးလိပ်ဖြတ်ရန် တစ်စုံတစ်ဦးက ထောက်ခံပေးနေသည်ဆိုသော စိတ်ခံစားချက်မျိုး ပေးစွမ်းနိုင်သည်ဟု မစ္စစ်အက်ဘရွတ်က ထပ်လောင်း ပြောကြားသည်။        —Ref: Reuters
7day daily

ပါကစ္စတန်အမျိုးသမီးအဆိုတော်တစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ


နာမည်ကြီးအမျိုးသမီးအဆိုတော်တစ်ဦးအား အမည်မသိသေနတ်များ၏ ပစ်ခတ်မှုကြောင့် ပါကစ္စတန်မြောက်ပိုင်းမြို့တော် Peshawar တွင် သေဆုံး ခဲ့ပြီး အမျိုးသမီးအနုပညာ ရှင်များကို တိုက်ခိုက်မှုတွင် နောက်ဆုံး အကြိမ်ဖြစ်ကြောင်း အာဏာပိုင်များက ကြာသပတေးနေ့တွင် ပြောဆိုလိုက်သည်။

သေနတ်ဖြင့် အပစ်ခံရသည့် အဆိုတော်မှာ အနုပညာအမည် မူစကန် ဟု ခေါ်သည့် ဂူနာ (၃၈)နှစ်ဖြစ်ပြီး သေနတ်သမားလေးယောက်က သူမအိမ်အတွင်းသို့ ဗုဒ္ဓဟူးနေ့က ၀င်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ဆေးရုံ အရောက်တွင် ကွယ်လွန်သွားခဲ့သည်။

“ အဆိုတော် ဂူနာက သေနတ်ပစ်ခံရပြီး ကွယ်လွန်သွားပါတယ် ၊ ဂူနာက သုံးကြိမ်လက်ထပ်ခဲ့တယ်၊ ပြီးတော့ ပုဂ္ဂိုလ်ရေး ပြဿနာတွေလည်းရှိတယ်” ဟု ဒေသအပိုင်ရဲစခန်းအကြီးအကဲ Riazul Haq က အေဖက်ပီသို့ ပြောကြားသည်။

အမျိုးသမီးအဆိုတော်များအား တိုက်ခိုက်မှုမှာ ပါကစ္စတန်နိုင်ငံ၏ ရှေးရိုးစွဲ ၀ါဒီများကြီးစိုးရာ အနောက်မြောက်ပိုင်း ဖျော်ဖြေမှုများမှာ အစ္စလာမ်ကို ဆန့်ကျင်သည်ဟု ယူဆထားကြသော  Khyber-Pakhtunkhwa ပြည်နယ်တွင် ဖြစ်လေ့ဖြစ်ထရှိသော ကိစ္စတစ်ခုဖြစ်ပြီး ယင်းပြည်နယ်မှာ ဖျော်ဖြော်မှုများမှာ အစ္စလာမ်ဘာသာကို ဆန့်ကျင်သည်ဟု ယူဆကြသော နေရာတစ်ခုဖြစ်သည်။

လွန်ခဲ့သောနှစ် ဇွန်လက ငယ်ရွယ်သည့် အမျိုးသမီး သရုပ်ဆောင်တစ်ဦး အိပ်ပျော်နေစဉ်အတွင်း အက်ဆစ်ဖြင့်အပက်ခံခဲ့ရသည်။ ဘူရှရာ (၁၈)နှစ်သည် ရုပ်ရှင်၊ ရုပ်မြင်သံကြားနှင့် ပြဇာတ်တို့တွင် နာမည် ကျော်ကြားပြီး Islamabad မြောက်ပိုင်း မိုင် ၉၀ ခန့်အကွာ Nowshera မြို့ရှိ နေအိမ်တွင် တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်သည်။

ပါကစ္စတန် နာမည်ကြီးအဆိုတော် ဂါဇလာဂျာပက် (၂၄)နှစ်သည်လည်း လွန်ခဲ့သော နှစ်နှစ်ခန့်က အလှပြင်ဆိုင်သို့အသွားတွင် သေနတ်သမားများ ၏ ပစ်ခတ်မှုကြောင့် Peshawar တွင် သေဆုံးခဲ့ရသည်။

မျက်ရှင်

ကားနေရာရွှေ့ခိုင်းလို့ ယာဉ်ထိန်းရဲကို ဓါးနဲ့ခုတ်


ပြင်ဦးလွင်မြို့နယ် အမှတ်(၂) အထက်တန်းကျောင်း ရှေ့မှာ ဇွန်လ ၁၉ ရက်နေ့ က ကျောင်းဆင်းချိန် ယာဉ်နှစ်ထပ် ပိတ်ရပ် ထားလို့ တာဝန်ကျရဲက ယာဉ်မောင်းကို နေရာရွှေ့ပေးဖို့ ပြောတဲ့အခါ ယာဉ်မောင်းက ရဲကို ဓားနဲ့ ခုတ်ခဲ့တယ်လို့ ပြင်ဦးလွင်မြို့နယ် ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“ကားပိုင်ရှင်ကောင်လေးက အသက် ၁၉ နှစ်ပဲ ရှိသေးတယ်။ ယာဉ်ထိန်းရဲက ယာဉ်နှစ်ထပ် ရပ်ထားလို့ ကျောင်းဆင်းချိန်လည်း ဖြစ်နေတဲ့အတွက် ယာဉ်ကြောမကျပ်အောင် သွားဖြေရှင်းပေးတာကို ကားမောင်းတဲ့ ကောင်လေးက လမ်းဘေးမရပ်ပေးနိုင်ဘူး ဘာဖြစ်ချင်လဲပြော ဆိုပြီး ဓားနဲ့ထွက်ခုတ်တာ” လို့ ယာဉ်ထိန်းရဲတစ်ဦးက ဆိုပါတယ်။

အသက် ၁၉ နှစ်သာ ရှိသေးတဲ့ ယာဉ်မောင်းရဲ့ နာမည်က ဂုဏ်ဂျာအောင်ဖြစ်ပြီး သူ့ကို တာဝန်ဝတ္တရား နှောင့်ယှက်မှု ပုဒ်မ ၃၃၃၊ လက်နက် ကိုင်ဆောင်မှု ပုဒ်မ ၁၉ (င) တို့နဲ့ အမှုဖွင့် အရေးယူ ထားပါတယ်။ ဓားနဲ့ အခုတ်ခံရတဲ့ ယာဉ်ထိန်းရဲတပ်ကြပ် ဦးကျော်ကျော်ဟာ ဓားကို လက်ဝဲလက်နဲ့ တားဆီးခဲ့တာကြောင့် တစ်လက်မခန့် ပြတ်ရှဒဏ်ရာ ရခဲ့တယ်လို့ သိရပါတယ်။

မန္တလေးမြို့မှာပဲ ဇွန်လ ၁ ရက်နေ့ည ကလည်း ယာဉ်မတော်တဆမှုတစ်ခု ဖြစ်ပွားခဲ့ပြီး စည်းကမ်းချိုးဖောက်တဲ့ ဆိုင်ကယ်မောင်းနှင်သူကို တာဝန်ကျ ယာဉ်ထိန်းရဲက မေးမြန်းနေတုန်းမှာပဲ ယာဉ်ထိန်းရဲကို ဝိုင်းဝန်းထိုးနှက်ခဲ့တဲ့ ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ပါသေးတယ်။

The Voice Weekly

သိန်းနှစ်ရာဆီအာမခံနဲ့  လွတ်မြောက်လာတဲ့ သံဃာတော် ၅ ပါးထဲက အရှင်နန္ဒိယကို မေးမြန်းချက်


မဟာသန္တိသုခကျောင်းကနေ ဖမ်းဆီးခေါ်ဆောင်ခံရပြီး သံဃာတစ်ပါးကို ကျပ်ငွေ သိန်းနှစ်ရာဆီအာမခံနဲ့  ပြန်လည်လွတ်မြောက်လာတဲ့ သံဃာတော် ၅ ပါးထဲက အရှင်နန္ဒိယ ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော်ဆက်သွယ်မေးမြန်းထားပါတယ်။

အသံဖိုင်နားဆင်ရန်

ယောင်္ကျားဖြစ်သူ ကမ္ဘာ့ဖလား ဘောလုံးပွဲ ကြည့်ရန် အိမ်ပြန်လာရာ ဇနီးဖြစ်သူ ဖောက်ပြန်နေမူ ပက်ပင်းမိ


အသက် ၂၈ နှစ်အရွယ်ရှိသူ တွန်းလှည်းဈေးဆိုင်ဖြင့် အသုတ်မျိုးစုံရောင်းသူက ၃၂နှစ်
အရွယ် ဇနီးဖြစ်သူ ၁၉ နှစ်အရွယ် ဈေးဆိုင်အကူဖြစ်သူတို့ ၄င်းတို့ငှားရမ်းနေထိုင်သော
အိမ်ရှိ အခန်းတွင် နှစ်ဦးလုံးကိုယ်လုံးတီးအနေအထားဖြင့် ပက်ပင်းမိသဖြင့် ဓါးဖြင့်ခုတ်ခဲ့ကြောင်း သိရသည်။


ဖြစ်စဉ်မှာ ဗုဒ္ဓဟူးနေ့ နံနက် ၂ နာရီခန့်ကမလေးရှားနိုင်ငံ Kampung Langgar ရှိ တရားခံငှားရမ်းနေထိုင်သည့် အိမ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ၄င်းအိမ်သို့ လွန်ခဲ့သော တစ်ပတ်ခန့်ကမှ တရားခံနှင့်မိသားစု ပြောင်းရွှေ့လာခြင်းဖြစ်သည်။

တရားခံက ဈေးရောင်းချိန်ကို နံနက် ၃ နာရီ သို့မဟုတ် ၄ နာရီအချိန်အထိ ကမ္ဘာ့ဖလားပွဲ စတင်ချိန်မှ အချိန်တိုးမြှင့်ရောင်းချခဲ့သည်။ သို့သော်လည်း နံနက် ၃ နာရီတွင် စတင်မည့် ဘရာဇီးနှင့်မက်ဆီကို ဘောလုံးပွဲကို ကြည့်ရန်အတွက် အိမ်သို့ စောစောပြန်လာခဲ့ခြင်းဖြစ်သည်။

နှစ်ယောက်စလုံကို ဓါးနှင့်ထိုးပြီးနောက် တရားခံက နီးစပ်ရာ ရဲစခန်းတွင် သွားရောက်အဖမ်းခံခဲ့သည်။ တရားခံ၏ ဇနီးဖြစ်သူမှာ ဘယ်ဘက်ပေါင်တွင် ပြင်းထန်စွာ ပြတ်ရှဒဏ်ရာများ ရရှိခဲ့ပြီး ဆိုင်အကူမှာ ဘယ်ဘက်လက်တစ်ချောင်းလုံး နီးပါး အခုတ်ခံခဲ့ရကြောင်းသိရသည်။ ဓါးနှင့်အခုတ်ခံရသူနှစ်ဦးစလုံးမှာ Sultanah Bahiyah ဆေးရုံတွင် ကုသနေကြောင်းသိရသည်။

မျက်ရှင်

နော်ဝေးအိမ်ရှေ့မင်းသားရဲ့ ကြင်ရာတော်



မိန်းကလေးတိုင်းက စင်ဒရဲလားဖြစ်ချင်တဲ့ အိပ်မက်မျိုးကို မက်ဖူးကြမယ်ထင်ပါရဲ့။

မွဲပြာခြောက်သွေ့တဲ့ဘဝမှာ ချောမောလှပတဲ့မင်းသားတစ်ပါး ကိုယ့်အနားလျှောက်လာပြီး လက်လက်ထနေတဲ့ဖိနပ်တစ်ရံ ကမ်းပေးလိုက်ချိန် မှော်ဆရာရဲ့ကျိန်စာသင့်နေတဲ့ဘဝက ချက်ချင်းပဲ လင်းလက်လာခဲ့သလိုမျိုး….

အဲဒီလို စင်ဒရဲလားဖြစ်ချင်တဲ့မိန်းကလေးက လှပတဲ့ရုပ်ရည်၊ ကောင်းမွန်တဲ့စရိုက်လက္ခဏာရှိရတယ်၊ အရေးအကြီးဆုံးက ရှေးဘဝမှာ ဘာအကုသိုလ်မှမလုပ်ခဲ့ဘဲ ဒီဘဝမှာ ဖြူစင်တဲ့ပုလဲလေးတစ်လုံးလို မင်းသားရဲ့ရှာဖွေတွေ့ရှိမှုကို စောင့်ဆိုင်းနေရတယ်။

ဒါပေမယ့် ဒါတွေအားလုံးက နော်ဝေးအမျိုးသမီး Mette-Marit မှာ မရှိခဲ့တဲ့အရာတွေပါ။ Mette-Marit က ပြဿနာမိန်းကလေးတစ်ယောက်၊ Party ကြိုက်တဲ့ မိန်းကလေးတစ်ယောက်၊ အိမ်ထောင်မရှိတဲ့ ကလေးအမေတစ်ဦးဖြစ်တယ်။ သူ့ကလေးရဲ့ဖခင် (သူနဲ့မင်္ဂလာမဆောင်ဘဲ အတူနေသူ)က မကြာခဏ မူးယစ်ဆေးဝါးကြောင့် အဖမ်းခံရသူဖြစ်တယ်။ ဒီအချက်တွေအားလုံးက သူရဲ့စင်ဒရဲလားအိပ်မက်ကို ဖြိုဖျက်ပစ်နိုင်လောက်တဲ့ အချက်တွေဖြစ်တယ်။ အိမ်ရှေ့မင်းသားရဲ့ခြေလှမ်းကို ရပ်တန့်ပစ်နိုင်တဲ့ အချက်တွေဖြစ်တယ်။

ဒီအမျိုးသမီး Mette-Marit ရဲ့ဘဝက မွဲပြာခြောက်သွေ့လွန်းလို့ မည်းတောင်မည်းနေခဲ့ပါပြီ။

ရှေးဘဝကံက အခုဘဝကို ပြည့်စုံလှပစေသလား။ ဒါကို Mette-Maritမယုံခဲ့သလို နော်ဝေးအိမ်ရှေ့မင်းသား Haakonလည်း မယုံခဲ့ဘူး။ ဒါပေမယ့် နောက်တစ်ကြိမ် သူတို့ထပ်တွေ့ဆုံချိန်မှာ သူတို့ရဲ့အကြည့်က တစ်ယောက်နားတစ်ယောက်မခွာခဲ့ဘူးဆိုတာကို သူတို့သိလိုက်တယ်။ သူတို့လိုချင်တာက အချစ်ပါ၊ အာဏာ၊ မျိုးရိုးနဲ့လုံးဝမဆိုင်တဲ့ အချစ်ကိုပါ။ ဒါကြောင့် သူတို့ဟာ တစ်သားတည်း နှစ်ယောက်အတူ ခိုင်ခိုင်မာမာ လက်တွဲခဲ့ကြတယ်။

သူတို့ဟာ မျိုးရိုး၊ နောက်ခံ ဘာတစ်ခုမှမတူခဲ့ကြတဲ့ လူနှစ်ဦးဖြစ်ပေမယ့် သူတို့အချင်းချင်း ချစ်ခဲ့ကြပါပြီ။ ဒါကြောင့်လည်း နော်ဝေးရဲ့သတင်းစာပေါ်မှာ “ဒီလိုမတူညီတဲ့ပေါင်းစပ်မှုက မင်္ဂလာဆောင်ပြီဆိုတာထက် လူကို ပိုထူးဆန်းအံ့သြစေပါတယ်”လို့ ရေးသားခဲ့ပါတယ်။

Mette-Maritနဲ့ နော်ဝေးအိမ်ရှေ့မင်းသားHaakonတို့ရဲ့တွေ့ဆုံမှုက ရိုးရိုးလေးပါပဲ။

သာမန်စားသောက်ဆိုင်တစ်ခုမှာပါ။ မင်းသားHaakonချိန်းထားတဲ့မိတ်ဆွေ ရောက်မလာသေးပါဘူး။ ရွှေဝါရောင်ဆံနွှယ်နဲ့ အပြုံးချိုချို စားပွဲထိုးမလေးတစ်ဦးက ကော်ဖီပူပူတစ်ခွက်လာချပေးပြီး “ရှင့်ကို ကျွန်မတွေ့ဖူးတယ်”လို့ ဆိုပါတယ်။

မင်းသားHaakon ရယ်ပါတယ်။

စားပွဲထိုးမလေးက ဆက်ပြီး “လွန်ခဲ့တဲ့ ၃နှစ်က Kristiansand ဂီတပွဲတော်မှာ ကျွန်မနေထိုင်မကောင်းဖြစ်တော့ ရှင့်ကားနဲ့ အိမ်ပြန်ခဲ့တယ်….”

အော်.. သူကိုး… မင်းသားHaakon သတိရလာပါတယ်။ ဒီမိန်းကလေးကို သူမှတ်မိနေခဲ့ပါတယ်။ ဂုဏ်ရှိန်ထည်ဝါတဲ့ ဧည့်သည်တော်တွေကြားမှာ ဒီမိန်းကလေးက ရှန်ပိန်တွေပေးပို့လိုက် သုံးပြီးသားခွက်တွေကို သိမ်းလိုက်နဲ့ လူးလားခေါက်ပြန်နေခဲ့ပါတယ်။ သန့်စင်ခန်းသွားတဲ့ ကော်ရစ်တာမှာ မျက်နှာဖြူဖပ်ဖပ်ဖြစ်နေတဲ့ ဒီမိန်းကလေးကို သူတွေ့ခဲ့တယ်။ မိန်းကလေးကို သူထူပေးလိုက်တယ်။ နဖူးပေါ်မှာ ချွေးစေးတွေပြန်နေတဲ့ မိန်းကလေးကို လူကြီးမင်းဆန်ဆန် “ဘာဖြစ်တာလဲ”လို့ သူမေးလိုက်တယ်။ မိန်းကလေးက အားနာဟန်နဲ့ ခေါင်းမော့ပြီး “ရုတ်တရက် နေထိုင်မကောင်းဖြစ်လို့”လို့ ဖြေတယ်။

ဂီတပွဲကနေ သူလည်းခွာတော့မှာမို့ ကားဆရာကိုခေါ်ပြီး မိန်းကလေးကိုပါ တစ်ပါတည်းလိုက်ပို့ဖြစ်ခဲ့တယ်။

တစ်ခါပဲတွေ့ဆုံတဲ့တွေ့ဆုံမှုက ၃နှစ်ကျော်သွားခဲ့တယ်။

သူမျက်မှောင်ကြုတ်လိုက်တယ်။ မိန်းကလေးရဲ့နာမည်က Metteလို့ခေါ်တယ်ဆိုတာကို သွားသတိရလိုက်မိတယ်။

ကိုယ့်နာမည်ကို ခေါ်တဲ့အသံကြောင့် Mette ထအော်မိမတတ် ဝမ်းသာသွားခဲ့တယ်။

“ဘယ်လိုလုပ်ပြီး ကျွန်မနာမည်ကို မှတ်မိနေပါလိမ့်”

လွန်ခဲ့တဲ့ ၃နှစ်ညမှာ Mette အိမ်ပြန်ရောက်တာနဲ့ ကိုယ့်ကိုယ်ကိုနေထိုင်မကောင်းဖြစ်တာကို ခဏမေ့သွားပြီး သူ့ကိုအိမ်ပြန်ပို့သူဟာ အိမ်ရှေ့မင်းသားHaakon ဖြစ်ကြောင်း ဖခင်ကို ဝမ်းသာအားရပြောပြခဲ့တယ်။

ဖခင်က အနည်းငယ်ဖောင်းနေပြီဖြစ်တဲ့ သမီးရဲ့ဗိုက်ကိုကြည့်ပြီး သက်ပြင်းချခေါင်းခါပါတယ်။ မကြာခင် အိမ်ထောင်မရှိတဲ့ ကလေးအမေတစ်ဦးဖြစ်တော့မယ့် သမီးက ဘာကိုမှ စိုးရိမ်သောကရောက်မနေခဲ့ဘူး။ သူရဲ့အနာဂတ်လမ်း ဘယ်လိုဆက်လျှောက်မလဲ….

ဟုတ်ပါတယ်… အိမ်ရှေ့မင်းသားနဲ့ တစ်ကြိမ်သာဆုံခဲ့တဲ့ရေစက်က ဆိုးဝါးလှတဲ့ Metteရဲ့ဘဝကို ဘာတောက်ပြောင်မှုမှ မပေးခဲ့ပါဘူး။ အဲဒီကာလမှာပဲ သူဟာ Party Girl လုပ်ခဲ့တယ်။ မူးယစ်ဆေးစွဲနေတဲ့ ချစ်သူနဲ့ အတူနေခဲ့တယ်။ ကိုယ်ဝန်ရှိလာတော့ ချစ်သူစွန့်ပစ်တာကို ခံခဲ့ရတယ်။ သူဒီလောက် အားနည်းပျော့ညံ့နေတာတောင် စားပွဲထိုးလုပ်ပြီး ကလေးမွေးဖွားဖို့အတွက် ငွေရှာခဲ့တယ်။

ကြီးပြင်းခြင်းဆိုတာ ဗိုက်ထဲမှာ ကလေးရှိနေပြီဆိုတဲ့ အချိန်ကစတယ်ထင်ပါရဲ့…

၃နှစ်ကာလအတွင်းမှာ သား Matthew ကို သူကိုယ်တိုင်ထိန်းကျောင်း ကျွေးမွေးခဲ့တယ်။ တစ်ချိန်တည်းမှာပဲ Oslo တက္ကသိုလ်ကို တက်ရောက်ဖို့ သူစတင်ခဲ့တယ်။

နှစ်၊ လ၊ ရက်တွေရဲ့တိုက်စားမှုကို ခံခဲ့ပြီးတဲ့နောက်မှာ single motherဖြစ်တဲ့ Metteဟာ တစ်သားမွေး တစ်သွေးလှဆိုသလို ပိုဆွဲဆောင်နှစ်လိုဖွယ်ဖြစ်လာခဲ့တယ်။

အဲဒီညက အိမ်ရှေ့မင်းသားHaakonရဲ့ မိတ်ဆွေရောက်မလာခဲ့ဘူး။ Metteက Haakonကို အဖော်လုပ်ပြီး Kristiansand မြို့လေးရဲ့ စိတ်ဝင်စားစရာတွေကို ပြောဆိုခဲ့ပါတယ်။

စားသောက်ဆိုင်ကအပြန်မှာ နွေဦးရဲ့ပန်းတစ်ပွင့်လို လန်းဆန်းတဲ့မျက်နှာတစ်ခုက Haakonရဲ့ ခေါင်းထဲတဝဲဝဲ လည်နေခဲ့တော့တယ်။

နောက်တစ်နေ့မှာ စားသောက်ဆိုင်ရှေ့ Haakonရောက်လာခဲ့ပြီး Metteကို စောင့်ခဲ့တယ်။

“ခင်ဗျားနဲ့ ချိန်းတွေ့လို့ရမလား”လို့ က Haakonမေးတယ်။

“ရတယ်.. ဒါပေမယ့် ကိစ္စတချို့ကို ရှင်သိထားဖို့လိုတယ်”လို့ Mette ကဆိုတယ်။

အဲဒီနေ့က ကော်ဖီဆိုင်လေးတစ်ခုမှ Metteက Haakonကို သူ့ဘဝဇာတ်ကြောင်းတွေ ပြောပြနေခဲ့တယ်။ သူ ၁၁နှစ်အရွယ်မှာ မိဘတွေအိမ်ထောင်ကွဲတယ်။ ဘော်လီဘောကစားရတာကို သူနှစ်သက်တယ်၊ ကစားသမားဘဝကနေ နည်းပြဖြစ်တဲ့အထိ သူကစားခဲ့တယ်။ သူ တက္ကသိုလ်မတက်ခဲ့ဖူးဘူး။ Party Girl ဘဝနဲ့ နေ့ညပြောင်းပြန် သူရူးမိုက်ခဲ့ဖူးတယ်။ ဆေးသမားတစ်ယောက်နဲ့ အတူနေခဲ့ဖူးတယ်။ အိမ်ထောင်မကျဘဲ ကလေးတစ်ယောက် မွေးခဲ့တယ်…..

Haakonက Metteရဲ့ လက်ကိုဆွဲကိုင်ပြီး “ပြောသွားပြောလာလည်း အဲဒီ ပိုးထိုးတဲ့အကြောင်းတွေပဲလား”လို့ ပြောတယ်။

Metteရဲ့မျက်လုံးတွေ အရောင်မှိန်ကျသွားပြီး “ကျွန်မ ဘာတွေဖြစ်ပျက်ခဲ့ဖူးတယ်ဆိုတာကို ရှင်သိထားဖို့လိုတယ်။ ဒီလိုမှမဟုတ်ရင် ကျွန်မတို့ နစ်သထက်နစ်ပြီး ပြန်ရုန်းထွက်တဲ့အချိန်မှာ ရှင်ရော၊ ကျွန်မရော ပိုကြေကွဲထိခိုက်ကြလိမ့်မယ်”

အိမ်ရှေ့မင်းသား Haakonက ဒီသူ့မျက်စိရှေ့က မိန်းကလေးဟာ လှပရုံတင်မက အသိဉာဏ်လည်းရှိတယ်လို့ တွေးလိုက်တယ်။

“အရင်တုန်းက ခင်ဗျားဘာတွေဖြစ်ခဲ့ဖြစ်ခဲ့ ကျွန်တော်မမေးဘူး။ အနာဂတ်ကိုပဲ ခင်ဗျားနဲ့အတူ ကျွန်တော်လျှောက်လှမ်းချင်တယ်”

ဒါဟာ အကောင်းဆုံး မေတ္တာစကားတစ်ခွန်းပဲဖြစ်တယ်။ အဲဒီစကားကို Metteမျက်ရည်ဝိုင်းဝိုင်းလေးနဲ့ ရင်ထဲထည့်သိမ်းထားလိုက်တယ်။ တကယ်လို့ မင်းသားနဲ့သူတွေ့ဆုံချိန်မှာ သူသာ စက္ကူတစ်ရွက်လို ဖြူစင်နေခဲ့ရင် ဘယ်လောက်ကောင်းလိမ့်မလဲလို့ သူနောင်တမရခဲ့တော့ပါဘူး။

အတိတ်ကိုပြောင်းလဲလို့ မရနိုင်တော့ရင် အခုလက်ရှိကိုပဲ ပိုင်ပိုင်နိုင်နိုင်ဆုပ်ကိုင်ဖို့ ကြိုးစားရတော့မယ်။

ဆက်ပါဦးမယ်….
credit to : Nine Nine Sanay

ပလက်ဖောင်း (သို့မဟုတ်) ရွှေထက်တန်ဖိုးကြီးသော အရာ


မသိသူကျော်သွား၊ သိသူဖော်စား ဟူသော စကားရှိ၏။ ရောဂါတစ်ခုကြောင့် သေလုမြောပါး ခံစားနေရသော ဆင်းရဲသား၊ တောသားတစ်ဦးသည် သူလဲလျောင်းရာ တောင်ယာတဲအောက်၌ သူ့ရောဂါကို ပျောက်စေသော ဆေးဥ၊ ဆေးမြစ်ရှိမှန်း မသိရှာ။ မရှိတာထက် မသိတာခက်သည် ဆိုသော စကားကို သတိရသင့်၏။



စင်ကာပူ အပါအဝင် ဖွံ့ဖြိုးပြီးနိုင်ငံရှိ မြို့ကြီးများ၌ စားဝတ်နေရေး အဆင်ပြေကြသည်။ ချမ်းသာပါတယ်ဆိုမှ ငွေယိုပေါက်စိမ့်ပေါက်တွေကို ပိတ်ဆို့ပေးသော နည်းကောင်းလမ်းကောင်း များစွာကို အောင်မြင်စွာ ကျင့်သုံးနေကြပါသည်။

ပလက်ဖောင်းက ကျယ်ဝန်းသည်။ ပလက်ဖောင်း တစ်လျှောက်၌ ညီညာပြန့်ပြူး ပြေပြစ်သော အနေအထားကို ဖန်တီးပေးထားသည်။ ပလက်ဖောင်းနှင့် ကားလမ်းဆုံလျှင် အဖုအထစ် အနိမ့်အမြင့် မရှိအောင် ပြေပြေလေး ဆင်းသွားကာ၊ ပြေပြေလေး ပြန်တက်အောင် စီမံထားသည်။

ပလက်ဖောင်း တစ်လျှောက်တွင် ဘီးပါသော မည်သည့် တွန်းလှည်းမဆို တွန်းသွား၊ ဆွဲသွားနိုင်အောင် စီစဉ်ထားခြင်း ဖြစ်သည်။ သင်သည် ဝေးလံသော နေရာသို့ ပစ္စည်းပစ္စယများ သယ်ယူပို့ဆောင်လိုလျှင် ဆိုက်ကား သို့မဟုတ် Taxi ကို ငှားရမ်း အသုံးပြုရမည်။ သိပ်ပြီး ခရီးဝေး မဟုတ်လျှင်မူ ထိုပစ္စည်းကို တွန်းလှည်းပေါ်သို့ တင်ကာ ပလက်ဖောင်း တစ်လျှောက် တွန်းသွားနိုင်သည်။ လွယ်ကူသည်။ ထမ်းပိုးရလောက်အောင် မပင်ပန်းပါ။ ဆိုက်ကားခ၊ Taxi မကုန်ပါ။ ပလက်ဖောင်းက သင်၏ ငွေကို မယိုမစိမ့် မလေမလွင့်အောင် ကာကွယ်ပေးသွားခြင်း ဖြစ်သည်။

သက်ကြီးရွယ်အိုများ၊ ခြေလက်အင်္ဂါ ချို့တဲ့သော မသန်စွမ်းသူ များသည်လည်း ကိုယ့်အားကိုယ်ကိုးလျက် Wheel Chair (ဘီးတပ်ကုလားထိုင်) ဖြင့် ပလက်ဖောင်းတစ်လျှောက် သွားလာနိုင်ကြ၏။ အခြားသူတို့ကို အားကိုးနေစရာ၊ မှီခိုနေစရာမလို၊ အိမ်တွင်းအောင်း၍ စိတ်ဓာတ်ကျနေစရာလည်း မလိုပေ။ စရိတ်စက မကုန်ဘဲ လွတ်လပ်ပျော်ရွှင်စွာ သွားလာနိုင်ကြ၏။ ပလက်ဖောင်း၏ ကျေးဇူးကြောင့်ပင် ဖြစ်ပါသည်။

ကလေးသူငယ်များကို ချီပိုး၍ သွားလာခြင်းသည် ချီပိုးသူအတွက်လည်း ပင်ပန်းသည်။ ကလေးသူငယ်အဖို့လည်း မသက်သာ၊ မလွတ်လပ်။ ကလေးသူငယ်များအတွက် အထူးပြုလုပ်ထားသော တွန်းလှည်းအိမ်၌ ကလေးကို ထည့်ကာ ပလက်ဖောင်းတစ်လျှောက် သက်သာလွယ်ကူစွာ တွန်းသွားနိုင်သည်။ ဈေးဝယ်ခြင်း၊ စားသောက်ဆိုင်ထိုင်ခြင်း၊ ချိန်းတွေ့ခြင်းများ၌လည်း ကလေးကို ခေါ်သွားနိုင်သည်။ ကလေးက အိပ်လျက်ဖြစ်စေ၊ ဆော့လျက်ဖြစ်စေ၊ နို့ဘူးစို့လျက်ဖြစ်စေ ပါသွားသည်။ လွယ်ကူသော အဆင်ပြေသောနည်းကို ပလက်ဖောင်းက ပေးအပ်နေခြင်း ဖြစ်သည်။

ကားဆိုသည်မှာ ကုန်ပစ္စည်း တင်ဆောင်ဖို့နှင့် ခရီးသည်စီးနင်းဖို့ အန္တရာယ်ကင်းစွာ အသုံးပြုနိုင်သော စက်တပ်ယာဉ်ကို ဆိုလိုသည်။ စက်ပျက်နေသော ယာဉ်အစီး ၁၀၀ ထက် စက်ကောင်းနေသော ယာဉ်တစ်စီးက ပို၍ အသုံးဝင်ပါသည်။

ပလက်ဖောင်း ဆိုရာတွင်လည်း မည်ကာမတ္တ မဖြစ်စေရ။ သင့်လျော်သော အကျယ်အဝန်း ရှိရမည်။ ဈေးဆိုင်များနှင့် ပိတ်မနေစေသင့်။ မီးစက်များ၊ တယ်လီဖုန်းရုံများ၊ စာအုပ်ဆိုင်များဖြင့် ပိတ်မစေသင့်။ ဘီးသွားနိုင်သော ပြေပြစ်နိမ့်လျှောမှုများ ရှိရမည်။ လူနှစ်ဦးပင် ရှောင်မလွတ်သော ကျဉ်းမြောင်းမြောင်း မဖြစ်စေသင့်။

ဗိုလ်ချုပ်အောင်ဆန်း လမ်းပေါ်တွင် မူလက ၁၅ ပေကျော် ကျယ်ဝန်းသော ပလက်ဖောင်းကြီးများကို ချုံ့ပစ်လိုက်ရာ လေးပေကျော်သာ ကျယ်တော့၏။ ယခင်ပလက်ဖောင်း ဧရိယာတွင် ရှိနေသော သစ်ပင်ကြီးများ၊ ဓာတ်တိုင်များမှာ လမ်းဧရိယာထဲသို့ ဘွားဘွားကြီး ရောက်သွားသည်။ သစ်ပင်ကြီးများကို ဘေးမှ လှိုက်တူးထား၍ နည်းနည်းလောက် တွန်းလျှင်ပင် လဲတော့မည်။ အချို့အပင်များမှာ လေတိုက်သဖြင့် လဲပြိုကာ ကားနှင့် အဆောက်အအုံများ၊ လူများကို ထိခိုက်စေခဲ့သည်ဟု ကြားရ၏။ ဝမ်းနည်းဖွယ် ဖြစ်ပါသည်။

သစ်ပင်သစ်တောများကို မြတ်မြတ်နိုးနိုး ထိန်းသိမ်းနေကြချိန်တွင် အချို့နိုင်ငံများ၌ သစ်တောများ ဖျက်ဆီးနေကြ၏။ ပလက်ဖောင်းများကို ချဲ့၍ တွန်းလှည်းများ အသုံးပြုနိုင်အောင် လုပ်ရမည့်အစား ပလက်ဖောင်းများကို ဖျက်ဆီးနေကြသည်။ ခေတ်ကြီးက အမှောင်ခေတ်ထဲသို့ ပြန်ပြီး တိုးဝင်သွားပြီလားဟု တွေးစရာ။

ခြေကျင်လျှောက်သူတို့ကို ကားအန္တရာယ်မှ ကာကွယ်ပေးနေသော ပလက်ဖောင်းများကို တန်ဖိုးထားသင့်ပါသည်။ ကျယ်ဝန်းသော ပလက်ဖောင်းပေါ်တွင် လမ်းလျှောက်သူ၊ အပြေးကျင့်သူတို့သည် ကိုယ်လက်ကြံ့ခိုင်လျက် ကျန်းမာနေကြ၏။ ရွှေထက်တန်ဖိုးကြီးသော အရာတစ်ခုကို ပြပါဆိုလျှင် ပလက်ဖောင်းကို ပြရမည် မဟုတ်ပါလား။

ဝိသေသ

the Voice

ကျောက်ပန်းတောင်းမြို့နယ်တွင် တရုတ်ကုမ္ပဏီ ၀န်ထမ်းအချို့နှင့် ရွာသားများ ရုန်းရင်းဆန်ခတ်ဖြစ်


ကျောက်ပန်းတောင်းမြို့ နယ်တွင်  ဆက်သွယ်ရေးကေ ဘယ်ကြိုးဖြတ်သန်းရန် ယာမြေ တွင်မြေတူးစက်ဖြင့် တူးသည့် တရုတ်ကုမ္ပဏီ ၀န်ထမ်းအချို့နှင့် ဒေသခံအချို့ ရုန်းရင်းဆန် ခတ်ဖြစ်ခဲ့သောကြောင့် အုပ်ချုပ်ရေးတာဝန် ရှိသူများ ၀င်ရောက်ညှိနှိုင်းပေးခဲ့ရကြောင်း သတင်းရရှိသည်။

ကျောက်ပန်းတောင်းမြို့နှင့် ခုနစ်မိုင်ခန့်ဝေးသည့် ဘိုစုကျေး ရွာအနီးတွင် ဇွန်လ ၂၀ ရက် ညနေက ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ဖြစ်စဉ်အသေးစိတ်မှာ ဆက်သွယ်ရေးတာဝါတိုင်မြေအောက်ကေဘယ်ကြိုးသွယ်တန်းသည့် ကုမ္ပဏီတစ်ခုက ဒေသခံယာပိုင်ရှင်များအား အကြောင်းမကြားဘဲ တရုတ်လူမျိုးလေးဦးမောင်းသည့် မြေတူးစက် လေးစီးဖြင့် ယာမြေများကိုတူး၍ သစ်ပင်ကြီးအချို့ လည်း ပျက်စီးသွားသောကြောင့် ယာပိုင်ရှင်များနှင့် ထိပ်တိုက်တွေ့ခဲ့ခြင်းဖြစ်သည်။

အဆိုပါဖြစ်စဉ်ကို မြို့နယ် ဆောက်လုပ်ရေးဌာန၊ ထွေ/အုပ်ရုံးတာဝန်ရှိသူများနှင့် လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဇော် မြင့်မောင်၏ တာဝန်ခံတို့က ၀င် ရောက်ညှိနှိုင်းပေးခဲ့ရကြောင်း သတင်းရရှိသည်။

‘‘အခုတော့ ကားတွေရော၊ လူတွေရောပြန်သွားပြီ။ ရွာသား တွေကို အသိမပေးဘဲ ယာမြေ တွေကို ၀င်တူးလို့ တားကြဆီးကြ တာ။ လာတူးတဲ့ တရုတ်တွေက မြန်မာစကားမပြောတတ်တော့ ပိုဆိုးကုန်တာပေါ့။ မြန်မာစကား ပြောတတ်တဲ့ညှိနှိုင်းရေးမှူးဆို တာက နောက်မှရောက်လာတာ’’ ဟု ပြဿနာကို ညှိနှိုင်းပေးရန်ဒေါက်တာဇော်မြင့်မောင် စေလွှတ်ထားသည့် ဦးအေးခိုင်က ပြောသည်။

ကျေးရွာမှ ပိုင်ဆိုင်သော ယာမြေများပေါ်တွင် မြေတူးစက် ဖြင့် ၀င်တူးသော ကုမ္ပဏီမှာ Myanmar Fiber Obtic Comm-unication Network Company ဖြစ်ပြီး ဇွန်လ ၁၈ ရက်မှစတင်ကာမြေတူးကားလေးစီးဖြင့် ၀င်တူးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံ ကိုထွန်းကျော်သူကပြောသည်။

‘‘၁၈ ရက်နေ့က တူးလို့ဝိုင်း တားကြတယ်။ ရွာက ဘုန်းကြီး ကျောင်းထဲမှာ ခေါ်ပြီး လျော်ကြေး ပေးဖို့ညှိတော့ အဆင်မပြေဘူး။ ၁၉ ရက်နေ့မှာ ရပ်ထားပြီး ဒီနေ့ မှာ ထပ်တူးကြတာ။ ရွာသား အယောက် ငါးဆယ်လောက်က ၀ိုင်းတားကြလို့ အခုတော့ မြေတူး စက်တွေပါ ပြန်သိမ်းသွားပြီ’’ဟု ကိုထွန်းကျော်သူက ဇွန်လ ၂၀ ရက်ညနေတွင် ပြောသည်။

ဒေသခံသုံးဦးပိုင်ဆိုင်သည့် ယာမြေများအတွင်း အကျယ် နှစ် ပေခန့်နှင့် အနက်ငါးပေခန့်ရှိသော မြောင်းတူးထားပြီးဖြစ်ကာ အဆို ပါမြေများပေါ်တွင်  စိုက်ထား သည့် သီးနှံအထွက်နှုန်း၏ တန် ဖိုးသုံးဆကို တောင်းဆိုထားပြီး ပြေလည်မှုမရသေးကြောင်း ယာ ခင်းပိုင်ရှင်အသက် (၈၅) နှစ်အ ရွယ်ဒေါ်အုန်းတင်ကပြောသည်။

‘‘ပိန္နဲပင်ကြီးလည်းကျိုးကြေကုန်ပြီ။ တူးသွားတဲ့မြေတွေက ၂ နှစ်လည်း ပြန်စိုက်လို့မရတော့ ဘူး။ သုံးနှစ်လည်း ပြန်စိုက်လို့မရ နိုင်တော့ဘူး။ တစ်ခါတည်း မြေ လှန်သွားတာ။ နှမ်းတွေလည်း ပျိုးထားတာကုန်ပြီ။ အမေ့ယာကို ဘယ်သူမှ အထိခံတာမဟုတ်ဘူး။  မပြောဘဲနဲ့ ၀င်တူးတာကြောင့် ပို ဆိုးတယ်’’ဟု ဒေါ်အုန်းတင်က ပြောသည်။

  ကျေးရွာဒေသခံများနှင့် တရုတ်လူမျိုးများ ထိပ်တိုက်တွေ့ ဆုံမှုဖြစ်ပွားသော  ယာမြေများ သည် ကျောက်ပန်းတောင်းမြို့နယ် ပိုင် ဘုံစု၊ ရွာအို၊ ရွာသစ်၊ ရွာ တန်းရှည်နှင့် တံငါ့ရွာတို့ စုပေါင်း ပိုင်ဆိုင်သော ယာမြေများဖြစ်ပြီး  ပြဿနာဆက်လက်မဖြစ်ပွားစေရန် မြေတူးခြင်းလုပ်ငန်းများ ရပ်ဆိုင်းခိုင်းထားကြောင်း တံငါ့  ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးကျော်လွင်ကပြောသည်။

  ဖြစ်ပွားသောပြဿနာကို ကုမ္ပဏီဘက်မှ ကြားဝင်ညှိနှိုင်း ရာတွင် ပါဝင်ခဲ့သည့် ကုမ္ပဏီဝန် ထမ်းတစ်ဦးကို ဆက်သွယ်မေးမြန်းခဲ့ရာ လက်ရှိအခြေအနေတွင် ရှင်းပြနိုင်ခြင်းမရှိသေးဘဲ အဆင်ပြေအောင် ညှိနှိုင်းပြီးမှသာ အသေးစိတ်ပြောပြနိုင်မည်ဖြစ်ကြောင်း အကြောင်းပြန်သည်။

7 Day News Daily

၁၉၈၂ ဥပဒေအရ နိုင်ငံသားဖြစ်ခွင့် လျှောက်ထားသော ဘင်္ဂါလီဦးရေ ၃၆၈ ဦးရှိ


ရခိုင်ပြည်နယ်တွင် ၁၉၈၂ ခုနှစ် ဥပဒေ အရ မြန်မာ နိုင်ငံသားဖြစ်ခွင့် လျှောက်ထား သူ ဘင်္ဂါလီဦးရေ ၃၆၈ ဦးရှိကြောင်း လူဝင် မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာ နမှ သတင်းရ ရှိသည်။

၁၉၈၂ နိုင်ငံသားဖြစ်ခွင့် ဥပ ဒေအရ မြေပုံမြို့နယ်တွင် ဇွန်လ ၁၅ ရက်မှစ၍ ရှေ့ပြေးစီမံကိန်း ဧရိယာအဖြစ် သတ်မှတ်ပြီး ဘင်္ဂါ လီလူမျိုးများကို နိုင်ငံသားစိစစ် ရေး ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
၁၉၈၂ မြန်မာနိုင်ငံသားဖြစ် ခွင့်ဥပဒေအရ စည်းကမ်းချက်များ နှင့် ကိုက်ညီသူများ၏ လျှောက် လွှာများကို လက်ခံထားပြီး အဆို ပါလျှောက်လွှာများကို မြို့နယ်၊ ပြည်နယ်နှင့် ဗဟိုအဆင့်က အ ဆင့်ဆင့် စိစစ်ဆုံးဖြတ်သွားမည် ဟု သတင်းရရှိသည်။

ဗဟိုအဆင့်တွင် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာနမှ ၀န်ကြီး၊ ဒုတိယ၀န် ကြီးတို့က ဦးဆောင်ပြီး အခြား ပြည်ထဲရေးဝန်ကြီးဌာန၊ ကာကွယ် ရေးဝန်ကြီးဌာနနှင့် နိုင်ငံခြားရေး ၀န်ကြီးဌာနတို့က အကဲဖြတ်မည် ဟု သတင်းရရှိသည်။

လက်ရှိ အခြေအနေအရ ၁၉၈၂ နိုင်ငံသားဖြစ်ခွင့် ဥပဒေကို ရခိုင်ပြည်နယ်အတွင်းရှိ မြေပုံမြို့နယ်တစ်မြို့နယ်တည်းတွင်သာ စတင်ခြင်းဖြစ်ပြီး အခြား မြို့နယ်များတွင် လုပ်ဆောင်ရန် ရှိ၊ မရှိ မပြောနိုင်သေးကြောင်း လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆက်လက်ပြောသည်။

ပြည်လုံးကျွတ်လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရာတွင် ရခိုင်ပြည်နယ်အတွင်းရှိ ဘင်္ဂါလီများကရိုဟင်ဂျာလူမျိုး အမည်ထည့်သွင်းမှ ကောက်ယူခံမည်ဟု တောင်းဆိုခြင်းကြောင့် ၎င်းတို့နေထိုင်သည့် နေ ရာများတွင် အပြည့်အ၀ ကောက်ယူခွင့် မရှိခဲ့ချေ။

ထို့အပြင် ၂၀၁၃ ခုနှစ် ဧပြီ လတွင် စစ်တွေမြို့အတွင်းရှိ လူ ဦးရေစာရင်း ကောက်ယူရေး လုပ် ငန်း (ဆွဲတင်စစ်)ကို အကောင်အ ထည်ဖော်ခဲ့သော်လည်း ဘင်္ဂါလီ လူမျိုးများအကြမ်းဖက်ကန့်ကွက် မှုကြောင့် လုပ်ငန်းရပ်ဆိုင်းခဲ့ သည်။

7Day News Daily

ကြည်လင်းအမှု တရားရုံးတွင်သာ ရုပ်သိမ်းနိုင်


ရန်ကုန်ယူနိုက်တက်အ သင်းမှ လက်ရွေးစင် ဘောလုံး သမားကြည်လင်းကို တိုင်ကြား ထားသည့်အမှုမှာ တရားရုံးတွင် သာ အမှုကျေအေးရုပ်သိမ်းနိုင် ကြောင်း ကမာရွတ်မြို့နယ်ရဲစခန်း မှ တာဝန်ရှိသူတစ်ဦးက ပြော ကြားသည်။
မြန်မာ့လက်ရွေးစင် ဘောလုံးသမားကြည်လင်းကို ၎င်း၏ ဇနီး၏အုပ်ထိန်းသူများက နားလည် မှုလွဲကာ လက်ထပ်ပွဲမတိုင်မီ သုံး ရက်အလို  ဇွန်လ ၁၆ ရက်က ကမာရွတ်မြို့နယ် ရဲစခန်းတွင် ပြစ်မှုဆိုင်ရာ ပုဒ်မ-၃၆၆ အရ  အရွယ်မရောက်သေးသူအား ခိုး ယူလက်ထပ်ခြင်းဖြင့် အမှုဖွင့်တိုင် ကြားခဲ့ခြင်း ဖြစ်သည်။ သို့သော် ဇွန်လ ၁၉ ရက် ညနေ ၄ နာရီခွဲ ၌ ဘောလုံးသမား ကြည်လင်းမှာ ၎င်း၏ချစ်သူအဆိုပါ မိန်းကလေးနှင့် နှစ်ဖက်မိဘရှေ့တွင် တရားဝင်  ထိမ်းမြားလက်ထပ်ယူခဲ့သည်။

‘‘ကိုကြည်လင်း ဖွင့်ခံရတဲ့အ မှုက စခန်းမှာ အမှုပိတ်လို့ မရ ဘူး။ တရားရုံးရောက်မှ နှစ်ဖက် ကျေအေးလို့ရမှာ ကျွန်တော်တို့ ကတော့ တရားရုံးတင်ရမှာ’’ ဟု ကမာရွတ်မြို့နယ်ရဲစခန်းမှ တာ ၀န်ရှိသူတစ်ဦးက ပြောသည်။

‘‘ရဲစခန်းမှာ ဖွင့်တဲ့ အမှုအား လုံး စခန်းမှာ ပိတ်လို့မရဘူး။ တရားရုံးမှာပဲ ကျေအေးရင် ကျေ အေး၊ ပိတ်ချင်ရင် ပိတ်သိမ်းလို့ ရမယ်’’ ဟု အထက်တန်းရှေ့နေ ဦးခင်ဇော်(မရမ်းကုန်း)က ပြော ကြားသည်။

ဇွန်လ ၇ ရက်တွင် ကမာရွတ် မြို့နယ်အတွင်းရှိ ဟိုတယ်တစ်ခု သို့ ၎င်း၏ချစ်သူ မိန်းကလေးကို ခေါ်ဆောင်သွားခဲ့ရာမှ အုပ်ထိန်း သူများက နားလည်မှု လွဲမှားပြီး အမှုဖွင့် တိုင်ကြားခဲ့ခြင်းဖြစ် ကြောင်း သတင်းရရှိသည်။

7day

ဖမ်းဆီးခံ သံဃာငါးပါးအတွက် သရုပ်ဆောင်သုံးဦးအပါအဝင် လူပုဂ္ဂိုလ်ဆယ်ဦးက အာမခံ သိန်း၁၀၀၀ပေးခဲ့


 သာသနာတော် ညှိနွမ်းစေသည့် ပုဒ်မ များဖြင့် စွဲဆိုကာ လူဝတ်လဲပြီး ဖမ်ဆီးခံရ သည့် လန်ဒန်ဆရာတော် အပါအဝင်သံ ဃာငါးပါးလွှတ်မြောက်ရေးကို သရုပ်ဆောင် များဖြစ်သည့် ခင်သန်းနွယ်၊ လှလှမိုး၊ မိုးမင်းအပါအဝင် လူပုဂ္ဂိုလ်၁၀ဦးက ဇွန်လ ၂၀ရက်က တာမွေမြို့နယ် တရားရုံးတွင် အာမခံငွေ ကျပ် သိန်း၁၀၀၀ပေးခဲ့ခြင်း ဖြစ်သည်ဟု ဒါရိုက်တာ ကြည်ဖြူသျှင်က ပြောသည်။

သံဃာများဘက်က အမှုလိုက်ပါ ဆောင်ရွက်ပေးခဲ့သည့် တရားလွှတ်တော်ရှေ့နေ ဦးအေးကိုကလည်း “သံဃာတော်တွေကို လူပုဂ္ဂိုလ်တွေ အနေနဲ့ တရားစွဲထားတာဖြစ်လို့ ဆရာတော်တွေက အာမခံပေးလို့မရပါဘူး၊ လူပုဂ္ဂိုလ်တွေကပဲ အာမခံ လိုက်လို့ရတယ်။ သံဃာတော် တစ်ပါးကို ပုဒ်မနှစ်ခုစီနဲ့ တရားစွဲဆိုထားတာဖြစ်လို့ သံဃာတပါးကို ကျပ်သိန်းနှစ်ရာစီ အာမခံလိုက်ပေးရတယ်၊ လူပုဂ္ဂိုလ်၁၀ဦးက ပိုင်ဆိုင်မှုတွေပြပြီး တစ်ဦးကို သိန်းတရာဖြင့် အာမခံလိုက်ပေးခဲ့တာပါ၊ သံဃာငါးပါးဆိုတော့ သိန်းတထောင်အာမခံထားခဲ့ရတယ်” ဟု
ပြောသည်။

ဆရာတော်ငါးပါးကို သာသနာတော် ညှိုးနွမ်းစေသည့် ပုဒ်မများဖြစ်သည့် သံဃာဝိနိစ္ဆယ ပုဒ်မ ၁၄၊ ပုဒ်မ ၂၉၅တို့ဖြင့် အရေးယူထားခြင်းဖြစ်ပြီး ပုဒ်မ တစ်ခုကို သိန်း၁၀၀ဖြင့် တစ်ပါး သိန်း၂၀၀ အာမခံ ပေးရခြင်း ဖြစ်သည်။

လန်ဒန်ဆရာတော်ဦးဥတ္တရက “ဘယ်သူ့က အမိန့်ချခိုင်းသလဲ၊ မဟနက တာဝန်ရှိတယ်ဆိုရင်လည်း တာဝန်ယူပြီး ဖြေရှင်းပေါ့၊ သာသနာကိုညှိုးနွမ်းအောင်မလုပ်ခဲ့ဘူး၊ ဘုန်းကြီးကို အထင်သေးအောင် ပြောတဲ့သူ အခြေအမြစ်မရှိဘဲပြောတဲ့သူသာ သာသနာကို ညှိုးနွမ်းအောင်လုပ်တာဖြစ်တယ် ”ဟု တရားရုံးချိန်းအပြီး မီဒီယာများကို မိန့်ကြားသည်။

အာမခံ ရရှိခဲ့၍ ဇွန်လ ၂၀ရက် ညနေပိုင်းတွင် တာမွေမြို့နယ် သုံးထပ်ကျောင်း၌ သိက္ခာတော် ပြန်ထပ်ကာ သင်္ကန်းစီးခဲ့ပြီး ထိုကျောင်း၌ပင် သီတင်းသုံးမည်ဖြစ်သည်။ ဆရာတော်ငါးပါးမှာ သင်္ကန်းဝတ်ဖြင့် ဆက်လက်တရားရင်ဆိုင်ရမည်ဖြစ်ပြီး ဇွန်လ ၂၇ရက်တွင် တာမွေ တရားရုံးတွင် ပြန်လည် တရားရင်ဆိုင်ရမည် ဖြစ်သည်။

သံဃာငါးပါးကို ဇွန်လ ၂၀ရက် နံနက် အင်းစိန်အကျဉ်းထောင်မှ လူဝတ်ဖြင့် ရုံးထုတ်လာပြီး တာမွေတရားရုံး တွင် နံနက် ၁၀နာရီမှ ညနေ၄နာရီအထိ စစ်ဆေးခဲ့သည်။

တရားရုံးသို့ ရွှေညဝါဆရာတော်၊ ဦးဝီရသူ၊ မကွေးကျောင်းတိုက်ဆရာတော် ဦးပါမောက္ခတို့နှင့် တာမွေမြို့နယ်၊ သင်္ကန်းကျွန်းမြို့နယ်၊ သန်လျင်မြို့နယ်အတွင်းရှိ ကျောင်းတိုက်များမှ ဆရာတော်များလည်း ကြွလာပြီး သက်သေအဖြစ် လိုက်ပါ ဆောင်ရွက်ခဲ့သည်။

မြန်မာနိုင်ငံတွင် အကျဉ်းထောင်၊ ဆေးရုံများထဲတွင် ဗုဒ္ဓတရားတော်များ ဟောပြောခြင်း၊ တရားပြခြင်းတို့ ဆောင်ရွက်ရန် သမ္မတ၊ ၀န်ကြီးများနှင့် သဘောတူညီမှုရထားပြီးဖြစ်၍ မြန်မာပြည်သို့ ခေတ္တပြန်လာခြင်းဖြစ်သော်လည်း လက်ရှိတွင် အဆိုပါလုပ်ငန်းများကို ရပ်ဆိုင်းထားမည်ဟု လန်ဒန်
ဆရာတော် ဦးဥတ္တရက မိန့်သည်။

မဟာသန္တိသုခကျောင်းတိုက် ပိုဆိုင်မှုအပေါ် လန်ဒန်ဆရာတော်ဦးဥတ္တရက “ဘုန်းကြီးက နိုင်ငံခြားသားလည်းဖြစ်လို့ တို့ပိုင်တာလည်းမဟုတ်ဘူး၊ ပီနန်ဆရာတော်ကြီးရဲ့သဘောပါပဲ" ဟုမိန့်ကြားသည်။

လန်ဒန် ဆရာတော် ဦးဥက္ကရ အပါအဝင် သံဃာငါးပါး တာမွေတရားရုံးတွင် တရားရင်ဆိုင်နေချိန်တွင် ဆရာတော်များ ပြန်လည် လွတ်မြောက်ရေးအတွက် လူ ၃၀၀ခန့်က တရားရုံးအပြင်မှ ကြွေးကြော်သံများဖြင့် တောင်းဆိုခဲ့သေးသည်။

Mizzima News Daily

ရဲက အဓမ္မပြုကျင့်သည်ကို ၀င်ကယ်ခဲ့သည့် ဆိုင်ကယ်ကယ်ရီ မောင်းသူ ငါးဦး အမှုမပြီးသေး


အမျိုးသမီးငယ်တစ်ဦးကိုရဲတပ်ဖွဲ့ဝင်က အဓမ္မပြုကျင့်နေ၍၀င်ကယ်ရာမှ ရဲကင်းများ ပျက် စီးသည်ဟူသော စွပ်စွဲချက်ဖြင့် အမှုရင် ဆိုင်နေရသည့် ဆိုင်ကယ် ကယ်ရီမောင်းသူ ငါးဦးအနက် နှစ်ဦးကိုဇွန်လ ၁၉ ရက်က တရား ရုံး၌ အမှုစစ်ဆေးပြီးဖြစ်ကြောင်း ယင်းအမှုကို ဆောင်ရွက်ပေးနေသူ တရားလွှတ်တော်ရှေ့နေ ဦးသူရိန်ထွန်းက ပြောသည်။


ပြီးခဲ့သည့်နှစ် သြဂုတ်လက ရွှေပြည်သာတံတားပေါ်တွင် မိန်း ကလေးငယ်တစ်ဦးကို တာဝန်ကျ ဒုရဲတပ်ကြပ်က သားမယားအဖြစ် အဓမ္မပြုကျင့်နေစဉ် ဆိုင်ကယ် ကယ်ရီမောင်းသူငါးဦးက ၀င် ရောက်ကယ်တင်ခဲ့သည်။

တံတားပေါ်ရှိ တာဝန်ကျရဲတပ်ဖွဲ့ဝင်သုံးဦးနှင့် ဆိုင်ကယ် ကယ်ရီမောင်းသူငါးဦးတို့ ခိုက် ရန် ဖြစ်ပွားရာ ရဲကင်းထိခိုက်ပျက်စီးခဲ့၍ ပြည်သူပိုင်ပစ္စည်း ဖျက်ဆီးမှုနှင့် တာဝန်နှောင့်ယှက်မှုဖြင့် အမှုဖွင့် တရားစွဲဆိုခံရခြင်းဖြစ်သည်။

‘‘ဒီနေ့ရုံးချိန်းမှာ စွပ်စွဲခံထား ရတဲ့ ငါးယောက်ကို တရားခွင်မှာ စစ်ဆေးတယ်။ အထဲက နှစ် ယောက်ကိုတော့ စစ်ဆေးလို့ပြီး သွားပြီ။ ကျန်သုံးယောက်က အ ချိန်မရလို့ နောက်တစ်ခါ ရုံးချိန်း မှာ စစ်ဆေးမယ်။ အခုစစ်ဆေးပြီး တဲ့ နှစ်ယောက်မှာ တစ်ယောက် ကတော့ အဓိကစစ်ဆေးပြီးပြီ ပြန် လည်စစ်ဆေးခြင်းပဲ ကျန်တော့ တယ်။ ငါးဦးစလုံးစစ်ဆေးလို့ပြီးမှ အမိန့်ချလို့ရမယ်’’ ဟု စွပ်စွဲခံထား ရသော ဆိုင်ကယ်ကယ်ရီမောင်း သူ ငါးဦးဘက်မှ တရားလွှတ် တော်ရှေ့နေ ဦးသူရိန်ထွန်းက ပြောသည်။

ဆိုင်ကယ် ကယ်ရီ မောင်းသူ များကို ရုံးတင် စစ်ဆေးခဲ့သည့် ရုံးချိန်းအရေအတွက်မှာ အကြိမ် ပေါင်း ၃၀ ကျော်ရှိပြီး ၎င်းငါးဦး မှာ အင်းစိန်ထောင်တွင် ၁၀ လ ကျော်ကြာ ဖမ်းချုပ်ခံထားရသည်။

 ‘‘အခု မတရားအနိုင်ကျင့် စွပ်စွဲခံနေရတော့ အမြန်ဆုံးလွတ် စေချင်တယ်။ သူက အိမ်ထောင် ဦးစီးဆိုတော့ အစ်မတို့မှာ ဒုက္ခ အရမ်းရောက်ပါတယ်။ တရားလို ရော၊ သက်သေရောက ရဲဆိုတော့ ပြည်သူတွေဘယ်လောက် ဒုက္ခ ရောက်မလဲဆိုတာ စဉ်းစားသာ ကြည့်ပါ။ အမှန်တရားဖြစ်စေချင် တယ်။ မုဒိမ်းမှုကြီး ပေါ်နေလို့ သားသမီးချင်း ကိုယ်ချင်းစာလို့ ၀င်ကယ်တဲ့ သူတွေ မတရားစွပ်စွဲ ခံနေရတာပါ’’ ဟု စွပ်စွဲခံထားရ သူ စစ်ပြန်ကြီး (ခ) ဦးသောင်း ထွန်း၏ ဇနီး ဒေါ်ခင်လေးနွယ်က ပြောသည်။

ယင်းအမှုတွင် အမျိုးသမီးငယ် ကို အဓမ္မပြုကျင့်ခဲ့သည့် ရဲဒုတပ် ကြပ်ကို ဇွန်လ ၃ ရက်က ထောင် ဒဏ် လေးနှစ် ချမှတ်ခဲ့ပြီး ရဲစည်း ကမ်းဥပဒေအရ ထောင်တစ်နှစ် နှင့်  အခြားရဲဝန်ထမ်းနှစ်ဦးကို ထောင်ခြောက်လစီ ချမှတ်ခဲ့သည်။

7 Day News Daily