ပလက်ဖောင်း (သို့မဟုတ်) ရွှေထက်တန်ဖိုးကြီးသော အရာ

ပို့စ်တင်ချိန် - 6/21/2014 06:27:00 PM


မသိသူကျော်သွား၊ သိသူဖော်စား ဟူသော စကားရှိ၏။ ရောဂါတစ်ခုကြောင့် သေလုမြောပါး ခံစားနေရသော ဆင်းရဲသား၊ တောသားတစ်ဦးသည် သူလဲလျောင်းရာ တောင်ယာတဲအောက်၌ သူ့ရောဂါကို ပျောက်စေသော ဆေးဥ၊ ဆေးမြစ်ရှိမှန်း မသိရှာ။ မရှိတာထက် မသိတာခက်သည် ဆိုသော စကားကို သတိရသင့်၏။



စင်ကာပူ အပါအဝင် ဖွံ့ဖြိုးပြီးနိုင်ငံရှိ မြို့ကြီးများ၌ စားဝတ်နေရေး အဆင်ပြေကြသည်။ ချမ်းသာပါတယ်ဆိုမှ ငွေယိုပေါက်စိမ့်ပေါက်တွေကို ပိတ်ဆို့ပေးသော နည်းကောင်းလမ်းကောင်း များစွာကို အောင်မြင်စွာ ကျင့်သုံးနေကြပါသည်။

ပလက်ဖောင်းက ကျယ်ဝန်းသည်။ ပလက်ဖောင်း တစ်လျှောက်၌ ညီညာပြန့်ပြူး ပြေပြစ်သော အနေအထားကို ဖန်တီးပေးထားသည်။ ပလက်ဖောင်းနှင့် ကားလမ်းဆုံလျှင် အဖုအထစ် အနိမ့်အမြင့် မရှိအောင် ပြေပြေလေး ဆင်းသွားကာ၊ ပြေပြေလေး ပြန်တက်အောင် စီမံထားသည်။

ပလက်ဖောင်း တစ်လျှောက်တွင် ဘီးပါသော မည်သည့် တွန်းလှည်းမဆို တွန်းသွား၊ ဆွဲသွားနိုင်အောင် စီစဉ်ထားခြင်း ဖြစ်သည်။ သင်သည် ဝေးလံသော နေရာသို့ ပစ္စည်းပစ္စယများ သယ်ယူပို့ဆောင်လိုလျှင် ဆိုက်ကား သို့မဟုတ် Taxi ကို ငှားရမ်း အသုံးပြုရမည်။ သိပ်ပြီး ခရီးဝေး မဟုတ်လျှင်မူ ထိုပစ္စည်းကို တွန်းလှည်းပေါ်သို့ တင်ကာ ပလက်ဖောင်း တစ်လျှောက် တွန်းသွားနိုင်သည်။ လွယ်ကူသည်။ ထမ်းပိုးရလောက်အောင် မပင်ပန်းပါ။ ဆိုက်ကားခ၊ Taxi မကုန်ပါ။ ပလက်ဖောင်းက သင်၏ ငွေကို မယိုမစိမ့် မလေမလွင့်အောင် ကာကွယ်ပေးသွားခြင်း ဖြစ်သည်။

သက်ကြီးရွယ်အိုများ၊ ခြေလက်အင်္ဂါ ချို့တဲ့သော မသန်စွမ်းသူ များသည်လည်း ကိုယ့်အားကိုယ်ကိုးလျက် Wheel Chair (ဘီးတပ်ကုလားထိုင်) ဖြင့် ပလက်ဖောင်းတစ်လျှောက် သွားလာနိုင်ကြ၏။ အခြားသူတို့ကို အားကိုးနေစရာ၊ မှီခိုနေစရာမလို၊ အိမ်တွင်းအောင်း၍ စိတ်ဓာတ်ကျနေစရာလည်း မလိုပေ။ စရိတ်စက မကုန်ဘဲ လွတ်လပ်ပျော်ရွှင်စွာ သွားလာနိုင်ကြ၏။ ပလက်ဖောင်း၏ ကျေးဇူးကြောင့်ပင် ဖြစ်ပါသည်။

ကလေးသူငယ်များကို ချီပိုး၍ သွားလာခြင်းသည် ချီပိုးသူအတွက်လည်း ပင်ပန်းသည်။ ကလေးသူငယ်အဖို့လည်း မသက်သာ၊ မလွတ်လပ်။ ကလေးသူငယ်များအတွက် အထူးပြုလုပ်ထားသော တွန်းလှည်းအိမ်၌ ကလေးကို ထည့်ကာ ပလက်ဖောင်းတစ်လျှောက် သက်သာလွယ်ကူစွာ တွန်းသွားနိုင်သည်။ ဈေးဝယ်ခြင်း၊ စားသောက်ဆိုင်ထိုင်ခြင်း၊ ချိန်းတွေ့ခြင်းများ၌လည်း ကလေးကို ခေါ်သွားနိုင်သည်။ ကလေးက အိပ်လျက်ဖြစ်စေ၊ ဆော့လျက်ဖြစ်စေ၊ နို့ဘူးစို့လျက်ဖြစ်စေ ပါသွားသည်။ လွယ်ကူသော အဆင်ပြေသောနည်းကို ပလက်ဖောင်းက ပေးအပ်နေခြင်း ဖြစ်သည်။

ကားဆိုသည်မှာ ကုန်ပစ္စည်း တင်ဆောင်ဖို့နှင့် ခရီးသည်စီးနင်းဖို့ အန္တရာယ်ကင်းစွာ အသုံးပြုနိုင်သော စက်တပ်ယာဉ်ကို ဆိုလိုသည်။ စက်ပျက်နေသော ယာဉ်အစီး ၁၀၀ ထက် စက်ကောင်းနေသော ယာဉ်တစ်စီးက ပို၍ အသုံးဝင်ပါသည်။

ပလက်ဖောင်း ဆိုရာတွင်လည်း မည်ကာမတ္တ မဖြစ်စေရ။ သင့်လျော်သော အကျယ်အဝန်း ရှိရမည်။ ဈေးဆိုင်များနှင့် ပိတ်မနေစေသင့်။ မီးစက်များ၊ တယ်လီဖုန်းရုံများ၊ စာအုပ်ဆိုင်များဖြင့် ပိတ်မစေသင့်။ ဘီးသွားနိုင်သော ပြေပြစ်နိမ့်လျှောမှုများ ရှိရမည်။ လူနှစ်ဦးပင် ရှောင်မလွတ်သော ကျဉ်းမြောင်းမြောင်း မဖြစ်စေသင့်။

ဗိုလ်ချုပ်အောင်ဆန်း လမ်းပေါ်တွင် မူလက ၁၅ ပေကျော် ကျယ်ဝန်းသော ပလက်ဖောင်းကြီးများကို ချုံ့ပစ်လိုက်ရာ လေးပေကျော်သာ ကျယ်တော့၏။ ယခင်ပလက်ဖောင်း ဧရိယာတွင် ရှိနေသော သစ်ပင်ကြီးများ၊ ဓာတ်တိုင်များမှာ လမ်းဧရိယာထဲသို့ ဘွားဘွားကြီး ရောက်သွားသည်။ သစ်ပင်ကြီးများကို ဘေးမှ လှိုက်တူးထား၍ နည်းနည်းလောက် တွန်းလျှင်ပင် လဲတော့မည်။ အချို့အပင်များမှာ လေတိုက်သဖြင့် လဲပြိုကာ ကားနှင့် အဆောက်အအုံများ၊ လူများကို ထိခိုက်စေခဲ့သည်ဟု ကြားရ၏။ ဝမ်းနည်းဖွယ် ဖြစ်ပါသည်။

သစ်ပင်သစ်တောများကို မြတ်မြတ်နိုးနိုး ထိန်းသိမ်းနေကြချိန်တွင် အချို့နိုင်ငံများ၌ သစ်တောများ ဖျက်ဆီးနေကြ၏။ ပလက်ဖောင်းများကို ချဲ့၍ တွန်းလှည်းများ အသုံးပြုနိုင်အောင် လုပ်ရမည့်အစား ပလက်ဖောင်းများကို ဖျက်ဆီးနေကြသည်။ ခေတ်ကြီးက အမှောင်ခေတ်ထဲသို့ ပြန်ပြီး တိုးဝင်သွားပြီလားဟု တွေးစရာ။

ခြေကျင်လျှောက်သူတို့ကို ကားအန္တရာယ်မှ ကာကွယ်ပေးနေသော ပလက်ဖောင်းများကို တန်ဖိုးထားသင့်ပါသည်။ ကျယ်ဝန်းသော ပလက်ဖောင်းပေါ်တွင် လမ်းလျှောက်သူ၊ အပြေးကျင့်သူတို့သည် ကိုယ်လက်ကြံ့ခိုင်လျက် ကျန်းမာနေကြ၏။ ရွှေထက်တန်ဖိုးကြီးသော အရာတစ်ခုကို ပြပါဆိုလျှင် ပလက်ဖောင်းကို ပြရမည် မဟုတ်ပါလား။

ဝိသေသ

the Voice