AGD ဘဏ် အစုရှယ်ယာကိစ္စ ဘဏ်တာဝန်ရှိသူများနှင့် ဦးနေဝင်းမြေးတို့ကြား ပြောဆိုချက်များ ကွဲလွဲနေ


ဦးတေဇပိုင်ဆိုင်သော အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ် (AGD)၏ အစုရှယ်ယာ ရောင်းချ ခြင်းကိစ္စနှင့်ပတ်သက်၍ အစုရှယ် ယာ ဝယ်ယူသူ ဦးကျော်နေဝင်း နှင့် ဘဏ်တာဝန်ရှိသူများကြား ပြောဆိုမှုများတွင် ကွဲလွဲမှုများ ရှိနေသည်။

အာရှ စိမ်းလန်းမှုဖွံ့ဖြိုးရေး ဘဏ်၏ အစုရှယ်ယာ ၁၅ ရာ ခိုင်နှုန်းကို ဦးနေ၀င်း၏ မြေး ဦးကျော်နေ၀င်းနှင့် မီကိုကွေကာ လုပ်ငန်းရှင်အပါအ၀င် စုစုပေါင်း လုပ်ငန်းရှင် လေးဦးကို ရောင်းချ ခြင်းဖြစ်ကြောင်း  ဘဏ်ဘက်က ပြောဆိုနေသော်လည်း ကာယကံ ရှင် ဦးကျော်နေဝင်း ဘက်ကမူ ၆၀ ရာခိုင်နှုန်းအထိ ဝယ်ယူထား ပြီးဖြစ်ကြောင်း ပြောဆိုသည်။

အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေး ဘဏ် (AGD) ဘဏ်တွင် စုစုပေါင်းအစုရှယ်ယာ ခြောက်သိန်းရှိပြီး ယင်းအနက် ၁၅ ရာခိုင်နှုန်းဖြစ်သော အစုရှယ်ယာကိုးသောင်းကို ရောင်းချခဲ့ခြင်းဖြစ်ကြောင်း AGD ဘဏ် ဒုတိယအုပ်ချုပ်မှု ဒါရိုက်တာ ဦးဝေလင်းဦးကပြောသည်။

သို့သော် ဦးကျော်နေ၀င်းတို့ဘက်ကမူ အောက်ပါအတိုင်း တုံ့ပြန်ပြောကြားသည်။

‘‘၆၀ ရာခိုင်နှုန်း ဝယ်ထားပြီး ပါပြီ။ နောက် ၆ လအတွင်း ၈၅ ရာခိုင်နှုန်းအထိ ဝယ်ဖို့ရှိပါတယ်။ ကျွန်တော်တို့ပြောတဲ့အကြောင်း ကို ဦးဝေလင်းဦးက ရှင်းပြပါလိမ့် မယ်’’ဟု ဦးကျော်နေဝင်း၏ ညီ ဖြစ်သူ ဦးအေးနေဝင်းက 7Day Daily သို့ အတည်ပြု ပြောကြားသည်။

ထို့အပြင် အခမဲ့ထုတ်ဝေ နေသော Messenger သတင်းစာ တွင်မူ အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေး ဘဏ် (AGD) ၏ အစုရှယ်ယာ ၆၀ ရာခိုင်နှုန်းကို ၀ယ်ယူလိုက်ပြီဖြစ် ကြောင်း ဦးကျော်နေ၀င်းက ပြောကြားထားသည်။

‘‘မီကိုကွေကာက ဦးယဉ် ထွေးကို ခြောက်သောင်းသုံး ထောင်(ရှယ်ယာစု)၊ ကိုကျော်နေ ၀င်းကို ကိုးထောင်(ရှယ်ယာစု) နဲ့ ကျန်တာကို လုပ်ငန်းရှင် နှစ်ဦးကို ရောင်းလိုက်တာ။ သူတို့က ၆၀ ရာ ခိုင်နှုန်းထိဝယ်ချင်တယ်လို့ပြော ထားပေမယ့် အဲဒီကိစ္စက မပြတ်သေးပါဘူး’’ဟု ဦးဝေလင်းဦးက ဆိုသည်။

‘‘ဗဟိုဘဏ်က ၁၅ ရာခိုင်နှုန်း ပဲခွင့်ပြုထားတဲ့အတွက် ၁၅ ရာ ခိုင်နှုန်းပဲ ရောင်းလိုက်တာပါ’’ဟု  AGD ဘဏ်ဒုဥက္ကဋ္ဌ ဦးသီဟကပြောသည်။ နိုင်ငံတော်ပုန်ကန်မှုဖြင့် ဦးနေ၀င်း၏ သမက်ဖြစ်သူ ဦးအေးဇော်ဝင်းနှင့် သားအဖ သုံးဦးကို ၂၀၀၂ တွင် ဖမ်းဆီးခံပြီးသေဒဏ်ချမှတ်ခဲ့သည်။ ဦးနေ၀င်း၏ သမီးဖြစ်သူ ဒေါ်စန္ဒာဝင်းကိုလည်း နေအိမ်အကျယ်ချုပ်ချထားခဲ့သည်။ သမ္မတဦးသိန်းစိန်အစိုးရလက်ထက်တွင် သားအဖလေးဦးမှာ လွတ်ငြိမ်းချမ်းသာခွင့်ကို ၂၀၁၂ နှင့် ၂၀၁၃ခုနှစ်အတွင်း နှစ်ကြိမ်ခွဲ၍ လွတ်မြောက်လာခဲ့ကြခြင်းဖြစ်သည်။

7day daily

MH 17 လေယာဉ် Black Boxes ယူကရိန်းသူပုန်က မလေးရှားအာဏာပိုင်လက် အပ်


ယူကရိန်းနိုင်ငံအရှေ့ပိုင်းမှာရှိတဲ့ ရုရှားကိုလိုလားသူ ခွဲထွက်ရေးသူပုန်တွေက ပျက်ကျ
သွားတဲ့ မလေးရှားလေယာဉ်ရဲ့ ပျံသန်းမှု မှတ်တမ်းတင် ကိရိယာ black box ကို မလေးရှား
ကျွမ်းကျင်သူတွေ လက်ကို လွှဲပေးလိုက်ပါတယ်။



တနင်္လာနေ့နှောင်းပိုင်း ယူကရိန်းနိုင်ငံအရှေ့ပိုင်း Donetask ဒွန်းနပ်စ်မြို့မှာ လွှဲပြောင်းပေးလိုက်တာပါ။ မလေးရှားဝန်ကြီးချုပ် Najib Razak နဲ့ သူပုန်အဖွဲ့ ခေါင်းဆောင်ဖြစ်သူ Alexander Borodai တို့အကြား တယ်လီဖုန်းနဲ့ ဆက်သွယ်စကားပြောဆိုခဲ့ကြပြီးတဲ့နောက် နာရီပိုင်းအတွင်းမှာ အခုလို လွှဲပြောင်း ပေးလိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။

ပြန်လည်လွှဲပြောင်းပေးတဲ့ ပျံသန်းမှုမှတ်တမ်းတင် ကိရိယာမှာ ထိခိုက်ပျက်စီးမှုတွေရှိကြောင်း မလေးရှား ဗိုလ်မှူးကြီး Mohamed Sakri ကပြောပါတယ်။ ဒါပေမဲ့ လက်ရာမပျက် ရှိပြီး အခြေအနေကောင်းမွန်ပါတယ်လို့ ပြောပါတယ်။ ခရီးသည်နဲ့ လေယာဉ်အမှုထမ်း ၂၉၈ ယောက်တင်ဆောင်လာတဲ့ မလေးရှား နိုင်ငံပိုင် ခရီးသည်တင်လေယာဉ်ကို ပစ်ချခဲ့မှုနဲ့ပတ်သက်ပြီး ပစ်တင်ရှုတ်ချကြောင်း ဆုံးဖြတ်ချက်ကို တနင်္လာနေ့မှာ ကျင်းပတဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေးမှာ တညီတညွတ်တည်း ချမှတ်လိုက်ပါတယ်။

ဒါ့အပြင် လေယာဉ်ပျက်ရှိရာနေရာကို ထိန်းချုပ်ထားတဲ့ ရုရှားလိုလားသူ ခွဲထွက်ရေးသမားတွေအနေနဲ့ အဲဒီနေရာ တ၀ိုက်ကို စုံစမ်းစစ်ဆေးသူတွေအနေနဲ့ အတားဆီးမရှိ ၀င်ထွက်နိုင်ခွင့်ပြုဖို့ တောင်းဆိုလိုက်ပါတယ်။ အခုလို တညီတညွတ်တည်း မဲပေးဆုံးဖြတ်ချက်ချနိုင်ခဲ့တဲ့အပေါ် သြစတေးလျ နိုင်ငံခြားရေးဝန်ကြီး Julie Bishop က ကြိုဆိုလိုက်ပါတယ်။ ဒါဟာ မနှစ်မြို့ဖွယ်ကောင်းတဲ့ လုပ်ရပ်အပေါ် ပြတ်ပြတ်သားသား တုံ့ပြန်လိုက်တာဖြစ်တယ်လို့  Ms. Bishop ကပြောပါတယ်။

လေယာဉ်ပျက်ကျမှုအတွင်း သေဆုံးသူတွေထဲမှာ သြစတေးလျနိုင်ငံသား ၃၇ ယောက် ပါဝင်ပါတယ်။ ယူကရိန်းနိုင်ငံ အရှေ့ပိုင်းက ကောင်းကင်ယံမှာ ပျံသန်းနေတဲ့ လေယာဉ်ဟာ မြေပြင်ကနေ ဝေဟင်ပစ်ခတ်တဲ့ မစ်ဇိုင်း ဒုံးကျည် ထိမှန်ပြီး ပျက်ကျခဲ့ရတာဖြစ်တယ်လို့ ယူကရိန်း၊ အမေရိကန်ပြည်ထောင်စုနဲ့ ဥရောပသမဂ္ဂတို့က အစိုးရတာဝန်ရှိသူတွေက ပြောဆိုပါတယ်။

ရုရှားလိုလားသူ ခွဲထွက်ရေးသမားတွေအနေနဲ့ နိုင်ငံတကာက စုံစမ်းစစ်ဆေးသူတွေကို လေယာဉ်ပျက်ရှိရာကို သွားရောက်နိုင်ရေးအတွက် ခွင့်ပြုအောင် ရုရှားနိုင်ငံက သူ့ရဲ့သြဇာအရှိန်အ၀ါကို အသုံးပြုဖို့ အမေရိကန် သမ္မတ ဘရက်အိုဘားမားက တနင်္လာနေ့မှာ တိုက်တွန်းလိုက်ပါတယ်။

VOA (မြန်မာပိုင်း)


မြွေဟောက်ဟင်းမရောင်းဟု ဗီယက်နမ်ဟိုတယ်ငြင်း


ရန်ကုန်မြို့လယ်ကောင် ရှိ ဗီယက်နမ်ဟိုတယ်ဟု လူသိများသော မစ္စတာလီဟို
တယ်တွင် ၅၅ ဒေါ်လာတန် မြွေဟောက်ဟင်းပွဲများ ရောင်းချနေသည်ဆိုခြင်းမှာ
 မဟုတ်မှန်ကြောင်း ဟိုတယ်က ငြင်းဆိုလိုက်သည်။


လမ်းမတော်မြို့နယ်၊ လမ်း မတော်လမ်း၊ တိုက်နံပါတ် (၁၂၉)တွင် ဖွင့်လှစ်ထားသော မစ္စတာလီဟိုတယ် (Mr.Lee)တွင် မြွေဟောက်ဟင်းများ ရောင်းချနေကြောင်း မြွေဟောက်ဟင်းဓာတ်ပုံများ၊ လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်စာမျက်နှာများတွင် ပျံ့နှံ့ခဲ့သည်။


 မစ္စတာလီဟိုတယ်ပိုင်ရှင် ဦးမောင်မောင်က ‘‘သံဈေးက ဝယ်တဲ့ ငါးရှဥ့်ရယ်၊ ငါးရံ့အကြေးခွံနဲ့အုပ်ထားတာပါ။ ဒါကိုမြွေလို့ ပြောကြတာပါ။ ဓာတ်ပုံကမှန်တယ်။ ခုလိုနားလည်မှုလွဲအောင်လုပ်လို့တောင် ဒေါသထွက်တယ်။ အခုအဲဒီမီနူးကိုလည်း ပြန်ဖြုတ်လိုက်ပါပြီ။ ဟိုတယ်မဖွင့်စေချင်လို့ မကျေနပ်တဲ့လူတွေလုပ်တာပါ’’ဟု ၎င်းက ဆိုသည်။

ဟိုတယ်တွင် မြွေဟောက် အရှင်များလှောင်ထားပြီး  မြွေ ဟောက်ဟင်းများရောင်းချနေ သည့် သတင်းများထွက်ပေါ်နေ သဖြင့် အနီးဝန်းကျင်တွင် နေထိုင် သူများက စိုးရိမ်နေပြီး တာဝန်ရှိ သူများကို စစ်ဆေးစေလိုကြောင်း ယင်းဟိုတယ်အနီးသို့ သွား ရောက်မေးမြန်းမှုအရ သိရသည်။

 ‘‘မြွေတွေမွေးထားတာ မဟုတ်ပါဘူး။ ငါးတွေပါ။ စားသုံးသူတွေမှာလို့ လုပ်ပေးရတာပါ။ မြွေပုံစံနဲ့တူတဲ့ ရှည်လမျောငါးမျိုးပါ။ သူတစ်မျိုးတည်းရောင်းတာမဟုတ်ပါဘူး။ တခြားဟင်းတွေလည်းပါပါတယ်။ ထမင်းလည်းပါမှ ၅၅ ဒေါ်လာပါ’’ ဟု ဟိုတယ်၏ တာဝန်ရှိသူ ဦးနေလင်းအောင်က ပြောသည်။

‘‘ကားပေါ်ကနေ သယ်သယ် နေတာတော့တွေ့တယ်။  ဟိုတယ် ထဲမှာ  မြွေဟောက်အရှင်တွေ လှောင်ထားတာလို့လည်း ကြား တယ်။ မတော်တဆမြွေတွေလွတ် ထွက်ပြီး အိမ်နီးနားချင်းတိုက်အိမ် တွေဆီရောက်မှာကိုပဲ ကြောက် နေတာ’’ဟု ယင်းဟိုတယ်အနီးရှိ တိုက်ခန်းတွင် နေထိုင်သူတစ်ဦး က ဆိုသည်။

ယင်းဟိုတယ်တွင် ဗီယက် နမ်လူမျိုးများနှင့် ဥရောပနိုင်ငံ သားများလာရောက်တည်းခိုမှု များပြီး တရုတ်နိုင်ငံသားအနည်း ငယ်သာ တည်းခိုကြောင်း ဦးမောင်မောင်က ပြောသည်။

 ၁၉၉၄ ခုနှစ် တောရိုင်း တိရစ္ဆာန်များ  ထိန်းသိမ်းကာ ကွယ်ရေးဥပဒေတွင်  တောရိုင်း တိရစ္ဆာန်အမျိုးအစားသုံးမျိုးခွဲ၍ ကာကွယ်ပေးထားပြီး လုံးဝကာ ကွယ်ရမည့် ဆင်၊ ကျား၊ ကြံ့စသော တိရစ္ဆာန်များနှင့် အခြား အမျိုးအစားနှစ်ခုတွင် မြွေအမျိုး အစားများလည်း ပါဝင်ကြောင်း၊တောရိုင်းတိရစ္ဆာန်များရောင်း ဝယ်ဖောက်ကားလျှင် အနည်းဆုံး ထောင်ဒဏ်ခုနစ်နှစ်အထက်နှင့် ဒဏ်ငွေ (သို့မဟုတ်) နှစ်မျိုးစလုံး ကျခံရနိုင်သည်။

‘‘တောရိုင်းတိရစ္ဆာန်တွေကို ဟင်းအနေနဲ့ရောင်းလို့မရဘူး။ မြွေဟောက်မှမဟုတ်ဘူး။ ဘယ် မြွေမဆို မိမိသဘောနဲ့ရောင်းဝယ် ဖောက်ကားခွင့်မရှိဘူး’’ဟု မြန်မာ ငှက်နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအသင်း ဒုဥက္ကဋ္ဌ ဦးသိန်းအောင်က ရှင်းပြသည်။

သိမ်းကြီးဈေး (C)ရုံတွင် တောတွင်းတိရစ္ဆာန်များဖြစ်သည့် လိပ်၊ ဖွတ်၊ တောကြောင်၊ မြွေမျိုးစုံ စသည့်တောတွင်းတိရစ္ဆာန်အစုံရောင်းချသည့် စားသောက်ဆိုင်အကြီးစားတစ်ခုဖွင့်လှစ်ခဲ့ဖူးပြီး၂၀၀၇ ခုနှစ်နောက်ပိုင်းတွင် ပိတ်သိမ်းခဲ့ရသည်။

မြွေနှင့် မြွေဟောက်များကို တရုတ်နိုင်ငံသို့ တရားမဝင်သယ် ဆောင်မှုများကို မူဆယ်မြို့နယ် ၁၀၅ မိုင် စစ်ဆေးရေးဂိတ်များ တွင် မကြာခဏဖမ်းဆီးရမိလျက် ရှိသည်။

7 Day News Daily

Post များကို bookmark များအဖြစ် သိမ်းဆည်းထားနိုင်မည့် Save feature သစ်ကို Facebook မိတ်ဆက်


Facebook သုံးစွဲသူများသည် အချိန်မရသောကြောင့် မကြည့်ရှုနိုင်သော post များကို Save ဟုခေါ်သည့် feature သစ်ဖြင့် အသုံးပြုကာ အားလပ်သည့်အချိန်တွင် ဖတ်ရှုနိုင်ရန်အတွက် သိမ်းဆည်းထားနိုင်တော့မည် ဖြစ်သည်။

Facebook သုံးစွဲသူများသည် ၎င်းတို့၏ timeline ပေါ်တွင် story ၏ ညာဘက်ထိပ်ကို နှိပ်ခြင်းဖြင့် save ပြုလုပ်နိုင်မည် ဖြစ်သည်။ Save စာရင်းတွင် places, movies, TV နှင့် အခြားသော အရာများ ပါဝင်ကြောင်း Facebook က ပြောကြားခဲ့သည်။

သုံးစွဲသူများသည် ၎င်းတို့၏ saved item များကို စမတ်ဖုန်း သို့မဟုတ် tablet ပေါ်ရှိ “more” tab အောက်တွင် ကြည့်ရှုနိုင်သည်။ ထို့အပြင် ၎င်းကို ကွန်ပျူတာပေါ်တွင် Web browser ဖြင့် အသုံးပြုရာတွင်လည်း တွေ့မြင်နိုင်သည်။

Save feature သစ်သည် ကမ္ဘာ့အကြီးဆုံး လူမှုရေးကွန်ရက်၏ စိတ်ဝင်စားစရာ အပြောင်းအလဲတစ်ခု ဖြစ်လာသည်။ အဆိုပါ Facebook ၏ အပြောင်းအလဲသည် Instapaper နှင့် Pocket ကဲ့သို့သော အခြားဝန်ဆောင်မှုများကို ယှဉ်ပြိုင်ရန် ပြင်ဆင်ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ Save feature သစ်ကို လာမည့် ရက်အနည်းငယ်အတွင်း iOS, Android နှင့် Web သုံးစွဲသူများထံ အသုံးပြုခွင့်ပေးမည်ဟု Facebook က ပြောကြားခဲ့သည်။



Ref: CNET

Internet Journal

ဆွံ့အနားမကြားသော အမျိုးသမီးကို ခေါ်ဆောင်သွား၍ သားမယား ပြုကျင့်သည်ဟုဆိုသူကို ၂၄နာရီအတွင်း ဖမ်းမိ



ဧရာဝတီ တိုင်းဒေသကြီး ဟင်္သာတမြို့နယ်သပြုပင်ကျေးရွာတွင် ဆွံ့အ နားမ ကြားသော
 အမျိုးသမီးငယ်တစ်ဦး အားတစ်ရွာတည်းနေ အမျိုးသား တစ်ဦးမှ ခေါ်ဆောင်သွားပြီး
 အလို မတူဘဲ သားမယားပြုကျင့်မှုဖြစ်ပွားခဲ့ရာ အခင်းဖြစ်ပွားပြီး ၂၄နာရီ အ တွင်း သက်ဆိုင်ရာနယ်မြေရဲစခန်းမှ အရေးယူနိုင်ခဲ့ကြောင်း ဒေသခံတို့ ထံက သိရသည်။

ဖြစ်စဉ်အကျဉ်းမှာ ဟင်္သာတ မြို့နယ် သပြုပင်ကျေးရွာရှိ အဒေါ် ဖြစ်သူ ဒေါ်....သည် အိပ်ပျော် သွားစဉ် ၄င်းနှင့်အတူနေထိုင်သူ မ---- (ဆွံ့အ နားမကြား) ၁၇နှစ် သည် ဇူလိုင် ၁၉ရက် ည ၈နာရီခန့် တွင် နေအိမ်ရှေ့ ဖိနပ်ချွတ်၌ သင် ဖြူးဖျာရက်နေစဉ် တစ်ရွာတည်းနေ သိန်းထွန်း(ခ)မိုးကြိုး ၅၂နှစ်မှ လက် ဆွဲ၍ ခေါ်ဆောင်သွားပြီး လယ်ကွင်း ကန်သင်းရိုးပေါ်တွင် သားမယားအ ဖြစ်ပြုကျင့်ခဲ့ကြောင်း၊

ထို့နောက်မိန်း ကလေးငယ်အား လိန်ကုန်းကျေးရွာရှိ နေအိမ်တစ်လုံးသို့ ထပ်မံခေါ်ဆောင် သွားရာ မိန်းကလေးမှ မနေချင်ကြောင်း ပြုမူသဖြင့် ဇလွန်မြို့နယ် ဂွေးတောက် ချောင်ကျေးရွာရှိ နေအိမ်တစ်လုံးသို့ ထပ်မံခေါ်သွားခဲ့ပြီး မိန်းကလေးငယ် အား ချော့မော့ရာမရ၍ ဇူလိုင် ၂ဝ ရက် နံနက် ၄နာရီခန့်တွင် ဟင်္သာတ မြို့ထဲ၌ထားခဲ့ကြောင်း ဒူးယားနယ် မြေရဲစခန်း၏ စစ်ဆေးပေါ်ပေါက် ချက်အရ သိရသည်။

အဒေါ်ဖြစ်သူ ဒေါ်...သည် ဆွံ့အနားမကြားသော တူမဖြစ်သူ မ...အား ညပိုင်းတွင် လိုက်လံရှာ ဖွေရာ မတွေ့သဖြင့် ဇူလိုင် ၂ဝရက် နံနက်၌ ကျေးရွာအုပ်ချုပ်ရေးမှူး နှင့် ရဲစခန်းတို့တွင် တိုင်ကြားခဲ့ သည်။
''အခုဖြစ်ခဲ့တဲ့ မိန်းကလေးက မိဘတွေမရှိဘူး။ အပျိုအဒေါ်ကြီးနဲ့ ဆွံ့အနေတဲ့ မောင်နှမ နှစ်ယောက်ပဲ အတူနေကြတာ။ သူက လက်ဟန်ခြေ ဟန်နဲ့ဘဲ ပြောနိုင်တယ်။

သူ့ကို ဟင်္သာ တမှာထားခဲ့တယ်ဆိုတာ သိရတယ်။ အဲဒီမှာ သူတို့ကိုမြင်ခဲ့တဲ့သူက အ ကြောင်းကြားလို့ အခုဖမ်းမိတဲ့သူကို စစ်မေးတော့ ဝန်ခံတယ်''ဟု ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူး ဦးအေးနိုင်က ပြောသည်။
အဒေါ်ဖြစ်သူ ဒေါ်....က ဖြစ်စဉ်နှင့်ပတ်သက်၍ အမှုဖွင့်တိုင် ကြားခဲ့ရာ ဒူးယားနယ်မြေရဲစခန်းမှ သိန်းထွန်း (ခ) မိုးကြိုးအား (ပ) အမှတ် ၁၇/၂ဝ၁၄၊ ပြစ်မှုဆိုင်ရာ ပုဒ်မ ၃၇၆ဖြင့် စစ်ဆေးအရေးယူ ထားကြောင်း သိရသည်။


‪‎Democracytoday‬

မြန်မာကလေးငယ်များပါ သတိပြုရမည့် EV-71 ဗိုင်းရပ်စ်


မိဘများသတိထားနိုင်ဖို့ မျှဝေပါတယ် အလွန်သိထားသင့်တဲ့ သတင်းတပုဒ်ပါ။


ယခုအချိန်တွင် အိမ်နီးချင်းနိုင်ငံများဖြစ်သည့် ထိုင်းနှင့် ကမ္ဘောဒီးယားနိုင်ငံများရှိ ကလေးငယ်များတွင် ပြင်းထန်သည့် ဗိုင်းရပ်စ်တစ်မျိုး ကူးစက်ဖြစ်ပွားနေပြီး ကလေးများ သေဆုံးမှုများ ဖြစ်ပွားလျက်ရှိသည်။

ဧပြီလနှောင်းပိုင်းက ကမ္ဘောဒီယားနိုင်ငံတွင်စတင်သည့် EV-71 ဟုခေါ်သော အဆိုပါဗိုင်းရပ်စ်မှာ သုံးလနှင့် ၁၁နှစ်ကြား ကလေးငယ် ၇၀ ကျော်တွင် ဖြစ်ပွားခဲ့ပြီး ၅၂ ဦးကျော် သေဆုံးနေပြီဖြစ်ကြောင်း ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် ကမ္ဘောဒီးယားကျန်းမာရေးဝန်ကြီးဌာနတို့က ကြေညာခဲ့ပြီး မကြာခင် ထိုင်းနိုင်ငံရှိ ကလေးများတွင်ပါ ကူးစက်ဖြစ်ပွားနေပြီဖြစ်ကြောင်း ထိုင်းကျန်းမာရေးဝန်ကြီးဌာနကလည်း ထုတ်ပြန်ကြေညာခဲ့သည်။

ယခုအခါ ကူးစက်ရောဂါများသည် တစ်နိုင်ငံမှတစ်နိုင်ငံသို့ လွယ်ကူစွာကူးစက်နိုင်သော အခြေအနေများရှိသောကြောင့် မြန်မာနိုင်ငံမှ ကလေးများတွင်လည်း ကူးစက်ဖြစ်ပွားလာနိုင်ကြောင်း သိရသည်။

ကျန်းမာရေးဝန်ကြီးဌာနမှ နိုင်ငံတွင်းသို့ ရောဂါကူးစက်မှု မရှိစေရန် ကာကွယ်တားဆီးရေး လုပ်ငန်းများအား ဆောင်ရွက်နေပြီး ပြည်သူများဘက်မှလည်း မိမိကလေးငယ်များ ရောဂါကူးစက်မှု
မရှိစေရန် တစ်ကိုယ်ရေကျန်းမာရေးအား ပိုမိုဂရုပြုရမည့်အချိန် ဖြစ်သည်။

EV-71 ဗိုင်းရပ်စ်ကြောင့် ခြေ၊ လက်နှင့် ပါးစပ်များတွင် ဖြစ်ပွားသည့် (Hand,Foot and Mouth Disease(HFMD)) ရောဂါသည် ဖြစ်ပွားလာပါက ကလေးငယ်များမှာ ဖျားနာခြင်း၊ ခေါင်းကိုက်ခြင်း၊ အန်ခြင်း၊ နုံးခြင်း ၊ လည်ချောင်းနာခြင်းများနှင့် ခြေ၊ လက်နှင့် မျက်နှာများတွင် အနာလေးများ၊ ပြည်ဖုများ၊ အနီစက်များ ဖြစ်ပေါ်ခြင်း စသည့်ရောဂါလက္ခဏများ ပြသကြောင်း ညွှန်ကြားရေးမှူး (ကူးစက်)မှ ဒေါက်တာစိုးလွင်ငြိမ်းက ပြောသည်။

အဆိုပါ ဗိုင်းရပ်စ်သည် လွန် ခဲ့သည့် ၂၅ နှစ်ကတည်းက စတင် ဖြစ်ပေါ်ခဲ့သည့် ဗိုင်းရပ်စ်အမျိုးအ စားဖြစ်ပြီး ၂၀၁၁ ခုနှစ်အထိ နိုင်ငံ အချို့ရှိ ကလေးများတွင် ဖြစ်ပွား ခဲ့သော်လည်း အသေအပျောက် မများခဲ့ကြောင်း သိရသည်။

သို့သော် ယခုနှစ်အတွင်း ကမ္ဘောဒီယားနိုင်ငံတွင် ပြန်လည်ဖြစ်ပွားသည့်အခါတွင်မူ ဗိုင်းရပ်သည် ယခင်ဖြစ်ပွားသော အခြေအနေနှင့်မတူဘဲ ပြင်းထန်လွန်းသည့်အတွက် ကလေးများတွင် သေဆုံးမှုမြင့်တက်သွားခြင်းဖြစ်ကြောင်း သိရသည်။

“အဓိက လက်ဖ၀ါး၊ ခြေဖ၀ါး၊ တင်ပါးတွေမှာ အနာတွေ၊ ပြည်ဖုတွေ၊ အနီစက်တွေ ဖြစ်ကြတယ်။ အဲဒါတွေကလည်း အရမ်းကိုနာတဲ့ ဝေဒနာခံစားကြရတယ်။ အရည်ကြည်ဖုတွေက အရည်တွေကနေ တခြားလူတစ်ဦးကို ထပ်ကူးစက်တယ်။ ဆေးကုသမှု စောစောမရရင် နောက်ဆက်တွဲဖြစ်တဲ့ ပြင်းထန်အဆုတ်ရောင်ရောဂါ၊ ဦးနှောက်အမြှေးရောင်ရောဂါတွေနဲ့ အသက်သေဆုံးကြတယ်”ဟု ဒေါက်တာစိုးလွင်ငြိမ်းက ပြောပါသည်။

ကမ္ဘောဒီးယားနိုင်ငံတွင် ရောဂါပိုးအား အတည်မပြုနိုင်ခင်ကလေးများ ထူးဆန်းစွာ သေဆုံးနေရခြင်းမှာ လက်နှင့်ခြေထောက်တွင် အရည်ကြည်ဖုများပေါက်၍ ပါးစပ်၌ အနာများဖြစ်တတ်သော ဗိုင်းရပ်စ်တစ်မျိုးကြောင့်ဖြစ်နိုင်ကြောင်း ကြေညာခဲ့သော်လည်း နောက်ပိုင်းတွင် EV-71 ဗိုင်းရပ်ကြောင့်ဖြစ်ကြောင်း အတည်ပြုထုတ်ပြန်ခဲ့ကြောင်း နိုင်ငံတကာသတင်းများတွင် ဖော်ပြထားသည်။

ဗိုင်းရပ်စ်ကြောင့် ဖြစ်ပွားခြင်းဖြစ်၍ ရောဂါနှင့်ပတ်သက်သော ကာကွယ်နိုင်သည့် ဆေးဝါးများမရှိဘဲ ရောဂါကူးစက်မှုမရှိစေရန် တစ်ကိုယ်ရေသန့်ရှင်းရေး အလေးပေးခြင်းဖြင့်သာ ကြိုတင်ကာကွယ်ရေးနည်းလမ်းဖြင့် ကာကွယ်နိုင်မည်ဖြစ်သည်။

ရောဂါဖြစ်ပွားနေသည့် နိုင်ငံများတွင်လည်း မကြာခဏလက်ဆေးခြင်းဖြင့် ရောဂါကာကွယ်နိုင်ရန် နှိုးဆော်ထားပြီး ကလေးငယ်များသာမက ကလေးငယ်များအား ပြုစုထိန်းကကျောင်းနေသည့် သူများပါ လက်ဆေးသည့်အကျင့်ကို အဓိကဆောင်ရွက်ရမည်ဖြစ်ကာ ကလေးများတွင် ရောဂါလက္ခဏာ တစ်စုံတစ်ရာပြသပါက စောစီးစွာကုသမှုခံယူရန် ဆေးရုံများသို့ အမြန်ဆုံးလာရောက်ရမည်ဖြစ်ကြောင်း ဒေါက်တာစိုးလွင်ငြိမ်းကပြောသည်။

ရောဂါပိုးသည် ကိုယ်ခံအားနည်းသည့် အသက်(၃)နှစ်အောက် ကလေးများတွင် အဖြစ်များနေပြီး ကျန်းမာရေးဝန်ကြီးဌာနဘက်မှ ရန်ကုန်ကလေးဆေးရုံကြီးအပါအ၀င် နိုင်ငံတွင်းရှိ ဆေးရုံတိုင်းတွင် ရောဂါဖြစ်ပွားလာပါက ကုသမှုများပေးနိုင်ရန် ပြင်ဆင်ဆောင်ရွက်ထားပြီးဖြစ်ကြောင်း သိရသည်။

နိုင်ငံတွင်း ကူးစက်ပြန့်ပွားမှု မရှိစေရန် ကုန်းလမ်း၊ ရေလမ်းဝင်ပေါက်များနှင့် လေဆိပ်ဝင်ပေါက်များရှိ ကျန်းမာရေးအဖွဲ့များမှလည်း စစ်ဆေးမှုများအား ပိုမိုထိထိရောက်ရောက် ဆောင်ရွက်နေပြီး ယခုအချိန်ထိ ပြည်တွင်းတွင် ရောဂါကူးစက်မှု မရှိသေးကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။

“မြန်မာနိုင်ငံမှာ ဒီရောဂါနဲ့ ပတ်သက်ပြီး ကြိုတင်ကာကွယ်ရေးလုပ်ငန်းများနဲ့ ထိရောက်တဲ့ ဆေးကုသရေးလုပ်ငန်းများကိုလည်း စီစဉ်ဆောင်ရွက်ထားပါတယ်”ဟု ဒေါက်တာစိုးလွင်ငြိမ်းကပြောသည်။

ထိုင်းနိုင်ငံအနေဖြင့်လည်း ယခုလ ၁၃ ရက်မှစတင်ပြီး ထိုင်း-မြန်မာနယ်စပ်ရှိ အ၀င်အထွက်နေရာများတွင် စစ်ဆေးမှုများ ဆောင်ရွက်နေကြောင်း သတင်းရရှိသည်။

ထိုင်းနိုင်ငံတွင် မူကြိုကျောင်းတစ်ခုမှ ကလေးငယ်များ၌ စတင်စမ်းသပ်တွေ့ရှိခဲ့ပြီးနောက်ပိုင်း မြန်မာနိုင်ငံမှ ၀င်ထွက်သွားလာနေသူများအား ဇူလိုင်လ ၁၃ ရက်တွင် စစ်ဆေးခြင်းများ စတင်ဆောင်ရွက်နေပြီး ရောဂါကူးစက်မှုသည် မိုးရာသီနှင့် စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ချိန်ဖြစ်၍ ထိုင်းနိုင်ငံအတွင်းရှိ ခရိုင်အများအပြားသို့ ပျံ့နှံ့မည်ဖြစ်ကြောင်း ထိုင်းပြည်သူကျန်းမာရေးဝန်ကြီးက ပြောကြားထားကြောင်း ထိုင်းနိုင်ငံသတင်းစာများတွင် ဖော်ပြထားသည်။

ထိုဗိုင်းရပ်စ်ပိုးသည် ၁၉၉၇ ခုနှစ်ခန့်မှ စတင်ပြီး ကလေးများတွင် ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။

အိန္ဒိယ၊ တရုတ်၊ စင်ကာပူ၊ ဘရူနိုင်း၊ ဗီယက်နမ်စသည့် နိုင်ငံအများအပြားတွင် ဖြစ်ပွားခဲ့ပြီး ၂၀၁၀ ခုနှစ်တွင် တရုတ်ရှိ ကလေးအများတွင် ဖြစ်ပွားခဲ့သည်။ ၂၀၁၁ ခုနှစ်တွင်လည်း ဗီယက်နမ်ရှိ ကလေးငယ် လေးသောင်းခန့်တွင် ဖြစ်ပွားခဲ့သော်လည်း ပြင်းထန်မှုမရှိခဲ့ပေ။ ၂၀၁၂ ခုနှစ် ကမ္ဘောဒီးယားနိုင်ငံတွင် မဖြစ်ပွားမီ အမေရိကန်ပြည်ထောင်စုတွင် ဖြစ်ပွားခဲ့ပြီး ကမ္ဘောဒီးယားနိုင်ငံတွင် ဖြစ်ပွားသည့်အခါ ပြင်းထန်သည့် ဗိုင်းရပ်စ်အဖြစ် ထွက်ပေါ်လာခြင်းဖြစ်သည်။

ယခင်ကလည်း ကမ္ဘာ့နိုင်ငံများတွင် ဖြစ်ပွားခဲ့သည့် ဆားစ်ရောဂါ၊ လူတုပ်ကွေးရောဂါများမှာလည်း တစ်နိုင်ငံမှ တစ်နိုင်ငံသို့ ကူးစက်ပျံ့နှံ့ဖြစ်ပွားခဲ့ပြီး အချို့နိုင်ငံများတွင် အသက်သေဆုံးမှုများထိ ဖြစ်ပေါ်ခဲ့သည်။

မိဘပြည်သူများအနေဖြင့် ကလေးငယ်များ၏ တစ်ကိုယ်ရေသန့်ရှင်းရေးအား အလေးထားပြီး ကလေးများတွင် အထက်ပါရောဂါလက္ခဏာ ပြသလာပါက ကျန်းမာရေးဌာနသို့ အလျင်မြန်ဆုံး ဆက်သွယ်၍ ဆေးကုသမှုခံယူရန် လိုအပ်ကြောင်းသိရသည်။

ရေးသားသူ- ၀တ်ရည်အောင်

မူရင်းChit Thu Sky.                                
Myanmaalinn's fb

လူမှုကွန်ရက်ပေါ်ရှိ ပဋိပက္ခဖြစ်စေမည့် အရေးအသားများ တက်လာပါက ဖြုတ်ချမည်ဟု Facebook မှ တာဝန်ရှိသူများ ပြောကြား


လူမှုကွန်ရက်ပေါ်တွင် ပဋိပက္ခဖြစ်စေမည့် အရေးအသားများ တက်လာပါက ဖြုတ်ချမည်ဟု ယမန်နေ့က MICT Park တွင် ကျင်းပသည့် ဆွေးနွေးပွဲတွင် Facebook မှ တာဝန်ရှိသူ များက ပြောကြားခဲ့ခြင်း ဖြစ်သည်။ အရင်တုန်း ကလည်း ထိန်းသိမ်းမှုတွေ လုပ်ခဲ့တယ်။ ထိရောက်မှုမရှိဘူး။ အခုစနစ် တကျနဲ့ သေချာချိတ်ဆက်ပြီး တက်လာမယ့် Report ကို စောင့်ကြည့်သွားမှာပါ ဟု Facebook မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
လူမှုကွန်ရက် Facebook စာမျက်နှာတချို့တွင် Profile အတုများ၊ Page အတုများဖြင့် သွေးထိုးလှုံ့ဆော်မှုများ၊ ပဋိပက္ခ ဖြစ်စေနိုင်သည့် ရေးသားမှုများ၊ ပြုလုပ်လျက်ရှိ ပြီး ထိုရေးသားမှုများသည် ပျံ့နှံ့အားကောင်းပြီး ပဋိပက္ခများကို ချုပ်ငြိမ်းအောင် ဆောင်ရွက်နေမှုများကို အဟန့်အတား ဖြစ်စေကြောင်း ဘလော့ဂါ ဦးနေဘုန်းလတ် က ပြောသည်။
အရင်က သတင်းအမှောင်ချတဲ့ ခေတ်ကြီးကို ဖြတ်သန်းလာတဲ့အခါ လူတွေက သတင်းအရမ်းငတ်နေတယ်။ သတင်းတွေကို ဆာလောင်ကြ တယ်။ အခုလို အထိုက်အလျောက် ပွင့်လာတဲ့အခါ သတင်းစီးဆင်းမှုတွေ အရမ်းများတယ်။ ဂျာနယ်တွေ သတင်းတွေနဲ့ တင် မလုံလောက်ဘဲနဲ့ ဆိုရှယ် Network တွေကို သတင်းအနေနဲ့ အသုံးပြုလာကြတယ်။ အဲဒီမှာ သတင်းစီးဆင်းမှု အရမ်းမြန်တယ်။ တုံ့ပြန်မှုတွေ ကလည်း အရမ်းမြန်တယ်ဟု ၎င်းက ပြောသည်။
လူမှုကွန်ရက်အား အသုံးပြုခြင်းနှင့် ပတ်သက်၍အစိုးရ၊ လူမှုအဖွဲ့အစည်းများ၊ IT ပညာရှင်များမှဝိုင်းဝန်းကာ ပြည်သူလူထုအား လူမှု ကွန်ရက် အသုံးပြုပုံ ဆိုးကျိုး၊ ကောင်းကျိုးများအား အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်သွားရန် လိုအပ်ကြောင်း လူမှုကွန်ရက်အား အသုံးပြုနေသော ပညာရှင် များက ပြောဆိုကြသည်။
အသိပညာပေးလုပ်ငန်းတွေ မလုပ်မီ လူမှုကွန်ရက်သုံးစွဲသူတွေအနေနဲ့ ကိုယ့်အကောင့်ထဲမှာ သွေးထိုးလှုံ့ဆော်တဲ့ Hate Speech တွေ ပြော တဲ့အကောင့်တွေကို ဘလော့ပစ်ပါ။ ပြီးရင် ဒီအကောင့်တွေကတော့ ဒါတွေရေးသားနေတယ်ဆိုပြီးပြန် Share ပါ ဒါဆိုရင် သူကတစ်ဖြည်းဖြည်း ပျောက် ကွယ်သွားပါလိမ့်မယ် ဟု GMIT ၏ စီအီးအို Ko Ravi က အကြံပြုပြောသည်။
လူမှုကွန်ရက်မီဒီယာ၏ သတင်းအရေးအသားကြောင့် ဇူလိုင်လ(၁၇)ရက်နေ့က မန္တလေးမြို့ တွင် ပဋိပက္ခဖြစ်ပွားခဲ့ရာ လူနှစ်ဦး သေဆုံးခဲ့ပြီး၊ ဇူလိုင်လ (၃) ရက်နေ့မှ စတင်ကာ ယခုအချိန်ထိ မန္တလေးခရိုင်အတွင်းရှိ မြို့နယ်များကို ညကိုးနာရီမှ နံနက် ငါးနားရီ အချိန်ထိ ပုဒ်မ(၁၄၄) ညမထွက်ရ အမိန့် ထုတ်ပြန်ထားသည်။

Messenger News Journal

“ မန္တလေး အကြမ်းဖက်မှု ဘယ်သူ့မှာ တာဝန်ရှိလဲ ” စည်သူအောင်မြင့်


 “နေကဖေး ဆန်းကဖေးပိုင်ရှင် နေဝင်း(ခ)ပူလူး၊ ဆန်းမောင်(ခ)အွတ်စမန်းတို့ 28.6.2014 ရက်နေ့ ညဥ့်နက်သန်း ခေါင်အကာလ အချိန်မတော်ကြီး၌ မစိုးစိုးအား အဓမ္မပြုကျင့်ခြင်းသည် သာမန်ရာဇဝတ်မှုမဟုတ် အဓိကရုဏ်း ပေါ်ပေါက်လာအောင် ရည်ရွယ်ချက်ရှိရှိဖြင့် လုပ်ကြံဖန်တီး ကျူးလွန်ခြင်းသာ ဖြစ်သည်။ ” ဦးဝီရသူ
မဇ္ဈိမ သတင်းစာ၊

ဇူလိုင် လဆန်းက ဖြစ်ပွားခဲ့ပြီး ခုချိန်ထိ ည မထွက်ရ အမိန့်ထုတ်ပြန်ထားရဆဲ မန္တလေး အကြမ်းဖက်မှုကြီးကို စတင်စေခဲ့တဲ့ မုဒိန်းမှုဆိုတာဟာ လီဆယ် တိုင်တန်းမှု တစ်ခုပဲ ဖြစ်တဲ့အကြောင်း အစိုးရက သတင်းထုတ်ပြန်လိုက်ပါပြီ။ လီဆယ်တိုင်တန်း မှု တစ်ခုတောင် ခုလို အကြမ်းဖက်မှုကြီး ဖြစ်ရတယ် ဆိုရင် တကယ့်မှုခင်းတွေဆို ဒီထက်မက ဖြစ်နိုင်ခြေ အများကြီး ရှိတယ်ဆိုတာ အလွယ်တကူ သိနိုင်ပါတယ်။ ဒါတင်မက ဒီနိုင်ငံမှာ အကြမ်းဖက်မှုတွေ ဖြစ်ပွားအောင် ဖန်တီးရ၊ လှုံ့ဆော်ရ အလွန်လွယ်ကူ၊ အဲလို လုပ်လို့လဲ ဘာမှ အရေးယူ မခံရဘူး ဆိုတဲ့ အဓိပ္ပါယ်လည်း ထွက်ပါတယ်။ အခု ဖြစ်စဉ်နဲ့ ပါတ်သက်ပြီး တိုင်းပြည်အုပ်ချုပ် မင်းလုပ်တဲ့သူတွေဘက်က ဘာမှ သုံးသပ်တာ၊ အရေးယူ ဆောင်ရွက်တာ မလုပ်တော့ဘူးလားလို့ မေးစရာ မေးခွန်း ရှိလာပါတယ်။ ဒီကနေ့ ဒီအကြောင်း သုံးသပ်တင်ပြသွားပါ့မယ်။

ပထမ တစ်ချက်ကတော့ မုဒိန်းကျင့်ခံရပါတယ် ဆိုတဲ့ တိုင်တန်းချက်တစ်ခုကို ဘယ်မီဒီယာတွေက ဘယ်လို ဖော်ပြခဲ့သလဲ ဆိုတာပါ။ “ တိုင်ကြားထားချက် ” ကို “ တိုင်ကြားထားချက်” လောက် မဖော်ပြပဲ တကယ်ပဲ ဖြစ်ခဲ့သယောင်၊ စွတ်စွဲခံရသူတွေက တကယ်ပဲ ကျူးလွန်ခဲ့သယောင် ရေးသားမှုက ပထမ ဦးဆုံး တာဝန်ရှိပါတယ်။ ဒုတိယ တစ်ချက်ကတော့ “ တိုင်ကြားထားဆဲ ” အဆင့်လောက်ပဲ ရှိနေသေးတဲ့ မှုခင်းတစ်ခုခုကို စွတ်စွဲခံရသူဟာ အစ္စလာမ် ဘာသာဝင်တွေ ဖြစ်တယ်ဆိုတဲ့ အကြောင်း အချက်တစ်ခုထဲနဲ့ အသည်းအသန် လိုက်လံ စုံစမ်း၊ သတင်းဖြန့်ဖြူး လုပ်ခဲ့ကြသူတွေလည်း တာဝန်ရှိပါတယ်။ အခုဖြစ်စဉ်မှာ အရှင်ဝီရသူဟာ အဲဒီ ကိစ္စ တိုင်ချက် “ပ ” နံပါတ်ရဖို့ မဘသ အဖွဲ့ဝင်တွေကို ပျဉ်းမနားရဲစခန်းအထိ သွားပြီး မေးမြန်း ခိုင်းခဲ့တာပါ။ တစ်နှစ်ကို မုဒိန်းမှုပေါင်း ၇၀၀ ကျော်လောက် ဖြစ်ပွားနေတဲ့၊ သက်ငယ်မုဒိန်းမှုတွေ အလွန်ပေါများ အရုပ်ဆိုး အကျည်းတန်နေတဲ့ တိုင်းပြည်တစ်ပြည်မှာ ခုလို အဓမ္မပြုကျင့်တယ် ဆိုပြီး ဘာသာခြားကို စွတ်စွဲတဲ့ ကိစ္စမျိုးတွေကိုမှ ရွေးပြီး ဘာကြောင့် စုံစမ်းခိုင်းရတာလဲ။ ဒါဟာ ဘုရားသားတော် သံဃာတွေ လုပ်ရမယ့် လုပ်အပ်တဲ့ အလုပ် ဟုတ်ပါရဲ့လား။ စသဖြင့် မေးစရာရှိလာပါတယ်။

တဆက်တည်း ဒီ ကိစ္စကို ဦးဝီရသူနဲ့ မတူကွဲပြားပါတီ ခေါင်းဆောင် နေမျိုးဝေတို့ သူတို့ပိုင် ဖေ့ဘုတ် စာမျက်နှာမှာ ရေးကြသားကြပါတော့တယ်။ ဦးဝီရသူဆိုရင် ဇူလိုင် ၃ ရက်နေ့မှာ ခုလို ရေးခဲ့ပါတယ်။ “နေကဖေး ဆန်းကဖေးပိုင်ရှင် နေဝင်း(ခ)ပူလူး၊ ဆန်းမောင်(ခ)အွတ်စမန်းတို့ 28.6.2014 ရက်နေ့ ညဥ့်နက်သန်း ခေါင်အကာလ အချိန်မတော်ကြီး၌ မစိုးစိုးအား အဓမ္မပြုကျင့်ခြင်းသည် သာမန်ရာဇဝတ်မှုမဟုတ် အဓိကရုဏ်း ပေါ်ပေါက်လာအောင် ရည်ရွယ်ချက်ရှိရှိဖြင့် လုပ်ကြံဖန်တီး ကျူးလွန်ခြင်းသာ ဖြစ်သည်။ ” ဒီထက် ဆိုးတာတွေတောင် အများကြီး ရှိပါသေးတယ်။ တကယ်တော့ ဒါဟာ အမုန်းတရား ဖြစ်ပေါ်ဖို့ မဟုတ်မမှန် လုပ်ကြံ လှုံ့ဆော်မှု တစ်မျိုးလို့ ဆိုရင် မမှားပါဘူး။ နေမျိုးဝေကတော့ အမုန်းတရား ဖြစ်ဖို့ လှုံ့ဆော်ရုံမက အကြမ်းဖက်ဖို့တောင် လှုံ့ဆော်ခဲ့ပါတယ်။

ဒီလောက်တောင်ပဲလား ဆိုတော့ မက သေးပါဘူး။ မန္တလေးမှာ ဆူပူမှု စဖြစ်တော့ မန္တလေး မဘသ အဖွဲ့ကြီးဟာ တစ်ဖက်က ဒီဆူပူမှုတွေဟာ သူတို့ကြောင့် မဟုတ်ပါဘူး လို့ ပြောပြီး အခြားတစ်ဖက်က အဲဒီ တိုင်ကြားထားဆဲ မုဒိန်းမှု ကို အမှုမှန် အမြန်ဆုံး ဖော်ထုတ်ပေးဖို့ ဆိုပြီး တရားဝင် ကြေငြာချက်ထုတ် တောင်းဆိုတာမျိုးတောင် လုပ်လိုက်ပါသေးတယ်။ ပြောရရင် မန္တလေးမှာ အကြမ်းဖက်မှုကြီး ဖြစ်ပွားအောင် အဦးအစ လှုံ့ဆော်သူတွေဟာ အဲဒီ သံဃာ၊ အဲဒီ လူပုဂိုလ်နဲ့ အဲဒီ အဖွဲ့အစည်းတွေ ပါဝင်တယ်ဆိုတာ အလွန်ထင်ရှားပါတယ်။ တစ်တိုင်းတစ်ပြည်လုံးလဲ သိကြပါတယ်။

တတိယ တစ်ချက်ကတော့ တိုင်ကြားထားဆဲ အမှုတစ်ခုက တိုင်ကြားခံလူတွေကို ထုတ်ပေးဖို့ လူစုလူဝေးနဲ့ တောင်းဆိုတာပါ။ တကယ်တော့ လူတွေ ဒီလို စုရုံးပြီး စွတ်စွဲခံရသူတွေကို ထုတ်ပေးဖို့ တောင်းဆိုမှု လုပ်လာအောင် ကနဦး လှုံ့ဆော်ပေးခဲ့သူတွေဟာ အဲဒီ လီဆယ် တိုင်တန်းထားတဲ့ မုဒိန်းမှုကို တကယ့်ဖြစ်ရပ်ကြီးသဖွယ် မီးမောင်းထိုး လှုံ့ဆော် ရေးသားခဲ့ကြသူတွေပဲ ဖြစ်ပါတယ်။ တကယ့် မုဒိန်းမှု အစစ်အမှန် ဖြစ်ခဲ့ရင်တောင် ဒီလို လူစုလူဝေး လူအုပ်ဝါဒနဲ့ ရိုင်းစိုင်းကြမ်းတမ်း တဲ့သူတွေလို ဥပဒေ အပြင်ဘက်က ကိုယ့်ဖာသာကိုယ် အပစ်ပေးချင်တဲ့ ပုံစံမျိုး လုပ်ဖို့ မလိုအပ်ပါဘူး။ တရားဥပဒေ အတိုင်း စီရင်စေရမှာပဲ ဖြစ်ပါတယ်။
စတုတ္တ တစ်ချက်ကတော့ အကြမ်းဖက်မှုတွေ ဖြစ်လာချိန် ဒုတ်ဒါးကိုင်ဆောင် လှည့်လည် သွားလာသူတွေကို တားဆီးဖို့ မကြိုးစားတဲ့ ရဲတပ်ဖွဲ့နဲ့ အာဏာပိုင်တွေရဲ့ ပြသနာပါ။ အဲလို အကြမ်းဖက်မှုကို တစ်ပြိုင်နက်တည်း မနှိမ်နင်းတဲ့အခါ အကြမ်းဖက်သူတွေ ပို အတင့်ရဲလာပါတယ်။ နောက်ပိုင်းမှ ဖမ်းမယ် ဆိုတဲ့အခါ လိုရင် လိုသလို မလိုရင် မလိုသလို၊ အရေးယူတာတွေ၊ အရေးမယူပဲ လျစ်လျူရှုပေးထားလိုက်တာတွေ အားလုံး လုပ်ခွင့်ပေးလိုက်သလို ဖြစ်သွားစေပါတယ်။ ခုဆိုရင် အာဏာပိုင်တွေဟာ လူသတ်မှု နှစ်မှုရဲ့ လက်သည်တရားခံ ဖော်ထုတ်ပြီး ပြည်သူတွေကို ရှင်းပြနိုင်ခြင်း မရှိသေးပါဘူး။

တိုင်းပြည်တစ်ပြည်မှာ အမုန်းတရား ပေါက်ဖွားနိုင်ပါတယ်။ ဆူပူဖို့ လှုံ့ဆော်မှုသူတွေ ရှိနိုင်ပါတယ်။ အကြမ်းဖက်မှုတွေ ဖြစ်ပွားနိုင်ပါတယ်။ အဲဒီမှာ အစိုးရ တစ်ရပ်ရဲ့ တာဝန်ဟာ နောက်နောင် အဲလို ထပ်မဖြစ်စေဖို့ နည်းပေါင်းစုံနဲ့ အရေးယူတားဆီးရမှာ ဖြစ်ပါတယ်။ လိုအပ်ရင် ပြည်သူတွေကို ပညာပေးတာမျိုး လုပ်ရပါမယ်။ အခုကတော့ ဗြောင်းပြန်ပါပဲ။ အမုန်းတရား ဖြန့်ဖြူးသူတွေ အရှိန်အဟုန် မပျက် ဆက်ပြီး ဖြန့်ဖြူးနေနိုင်ကြပါတယ်။ ဆူပူဖို့ လှုံ့ဆော်သူတွေ ဆက်ပြီး လှုံ့ဆော်ကြပါဦးမယ်။ အကြမ်းဖက် သမားတွေကလည်း အခွင့်ပေါ်လာတိုင်း အကြမ်းဖက်ကြပါဦးမယ်။ အကြောင်းကတော့ အာဏာပိုင် အဖွဲ့အစည်းက ထိထိရောက်ရောက် အရေးယူမှု မရှိတာ၊ တမင် ရည်ရွယ်ချက်ရှိရှိ လျစ်လျူရှုထားတာတွေကြောင့် ဖြစ်ပါတယ်။ ဒီလိုနည်းနဲ့ ရခိုင်ပြည်နယ်က စ လိုက်တဲ့ အကြမ်းဖက်မီး မိတ္တီလာ၊ ပဲခူးတိုင်း၊ ရှမ်းပြည်နယ်၊ ရန်ကုန်တိုင်း၊ မကွေးတိုင်းနဲ့ အခုနောက်ဆုံး မန္တလေး ရွှေမြို့တော်အထိ မရပ်မနား ကူးစက် လောင်ကျွမ်းခဲ့ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် အခု မန္တလေး ဇတ်လမ်းအစ အဖြစ်မှန်ပေါ်လာပါပြီ။ အာဏာပိုင်တွေအနေနဲ့ ဒီလို ပြသနာမျိုး နောက်ထပ် ဖြစ်ပေါ်မလာရလေအောင် ကာကွယ်တားဆီးရမယ့် အပြင် လီဆယ် တိုင်တန်းသူကို ဥပဒေ အရပဲ အရေးယူရပါမယ်။ သူ့ကြောင့် အကြမ်းဖက်မှုတွေ ဖြစ်ပွားတယ်လို့ ၀ါဒဖြန့်ပြီး တရားလွန် အပစ်ပေးတာမျိုး ခုတ်ရာတခြား၊ ရှရာတလွဲ ဖြစ်အောင် မလုပ်သင့်ပါဘူး။ ပုံမှန် တရားဥပဒေအတိုင်း စီရင်ရပါမယ်။ အလားတူ စွတ်စွဲခံရတဲ့၊ နစ်နာသွားတဲ့ လဖက်ရည်ဆိုင်ပိုင်ရှင်တွေ သူတို့ အလုပ် သူတို့ ဆက်လုပ်နိုင်အောင် အာဏာပိုင်တွေက အပြည့်အ၀ အကာအကွယ်ပေး တာဝန်ယူရပါမယ်။ အပြစ်မရှိတဲ့ နိုင်ငံသားတွေကို အစိုးရက အကာအကွယ်ပေးတာမျိုး ဖြစ်ပါတယ်။

အရင် စစ်အာဏာရှင်တွေဟာ နိုင်ငံတော်က ဦးဆောင်တဲ့ အကြမ်းဖက်မှုလို့ ဆိုနိုင်တဲ့ ဒီပဲရင်း လို အကြမ်းဖက်မှုမျိုး ကျူးလွန်ခဲ့တဲ့ အမဲစက် စွန်းထင်းခဲ့ဖူးပါတယ်။ လက်ရှိ သမ္မတ ဦးသိန်းစိန်ကတော့ အဲလို အခြေအနေမျိုး မဖြစ်အောင် ရှောင်ရှားလိုတယ်ဆိုရင် အမုန်းတရား ဖြန့်ဖြူးနေတဲ့ ကိစ္စတွေ စပြီး ကိုင်တွယ်ပါ၊ အကြမ်းဖက်ဖို့ လှုံ့ဆော်သူတွေ၊ အကြမ်းဖက်သူတွေကို ထိထိရောက်ရောက် အရေးယူပါ၊ နောက်နောင် မဖြစ်ပွားအောင် နည်းပေါင်းစုံနဲ့ ကာကွယ်ဖို့ စပြီး ပြင်ဆင်ပါ၊ စာနယ်ဇင်း သတင်းသမားတွေကို တကယ့် တိုင်းပြည်ဖျက်မယ့် ရန်သူကြီးတွေ သဖွယ် ဖိနှိပ်ရန်ရှာနေတာတွေကို ရပ်ပါတော့လို့သာ မေတ္တရှေ့ထား၊ တိုက်တွန်း ပြောကြားလိုက်ရပါတယ်။
စည်သူအောင်မြင့်။
Dawnmanhon

ပျိုမေများ တင် အချိုးကျကျ ငွါးငွါးစွင့်စွင့် လှစေဖို့ လေ့ကျင့်ခန်း


အမျိုးသားတွေဟာ ပိန်ပိန်ဝဝ ခါး တင် အချိုး ၈၀ အောက် ရှိတဲ့ မိန်းကလေးတွေကို ပိုပြီး စိတ်ဝင်စား ကြပါသတဲ့။ တင်ပါးဆုံရိုးကွင်း (pelvis) ကား တဲ့ အမျိုးသမီးတွေက သူတို့ ကလေးလေးတွေကို ရှောရှောရှူရှူ အခက်အခဲ မရှိ မီးဖွား ပေးနိုင်လို့ သင်မထားပေမယ့် အမျိုးသားတွေ ရဲ့ဦးနောက်မှာ ဒီလိုအချိုးဆို ဒီလိုကြိုက် တဲ့ အသိရှိနေတာဖြစ်ပါတယ်။။


တင်ကို ငွါးငွါးစွင့်စွင့်လေးဖြစ် စေဖို့လုပ်နိုင်တဲ့ လေ့ကျင့်ခန်းလေးတွေရှိပါတယ်။ လေ့ကျင့်ခန်းလုပ်တာက pelvis အရိုးကွင်းကျယ်လာစေမှာ မဟုတ်ပေမယ့် အဲဒီ အပေါ်ကို ကြွက်သား ထပ်အုပ်ပေး တဲ့ သဘောပါ။ ကြည့်ကြရအောင်လားရှင်။

Side Lunge
A)ခြေထောက်ကို တင်ပါးနဲ့ တစ်တန်းထဲမှာထားပါ။ အလေး တစ်ခုစီကို လက်တစ်ဘက် စီ မှာ ကိုင်ပြီး ကိုယ်ကိုမတ်မတ်နေပါ။
B) ညာဘက်ခြေကို ဘေးသို့ ဆန့်နိုင်သမျှ ဆန့်ထုတ်ပြီး ဘယ်ဒူးကို ကွေးချပါ။ အလေးနှစ်နှစ်ခု ဟာ ဘယ်ခြေရဲ့ တဖက်တချက်မှာ ရှိပါစေ။ :: လုပ်နေစဉ် အတွင်းမှာ တင်ပါးသားကို အနောက်သို့ ပစ်ထားဖို့လိုပါမယ်။
C) မူလ အနေအထားတိုင်း ပြန်သွားပြီး တစ်ဖက် သို့ပြောင်းပါ။
:: ဘယ်၊ညာ တစ်ဘက်စီကို ၁၀ ကြိမ် မှ ၁၂ကြိမ်ထိ လုပ်ပေးပေးရပါမယ်။

Side Step Ups
A) လှေကားဖြစ်ဖြစ်၊ ခွေးခြေဖြစ်ဖြစ် မြင့်တဲ့နေရာ တစ်ခုပေါ်ကို ဘယ်ခြေထောက်ကို တင်ထားပြီး ကိုင်ထားတဲ့ အလေးကို ဘယ် ပခုံးနဲ့ကပ်ထားပါ။
B) ဘယ်ခြေကိုအားပြုရင်း ညာခြေကို အရှေ့ သို့လှမ်းကန်ပါ။ ဟန်ချက် မပျက်အောင် ညာလက် ကို ပုံမှာပြထားတဲ့အတိုင်း ဘေးသို့ ဆန့်တန်းထားရပါမယ်။
:: ၁၀ကြိမ်ပြည့်အောင်လုပ်ပြီး နောက်တစ်ဖက် ဘက်ပြောင်းပါ။

Hip Abductor
A) မတ်တပ်ရပ် အနေအထားမှာဘယ်ခြေကို ညာခြေအရှေ့မှာ ထားပါ။ :: ခါးမကိုင်းမိစေဖို့ ဂရုပြုပါ။
B) ဘယ်ဘက်ခြေထောက်ကို မူလနေရာမှ ဘေးတိုက် အဝေးသို့ လွှဲပါ။ လွှဲနေစဉ်မှာ ဒူးမကွေးစေဖို့ သတိပြုရပါမယ်။
လေ့ကျင့်ခန်း တစ်ခေါက်လုပ်တိုင်း ၁၂ကြိမ်လွှဲပေးရပါမယ်။

အချိန်တိုအတွင်းမှာ သိသိသာသာလေး ဖြစ်စေချင်ရင် တော့ အထက်မှာ ဖော်ပြထားတဲ့ လေ့ကျင့်ခန်းလေးတွေကို တစ်နေ့ကို သုံးကြိမ်ပြုလုပ်ပေးနိုင်ပါတယ်။
ဒီဆောင်းပါးလေးကို ဒီမျှနဲ့ ကျေနပ်နှစ်သက်နိုင်မယ်လို့မျှော်လင့်ပါတယ်ရှင်။ နောက်နောင်အလျင်းသင့်ရင် ပျိုမေတို့အတွက် ကောင်းနိုးရာရာလေးတွေကို ကြိုးစားဖော်ပြပေးသွားဦး မှာပါ။ စာဖတ်သူပျိုမေတွေ အားလုံး ကျန်းမာပျော်ရွှင်ဖွယ် နေ့ရက်လေးတွေကို ပိုင်ဆိုင်နိုင်ကြပါစေရှင်။

New Myanmar News

ထောက်လှမ်းရေးက မြှောက်စားလို့ တောက်ကြွားခဲ့တဲ့ တရုတ်ခရိုနီ – လက်စောင်းထက်



ဒီတစ်ပတ်တော့ နောက်ထပ် တရုတ်ခရိုနီတစ်ယောက် အကြောင်း ပြောပြမယ်။ သူကတော့ အရေး အခင်း မတိုင်ခင်ကာလမှာ တရုတ်တန်းမှာ သုံးဘီးမောင်းရာက စစ်အစိုးရ လက်ထက်မှာ ကုဋေကြွယ် သူဌေးကြီး ဖြစ်လာတဲ့သူပဲ။ တခြား တရုတ်ခရိုနီတွေလို သူလည်းမူးယစ်ဆေးနဲ့ မကင်းဘူး။ ထောက်လှမ်းရေး ညွှန်မှူး ဗိုလ်ချုပ်ခင်ညွန့်နဲ့ အလွန်ပလဲနာမသင့်ပြီး အင်းလျားကန်ရှေ့က မြကန်သာအိမ်ရာ၊ တာမွေက မေတ္တာညွန့်အိမ်ရာ၊ ဗဟန်း ဗိုလ်ချိုအိမ်ရာ၊ အလုံ အမှိုက်ပုံက မြစ်ကမ်းသာ အိမ်ရာ စီမံကိန်းတွေ တည်ဆောက်ခွင့် ရခဲ့ရုံမက အခု အစိုးရ လက်ထက်မှာလည်း လေဟာပြင် ဈေးကြီးကို စည်ပင်နဲ့ အကျိုးတူ ပူးပေါင်းဆောင်ရွက်ခွင့် ရခဲ့သူပေါ့။

သူ့နောက်မှာ မြန်မာစကား မပြောတတ်တဲ့ မန္တလေးက တရုတ် သူဌေးကြီး တစ်ဦးရှိတယ်။ အဲဒီလူ ကနောက်မှာနေပြီး သူကရှေ့ထွက် လူလုံးပြရင်း ချမ်းသာလာတာ ဖြစ်တယ်။ ထောက်လှမ်းရေး ဆိုတာကလည်း အဲဒီခေတ်က တန်ခိုး အလွန်ထွားသမို့ ထင်ပေါ်လို့ ထောက်လှမ်းရေးက ကောက်လိုက်ရင် တစ်ခါတည်း စင်ပေါ်ရောက်လာတာပေါ့ဗျာ။ အဲဒီလူက ဘဏ်ထောင်တော့ အလုပ်ခေါ်ရာမှာ မတတ်တာကို တတ်အောင် သင်ပေးလို့ရတယ်၊ မလှတာကို လှအောင်ပြင်ပေးလို့ မရဘူးဆိုတဲ့ မူနဲ့ ၀န်ထမ်းမလေးတွေ ခန့်ခဲ့တာပေါ့။ သူ့ရဲ့ဆောက်လုပ်ရေး ကုမ္ပဏီထဲမှာလည်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ကော်မတီဝင် တချို့ကို အစုရှယ်ယာ ထည့်ပေးထားတော့ စည်ပင်က အလုပ်မှန်သမျှ သူချည်းရနေတဲ့သူလည်း ဖြစ်တယ်။

သူက ပြီးခဲ့တဲ့ အပတ်ပြောခဲ့တဲ့ ဘိန်းတရုတ်ခရိုနီလိုပဲ ရေအား လျှပ်စစ်စီမံကိန်းတွေကို ကုမ္ပဏီ နာမည် အမျိုးမျိုးနဲ့ ရလည်းရထားတယ်။ အထင်ရှားဆုံး ပြောပြရရင် ရဲရွာ ရေအားလျှပ်စစ် စီမံကိန်းပေါ့။ ဘိန်းတရုတ် ခရိုနီက လျှပ်စစ်ဝန်ကြီး ဗိုလ်ချုပ်တင်ထွဋ် လက်ထက်မှာ စီမံကိန်းတွေ ရခဲ့တာဖြစ်ပြီး ဒီတရုတ် ခရိုနီကတော့ လျှပ်စစ်တွေ ပိုနေလို့ နိုင်ငံခြားတောင် ရောင်းစားနေရတယ်လို့ ပြောခဲ့တဲ့ နာမည်ကျော် လျှပ်စစ်ဝန်ကြီး ဗိုလ်ချုပ် ဇော်မင်း လက်ထက်မှာ စီမံကိန်း တွေရခဲ့တာ ဖြစ်တယ်။ အာဏာရှင်ရဲ့ မိသားစုနဲ့ ရွှေလမ်း၊ငွေလမ်း ပေါက်အောင်လည်း အဲဒီ လျှပ်စစ်ဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းကပဲ ဖောက်ပေးခဲ့တာ ဖြစ်တယ်။

ဒီတရုတ်ခရိုနီက ဘယ်လောက်တောင် လောဘကြီးခဲ့ သလဲဆိုရင် ဓာတ်ဆီ၊ ဒီဇယ်သုံးရတဲ့ ၀န်ကြီးဌာနတွေ ဖြစ်တဲ့ ပို့ဆောင်ရေး ၀န်ကြီးဌာန၊ ရထားပို့ဆောင်ရေး ၀န်ကြီးဌာန၊ လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနနဲ့ စွမ်းအင် ၀န်ကြီးဌာန လေးခုကိုပေါင်းပြီး Ministy of Energy စွမ်းအင်ဝန်ကြီး ဌာနတစ်ခု အဖြစ် ပေါင်းပစ်ဖို့တောင် စီမံချက်တစ်ခုဆွဲပြီး ၂၀၀၈ ခုနှစ်က တင်ခဲ့သေးတာ။ အဲဒီစီမံချက်ကို ရေးပေးတဲ့သူက တလောကပဲ သမ္မတရဲ့ နိုင်ငံ့စွမ်းဆောင်ရည်ဆု ရသွားတဲ့သူရဲ့ သားဗျ။ ဌာနလေးခုပေါင်းရဲ့ ၀န်ကြီးအဖြစ် ဗိုလ်ချုပ်ဇော်မင်းက လုပ်မယ်ပေါ့ဗျာ။ အဲဒါကို အာဏာရှင် သာဂိကြီးဆီ အထိ တင်ခဲ့သေးတယ်။ ဟိုကလည်း သူ့အကျိုးစီးပွားပါလို့ အတည်ပြုခါနီးမှာ ကျန်တဲ့ ထိုင်ခုံပျောက်မယ့် ၀န်ကြီးတွေက ၀ိုင်းကန့်ကွက်လို့ ပျက်သွားတာ။

တစ်ချိန်တုန်းက လျှမ်းလျှမ်းတောက်ခဲ့တဲ့ သူ့ရဲ့ဘဏ်ကလည်း မြန်မာနိုင်ငံ စီးပွားရေး တိုးတက်ဖို့ ထောင်တာမဟုတ်ဘဲ မြေဈေး၊ ရွှေ ဈေး၊ အိမ်ဈေးနဲ့ အဲဒီခေတ်က ကားဈေးကွက်ကို ကစားဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ထောင်ခဲ့တာဖြစ်တယ်။ သူ့ဆီက ငွေထုတ်ချေးတဲ့ သူတွေဟာ ကုန်ထုတ်လုပ်ငန်း လုပ်တဲ့သူတွေ မဟုတ်ဘဲ လက်ထဲ ငွေရတာနဲ့ မြန်မာ့စီးပွားရေးကို သွက်သွက်ခါအောင် ကိုင်ကိုင်လှုပ်ခဲ့တဲ့ တရုတ်တွေချည်းပဲ။ အဲဒီကနေလည်း သူ့အတွက် အကျိုးအမြတ်တွေ အများကြီး ရခဲ့တယ်။ သူက အငှားကားမောင်းသမား ဘ၀ကနေ ဒီလိုသူဌေးကြီး ဖြစ်လာတာကို လူငယ်တွေ အတုယူ သင့်ကြောင်း အဲဒီခေတ်က အင်တာဗျူးတွေမှာ ဖြေလေ့ရှိတယ်။ ဒါပေမဲ့ စာနယ်ဇင်းသမား တစ်ယောက်က အငှားကားမောင်းရာကနေ နှစ် ၂၀အတွင်းမှာ ဒီလိုသူဌေးကြီး ဖြစ်လာအောင် ဘယ်ကငွေတွေ ရခဲ့ပါသလဲ မေးပြီးတဲ့နောက်မှာ သူ့ရဲ့အင်တာဗျူးတွေကို မတွေ့ရတော့ဘူး။

သူ့ဘဏ်လျှမ်းလျှမ်းတောက် နေချိန်မှာ တရုတ်အစိုးရက ဒီဘဏ်ဟာ မူးယစ်ဆေး၊ ငွေကြေး ခ၀ါချမှုတွေနဲ့ ပတ်သက်နေလို့ ပိတ်ပစ်ဖို့ စစ်အစိုးရကို ဖိအားပေးခဲ့တယ်။ တရုတ်ကလည်း အလကား ပိတ်ခိုင်းတာ မဟုတ်ဘူး။ ဒီဘဏ်နဲ့ ချိတ်ထားတဲ့ တရုတ်ဘဏ်တွေက နာမည်ပျက် စာရင်းဝင်နေတဲ့ ဘဏ်တွေဖြစ်လို့ ကြာရင် ဒီငွေမည်းတွေနဲ့ သူခံရတော့မယ်ဆိုတာ သိလို့ ပိတ်ခိုင်းတာ ဖြစ်တယ်။ ဒီခရိုနီကလည်း ပြောရရင် ကူမင်တန် အကြွင်းအကျန်တွေ မြန်မာပြည်ထဲ ကျူးကျော်ဝင်လာရာက ပေါက်ဖွား လာတဲ့သူ ဖြစ်တယ်။ အဲဒီအချိန်မှာ စစ်အစိုးရကလည်း အာဏာတည်မြဲဖို့ တရုတ် တောင်းဆိုသမျှကို လိုက်လျော နေရတဲ့အချိန် ဖြစ်လေတော့ သူ့ကိုချစ်သော်လည်း တရုတ်ကြီး စိတ်မငြိုငြင်ရအောင် ဘဏ်ကို ပိတ်ပစ်ခိုင်းလိုက်တယ်။ ထူးဆန်းတာက ဘဏ်နဲ့ ပတ်သက်ပြီး ရရန်၊ ပေးရန်တွေကို အဲဒီခေတ်က အတွင်းရေးမှူး(၁)က ဦးဆောင်ပြီး ဘယ်သူမှ မနစ်နာရလေအောင် စာရင်း ရှင်းလင်းပေးခဲ့တာ ဖြစ်တယ်။ ဒီတစ်ကွက်တည်း ကြည့်မယ်ဆိုရင် စစ်အစိုးရဟာ အလွန်မှ ပြည်သူ ပြည်သားတွေကို ငဲ့ညှာ သနားတတ်တဲ့ အသွင်တောင် ဆောင်နေသေးတယ်။ ဘဏ်လုပ်ငန်းရှင် ဆိုတာ တခြား ဘာအလုပ်မှ မလုပ်ရဘူး။ ကိုယ့်ကို ယုံကြည်စိတ်ချလို့ လာအပ် သူတွေရဲ့ ငွေကို လက်ခံ၊ လုပ်ထုံး လုပ်နည်းနဲ့ အညီ ငွေလိုတဲ့ သူတွေကို အတိုးနဲ့ချေး။ ပြီးရင် ချေးငွေနဲ့ အပ်ငွေကြားက အတိုးကိုပဲ သူက စားရမှာ။ အခုတော့ ဘဏ်တစ်ခု ထောင်ပြီးတာနဲ့ ဆောက်လုပ်ရေးတွေ တွဲလုပ်လိုလုပ်၊ လေကြောင်းလိုင်းတွေ ထောင်လိုထောင်နဲ့။ဘာလို့ ဒီလောက် အစိုးရက သဘောကောင်း ပေးရသလဲဆိုရင် အောင်ထွန်းလေးလို့ ခေါ်တဲ့ သာဂိကြီးရဲ့ ညွှန်ကြားချက်တွေကြောင့်ပေါ့ဗျာ။ ဒါကြောင့်လည်း မူးယစ်ဆေးနဲ့၊ ငွေမည်းတွေနဲ့ ဘယ်လို ပတ်သက် ပတ်သက်၊ ဒီတရုတ် ခရိုနီက သာဂိကြီး အိမ်ကို အ၀င်အထွက် မပျက်တာပေါ့။ ဒါတောင် သာဂိကြီးက ဘဏ်ကိစ္စမှာ စိတ်ဆိုး ဟန်ဆောင်လိုက်လို့ တရုတ်ခရိုနီက သူ့သားအကြီးဆုံးကို လွှတ်ပြီး စိန်လမ်းရွှေလမ်း အတော်ပြန်ဖောက် လိုက်ရသေးတယ်တဲ့။ ဖိုးသူတော် မျက်စိလည်ဆန်ရ၊ သာဂိကြီး စိတ်ဆိုးရင် စိန်တွေ ရသပေါ့ဗျာ။

အဲဒီလိုနဲ့ သာဂိကြီးက တိုင်းပြည်ကို နှစ်ပေါင်း ၂၀လောက် အုပ်ချုပ်လိုက်ရာမှာ မြန်မာနိုင်ငံရဲ့ ဓနဥစ္စာတွေဟာ သာဂိကြီးတို့ မိသားစုနဲ့ တရုတ်ခရိုနီတွေ လက်ထဲကို လုံးလုံးကို ကျရောက်သွားတော့တာပါပဲ။ အခု ပြည်သူပြည်သားတွေ ကျောကော့နေအောင် စခံနေရပြီဖြစ်တဲ့ လျှပ်စစ်မီတာခတွေ တိုးကောက်ဖို့ လျှပ်စစ်ဓာတ်အားကို ပုဂ္ဂလိက ပေးခွင့်ပြုဖို့ ဆိုတာတွေဟာ အရင် လျှပ်စစ်ဝန်ကြီးတွေနဲ့ ဒီတရုတ်ခရိုနီတွေ ပေါင်းကြံသွားတဲ့ ကိစ္စသက်သက်ပဲဗျ။ ဒီအစိုးရနဲ့ ဒီခရိုနီတွေကတော့ ဟုတ်နေတော့တာပဲ၊ ခရိုနီတွေက သူတို့ မွေးထားတဲ့ လူကြီးတွေ အိမ်ကိုသွား၊ ဒူးကလေး ထောက်ပြီး အဘွအဘွနဲ့ ဟိုစီမံချက် တင်ပြ၊ ဒီစီမံချက် ချပြနဲ့။ လူကြီးဆိုတဲ့ စားဖားတွေ ကလည်း အဲဒီစီမံချက်တွေ ပေါ်မှာ သူတို့အိတ်ထဲ ဘယ်လောက် ရောက်မလဲ မြင်တာနဲ့ ပြည်သူတွေ လစဉ်၊ နှစ်စဉ် သားစဉ်မြေးဆက် ခံရတော့မှာကို မျက်ကွယ်ပြုပြီး ခွင့်ပြုပေးနဲ့။ ဒါလားဗျ မျိုးချစ်စိတ်၊ ဒါလားဗျ တိုင်းပြည်ကို တိုးတက်အောင် လုပ်တာလို့ပြောရင်း သူ့စကားကို အဆုံးသတ် သွားပါတော့တယ်။

လက်စောင်းထက်

Tomorrow Journal

ဘောင်ဘင်ခတ်သူ



                     သူ့နာမည် အရင်းကို ကျွန်တော် ကောင်းကောင်း မမှတ်မိတော့ပါ။ မြေလတ်မြို့လေး တစ်မြို့နားမှာ မြင်းလှည်းမောင်းနေရင်းက မလေးရှား အလုပ်ပွဲစား တစ်ယောက်နဲ့ ချိတ်ဆက်မိ၍ ထွက်လာခဲ့သည်ကိုတော့ ပြောပြဖူးသည်။ ကျွန်တော်ကလည်း မလေးရှားမှာ ကိုယ့်မြန်မာအချင်းချင်း၊ ကိုယ့်ဒေသသားအချင်းချင်းဆိုတော့ သူ့ကို ခင်မင်မိလေသည်။

ထိုစဉ် Joho ပြည်နယ်တစ်နေရာက စက်မှုဇုန် တစ်ခုအတွင်းမှာ ကျွန်တော်တို့ နေထိုင်သည်။ သူနှင့် ကျွန်တော်တို့က Block တစ်ခုခြားနေသော်လည်း ညပိုင်းတွင် တီဗွီနှင့် မြန်မာဗွီစီတီ ဇာတ်ကားများ ကြည့်ရှုရန် ကျွန်တော့်အခန်းသို့ လာရောက်လေ့ ရှိသည်။ သူ ကျွန်တော့်အခန်းတွင်းသို့ ၀င်လာကာ ခုတင်ဘေးမှ စာအုပ်များကို ဝေ့ကြည့်ရင်း စာအုပ်တစ်အုပ် ဇတ်ခနဲ ကောက်ကိုင်၍ ”ဒီကောင် စာရေး ကောင်းတယ်”ဟု ရုတ်တရက် ဆိုသည်။

သူ ကောက်ကိုင်လိုက်သည့် စာအုပ်က ဆရာ မြသန်းတင့်၏ လူများ၊ သက္ကရာဇ်များ၊ ဘ၀များ။ ကျွန်တော့်မှာ အံ့သြလွန်း၍ ကြက်သေ သေကာ နှုတ်ဆွံ့ နေခဲ့ မိတော့သည်။ မြသန်းတင့်ကို ဒီကောင် စာရေး ကောင်းတယ်ဟု ဆိုလေသော ကျွန်တော့် မြေလတ်သားကြီးမှာ အတန်းပညာ ရှစ်တန်း အောင်ခဲ့သည်ဟု ဆိုသည်။ သူ မလေးရှား ရောက်လာ ကတည်းက အင်္ဂလိပ်ရော မလေးလိုပါ ပြောနိုင်ရန် အထူးကြိုးစား အားထုတ် နေသည်ကို ကျွန်တော်တို့ မြင်ရသည်။ ကျွန်တော်တို့ကလည်း အားပေး ကူညီ ခဲ့ကြပါသည်။ သူက အမှတ်အသားတော့ ကောင်းသည်။ တစ်နေ့ သူနှင့် ကျွန်တော် အတူလမ်းလျှောက်လာရင်း လမ်းဘေး စက်ရုံတစ်ခုမှ ကြော်ငြာဆိုင်းဘုတ်ကို သူဖတ်သည်။ ရေးထားသည်ကတော့ မလေးလို Jawatan Kosong နှင့်  Workers Wanted ၊ အပေါ် အောက် နှစ်ကြောင်းတည်း ဖြစ်၏။

”ကိုဝင်း  Workers Wanted ဆိုတာ အလုပ်သမား အလိုရှိသည်လားဗျ”

”ဟုတ်တယ်ဗျ”

ကျွန်တော်ကလည်း ရှည်ရှည်ဝေးဝေး ရှင်းမပြ ဖြစ်ခဲ့။

မကြာခင်မှာ သူ့အစွမ်းကို မြင်ရလေသည်။ တစ်ညနေ ကျွန်တော်တို့ ဘီယာဝိုင်းဖွဲ့ နေကြရင်း မီးဖိုချောင်မှ ဟင်းအမြည်း လုပ်နေသော ကောင်က Gas ကုန်နေပြီ ဖြစ်ကြောင်း သတင်းပို့လေရာ သူက ”နေ နေ ကျွန်တော် လှမ်းမှာ လိုက်မယ်”ဟု ဆိုသည်။ ပြီးနောက်  Gas Company ၏  Hot Line နံပါတ်ကို ကောက်နှိပ်၍ အများကြားစေရန် ဖုန်းကို စပီကာ ဖွင့်လိုက်ချေသေးသည်။

”ဟယ်လို”

သူ့ ဟယ်လို အဆုံးမှာ တစ်ဖက်မှ ထူးသံ ထွက်ပေါ် လာသည်။

”ဟယ်လို”

”ဟယ်လို ဟယ်လို ဂက်စ် ၀မ့်တက်”

”နိုးဆာ၊ ၀ီအာ အယ်လ် ပီ ဂျီ”

”အာ ဂက်စ် ၀မ့်တက် အိုင် ဂက်စ် ၀မ့်တက်”

”ဟိုင်းဆာ၊ ၀ီအာ နော့သ် ဂက်စ် ၀မ့်တက်၊ အာဝါ့စ် အစ်စ် အယ်လ် ပီ ဂျီ၊ ယူဝမ့်တူ အော်ဒါ ဂက်စ်”

”ယာ့ ယာ့ ဂက်စ်ဝမ့်တက်”

”ဆိုး ယူဝမ့် ဒဂက်စ်”

”နိုး၊ နိုး ဂက်စ် ၀မ့်တက်”

ရှေ့ဆက် လွှတ်ပေးထားလျှင် ပိုဆိုးတော့မှာမို့ တစ်ယောက်က ဖုန်းကို ကောက်ကိုင်ကာ ရှင်းပြ၍   အော်ဒါဇာတ်လမ်းကို သိမ်းလိုက်ရလေတော့သည်။ သို့င်အောင် သူက ”ကိုဝင်းပြောတော့   Workers Wanted က အလုပ်သမား အလိုရှိသည်ဆို”လို့ ကျွန်တော့်ကို အထွန့် တက်လိုက်သေးသည်။ သို့ဖြင့် မလေးရှားတွင် နေစဉ် နှစ်နှစ်တာ ကာလအတွင်း သူ့ကို ၀မ့်တက်ဟုသာ ခေါ်ဖြစ်ကြတော့သည်။ သူကား အပြုံး မပျက်ပင်။ ကျွန်တော့်ထံမှ စာအုပ်များ မကြာမကြာ ငှားရမ်းပြီး ပြန်လာပေးတိုင်းလည်း ဓမ္မကထိက၏ လေသံဟန်ပန်မျိုးဖြင့် ဆွေးနွေးလေ့ ရှိသည်။ ခက်သည်က သူသည် ဘယ်စာကိုမှ ခြေခြေမြစ်မြစ် မဖတ်။ အမည်၊ ခေါင်းစဉ် နှင့်  High Light လောက်ဖတ်ပြီး သူ့လောက် သိသူ နှစ်ယောက်မရှိတော့ လေဟန် တကယ့် ဝေဖန်ရေးဆရာပမာ အာဘောင်အာရင်းသန်သန်နှင့် ဝေဖန် တတ်လေသည်။ ကျွန်တော်တို့ကလည်း သူ့ကို လူပြက်ပမာမျှသာ သဘောထား၍ စိတ်လုပ် မနေအားကြ၊ ပြီးပြီးပျောက်ပျောက်သာ သဘောထား ခဲ့ကြသည်။

သူမလေးရှားမှ သူ့ဇာတိသို့  ပြန်သွားပြီးကတည်းက မတွေ့ရတော့သည်မှာ ခြောက်နှစ်ခန့်ပင် ရှိရော့မည်။ သတင်း အစအနလည်း မကြားရ။ Online မှာလည်း အဆက်အသွယ် မရှိ။ ကျွန်တော်လည်း စင်ကာပူသို့ ပြောင်းရွှေ့ အခြေချ ဖြစ်ခဲ့သည်။ တလောက ကျွန်တော်တို့ မိသားစု Peninsular Plaza သို့ အသွား MRT မှ အထွက် ရုတ်တရက် လူတစ်ယောက် ကျွန်တော်လက်ကို ဆွဲယမ်း ကိုင်လှုပ်၍ နှုတ်ဆက်စကား ဆိုလာသည်။

”ဟယ်လို ကိုဝင်း”

”ဟား ခင်ဗျား စင်ကာပူ ရောက်နေသကိုး။ ကြာပြီ လား”

သြ၊ မစ္စတာဝမ့်တက်၊ အမှန် တကယ်ပင်။ သူ့နာမည်အရင်းကို ကျွန်တော် မမှတ်မိတော့ပါ။ သို့သော် သူ့စရိုက် သူ့ဟန် မပျောက်သေးကြောင်း သူ့အဖြေက သက်သေခံလျက် ရှိသည်။

”ကျွန်တော် သရီးယီးယားလောက် ရှိပြီ”

”အဆင်ပြေရဲ့လား”

”ဒီလိုပဲဗျာ.. So So။ Not too Bad ဆိုပါတော့”

ကျွန်တော့်ဆရာ မစ္စတာဝမ့်တက် ဘိုစကား အတော်ပင် တိုးတက်နေလေပြီ။

”ဒါ ကိုဝင်း ဖယ်မလီလား”

”ဟုတ်ပါ့ဗျာ”

ကျွန်တော် သူ့ကို ဇနီးသည်နှင့် မိတ်ဆက်ပေးပြီးနောက် လမ်းခွဲ နှုတ်ဆက် လိုက်သည်။

”သွားဦးမယ်ဗျာ”

”ဟုတ်ပြီလေ ကိုဝင်း။ တွေ့ကြ.. အဲ.. အဲ.. Facebook ပေါ်မှာ တွေ့ကြတာပေါ့။ ကိုဝင်း ဘာနာမည် နဲ့ သုံးသလဲ”

”၀င်းနိုင်ဦးပေါ့ဗျာ။ ပရိုဖိုင်းမှာ ကျွန်တော့်ပုံနဲ့ပဲ”

”ကျွန်တော့်ကိုတော့ နာမည်အရင်းနဲ့ မရှာနဲ့ဗျာ။ ‘အညာနွေ တမာမြေက တာတေ စနေသား’ဆိုတာ ကျွန်တော်ပဲ။ အက်ဒ်လိုက်လေနော်”

အင်မတန် ဘိုဆန်ချင်လှသော ကျွန်တော့်မြေလတ်သားကြီးသည်  Facebook ပေါ်မှာဖြင့် ဇာတိမြေ ခင်တွယ်စိတ်ကို မစွန့်ပယ်နိုင်ရှာချေ။ ညရောက်တော့်  Facebook ပေါ်၌ သူ့ကို ရှာမိသည်။ တွေ့ပါပြီ။ မြသလွန်ဘုရားက ဘီလူးရုပ် ပရိုဖိုင်းပုံနှင့် အချက်အလက် မပါသော အကောင့်ပိုင်ရှင် ‘အညာနွေ တမာမြေက တာတေစနေသား’ ပေတကား။ ကွယ်လွန်သူ ၀န်ကြီးချုပ်ဟောင်းသာ သိလျှင် သူ၏ ဇာတ်ကောင်အမည် အတွက် မည်သို့ ဆိုလေမည် မသိ။

ဆရာမြသန်းတင့်ကို ”ဒီကောင် စာရေးကောင်း” ဟု ဆိုခဲ့လေသော မစ္စတာဝမ့်တက်၏ ကိုယ်ပိုင်စာမျက်နှာထက်တွင်တော့ သူသည် ရဲရဲတောက် မျိုးချစ် အညာသားကြီး ဖြစ်လို့ နေပြန်သည်။ ဆရာတော် သံဃာတော်ကြီးများ၏ ပုံတော်များနှင့် တရားကောက်နှုတ်ချက်များကို ရှဲလ်၏။ ပြောတိုင်း မယုံနှင့်ဟူသော ကာလာမသုတ် ကောက်နှုတ်ချက်နှင့် ကပ်လျက် ”ဒီလိုတဲ့ ခင်ဗျ.. ခွိခွိ” ဟု အစချီသော လူထုခေါင်းဆောင်အား ဆဲဆိုထားသည့် အမနာပသတင်းကို ရှဲလ်ထားပြန်၏။ တစ်နေရာ၌ လူမျိုးရေး မုန်းတီးမှု တရားတွင်တွင်ဟောလျက်ရှိသော စက်မှုတက္ကသိုလ်ထွက် ပါတီဥက္ကဋ္ဌကြီးအား လူတော်ကြီးသဖွယ် မှတ်ချက်ပေး ချီးကျူးထားပြန်သေး၏။ မည်သူမည်ဝါ မသိရသည့် အကောင့်များစွာ၏ ဘာသာရေး၊ လူမျိုးရေး လှုံ့ဆော်ထားသည့် အယုတ္တ အနတ္တပုံများ၊ စာများဖြင့် ပြည့်နေသော သူ၏ ဖေ့စ်ဘွတ်ခ်  စာမျက်နှာထက်ဝယ် အေးကွက်ကို ရှာမရချေ။

မည်သည့်ပုံ မည်သည့်စာတွင်မှ မူရင်းတင်ပြသူတို့အား ခြေခြေမြစ်မြစ် ညွှန်းဆိုထားခြင်းလည်း မရှိ။ ကျွန်တော် သူ့ကို Message Box မှနေ၍ ပြေပြေပြစ်ပြစ် ဆွေးနွေး ဖြစ်ခဲ့ ပါသည်။ သူ၏ ပညာဗဟုသုတရှာမှီး လိုသော သဘောဆန္ဒကိုလည်း လေးစားကြောင်း ပေါ်လွင်အောင် ရှင်းပြ ခဲ့ပါသည်။ သို့သော် အတော်များများ သဘောထား ကွဲလွဲရာများ၌ မူကား တဇွတ်ထိုးပြောသည်ကိုသာ ကြုံခဲ့ရသည်။ တာဝန်ယူမှု၊ တာဝန်ခံမှုဟူသော သဘောကို သူ့အမြင်၌ ကျွန်တော်လိုလူ၏ ဆွေးနွေးချက် မှန်သမျှ မိကျောင်းမင်း ရေခင်းပြသည်နှင့်သာ တူနေဟန် ရှိ၏။

ယခုတလော Facebook စာမျက်နှာထက်၌ သူ့ကို မတွေ့ရပြန်တော့ချေ။ သူ့ဆရာသမားများ အကောင့် ပိတ်သိမ်းကာ ပြေးလေသောကြောင့် ပင်လော။ သူပင် အမြင်များပြောင်းလဲကာ မစ္စတာဝမ့်တက် မဟုတ်တော့ ချေပြီလောမသိ၊ ရှာ၍ မတွေ့ပြန်တော့ပြီ။ စင်ကာပူ၌ပင် ရှိမရှိ မသေချာတော့။

အချိန်အားရလျှင်ဖြင့် မစ္စတာဝမ့်ဘက်နှင့် တွေ့လို ပါသေးသည်။ (Virtual World) ပေါ်၌ ငြင်းခုံ ရန်ဖြစ် နေသည်နှင့် စာလျှင် ဟိုအရင်ကလို ပျော်ပျော်ရွှင်ရွှင် စကားတင်းဆိုကာ ပြန်လည် မိတ်ဖွဲ့လိုပါသေးသည်။ ဒီတစ်ခါ ဆုံဖြစ်ရင်တော့ သူ့နာမည်အရင်းကို ကျွန်တော် သေသေချာချာ မေးမြန်း မှတ်သားထားလိုက်ရပေဦးမည်။

The messenger

သူမ လိင်အင်္ဂါနဲ့ပတ်သက်ပြီး ရုပ်သံလိုင်းမှာ ပွင့်ပွင့်လင်းလင်း ရင်ဖွင့်ခဲ့တဲ့ ဗြိတိန်အမျိုးသမီး


ဗြိတိန်နိုင်ငံက အသက် ၂၂ အရွယ်အမျိုးသမီးတစ်ဦးက သူ့ရဲ့ အရှက်သိက္ခာကို မငဲ့ ကွက်ပဲ ရဲရဲဝံ့ဝံ့နဲ့ နိုင်ငံပိုင်ရုပ်သံလိုင်းတစ်ခုဖြစ်တဲ့ Channel4  ရဲ့ ကျန်းမာရေးကဏ္ဍ ခေါင်းစဉ် တစ်ခုအောက်က ပုံမှန်မဟုတ်တဲ့ခန္ဓာကိုယ်အစိတ်အပိုင်းခံစားမှုဆိုတဲ့ အစီအစဉ်မှာ သူမခန္ဓာကိုယ်ရဲ့ လျို့ဝှက်ချက်တစ်ခုကိုပြောပြသွားခဲ့ပါတယ်။

ကယ်လီစမစ်ဆိုသူ အမျိုးသမီးက ငယ်စဉ်မွေးကတည်းက မိန်းမလိင်အင်္ဂါစပ် သေးငယ် တဲ့အပြင် သားအိမ်လည်း ပါမလာခဲ့တာကို သတိမပြုမိခဲ့ပဲ အပျိုဖော်ချိန်ရောက်လောက်မယ့် အသက် ၁၇ နှစ်အရွယ်ရောက်မှ သားအိမ်ပါမလာတာနဲ့ မလိင်အင်္ဂါစပ်သေးငယ် တာကို သတိထားမိခဲ့တယ်လို့ ရုပ်သံလိုင်းအစီအစဉ်တစ်ခုမှာ ဆွေးနွေးပြောကြားခဲ့ တာပဲဖြစ်ပါတယ်။

ငယ်စဉ်ကလေးဘ၀မှာတော့ ဒီလိုခန္ဓာကိုယ်မူမမှန်တဲ့ ခံစားမှုတွေကို မခံစားခဲ့ရပေမဲ့ လည်း အသက်အပိုင်းအခြားတစ်ခုကို ရောက်ရှိချိန်မှာတော့ ခန္ဓာကိုယ်ရဲ့ ဇီဝကာမဖြစ် စဉ်တွေပြောင်းလဲလာတာမျိုးတွေရှိတဲ့အတွက်ကြောင့် သူမရဲ့ ဒီလို လိင်နဲ့ပတ်သက်ပြီး အားနည်းတာမျိုးတွေ၊ ချို့တဲ့တာမျိုးတွေနဲ့ ဟော်မုန်းမထုတ်နိုင်တာမျိုးတွေကို သိသိ သာသာခံစားလာရတယ်။

နောက်ပြီး အမျိုးသမီး အင်္ဂါစပ်သေးငယ်တဲ့အတွက်  အသက် ၁၉ နှစ်အရွယ်ချစ် သူကောင်လေးနဲ့ အတူမနေနိုင်တာရယ်နဲ့ သားအိမ်ပါမလာတာကြောင့် ရာသီ စက်ဝန်းလည်ပတ်ကာ သွေးဆင်းတာမျိုးမရှိတဲ့အတွက် ကိုယ်ဝန်ဆောင်နိုင်ခြင်း မရှိတာက ကလေးချစ်တတ်တဲ့ သူမအတွက် အဆိုးဆုံးအခြေအနေတွေပါလို့ ရင်ဖွင့်ခဲ့ပါတယ်။


ဆေးပညာသမိုင်းမှတ်တမ်းများအရ ဒီလိုမျိုးထူးခြားတဲ့ အနေအထားရောဂါလက္ခဏာ မျိုးက လူအယောက် ၅ ထောင်မှာ တစ်ဦးမျှသာကြုံတောင့်ကြုံခဲ ဖြစ်ပွားနိုင်တယ်လို့ သိရပါတယ်။ စမစ်က သူမရဲ့ ဒီလိုရောဂါခံစားရတာနဲ့ပတ်သက်ပြီးတော့ ဘယ်လို ခွဲစိတ်ကုသမှုမျိုးကိုမျှ လုပ်ဆောင်ရန် ဆန္ဒမရှိသော်လည်း dilatotherapy လို့ခေါ်တဲ့ အမျိုးသမီးလိင်အင်္ဂါစပ်ကို ဆန့်ထုတ်တဲ့ ကုသထုံးနဲ့ ခြောက်လတစ်ကြိမ်ကုသလျှက် ရှိပြီးတော့ တိုးတက်လာတဲ့လက္ခဏာဘက်ကိုရောက်ရှိနေတယ်လို့ သိရပါတယ်။

နိုင်ငံတွင်းမှာ ဒီလိုလွှင့်တဲ့ရုပ်သံလိုင်းအစီအစဉ်တစ်ခုမှာ သူမရဲ့ ဒီလိုကျန်းမာရေးဆွေး နွေးပေးတဲ့ အစီအစဉ်ကို နိုင်ငံအ၀န်းက ကြည့်ရှုသူ ၁သောင်း ၂ထောင်ကျော်ရှိပြီး သူမအပေါ် အားပေးထောက်ခံပေးကြပါတယ်။

Phothutaw