တိုင်းမ်မဂ္ဂဇင်းကို သံဃာနှင့်လူ ၅၀၀ ဦးခန့် ဆူးလေရှေ့တွင် ဆန္ဒပြကန့်ကွက်ခဲ့

ပို့စ်တင်ချိန် - 7/01/2013 01:23:00 PM


မန္တလေး မစိုးရိမ်ကျောင်းတိုက် သံဃာတစ်ပါးဖြစ်သူ ဦးဝီရသူပုံကို မျက်နှာဖုံး တင်၍ ‘The Face of Buddhist Terror’ ဟု ဖော်ပြခဲ့သည့် TIME မဂ္ဂဇင်း ဖော်ပြချက်ကို ကန့်ကွက်သည့်အနေနှင့် သံဃာတော်များ အပါအဝင် စုစုပေါင်း ဆန္ဒပြသူ ၅၀၀ ဦးခန့် ဇွန်လ ၃၀ ရက်နေ့တွင် ရန်ကုန်မြို့တော် ဆူးလေဘုရားရှေ့တွင် ဆန္ဒဖော်ထုတ်ခဲ့ကြောင်း ဆန္ဒဖော်ထုတ်ရာတွင် ဦးဆောင်သူများက ပြောကြားသည်။

တိုင်းမ် မဂ္ဂဇင်းကို ကန့်ကွက်ကြောင်း နိုင်ငံတော် သမ္မတရုံး ထုတ်ပြန်ချက် ကို ထောက်ခံရန်နှင့် ငြိမ်းချမ်းရေးကို လုပ်ဆောင်သည့် ဘာသာကို အကြမ်းဖက်ဟု ပုံဖော်ခဲ့သည့် တိုင်းမ်မဂ္ဂဇင်း၏ ဖော်ပြချက်သည် ဗုဒ္ဓ သာသနာကို ညှိုးနွမ်း ထိခိုက်စေသဖြင့် ကန့်ကွက်ရှုတ်ချရန် ယင်းသို့ ဆန္ဒဖော်ထုတ်ခြင်းဖြစ်ပြီး အချိန် ၂ နာရီခန့်ကြာ ဆန္ဒဖော်ထုတ်ခဲ့ကြောင်း၊ ဆန္ဒပြခွင့် တရားဝင် ခွင့်ပြုချက်တွင် ဦးရေ ၂၀၀ ပါဝင်ခွင့်ပြု ထားကြောင်း ထေရဝါဒဓမ္မကွန်ရက်မှ ဥပဒေအကြံပေး ဦးအေးပိုင်ကဆိုသည်။

မြန်မာလူထုရဲ့ သဘောထားကို တိုင်းမ်မဂ္ဂဇင်း သိအောင်ပြတာပါ။ တိုင်းမ် မဂ္ဂဇင်းရဲ့ တုံ့ပြန်မှုအပေါ် မူတည်ပြီး ဆက်လုပ်သင့်တာ လုပ်သွားမယ်" ဟု ဆန္ဒ ဖော်ထုတ်ခွင့်ရရှိရန် ခွင့်ပြုချက် တောင်းခံခဲ့သူလည်းဖြစ်သူ ၎င်းက ပြော ကြားသည်။

ဆန္ဒဖော်ထုတ်ရာတွင် အမျိုးဘာသာ၊ သာသနာကို ကာကွယ်ရေး၊ စောင့်ရှောက်ရေး၊ ဗုဒ္ဓဘာသာ အရှည်တည်တံ့ရေး၊ ဗုဒ္ဓ တရားတော်နှင့်အညီ ငြိမ်းချမ်းစွာ နေထိုင်ရေး၊ အမျိုးသားရေး ကာကွယ်မှုကို ဆန့်ကျင်သည့် လူ့အခွင့်အရေး ချိုးဖောက်သူများကို တိုက်ဖျက်ရေး၊ တိုင်းမ် မဂ္ဂဇင်းကို ဆန့်ကျင်ရေးစသည့် အချက်များကို ကြွေးကြော်ခဲ့ကြသည်။

တိုင်းမ် မဂ္ဂဇင်း၏ ဖော်ပြချက်သည် နှစ်ပေါင်းထောင်ချီ၍ တည်တံ့လာခဲ့ ပြီး မြန်မာနိုင်ငံသား အများစု ကိုးကွယ်သော ဗုဒ္ဓဘာသာ သာသနာတော် အပေါ် အထင်အမြင် လွဲမှားစေပြီး လက်ရှိ ဆောင်ရွက်နေသည့် ဘာသာပေါင်းစုံတို့အကြား အပြန်အလှန် ယုံကြည်မှုတည်ဆောက်နေခြင်းကို လည်း ထိခိုက်စေနိုင်သဖြင့်ကန့်ကွက်ကြောင်းကို နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်သည့်အပြင် သာသနာရေး ဝန်ကြီးဌာနနှင့် အင်းစိန်မြို့နယ် အောင် ဆန်းတောရ တပ်ဦးကျောင်းတွင် ဇွန်လ ၂၇ ရက်နေ့က ပြုလုပ်သည့် အမျိုး ဘာသာ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေး သြဝါဒ ခံယူပွဲနှင့် ဦးဆောင် ဆရာတော်များ တွေ့ဆုံ ညှိနှိုင်းပွဲတွင် သံဃာတော်အပါး ၁၅၀၀ ကျော်က ကန့်ကွက်ခဲ့ကြပြီး နိုင်ငံရေးပါတီ အချို့ကလည်း ကန့်ကွက်ကြောင်း အသီးသီး ထုတ်ပြန်ခဲ့ကြသည်။

လူမျိုးရေး၊ ဘာသာရေး၊ ထပ်မဖြစ်ပွားရန် ကာကွယ်နိုင်ရန်ဟုဆိုကာ မူရင်း စာစောင်အတိုင်းဖြစ်စေ၊ မိတ္တူပွား၍ဖြစ်စေ ထုတ်လုပ်ခြင်း၊ ရောင်း ချခြင်း၊ ဖြန့်ချိခြင်း၊ လက်ဝယ်ထားရှိခြင်း မပြုလုပ်ရန် အရေးပေါ်ကာလ စီမံ ခန့်ခွဲရေးကော်မတီက ဇွန်လ ၂၅ ရက်နေ့တွင် အရေးပေါ် ကြေညာခဲ့သည်။

တိုင်းမ် မဂ္ဂဇင်း၏ အရှေ့အာရှဆိုင်ရာ သတင်းထောက် တိုင်းမ်၏ တရုတ် ဌာန အကြီးအကဲ ဆောင်းပါးရှင် Hannah Beech က ၎င်း၏ဆောင်းပါးတွင် ဦးဝီရသူကို မြန်မာနိုင်ငံ၏ ဘင်လာဒင်ဟု ထည့်သွင်း ရေးသားပြီး ဦးဝီရသူပုံ ကို မျက်နှာဖုံးတင်ကာ The Face of Buddhist Terror ဆောင်းပါးကို ၂၀၁၃ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့ထုတ် တိုင်းမ် မဂ္ဂဇင်း၊ အတွဲ(၁၈၂)၊ အမှတ်(၁) တွင် ဖော်ပြခဲ့ပြီး မဂ္ဂဇင်းကို Europe, Middle East and Africa၊ Asia၊ South Pacific တို့ကို ဖြန့်ဝေခြင်းဖြစ်သည်။

The Voice Weekly