အရီဇိုးနား တောမီးလောင်ကျွမ်းမှုအတွင်း မီးသတ်သမား ၁၉ ဦး သေဆုံး

ပို့စ်တင်ချိန် - 7/01/2013 01:16:00 PM


အမေရိကန်နိုင်ငံ၊ အရီဇိုးနားတွင် ဖြစ်ပေါ်ခဲ့သည့် တောမီး လောင်ကျွမ်းမှုများကြောင့် မီးသတ်သမား အရေအတွက် (၁၉)ဦးမျှ သေဆုံးခဲ့ကြောင်း သိရှိရသည်။ ယာနဲလ်ဟေးလ်တွင် ဖြစ်ပေါ်နေသော ဆိုးရွားစွာ ကူးစက်နေသည့် မီးလောင်မှု ဖြစ်စဉ်အတွင်း အိမ်ခြေ (၅၀၀)ကျော် ပြာကျခဲ့ရသလို ဧက(၂၀၀၀)မျှသော မြေနေရာသည် မီးလောင်မြေ အဖြစ်သာ ကျန်တော့ကြောင်း အာဏာပိုင်များက ဆိုသည်။

"မီးသတ်သမား (၁၉)ယောက်ဟာ အရီဇိုးနားက ယာနဲလ်ဟေးလ် မီးလောင်မှုကို တားဆီးဖို့ ကြိုးစားရင်း အသက်ဆုံးရှုံးခဲ့ပါတယ်"ဟု အမေရိကန် တောမီးကို လေကြောင်းမှ ငြှိမ်းသတ်ရေးဌာနက Reuters သို့ အသိပေး ပြောကြားခဲ့သည်။

အရီဇိုးနားက သစ်တောရေးရာ ဌာနက တောမီး၏ ကူးစက် လောင်ကျွမ်းမှုသည် Type 1အဆင့်သို့ လျင်မြန်စွာ ရောက်ရှိလာကြောင်း ဝန်ခံခဲ့သည်။ လတ်တလောတွင် အရီဇိုးနား၌ စံချိန်တင် အပူချိန် ပမာဏ နီးပါးထိ မြင့်တက်လျှက် ရှိနေသလို လေတိုက်နှုန်း ပြင်းထန်နေခြင်းများကလည်း တောမီးကို အရှိန်မြှင့်ပေးသည့်နှယ် ဖြစ်နေသည်။

ဝစ်ကမ်ဘာ့ဂ် ကွန်မြူနတီ ဆေးရုံသည် လတ်တလောတွင် မီးသတ်သမား (၈)ဦးကို ကုသပေးနေရပြီး စုစုပေါင်း ဒဏ်ရာရသည့် မီးသတ်သမား အရေအတွက်မှာ (၂၂)ဦးမျှထိ ရှိနိုင်ကြောင်းလည်း သတင်းများက ဖော်ပြထားသည်။

တောမီးသည် ဆက်လက် ပျံ့နှံ့ လောင်ကျွမ်းနေဆဲဖြစ်ပြီး မီးသတ်သမား (၂၀၀)ကျော်မျှသည် ယင်းမီးကို တားဆီးရန် ကြိုးပမ်းအားထုတ်နေဆဲ ဖြစ်သည်။ ပြည်နယ် အစိုးရ တာဝန်ရှိသူများက အဆိုပါ သဘာဝ ဘေးဆိုးကို တားမြစ်နိုင်ရန်အတွက် နောက်ထပ် မီးသတ် တပ်ကူများ ရရှိရန် ကြိုးစားနေသည်။

တောမီးသည် သောကြာနေ့က စတင် လောင်ကျွမ်းလာပြီး တနင်္ဂနွေနေ့တွင် ဧရိယာ တစ်လျှောက်လုံး လျင်လျင်မြန်မြန် ပျံ့နှံ့လာကာ ရာသီဥတု အခြေအနေကြောင့် ထိန်းချုပ်ရန် ပိုမို ခက်ခဲနေခြင်းလည်း ဖြစ်သည်။

Planet Myanmar Network