Wolverine ဇာတ်ကောင်စရိုက် ပီပြင်စွာ သရုပ်ဆောင်နိုင်ရန် ပင်လယ်ထဲဆင်းပြီး ဟုခ်ျဂျက်မန်း လေ့ကျင့်

ပို့စ်တင်ချိန် - 7/10/2013 05:55:00 PM


The Voice Weekly
ဆစ်ဒနီ၊ ဇူလိုင် ၉

X-Men ရုပ်ရှင်တွေထဲမှာ Wolverine အဖြစ် ပါဝင် သရုပ်ဆောင်ထားတဲ့ ဟုခ်ျဂျက်မန်း တစ်ယောက် The Wolverine လို့ အမည်ရတဲ့ ဇာတ်ကားသစ် မှာ သူ့ရဲ့ ဇာတ်ကောင် စရိုက်ကို ပီပြင်စွာ သရုပ်ဆောင်နိုင်ဖို့အတွက် ပင်လယ်ထဲ ဆင်းပြီး နံနက်တိုင်း လေ့ကျင့်နေတယ်လို့ contactmusic.com မှာ ဖော်ပြထားပါတယ်။

ဟုခ်ျဂျက်မန်း အနေနဲ့ Wolverine ဇာတ်ကောင်စရိုက်ကို ငါးကြိမ်မြောက် သရုပ်ဆောင်ရမယ့် အဲဒီရုပ်ရှင်ကားမှာ Wolverine ရဲ့ ဒေါသကြီးတဲ့ စရိုက်ကို ပီပီပြင်ပြင် သရုပ်ဆောင်နိုင်ဖို့အတွက် အဲဒီ
ဇာတ်ကား ရိုက်ကူးနေတဲ့ သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့က ဘွန်ဒီ ကမ်းခြေရဲ့ အေးစက်နေတဲ့ ပင်လယ်ရေထဲကို မနက်တိုင်း ခုန်ဆင်းပြီး လေ့ကျင့်နေတာ ဖြစ်ပါတယ်။

“အခု ကျွန်တော် လုပ်နေတာကတော့ ပင်လယ်ထဲ မနက်တိုင်း ဆင်းတာပါပဲ။ ပင်လယ်ရေက တော်တော် အေးပါတယ်။ ဒါပေမဲ့ အဲဒါ Wolverine ရဲ့ ခံစားချက်ပါပဲ။ ရေချိုးဖို့ လိုနေတဲ့အချိန်မှာ ချိုးစရာရေက အေးစက်နေတဲ့ရေ ပဲ ရှိတယ်ဆိုရင် ခင်ဗျား ဘယ်လောက် ဒေါသထွက်မလဲ။ အဲဒါ Wolverine အချိန်နဲ့အမျှ ခံစားနေရတဲ့ ဒေါသပါပဲ” လို့ ဟုခ်ျဂျက်မန်းက ပြောပါတယ်။

ဟုခ်ျဂျက်မန်းဟာ အဲဒီလို အေးစက်နေတဲ့ ပင်လယ်ရေထဲကို ဆင်းစိမ်တဲ့ အလေ့အကျင့်အပြင် အသက်ပြင်းပြင်း ရှူလေ့ရှိတဲ့ Wolverine ပုံစံမျိုး ရဖို့အတွက် ရိုက်ကွင်း မစမီမှာ ကာယ လေ့ကျင့်ခန်း တွေ လုပ်လေ့ ရှိတယ်လို့လည်း သိရပါတယ်။

၂၀၀၀ ပြည့်နှစ်က ထွက်ရှိခဲ့တဲ့ X-Men ဇာတ်ကားကနေ စတင်ပြီး Wolverine အဖြစ် သရုပ်ဆောင် ခဲ့တဲ့ ဟုခ်ျဂျက်မန်းက လက်ရှိ အချိန်မှာ အသက်အရွယ် ရလာပြီ ဖြစ်တဲ့အတွက် အဲဒီဇာတ်ကောင် စရိုက်ကို သရုပ်ဆောင်ရတာ ပိုခက်ခဲလာတယ်လို့လည်း ပြောကြားခဲ့ပါတယ်။

“ရိုးရိုးသားသားပြောရရင် Wolverine အဖြစ် သရုပ်ဆောင်ရတာ အရင်ထက် ပိုခက်ခဲလာပါတယ်။ ကျွန်တော်က တစ်ကြိမ်ထက် တစ်ကြိမ် ပိုကောင်း လာအောင် သရုပ်ဆောင်နိုင်ဖို့ မျှော်လင့်ချက် ထားနေလို့လည်း ဖြစ်နိုင် ပါတယ်” လို့ အသက် ၄၄ နှစ် အရွယ် ရှိပြီဖြစ်တဲ့ ဟုခ်ျဂျက်မန်းက ပြောပါ တယ်။