မူးယစ်ဆေး ရောင်းဝယ်သည်ဟု သတင်းထွက်နေသည့်အိမ်တွင် ရဲတပ်ဖွဲ့ဝင်နှစ်ဦးကို ဖမ်းမိ

ပို့စ်တင်ချိန် - 5/23/2014 09:36:00 PM




မြစ်ကြီနား၊ မေ ၂၁
မြစ်ကြီနားမြို့ မန်ခိန်ဆရာက ထောင်ရပ်ကွက် အတွင်းရှိ မူးယစ်ဆေးဝါး ရောင်းဝယ် သုံးစွဲသည်ဟု ကျော်ဇော သတင်းထွက်နေသည့် နေအိမ်ကို ရပ်ကွက်နေသူ ၁၀၀ ကျော်ပါသည့်အဖွဲ့က မေလ ၂၁ ရက်တွင် ဝိုင်းဝန်းပိတ်ဆို့ ဖမ်းဆီးရာ ရဲတပ်ဖွဲ့ဝင်နှစ်ဦး အပါအဝင် အရပ်သားနှစ်ဦးကို ဖမ်းဆီးမိခဲ့ကြောင်း ဖမ်းဆီးရာတွင် ဦးဆောင် ပါဝင်သူ မန်ခိန် ဆရာကထောင် ရပ်ကွက်မှ နှစ်ခြင်း အသင်းတော် သင်းအုပ်ဆရာ ထိန်နန်တူးက ပြောကြားသည်။

ယင်းရပ်ကွက်တွင် မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှုများ တစ်နေ့ထက် တစ်နေ့ များပြားလာသောကြောင့် ဒေသခံများ ပူးပေါင်းပါဝင်သည့် မူးယစ်ဆေးဝါး ဆန့်ကျင်တိုက်ဖျက်ရေး လှုပ်ရှားမှု တစ်ခုအဖြစ် မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ ကျော်ဇောသတင်း ထွက်နေသည့် ဘောမ်ဇုန်း၏ နေအိမ်ကို ဝိုင်းဝန်းပိတ်ဆို့ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း၊

ဘောမ်ဇုန်းမှာ ရဲတပ်ဖွဲ့ဝင်အချို့နှင့် နီးစပ်သူ ဖြစ်ပြီး မူးယစ်ဆေးဝါး ရောင်းဝယ်သည့် လုပ်ငန်းများတွင် အချို့သော ရဲတပ်ဖွဲ့ဝင်များမှ သွယ်ဝိုက်၍ ပါဝင်ပတ်သက် နေသည်ကို မန်ခိန်ဒေသခံများက သတင်းပေး၍ ယခုကဲ့သို့ ဝိုင်းဝန်းပိတ်ဆို့ ဖမ်းဆီးရခြင်း ဖြစ်ကြောင်း သင်းအုပ်ဆရာ ထိန်နန်တူးက ဆက်လက်ပြောကြားသည်။

“ဒေသခံတွေ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အဖွဲ့ဖွဲ့ပြီး မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လှုပ်ရှားမှုကို ဒီနေ့စလုပ်တယ်။ ဒီနေ့မှာ ဖမ်းမိတဲ့ ရဲတပ်ဖွဲ့ဝင်တွေက ရဲတပ်ရင်း (၃၀) ကဖြစ်ပြီး အရပ်သားတွေကတော့ ရွှေစက်ကျေးရွာကလို့ သိရတယ်။

သူတို့ကို အသေးစိတ် ရှာဖွေခွင့် မရှိတော့ ဘာမှမရှာလိုက်ရတဲ့အတွက် သက်သေခံပစ္စည်းတော့ မရလိုက်ဘူး။ ရှာရင်တော့ တွေ့ရမှာပါ” ဟု ၎င်းကဆိုသည်။
ဖမ်းဆီးခံခဲ့ရသည့် ရဲဝန်းထမ်း နှစ်ဦးမှာ အဆိုပါ မူးယစ်ဆေးဝါး ကျော်ဇောသတင်း ဘောမ်ဇုန်းထံမှ အကြွေးရရန်ရှိ၍ လာရောက် တောင်းယူခြင်း ဖြစ်သည်ဟု ထွက်ဆိုပြီး အခြားအရပ်သား နှစ်ဦးကမူ ဆိုင်ကယ်ဆီဖိုး လာတောင်းသည်ဟု အသီးသီး ထွက်ဆိုကြောင်း ဝိုင်းဝန်း ဖမ်းဆီးခဲ့သူများက ဆိုသည်။

မန်ခိန်ရပ်ကွက်တွင် နေထိုင်၍ မူးယစ်ဆေးဝါး ကျော်ဇောသတင်း ထွက်နေသူ ဘောမ်ဇုန်းမှာ ယခင်က မူးယစ်ဆေးဝါးမူဖြင့် လေးနှစ်ခန့် အကျဉ်းကျခံ နေရာမှ ပြန်လည် လွတ်မြောက်လာသည်မှာ တစ်နှစ်ခန့်သာ ရှိသေးကြောင်း မန်ခိန်ရပ်ကွက် အုပ်ချုပ်ရေးမှူးက ဖြည့်စွက် ပြောကြားသည်။

“ဘောမ်ဇုန်း လွတ်လာတဲ့အချိန် နောက်ပိုင်း မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး သတင်းအရမ်း ပြန်ထွက်လာတယ်။ လမ်းဆုံ လမ်းခွတွေမှာ ရောင်းနေတယ် သတင်းကြားလို့ သက်ဆိုင်ရာ တပ်ဖွဲ့တွေနဲ့ ဖမ်းဆီးဖို့ လိုက်သွားရင် အစအနရှာလို့ မတွေ့တော့ဘူး။ နောက်ဆို ဒီနည်းတွေနဲ့ မဖမ်းတော့ဘူး။ ဒေသခံတွေ ပါဝင်တဲ့နည်းနဲ့ပဲ သွားမယ်” ဟု ၎င်းကဆိုသည်။

ရဲတပ်ဖွဲ့ဝင်နှစ်ဦးကို မိခင်တပ်ရင်း ဖြစ်သည့် အမှတ် (၃၀) လုံခြုံရေး ရဲတပ်ရင်းသို့ လွှဲပြောင်း ပေးသွားမည်ဖြစ်ပြီး ဘော်မ်ဇုန်းနှင့် အခြားအရပ်သား နှစ်ဦးကိုမူ ခြေချုပ်ယူထားကြောင်း ဖမ်းဆီးခံခဲ့ရသူများကို လာရောက် လွဲပြောင်းလက်ခံခဲ့သူ စီတာပူရပ်ကွက် ရဲကင်းစခန်းမှူး ဒုရဲအုပ်က ပြောကြားသည်။

ကချင်ပြည်နယ်တွင် မူးယစ်ဆေးဝါး သုံးစွဲမှုနှုန်းနှင့် မူးယစ်ဆေးဝါးကြောင့် သေဆုံးမှုနှုန်းမှာ တစ်နှစ်ထက်တစ်နှစ် မြင့်တက်လာသောကြောင့် မူးယစ်ဆေးဝါး ဆန့်ကျင်ရေးကို ဖိဖိစီးစီး ဆောင်ရွက်နိုင်ရန် ကချင်ပြည်နယ်ရှိ လူမှုအဖွဲ့အစည်းများနှင့် ဘာသာရေး အဖွဲ့အစည်းများသည် ဧပြီလ ၂၅ ရက်က လူထုဆုတောင်းပွဲ ပြုလုပ်ကာ

ယင်းနေ့ကို ကချင်မူးယစ်ဆေးဝါး ဆန့်ကျင် တိုက်ဖျက်ရေးနေ့အဖြစ် သတ်မှတ်ခဲ့ကြပြီး လူထုပူးပေါင်း ပါဝင်သည့် မူးယစ်ဆေးဝါး ဆန့်ကျင် တိုက်ဖျက်ရေး လှုပ်ရှားမှုများ ပြုလုပ်လျက် ရှိကြောင်း မူးယစ်ဆေးဝါး ဆန့်ကျင်လှုပ်ရှားမှုတွင် ပါဝင်သူများထံမှ သိရသည်။

The Voice Weekly