တယ်လီနော ဝန်ထမ်းစခေါ်

ပို့စ်တင်ချိန် - 8/14/2013 06:48:00 PM


ရန်ကုန်၊ သြဂုတ် ၁၃

ဆက်သွယ်ရေးတင်ဒါ အောင်မြင်ထားသော တယ်လီနော မြန်မာ ကုမ္ပဏီတွင် တာဝန် ထမ်းဆောင်မည့် ဝန်ထမ်းများ စတင် လျှောက်ထားနိုင် ပြီ ဖြစ်ပြီး ဝန်ထမ်း ခေါ်ယူမှု စတင်ကြောင်း ယင်းကုမ္ပဏီ ဝန်ထမ်းရေးရာ အရာရှိချုပ် Ms.Tipayarat Kaewsringarm က ပြောကြားသည်။

တယ်လီနော မြန်မာ ကုမ္ပဏီက ၂၀၁၃၊ ၂၀၁၄ ခုနှစ်အတွက် ဝန်ထမ်း ခေါ်ယူမှုကို သုံးပိုင်း ခွဲထားပြီး ဝန်ထမ်း အရေအတွက် သုံးထောင် ခန့် ခန့်အပ်မည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“လောလောဆယ်မှာ ဒေသခံ စီမံခန့်ခွဲမှု ဝန်ထမ်း ၂၅ ယောက် စခေါ်ပါမယ်။ ဘာလို့ ဒီရာထူးတွေကို စခေါ်လဲဆိုတာ့ လိုင်စင် မရခင်မှာ အုပ်ချုပ်မှု အဖွဲ့ကို စနစ်တကျဖြစ်အောင် ပြင်ဆင်ထားဖို့ပါ” ဟု ၎င်းက ဆိုသည်။

အဆိုပါ ကုမ္ပဏီအနေနှင့် သြဂုတ်လမှ စက်တင်ဘာလအတွင်းတွင် စီမံခန့်ခွဲမှု ဝန်ထမ်း ၂၅ ဦး ခေါ်ယူသွားမည် ဖြစ်ပြီး အောက်တိုဘာလမှ ဒီဇင်ဘာလအတွင်း နည်းပညာနှင့် စက်မှုပိုင်းဆိုင်ရာ ဝန်ထမ်းများ ခေါ်ယူ မည် ဖြစ်ကာ ၂၀၁၃ ခုနှစ် နှစ်ကုန်မှ ၂၀၁၄ ခုနှစ်အထိ အခြား ရာထူး နေရာ များအတွက် ခေါ်ယူမည် ဖြစ်ကြောင်း တယ်လီနော မြန်မာ ကုမ္ပဏီထံမှ သိရသည်။

“အစပိုင်းမှာ ပြည်ပက နည်းပညာ ကျွမ်းကျင်တဲ့သူတွေ လိုအပ်ပါတယ်။ အရေအတွက် ဘယ်လောက် ခန့်ရမလဲ ဆိုတာကတော့ မသိနိုင်သေးပါဘူး။ ဒါပေမဲ့ အဓိကကတော့ မြန်မာ ဝန်ထမ်းတွေကိုပဲ ခန့်မှာပါ။ ပြည်ပ ရောက်နေ တဲ့ မြန်မာလူမျိုး ကျွမ်းကျင်သူတွေကို ခန့်မှာပါ”ဟု Ms.Tipayarat က ပြောဆိုသည်။

ဝန်ထမ်းများ၏ လစာကို ငွေလဲနှုန်းကြောင့် လစာ အတိုးအလျော့ မရှိစေရန် ဝန်ထမ်းများ အဆင်ပြေမည့် ပုံစံဖြင့် ပေးချေမည် ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

ဝန်ထမ်းများ၏ လုပ်ငန်း ကျွမ်းကျင်မှုအတွက် Telenor Myanmar Academy ကို ဖွင့်လှစ်မည် ဖြစ်ပြီး အရောင်း၊ ဈေးကွက်၊ အင်ဂျင်နီယာနှင့် ဖောက်သည် ဝန်ဆောင်မှု အပိုင်းများကို ပြည်တွင်း တွင် လေ့ကျင့် သင်ကြားပေးမည် ဖြစ်ပြီး အချို့သော လုပ်ငန်း အပိုင်းများ ကို ပြည်ပတွင် သွားရောက် သင်ယူစေမည် ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီထံမှ သိရသည်။

တယ်လီနောသည် ကမ္ဘာတစ်ဝန်းတွင် ဝန်ထမ်း အရေအတွက် ၃၀၀၀၀ ကျော်ဖြင့် နိုင်ငံပေါင်း ၁၂ နိုင်ငံရှိ သုံးစွဲသူပေါင်း ၁၄၈ သန်းကျော်ကို ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက်နေသည်။

တယ်လီနော၏ မြန်မာနိုင်ငံမှ ဝန်ထမ်း ခေါ်ယူမှု အသေးစိတ် အချက်အလက်များကို www.telenor.com ထဲမှ Vacant Positions in Myanmar တွင် အသေးစိတ် ကြည့်ရှုနိုင်မည် ဖြစ်သည်။
The Voice Weekly