အော်ရီဒူး ဆက်သွယ်ရေးကွန်ရက် တည်ဆောက်မည့် ကုမ္ပဏီကို လာမည့်သီတင်းပတ် ကြေညာမည်

ပို့စ်တင်ချိန် - 8/14/2013 09:04:00 AM


ရန်ကုန်၊ သြဂုတ် ၁၂

ဆက်သွယ်ရေး အော်ပရေတာလုပ်ငန်း လုပ်ကိုင်ခွင့် ရရှိထားသော ကာတာဆက်သွယ်ရေး ကုမ္ပဏီ အော်ရီဒူးက မြန်မာနိုင်ငံတွင် အကောင်အထည်ဖော်မည့် ဆက်သွယ်ရေး စီမံကိန်းများအတွက် ကွန်ရက် တည်ဆောက်မည့် ကုမ္ပဏီ (Telecom Equipment Supplier) ကို သြဂုတ်လ တတိယပတ် အတွင်း ကြေညာမည် ဖြစ်ကြောင်း အဆိုပါကုမ္ပဏီ၏ ပြန်ကြားရေးတာဝန်ခံ ဦးစိုးသူရက ပြောကြားသည်။

အော်ရီဒူးကုမ္ပဏီ၏ ဆက်သွယ်ရေးကွန်ရက် တည်ဆောက်ခြင်းနှင့် ကွန်ရက် တည်ဆောက်ရာတွင် အသုံးပြုမည့် ဆက်သွယ်ရေးပစ္စည်း ပေးသွင်းသည့် ကုမ္ပဏီကို အကြမ်းဖျင်း ရွေးချယ်ထားပြီး လာမည့် သီတင်းပတ်တွင်မှ တရားဝင် ကြေညာမည် ဖြစ်ကြောင်း အော်ရီဒူးထံမှ သိရသည်။

လက်ရှိတွင် အော်ရီဒူး၏ Telecom Equipment Supplier လုပ်ကိုင်ခွင့်ကို ပြည်တွင်း ဆက်သွယ်ရေး လုပ်ငန်းတွင် အတွေ့အကြုံရှိသော Huawei ရရှိရန် အလားအလာ ကောင်းနေကြောင်း ဆက်သွယ်ရေးလုပ်ငန်း အသိုင်းအဝန်း အတွင်းမှ စုံစမ်းသိရှိရသည်။

Huawei သည် အခြားဆက်သွယ်ရေး အော်ပရေတာ လုပ်ကိုင်ခွင့်ရ ကုမ္ပဏီတစ်ခု ဖြစ်သော တယ်လီနော၏ မြန်မာနိုင်ငံအတွင်း ဆက်သွယ်ရေး ကွန်ရက်ကို တည်ဆောက်ရန် အဓိက Supplier အဖြစ် ရွေးချယ်ထားကြောင်း သက်ဆိုင်ရာ ကုမ္ပဏီများထံမှ စုံစမ်းသိရှိရသည်။

တင်ဒါအောင် ဆက်သွယ်ရေး ကုမ္ပဏီနှစ်ခုက ယခုတစ်ကြိမ်ကျင်းပသော ပြည်ထောင်စု လွှတ်တော်တွင် ဆွေးနွေးနေသည့် ဆက်သွယ်ရေး ဥပဒေသစ် အတည်ပြုပြီးပါက အော်ပရေတာလိုင်စင် တရားဝင် ရရှိမည်ဖြစ်ပြီး လိုင်စင်ရရှိပြီး ရှစ်လအတွင်း ဆက်သွယ်ရေး ဝန်ဆောင်မှုများ စတင်နိုင်ရမည် ဖြစ်ကြောင်း တင်ဒါစည်းကမ်းချက်များအရ သိရသည်။

ကာတာအခြေစိုက် အော်ရီဒူး ကုမ္ပဏီသည် မြန်မာအစိုးရထံမှ ဆက်သွယ်ရေး အော်ပရေတာလုပ်ငန်း လုပ်ကိုင်ခွင့်တင်ဒါ အောင်မြင်ထားပြီး ကမ္ဘာတစ်ဝန်းရှိ နိုင်ငံပေါင်း ၁၅ နိုင်ငံတွင် သုံးစွဲသူ ၉၃ သန်းကို ဆက်သွယ်ရေး ဝန်ဆောင်မှု ပေးနေသည်။
The Voice Weekly