သတင်းမီဒီယာရဲ့ အခန်းကဏ္ဍ အရေးကြီးပုံ ဒေါ်အောင်ဆန်းစုကြည် ပြောကြား

ပို့စ်တင်ချိန် - 8/14/2013 08:38:00 AM


ဒီမိုကရေစီနိုင်ငံ တည်ဆောက်ရာမှာ သတင်း မီဒီယာတွေရဲ့ အခန်းကဏ္ဍဟာ အရေးကြီးကြောင်း ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေး ချမ်းရေးကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် က ပြောလိုက်ပါတယ်။

ဒီနေ့ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ နေပြည်တော် ပြည်သူ့ လွှတ်တော် ကော်မတီရေးရာအဆောင်(၁၂) မှာ တွေ့ဆုံစဉ် ပြောလိုက်တာဖြစ်ပါတယ်။

"ကျမတို့ ဒီမိုကရေစီယဉ်ကျေးမှု ထူထောင်ဖို့ သတင်းသမားတွေမှာ အများကြီးတာဝန်ရှိပါတယ်၊ ဘယ်လိုကျမတို့မှာ အဆင့်တွေထားသင့်တယ်၊ ဘယ်လိုကျမတို့မှာ အဆင့်မီသင့်တယ်၊ ဘာဖြစ်လို့လဲဆိုရင် သတင်းသမားပဲဖြစ်ဖြစ် နိုင်ငံရေးသမားပဲဖြစ်ဖြစ် နောက်ဆုံးကျတော့ ပြည်သူလူထုထဲက ပေါက်လာတာပဲ၊ မိုးကျရွှေကိုယ်တွေမှ မဟုတ်ဘဲ၊ အဲတော့ ကျမတို့ပြည်သူလူထု ဘယ်လိုစံနှုန်းထားတွေ ဘယ်လိုအဆင့်ရှိသင့်တယ်ဆိုတာ ဝိုင်းပြီးလုပ်တဲ့အထဲမှာ သတင်းတွေ အင်မတန်အရေးကြီးပါတယ်"

မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီက ရေးဆွဲထားတဲ့ သတင်းမီဒီယာ ဥပဒေကြမ်းနဲ့ ပြည်သူ့လွှတ်တော်က အတည်ပြုပြီးဖြစ်တဲ့ ပုံနှိပ်ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်းနဲ့ ပတ်သတ်ပြီး ဒေါ်အောင်ဆန်းစုကြည်ထံ လာရောက်တင်ပြကြခြင်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီအဖွဲ့ဝင်တွေဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံအပြီး ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းနဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

စောစောပိုင်းကလဲ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကို လာရောက်လေ့လာကြတဲ့
ပဲခူးတိုင်း အုတ်တွင်းမြို့နယ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဝင် ၅၀ ကျော်နဲ့ တွေ့ဆုံခဲ့ပြီး NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ အစိုးရမဟုတ်ပေမဲ့ တိုင်းပြည်အကျိုးအတွက် တတ်နိုင်တဲ့ အတိုင်းအတာတစ်ခုအထိ ကြိုးစားသွားမှာဖြစ်တဲ့အတွက် ပါတီဝင်အချင်းချင်း စည်းလုံးညီညွတ်ကြဖို့လိုအပ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ ပြောကြားလိုက်ပါတယ်။

ပဲခူးတိုင်း အုတ်တွင်းမြို့နယ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဝင် ၅ဝကျော်ဟာ ဒီကနေ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကို လာရောက်လေ့လာခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည် အဲဒီလိုပြောကြားခဲ့တာပါ။

ဒီမိုကရေစီစနစ်မှာ တစ်ယောက်နဲ့တစ်ယောက် အငြင်းပွားပိုင်ခွင့်ရှိသလို အေးအေးချမ်းချမ်းနဲ့ ပြေလည်အောင် ညှိနှိုင်းတိုင်ပင်ပြီးလုပ်ဆောင်ဖို့ တာဝန်ရှိတယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နယ်ဒေသတွေက ပါတီဝင်တွေဟာ ဒီနှစ်ပိုင်းအတွင်း လွှတ်တော်ကို မကြာခဏ လာရောက်လေ့လာကြပါတယ်။
RFA Burmese