အလေးမ လေ့ကျင့်ခန်းပြုလုပ်နိုင်သည့် O2 Magnetic Dumbbell

ပို့စ်တင်ချိန် - 8/14/2013 06:51:00 PM


တောင်ကိုရီးယား နိုင်ငံမှ ဉာဏ်ပြေးသော ကျောင်းသားအချို့ တီထွင်ခဲ့သည့် ပစ္စည်းလေးသည် အမှန်တကယ် အလေးတုံးကြီးများ မလိုအပ်ဘဲ အလေးမ လေ့ကျင့်ခန်းများ ပြုလုပ်နိုင်စေမည်ဟု သိရသည်။

အလေးမ လေ့ကျင့်ခန်းပြုလုပ်နိုင်သည့် O2 Magnetic Dumbbell
O2 Magnetic Dumbbellဟု အမည်ပေးထားသည့် ကိရိယာငယ်လေး တစ်ခုသည် ခန္ဓာကိုယ်တွင် ပေါ့ပေါ့ပါးပါး တပ်ဆင်နိုင်သည့် အားကစားရုံကြီးအဖြစ် တင်စား ညွှန်းဆိုလောက်စရာ တီထွင်မှု ဖြစ်လာသည်။ တောင်ကိုရီးယား နိုင်ငံမှ ဉာဏ်ပြေးသော ကျောင်းသားအချို့ တီထွင်ခဲ့သည့် ပစ္စည်းလေးသည် အမှန်တကယ် အလေးတုံးကြီးများ မလိုအပ်ဘဲ အလေးမ လေ့ကျင့်ခန်းများ ပြုလုပ်နိုင်စေမည်ဟု သိရသည်။ အဆိုပါ ပစ္စည်းလေးမှာ ကွင်းငယ်လေး (၄)ခုသာဖြစ်ပြီး လက်များတွင် တစ်ဖက် (၂)ကွင်း တပ်ဆင်ရန် လိုအပ်သည်။ ထိုသို့ တပ်ဆင်ရာတွင် တံတောင်ဆစ်၏ အထက်နားတွင် (၁)ကွင်းနှင့် တံတောင်ဆစ်၏ အောက်နားတွင် (၁)ကွင်း တပ်ဆင်ရမည် ဖြစ်သည်။ ထို့နောက် အဆိုပါ ကွင်းလေးများကြား ဖြာထွက်လာသည့် သံလိုက်စက်ကွင်းများ၏ သက်ရောက်မှုကြောင့် အလေးတုံးကို မထားသကဲ့သို့ လက်အကွေးအဆန့်ကို အားစိုက်စေရသည်။

သံလိုက်စက်ကွင်း၏ စွမ်းအားကို ခလုတ်ဖြင့် အလွယ်တကူ အတိုးအလျှော့ ပြုလုပ်နိုင်ရာ အမှန်တကယ် အလေးတုံး မရှိဘဲနှင့် အရွယ်အစား အမျိုးမျိုးသော အလေးတုံးများနှင့် လေ့ကျင့် ကစားသည့်နှယ် အကျိုးသက်ရောက်စေမည် ဖြစ်သည်။ လျှပ်စစ်ဓာတ် ဖြည့်တင်းအားသွင်းပေးရသော အဆိုပါ ကိရိယာငယ်လေးသည် သံလိုက်စက်ကွင်း အတိုးအလျှော့ ချိန်ညှိမှုဖြင့် (၃)ကီလိုဂရမ်မှ (၂၄)ကီလိုဂရမ်ကြား အလေးချိန် အမျိုးမျိုးနှင့် လေ့ကျင့်သကဲ့သို့ ပြောင်းလဲနိုင်မည် ဖြစ်သည်။ O2 Magnetic Dumbbellသည် သံလိုက်စက်ကွင်း၏ သဘောသဘာဝကို အထိရောက်ဆုံး အသုံးချကာ ဖန်တီးထားသည့် ကိုယ်ပျောက် အလေးတုံးဟု ညွှန်းဆိုနိုင်သည်။



ယင်းကို အသုံးပြုခြင်းဖြင့် အားကစားရုံတွင် အလေးမသည့် လေ့ကျင့်ခန်းများ ပြုလုပ်သည့်အခါ အလေးချိန် အတိုးအလျှော့အတွက် တကူးတက ရွှေ့ပြောင်း တပ်ဆင်ရမှုမျိုး မလိုတော့ချေ။ ထို့အပြင် မိမိ အလေးမ ကစားနေသည့် အကြိမ် အရေအတွက်ကို ယင်းကိရိယာငယ်လေးက အာရုံခံ မှတ်သားပေးသဖြင့် အလေးမ ကစားသည့် လှုပ်ရှားမှု မည်မျှရှိသည်ကို မှတ်သားရန် မေ့လျော့တော့မည် မဟုတ်ချေ။ ယခုပစ္စည်းကို ဈေးကွက် တင်ရန် စီစဉ်နေဆဲဖြစ်ပြီး သေးငယ်ကျစ်လစ်သည့် တည်ဆောက်ပုံကြောင့် သွားလေရာ အလွယ်တကူ ယူဆောင်သွားနိုင်မည်ဟုလည်း ဆိုသည်။ အဆိုပါ ပစ္စည်းလေးကို ကွတ်မင်း တက္ကသိုလ်မှ ကျောင်းသားများဖြစ်သည့် ဆူဟွန်ယွန်း၊ ဟွန်ဆုတ်ခ်ကင်မ်နှင့် ဂျွန်ယွန်လီတို့က ဖန်တီးခဲ့ခြင်းဟုလည်း သိရှိရသည်။