နော်အုန်းလှနဲ့ လက်ပံတောင်းဒေသခံ အမျိုးသမီး ၉ ဦး အဖမ်းဆီးခံရ

ပို့စ်တင်ချိန် - 8/14/2013 09:04:00 AM


မုံရွာမြို့ မြန်မာ့စီးပွားရေးဘဏ်နဲ့ ဒေသန္တရဆေးခန်းကြားမှာ ဒီနေ့မွန်းလွဲပိုင်းက ခွင့်ပြုချက်မယူဘဲ ဆန္ဒဖော်ထုတ်ခဲ့ကြတဲ့ ဒေါ်နော်အုန်းလှနဲ့ လက်ပံတောင်းဒေသခံ အမျိုးသမီး၉ ဦးကို မုံရွာမြို့အမှတ် (၁) ရဲတပ်ဖွဲ့က ဖမ်းဆီးထားကြောင်း စုံစမ်းသိရှိရပါတယ်။ 

ဒေါ်နော်အုန်းလှနဲ့ ဒေသခံတွေ ဖမ်းဆီးခံရတာကို မြင်တွေ့ခဲ့တဲ့ ဒေသခံတစ်ဦးက RFA ကို အခုလို ပြောပြပါတယ်။ 

“သူ့ရဲ့လျှောက်ထားချက်ကို ငြင်းပယ်တဲ့အခါမှာ ဘာပဲဖြစ်ဖြစ်သူကတော့ တစ်ကိုယ်တော် ဆန္ဒပြမှာပဲဆိုပြီးတော့ မုံရွာဘက်ကမ်းကို ရောက်ပါတယ်၊ လက်ပံတောင်းတောင် ဒေသခံတွေကတော့ နေ့လည် ၁၂ နာရီခွဲနောက်ပိုင်းမှာ အုပ်စုအသေးသေးလေးတွေဖွဲ့ပြီးတော့ ကြိုကြားကြိုကြား ရောက်လာတာတွေရှိတယ်၊ နော်အုန်းလှကတော့ ၂ နာရီခွဲလောက်ကမှရောက်တယ်၊ ရောက်တဲ့အခါမှာစီတန်းဖို့ ဒေါ်နော်အုန်းလှက သွားလိုက်တယ်၊ ဒေသခံတွေက လိုက်သွားတယ်၊ အဲဒီအခါက လမ်းတွေပိတ်ဆို့သွားတဲ့အထိ ရုန်းရင်းဆန်ခတ်ပေါ့ဗျာ၊ ၃ နာရီခွဲလောက်မှ နော်အုန်းလှအပါအဝင် လူ ၁ဝ ဦးကို ဖမ်းဆီးသွားတာတွေ့ရတယ်”

ဒေါ်နော်အုန်းလှဟာ ပြီးခဲ့တဲ့ လဆန်း ၉ ရက်နေ့က ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ပေးရေး၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဖျက်သိမ်းရေး၊ လုပ်ငန်းဖေါ်ဆောင်ရေးကော်မတီ ဥက္ကဋ္ဌ ဦးလှထွန်း အလိုမရှိ၊ ပြည်သူကို နှိပ်စက်ညှင်းပမ်းသော ရဲများအရေးယူပေးစတဲ့ ကြွေးကြော်သံတွေနဲ့ ဆန္ဒဖေါ်ထုတ်ခွင့်ပြုဖို့ မုံရွာမြို့နယ် ရဲတပ်ဖွဲ့မှူးထံ တရားဝင်လျှောက်ထားခဲ့ပါတယ်။ ဒါပေမဲ့ ရဲစခန်းက ဆန္ဒပြခွင့်ကို ပယ်ချခဲ့တာကြောင့် တစ်ကိုယ်တော် ဆန္ဒထုတ်ဖေါ်ဖို့အတွက် မုံရွာမြို့ကိုရောက်ရှိလာစဉ်မှာ ဖမ်းဆီးခံရတာလို့ ဆိုပါတယ်။

ဒေါ်နော်အုံးလှ အပါအဝင် ၁၀ ဦးကို လက်ရှိမှာ မုံရွာရဲစခန်းမှာ ဖမ်းဆီးထိန်းသိမ်းထားပြီး ရဲတပ်ဖွဲ့ဝင်တွေက စခန်းကိုပိတ်ဆို့ထားတယ်လို့ ဆိုပါတယ်။ သူတို့ကို ဖမ်းဆီးတာနဲ့ပတ်သက်ပြီး ဒေသခံ တောင်သူ ၆၀ ခန့်ကလည်း စခန်းရှေ့မှာ ထိုင်သပိတ်ဆင်နွှဲနေတယ်လို့ သိရပါတယ်။
RFA Burmese