ပါရမီ စိန်ဂေဟာအနီး ခြောက်လွှာမှ အမျိုးသမီးတစ်ဦး ပြုတ်ကျသေဆုံး

ပို့စ်တင်ချိန် - 10/21/2013 05:05:00 PM



လှိုင်မြို့နယ်၊ အမှတ် ၁၆ ရပ်ကွက်၊ ပါရမီလမ်း၊ စိန်ဂေဟာ ဈေးဝယ်စင်တာ အနီးရှိ တိုက်အမှတ် ၂၊ ခြောက်လွှာ အခန်း ၅၀၆ တွင် အောက်တိုဘာလ ၁၉ ရက် ည ၈ နာရီ ၃၀ မိနစ်က အသက် ၂၅ နှစ် အရွယ်ရှိ အမျိုးသမီးတစ်ဦး တိုက်ခန်းရှေ့ ပြတင်းပေါက်မှ ပြုတ်ကျ သေဆုံးခဲ့ကြောင်း ယင်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးတင်ကျော်ဝင်းက The Voice သို့ ပြောကြားသည်။

အင်တာနက်ဂျာနယ်တွင် ဘာသာပြန်အဖြစ် လုပ်ကိုင်နေသူ မဟေမာဝင်းသည် ခင်ပွန်းဖြစ်သူနှင့်အတူ အဆိုပါ တိုက်ခန်းတွင် နေထိုင်လျက်ရှိရာ သီတင်းကျွတ်လပြည့်နေ့ ဖြစ်သောကြောင့် နေအိမ် ဘုရားစင်တွင် မီးထွန်းပူဇော်စဉ် တိုက်အောက်မှ လူခေါ်သံ ကြားသဖြင့် ပြတင်းပေါက်မှ အောက်သို့ ငုံ့ကြည်ရာ အရှိန်လွန် ခြေချော်ကာ ပြတင်းပေါက်မှတစ်ဆင့် မြေညီထပ်ရှိ ကောင်းထက်သာ ဆေးဆိုင် ဆိုင်းဘုတ် အမိုးပေါ်သို့ ပြုတ်ကျကာ ကွန်ကရစ်လမ်းပေါ် လွင့်ကျခဲ့ခြင်း ဖြစ်ကြောင်း လှိုင်မြို့နယ် မြို့မရဲစခန်းမှ ရဲအရာရှိက ရှင်းပြသည်။
“ဆိုင်းဘုတ် အမိုးပေါ်က ဝုန်းဆိုတဲ့ အသံကြားလို့ ဆိုင်ရှေ့ ကြည့်လိုက်တော့ အမျိုးသမီးတစ်ဦး ခွေခွေကလေး လဲကျနေတာကို တွေ့လိုက်တာ။ ခြောက်လွှာကနေ ဆိုင်အမိုးပေါ် ပြုတ်ကျလို့ ဆိုင်းဘုတ်က စာလုံးတွေ ကွာကုန်တယ်” ဟု အဆိုပါတိုက် မြေညီထပ်တွင် ဖွင့်ထားသော ကောင်းထက်သာ ဆေးဆိုင်မှ အရောင်းဝန်ထမ်း အမျိုးသားက ပြောကြားသည်။

ပြုတ်ကျသည့် အရှိန်ကြောင့် အမျိုးသမီး၏ ညာဘက် ခန္ဓာကိုယ်တစ်ခြမ်း ပွန်းပဲ့ဒဏ်ရာများ ရရှိပြီး အင်းစိန်ဆေးရုံမှတစ်ဆင့် ရန်ကုန် ဆေးရုံကြီးသို့ ပိုဆောင်စဉ် ည ၁၁ နာရီ ၃၀ မိနစ်ခန့်က သေဆုံးခဲ့ ကြောင်း အဆိုပါ ရဲစခန်းထံမှ သိရှိရသည်။
“နေအိမ်တိုက်ခန်း ကြမ်းပြင်ရဲ့ အမြင့်သုံးပေမှာ အခုလူပြုတ်ကျတဲ့ ပြတင်းပေါက်ရှိတာ။ တော်ရုံ အားလွန်တဲ့ အရှိန်နဲ့ လူပြုတ်ကျဖို့ မလွယ်ဘူး။ ဒါပေမဲ့ သူတို့အခန်းက သမံတလင်း အပေါ်မှာ ကော်ဇောခင်းထားပြီး အခုပြုတ်ကျတဲ့ ပြတင်းပေါက် နားမှာ ခြေသုတ်ဝတ်တစ်ခု ထားထားတာဆိုတော့ ခြေသုတ်ဝတ်ပေါ် နင်းမိရာက အရှိန်လွန်ပြီး ပြုတ်ကျတာ ဖြစ်နိုင်ပါတယ်” ဟု အမှတ် ၁၆ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှ အဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

သေဆုံးသူ၏ ရုပ်အလောင်းကို ရန်ကုန် ပြည်သူ့ဆေးရုံကြီးတွင် ပီအာရ် ၀၂၅ ဖြင့် လက်ခံထားပြီး လှိုင်မြို့နယ် မြို့မရဲစခန်းမှ သေမှုသေခင်း အမှတ်စဉ် ၁၁/၁၃ ဖြင့် အမှုဖွင့်ကာ စစ်ဆေးလျက် ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။
The Voice Weekly