ပြည်သူကိုချစ်သည့် တိုင်းပြည်

ပို့စ်တင်ချိန် - 10/21/2013 06:31:00 PM


ထိုနေ့က ကျွန်တော့်ဘဏ်ကတ် ပျောက်သွား၏။ မနက် အလုပ်လာတုန်းကတောင် ရထားဘူတာရုံမှာ ကတ်နှင့် ငွေထုတ်ယူခဲ့သေးတာ။ ခရီးသွားကတ်ထဲမှာ ငွေနည်းနေသဖြင့် ဘဏ်ကတ်နှင့်ပဲ ငွေဖြည့်ခဲ့သေးတာ။ နေ့လယ်စာ ထမင်းစားမည်လုပ်တော့ ဘဏ်ကတ်ကို ရှာမတွေ့တော့ပါ။ ဘူတာမှာ၊ ဒါမှမဟုတ် ရထားပေါ်မှာ ကျကျန်ခဲ့လေသလား။ မမှတ်မိတော့။ တစ်ယောက်ယောက် ကောက်ရထားနိုင်သော်လည်း ကျွန်တော့် Fin နံပါတ် မသိသဖြင့် ငွေထုတ်၍ ရမည်မဟုတ်။ ကတ်ထည့်ပြီး Fin နံပါတ်တွေ လျှောက်ရိုက်တာ၊ ငွေထုတ်ယူဖို့ စမ်းနိုင်သော်လည်း၊ ထိုကဲ့သို့ သုံးခါလောက် လုပ်သည်နှင့် စက်က သူ့အလိုအလျောက် ကတ်ကိုသိမ်းသွားမှာ။ ဘာပဲဖြစ်ဖြစ် ဘဏ်ကို ဖုန်းဆက်အကြောင်းကြားရမည် မဟုတ်လား။ အနည်းဆုံး ကျွန်တော်နှင့်နီးသည့် ဘဏ်ခွဲတစ်ခုမှာ ကတ်ပြန်ထုတ်ယူဖို့။ ကျွန်တော့်ကတ် Account နံပါတ်၊ ကျွန်တော့် Passport နံပါတ်၊ ကျွန်တော့်နာမည်၊ ပြီးတော့ ကတ်ဟောင်းကို Cancel လုပ်ဖို့။ ညနေ အလုပ်ဆင်းတော့ ကျွန်တော်နှင့် အနီးဆုံး ယူနွတ်ဘူတာ (Eunos Station) က ဘဏ်ခွဲမှာ ကတ်အသစ်ကို ဝင်ထုတ်လိုက်သည်။ ကတ်ပျောက်သွားသဖြင့် ဒဏ်ကြေးငါးဆယ်တော့ ဆောင်လိုက်ရ၏။ ကိစ္စမရှိပါ။ လွယ်လွယ်ကူကူ ပြီးသွားတာပဲ ကျေနပ်ဖို့ ကောင်းပါသည်။ ဝန်ဆောင်မှုဆိုတာ ထိုကဲ့သို့ လွယ်ကူရမည် မဟုတ်ပါလား။

ထိုနေ့က အခွန်နှင့် ပတ်သက်ပြီး စာလာ၏။ ကွန်ပျူတာမှာ အခွန်ဌာန ဝက်ဘ်ဆိုက်ကို ဝင်ပြီးလုပ်လျှင် ရပေမယ့် ကျွန်တော်က ကွန်ပျူတာ သိပ်မသုံးတတ်။ ဒါနှင့်ပဲ အားသည့်တစ်ရက်မှာ နိုဗီးနားဘူတာ (Novena Station) နားက အခွန်ရုံးကို ထွက်လာခဲ့သည်။ ဟိုရောက်တော့ ဝန်ထမ်း (လူငယ်တွေ) က ဘာလုပ်ပေးရမလဲဟု မေးကြသည်။ အခွန်ဘယ်လောက် ဆောင်ရမလဲ သိချင်လို့ပါဟု ပြောသည့်အခါ တုံကင်နံပါတ်လေး ကျွန်တော့်ကို ထုတ်ပေးသည်။ ထိုနံပါတ်စလစ်ကို ကိုယ့်ဘာသာစက်မှာ သွားယူလည်း ရနိုင်ပါသည်။ ထိုစာရွက်လေးကိုင်ပြီး သူများတွေလို ထိုင်ခုံတစ်ခုမှာ ဝင်ထိုင်လိုက်သည်။ ပြီးတော့ ကျွန်တော့်နံပါတ် ပေါ်လာမည့် အလှည့်ကို စောင့်နေခဲ့သည်။ ငါးမိနစ် မကြာပါ။ ဘုတ်ပြားတွေ အများကြီးထဲမှ တစ်ခုမှာ ကျွန်တော့် နံပါတ်ပေါ်လာသည်။ ကျွန်တော့်နံပါတ်နှင့်အတူ ကျွန်တော်သွားရမည့် အရာရှိစားပွဲ အက္ခရာပါ တွဲပေါ်လာသည်။ ကျွန်တော် (F) ကောင်တာက အရာရှိဆီ သွားတွေ့ရမည်။
ထိုအခန်းကို ကျွန်တော်ရောက်တော့ ဘာလုပ်ပေးရမလဲဟု ထပ်မေး၏။ အခွန်ဘယ်လောက် ဆောင်ရမလဲ သိချင်လို့ပါဟု ပြောပြလိုက်၏။ ကျွန်တော့် အက်စ်ပတ်စ် (S-Pass) ကိုတောင်းပြီး ကွန်ပျူတာမှာ Fin နံပါတ် ရိုက်ထည့်သည့်အခါ၊ ကျွန်တော်သုံးနှစ်စာ လုပ်ခဲ့သည့်ငွေ Amount တွေ ပေါ်လာသည်။ အိမ်ထောင်ရှိသလား၊ အိမ်ထောင်သည်က အလုပ်လုပ်သလား၊ ကလေးတွေ ရှိသလား၊ ကျောင်းမပြီးသေးဘူးလား စသည်များ မေးကာ၊ မိန်းမစရိတ် နှစ်ထောင်၊ ကလေးနှစ်ယောက်အတွက် နှစ်သောင်း ထည့်တွက်ကာ အခွန်ဆောင်ဖို့ မလိုပါဘူးဟု ပြောပါသည်။ ပြီးတော့ အခွန် ကင်းရှင်းကြောင်း စာရွက်ကိုလည်း တစ်ခါတည်း ထုတ်ပေးလိုက်သည်။ စင်ကာပူနိုင်ငံအတွက် တစ်ပြားမှ အခွန်ဆောင်ဖို့ မလိုပေမယ့် ထိုအချိန်က မြန်မာသံရုံးမှာ ဒေါ်လာနှစ်ထောင်ကျော် ဆောင်ခဲ့ပြီးပြီ ဖြစ်သည်။ ကလေး ရှိသလား၊ ဝင်ငွေနှင့် လောက်သလား၊ မလောက်ဘူးလား၊ ဘယ်သူမှ မမေးပါ။ နောက်ပိုင်း အခွန်ဆောင်ဖို့ မလိုဟု နိုင်ငံတော်က ချမှတ်လိုက်သဖြင့် သက်သာသွားပါသည်။ အချို့ သူများနိုင်ငံမှာ အိမ်ဖော်လာလုပ်ပြီး တစ်လမှ မြန်မာငွေ သုံးသိန်းလောက် ရသူတောင် အခွန်ဆောင်ခဲ့ရသည်။ စင်ကာပူမှာ အခွန်ဆောင်ဖို့ သွားရတာ ဆယ့်ငါးမိနစ်တောင် မကြာပါ။ ဒါဟာ ပြည်သူကိုချစ်တဲ့ တိုင်းပြည်က လုပ်ပေးထားသော ဝန်ဆောင်မှုပဲ ဖြစ်ပါသည်။
ကျွန်တော်တို့ နိုင်ငံမှာတော့ ခုထက်ထိတိုင် ဘူးလုံး နားမထွင်း ကိစ္စတွေ အများကြီး ရှိနေသေး၏။ ဝန်ထမ်းဆိုတာ ပြည်သူ့ကိစ္စ ဆောင်ရွက်ဖို့ တာဝန်ထမ်းဆောင်နေခြင်း ဆိုသည်ကို မေ့လျော့နေ၏။ အစိုးရ အဖွဲ့အစည်းဆိုတာ ပြည်သူကို ကိုယ်စားပြုပြီး ပြည်သူ့အခက်အခဲကို ရှေ့ကမားမားမတ်မတ် ရပ်တည်လုပ်ဆောင်ပေးဖို့ တာဝန်ရှိသူဆိုတာ မေ့လျော့နေကြ၏။ ပြောင်းပြန် အမြင်အားဖြင့် အစိုးရဆိုတာ သူတို့ကို ပြည်သူက ဦးစားပေးနေရပြီး ကျားသနားမှ နွားချမ်းသာ အခြေအနေမျိုး ဖြစ်နေခဲ့သည်။ အချို့ကိစ္စတွေမှာ ကျွမ်းကျင်မှု မရှိတာကော၊ ဆူလွယ် နပ်လွယ် လုပ်လာသည့် အကျင့်အတိုင်း ဆက်သွားနေတာကော၊ ပြုပြင်ပြောင်းလဲမှုကို မျက်ခြည်ပြတ်နေတာကော ပါဝင်ခဲ့ရာ ခရီးရောက်နိုင်သလောက် ခရီးမပေါက်သည်ကို တွေ့နေရပြန်သည်။ ယာဉ်ကြော ပိတ်ဆို့မှု (Traffic Jam) တွေကို ဖြေရှင်းရာ မှာလည်း၊ စာစောင်တွေထဲမှာတော့ ဘာစနစ်ကိုသုံးမည်၊ ညာစနစ်ကိုသုံးမည် မစားရ ဝမခန်း ပြောနေကြပြီး လချီလာသည့်တိုင် ဘာမှဖြစ်မလာခဲ့။ Bus Lane သီးသန့်မရှိဘဲ၊ Bus တွေက ထပ်ရပ်ကြ၊ လူမရှိဘဲ စောင့်တင်ကြလုပ်နေတုန်း ဖြစ်ရာ ဒုံရင်းက ဒုံရင်းသာ ဖြစ်နေခဲ့သည်။
ပြီးတော့ တကယ်လုပ်ရမည့် ကိစ္စကို ရှက်နေပြီး တကယ်မလုပ်ရမည့် ကိစ္စကို မရှက်တတ်သည့် အကျင့်က ကင်ဆာလို အမြစ်တွယ်နေကြသည်။ အလုပ်တစ်ခုကို တိုးလိုးတန်းလန်း ထားသည့်အကျင့်၊ နောက်ဆုံး ဆူလွယ်နပ်လွယ် လုပ်သည့်အကျင့်၊ ကိုယ့်ဖို့ဘာအကျိုး၊ အမြတ်ရှိမလဲ စဉ်းစားသည့် အကျင့်တွေက အရိုးစွဲနေခဲ့ပြန်သည်။
တစ်လောက ဂျာနယ်တစ်စောင်မှာ ရန်ကုန်မြို့ထဲကလမ်းတွေ ကွန်ကရစ်ခင်းဖို့၊ ပလက်ဖောင်းတွေပြင်ဖို့၊ ရေမြောင်းတွေပြင်ဖို့၊ သန်းငါးထောင် တင်ထားသည့်ကိစ္စကို ဖတ်လိုက်ရ၏။ မြို့ထဲမှာလည်း လမ်းတွေကိုချဲ့၊ ကွန်ကရစ်ခင်း၊ ပလက်ဖောင်းနှင့် ရေမြောင်းတွေ ပြင်နေတာကို တွေ့နေရပါသည်။ ဒါတွေက ကန်ထရိုက် ပေးထားတာလား၊ အဆင့်အတန်း ဘယ်လိုသတ်မှတ်ထားသလဲ၊ ဘယ်သူက Quality Control လုပ်သလဲ၊ သိဖို့ မလိုအပ်ပေမယ့် သပ်သပ်ရပ်ရပ်တော့ ဖြစ်ဖို့လိုပါသည်။ တချို့ လုပ်နေသည်ကို ဘယ်သူမှ လာမကြည့်ပါ။ တချို့ရှေ့က လုပ်သွားသည့် ပလက်ဖောင်းတွေဟာ နောက်မှာ ပျက်ကျန်နေခဲ့ပါပြီ။ တချို့ရေမြောင်းတွေဟာ အနက်တစ်ပေကျော်ကျော်၊ အကျယ် တစ်ပေကျော်ကျော်သာ ရှိပြီး အပေါ်က ကွန်ကရစ် ဆက်လောင်းလိုက်ပါသည်။ နဂိုကမှ ရေစီးရေလာ မကောင်းရသည့်အထဲ၊ ထိုမြောင်းတွေ ဘယ်လိုရေစီးနိုင်မလဲ စဉ်းစားမရပါ။
ကန်ထရိုက် ပေးသည်ဆိုလျှင် ကန်ထရိုက်ကို ညှာဖို့မလိုပါ။ စည်ပင်က တိုက်ရိုက် လုပ်သည်ဆိုလျှင်လည်း ဒီဇိုင်းနှင့် ကွာလတီတော့ ရှိရမည် ဖြစ်သည်။ သက်ဆိုင်သူတွေ လုပ်သည်ကို အပြစ်ပြောခြင်း မဟုတ်ပါ။ ဒါဟာ ပြည်သူတွေ ဆောင်ထားသည့် ဘဏ္ဍာငွေနှင့် လုပ်ရခြင်းကြောင့် ပြောခြင်း ဖြစ်ပါသည်။ တစ်ခါတည်းနှင့် ကောင်းအောင်လုပ်နိုင်ပါလျက် နောက်ဘယ်တော့မှ ကောင်းအောင် ထပ်လုပ်ဦးပါမည်နည်း။ ငွေတွေသာ ကုန်ပြီး ဆူလွယ်- နပ်လွယ် အလုပ်က ဘယ်တော့မှ မပြောင်းလဲ။ ဘတ်စ်ကား မှတ်တိုင်တွေကော၊ ဒီထက်ကောင်းအောင်လုပ်လို့ မရဘူးလား။ မြို့နယ်တွေက ဘတ်စ်ကား မှတ်တိုင်တွေဆို အမိုးတွေက စက်ရုံထုတ်၊ နောက်ဆုံးဒီဇိုင်း အမိုးတွေနှင့် လှနေပေမယ့် အောက်ခြေမှာ ပလက်ဖောင်းမရှိ၊ ခရီးသည်ထိုင်ဖို့ အနည်းဆုံး ကွန်ကရစ် ခုံတန်းလေးပင်မရှိ၊ ဒါတွေဟာ ဘာမှထပ်ပြီး ကုန်စရာ သိပ်မရှိပေမယ့် နဂိုထဲက Plan မရှိတာလား မသိပါ။ တတ်နိုင်လျှင် စင်ကာပူက ဘတ်စ်ကား မှတ်တိုင်တွေမှာလို့ ဘယ်ကားနံပါတ်တွေက ဘယ်မှတ်တိုင်နှင့် ဘယ်ကိုရောက်သည်ကိုပါ ကပ်ထားသည့် Glass Box တွေရှိလျှင် ပိုကောင်း ပါမည်။ ဒီနေ့လုပ်လျှင် ဖြစ်သည့်ကိစ္စကို ဘာကြောင့်များ တိုးလိုးတန်းလန်း ချန်ထားပါသလဲ၊ ဒီအတိုင်းပဲ နောက်နှစ်လည်း ဒီငွေတွေ ထပ်ကုန်ပြီး ဒီအဆင့်က မတက်ဘူး ဆိုလျှင်တော့ စင်ကာပူလိုဖြစ်အောင် ဆိုသည့်စကားတွေ မပြောကြတာပဲ ကောင်းမည် ထင်ပါသည်။ စင်ကာပူလိုလည်း မဖြစ်ချင်ပါ။ တတ်နိုင်လျှင် စင်ကာပူထက် သာချင်ပါသည်။
မိဘဆိုတာ ကိုယ့်သားသမီးကို အဆင့်အတန်း ရှိအောင်လုပ်မှ အဆင့်အတန်း ရှိလာမည်ဖြစ်၏။ အစိုးရ ဆိုတာလည်း ကိုယ့်ပြည်သူကို အဆင့်အတန်းရှိအောင် လုပ်ပေးမှ အဆင့်အတန်း ရှိလာမည် ဖြစ်သည်။ ပြည်သူတွေ အေးအေးချမ်းချမ်း အဆင့်အတန်းရှိရှိ နေနိုင်မှ တိုင်းပြည်လည်း တည်ငြိမ်မည် ဖြစ်၏။ ပြည်သူလိုချင်တာ ဘယ်အစိုးရဟု ဘောင်ခတ်ထားသည့် အစိုးရ မဟုတ်ပါ။ ပြည်သူလိုချင်တာ သူတို့အဆင်ပြေအောင် လုပ်ပေးနိုင်သည့် အစိုးရပဲ ဖြစ်သည်။ သူတို့ကို မလိမ်သည့် အစိုးရ၊ သူတို့ကို ဗိုလ်မကျသည့် အစိုးရ၊ သူတို့ကို တကယ်ချစ်သည့် အစိုးရကိုသာ လိုချင်တာ ဖြစ်သည်။
သမိုင်းထဲမှာ မင်းထီးဆိုသည့် ရခိုင်ဘုရင်တစ်ပါး ရှိခဲ့ဖူး၏။ ထိုမင်းသည် သူ့ဥပဒေကို သူလိုက်နာသော မင်းဖြစ်၏။ သူ့ဥပဒေထဲမှာ သားဆိုးလျှင် အဖေကို အပြစ်ပေး၊ သမီးဆိုးလျှင် အမေကို အပြစ်ပေး၊ မယားဆိုးလျှင် လင်ကို အပြစ်ပေး၊ ကျွန်ဆိုးလျှင် သခင်ကို အပြစ်ပေးဟု ပါရှိဖူး၏။ တစ်နေ့မှာ သူဌေးတစ်ယောက်၏ အလုပ်သမား နှစ်ယောက်က နွားခိုးပြီး သတ်သည့် အမှုဖြစ်လာခဲ့သည်။ သူဌေးလုပ်သူက ဘုရင်အပြစ်ပေးမည်ကို ကြောက်ပြီး ဘုရင့်ဦးရီးတော်ကို လာဘ်ထိုးကာ ထိုလူနှစ်ယောက်ကို ဦးရီးတော်ကျွန်တွေဟု ပြောခိုင်းသည်။ ဦးရီးတော်ကလည်း ဘုရင်ချစ်သည့် ဦးကြီးမို့ သူ့ကိုယ်သူ ယုံကြည်ပြီး လက်ခံလိုက်သည်။ အမှုစစ်သည့်အခါ၊ ဒီလူတွေဟာ သူ့လူတွေပါဟု ဦးရီးတော်က ပြောသည်။ တရားရုံးလည်း ဆုံးဖြတ်ရ ခက်နေသည်။ ဒါဟာ ဘုရင်ရဲ့ကိစ္စဟု ဆုံးဖြတ်ပြီး တရားရုံးလည်း ထိုအမှုကို ဘုရင်အား လွှဲပေးလိုက်သည်။ ဘုရင်ကလည်း ဥပဒေရဲ့အပေါ်မှာ ဦးရီးတော် မရှိစေရဟုဆိုပြီး ဦးရီးတော်ကို အာဏာပါးကွက်သားတို့လက်ကို အပ်လိုက်ပါသည်။
ပြည်သူတွေ လိုချင်တာ ဦးရီးတော်တွေကိုသာ ကာကွယ်ပေးသည့် ဥပဒေမဟုတ်ပါ။ ပတ်သက်ရာ ပတ်သက်ကြောင်းတွေကို ကာကွယ်ပေးသည့် ဥပဒေမဟုတ်ပါ။ ပြည်သူကို ကာကွယ်ပေးသည့်၊ မကောင်းသူကို အပြစ်ပေး၊ ကောင်းသူကို ကာကွယ်ပေးသည့် ဥပဒေဖြစ်သည်။ ဒါမှသာ ပြည်သူကို ချစ်သည့်အစိုးရ၊ ပြည်သူကို ချစ်သည့်တိုင်းပြည် အမှန်တကယ် ဖြစ်လာနိုင် လိမ့်မည်ဆိုတာ ….။
နေသစ်နီ
thevoicemyanmar