Facebook မှာ ဒုဝန်ကြီးဦးရဲထွဋ်ကို နောက်ယောင်ခံမှု



မြန်မာပြည်မှာ အင်တာနက်သုံးသူ ၁ဝ သိန်း ရှိမယ်လို့ ပြန်ကြားရေးဒုဝန်ကြီးဦးရဲထွဋ်က ပြောပါတယ်။

"ကျနော်တို့မှာ တိတိကျကျ သုတေသန ပြုထားတော့ မရှိပါဘူး၊ ဒါပေမယ့် ရနိုင်တဲ့ အချက်အလက်တွေကနေ ကြည့်မယ် ဆိုရင် ဆက်သွယ်ရေး ဝန်ကြီးဌာနရဲ့ သတင်းအချက်အလက်တွေအရ မြန်မာနိုင်ငံမှာ ပုံမှန် အင်တာနက်လိုင်းကနေ အင်တာနက်သုံးနေတဲ့သူ ၁.ဝ၅ သန်း ရှိပါတယ်" တဲ့။


ဒီမနက် ဆွေးနွေးပွဲမှာ တွေ့ရတဲ့ ဦးရဲထွဋ် (ဓာတ်ပုံ - ဂျေပိုင်/ဧရာဝတီ)

သောကြာမနက် ရန်ကုန်မြို့မှာလုပ်တဲ့  အမုန်းပွားစေသော ပြောဆိုရေးသားမှုများ ဆိုင်ရာ  ဆွေးနွေးပွဲမှာ သူက ပြောတာပါ။

Facebook အသုံးပြုမှုရော ဘယ်လောက် ရှိနိုင်ပါသလဲ။

မြန်မာပြည် အွန်လိုင်းတက်သူ  ၈ဝ% ဟာ Facebook သုံးတယ်လို့ ဒုဝန်ကြီးက ခန့်မှန်းပါတယ်။

ဒါကြောင့် မြန်မာပြည်မှာ Facebook  အကောင့် ၈ဝဝ,ဝဝဝ ရှိနေတယ်၊ အဲဒီအကောင့်တွေထဲ ထက်ဝက်က ဘယ်သူဘယ်ဝါမှန်း မသိရဘူးလို့ ဆိုတယ်။

ဒါဆိုရင် .... အကောင့်အတုတွေ ဘာကြောင့်ထားကြတာလဲ။

"အရင်ခေတ်တုန်းက အရင်အစိုးရလက်ထက်တုန်းက အင်တာနက်ကို တင်းတင်းကြပ်ကြပ် ထိန်းချုပ်ထားခဲ့တယ်၊
အီလက်ထရွန်နစ်ဥပဒေလို ဥပဒေမျိုးတွေနဲ့ ပြစ်ဒဏ်ပေးတာတွေ ရှိခဲ့တဲ့အတွက် လူတွေမှာ  မိမိရဲ့ identity အမှန်ကို ဖုံးကွယ်တဲ့အကျင့် စွဲလာတယ်လို့ ယူဆပါတယ်" လို့ ဒုဝန်ကြီးက ဆိုပါတယ်။



အမေရိကန်သံရုံးက စီစဉ်တဲ့ ဆွေးနွေးပွဲမှာ တွေ့ရတဲ့ ဦးရဲထွဋ် (ဓာတ်ပုံ - ဧရာဝတီ)
 Facebook  အကောင့် တခုထက်မနည်း ဖွင့်ပြီး လက်စွမ်းပြကြတဲ့ အတွက် အွန်လိုင်းမှာ အမုန်းပွားစေသော ပြောဆိုရေးသားမှုများက ပလူပျံနေပါပြီ။
"ဒီလို identity ကို  ဖုံးကွယ်ပြီးတော့ ပြောဆို ဆွေးနွေးလာတာတွေဟာ ကျနော်တို့အတွက် စိုးရိမ်စရာကောင်းတဲ့ အခြေအနေ လို့ ပြောလို့ရပါတယ်" ဆိုပြီး သူက ဆက်ပြောပါတယ်။

ဘယ်သူဘယ်ဝါမှန်း မသိရတဲ့ Facebook သူရဲကောင်း ဆိုတာက စာနယ်ဇင်းသမား၊  လုပ်ငန်းရှင်၊ ကျောင်းသား၊ အစိုးရအရာရှိ၊ လခစား Facebook သမား၊ နိုင်ငံရေးသမား၊ အစွန်းရောက်သမား၊ တက်ကြွလှုပ်ရှားသူ စသည်ဖြင့် စသည်ဖြင့် မည်သူမဆို ဘယ်အလွှာကမဆို ဖြစ်နိုင်တာပါပဲ။

အထက်ဖော်ပြပွဲ ရန်ကုန်မြို့ ဆွေးနွေးပွဲ အပြီးမှာတော့ ဧရာဝတီက ဒုဝန်ကြီးဦးရဲထွဋ်ကို  မေးဖြစ်ပါတယ် -
ဦးရဲထွဋ်မှာရော Facebook  အကောင့် ဘယ်လောက် ရှိပါသလဲ လို့။
သူက ရဲထွဋ်၊ ဗညားအောင် ဆိုပြီး ကလောင်နာမည် နှစ်ခု ရှိပေမယ့် Facebook  အကောင့်ကတော့ တခုတည်း ရှိပါတယ်လို့ ပြန်ဖြေပါတယ်။



 ဦးရဲထွဋ်ကို Facebook မှာ တရင်းတနှီး ဖြစ်လိုရင်တော့ သူ့စာမျက်နှာမှာ ရှိတဲ့ Follow ခလုတ်ကို တချက် နှိပ်လိုက်ရုံပါပဲ။ အဲဒီလိုနှိပ်ထားသူ လေးသောင်းကျော် ရှိနေပါပြီ။

 Facebook မှာ သူ့ကို နောက်ယောင်ခံလိုက်နေသူ လေးသောင်းကျော်ထဲက ထက်ဝက်ဟာ သူတို့မည်သူမည်ဝါဖြစ်ကြောင်း ဖုံးကွယ်ထားကြတယ်လို့ ဦးရဲထွဋ်က ခန့်မှန်းပါတယ်။

တနည်းအားဖြင့် ပြောရရင် .... Facebook မှာ ရုပ်ဖျက်ပြီး ဒုဝန်ကြီးကို နောက်ယောင်ခံသူတွေ နှစ်သောင်း၊ ဗြောင်လိုက်နေသူ နှစ်သောင်း ရှိနေတယ်ဆိုတဲ့သဘောပေါ့။

 Facebook မှာ ဒုဝန်ကြီး ဘာတွေ ရေးခဲ့တယ် ဆိုတာကို မှတ်တမ်းတင်နေသူတွေ၊ ဖတ်ရှုနေသူတွေ အရေအတွက်က မနည်းမနောပါလားလို့ ဆိုနိုင်ပါတယ်။

ဧရာဝတီ

သီရိလင်္ကာနိုင်ငံကလည်း TIME မဂ္ဂဇင်းကို ပိတ်ပင်လေမလား


သီရိလင်္ကာရှိ အပြည်ပြည်ဆိုင်ရာ ကိုလံဘိုလေဆိပ်မှာ ဇူလိုင်လ ၁ ရက်နေ့ထုတ် တိုင်းမ် မဂ္ဂဇင်း ကို
လေဆိပ် အကောက်အခွန်ဌာနက ဇွန်လ ၂၉ ရက်နေ့က သိမ်းလိုက်တယ်ဆိုပါတယ်။

ဇူလိုင်လထုတ် တိုင်းမ်မဂ္ဂဇင်း၊  ဓာတ်ပုံ- ဧရာဝတီ

သီရိလင်္ကာ အကောက်အခွန်ဌာန ပြောခွင့်ရသူက ပြောတာတော့ အကောက်အခွန် ညွှန်ကြားရေးမှူးချုပ်ရဲ့ ညွှန်ကြားမှုအရ အခုလို သိမ်းဆည်းတာလို့ ပြောပါတယ်။

တကယ်လို့ ဒီ မဂ္ဂဇင်းကို ပိုင်ရှင်က ပြန်လိုချင်တယ်ဆိုရင် အကောက်အခွန်ညွှန်ချုပ်ရဲ့ ခွင့်ပြုချက်ရ မှ ပြန်ပေးမယ်လို့ သူက ပြောတာကို ကိုးကားပြီး Colombo Page အွန်လိုင်း သတင်းတပုဒ်က ဆိုပါတယ်။

သီရိလင်္ကာနိုင်ငံရေးလောက သူတွေရဲ့ အဆိုအရ သီရိလင်္ကာအစိုးရဟာ မြန်မာနိုင်ငံက သတင်းဆောင်းပါး ကို ဖော်ပြထား တာဖြစ်ပေမယ့် ဒီတိုင်းမ် မဂ္ဂဇင်းကို အကြောင်းပြုပြီး ဗုဒ္ဓဘာသာဝင် စစ်သွေးကြွတွေ အရှိန်
မြင့်စေမယ့် မျက်နှာဖုံးဆောင်းပါး ပါတဲ့ နောက်ဆုံးထုတ် တိုင်းမ်မဂ္ဂဇင်းကို ပိတ်ပင်ဖွယ်ရှိတယ်လို့ ပြောကြ တယ် လို့လည်း ရေးသားထားပါတယ်။

တိုင်းမ်မဂ္ဂဇင်းရဲ့ ဇူလိုင်လ ၁ ရက်နေ့ထုတ် မဂ္ဂဇင်း မျက်နှာဖုံးဆောင်းပါးဟာ "The Face of Buddhist Terror" လို့ ခေါင်းစဉ်တပ်ထားပြီး မြန်မာအစွန်းရောက် ရဟန်းတပါးဖြစ်တဲ့ ဦးဝီရသူကို ပုံဖော်ရေးသားထား တယ်လို့ အဆိုပါ သတင်းက ဆိုပါတယ်။

ဦးဝီရသူကိုလည်း မြန်မာ ဘင်လာဒင်လို့ ခေါင်းစဉ်ပေးထားပြီး မွတ်စလင် ဆန့်ကျင်ရေး လုပ်နေတဲ့ ၉၆၉ ဗုဒ္ဓ ဘာသာဝင် အမျိုးသားရေး လှုပ်ရှားမှု ခေါင်းဆောင်အဖြစ်နဲ့ ပုံဖော်ထားပါတယ်။

သီရိလင်္ကာအစိုးရကတော့ နိုင်ငံတွင်းမှာ ဗုဒ္ဓဘာသာအစွန်းရောက်ဝါဒမြင့်တက်လာမှာကို စိုးရိမ်လာတယ် လို့ လည်း အဆိုပါ ကိုလံဘို စာမျက်နှာ သတင်းက ရေးသားဖော်ပြထားပါတယ်။

မြန်မာပြည်က ကိစ္စဟာ အခုတော့ သီရိလင်္ကာနိုင်ငံကို ရိုက်ခတ်မှု တခုပါ။


အိမ့်သံစဉ် ~

အိန္ဒိယရေဘေး လူ ၉၀၀ ကျော်သေဆုံး


အိန္ဒိယနိုင်ငံမြောက်ပိုင်းက Uttarakhand ပြည်နယ်မှာ မုတ်သုန်ရာသီမိုးတွေ အချိန်မတိုင်ခင် ၀င်ရောက်လာပြီးတော့ မိုးတွေသည်းလို့ တောင်ကျချောင်းရေ လျှပ်တပြတ် လျှံတာတွေ၊ မြေပြိုတာတွေဖြစ်ပွားပြီး လူ ၉၀၀ မက သေဆုံးခဲ့ရပြီး ဖြစ်သလို လူပေါင်း ထောင်သောင်းချီ ပျောက်ဆုံးနေ ပါတယ်။ သေဆုံးသူ ပမာဏက အများကြီး ပိုများသွားနိုင်တယ် လို့ ပြည်ထောင်စု ပြည်ထဲရေးဝန်ကြီး ဆူရှီကူးမားရှင်ဒီက ပြောပါတယ်။

ကာကွယ်ရေးဌာနက ၀န်ထမ်းထောင်ပေါင်းများစွာနဲ့ အင်ဒို-တိဘက်တန် နယ်စပ်လုံခြုံရေး ရဲတပ်ဖွဲ့၊ အမျိုးသား သဘာဝဘေးအန္တရာယ် ကိုင်တွယ်ရေး တပ်ဖွဲ့ (NDRF) တို့ဟာ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကို ၂၄ နာရီပတ်လုံး မနားမနေ လုပ်ဆောင်နေကြရပါတယ်။

ဟိမ၀န္တာတောင်တန်းတွေမှာ ဘုရားဖူးရောက်နေကြတဲ့ ဟိန္ဒူဘုရားဖူးတွေ၊ နိုင်ငံသွား ခရီးသွားတွေ အပါအ၀င် ဒုက္ခရောက်နေသူ အများအပြားကို ရဟတ်ယာဉ်တွေနဲ့ ကယ်ဆယ်ခဲ့ရတာဖြစ်ပါတယ်။ အခုထိဆိုရင် လူပေါင်း တစ်သိန်းငါးထောင်ကို ကယ်ဆယ် ခဲ့ပြီးဖြစ်တယ်လို့ ပြည်ထဲရေးဝန်ကြီးက ပြောပါတယ်။

အိန္ဒိယရဲ့အရှည်လျားဆုံး ဂင်္ဂါမြစ်ဝှမ်းက နေအိမ်တွေ၊ တိုက်ခန်းတွေ လည်း ရေထဲပြိုကျကုန်ပြီး ကားတွေ၊ ထရပ်ကားတွေပါ ရေနဲ့မျောပါ သွားကြတယ်လို့လည်း သတင်းတွေမှာ ဖော်ပြနေကြပါတယ်။

ဗွီအိုအေ (မြန်မာဌာန)

နော်ဝေအခြေစိုက် Telenor အုပ်စု ရန်ကုန်၊ မန္တလေး၊ နေပြည်တော် မြို့တို့တွင် ရုံးခွဲများ ဖွင့်လှစ်ရန် စီစဉ်

ပြည်ပနိုင်ငံ တစ်ခုရှိ Telenor အဆောက်အအုံအား တွေ့ရစဉ် (commons.wikimedia.org)

မြန်မာ့ဆက်သွယ်ရေး မိုဘိုင်းအော်ပရေတာလုပ်ငန်း လုပ်ကိုင်ခွင့်ရ ကုမ္ပဏီတစ်ခုဖြစ်သော Telenor အုပ်စုသည် ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော် မြို့တို့တွင် ရုံးခွဲများ ဖွင့်လှစ်ရန် စီစဉ်လျက်ရှိပြီး ၀န်ထမ်းများနှင့် နည်းပညာ ကျွမ်းကျင်ပညာရှင်များကို မကြာမီ ခေါ်ယူသွားမည်ဖြစ်ကြောင်း Telenor Myanmar က သတင်းထုတ်ပြန်ခဲ့သည်။
Telenor သည် အရှေ့တောင်အာရှ နိုင်ငံဈေးကွက်အတွင်း တတိယမြောက် ခြေလှမ်းအဖြစ် မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးလုပ်ငန်း လုပ်ကိုင်ခွင့်ကို ဇွန် ၂၇ ရက်က ရရှိခဲ့သည်။ Telenor သည် နော်ဝေနိုင်ငံ အခြေစိုက် ဆက်သွယ်ရေး ကုမ္ပဏီတစ်ခုဖြစ်ပြီး ကမ္ဘာ့အဆင့် ၁၄ တွင် ရပ်တည်လျက် ရှိသည်။
ဆက်သွယ်ရေးမိုဘိုင်း အော်ပရေတာအဖြစ် နော်ဝေ၊ ဒိန်းမတ်၊ ဆွီဒင်၊ ဆားဘီးယား၊ ယူကရိန်း၊ ဟန်ဂေရီ၊ မွန်တီနီဂရို၊ ထိုင်း၊ မလေးရှား၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနှင့် ပါကစ္စတန် နိုင်ငံတို့တွင် လုပ်ကိုင်လျက်ရှိသည်။ Telenor အုပ်စု၏ အဓိက ၀န်ဆောင်မှုများမှာ Internet Broadband ၀န်ဆောင်မှု၊ Mobile Telecommunication ၀န်ဆောင်မှု၊ Internet TV ၀န်ဆောင်မှု၊ IPTV ၀န်ဆောင်မှု စသည်တို့အပြင် အခြားဝန်ဆောင်မှုများလည်း ပြုလုပ်လျက်ရှိကြောင်း သိရသည်။
Telenor သည် HSPA သို့မဟုတ် 3G နှင့် LTE အဆင်သင့်ဖြစ်နေသော နည်းပညာများကို အသုံးပြုပြီး ငါးနှစ်တာ ကာလအတွင်း မြန်မာတစ်နိုင်ငံလုံး အသုံးပြုနိုင်မည့် Mobile Network တစ်ခုကို တည်ဆောက်မည်ဖြစ်ပြီး Mobile ၀န်ဆောင်မှုများ အပါအ၀င် အသံနှင့် အချက်အလက် လွှဲပြောင်းမှုဆိုင်ရာ ၀န်ဆောင်မှုများကို ၂၀၁၄ ခုနှစ်အတွင်း စတင်ဝန်ဆောင်မှု ပေးနိုင်ရန် ဆောင်ရွက်သွားမည်ဟု သတင်းရရှိသည်။
Telenor မြန်မာနိုင်ငံတွင် ကျင့်သုံးမည့် မဟာဗျူဟာ အချို့မှာ နည်းပညာ အဆင့်မြင့်ခြင်း၊ သင့်တင့်လျောက်ပတ်သော ဈေးနှုန်းဖြစ်ခြင်း၊ ယုံကြည်မှုနှင့်အတူ အကောင်းဆုံး ၀န်ဆောင်မှု ပေးခြင်းတို့ဖြစ်ကြောင်း သိရသည်။
Telenor Mobile Communication သည် နော်ဝေနိုင်ငံ အခြေစိုက် ဆက်သွယ်ရေး ကုမ္ပဏီကြီးဖြစ်ပြီး ကမ္ဘာ့အကြီးဆုံး ဆက်သွယ်ရေး ကုမ္ပဏီကြီးများထဲတွင် တစ်ခုအပါအ၀င်ဖြစ်ပြီး ၁၈၅၅ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ခြင်း ဖြစ်သည်။ ဆက်သွယ်ရေး ၀န်ဆောင်မှုများအား နော်ဝေနိုင်ငံတွင်းသာ မကဘဲ ဥရောပနိုင်ငံ အချို့နှင့် အာရှနိုင်ငံများဖြစ်သည့် ထိုင်း၊ မလေးရှား၊ အိန္ဒိယနိုင်ငံများတွင်ပါ မိုဘိုင်းအော်ပရေတာအဖြစ် လုပ်ဆောင်လျက်ရှိပြီး ၂၀၁၃ ခုနှစ်အထိ မိုဘိုင်းဖုန်း အသုံးပြုသူ ၁၄၈ သန်း ရှိသည်။

From: EMG

မိတ္ထီလာဒေသခံ သတင်းထောက် ထောင်ဒဏ် ၂ နှစ် ချခံရ

မိတ္ထီလာ၊ ဇွန် ၂၉

မိတ္ထီလာမြို့တွင် ဖြစ်ပွားသော ပဋိပက္ခ ကာလအတွင်း ဗုဒ္ဓဘာသာနှင့် အစ္စလာမ် ဘာသာဝင်များအကြား ပဋိပက္ခ ဖြစ်စေရန် လှုံ့ဆော်မှုဖြင့် မိတ္ထီလာဒေသခံ သတင်းထောက်တစ်ဦးကို မြို့နယ်တရားရုံးက ဇွန်လ၂၄ ရက်နေ့တွင် ထောင်ဒဏ် ၂ နှစ် ချမှတ်လိုက်ကြောင်း မိတ္ထီလာမြို့နယ် တရားရုံးထံမှ စုံစမ်းသိရှိရသည်။

မိတ္ထီလာမြို့ အောင်ဇေယျာ ရပ်ကွက်တွင် နေထိုင်သော မိတ္ထီလာဒေသခံ သတင်းထောက် ဦးကျော်ကျော် (၄၇) နှစ်ကို ပဋိပက္ခ ကာလအတွင်း ဗုဒ္ဓဘာသာနှင့် အစ္စလာမ် ဘာသာဝင်များ အကြား ပဋိပက္ခ ဖြစ်စေရန် လှုံ့ဆော်မှုဖြင့် မိတ္ထီလာမြို့နယ် တရားရုံးက ရာကြီးအမှုအမှတ် ၁၃၀၅/ ၂၀၁၃ အရ ကြားနာ စစ်ဆေးခဲ့ရာ ဇွန်လ ၂၄ ရက်နေ့က ပုဒ်မ ၂၉၅ (က) အရ အလုပ်နှင့် ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့ခြင်း ဖြစ်ကြောင်း ယင်းတရားရုံးထံမှ စုံစမ်းသိရှိရသည်။

သတင်းထောက် ဦးကျော်ကျော်သည် ပြီးခဲ့သည့် မတ်လ ၂၄ ရက်နေ့က မိတ္ထီလာ ပဋိပက္ခ ဖြစ်စဉ်နှင့် ပတ်သက်၍ သတင်းယူစဉ် ဗုဒ္ဓဘာသာနှင့် အစ္စလာမ် ဘာသာဝင်များအကြား ပဋိပက္ခ ဖြစ်စေရန် လှုံ့ဆော် ပြောဆိုခဲ့သည်ဟုဆိုကာ ဧပြီလ ၁၆ ရက်နေ့က မိတ္ထီလာမြို့ အမှတ်(၂) ရဲတပ်ဖွဲ့စခန်းက ဖမ်းဆီးခဲ့ပြီး (ပ) ၁၀၈/၂၀၁၃ ပုဒ်မ ၂၉၅ (က) ဖြင့် အမှုဖွင့် အရေးယူခဲ့ကြောင်း အဆိုပါ ရဲစခန်းထံမှ သိရသည်။

မိတ္ထီလာ ပဋိပက္ခ ဖြစ်စဉ်နှင့် ပတ်သက်၍ ပြစ်ဒဏ် ချမှတ်ရာတွင် နယူးဝိန့်စိန် ရွှေဆိုင်အမှုနှင့် ဆရာတော် ဦးသောဘိတ သတ်မှုပြီးပါက ယခုသတင်းထောက်အမှုသည် တတိယမြောက်အမှု ဖြစ်သည်။

မိတ္ထီလာမြို့တွင် မတ်လ ၂၀ ရက်နေ့က စတင်ဖြစ်ပွားသော ပဋိပက္ခများကြောင့် လူ ၄၀ ကျော် သေဆုံးပြီး အိမ်ခြေ ၅၀၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရသည်။

The Voice Weekly

လမ်းစည်းကမ်း ထိန်းသိမ်းရေးတွင် ပင်စင်စား သက်ကြီးဦးရေ ၁၀၀ ခန့် ၀င်ရောက်လုပ်ကိုင်နေ


ဆူးလေဘုရားလမ်းနှင့် အနော်ရထာလမ်းဆုံသော လမ်းဆုံမီးပွိုင့်တွင် တာဝန်ထမ်းဆောင်နေသော ပင်စင်စား တစ်ဦးအား တွေ့ရစဉ် (ဓာတ်ပုံ-ကျော်ထင်)

ရန်ကုန်မြို့တော်၏ လမ်းစည်းကမ်း ထိန်းသိမ်းရေး လုပ်ငန်းများတွင် ပင်စင်စား သက်ကြီးဦးရေ ၁၀၀ ခန့် ၀င်ရောက်လုပ်ကိုင် နေသည်ဟု သတင်းရရှိသည်။
ရန်ကုန်မြို့တော် သန့်ရှင်းသာယာ လှပရေး စီမံချက်အရ လမ်းစည်းကမ်း ထိန်းသိမ်းရေးနှင့် အပေါ့အလေး စွန့်ပစ်သူများကို စောင့်ကြည့်ဖမ်းဆီးရန်အတွက် အစိုးရပင်စင်စား ၀န်ထမ်းများကို ခန့်အပ်သွားရန် ပြီးခဲ့သည့် ၂၀၁၁ နှစ်လယ်ပိုင်းက စီစဉ်ခဲ့ကြောင်း၊ ထို့နောက် ပင်စင်စားများကို ခန့်အပ်ခဲ့ပြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ရာပြတ်ဌာနတွင် ခန့်အပ်ခဲ့ပြီး လမ်းစည်းကမ်း ထိန်းသိမ်းရေးကို အဓိက ပြုလုပ်စေသည်ဟု သိရသည်။ လစာအနေဖြင့် စတင်ခန့်အပ်စဉ်က နေ့စားတစ်နေ့လျှင် ကျပ် ၂၀၀၀ နှုန်းဖြင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ပေးခြင်းဖြစ်ပြီး ယခုလက်ရှိ တစ်နေ့လျှင် ကျပ် ၂၆၀၀ နှုန်းဖြင့် နေ့စားလရှင်းနှုန်းဖြင့် ပေးခြင်းဖြစ်ကြောင်း၊ အလုပ်မဆင်းသည့် နေ့အတွက် နေ့စားခ မရကြောင်း သိရသည်။
ပင်စင်စားများ လမ်းစည်းကမ်း ထိန်းသိမ်းရသည့် နေရာများမှာ လူစည်ကားသည့် ဆူးလေဘုရားလမ်းနှင့် အနော်ရထာ လမ်းဆုံမီးပွိုင့်၊ ဆူးလေဘုရားပတ်လည် မြို့တော်ခန်းမအနီး၊ မြို့တော်ခန်းမရှေ့ ဧမာနွေလ ဘုရားကျောင်းအနီး၊ မြေနီကုန်းနှင့် မဟာမြိုင် ကားမှတ်တိုင်အကြား၊ လှည်းတန်း၊ ကမ္ဘာအေး စသည့်နေရာများတွင်ဖြစ်ကြောင်း သိရသည်။ အဆိုပါ နေရာများတွင် ယာဉ်စည်းကမ်းကိုမူ ယာဉ်ထိန်းများက ထိန်းသိမ်းကာ လမ်းစည်းကမ်းကို ပင်စင်စား သက်ကြီးများက ထိန်းသိမ်းပေးခြင်း ဖြစ်သည်ဟု သိရသည်။ ၀င်ရောက်လုပ်ကိုင်နေသည့် ပင်စင်စားများတွင် တပ်မတော် ပင်စင်စားများ များပြားပြီး ရန်ကုန်မြို့တွင်းရှိ တောင်ဥက္ကလာပ၊ ဒေါပုံ၊ ဒဂုံမြို့သစ် နေရာများအပြင် ဆိပ်ကြီးခနောင်တို ဘက်မှပင် လာရောက်လုပ်ကိုင် သူများပင် ရှိကြောင်း သိရသည်။

From: EMG

အစားထိုးဝင်ရောက်ရန် အသင့်ရှိဟု Orange ဆို

ရန်ကုန်၊ ဇွန် ၂၉

မြန်မာနိုင်ငံတွင် ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်ရန် ဆက်သွယ်ရေး အော်ပရေတာတင်ဒါခေါ်ယူခြင်းနှင့် ရွေးချယ်ရေး ကော်မတီက ရွေးချယ်ထားသော လိုင်စင်ရ ဆက်သွယ်ရေး ကုမ္ပဏီနှစ်ခုထဲမှ ကုမ္ပဏီတစ်ခုခု အဆင်မပြေမှုများ ရှိခဲ့ပါက ၎င်းတို့ နေရာတွင် အစားထိုး ဝင်ရောက်ရန် အဆင်သင့် ရှိသည်ဟု Orange ကုမ္ပဏီက တရားဝင် ထုတ်ပြန်ကြေညာ လိုက်သည်။

လိုင်စင် ရရှိခဲ့သော ကုမ္ပဏီနှစ်ခု အနေဖြင့် တင်ဒါကော်မတီသို့ တင်ပြထားသော လိုအပ်ချက်များကို ရက် ၁၀၀ အတွင်း ပြည့်မီအောင် မဆောင်ရွက်နိုင်ပါက အစားထိုးရန် အသင့်ရှိနေပြီး အလုံးစုံပြင် ဆင်ပြီး ဖြစ်ကာ စတင်လုပ်ကိုင်ရန်လည်း အဆင်သင့် ဖြစ်နေပြီ ဖြစ်ကြောင်း ကုမ္ပဏီဘက်မှ ဆိုသည်။

Orange သည် လွန်ခဲ့သော လအနည်းငယ်က မြန်မာနိုင်ငံအတွက် ဝန်ဆောင်မှုများနှင့် ပတ်သက်သော ဆက်သွယ်ရေး ကွန်ရက် တည်ဆောက်ခြင်း၊ အရောင်းမြှင့် တင်ရေးနှင့် လူထု၏ လိုအပ်ချက်များ ဖြည့်ဆည်းပေးခြင်းစသည့် ကိစ္စရပ်များကိုလည်း လေ့လာထားပြီး ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Orange နှင့် ၎င်း၏မိတ်ဖက် ကုမ္ပဏီ Marubeni တို့၏ လုပ်ကိုင် ဆောင်ရွက်ပုံများအပေါ် သဘောကျကြောင်း ပြည်တွင်းရှိ IT ပညာရှင် တစ်ဦးဖြစ်သူ ကိုရဲဝင်းအောင်က ဆိုသည်။

“Orange မှာက နည်းပညာပိုင်း အားသာချက်တွေ အများကြီး ရှိတယ်။ အဆင်သင့် ရှိနေမယ်ဆိုတော့ ရသွားတဲ့ ကုမ္ပဏီတွေကိုလည်း Balance လုပ်ရာ ရောက်တာပေါ့။ လုပ်ချင်တိုင်းလုပ်လို့ မရတော့ဘူးလေ” ဟု သူကမှတ်ချက်ပေးသည်။

ပြီးခဲ့သည့် ရက်သတ္တပတ် အနည်းက စတင်၍ Orange နှင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) တို့သည် အတူတကွ ပူးပေါင်းကာ MPT ၏ ရှိရင်းစွဲ လေလှိုင်း ဆက်သွယ်မှုများနှင့် ကမ္ဘာ့ နိုင်ငံပေါင်းများစွာရှိ နိုင်ငံတကာ လေလှိုင်းဆက်သွယ်မှုများကို ချိတ်ဆက်နိုင်သော ကွန်ရက် (International Roaming) တည်ဆောက်နိုင်ရန် စီစဉ်နေပြီး အဆိုပါ စီမံကိန်းပြီးစီးပါက နိုင်ငံတကာ အဆင့်အတန်းများနှင့် ကိုက်ညီသော လျင်မြန်သည့် လေလှိုင်း ဆက်သွယ်မှုစနစ်ဖြင့် MPT သည် နိုင်ငံပေါင်း ၁၅၀ ခန့်ရှိ ကွန်ရက်များကို လျင်မြန်စွာ ဆက်သွယ် ချိတ်ဆက်နိုင်မည်ဟု Orange ထံမှ သိရသည်။

နိုင်ငံတကာက စိတ်ဝင်စားနေသည့် ဆက်သွယ်ရေးလုပ်ငန်း လုပ်ကိုင်ခွင့် လိုင်စင် တင်ဒါဝင်ရောက် ယှဉ်ပြိုင်မှုတွင် နော်ဝေ အစိုးရနှင့် ပတ်သက်မှုရှိသော Telenor နှင့် ကာတာ အစိုးရပိုင် Q Tel ကုမ္ပဏီတို့ကို ရွေးချယ်ခဲ့ကြောင်း ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရ ဆက်သွယ်ရေး အော်ပရေတာ တင်ဒါခေါ်ယူခြင်းနှင့် ရွေးချယ်ရေး ကော်မတီက ဇွန်လ ၂၇ ရက်နေ့တွင် ထုတ်ပြန် ကြေညာခဲ့သည်။

ဆက်သွယ်ရေး အော်ပရေတာ တင်ဒါခေါ်ယူခြင်းနှင့် ရွေးချယ်ရေး ကော်မတီ အနေဖြင့် လိုင်စင် ချထားပေးခြင်း ခံရသော ကုမ္ပဏီများ အကြောင်း အမျိုးမျိုးကြောင့် ရွေးချယ်ခံရသည့် တာဝန်ကို မထမ်းဆောင်နိုင်ပါက အစားထိုး အနေနှင့် ပြင်သစ် တယ်လီကွန်း Orange နှင့် Marubeni ကော်ပိုရေးရှင်းတို့ ပူးတွဲကုမ္ပဏီကို အရန်အဖြစ် ရွေးချယ်ထားသည်။

The Voice Weekly

ဖြူးမြို့နယ်တွင် အမျိုးသမီး ခေါင်းဖြတ်ခံရသည့် ဖြစ်စဉ်မှ လက်ဗွေရာများ ရရှိလာသဖြင့် ကျူးလွန်သူများကို ရှာဖွေနေ

တောင်ငူခရိုင် ဖြူးမြို့နယ် သပြေလှ ကျေးရွာအနီး တံတားအောက်တွင် ဖေဖော်ဝါရီလ အတွင်းက တွေ့ရှိခဲ့သော အမျိုးသမီးတစ်ဦး ခေါင်းဖြတ်အသတ်ခံရသည့် အမှုဖြစ်စဉ်မှ လက်ဗွေရာများကို ရရှိလာသဖြင့် ကျူးလွန်ခဲ့သူများကို ဆက်စပ်ရှာဖွေ ဖော်ထုတ်စစ်ဆေးနေပြီဖြစ်ကြောင်း ဇွန် ၂၉ ရက် နံနက်ပိုင်းက ဖြူးမြို့နယ် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးစိုးသန်းက ပြောကြားခဲ့သည်။

ဖေဖော်ဝါရီ ၁၄ ရက် နံနက် ၉ နာရီခန့်တွင် ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ဖြူးမြို့နယ်ရှိ ဇဟားကျေးရွာ ချောင်းတံတားအောက် အနောက်ဘက် ကမ်းစပ်အနီးတွင် ပီနံအိတ် အဖြူရောင်ဖြင့် ထည့်ထားသော ခေါင်းပြတ်ခန္ဓာကိုယ်အား တွေ့ရှိခဲ့ရပြီး စစ်ဆေးရာမှတစ်ဆင့် ဦးခေါင်းအား ရန်ကုန်-မန္တလေး မိုင်တိုင်အမှတ် ၂/၁၃၈ ရှိလမ်းဘေးတွင် အမျိုးသမီး၏ ဦးခေါင်းအား တွေ့ရှိခဲ့ရကြောင်း ရဲမှတ်တမ်း စစ်ချက်အရ သိရသည်။

ဖြူးမြို့နယ် ရဲစခန်းမှ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးစိုးသန်းက "ဒီအမှုကိုတော့ CID က တိုက်ရိုက်ကိုင်တွယ် ဖြေရှင်းနေတယ်။ အမှုနဲ့ ပတ်သက်ပြီး နောက်ဆုံးအခြေအနေကတော့ သေဆုံးသွားသူရဲ့ ခန္ဓာကိုယ်နဲ့ အခင်းဖြစ်စဉ် အနီးကနေ လက်ဗွေရာတွေကို စစ်ဆေးရရှိ နေပါပြီ။ အဲ့ဒီ လက်ဗွေရာတွေကို လ.၀.က ဌာနနဲ့ ပူးပေါင်းပြီးတော့ ကျူးလွန်သွားတဲ့ တရားခံကို အမြန်ဆုံး ဖမ်းဆီးနိုင်ဖို့ ဆောင်ရွက်နေပါတယ်" ဟုဆိုသည်။

အဆိုပါ အမျိုးသမီးမှာ ပဲခူးတိုင်း ဒေသကြီးအတွင်း နေထိုင်သူ မဟုတ်ကြောင်းနှင့် တခြားတစ်နေရာမှ လာရောက်စွန့်ပစ်သွားခြင်း ဖြစ်သည်ဟု ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးဖြစ်သူ ရဲမှူးကြီးမြ၀င်းက ပြောကြားခဲ့သည်။ ဖြူးရဲစခန်းမှ(ပ) ၃၆/၂၀၁၃ ပြစ်မှုဆိုင်ရာပုဒ်မ ၃၀၂  ဖြင့် အမှုဖွင့်ပြီး စစ်ဆေးခဲ့ကြောင်း သိရသည်။

အိမ်၊ ခြံ၊ မြေ ဈေးကစားသူများကြောင့် စီမံကိန်း နေရာများ မထုတ်ပြန်ရဲဟု သမ္မတရုံးဝန်ကြီးဆို


နေပြည်တော်၊ ဇွန် ၂၉

ရန်ကုန် အခြေစိုက် အိမ်၊ ခြံ၊ မြေ အကျိုးဆောင်များ၏ ဈေးကစားမှု ရန်ကြောင့် အစိုးရ၏ စီမံကိန်း လုပ်ငန်း နေရာများကို အမှန်အတိုင်း မထုတ်ပြန်ရဲကြောင်း သမ္မတရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိမ်းက ပြောကြားသည်။

နေပြည်တော်ရှိ စက်မှုဝန်ကြီးဌာနတွင် အစိုးရအဖွဲ့မှ ဝန်ကြီးအချို့နှင့် ပြည်တွင်းပြည်ပ မီဒီယာများ တွေ့ဆုံပွဲတွင် အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။

စက်မှုဇုန် စီမံကိန်း၊ အိမ်ရာစီမံကိန်း၊ လေဆိပ် စီမံကိန်းစသည့် စီမံကိန်း သတင်းများကြောင့် ယင်းစီမံကိန်း ဧရိယာဝန်းကျင် အနီးရှိ မြေယာဈေးများ အဆမတန် မြင့်တက်သွားလေ့ ရှိကြောင်း၊ အဆိုပါ ကိစ္စရပ်များမှာ မြန်မာနိုင်ငံ နေရာဒေသ အနှံ့အပြားတွင် အစိုးရစီမံကိန်း ကိစ္စရပ်များနှင့် စပ်လျဉ်းပြီး အမြဲတမ်း ဖြစ်ပေါ်လေ့ ရှိသဖြင့် အစိုးရ စီမံကိန်းများကို အမှန်အတိုင်း မကြေညာဝံ့ကြောင်း သမ္မတရုံးဝန်ကြီးက ပြောကြားသည်။

“စီမံကိန်းက တောင်မှာလုပ်မယ်ဆို မြောက်လို့ ပြောနေရတယ်။ ခု ဒလဆိုလည်းကြည့် မြေဈေးတွေ အဆမတန် တက်ကုန်တယ်။ အဲဒါကြောင့် စီမံကိန်း နေရာကို အမှန်အတိုင်း မပြောရဲတော့ဘူး” ဟု ဦးစိုးသိမ်းက ဆိုသည်။

လတ်တလော ကာလတွင် ညောင်တုန်းမြို့ အနီးတစ်ဝိုက် စက်မှုဇုန် တည်ထောင်မည်ဆိုသည့် သတင်းများကြောင့် မြေဈေးများ မြင့်တက်နေကြောင်း ပြည်တွင်း သတင်းထောက်တစ်ဦးက အဆိုပါ တွေ့ဆုံပွဲတွင် ထောက်ပြခဲ့သည်။

ညောင်တုန်းမြို့တွင် ဘဏ်ခွဲသစ်နှစ်ခု လတ်တလော ဖွင့်လှစ်ခဲ့ပြီး စက်မှုဇုန်သစ်တစ်ခု တည်ထောင်မည် ဆိုသည့် သတင်းများ ထွက်ပေါ်နေကြောင်း အဆိုပါ သတင်းထောက်က ပြောကြားခဲ့ကာ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာပွင့်ဆန်းက အဆိုပါ သတင်းများ မဟုတ်မှန်ကြောင်း ငြင်းဆန်ခဲ့သည်။

“လောလောဆယ်တော့ ညောင်တုန်းမှာ စက်မှုဇုန် စီမံကိန်း မရှိသေးပါဘူး။ အဲဒီကိစ္စ ကျွန်တော်တို့ ဘာမှပြောထားတာ မရှိဘူး” ဟု ဒေါက်တာပွင့်ဆန်းက ဆိုသည်။

ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်တွင် မြို့သစ်စီမံကိန်း စတင်မည်ဆိုသည့် သတင်းများနှင့် ရန်ကုန်-ဒလ မြစ်ကူးတံတား တည်ဆောက်မည့် စီမံကိန်းများကြောင့် ဒလမြို့နှင့် ယင်းမြို့ အနီးရှိ မြေယာ ဈေးနှုန်းများမှာ အဆမတန် မြင့်တက်ခဲ့သည်။

ဆိုင်ကယ် အန္တရာယ်


ယနေ့ ထုတ် မြန်မာ့အလင်း သတင်းစာမှာ ဖော်ပြထားတဲ့ ဆိုင်ကယ်တိုက်မှုဟာ ကျွန်တော့်ရှေ့မှာ ဖြစ်သွားခဲ့တာပါ။ မနေ့ည ၇ နာရီကျော်မှာ ရုံးကနေ ကိုယ်တိုင်ကားမောင်းပြီး ပြန်လာခဲ့ပါတယ်။ သပြေကုန်း အဝိုင်း ကျော်လာတော့ ကျွန်တော့်ကားကို လမ်းလယ် မျဉ်းဝါတိုင်း ကပ်ပြီး အရှိန်ပြင်းပြင်းမောင်းလာတဲ့ ဆိုင်ကယ်တစ်စီးကျော်တက်သွားပါတယ်။

ဆိုင်ကယ်ပေါ်မှာ ဂျင်းဘောင်ဘီနဲ့ လူငယ်နှစ်ဦးပါသွားပါတယ်။ ဦးထုတ် မပါဘူး။ ရှေ့က လမ်းဆုံမီးပွိုင့်က မီးစိမ်းနေပါတယ်။ သံဃာတော်တစ်ပါး နောက်က ထိုင်နေတဲ့ ဆိုင်ကယ်က ဘယ်ဘက်ကို ကွေ့ဖို့ အတွက် အချက်ပြမီးဖွင့်ပြီး ရပ်ထားတယ်။

လူငယ်နှစ်ဦးစီးလာတဲ့ ဆိုင်ကယ်က အဲဒီဆိုင်ကယ်ကို ကျော်လိုက်တဲ့အချိန်မှာ ချိတ်မိ ပြီး ဘယ်ဘက်ကို ထွက်သွားရင်း တစ်ဖက်က မီးစီမ်းလို့ မောင်းလာတဲ့ ယာဉ် ဘယ်ဘက်အခြမ်းကို ၀င်တိုက်မိသွားပါတယ်။ ရပ်ထားတဲ့ဆိုင်ကယ်ပေါ်က မောင်းသူနဲ့ လိုက်တာတဲ့ ဦးဇင်းကတော့ လမ်းပေါ်လွင့်သွားပေမယ့် နည်းနည်းပဲ ပွန်းပဲ့သွားပါတယ်။ ဆိုင်ကယ်ဝင်တိုက်တာခံလိုက်ရတဲ့ ကားပေါ်မှာ အသက်ကြီးကြီး ဇနီးမောင်နှံနှစ်ဦးပါ ပါတယ်။ သူတို့လည်းအတော်တုန်လှုပ်သွားပါတယ်။

ကျွန်တော်ပဲ ယာဉ်ထိန်းခေါ်ဖို့ စီစဉ်ပေးခဲ့ပြီး အချိတ်ခံရတဲ့ဆိုင်ကယ်ပေါ်ကလူကိုလည်း ရောက်လာတဲ့ ယာဉ်ထိန်းရဲကို အခြေအနေရှင်းပြဖို့ အကူအညီတောင်းခဲ့ရပါတယ်။ ဒဏ်ရာရတဲ့နောက်တစ်ယောက် ကတော့ ကျန်ပြည်သူများက ကူညီပြီးဆေးရုံပို့ပေးခဲ့ရပါတယ်။

ဒီနေ့မနက်ရုံးကို ထွက်လာတော့ ပုံမှာ ပါတဲ့အတိုင်း ဆိုင်ကယ်တွေက လမ်းလယ်မှာ အပြည့်တက်မောင်းနေတာတွေ့ရပါတယ်။ ဒါက အမြဲတမ်း ကြုံနေရတဲ့အခြေအနေပါ ။တကယ်တော့ ဆိုင်ကယ်နဲ့ ထွေလာဂျီလို ယာဉ်များဟာ လမ်းညာဘက် ကွန်ကရစ် လမ်းဘက်က မောင်းဖို့ သတ်မှတ်ထားတာဖြစ်ပါတယ်။ ဒါပေမယ့် ယာဉ်ထိန်းရဲနဲ့ ဝေးပြီဆိုတာနဲ့ မြင်တဲ့အတိုင်း လမ်းပေါ်၊ လမ်းလယ် အပြည့်တက်ပြီး မောင်းတော့တာပါပဲ။ ဒါ့ကြောင့် ငါတို့ပဲ ညာဘက်ဆင်းမောင်းပေးရင် ကောင်းမလားလို့တောင်စဉ်းစားမိပါတယ်။

စည်းမဲ့ကမ်းမဲ့မောင်းနေတဲ့ ဆိုင်ကယ်တွေဟာ ပြဿနာတစ်ခုပါ ညဘက်ဆိုရင် ကျွန်တော်တို့ ရုံးတွေဘက်မှာ လမ်းပြောင်းပြန်မောင်းတဲ့ဆိုင်ကယ်၊ မီးမပါဘဲ မောင်းတဲ့ဆိုင်ကယ်တွေကို ရှောင် မောင်းနေရပါတယ်။ တစ်ခါကတော့ ရွဲ့ပြီး ကားကို ရပ်ပေးထားတော့ ဆိုင်ကယ်ဆရာသမားက ××× ပဲ လမ်းအကျယ်ကြီး၊ မမောင်းတတ်ဘူးလားဆိုပြီး ဆဲသွားပါသေးတယ်။

ဆိုင်ကယ်တွေဟာ နေပြည်တော်နေပြည်သူများအတွက်အရေးပါတဲ့ပို့ဆောင်ရေး ယာဉ်ပါ။ ဒါပေမယ့် စည်းကမ်းနဲ့ ဖြေးဖြေးအေးအေးမောင်းကြရင် အားလုံး အတွက် အန္တရာယ်ကင်းမှာပါ။ အခုတော့ ကားက ဆိုင်ကယ်ကို ပြန်ရှောင်နေရတဲ့အခြေ အနေရောက်နေပါပြီ။

ဆိုင်ကယ်တိုက်ထားတဲ့ပုံက ကျွန်တော်ရိုက်လာခဲ့တာပါ။ ဒီလိုပုံမျိုးကို မတင်ချင်ပါ ဘူး။ သို့သော်ဆိုင်ကယ်မောင်းသူများ မြင်ရင် ပိုပြီး သတိထားနိုင်စေဖို့ အတွက် တင်ပေးလိုက်တာဖြစ်ပါတယ်။



ဦးရဲထွဋ် (ပြန်ကြားရေး ဒုဝန်ကြီး) - facebook

ရန်ပွဲ ဖြစ်ခဲ့ရတဲ့ မိန်းမလျာ အလှပြိုင်ပွဲ ဗီဒီယို


ဒိုင်တွေက အနိုင် ရသူကို လူမှားပြီး ကြေညာ မိရာ ကနေ ဒုတိယ ရတဲ့ သူက အလှ ဘုရင်မ သရဖူ ရရှိ ခဲ့သူကို ဝင်ပြီး နပန်း လုံးခဲ့ တာပါ။ BBC Burmese - ၂၉.၀၆.၂၀၁၃ (စနေနေ့)


ချီလီမှ အမျိုးသမီး တစ်ဦး ငိုကြွေးရာမှ သွေးမျက်ရည်များ ကျဆင်း


ဆန်တီယာဂို ဇွန်   ၂၈
ချီလီနိုင်ငံမှ ဟာရစ်တ်ဇာ အမည်ရှိ အသက် ၂ဝ အရွယ် အမျိုးသမီးငယ် တစ်ဦးသည် ယခုလ အစောပိုင်းတွင် ထူးခြား ဆန်းကျယ်သော အခြေအနေ တစ်ရပ်ကြောင့် စိတ်ဖိစီးမှု ဝေဒနာကို ခံစားရပြီး နောက်တစ်ရက်တွင် ငိုကြွေး လိုက်သည့် အကြိမ်တိုင်း  သူမမျက်နှာ ပေါ်တွင်  သွေးမျက်ရည်များ စီးကျလာကြောင်း  အင်တာနက် သတင်းတစ်ရပ် အရ သိရသည်။

ထို့ကြောင့် ယင်းအမျိုးသမီးသည် သူမ၏ မျက်လုံးအိမ်အား စစ်ဆေးမှုများ ခံယူရန်အတွက် ဒေသတွင်းရှိ ဆေးရုံသို့ သွားရောက် ခဲ့ကြောင်း သိရသည်။

သူမ၏ မျက်လုံးအိမ်အား ဆရာဝန် များက စစ်ဆေးမှုများ ပြုလုပ်ပြီး နောက်ပိုင်းတွင်  ရောဂါ အမျိုးအမည်ကို တရားဝင် ဖော်ထုတ်နိုင်ခြင်း မရှိသေးသော်လည်း haemolacria အမည်ရှိ ဖြစ်ခေါင့် ဖြစ်ခဲ ရောဂါတစ်မျိုး ခံစားနေ ရဖွယ် ရှိသည်ဟု ယူဆရကြောင်း ဒေသတွင်းရှိ ဆေးရုံမှ ဆရာဝန်များက ထုတ်ဖော် ပြောကြား ထားသည်။

သို့ရာတွင် သွေးယိုစိမ့်မှုကြောင့် မျက်လုံးအိမ် အတွင်း နာကျင်မှု ဝေဒနာကို သက်သာ စေရန်အတွက် မျက်စဉ်းဆေး တစ်မျိုးကို အသုံးပြုရန် ဆရာဝန်များက ညွှန်ကြား ပြသခဲ့သည့် အတွက် ယခုအခါတွင် သက်သာလာပြီ ဖြစ်ကြောင်း ဟာရစ်တ်ဇာက ပြောကြား ခဲ့သည်ဟု သိရသည်။

ပျော်ဘွယ်မြို့နယ်မှ ရဲအရာရှိ သုံးဦးကို မူးယစ်ဆေးမှု စစ်ဆေး


ရန်ကုန်- အာဏာပိုင်များနှင့် ပူးပေါင်းခဲ့သည်ဟု မူးယစ်တရားခံများက ထုတ်ဖော်ဝန်ခံသောကြောင့် ပျော်ဘွယ်မြို့နယ်မှ ရဲအရာရှိ သုံးဦးကို နေပြည်တော်မှ ရဲမှူးကြီး ကိုယ်တိုင်စစ်ဆေးနေကြောင်း သတင်းရရှိသည်။

ပျော်ဘွယ်နှင့် သာစည်မြို့နယ်များမှ မူးယစ်ဆေးရောင်းဝယ်သုံးစွဲ သူများကို မန္တလေးတိုင်းတောင်ပိုင်း မူးယစ်အဖွဲ့အထူးတပ်ဖွဲ့မှ ဖမ်းဆီးစစ်ဆေးရာမှ တရားခံများက ထုတ်ဖော်သောကြောင့် ပျော်ဘွယ်မြို့နယ်မှ ရဲအရာရှိသုံးဦးကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ် ရဲမှူးကြီးအောင်မြတ်မိုးကိုယ်တိုင် စစ်ဆေးနေခြင်းဖြစ်ကြောင်း မြို့နယ်ထွေ/ အုပ်ရုံးမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

“ရဲစခန်းရော သံသယရှိတဲ့ အိမ်တွေကို ပါဝင်ပြီး ရှာဖွေပါတယ်။ ရဲမှူးကြီးနဲ့ အတူ ရဲတပ်ရင်းတစ်ရင်းပါပါလာတယ်။ အရာရှိ သုံးယောက်ကိုလည်း ရဲမှူးကြီး ကိုယ်တိုင်စစ်နေပါတယ်”ဟု အဆိုပါ တာဝန်ရှိသူကဆိုသည်။

မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်ရာတွင် ပါဝင်ပတ်သက်သည်ဟူသော သံသယဖြင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ အရေးယူစစ်ဆေးနေသော ရဲအရာရှိ သုံးယောက်မှာ ပျော်ဘွယ်မြို့နယ်ရဲစခန်း ဒုရဲအုပ် အောင်မြတ်ဦး၊ မြို့နယ်သတင်းတပ်ဖွဲ့မှ ဒုရဲအုပ် နီနီလင်းနှင့် မြို့နယ်မီးသတ် ဦးစီးဌာန ဒုဦးစီးမှူး ဇင်းမင်းထွန်းတို့ဖြစ်သည်။

မူးယစ်ဆေ၀ါး၊လက်နက်နှင့် တရားမ၀င်လိုင်စင်မဲ့ မော်တော်ယာဉ်များ သယ်ဆောင်ရောင်းဝယ်မှုတွင် ရဲအရာရှိများပါဝင်ပတ်သက်သောကြောင့် စစ်ကိုင်းတိုင်းဒေသကြီး ကလေးနှင့်တမူးခရိုင်များတွင် ဇွန် ၁၅ ရက်က မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်ကတိုက်ရိုက်စစ်ဆေးအရေးယူခဲ့သည်။ သတင်းပေးတိုင်ကြားသော ဒေသများသို့လည်းရှောင်တခင် စစ်ဆေးအရေးယူနိုင်ရန် ရဲအရာရှိအင်အား တစ်ရာခန့်ပါဝင်သော အထူးရဲတပ်ဖွဲ့ကို ဖွဲ့စည်းထားပြီးဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ပျော်ဘွယ်မြို့နယ် ရဲအရာရှိများကို မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှ အရေးယူစစ်ဆေးနေခြင်းသည် ဒေါ်အောင်ဆန်းစုကြည်က မူးယစ်ဆေးဝါး ပြဿနာများတွင် အုပ်ချုပ်ရေးပိုင်းမှ ထိထိရောက်ရောက် အရေးမယူဘဲ လျစ်လျှုရှုထားသည်ဟု ထင်မြင်ကြောင်း ပြောဆိုပြီးနောက် နေပြည်တော်မှ ဒုတိယအကြိမ်မြောက် အရေးယူခြင်းဖြစ်သည်။ မေ ၂၇ ရက်က ရန်ကုန်မြို့ ရွှေဂုံတိုင်တော်ဝင်နှင်းဆီခန်းမတွင် ပြုလုပ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပထမအကြိမ် ကော်မတီအစည်းအဝေးတွင် ဒေါ်အောင်ဆန်းစုကြည်က ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

7Day News Journal

ကျောက်ဆည်တွင် ဆိုင်ကယ်ဦးထုပ်ဖမ်းရာမှ ဘိန်းမဲများဖမ်းမိ


(28-6-2013)ရက်နေ့ မနက်(၉း၃၀)အချိန် ကျောက်ဆည်မြို့ ၀င်းသူဇာအနီး မီးပွိုင့်တွင် ဆိုင်ကယ်ဦးထုပ်များ ဖမ်းဆီးရာတွင် ထွက်ပြေး မောင်းနှင်ရန် ကြိုးစားသူ တစ်ဦးအား တားဆီးရာ မသင်္ကာစရာ အထုပ်များ တွေ့သဖြင့် ရှာဖွေရန် ပြုလုပ်စဉ် ထွက်ပြေး သွားသဖြင့် ၀ိုင်းဝန်း ဖမ်းဆီး၍ ရှာဖွေရာ လူနှင့် ဆိုင်ကယ်ပေါ်မှ ဘိန်းမဲ(၂၂)ပိသာ ဖမ်းဆီး ရမိခဲ့ပါတယ်။ သယ်ဆောင်လာသူမှာ အသက်(၃၅)နှစ်ခန့်ရှိပြီး ရှမ်းပြည် တောင်ပိုင်း မိုးဗြဲမှ သယ်ဆောင်လာခြင်း ဖြစ်ပြီး ဖားကန့်သို့ သွားရောက်ရန် ဖြစ်ကြောင်း စစ်ဆေးချက် အရသိရှိရ ပါသည်။

Myanmar News Now

ဖန်ပြားနဲ့ထုပြီးဖိနပ်နဲ့အရိုက်ခံရတဲ့ ကလေးငယ် ဥပဒေအတိုင်း ဖြစ်ချင်လို့ တရားရုံးတိုင်ကြား

ဧရာဝတီတိုင်း ဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့၌ ပျံကျဈေးတွင်(၂၁.၆.၂၀၁၃)နံနက်(၈)နာရီ
တွင် စည်ပင်သာယာ လေလံချထားသော စက်ဘီးအပ် စခန်းစောင့် လုပ်သား ကလေးငယ်တစ်ဦးအား ပျံကျဈေးသည် အမျိုးသမီးမှ ရိုက်နှက်မှု ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ(၂၁.၆.၂၀၁၃)၊ နံနက်(၈)နာရီ အချိန်တွင် စက်ဘီးအပ်စခန်းသို့ စက်ဘီးတစ်စီး လာရောက်
အပ်နှံရာ စက်ဘီးအပ် စခန်းနောက်တွင်ရှိသော ပျံကျဈေးဆိုင်ခန်း မှ အမျိုးသမီးက ၎င်းတို့ဆိုင်နှင့်မလွတ်ဟုဆို၍ စက်ဘီး စခန်းစောင့် ကလေးလုပ်သား (မောင်အောင်ရဲထွန်း)ကို ရွှေ့ခိုင်းခဲ့သည်။

မောင်အောင်ရဲထွန်းမှာ ခြေတစ်ဘက်မသန်စွမ်းသူ ဖြစ်နေသဖြင့် ၎င်းမရွှေ့ပေးနိုင်ကြောင်း ပြောသဖြင့်ပျံကျဈေးဆိုင် အမျိုးသမီးမှ ကလေးငယ်၏ ပါးကိုလက်ဖြင့် လာရောက်ရိုက်နှက်ခဲ့သည်။

အရိုက်ခံရသော ကလေးငယ်မှ ဈေးတာဝန်ခံနှင့် တိုင်ကြားမည်ဟု အော်ဟစ် ပြန်လည် ပြောဆိုသဖြင့် အမျိုးသမီးမှ ဖိနပ်ချွတ်၍ ကလေးငယ်၏ ပါးကို အချက်ပေါင်းများစွာ ရိုက်ပြီး ကလေး လဲကျသွားသော အခါသူမ၏ ခန္ဓာကိုယ်ဖြင့် အပေါ်မှဖိ၍ အနီးအနားရှိ ခုံပေါ်မှ ပိုက်ဆံဖိသော ဖန်ပြားဖြင့်ကလေးခေါင်း ကိုထုရိုက်ခဲ့ရာ ဦးခေါင်းတွင် ပေါက်ပြဲ ဒဏ်ရာရရှိခဲ့ပြီး ခန္ဓာကိုယ်အနှံ့အပြားတွင်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိခဲ့ရသည်။

မောင်အောင်ရဲထွန်းမှ နီးစပ်ရာ ဈေးတာဝန်ခံရုံးမှ တဆင့် ရေကင်းရုံးသို့တိုင်ကြားခဲ့သဖြင့် ရေကင်း တာဝန်ကျသူများက အိမ်မဲမြို့ ရဲစခန်းသို့ခေါ်ယူ စစ်ဆေးခဲ့ပြီး ၎င်းဖြစ်ပွားသော အမှုမှာ ရဲအရေးမပိုင်သဖြင့်တရားရုံးသို့ ဦးတိုက်လျှောက်ထား စေခဲ့သည်။

အရိုက်ခံရသော ကလေးငယ်မှာ ဦးခေါင်းပေါက်ပြဲခြင်းနှင့် ခန္ဓာကိုယ် အနှံ့ရထားသော ဒဏ်ရာများကြောင့် အိမ်မဲမြို့ ပြည်သူဆေးရုံတွင် (၃)ရက် တက်ရောက် ကုသခဲ့ရကြောင်း၊ အဆိုပါ ကလေးငယ်မှာ အသက်(၁၄)နှစ်သာ ရှိသေးကြောင်း သိခဲ့ရသည်။

မောင်အောင်ရဲထွန်းအား သွားရောက်တွေ့ဆုံမေးမြန်းခဲ့ရာ “သားအခုလို ဒဏ်ရာရလို့ဆေးရုံတက်ရတာကို ရိုက်တဲ့အမကြီးကည ဒဏ်ရာ မဖြစ်စလောက်လေးနဲ့လျှော်ကြေးလိုချင်လို့ဆိုပြီးပြောတယ်။ သားကိုသူတို့ဘာပေးပေး မလိုချင်ပါဘူး ဥပဒေအတိုင်းဘဲ ဆောင်ရွက်ပေးတာဘဲ သားလိုချင်ပါတယ်။“ဟုပြောကြားခဲ့သည်။

မောင်အောင်ရဲထွန်း အိမ်မဲမြို့ တရားရုံးသို့ ဦးတိုက်တိုင်ကြား လျှောက်ထားသော အမှုကို(၂၄.၆.၂၀၁၃)တွင် တရားရုံးမှ ခေါ်ယူစစ်ဆေးခဲ့ပြီး ၊ လျှောက်ထားခံရသူများ လာရောက်ခြင်း မရှိတဲ့အတွက်(၈.၇.၂၀၁၃)နေ့တွင် ရုံးချိန်း ထပ်မံ ချိန်းဆိုခဲ့ကြောင်းနှင့် (၂၉.၆.၂၀၁၃)တွင် အဆိုပါ ကလေးအားသူ့၏အမှုနှင့် ပတ်သတ်၍ တွေ့ဆုံမေးမြန်းခဲ့ရာ အဆိုပါအမှုမှာ ဟိုလှည့် ဒီလှည့်နှင့် ပြီးဆုံးသွားမှာဖြစ်ကြောင်း အရပ်ထဲတွင် ပြောဆိုနေကြသဖြင့် ဥပဒေအတိုင်း ဖြစ်စေချင်သော ကလေးငယ်မှာ စိတ်အားငယ်မှု ဖြစ်နေကြောင်း သိခဲ့ရသည်။

ဇော်လင်းထွေး

by Myanmar News Now

စတုတ္ထတန်း ကျောင်းသူကို ကြိုးတုပ်ရိုက်နှက်သူ ကလေးသူငယ် ဆိုင်ရာ ကော်မတီ အမှုဖွင့်

အသက် ကိုးနှစ်အရွယ် စတုတ္ထတန်း ကျောင်းသူတစ်ဦးကို ၎င်း၏ အစ်မဝမ်းကွဲ တော်စပ်သူ (အသက် ၃၅ နှစ်အရွယ်) ဒေါ်မိုးဇာဇာက တိုင်တွင်ကြိုးတုပ်၍ ရိုက်နှက် ဆုံးမသဖြင့် ကလေးသူငယ်ဆိုင်ရာ ကော်မတီက လှိုင်မြို့နယ် ရဲတပ်ဖွဲ့စခန်းတွင် ဇွန်လ ၂၇ ရက်နေ့က ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မနှစ်ခုဖြင့် အမှုဖွင့် တိုင်ကြားထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။

လှိုင်မြို့နယ် (၇) ရပ်ကွက်တွင် နေထိုင်သည့် ရိုက်နှက်ခံရသည့် ကျောင်းသူသည် စမ်းချောင်းမြို့နယ်၊ အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်းတွင် ပညာသင်ကြားနေသူ ဖြစ်သည်။

ဇွန်၂၇ ရက်နေ့က ၎င်းမှာနေမကောင်း ဖြစ်နေ၍ ဆရာမက မေးမြန်း ကြည့်ရှုရာ ၎င်း၏ ခန္ဓာကိုယ်ပေါ်တွင် ရိုက်နှက်ထားသည့် အညိုအမဲ ဒဏ်ရာများ တွေ့ရှိသဖြင့် ဆက်လက်မေးမြန်းရာ ဇွန်လ ၂၆ ရက်နေ့က ကျောင်းပြန် နောက်ကျသည်ဟုဆိုကာ ဒေါ်မိုးဇာဇာက နေအိမ်ရှိ အလယ်တိုင်ကို ဖက်ခိုင်း၍ လက်နှစ်ဖက်ကို ကြိုးချည်ပြီး တံမြက်စည်းဖြင့် ရိုက်နှက်ကြောင်း၊ ယင်း အပြင် လက်သီးနှင့်လည်း ထိုးကြောင်း အဆိုပါ ကျောင်းသူက ပြောကြားသည်ဟု ရပ်ကွက် အုပ်ချုပ်ရေးမှူးက ပြောကြားသည်။

အဆိုပါ ရိုက်နှက်ဆုံးမမှုကို စမ်းချောင်း အထက (၂) ကျောင်းက လှိုင်မြို့နယ် (၇) ရက်ကွက် အုပ်ချုပ်ရေးမှူးထံ အကြောင်း ကြားခဲ့ကြောင်း၊ ယင်းကြောင့် ရိုက်နှက်ဆုံးမသူ ဒေါ်မိုးဇာဇာကို ကလေးသူငယ်ဆိုင်ရာ ကော်မတီက စေတနာ လူမှုဝန်ထမ်း အရာရှိနှင့် ရပ်ကွက် အမျိုးသမီးရေးရာ ကော်မတီဝင်များရှေ့တွင် မေးမြန်းရာ ရိုက်နှက်ဆုံးမမိသည်ဟု ဝန်ခံခဲ့ကြောင်း၊ ကလေးသည် ငွေများ နှိုက်ယူ သုံးစွဲတတ်ခြင်းကြောင့် အကျင့်စာရိတ္တ ကောင်းမွန်စေရန်အတွက် ဆုံးမရခြင်း ဖြစ်သည်ဟု ဒေါ်မိုးဇာဇာက ပြောကြားကြောင်း အဆိုပါ ရပ်ကွက်အုပ်ချုပ်ရေးမှူးက ရှင်းပြသည်။ ရိုက်နှက်ဆုံးမမှုကြောင့် ထိုကျောင်းသူတွင် မျက်လုံးအောက် ညိုမဲဒဏ်ရာ၊ အပေါ်နှုတ်ခမ်း ပေါက်ပြဲနှင့် ဝဲ/ယာ ပခုံး၊ လက်ခုံ၊ ဒူးဖူးနှင့် တင်ပါးတို့တွင် ညိုမဲဒဏ်ရာ ရရှိခဲ့သဖြင့် ရန်ကုန်ဆေးရုံကြီး၌ ပြင်ပလူနာ အဖြစ် တက်ရောက် ကုသခဲ့ရကြောင်း ကလေးသူငယ်ဆိုင်ရာ ကော်မတီ အရာရှိက ပြောကြားသည်။

ယင်းကလေးငယ်၏ မိဘများသည် ထိုင်းနိုင်ငံတွင် သွားရောက်အလုပ် လုပ်ကိုင်နေကြပြီး ၎င်းဖခင်၏ တူမဖြစ်သူ ဒေါ်မိုးဇာဇာထံတွင် မိဘများက အပ်နှံထားခြင်း ဖြစ်သည်။

အရွယ်မရောက်သေးသည့် ကလေးငယ်ကို ရိုက်နှက်သဖြင့် ဒေါ်မိုးဇာဇာကို ကလေးသူငယ်ဆိုင်ရာ ကော်မတီက လှိုင်မြို့နယ် ရဲစခန်းတွင် မှုခင်းအမှတ်စဉ် (ပ)၂၇၄/၁၃၊ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ-၃၂၅/၃၄၂ တို့ဖြင့် ဇွန်လ၂၇ရက်နေ့တွင် အမှုဖွင့်ခဲ့သည်။

The Voice Weekly

ရွှေဆိုင်ချင်း စကားများ ကြားလူအုပ် ဝင်လု

ရွှေဆိုင်နှစ်ဆိုင် စကားများရန်ဖြစ်ရာမှ ရွှေဆိုင်အတွင်းသို့ လူအုပ်စုလိုက်ဝင်ရောက် လုယက်မှုတစ်ခု သာကေတမြို့နယ် တွင်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ သာကေတမြို့နယ်၊ ၁၀/ မြောက်ရပ်ကွက်၊ (၁၀) ဈေးရှိ ဘေးချင်း ကပ်ဖွင့်လှစ်ထားသည့် ရွှေဆိုင်နှစ်ဆိုင် စကားများရန်ဖြစ် ရာကို ရွှေဆိုင်တစ်ဆိုင်မှ ပိုင်ရှင် ဖြစ်သူသည် ဈေးစည်ပင်ရုံးသို့သွား ရောက်တိုင်တန်းခဲ့ကြောင်း သိရ သည်။

ယင်းကဲ့သို့တိုင်တန်းပြီး မိမိရွှေဆိုင်သို့ပြန်လာစဉ် အခြား ဆိုင်တစ်ဆိုင်က ပိုင်ရှင်ဖြစ်သူသည် ပလတ်စတစ်ထိုင်ခုံဖြင့် ထွက်ရိုက် ကာ အရိုက်ခံရသူ ဆွဲထားသော ခုနစ်ပဲသားရှိ ရွှေဆွဲကြိုးကို ဇွန် ၂၂ရက်က လုယူခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ မှတ်တမ်း၏ ဖော်ပြချက်အရ သိရသည်။

ယင်းဖြစ်စဉ် ကြောင့် ရွှေ ဆိုင်တစ်ဆိုင်မှ အရောင်းစာရေး သုံးဦးသည် အခြားရွှေဆိုင်ပိုင်ရှင် ဖြစ်သူကိုဝိုင်းချုပ်ကာ ဘယ်လက် တွင်ဝတ်ဆင်ထားသော တစ်ကျပ် သားဟန်းချိန်းကိုလုယူ၍ ရိုက် နှက်နေစဉ် အမည်မသိ အမျိုး သား ၂၅ဦး တို့က ယင်းရွှေဆိုင်ပိုင် ရှင်ကို ဝိုင်းဝန်းရိုက်နှက်ကာ ဆိုင် တွင်းမှ ရွှေထည်ပစ္စည်းများကို ယူသွားခဲ့သည်။

ယင်းဖြစ်စဉ် ကြောင့် အဆိုပါဆိုင်မှ ကျပ်သိန်း ၃ဝခန့်တန်ဖိုးရှိ ရွှေထည်ပစ္စည်း များ ပျောက်ဆုံးခဲ့ကြောင်းသိရ သည်။ သာကေတမြို့နယ် အမှတ် (၂)ရဲစခန်းမှ တာဝန်ရှိသူတစ်ဦး က ''လက်ရှိအထိတော့ အမှုဖွင့် ထားတုန်း ပဲရှိသေး တယ်။ ဆက် လက်စုံစမ်းစစ်ဆေးနေပါတယ်။ သတင်းအချက်အလက် သေချာ သိချင်ရင်တော့ ရဲတပ်ဖွဲ့ကွပ်ကဲ ရေးရုံးကိုပဲ စုံစမ်းပါ''ဟု ဇွန် ၂၆ ရက်က ရန်ကုန်တိုင်းမ်သတင်းစာ ၏မေးမြန်းမှုကို ပြန်လည်ဖြေကြား သည်။ ယင်းနှင့် ပတ်သက် ၍ သာ ကေတမြို့နယ်ရဲစခန်းက ပြစ်မှု ပုဒ်မ-၃၂၅/၃၈၂/၁၁၄ဖြင့် အမှု ဖွင့်ထားကာ စစ်ဆေးလျက်ရှိ ကြောင်းသိရသည်။

ဝေဝေနှင်း

Yangon Times Daily

မုံရွာစီးပွားရေး တက္ကသိုလ် ကျောင်းသားများ ရိုက်ပွဲဖြစ်ပွားရာ တစ်ဦးသေဆုံး နှစ်ဦး ဒဏ်ရာရ

မုံရွာ ၊ ဇွန် ၂၆

မုံရွာမြို့၊ သလ္လာမြို့သစ်ရပ်ကွက်၊ ကျောက္ကာလမ်းရှိ ရွှေမင်းသမီးအမျိုးသမီးဘော်ဒါဆောင်ရှေ့တွင် ယခုလ (၂၅)ရက်နေ့ည ၁၀ နာရီခွဲအချိန်ခန့်က ဂစ်တာတီးခတ်နေသော ကျောင်းသားလူငယ်တစ်စုနှင့် ဆိုင်ကယ်စီးနင်း လာသော လူငယ်အုပ်စု တစ်အုပ်စုတို့ ခိုက်ရန်ဖြစ်ပွားခဲ့ရာ မှ လူတစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း ရဲဌာနပိုင်မှတ်တမ်းများမှ ဖော်ပြထားကြောင်း သိရှိရသည်။

အဆိုပါ မှတ်တမ်းများတွင် သလ္လာရပ်ကွက်၊ တိုင်းရင်းဆေးရုံလမ်းရှိမောင်အောင်မျိုး၊ မောင်ထွန်းလင်း အောင်၊ မောင်ဇော်ဖြိုးအောင်၊ မောင်ဇင်မင်းအောင်၊ မောင်အောင်ဝိုင်းချစ်သူ၊ မောင်ဝေဖြိုး၊ မောင်ရဲရင့်အောင်(ခ) ဖိုးခွား ဆိုသူ သူငယ်ချင်းတစ်စုမှ ၎င်း အဆောင်ရှေ့တွင် ၀ိုင်းဖွဲ့၍ ဂီတာတီးနေစဉ် ဆိုင်ကယ်လေးစီးနှင့် အမည်မ သိလူဆယ်ယောက်ခန့် ရောက်ရှိလာပြီး စကားများရန်ဖြစ်ရာမှ လူဆယ်ဦးခန့်က အသင့်ယူဆောင်လာသော သစ် သားချောင်းများဖြင့် ရိုက်နှက်သတ်ပုတ်ရာ ဂီတာတီးနေသူများအနက်မှ တစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိခဲ့ခြင်း ဖြစ်သည်ဟု ဖော်ပြထားသည်။

၎င်း ဖြစ်စဉ်တွင် သေဆုံးသူမှာ မုံရွာ စီးပွားရေ တက္ကသိုလ်ကျောင်း၌ စာရင်းအင်းဘာသာရပ်အား ခုံအ မှတ် တစ/ ၁၇၇ ဖြင့် နောက်ဆုံးနှစ်တန်းခွဲတွင်ပညာသင်းယူနေသူ မောင်အောင်ဝိုင်းချစ်သူ အသက်(၂၁)နှစ်၊ (ဘ)ဦးဌေးဝင်း ဆိုသူဖြစ်ကြောင်း၊ ၎င်းမှာ အင်းတော်မြို့နယ်၊ မော်သစ်ကျေးရွာအုပ်စု၊ ရွာသာရွာမှ လာရောက် ပညာသင် ကြားနေသူတစ်ဦးလည်းဖြစ်ကြောင်း အဆိုပါ စီးပွားရေး တက္ကသိုလ် ကျောင်းသားမှတ်တမ်းထိန်း စာ ရင်းများက ဖော်ပြထားသည်။

“ မောင်ရန်ပိုင်ထွန်း နဲ့ မောင်ရဲရင့်အောင် ဆိုသူနှစ်ယောက်ကတော့ ပွန်းပဲ့နာကျင်ဒဏ်ရာများပဲ ရရှိခဲ့ပါတယ်” ဟု ၎င်း ဖြစ်စဉ်နှင့်ပတ်သက်၍ မုံရွာပြည်သူ့ဆေးရုံသို့ ရောက်ရှိလာသူ အကြီးတန်းရဲအရာရှိတစ်ဦးမှ ပြောပြသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ မည်သူက ရိုက်နှက်သတ်ပုတ်ခဲ့သည်ကို စုံစမ်းဆောင်ရွက်နိုင်ရန်အ တွက် သေဆုံးသူ၏ သူငယ်ချင်းဖြစ်သူ မောင်ရန်ပိုင်ထွန်းမှ မုံရွာအမှတ်(၂)ရဲစခန်းသို့ တိုင်တန်းခဲ့ရာ ရဲစခန်းက (ပ) ၂၈၁/ ၂၀၁၃ ပြစ်မှုပူဒ်မ ၃၀၂ အရ အမှုရေးဖွင့်လက္ခံခဲ့ပြီး အမှုအား ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

ကိုတိုးကြီး ချင်းတွင်း (ဖေ့စ်ဘုတ်)

Myanmar News Now

ယာဉ်လိုင်းများပေါ်တွင် သောင်းကျန်းနေသည့် ခါးပိုက်နှိုက်များအား ဖမ်းဆီးအရေးယူ


ရန်ကုန်၊ ဇွန် ၂၉

၂၈.၆.၂၀၁၃ ရက်နေ့ ၀၅၀၀ အချိန် တွင် ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၊ အကူတပ်ဖွဲ့ခွဲ၊
လုံခြုံရေးတပ်ခွဲ(၂)မှ တပ်ဖွဲ့ဝင်များသည် လှိုင်သာယာမြို့နယ်၊ တပ်ထိပ်ကား မှတ်တိုင်တွင် အမှတ်(၄၃)လိုင်းယာဉ်ပေါ်မှ ဆင်းလာသူ ခါးပိုက်နှိုက်မှတ်တမ်းဝင် မြင့်ဦး(ခ)စိုးမြင့်
(ခ)ဂျပန်ကြီး၊ (ဘ)ဦးမောင်ချစ်၊ ကဒုံးစီးရပ်ကွက်၊ ပေါင်မြို့ နေသူအား စစ်ဆေးရှာဖွေရာ ၎င်းသည် အမှတ်၄၃ လိုင်းယာဉ်အား အောင်မင်္ဂလာ အဝေးပြေးကားဝင်းမှ လိုက်ပါစီးနင်းခဲ့ပြီး
ယာဉ်ပေါ်ပါ အမျိုးသားတစ်ဦး၏ အင်္ကျီအိတ်ကပ်အတွင်းမှ GFIVE အမျိုးအစား ဟန်းဆက် ၁ လုံးနှင့် ငွေကျပ် ၉၂၀၀ကျပ် အားနှိုက်ယူခဲ့ကြောင်း စစ်ဆေး ပေါ်ပေါက်သိမ်းဆည်း ရမိသဖြင့်
မြင့်ဦး(ခ)စိုးမြင့် (ခ)ဂျပန်ကြီးအား လှိုင်သာယာမြို့မရဲစခန်း (ပ)၇၁၅/၂၀၁၃ ၊ ပုဒ်မ ၃၇၉(နှိုက်)/၅၄ ဖြင့် အရေးယူထားရှိပါသည်။

အလားတူ ၀၄၃၀ အချိန် လှိုင်သာယာမြို့နယ်၊ တပ်ထိပ်မှတ်တိုင်တွင် အမှတ်(၄၃)လိုင်းယာဉ်ပေါ်မှဆင်းလာသူ ခါးပိုက်နှိုက် မှတ်တမ်းဝင်များ ဖြစ်သည့် လှိုင်သာယာမြို့နယ် နေသူများဖြစ်ကြသော ဌေးမောင်မောင်၊(ဘ)ဦးမောင်အေး၊ (၅)ရပ်ကွက်၊ ချစ်လွန်း၊ (ဘ)ဦးလှဘော်၊(၁၉)ရပ်ကွက်၊ သန့်ဇင်ဦး(ခ)ပေါက်စီ ၊ (ဘ)ဦးလှဦး၊ (၁၉) ရက်ကွက်နှင့်ရဲဝင်းကို၊ (ဘ)ဦးမြင့်ကို၊ (၁၉)ရပ်ကွက် တို့(၄)ဦးအား စစ်ဆေးရှာဖွေရာ ၎င်းတို့သည့် အမှတ်(၄၃)လိုင်းယာဉ်အား သမိုင်းလမ်းဆုံ မှတ်တိုင်မှ စီးနင်းလိုက်ပါခဲ့ပြီး ယာဉ်ပေါ်ပါ အမျိုးသားတစ်ဦး၏ ကျောပိုးအိတ်အတွင်း မှငွေ ၁၅၄၀၀ကျပ်
အား ၎င်းတို့၏ ဘေးလွယ်အိတ်များဖြင့် အကာအကွယ် ပြုလုပ်ကာ ဇစ်ဖွင့်နှိုက်ယူခဲ့ကြကြောင်း စစ်ဆေးပေါ်ပေါက် သိမ်းဆည်းရမိသဖြင့် ဌေးမောင်မောင်၊ ချစ်လွန်း၊သန့်ဇင်ဦးနှင့် ရဲဝင်းကိုတို့အား လှိုင်သာယာမြို့မရဲစခန်း (ပ)၇၁၆/၂၀၁၃၊ ပုဒ်မ ၃၇၉(နှိုက်)/၅၄ ဖြင့် အရေးယူထားရှိကြောင်း
ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့ Yangon Police (facebook) အင်တာနက် စာမျက်နှာမှာ သတင်း ထုတ်ပြန်ထားပါသည်။

Myanmar News Now

သရုပ်ဆောင် ဘုန်းလျှံ အား စိတ်ကြွဆေးပြားများနှင့် အတူဖမ်းဆီးရမိ


ရန်ကုန်၊ ဇွန် ၂၉

၂၈.၆.၂၀၁၃ ရက်နေ့ (၁၉၀၀) အချိန်တွင် ရုပ်ရှင်နှင့် ဗွီဒီယို သရုပ်ဆောင် ဘုန်းလျှံ အား မူးယစ်ဆေးဝါးများ လက်ဝယ်ထားရှိ သုံးစွဲမှုဖြင့် ဖမ်းဆီးရမိကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့ ၏ သတင်းထုတ်ပြန်ချက် အရ သိရှိရသည်။

ရန်ကုန်အရှေ့ မူးယစ်(အထူး)အဖွဲ့မှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့် အတူ ဗဟန်းမြို့နယ်ရှိ ELephant Inn အခန်းအမှတ်(၈)တွင် မူးယစ်ဆေးဝါး သတင်းအရ ၀င်ရောက်ရှာဖွေရာ အခန်းအတွင်း၌ ဟိန်းထူးလင်း(ခ)ဘုန်းလျှံ၊ (ဘ)ဦးလှမောင်သိန်း နှင့် သာကေတမြို့နယ်နှင့် ဦးမောင်ထွန်းလှ၊ (ဘ)ဦးထွန်းအောင်၊ ကျောက်တံတားမြို့နယ် နေသူတို့နှစ်ဦး အားတွေ့ရပြီး မူးယစ်ဆေးဝါး များနှင့် အတူ ဖမ်းဆီးရမိခြင်း ဖြစ်သည်။

သရုပ်ဆောင် ဘုန်းလျှံ တည်းခို နေထိုင်သည့် အခန်း ခုတင်ခေါင်းရင်း ယာဘက်ဘေး ကြမ်းပြင်ပေါ်မှ ခရီးဆောင် လက်ဆွဲအိတ် အတွင်း၌ Red Ruby စီးကရက်ဘူး အတွင်း ပလပ်စတစ်အိတ်ဖြင့်ထုတ်လျက် WY စာတမ်းပါ စိတ်ကြွဆေးပြား (၄၉)ပြား အလေးချိန် ၄.၉ ဂရမ် (၁) ထုပ်နှင့် ခုတင်ခေါင်းရင်းမှ တိပ်အကြည်ဖြင့် ကပ်လျက် တစ်ရှုးဘူးအတွင်း ပလပ်စတစ်အိတ်ဖြင့် ထည့်ထားသော WY စာတမ်းပါ စိတ်ကြွဆေးပြား (၉၉) ပြား၊ အလေးချိန် ၉.၉ ဂရမ် (၁) ထုပ် ဖမ်းဆီးရမိခဲ့သည်။

၎င်းအပြင် စားပွဲခုံအောက်မှ စိတ်ကြွဆေးသုံးစွဲရာတွင် အသုံးပြုသည့် ရေသန့်ဗူး၌် ပိုက်ကောက်တပ်လျက်ဗူး (၁)ဗူး၊ အရှည် (၆)လက်မခန့်ရှိ ခဲပြား(၂)ပြား၊ ဂက်စ်မီးခြစ် (၁)လုံး၊ စုစုပေါင်း WY စိတ်ကြွဆေးပြား(၁၄၈)ပြား တန်ဘိုး ၇၄၀၀၀၀ိကျပ် အားတွေ့ရှိ ဖမ်းဆီးရမိသဖြင့် ဗဟန်းမြို့မရဲစခန်း မယ(ပ)၅/၂၀၁၃၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/၂၁ အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့ မှ သတင်းထုတ်ပြန်ချက် အရ သိရပါသည်။

Myanmar News Now