ပျော်ဘွယ်မြို့နယ်မှ ရဲအရာရှိ သုံးဦးကို မူးယစ်ဆေးမှု စစ်ဆေး

ပို့စ်တင်ချိန် - 6/30/2013 12:50:00 AM


ရန်ကုန်- အာဏာပိုင်များနှင့် ပူးပေါင်းခဲ့သည်ဟု မူးယစ်တရားခံများက ထုတ်ဖော်ဝန်ခံသောကြောင့် ပျော်ဘွယ်မြို့နယ်မှ ရဲအရာရှိ သုံးဦးကို နေပြည်တော်မှ ရဲမှူးကြီး ကိုယ်တိုင်စစ်ဆေးနေကြောင်း သတင်းရရှိသည်။

ပျော်ဘွယ်နှင့် သာစည်မြို့နယ်များမှ မူးယစ်ဆေးရောင်းဝယ်သုံးစွဲ သူများကို မန္တလေးတိုင်းတောင်ပိုင်း မူးယစ်အဖွဲ့အထူးတပ်ဖွဲ့မှ ဖမ်းဆီးစစ်ဆေးရာမှ တရားခံများက ထုတ်ဖော်သောကြောင့် ပျော်ဘွယ်မြို့နယ်မှ ရဲအရာရှိသုံးဦးကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ် ရဲမှူးကြီးအောင်မြတ်မိုးကိုယ်တိုင် စစ်ဆေးနေခြင်းဖြစ်ကြောင်း မြို့နယ်ထွေ/ အုပ်ရုံးမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

“ရဲစခန်းရော သံသယရှိတဲ့ အိမ်တွေကို ပါဝင်ပြီး ရှာဖွေပါတယ်။ ရဲမှူးကြီးနဲ့ အတူ ရဲတပ်ရင်းတစ်ရင်းပါပါလာတယ်။ အရာရှိ သုံးယောက်ကိုလည်း ရဲမှူးကြီး ကိုယ်တိုင်စစ်နေပါတယ်”ဟု အဆိုပါ တာဝန်ရှိသူကဆိုသည်။

မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်ရာတွင် ပါဝင်ပတ်သက်သည်ဟူသော သံသယဖြင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ အရေးယူစစ်ဆေးနေသော ရဲအရာရှိ သုံးယောက်မှာ ပျော်ဘွယ်မြို့နယ်ရဲစခန်း ဒုရဲအုပ် အောင်မြတ်ဦး၊ မြို့နယ်သတင်းတပ်ဖွဲ့မှ ဒုရဲအုပ် နီနီလင်းနှင့် မြို့နယ်မီးသတ် ဦးစီးဌာန ဒုဦးစီးမှူး ဇင်းမင်းထွန်းတို့ဖြစ်သည်။

မူးယစ်ဆေ၀ါး၊လက်နက်နှင့် တရားမ၀င်လိုင်စင်မဲ့ မော်တော်ယာဉ်များ သယ်ဆောင်ရောင်းဝယ်မှုတွင် ရဲအရာရှိများပါဝင်ပတ်သက်သောကြောင့် စစ်ကိုင်းတိုင်းဒေသကြီး ကလေးနှင့်တမူးခရိုင်များတွင် ဇွန် ၁၅ ရက်က မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်ကတိုက်ရိုက်စစ်ဆေးအရေးယူခဲ့သည်။ သတင်းပေးတိုင်ကြားသော ဒေသများသို့လည်းရှောင်တခင် စစ်ဆေးအရေးယူနိုင်ရန် ရဲအရာရှိအင်အား တစ်ရာခန့်ပါဝင်သော အထူးရဲတပ်ဖွဲ့ကို ဖွဲ့စည်းထားပြီးဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ပျော်ဘွယ်မြို့နယ် ရဲအရာရှိများကို မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှ အရေးယူစစ်ဆေးနေခြင်းသည် ဒေါ်အောင်ဆန်းစုကြည်က မူးယစ်ဆေးဝါး ပြဿနာများတွင် အုပ်ချုပ်ရေးပိုင်းမှ ထိထိရောက်ရောက် အရေးမယူဘဲ လျစ်လျှုရှုထားသည်ဟု ထင်မြင်ကြောင်း ပြောဆိုပြီးနောက် နေပြည်တော်မှ ဒုတိယအကြိမ်မြောက် အရေးယူခြင်းဖြစ်သည်။ မေ ၂၇ ရက်က ရန်ကုန်မြို့ ရွှေဂုံတိုင်တော်ဝင်နှင်းဆီခန်းမတွင် ပြုလုပ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပထမအကြိမ် ကော်မတီအစည်းအဝေးတွင် ဒေါ်အောင်ဆန်းစုကြည်က ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

7Day News Journal