မိတ္ထီလာဒေသခံ သတင်းထောက် ထောင်ဒဏ် ၂ နှစ် ချခံရ

ပို့စ်တင်ချိန် - 6/30/2013 01:46:00 PM

မိတ္ထီလာ၊ ဇွန် ၂၉

မိတ္ထီလာမြို့တွင် ဖြစ်ပွားသော ပဋိပက္ခ ကာလအတွင်း ဗုဒ္ဓဘာသာနှင့် အစ္စလာမ် ဘာသာဝင်များအကြား ပဋိပက္ခ ဖြစ်စေရန် လှုံ့ဆော်မှုဖြင့် မိတ္ထီလာဒေသခံ သတင်းထောက်တစ်ဦးကို မြို့နယ်တရားရုံးက ဇွန်လ၂၄ ရက်နေ့တွင် ထောင်ဒဏ် ၂ နှစ် ချမှတ်လိုက်ကြောင်း မိတ္ထီလာမြို့နယ် တရားရုံးထံမှ စုံစမ်းသိရှိရသည်။

မိတ္ထီလာမြို့ အောင်ဇေယျာ ရပ်ကွက်တွင် နေထိုင်သော မိတ္ထီလာဒေသခံ သတင်းထောက် ဦးကျော်ကျော် (၄၇) နှစ်ကို ပဋိပက္ခ ကာလအတွင်း ဗုဒ္ဓဘာသာနှင့် အစ္စလာမ် ဘာသာဝင်များ အကြား ပဋိပက္ခ ဖြစ်စေရန် လှုံ့ဆော်မှုဖြင့် မိတ္ထီလာမြို့နယ် တရားရုံးက ရာကြီးအမှုအမှတ် ၁၃၀၅/ ၂၀၁၃ အရ ကြားနာ စစ်ဆေးခဲ့ရာ ဇွန်လ ၂၄ ရက်နေ့က ပုဒ်မ ၂၉၅ (က) အရ အလုပ်နှင့် ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့ခြင်း ဖြစ်ကြောင်း ယင်းတရားရုံးထံမှ စုံစမ်းသိရှိရသည်။

သတင်းထောက် ဦးကျော်ကျော်သည် ပြီးခဲ့သည့် မတ်လ ၂၄ ရက်နေ့က မိတ္ထီလာ ပဋိပက္ခ ဖြစ်စဉ်နှင့် ပတ်သက်၍ သတင်းယူစဉ် ဗုဒ္ဓဘာသာနှင့် အစ္စလာမ် ဘာသာဝင်များအကြား ပဋိပက္ခ ဖြစ်စေရန် လှုံ့ဆော် ပြောဆိုခဲ့သည်ဟုဆိုကာ ဧပြီလ ၁၆ ရက်နေ့က မိတ္ထီလာမြို့ အမှတ်(၂) ရဲတပ်ဖွဲ့စခန်းက ဖမ်းဆီးခဲ့ပြီး (ပ) ၁၀၈/၂၀၁၃ ပုဒ်မ ၂၉၅ (က) ဖြင့် အမှုဖွင့် အရေးယူခဲ့ကြောင်း အဆိုပါ ရဲစခန်းထံမှ သိရသည်။

မိတ္ထီလာ ပဋိပက္ခ ဖြစ်စဉ်နှင့် ပတ်သက်၍ ပြစ်ဒဏ် ချမှတ်ရာတွင် နယူးဝိန့်စိန် ရွှေဆိုင်အမှုနှင့် ဆရာတော် ဦးသောဘိတ သတ်မှုပြီးပါက ယခုသတင်းထောက်အမှုသည် တတိယမြောက်အမှု ဖြစ်သည်။

မိတ္ထီလာမြို့တွင် မတ်လ ၂၀ ရက်နေ့က စတင်ဖြစ်ပွားသော ပဋိပက္ခများကြောင့် လူ ၄၀ ကျော် သေဆုံးပြီး အိမ်ခြေ ၅၀၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရသည်။

The Voice Weekly