အိမ်၊ ခြံ၊ မြေ ဈေးကစားသူများကြောင့် စီမံကိန်း နေရာများ မထုတ်ပြန်ရဲဟု သမ္မတရုံးဝန်ကြီးဆို

ပို့စ်တင်ချိန် - 6/30/2013 01:38:00 PM


နေပြည်တော်၊ ဇွန် ၂၉

ရန်ကုန် အခြေစိုက် အိမ်၊ ခြံ၊ မြေ အကျိုးဆောင်များ၏ ဈေးကစားမှု ရန်ကြောင့် အစိုးရ၏ စီမံကိန်း လုပ်ငန်း နေရာများကို အမှန်အတိုင်း မထုတ်ပြန်ရဲကြောင်း သမ္မတရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိမ်းက ပြောကြားသည်။

နေပြည်တော်ရှိ စက်မှုဝန်ကြီးဌာနတွင် အစိုးရအဖွဲ့မှ ဝန်ကြီးအချို့နှင့် ပြည်တွင်းပြည်ပ မီဒီယာများ တွေ့ဆုံပွဲတွင် အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။

စက်မှုဇုန် စီမံကိန်း၊ အိမ်ရာစီမံကိန်း၊ လေဆိပ် စီမံကိန်းစသည့် စီမံကိန်း သတင်းများကြောင့် ယင်းစီမံကိန်း ဧရိယာဝန်းကျင် အနီးရှိ မြေယာဈေးများ အဆမတန် မြင့်တက်သွားလေ့ ရှိကြောင်း၊ အဆိုပါ ကိစ္စရပ်များမှာ မြန်မာနိုင်ငံ နေရာဒေသ အနှံ့အပြားတွင် အစိုးရစီမံကိန်း ကိစ္စရပ်များနှင့် စပ်လျဉ်းပြီး အမြဲတမ်း ဖြစ်ပေါ်လေ့ ရှိသဖြင့် အစိုးရ စီမံကိန်းများကို အမှန်အတိုင်း မကြေညာဝံ့ကြောင်း သမ္မတရုံးဝန်ကြီးက ပြောကြားသည်။

“စီမံကိန်းက တောင်မှာလုပ်မယ်ဆို မြောက်လို့ ပြောနေရတယ်။ ခု ဒလဆိုလည်းကြည့် မြေဈေးတွေ အဆမတန် တက်ကုန်တယ်။ အဲဒါကြောင့် စီမံကိန်း နေရာကို အမှန်အတိုင်း မပြောရဲတော့ဘူး” ဟု ဦးစိုးသိမ်းက ဆိုသည်။

လတ်တလော ကာလတွင် ညောင်တုန်းမြို့ အနီးတစ်ဝိုက် စက်မှုဇုန် တည်ထောင်မည်ဆိုသည့် သတင်းများကြောင့် မြေဈေးများ မြင့်တက်နေကြောင်း ပြည်တွင်း သတင်းထောက်တစ်ဦးက အဆိုပါ တွေ့ဆုံပွဲတွင် ထောက်ပြခဲ့သည်။

ညောင်တုန်းမြို့တွင် ဘဏ်ခွဲသစ်နှစ်ခု လတ်တလော ဖွင့်လှစ်ခဲ့ပြီး စက်မှုဇုန်သစ်တစ်ခု တည်ထောင်မည် ဆိုသည့် သတင်းများ ထွက်ပေါ်နေကြောင်း အဆိုပါ သတင်းထောက်က ပြောကြားခဲ့ကာ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာပွင့်ဆန်းက အဆိုပါ သတင်းများ မဟုတ်မှန်ကြောင်း ငြင်းဆန်ခဲ့သည်။

“လောလောဆယ်တော့ ညောင်တုန်းမှာ စက်မှုဇုန် စီမံကိန်း မရှိသေးပါဘူး။ အဲဒီကိစ္စ ကျွန်တော်တို့ ဘာမှပြောထားတာ မရှိဘူး” ဟု ဒေါက်တာပွင့်ဆန်းက ဆိုသည်။

ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်တွင် မြို့သစ်စီမံကိန်း စတင်မည်ဆိုသည့် သတင်းများနှင့် ရန်ကုန်-ဒလ မြစ်ကူးတံတား တည်ဆောက်မည့် စီမံကိန်းများကြောင့် ဒလမြို့နှင့် ယင်းမြို့ အနီးရှိ မြေယာ ဈေးနှုန်းများမှာ အဆမတန် မြင့်တက်ခဲ့သည်။