မိုးရာသီမှာ ပျိုမေ တို့ရဲ့ လှပမှုကို မပျက်ယွင်းစေဖို့


နွေရာသီရဲ့ ပူလောင်ပြင်းပြမှုတွေ အဆုံးသတ် သွားတဲ့အခါမှာတော့ အေးမြတဲ့ မိုးစက်တွေနဲ့အတူ မိုးရာ သီက သင့်ထံကို ရောက်ရှိလို့ လာပြန်ပါပြီ။ မိုးစက်လေး တွေ က အေးမြမှုကို ပေးစွမ်းနိုင်ပေမယ့် သွားလာလှုပ်ရှား နေရတဲ့ ပျိုမေတို့ရဲ့ လှပမှုအတွက်တော့ အနှောင့်အယှက် ဖြစ်စေတတ်ပါတယ်။ မိုးစက်ေ တွကြောင့် လိမ်းခြယ်ထား တဲ့ မိတ်ကပ်တွေ ပျက်သွားတာ၊ အသားခြောက်သွေ့သွားတာ တွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ ဒါကြောင့် မိုးရာသီမှာ ပျိုမေ တို့ရဲ့ လှပမှုကို မပျက်ယွင်းစေဖို့အတွက်  HELLO ကမခိုင်ရဲ့ အကြံပြုချက်လေးတွေကို လေ့လာကြည့်ရအောင်နော်။

မိုးရာသီအတွက် Skin Care

မိုးရာသီမှာတော့ Skin Care ကို သိပ်ထူးထူး ခြားခြားကြီးပြောင်းသုံးစရာမလိုပါဘူး။ ဆောင်းရာသီတို့၊ နွေရာသီတို့မှာသာ နည်းနည်းပြောင်း သုံးရတာပါ။ မိုးရာသီမှာတော့
ကိုယ်ပုံမှန်သုံးနေကျ Skin Care ကိုသုံးလို့ ရပါတယ်။ အသားအရေ ခြောက်သွေ့တဲ့သူဆိုရင်လည်း Moisturizer ပါတဲ့ Skin Care ပေါ့။ အဆီပြန်တဲ့သူဆိုရင်လည်း သူနဲ့သင့်တော်တဲ့ Product ပေါ့။ ပုံမှန် အသုံးပြုလို့ ရပါတယ်။

မိုးရာသီအတွက်  Make Up

မိုးရာသီမှာ  Make Up ကိုလည်း ကိုယ် လိမ်းနေကျအတိုင်း ပုံမှန်သုံးလို့ရပါတယ်။ ကိုယ်က မိုးရေထဲကို အချိန်ကြာကြာသွားရမယ့် အခါမျိုးဆိုရင်တော့  Mascara ကအစ Water Proof လေးသုံးပေးရင် ပိုကောင်းပါတယ်။ Eyes Shadow ကတော့ တစ်ယောက်နဲ့တစ်ယောက် အကြိုက်မတူဘူး။ Cream Type ကတော့ လက် နဲ့ ပွတ်ဆွဲရ တယ်။ အမှုန်ကတော့ Brush နဲ့ ပွတ်ရတာပေါ့နော်။ တချို့ကလည်း ကိုယ့်လက်နဲ့ ကိုယ်ပွတ်ဆွဲရတာကို ကြိုက်တယ်။ တချို့ကလည်း Brush နဲ့ ဆွဲရတာကို ကြိုက်ကြ တယ်။ Cream  နဲ့ အမှုန်နဲ့ ဘာကွာလဲဆိုတော့ Cream  က သိပ် မပြန့်ဘူး။ အမှုန်ကတော့ သုံးတဲ့အမျိုးအစားပေါ် မူတည်ပြီးတော့ ပြန့်တယ်။ Shadow အမှုန် ကတော့ ဘယ်အမျိုးအစားမဆို ရေနဲ့ထိရင် ပျက်တတ်တာပဲ။ အဲဒါကြောင့် ကိုယ်က မိုးစိုထဲ ထွက်ရမယ်ဆိုရင်တော့ Cream Type Eyes Shadow  က ပိုအဆင်ပြေပါတယ်။ Cream Type က ရေစိုခံပြီး ပျက်ယွင်းမှုကို ခံနိုင်ရည်ရှိ ပါတယ်။

မိုးရာသီအတွက် မိတ်ကပ်ပုံစံ

မိုးရာသီနဲ့လိုက်ဖက်တဲ့ မိတ်ကပ်ပုံစံကတော့ ပြင်းပြင်းရှရှပုံစံမျိုးထက် ပုံမှန်ပေါ့ပေါ့ပါးပါးပုံစံ မျိုးက ပိုပြီးသင့်တော်ပါတယ်။ အရောင်ဆိုရင် လည်း မိုးရာသီမှာ အရမ်းေ တာက်ပတဲ့ အရောင် တွေထက်စာရင် ကြည့်လိုက်ရင် နူးနူးညံ့ညံ့ဖြစ် မယ့် အရောင်လေးတွေက ပိုအဆင်ပြေပါ တယ်။ နွေရာသီဆို ရင်တော့ ပြင်းပြင်းရှရှ အရော င်လေး တွေကို ကြိုက်တတ်ကြပေမယ့် မိုးရာသီမှာတော့ အငြိမ်ကာလာလေးတွေက ပိုပြီးအေးချမ်းတယ်လို့ ထင်ရပါတယ်။ ဒီနှစ်မိုးရာသီမှာလည်း အရောင် ငြိမ်တာေ လးတွေ ရွေးသုံးကြမယ်လို့ ထင်ပါတယ်။ မိုးရေဆိုတာ အေးမြတယ်။ ဒီလိုမိုးရာသီမှာ ကိုယ့်ရဲ့အပြင်အဆင်ကလည်း သူတစ်ပါးရဲ့ မျက်စိထဲ မှာ အေးမြေ နစေဖို့ နူးညံ့ တဲ့အရောင် လေးတွေကို ရွေးချယ်အသုံးပြုသင့်ပါတယ်။

သတိပြုရမယ့် မိတ်ကပ်လိမ်းခြယ်မှု

မိုးရာသီမှာ ပျိုမေတွေ သတိပြုရမယ့်အချက် တွေကတော့ မိတ်ကပ်ကို အရမ်းကြီးထူထူထဲထဲ လိမ်းတာမျိုးကို ရှောင်ကြဉ်သင့်ပါတယ်။ ကိုယ်က မိုးစိုထဲကို သွားရမယ် ဆိုရင် Water Proof ပါတဲ့ Product မျိုးကို အသုံးပြုသင့်ပါတယ်။ ဒါ့ပြင် တောက်ပလွန်းတဲ့အရောင်တွေကို မသုံးဘဲ ကိုယ့် အသားရောင်နဲ့ အဆင်ပြေမယ့် အရောင် အငြိမ် လေးတွေကို ရွေးချယ်ပြီး အသုံးပြုသင့်ပါတယ်။

အသားအရေပြဿနာ

များသောအားဖြင့်တော့ အသားအရေ ခြောက်သွေ့တဲ့သူတွေကတော့ ဘယ်ရာသီမဆို ခြောက်သွေ့တာပါပဲ။ ဆောင်းတွင်းမှ မိုးတွင်းမှ မဟုတ်ပါဘူး။ အဲဒါကြောင့် ကိုယ်ပုံမှန်လိမ်းနေ Lotion ကို ဆက်သုံးသင့်ပါတယ်။ တချို့က မိုးရာသီက စိုစွတ်တယ်ဆိုပြီး သိပ်ဂရုမစိုက်ဘူး။ အမှန်တော့ မဟုတ်ပါဘူး။ မိုးရာသီမှာလည်း အသား အရေကို ပုံမှန်ကိုယ်လုပ်နေကျအတိုင်း ထိန်းသိမ်းသင့်ပါတယ်။ မိုးရာသီ ဆိုပေမယ့်လည်း မိုးရွာတဲ့အချိန်ပြီးရင် နေကလည်းပူတာပဲလေ။ ဒါကြောင့် Sunscreen ကိုလည်း ရာသီတိုင်းမှာ ဂရုတစိုက်လိမ်းပေးသင့်ပါတယ်။ မိုးရွာလိုက် နေပူလိုက်ဖြစ်တဲ့အတွက် အသားအရေကို ပိုပြီး ပျက်စီးစေနိုင်ပါတယ်။

Hair Care Tip

မိုးရာသီမှ မဟုတ်ပါဘူး။ ဘယ်ရာသီမှာပဲ ဖြစ်ဖြစ်ဒဏ်အခံရဆုံးက ဆံပင်ပဲဖြစ်ပါတယ်။ မိုးရာသီမှာ အဖြစ်အများဆုံး ဆံပင်ပြဿနာ ကတော့ ဗောက် ထခြင်းပဲ ဖြစ် ပါ သည်။ အပြင် ထွက်တဲ့အခါ ခေါင်းမှာ မိုးရေစိုလာမယ်။ အဲဒါကို ဂရုမစိုက်ဘဲ ဒီအတိုင်းထားမယ်ဆိုရင် ဦးရေ ပြားမှာ ပြဿ နာတွေဖြစ်လာနိုင်ပါတယ်။ ဒါ ကြောင့် မိုးတွင်းမှာ အပြင်သွားမယ်ဆိုရင် လုံလုံ ခြုံခြုံသွားနိုင်ရင်သွား။ တကယ်လို့ မိုးရေစို သွား တယ်ဆိုရင်လည်း ပြောင်စင်အောင်လို့ သေသေ ချာချာ ခေါင်းလျှော်ပေးဖို့ လိုပါ တယ်။ မိုးတွင်းဆို ပေမယ့် နေရောင်လည်းရှိတယ်။ မိုးရေလည်း စိုနိုင်တဲ့အတွက် ဆံပင်တွေဟာ ခြောက်သွေ့ပြီး ကိုယ်ရဲ့ ပုံမှန်ဆံပင်အရောင်ကို ပျက်စီးစေနိုင်ပါ တယ်။ ဒါကြောင့် ဆံပင်ကို ပုံမှန်ပေါင်းတင် ပေးသင့်ပါတယ်။ Hair colour အနေနဲ့လည်း အရောင်အငြိမ်လေးတွေက ပိုပြီးလိုက်ဖက်မှုရှိမယ် လို့ ထင်ပါတယ်။

အိအိထွေး

နိုင်ငံတော်သမ္မတနှင့် ဒေါ်အောင်ဆန်းစုကြည် ပထမဆုံးအကြိမ် တံခါးပိတ်ဆွေးနွေး

နိုင်ငံရေးနှင့် စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ ထပ်မံလုပ်ဆောင်မည် ကြွေးကြော်ထားသော နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်တို့သည် သြဂုတ်လ ၃၁ ရက်နေ့တွင် သီးသန့်ဆွေးနွေးမှု တစ်ခု ပြုလုပ်ခဲ့ကြောင်း NLD ပါတီ၏ နေပြည်တော် ပြန်ကြားရေးတာဝန်ခံ ဦးဝင်းမြင့်က The Voice သို့ ပြောကြားသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့သည် သြဂုတ်လ ၃၁ ရက်နေ့ ညနေ ၃ နာရီအချိန်တွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ၏ လယ်တောအိမ်ရာတွင် ၎င်းတို့ နှစ်ဦးတည်း သီးသန့်တွေ့ဆုံ ဆွေးနွေးခဲ့ခြင်း ဖြစ်ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

“သူတို့နှစ်ဦးတည်း ဆွေးနွေးတာပါ။ တခြားဘယ်သူမှ ဝင်ခွင့်မရခဲ့ပါဘူး” ဟု ဦးဝင်းမြင့်က ဆိုသည်။

အဆိုပါ ဆွေးနွေးပွဲတွင် နိုင်ငံတော်သမ္မတနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ မည်သည့် အကြောင်းအရာများ ဆွေးနွေးခဲ့သည်ကို နှစ်ဖက် ထုတ်ပြန်မှု ပြုလုပ်ခဲ့ခြင်း မရှိပေ။

ယင်းတွေ့ဆုံမှုသည် ၎င်းတို့နှစ်ဦးအကြား လေးကြိမ်မြောက် တွေ့ဆုံမှုဖြစ်ပြီး ၂၀၁၁ ခုနှစ် သြဂုတ်လတွင် တစ်ကြိမ်၊ ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲ အပြီးတွင် တစ်ကြိမ်နှင့် ၂၀၁၂ ခုနှစ်က နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ အမေရိကန် ပြည်ထောင်စုခရီးစဉ်တွင်တစ်ကြိမ် တွေ့ဆုံထားသည်။

၂၀၁၁ ခုနှစ် သြဂုတ်လအတွင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏ တွေ့ဆုံမှု အပြီးတွင် သမ္မတ ဦးသိန်းစိန်က နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ ဆက်တိုက်ပြုလုပ်ခဲ့ပြီး နိုင်ငံရေးအကျဉ်းသား လွှတ်ပေးခြင်းနှင့် လွှတ်တော်က ရွေးကောက်ပွဲဆိုင်ရာ စည်းမျဉ်းအချို့ ပြင်ဆင်ပေးမှုကြောင့် NLD ပါတီ ပြန်လည် မှတ်ပုံတင်ခဲ့ပြီး ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌအဖြစ်မှ နုတ်ထွက်ပြီး ယင်းပါတီဥက္ကဋ္ဌရာထူး လက်ခံရယူသူ သူရဦးရွှေမန်းနှင့် သဘောထားကွဲလွဲမှုများ ဖြစ်နေသည်ဟု နိုင်ငံရေး လေ့လာသုံးသပ်သူများက ဝေဖန်နေချိန်တွင် ဒေါ်အောင်ဆန်းစုကြည်က ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် ပူးပေါင်းဆောင်ရွက်မှု များ ပြုလုပ်နေကြောင်း ပြောဆိုထားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် နိုင်ငံတော် သမ္မတအဖြစ် ဝင်ရောက် ယှဉ်ပြိုင်လိုပြီး ၎င်းယှဉ်ပြိုင်နိုင်ရန် အခြေခံဥပဒေကို ပြင်ဆင်ပေးရန် အစိုးရနှင့် လွှတ်တော်သို့ တိုက်တွန်း ထားသည်။

The Voice

ပူတာအိုတွင် သေနတ်ဖြင့်ပစ်သတ်ခံရသူ ဝန်ထမ်း သဂြုင်္ိဟ်ပြီးစီး


ကချင်ပြည်နယ် ပူတာအိုမြို့ စားသောက်ဆိုင်တစ်ခုတွင် တပ်မတော် တပ်ထိန်းတပ်ဖွဲ့ဝင်တစ်ဦးက သေနတ်ဖြင့် နားထင်ကိုတေ့၍ ပစ်ခတ်သဖြင့် ပွဲချင်းပြီးသေဆုံးခဲ့သူ စာရင်းစစ်ဝန်ထမ်းကို သြဂုတ်လ ၂၉ ရက်နေ့တွင် သဂြုင်္ိဟ်ပြီးစီးကြောင်း မန္တလေးမြို့တွင် နေထိုင်သော သေဆုံးသူဝန်ထမ်း၏ မိသားစုဝင်တစ်ဦးက The Voice သို့ ပြောကြားသည်။

သေဆုံးသူ စာရင်းစစ်ဝန်ထမ်း ကိုလမင်းမောင်မောင်၏ ရုပ်ကလာပ်ကို သြဂုတ်လ ၂၉ ရက်နေ့ မွန်းလွဲ ၁ နာရီက ပူတာအိုမြို့ သုသာန်တွင် သဂြုင်္ိဟ်ပြီးဖြစ်ကြောင်း၊ ပြစ်မှုကျူးလွန်သူနှင့် သေဆုံးသူမှာ မည်သည့်ရန်ငြိုးမျှ မရှိကြောင်း ၄င်းကဆိုသည်။

ဖြစ်စဉ်မှာ သေဆုံးသူ ကိုလမင်းမောင်မောင်နှင့် ပူတာအို မြို့နယ် နယ်စပ်စည်ပင်မှ ဦးဝင်းထွန်းတို့သည် သြဂုတ်လ ၂၇ ရက် နေ့ည ၈ နာရီ ၂၀ မိနစ်ခန့်က ပူတာအိုမြို့ရှိ အိန်ဂျယ်စားသောက်ဆိုင်တွင် ခေါက်ဆွဲစားနေစဉ် ဒုတပ်ကြပ်ခန့်စိန်နှင့် အမျိုးသားတစ်ဦး၊ အမျိုးသမီးနှစ်ဦးတို့ စားသောက်ဆိုင်ထဲသို့ ရောက်ရှိလာကာ အရက် ဘီယာများ သောက်နေကြရာမှ ဒုတပ်ကြပ်ခန့်စိန်မှာ အပြင်သို့ ပြန်ထွက်သွားပြီး အဖော်သုံးဦးသာ ကျန်ခဲ့ကြောင်း၊ ဆိုင်ရှင်က ည ၉ နာရီထိုး၍ ဆိုင်ပိတ်ချိန်ဖြစ်ကြောင်း ပြောသဖြင့်ဆိုင်ထဲတွင် ကျန်ရှိသော လူသုံးဦးပြန်ထွက်သွားပြီး ဦးဝင်းထွန်းနှင့် သေဆုံးသူ ကိုလမင်းမောင်မောင်တို့လည်း ပြန်မည်ပြုစဉ် ပြစ်မှုကျူးလွန်သူ ဒုတပ်ကြပ်ခန့်စိန်မှာ ပြန်လည်ရောက်ရှိလာပြီး ဆိုင်ရှင်နှင့် လမင်းမောင်မောင်တို့ကို ပြဿနာရှာကြောင်း သေဆုံးသူနှင့်အတူ ရှိသူ ဦးဝင်းထွန်းက ပြောကြားသည်။

၎င်းနှင့်ကိုလမင်းမောင်မောင်တို့ ပြန်ရန်ပြင်စဉ် ကိုလမင်းမောင်မောင်က ပြစ်မှုကျူးလွန်သူကို "အစ်ကိုရယ် ကျွန်တော်တို့ကို ဘာဖြစ်စေချင်တာလဲဗျာ" ဟု ပြောကြားပြီးနောက် ပြစ်မှုကျူးလွန် သူ ဒုတပ်ကြပ်ခန့်စိန်သည် ကိုလမင်းမောင်မောင် နားထင်ကို ပစ္စတို သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ နေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း ဦးဝင်းထွန်းက ထပ်မံပြောကြားသည်။

ပြစ်မှုကျူးလွန်သူ ဒုတပ်ကြပ်ခန့်စိန်မှာ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ အမှတ် (၆၆၆) တပ်ထိန်းတပ်ခွဲမှ ဒုတိယတပ်ကြပ် ဖြစ်ပြီး ၄င်းကို ပူတာအို ရဲတပ်ဖွဲ့စခန်းတွင် (ပ) ၈/၂၀၁၃ ပြစ်မှုပုဒ်မ ၃၀၂ အရ အရေးယူထားသကဲ့သို့ တပ်မတော်စည်းကမ်း အရပါ အရေးယူထားကြောင်း ယင်းရဲတပ်ဖွဲ့စခန်းမှူး ရဲအုပ်ဒီမင်ရမ်က The Voice သို့ ပြောကြားသည်။

သေဆုံးသူ လမင်းမောင်မောင်မိသားစုသည် မန္တလေးမြို့ ဒေါနဘွားရပ်ကွက်တွင် နေထိုင်ပြီး စက်တင်ဘာလ ၁ ရက်နေ့တွင် ဝန်ထမ်းသက် တစ်နှစ်ပြည့်မည်ဖြစ်ပြီး ခွင့်တစ်လ ရရှိ၍ မန္တလေးမြို့သို့ ပြန်ရန်ပြင်ဆင်နေစဉ် ယင်းဖြစ်စဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မိသားစုဝင်တစ်ဦးက ဆိုသည်။

The Voice

ပြိုင်ကားစစ်ဆေးသည့် ရဲဝန်ထမ်းသုံးဦး ယာဉ်တိုက်ခံရ


ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့နယ် ပြည်လမ်းမပေါ် တံတားဖြူ ကားမှတ်တိုင်အနီးတွင် သြဂုတ်လ ၃၀ ရက် ည ၁၂ အချိန်ခန့်က ပြိုင်ကားစစ်ဆေးရေးဂိတ်တွင် ယာဉ်စစ်နေသည့် ရဲတပ်ဖွဲ့ဝင်သုံးဦး ယာဉ်တိုက်ခံရမှု ဖြစ်ပွားခဲ့ကြောင်း ကမာရွတ်မြို့နယ် မြို့မရဲတပ်ဖွဲ့စခန်းထံမှ စုံစမ်းသိရှိရသည်။

စစ်ဆေးရေးဂိတ်တွင် တိုယိုတာကိုရိုလာ အမျိုးအစား အငှားယာဉ်တစ်စီးကို လုံခြုံရေးတာဝန်အရ စစ်ဆေးနေစဉ် ယင်းကား၏ နောက်ပိုင်းကို အရှိန်ဖြင့် မောင်းနှင်လာသည့် Probox အမျိုးအစား ကိုယ်ပိုင်ယာဉ်တစ်စီးက ဝင်တိုက်ခဲ့ရာ ကိုရိုလာ (အငှားယာဉ်) ယာဉ်ရှေ့ရှိ ရဲတပ်ဖွဲ့ဝင် သုံးဦးကို တိုက်ခဲ့မိခြင်း ဖြစ်ကြောင်း အဆိုပါ ရဲစခန်းထံမှ စုံစမ်းသိရှိရသည်။

“Probox မောင်းတဲ့ ကောင်လေးက မူးနေတယ်ထင်တယ်။ Taxi ထွက်ခါနီးမှာ နောက်ကနေ တိုက်လိုက်တော့ Taxi က လီဗာကို နင်းမိသွားတယ်ထင်တယ်။ ရဲသုံးယောက်ကို တိုက်ပြီး ပလက်ဖောင်းပေါ် တက်သွားတယ်။ ရဲတစ်ယောက်ကတော့ သတိမေ့သွားတယ်” ဟု မျက်မြင်တွေ့ရှိခဲ့သူ အသက် ၃၀ နှစ်အရွယ် အမျိုးသားတစ်ဦးက ဆိုသည်။

အဆိုပါ ယာဉ်တိုက်မှုကြောင့် လှိုင်မြို့နယ်ရဲစခန်းမှ ရဲတပ်သားနှစ်ဦး၏ မျက်နှာတွင် ပွန်းစုတ်ဒဏ်ရာများနှင့် ခါးနာဒဏ်ရာများရရှိခဲ့ပြီး အဆိုပါရဲစခန်းမှ အသက် ၂၈ နှစ်အရွယ် ရဲတပ်သားအောင်ဇော်၏ မျက်နှာတွင် ပွန်းစုတ်ဒဏ်ရာအပြင် ဦးခေါင်းညာဘက်နောက်စေ့ ပွန်းစုတ်ဒဏ်ရာ၊ ခါးနာ ဒဏ်ရာများ ရရှိခဲ့သောကြောင့် ၎င်းတို့သုံးဦးကို ရန်ကုန်ဆေးရုံကြီးတွင် အတွင်းလူနာအဖြစ် ကုသလျက်ရှိကာ အသက်အန္တရာယ် မစိုးရိမ်ရကြောင်း ယာဉ်ထိန်းတပ်ဖွဲ့စုမှူးရုံး ၂၅ (လှည်းတန်း ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံး) ထံမှ စုံစမ်းသိရှိရသည်။

“Probox က Taxi နောက်ကို တစောင်းတိုက်လိုက်တာ Taxi ရှေ့နားရပ်နေတဲ့ ရဲသုံးယောက်ကို တိုက်မိတယ်။ ပြီးတော့ ပလက်ဖောင်းပေါ်တက်ပြီး ဖုန်းကြိုးတိုင်ကို ဝင်တိုက်ပြီး ရပ်သွားတယ်” ဟု အဆိုပါ ယာဉ်ထိန်းရဲရုံးမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

Probox ကိုယ်ပိုင်ယာဉ်ကို မောင်းလာသည့် အသက် ၂၈ နှစ်အရွယ် ဦးဟိန်းမင်းလတ်မှာ အရက်သေစာ သောက်စားထားပြီး အခင်းဖြစ်ပွားသဖြင့် ယာဉ် (ပ) ၄၆/၁၃၊ ပြစ်မှုပုဒ်မ- ၂၇၉၊ ၃၃၇၊ ၃၃၈ ဖြင့် အမှုဖွင့်စစ်ဆေးလျက် ရှိကြောင်း ကမာရွတ် ရဲစခန်းထံမှ စုံစမ်းသိရှိရသည်။

The Voice

အင်းဆက်ပိုး တစ်မျိုးကြောင့် မျက်နှာပြင် အစိတ်အပိုင်းအချို့ ဖယ်ရှားခံခဲ့ရသူ အမျိုးသမီး မျက်နှာအတု တပ်ဆင် အသုံးပြု



စကော့တလန်နိုင်ငံမှ လူမှုဝန်ထမ်း အမျိုးသမီးတစ်ဦးသည် အသားစား အင်းဆက်တစ်မျိုး ကူးစက်တိုက်ခိုက် ခံရမှုကြောင့် သူမ၏မျက်နှာမှာ ရုပ်ပျက်ဆင်းပျက် ဖြစ်ခဲ့ရပြီး ယခုအချိန်တွင် ခွဲစိတ် ဆရာဝန်များ ပြုလုပ်ဖန်တီး ထားသည့် မျက်နှာတုကို တပ်ဆင်ထားနိုင်ပြီဟု သိရသည်။
အသက် ၅၄ နှစ်ရှိပြီ ဖြစ်သော လော့ဂျက်သည် ဇာထိုးပန်းထိုး အတတ်ပညာဖြင့် လူမှုရေးအသင်းများ အတွက် ရန်ပုံငွေရရှိစေရန် ကူညီပေးသူ တစ်ဦးဟု သိရသည်။ သူမသည် ၂ဝဝ၈ ခုနှစ် ဇူလိုင်တွင် ရေချိုးခန်း၌ ချော်လဲ ကျရာမှ မျက်နှာတွင် ဒဏ်ရာရရှိခဲ့ကာ ယင်းဒဏ်ရာတွင် အသားစား အင်းဆက်တစ်မျိုး ကူးစက်ခဲ့ရာမှ နောက်ပိုင်း တွင် သူမ၏ မျက်နှာအစိတ်အပိုင်း အများစုကို ဖယ်ရှားခဲ့ရခြင်း ဖြစ်သည်။

သူမ၏မျက်နှာ အစိတ်အပိုင်းများကို မဖယ်ရှားပါက အသားစား အင်းဆက်ပိုးသည် သူမ၏ကိုယ်တွင်း အင်္ဂါများ အထိ ပျံ့နှံ့သွားပြီး အသက်အန္တရာယ် စိုးရိမ်ဖွယ်ရှိသည်ဟု ဆရာဝန်များက ပြောကြားခဲ့ရာမှ အင်းဆက်ပိုးကူးစက် ခံထားရသည့် မျက်နှာပြင် အစိတ်အပိုင်းများကို ဖယ်ရှားခဲ့ရခြင်း ဖြစ်သည်ဟု သိရသည်။ လော့ဂျက်သည် သူမ၏ ရုပ်ပျက်ဆင်းပျက် ဖြစ်နေသည့် မျက်နှာကို နေရာပြန်လည် ဖွဲ့စည်းနိုင်ရန် ငါးနှစ်ကြာခန့် ခွဲစိတ်ကုသမှုများ ခံယူခဲ့ ရပြီး ယခုချိန်တွင် ဆရာဝန်များက သူမအတွက် အထူးပြုလုပ်ထားသည့် မျက်နှာအတု တစ်ခုကို တပ်ဆင်ထား လျက်ရှိသည်ဟု သိရသည်။
Myawady

တောင်ကိုရီးယား ပေါ့ပ်ဘုရင်မ လီဟိုရီ လက်ထပ်တော့မည်



တောင်ကိုရီးယား ပေါ့ပ်ဘုရင်မ လီဟိုရီနှင့် သူမ၏ ချစ်သူ တေးရေးဆရာ လီဆန်ဆွန်းတို့ နှစ်ဦးသည် ဂျေဂျူးကျွန်းရှိ ၎င်းတို့၏ နေအိမ်၌ မင်္ဂလာပွဲကို မကြာမီ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
လီဟိုရီတို့ စုံတွဲ၏ မင်္ဂလာပွဲကို ခမ်းနားကြီးကျယ်စွာ ကျင်းပသွားမည် မဟုတ်ဘဲ နှစ်ဖက်မိဘများ၏ ရှေ့မှောက်တွင် ရိုးရှင်းသော မင်္ဂလာပွဲကို ကျင်းပသွားမည် ဖြစ်သည်။

မင်္ဂလာ ဧည့်ခံပွဲ ကျင်းပရန် အတွက် သြဂုတ် ၃၁ ရက်တွင် လီဟိုရီတို့ ချစ်သူစုံတွဲသည် ဂျေဂျူးကျွန်းသို့ သွားရောက်မည် ဖြစ်ပြီး နွေးထွေးပြီး ချစ်စရာကောင်းသော လက်ထပ်ပွဲကို နှစ်ဖက်မိဘများနှင့် အတူ ကျင်းပသွားမည်ဖြစ်ကြောင်း လီဆန်ဆွန်း၏ ဖခင်ဖြစ်သူ လီမွန်ယွန်းက Edaily သတင်းဌာနသို့ ဖုန်းဖြင့် ရှင်းပြခဲ့သည်။

လီဟိုရီတို့ ချစ်သူနှစ်ဦးစလုံးသည် ငွေကြေး အကုန်အကျများသော လက်ထပ်ပွဲကျင်းပရန် ဆန္ဒမရှိဘဲ မိသားစုဝင်များ၊ ရင်းနှီးသော မိတ်ဆွေများဖြင့်သာ ရိုးရှင်းသော မင်္ဂလာပွဲကိုသာ ဆင်နွှဲရန် ဆန္ဒရှိသူများ ဖြစ်သည်။

၎င်းတို့နှစ်ဦးသည် ၂ဝဝ၈ ခုနှစ်က သူငယ်ချင်း တစ်ဦး၏ မိတ်ဆက်ပေးမှုဖြင့် စတင်တွေ့ဆုံခဲ့ပြီး တိရစ္ဆာန် လေးများကို ကာကွယ်စောင့်ရှောက်ရေး လှုပ်ရှားမှုများစွာကို အတူတကွ ဆောင်ရွက်ခဲ့သူများဖြစ်ပြီး ၂ဝ၁၁ ခုနှစ် နိုဝင်ဘာလက ၎င်းတို့၏ မေတ္တာရေးကို တရားဝင် ကြေညာခဲ့ပြီး ၂ဝ၁၃ ခုနှစ် ဇူလိုင်လတွင် ၎င်းတို့ နှစ်ဦး လက်ထပ်တော့မည် ဖြစ်ကြောင်း ကြေညာခဲ့သည်ဟု သိရသည်။

မလေးရှားနိုင်ငံရောက် မြန်မာများအား အထူးသတိပေးချက် (မလေးရှား အရေးပေါ် သတင်း)


ယနေ့ (၁.၉.၂၀၁၃ တနင်္ဂနွေနေ့) Sunday, September 1, 2013 | 12:08:00 PM ယခုအချိန်မှ စတင်ကာ ကေအယ် ကိုတာရာယာ ဝန်းကျင်တွင် နှင့် ကားဂိတ် ၊ ရထားဂိတ် ၊ အဝေးပြေးသွားကားဂိတ်များတွင် နိုင်ငံခြားသားများအား အော်ပရာဇီ (အထူးစစ်ဆေး ဖမ်းဆီးခြင်း) အစီအစဉ်များ စတင်နေပြီ ဖြစ်ပါသည်။ကေအယ်တစ်ဝိုက်နှင့် အခြားနေရာများတွင်လည်း တစ်ပြိုင်နက် စတင်ဖမ်းဆီးမည် ဖြစ်ပါ၍ ကေအယ်နှင့် အခြားနေရာများ လူစည်ကားသော နေရာများသို့
သွားလာမှုများ ဂရုစိုက်ကြပါရန် ကြိုတင် အသိပေးအပ်ပါသည်။)

ယခု နံနက် (၁၀) အချိန်မှ စတင်ကာ ရဲများ လဝကများ ရေလာများ ပြည့်သူစစ်များမှ အဆင့်သင့် ပြင်ဆင်လျက် ရှိနေပြီ ဖြစ်သည်။ မလေးရှားနိုင်ငံ သတင်းဌာန၏ သတင်းထုပ်ပြန်ချက်များအရ မလေးရှားနိုင်ငံအတွင်း ဝင်ရောက်နေထိုင်နေတဲ့ အထောက်အထားမဲ့ နိုင်ငံခြားသားတွေကို ယခုလ စက်တင်ဘာလ (၁) ရက်၊ တနင်္ဂနွေနေ့ကနေ စပြီးစီမံချက်နဲ့ ဖမ်းဆီးတော့မှာ ဖြစ်ကြောင်း သိရပါသည်။

အဆိုပါ အော်ပရာစီတွင် ဌာနပေါင်းစုံမှ ၀န်ထမ်းပေါင်း ၁၃၅,၀၀၀ (တသိန်း သုံးသောင်း ငါးထောင်)မှ ပါဝင် ဖမ်းဆီးအရေးယူဖြစ်ပြီး အဓိက ဖမ်းဆီးမည့် နေရာများမှာ Kuala Lumpur, Selangor, Penang, Johor, Kalang ဖြစ်ကြောင်း သိရှိရသည်။

သို့ဖြစ်ပါ၍ မလေးရှားနိုင်ငံရောက် ရွှေမြန်မာများအနေဖြင့် အထောက်ရှိသူ အထောက်ထားမခိုင်လုံသူများ အကြောင်းမျိုးမျိုးကြောင့် အိုဗာစတေး ဖြစ်နေသူများ အားလုံး အထူးဂရုစိုက်၍ သွားလာကြပါရန် ကြိုတင် သတိပေးအပ်ပါသည်။

နေဇော်လင်း

မိန်းကလေးတစ်ဦး ကားတိုက်ခံရပြီးလဲကျနေသည်ကို မကူညီပဲ မုဒိမ်းကျင့်သွားသည်ဟု သတင်းအမှားရေးသားဖော်ပြမှုအား ရှင်းလင်းမေတ္တာရပ်ခံခြင်း


Online မီဒီယာ အချို့တွင် ၂၉-၈-၂၀၁၃ ရက်နေ့ ၁၈၀၀ အချိန် ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့ နယ်၊ အမှတ် (၁) ရဲစခန်းသို့ အမည်မသိလူငယ်တစ်ဦး ရောက်ရှိလာကာ မိန်းကလေးငယ်တစ်ဦး
ကားတိုက်ခံရပြီး လမ်းဘေးတွင်လဲကျနေကြောင်း၊

ကားမှာတိုင်းရင်းသား ကျေးရွာ ဘက်သို့မောင်းနှင်ထွက်ပြေး သွားကြောင်း လာရောက်တိုင်တန်း သဖြင့် မြို့နယ်ရဲတပ်ဖွဲ့မှူးက လမ်းကြောင်းပေါ်ရှိ ရဲစခန်း/ရဲကင်းများအား ပိတ်ဆို့ ရှာဖွေဖမ်းဆီးရန်ညွှန်ကြားခဲ့ပြီး အခင်းဖြစ်ရပ်သို့သွားရောက် စစ်ဆေးခဲ့ကြောင်း၊

ထိုသို့စစ်ဆေးရာရှုခင်းသာ အပန်းဖြေစခန်းအနီးတွင် သာကေတမြို့နယ်နေ မခင်ဝင်းမာ (၁၇)နှစ်အား ယာဂျိုစောင်း
ပေါက်ပြဲဒဏ်ရာရရှိပြီး ၀တ်လစ်စလစ်ဖြင့် သားမယားပြုကျင့်ခံထားရသည့် အနေအထားဖြင့် သတိလစ်နေသည်ကိုတွေ့ရှိရသဖြင့် တာဝန်သိရဲတပ်ဖွဲ့ဝင်များက ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်
ပေးခဲ့ကြောင်း၊

အခင်းဖြစ်ပွားရာနေရာမှ သက်သေခံပစ္စည်းများကို
ရှာဖွေစစ်ဆေးရာ ၂x၂ ပတ်လည်ပတ်စ်ပို့အရွယ်အစား ဓါတ်ပုံတစ်ပုံကို ရှာဖွေတွေ့ရှိ ခဲ့ပြီး သက်သေခံပစ္စည်းအဖြစ် သိမ်းဆည်းယူဆောင်
သွားခဲ့ကြောင်း၊

ထိုဓါတ်ပုံကို အများပြည်သူသိစေရန် ကြေညာစာသင်ပုန်းများ တွင် လိုက်လံကပ်ထားပြီးတွေ့ရှိပါက
အကြောင်းကြားပေးရန် သာကေတမြို့နယ်ရဲတပ်ဖွဲ့မှအများပြည်သူသို့ ညွှန်ကြားထားကြောင်းနှင့် သတင်းပေးရန်ဖုန်းနံပါတ်အဖြစ် သာကေတ အမှတ်(၁)၊ အမှတ်(၂) ရဲစခန်းများ၏ဖုန်းနံပါတ်များအား ထည့်သွင်း
ဖော်ပြထားသည်ကိုတွေ့ရှိရပါသည်။

အဆိုပါသတင်းသည် မှန်ကန်မှုမရှိကြောင်းနှင့် အလားတူဖြစ်စဉ်မျိုးလည်း
ဖြစ်ပွါးခဲ့ခြင်းမရှိသည့်အတွက် အများပြည်သူတို့ သတင်းအမှားများရရှိပြီး စိတ်ငြိုငြင်စေခြင်း၊ ရဲတပ်ဖွဲ့၏ Image ထိခိုက်ခြင်းများ ဖြစ်စေနိုင်သဖြင့် ဤကဲ့သို့မမှန်ကန်သည့်သတင်းများကို ရေးသားဖြန့်ဝေခြင်း
မပြုလုပ်ကြပါရန် မေတ္တာရပ်ခံ အသိပေးအပ်ပါသည်။

Posted From Yangon Police

ဝက်ခြံ အမာရွတ်တွေ နှုတ်ဆက်ဖို့ အချိန်တန်ပြီ


ဆယ်ကျော်သက်ရွယ်ကစလို့ ၊ သွေးဆုံးပြီးနောက် ၃-နှစ်ခန့် တိုင်အောင် ဟိုမုန်းတွေပြောင်းလဲမှုကြောင့် အမျိုးသား၊ အမျိုးသမီး ၁၀ ဦးမှာ ပျမ်းမျှ အားဖြင့် ၉.၉၉ ဦးခန့်  အနည်းနဲ့ အများဆိုသလို ၀က်ခြံမပေါက်ဖူး တဲ့ သူရယ်လို့ မရှိကြပါဘူး။ ကျန် ၀.၀၁ ဦး က တော့ရှားပါးလွန်းတဲ့ အသားအရေကံထူးရှင်တွေလို့ ဆိုနိုင်ပါတယ်။ အသင်အတင့် ၀က်ခြံပေါက်ပြီးနောက် ၃-ရက် နဲ့ ၁-ပတ် အတွင်းမှာ အမာရွတ်တွေ သူ့ အလိုလိုပျောက်သွားတတ်ပါတယ်။ ဒါပေမယ့် အချို့ အသား အရေပိုင်ရှင်တွေမှာတော့ ရုပ်အလှ ပျက်လောက်အောင် ၀က်ခြံအမာရွတ်တွေ စွဲကျန်နေရစ်ခဲ့ရှာတုန်းပါဘဲ။

အောက်ပါ ရိုးရှင်းလွယ်ကူတဲ့ အိမ်တွင်းကုထုံးနည်းလမ်း (၈)သွယ်ထဲက တစ်ခုခုနဲ့  အဆင်ပြေသွားပြီ ဆိုရင်တော့ သင့်မျက်နှာ ပေါ်က ဂဂဂ ၀က်ခြံအမာရွတ်တွေကို…..တာ့တာ ဂဂဂ လို့ သာဆိုလိုက်ပါ တော့နော်။

(၁) နံ့ သာဖြူမှုန့် နဲ့  နှင်းဆီရည်။

နံ့ သာဖြူမှုန့် နဲ့ နှင်းဆီရေကို ပျစ်ပျစ်ဖျော်စပ်ပြီး၊ အမာရွတ်ပေါ်တိုက် ရိုက်လိမ်းပေးပါ။ အချိန် ၁နာရီကျော် ထားပါ(သို့ မ ဟုတ်) တညလုံးလိမ်း အိပ်နိုင်ပါတယ်။ ပြီးရင်ရေအေးဖြင့်မျက်နှာသစ်လိုက်ပါ။ အသားအရေ အေးမြ တဲ့ခံစားမှုကို ချက်ချင်းသိရမှာပါ။ အမာရွတ်တွေ သိသိသာသာလျော့ပါး သက်သာလာစေပါတယ်။(မသျန တအေနမ လို့ ခေါ်တဲ့ နှင်းဆီရေကို အလှကုန်ပစ္စည်းဆိုင်တွေ မှာ ၀ယ်ယူရရှိနိုင်ပါတယ်)

(၂) သံလွင်ဆီ။

သံလွင်ဆီနဲ့ အမာရွတ်ကို နေ့ စဉ်လိမ်းပေးကြည့်ပါနော်။ အစိုဓာတ်ထိန်းပေးနိုင်တဲ့အစွမ်းသတ္တိပါရှိတဲ့ သံလွင်ဆီအစွမ်းကြောင့် အသားအရေနူးညံ့ချောမွတ်ကာ အမာရွတ်တွေလည်း ပြေပျောက်သွား နိုင်ပြီပေါ့ရှင်။

(၃) သခွားသီး။

အသားအရေထိန်း အလှကုန်ပစ္စည်းတွေကို ဘာ့ကြောင့် သခွားသီးနဲ့ ဖော်စပ်ထုတ်လုပ်ထားရပါသလဲ၊ အဖြေကတော့ ရှင်းရှင်း လေးပါ။ သခွားရည်က အသားရေကိုနူးညံ့ချောမွေ့ အေးမြစေပြီး၊ ၀က်ခြံအမာရွတ် တွေကိုလည်း ပျောက်ကင်းသက်သာစေလို့ ပါ ဘဲ။

(၄) ရှာစောင်းလက်ပပ်။

ရှေးယခင်ကစလို့  ရှားစောင်းလက်ပပ်ပင်ရဲ့  ဂျယ်လီတွေကို အသားအရေအတွက် အိမ်တွင်းသမားတော် အဖြစ် သုံးစွဲလာခဲ့ကြ ပါတယ်။ သူက မျက်နှာအသားအရေကို ကျမ္မာသိပ်သည်းကြံ့ခိုင်စေပြီး တင်းတိပ်၊ ၀က်ခြံ နဲ့ ဝက်ခြံကြောင့်စွဲကျန်ရစ်တဲ့အမာ ရွတ်တွေကို သက်သာပျောက်ကင်းစေတယ်နော်။

(၅) ရေ။

တစ်နေ့ ကို သောက်ရေ ဖန်ခွက် ၈-ခွက်စာထက်မနဲ သောက်ဖြစ်အောင်သောက်ကြနော်။ ရေသောက်ခြင်း က ခန္ဒာကိုယ်အရေ ပြားရှိ အဆိပ်အတောက်များကို ဖယ်ရှားသန့် စင်စေပြီး၊ အရေပြားဆဲလ်အသစ်များကို မွေးဖွားပေးကာ၊ ၀က်ခြံကြောင့်ဖြစ်တဲ့ ဆဲလ်အသေတွေ။အမာရွတ်တွေကို ဖယ်ရှားသန့် စင်စေပေး တယ်လေ။

(၆) သံပုရာသီး။

ဝက်ခြံအမာရွတ်ကြောင့် ညစ်နေတဲ့ အသားအရေကို သံပုရာရည်က ပြန်လည်ဝင်းပလာစေပါတယ်။ ၀ါဂွမ်းလုံးလေးမှာ သံပုရာ ရည် လတ်လတ်ဆတ်ဆတ်နှစ်စိမ်ပြီး အမာရွတ်တွေပေါ် ကြပ်ထုပ်ထိုးပေးပါ။

(၇) နာနတ်သီး။

နာနတ်သီးထဲရှိ သဘာဝျေခသမဘငခ အက်ဆစ်အစွမ်းက ၀က်ခြံအမာရွတ်ညိုမဲမဲတွေကို ပြေပျောက် စေပြီး အသားအရေပြန်လည် တောက်ပလာစေလို့  နာနတ်သီးကို စားလည်းစားပါ။ နာနတ်သီးစိပ်ကလေးနဲ့ လည်း အမာရွတ်တွေကို ပွတ်ပေးကြပါနော်။

(၈) အက်စ်ပရင်ဆေးပြား

ဖျားနာကိုက်ခဲပျောက်ဆေး တစ်မျိုးဖြစ်တဲ့ အက်စ်ပရင်ဆေးဝါးထဲမှာပါတျဲ့ေူငခပူငခ အက်ဆစ်က ၀က်ခြံ အမာရွတ်တွေကို အလွှာ လိုက်ကွာကျစေလို့ ဆေးပြား ၂-ပြားကို အမှုန့် ကြိတ်၊ ရေနဲ့ ပျစ်ပျစ်ဖျော်ပြီး အမာရွတ်ပေါ် အစက်ချပေးပါ။ ၁၅ မိနစ်ခန့် အကြာ ရေအေးဖြင့် မျက်နှာသစ်ပေးလိုက်ရုံပါဘဲ။

(ပေါက်ပေါက်….မျှဝေသည်)

(မှီငြမ်း။ Daily Health Tips)

ကျန်းမာရေးစာတိုများစုစည်းမှု

စိတ်ကူးသစ်များ ဖန်တီးနိုင်ရန် လုပ်ရမည့် အချက် ငါးချက်


တစ်ခါတစ်ရံမှာ ဖန်တီးဆောင် ရွက်ရမယ့် ကိစ္စတွေ အတွက် စိတ်ကူး အသစ်တွေ တွေးမရ တာမျိုး၊ ကြံမရ တာမျိုး ဖြစ်နေတတ် ပါတယ်။ အဲဒီလို အခါမျိုးမှာ အောက်ပါ အချက် ငါးချက်ကို လုပ်ဆောင်ကြည့် ပါက စိတ်ကူး အသစ်များ၊ ဖန်တီးမှု အသစ်တွေကို ရရှိစေနိုင် ပါတယ်။

(၁) လမ်းသစ်က သွားပါ

အလုပ်သွားတဲ့ အခါ ခါတိုင်းသွားနေ ကျ လမ်းအတိုင်း မသွားဘဲ တခြားလမ်း တစ်ခုကနေ ပြောင်းလဲ သွားကြည့်ပါ။ ရုံးသွားနေကျလမ်း မဟုတ်တာကြောင့် သင်တွေ့ရမယ့် ပတ်ဝန်းကျင် ကလည်း မြင်နေကျ မဟုတ်တော့ တာကြောင့် စိတ် ကူးသစ်တွေ ရရှိနိုင်ပါတယ်။

(၂) ကလေးတစ်ယောက်နှင့် စကားပြောပါ

ကလေးငယ် တစ်ယောက်ရဲ့ စိတ်ကူး စိတ်သန်းတွေက လူကြီးတစ်ယောက်နဲ့ ဘယ်လိုမှ မတူညီနိုင်ပါဘူး။ ကလေးတစ် ယောက်ကို သင့်အခက်အခဲနဲ့ စိတ်ကူးနေ တဲ့ အကြောင်းအရာတွေကို ပြောပြပြီး ကလေးငယ်သာဆို ဘာလုပ်မလဲဆိုတာ မျိုး မေးကြည့်ပါ။ သင်ထင်မှတ်မထားမိ တဲ့ ရှူထောင့်ပုံစံမျိုးကို ကလေးငယ်ဆီက ရရှိနိုင်ပါတယ်။ ကလေးငယ်ဆီက သိရတဲ့ အကြောင်းအရာက သင်တကယ်လိုအပ် နေတဲ့ အခြေအနေနဲ့ လုံးဝကိုက်ညီမှုမျိုး ရမယ်လို့တော့ မျှော်လင့်မထားပါနဲ့။

(၃) ကြုံရာစာအုပ်ကို လှန်လှောကြည့်ပါ

ပုံမှန်ဖတ်နေကျ စာအုပ်၊ စာပေမျိုး တွေ မဟုတ်ဘဲ ကြုံရာ၊ နီးစပ်ရာ စာအုပ် ကို လှန်လှောကြည့်ရှု တာမျိုးက စိတ်ကူး စိတ်သန်းသစ်တွေ ပေါ်လာတတ်ပါ တယ်။ စိတ်ကူးသစ်တွေ တွေးတောလို့ မရတဲ့အခါ လမ်းလျှောက်ပြီး စာအုပ်ဆိုင် သွားကာ တွေ့ရာစာအုပ် တချို့ကို လှန် လှောကြည့်ရှုပါ။

(၄) အတိတ်က အသုံးပြုခဲ့ ဖူးသော ပစ္စည်းများကို ပြန်လည် ရှာဖွေပါ

အခန်းတွင်းမှာ အရင်က အသုံးပြုခဲ့ဖူးတဲ့ အသုံးအဆောင်တွေ၊ အမှတ်တရ သိမ်းထားတဲ့ ပစ္စည်းတွေကို ပြန်လည်ရှာ ဖွေတာ၊ အရင်ရေးသားခဲ့ဖူးတဲ့ ဒိုင်ယာရီ စာအုပ်ကို ပြန်ဖတ်တာတွေက မမျှော် လင့်ဘဲ စိတ်ကူးအသစ်တွေ ရရှိလာစေ ပါတယ်။

(၅) တွေးတောမှု များကို ရပ်လိုက်ပါ

စိတ်ကူး အသစ် ရလိုဇောနဲ့ စားလည်း ဒီစိတ်၊ သွားလည်း ဒီစိတ်၊ မအိပ်ခင် လည်း ဒီစိတ်နဲ့ပဲ အမြဲတမ်း စဉ်းစားတွေး တောနေရင် ဦးနှောက်မှာ ရှုပ်ထွေးလာ တာကြောင့် စိတ်ကူး သစ်တွေ ရရှိလာမှာ မဟုတ်ပါဘူး။ ဒါကြောင့် စဉ်းစားတွေး ခေါ်မှုတွေကို ရပ်လိုက်ပါ။ သင်တွေးတော နေတာနဲ့ မဆိုင်တာ တွေကို လုပ်ဆောင် နေရင်းက ရုတ်တရက် အတွေး သစ်တွေ ပေါ်လာပြီး ဖန်တီးမှု အသစ်တွေ ကို လုပ် ဆောင်နိုင် ပါလိမ့်မယ်။

ဇာခြည်ဝင်း(ဆေးဝါးတက္ကသိုလ်)
Good Healths

အိန္ဒိယ မုဒိမ်းမှု ပြစ်ဒဏ် စီရင်


အိန္ဒိယ နိုင်ငံ ဒေလီမြို့မှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ တုန်းက ကျောင်းသူ တဦးကို ဝိုင်းပြီး အကြမ်းဖက် မုဒိမ်း ပြုကျင့် ခဲ့ကြသူတွေ ထဲက အဲဒီတုန်းက ၁၇ နှစ် အရွယ်ပဲ ရှိသေးတဲ့ ဆယ်ကျော်သက် တရားခံ တဦးကို လူငယ် ပြုပြင် ထိန်းသိန်းရေး စခန်းမှာ သုံးနှစ် ထားဖို့ ပြစ်ဒဏ် ချမှတ် လိုက်တဲ့ အပေါ် မကျေနပ် နိုင်ဘူး ဆိုပြီး ကျောင်းသူ ရဲ့ မိသားစုတွေက ပြောကြား လိုက်ပါ တယ်။

အိန္ဒိယ တည်ဆဲ ဥပေဒအရ ငယ်ရွယ်သူ တဦးကို အမြင့်ဆုံး အနေနဲ့ အခုလို သာ အပြစ် ပေးနိုင်တာ ဖြစ်ပါတယ်။

ကောင်မလေးရဲ့ အကို ဖြစ်သူက လည်း ဒါဟာ အရမ်းကို သက်ညှာ လွန်းတယ်လို့ ပြောပြီး မိသားစု အနေနဲ့ နောက်တဆင့် တရားရုံးမှာ အယူခံ ဝင်မယ်လို့ ဆိုပါတယ်။

ဒီအမှုနဲ့ ဆက်စပ်ပြီး၊ တခြား အမျိုးသား ၄ ဦးကိုတော့ သီးခြားစီ ကြားနား စစ်ဆေး နေပြီး မကြာခင် သီတင်းပတ် တွေ အတွင်း စီရင်ချက် ချမှတ် မယ်လို့ မျှော်လင့်ရ ပါတယ်။

BBC burmese

ရခိုင်ပြည်နယ်ရှိ တိုက်နယ်ဆေးရုံများအတွက် ဆရာဝန်များ ရက်ပိုင်းအတွင်း စေလွှတ်မည်

နှစ်ပေါင်းများစွာ ကြာမြင့်သည့်တိုင် ဆရာဝန်မရှိ ဖြစ်နေသည့် ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် လေးတောင်နှင့် စကု တိုက်နယ်ဆေးရုံတို့အတွက် အမြဲတမ်းဆရာဝန်များကို ခန့်အပ်ထားပြီးဖြစ်ပြီး ယင်းဆရာဝန်များ မရောက်မီ ယာယီတာဝန်ယူမည့် ဆရာဝန်များကို ရက်ပိုင်းအတွင်း စေလွှတ်သွားမည် ဖြစ်ကြောင်း ရခိုင်ပြည်နယ် ကျန်းမာရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဒေါက်တာအေးငြိမ်း က ပြောကြားသည်။

စကုတိုက်နယ် ဆေးရုံအတွက် ခန့်အပ်ထားသည့် ဆရာဝန်မှာ မိုးကုတ်မှတစ်ဆင့် လာရမည် ဖြစ်သဖြင့် ကြန့်ကြာနေခြင်း ဖြစ်ကြောင်း၊ လေးတောင် တိုက်နယ်ဆေးရုံတွင်လည်း ဆရာဝန် ခန့်အပ်ထားပြီးဖြစ်ရာ ယင်းဆရာဝန် မရောက်မီ ယာယီတာဝန်ယူမည့် စစ်တွေမြို့မှ လက်ထောက်ဆရာဝန် တစ်ဦးကို စေလွှတ်ရန် ညွန်ကြားထားပြီး ဖြစ်ကြောင်း ၎င်းကဆိုသည်။

စက်တင်ဘာလမကုန်မီ အဆိုပါ တိုက်နယ်ဆေးရုံများတွင် အမြဲတမ်းဆရာဝန်များ ရောက်ရှိမည် ဖြစ်ကြောင်း ဒေါက်တာအေးငြိမ်းက ရှင်းပြသည်။

ရမ်းဗြဲမြို့နှင့် ၁၆ မိုင်ခန့် ဝေးကွာသည့် လေးတောင် တိုက်နယ်ဆေးရုံတွင် ၂၀၁၂ ခုနှစ် ဒီဇင်ဘာလမှစတင်ကာ ဆရာဝန် မရှိခြင်းဖြစ်ပြီး ရမ်းဗြဲမြို့နှင့် မိုင် ၂၀ ကျော်ခန့် ဝေးကွာသည့် စကုတိုက်နယ်ဆေးရုံတွင် ၂၀၁၁ ခုနှစ် စက်တင်ဘာလမှ စတင်ကာ ဆရာဝန်မရှိခြင်း ဖြစ်ကြောင်း ဒေသခံများထံ ဆက်သွယ် မေးမြန်းချက်များအရ သိရှိရသည်။

ဆရာဝန် မရှိသဖြင့် ဒေသခံများအတွက် အခက်အခဲ ဖြစ်ပေါ်နေ၍ ဆရာဝန်များ အမြန်ဆုံး ချထားပေးရန် သြဂုတ်လ ၃၀ ရက်နေ့တွင် ရမ်းဗြဲမြို့နယ် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ၏ အတွင်းရေးမှူး ဦးထွန်းထွန်းဦးက တစ်ကိုယ်တော် လမ်းလျှောက်ဆန္ဒပြခဲ့သည်။

ဆန္ဒဖော်ထုတ်ရာတွင် အဆိုပါ တိုက်နယ်ဆေးရုံများတွင် ဆရာဝန်များ အမြန်ဆုံးချပေးရန် စာသားပါသည့် ဆိုင်းဘုတ်ကို ကိုင်ဆောင်ကာ ဇရပ်ပြင်ကျေးရွာမှ ရမ်းဗြဲမြို့သို့ ၁၆ မိုင်ခရီး တစ်ကိုယ်တော် တရားဝင် ခွင့်ပြုချက်ဖြင့် ဆန္ဒဖော်ထုတ်ခဲ့ကြောင်း ဦးထွန်းထွန်းဦးက ဆိုသည်။

ရမ်းဗြဲမြို့နယ်တွင် တိုက်နယ်ဆေးရုံ သုံးခုရှိပြီး ကျောက်နီမော်ဆေးရုံတွင် ဆရာဝန် ရှိကြောင်း ဒေသခံများထံမှ သိရှိရသည်။

The Voice

ဖလမ်းတွင် မြေဆက်တိုက် ပြိုမှု ရွာလုံးကျွတ် ပြောင်းရွှေ့

ချင်းပြည်နယ် မြောက်ပိုင်း ဖလမ်းမြို့နယ် ဇာလိုင်ကျေးရွာတွင် သြဂုတ်လ ၂၃ ရက်နေ့မှ စတင်ကာ ဖြစ်ပေါ်ခဲ့သည့် ဆက်တိုက် မြေပြိုမှုများကြောင့် အဆိုပါကျေးရွာရှိ အိမ်ခြေ ၈၂ လုံးကို ကျေးရွာ လုံးကျွတ် ပြောင်းရွှေ့ နေထိုင်နိုင်ရန် စက်တင်ဘာလ ၅ ရက်နေ့ နောက်ဆုံးထား ကူညီမည် ဖြစ်ကြောင်း ချင်းပြည်နယ် လူမှုရေး ဝန်ကြီး ဒေါက်တာဘမောင်က ပြောကြားသည်။

လက်ရှိ အက်ကြောင်းများ ဖြစ်ပေါ်နေပြီး မြေဆက်လက် ပြိုမည့် အနေအထားများ ဖြစ်ပေါ်နေခြင်းကြောင့် ယင်းကဲ့သို့ ကျေးရွာ ကို ပြောင်းရွှေ့ရန် စီစဉ်ရခြင်း ဖြစ်ပြီး ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာ ချထားရေး ဦးစီးဌာန၊ ကြက်ခြေနီ စသော အဖွဲ့အစည်းများက လိုအပ်သော အကူအညီများ ပေးနိုင်ရန် ပြင်ဆင်နေကြောင်း ၎င်းက ထပ်မံ ပြောကြား သည်။

ယင်းကျေးရွာကို ဖလမ်းမြို့ အနီးရှိ ရေနှင့် လျှပ်စစ်မီး အဆင်ပြေသော လုံပီးကျေးရွာအနီး မြေပြန့်တွင် အကွက်ချထားပေးရန် ပြည်နယ်အစိုးရ တာဝန်ရှိသူများက စီစဉ်နေကြောင်း ဒေါက်တာဘမောင်က ပြောကြားသည်။

ဇာလိုင်ကျေးရွာတွင် သြဂုတ်လ ၂၃ ရက်နေ့မှ စတင်ကာ မြေပြိုမှု ဖြစ်ပွား ခဲ့ခြင်းကြောင့် အဆိုပါ ကျေးရွာရှိ အိမ်ခြေ ၈၂ လုံး ရွာလုံးကျွတ် ပြောင်းရွှေ့ နေထိုင်နေကြရကြောင်း အဆိုပါကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမန်းလျန်ဟရဲက The Voice သို့ ပြောကြားသည်။

“ဖြစ်ချိန်က ဆယ်မိနစ်လောက်ပဲ ကြာတယ်။ အိမ်သုံးလုံး မြေထဲ မြုပ်သွားပြီး သုံးလုံး ပျက်စီးသွား တယ်။ နောက်ရက်တွေမှာ ရွာထဲ အက်ကြောင်းတွေ ပေါ်လာလို့ အခု ဘယ်သူမှ မနေရဲတော့ဘဲ အနီးနားက ကျေးရွာတွေမှာ ပြောင်းရွှေ့ နေထိုင်ကြရတယ်” ဟု ၎င်းက ဆိုသည်။

ယင်းနေ့ မွန်းလွဲ ၃ နာရီ မိနစ် ၃၀ ခန့်က ကျေးရွာဘေးရှိ တိုင်နောက်လို ဗားချောင်း (ဦးတိုင်နောက်၏ တောင်ယာချောင်း) ထိပ်မှ တစ်ဆင့် သစ်ပင်နှင့် မြေများ ပြိုကျလာပြီး နေအိမ်များအပေါ် ကျရောက်ကာ ပျက်စီး ခဲ့ခြင်း ဖြစ်ကြောင်း၊ လူအသေအပျောက် မရှိကြောင်း အဆိုပါကျေးရွာ ဒေသခံများက ပြောကြားသည်။

မြေပြိုမှု ဖြစ်ပွားပြီး နောက်ရက်တွင် ပြည်နယ် ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ လာရောက် ကြည့်ရှုကာ ထောက်ပံ့မှုများ ပေးသွားကြောင်း၊ NGO အဖွဲ့များကလည်း လာရောက် ကူညီကြောင်း ဦးမန်းလျန်ဟရဲက ထပ်မံ ပြောကြားသည်။

“နှစ်ရက် တစ်ခါလောက် အိမ်ကို ပြန်လာပြီး ကြည့်တယ်။ အိမ်နဲ့ မွေးထားတဲ့ တိရစ္ဆာန်တွေလည်း ရှိသေးတော့ စိတ်မချဘူး။ အခုလို မြေ အကြီးအကျယ် ပြိုတာ ဒါရောဆို နှစ်ခါပဲ ကြုံဖူးတယ်။ လွန်ခဲ့တဲ့ နှစ် ၆၀ လောက်က တစ်ခါ ဖြစ်ဖူးတယ်။ အခုလို ကြုံရတာ အရမ်း ဝမ်းနည်းတာပဲ” ဟု အဆိုပါကျေးရွာတွင် မွေးဖွားခဲ့သူ အသက် ၇၅ နှစ် အရွယ်ရှိ ဦးရမ်ဆွမ်းက ဆိုသည်။

ယင်းကဲ့သို့ မြေပြိုကျမှုများ မဖြစ်ပေါ်ခင် မိုးဆက်တိုက် ရွာသွန်းခဲ့ကာ မိုးတိတ်ပြီး နှစ်ရက် အကြာတွင် မြေပြိုမှု ထပ်မံ ဖြစ်ပေါ်ခဲ့ကြောင်း၊ မြေပြိုချိန် တွင် မိုးရွာသွန်းမှု မရှိကြောင်း၊ မြေပြိုကျမည့်နေ့ နံနက်တွင် ချောင်းရေ မှာ နောက်ကျိလာပြီး အနီးနားရှိ အိမ်နှင့် သစ်ပင်များတွင် တုန်ခါမှုများ ခံစား ခဲ့ရကြောင်း အဆိုပါကျေးရွာ ဒေသခံများထံမှ သိရသည်။

ယခုလက်ရှိတွင် ကျေးရွာ ဒေသခံများ အနေဖြင့် ဖလမ်းမြို့နှင့် လိုင်ဇိုး၊ အယ်လ်မွန်ပီးနှင့် လုံပီးကျေးရွာ တို့သို့ ပြောင်းရွှေ့ နေထိုင်နေကြရကြောင်း ယင်းကျေးရွာ အုပ်ချုပ်ရေးမှူးက ထပ်မံ ပြောကြားသည်။

“အခုပစ္စည်းတွေ လာသယ်တာပါ။ အနီးက လိုင်ဇိုးရွာမှာ ပြောင်းနေ ရတယ်။ ပြောင်းဖူးခင်းကလည်း အနှံတွေ ထွက်ခါစဆိုတော့ အဝေးကို ပြောင်းမသွားနိုင်သေးဘူး” ဟု အသက် ၃၈ နှစ်အရွယ်ခန့်ရှိ ဇာလိုင်ကျေးရွာသူ ဒေါ်သော့မဲန်ပါးရ်က ဆိုသည်။

ယင်းကျေးရွာမှာ သက်တမ်း နှစ် ၁၃၀ ခန့်ရှိပြီ ဖြစ်ကြောင်း၊ အိမ်ခြေ ၈၂ လုံး၊ အိမ်ထောင်စု ၇၆ စု၊ လူဦးရေ ၃၄၉ ဦးရှိကြောင်း ကျေးရွာ အုပ်ချုပ်ရေးမှူးရုံး မှတ်တမ်းများအရ သိရသည်။

“ချင်းတောင်မှာ လူဦးရေ ၃၀၀ ကျော်ရှိတဲ့ ရွာဆိုတာ ရွာကြီး တစ်ရွာပါပဲ။ ကျွန်တော်တို့ ရွာဘက်ကနေ ကြည့်ပြီးတော့တောင် တုန်လှုပ်မိတယ်။ သူတို့ဆို ဘယ်လောက် ချောက်ချားလိမ့်မလဲ။ မြေတွေက တဝေါဝေါနဲ့ ပြိုဆင်းလာတာ။ ကျွန်တော်တို့ ရွာမှာလည်း အက်ကြောင်းတော့ မဖြစ်သေးပေမယ့် ရွာသားတွေက စိုးရိမ်စိတ်တော့ ရှိနေကြတယ်” ဟု ယင်းကျေးရွာနှင့် ချောင်း တစ်ဖက်ကမ်းတွင် တည်ရှိသော လိုင်ဇိုး ကျေးရွာသား တစ်ဦးက ဆိုသည်။

မြတ် (ကလေး)

ခါးပိုက်နှိုက်ဖမ်းဆီးရမိ


၃၁.၈.၂၀၁၃ ရက်နေ့ ၀၉၄၅အချိန် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ အကူတပ်ဖွဲ့ခွဲ၊ လုံခြုံရေးတပ်ခွဲ(၂)မှ တပ်ဖွဲ့ဝင်များသည် ခါးပိုက်နှိုက်ဖမ်းဆီးရေးအတွက် လှည်းကူးမြို့နယ်၊မြို့မဈေးရှေ့မှတ်တိုင်၌ သတင်းစုံးစမ်းနေစဉ် ပဲခူး-ရန်ကုန် ခရီးသည်တင် ဟိုင်းလတ်ယာဉ်ပေါ်မှ
ဆင်းလာသော ခါးပိုက်နှိုက်ပြစ်ချက် ဟောင်းရှိသူ စိုးတင့်(ခ)ဖိုးသံ၊ (ဘ)ဦးခင်စိန်၊ (၂၀)ရပ်ကွက်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်နေသူအား
တွေ့ရှိသဖြင့် ရှာဖွေစစ်ဆေးရာ ၎င်း၏ကျောပိုးအိတ်အတွင်းမှ
ငွေကျပ်(၇၀၀၀)အားတွေ့ရှိရပြီး အဆိုပါငွေများအား လှည်းကူးတာဆုံ၌
ဆင်းသွားသော အသက်(၄၀)နှစ်ခန့်ရှိ အမျိုးသားတစ်ဦး၏ အင်္ကျီအိတ်ကပ်အတွင်းမှ နှိုက်ယူခဲ့သောငွေများဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် လှည်းကူးမြို့ မရဲစခန်း(ပ)၃၂၈/၂၀၁၃၊
ပုဒ်မ ၃၇၉(နှိုက်)/၅၄ ဖြင့် အရေးယူထားရှိကြောင်း သတင်းရရှိပါသည်။

အင်ဒိုသာသနာရေးဝန်ကြီး မယ်ကမ္ဘာရွေးပွဲကို ဖျက်ခိုင်း


စက် တင်ဘာ၈ရက်တွင် မယ်ကမ္ဘာပြိုင် ပွဲ ဘာလီကျွန်း၌စတင်မကျင်းပမီ သီတင်းပတ်တစ်ပတ်အလို မူဆလင် အများစုရှိသော အင်ဒိုနီးရှားတွင် ဆန့်ကျင်မှုများ မြင့်မားလာသည်။ ၎င်းမယ်ကမ္ဘာအလှမယ် ရွေးချယ် ပွဲအား ဖျက်သိမ်းရန် အင်ဒိုနီးရှား သာသနာရေးဝန်ကြီးက တောင်း ဆိုလိုက်သည်။
ဘီကီနီရေကူးဝတ်စုံဝတ် ပြိုင်ခြင်းကို ပယ်ဖျက်ရန်ပွဲစီစဉ် သူများက သဘောတူခဲ့သော် လည်း ပွဲအားဖျက်သိမ်းရန် နိုင်ငံ ၏ ထိပ်တန်းအစ္စလာမ္မစ်ဘာသာ ရေးခေါင်းဆောင် အဖွဲ့အစည်း ကတောင်းဆိုခဲ့သည်။ စီစဉ်သူ များအနေဖြင့် ယင်းဘာသာရေး အဖွဲ့အစည်း အကြံပြုချက်ကို လိုက်နာသင့်သည်ဟု သာသနာ ရေးဝန်ကြီး ဆူရီယာဒါမအလီက ပြောသည်။
''မယ်ကမ္ဘာပြိုင်ပွဲကို အခိုင် အမာဆန့်ကျင်ကြောင်း The Indonesian Ulema Council က ထုတ်ဖော် ပြောကြားထားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒါဟာ အစ္စ လာမ္မစ်ရဲ့ အဆုံးအမတွေနဲ့ကိုက် ညီမှုမရှိလို့ပါ။ မူဆလင်အမျိုးသမီး တွေဟာ လျှပ်ပေါ်လော်လီတဲ့ကိုယ် ခန္ဓာအစိတ်အပိုင်းတွေကို ဖုံးအုပ် ထားရမယ်လို့ အစ္စလာမ်သာသနာ ကဆုံးမထားပါတယ်''ဟု ဩဂုတ်၂၉ ရက်နောက်ပိုင်းက ကြေညာချက် တစ်ခုတွင် ဝန်ကြီးက ပြောကြား ခဲ့သည်။
ဝန်ကြီးသည် ပြိုင်ပွဲကို လူ သိရှင်ကြားဆန့်ကျင်သည့် ပထမ ဆုံးအစိုးရအရာရှိဖြစ်ရာ ဗြိတိန် အခြေစိုက် ပွဲစီစဉ်သူများအတွက် ထိုးနှက်ချက် အသစ်တစ်ခုဖြစ် သွားခဲ့သည်။ အမျိုးသမီးများ၏ ကိုယ်ခန္ဓာကို ထုတ်ဖော်ပြသသော ယင်းပြိုင်ပွဲကို ဆန့်ကျင်ကြောင်း ထိုနေ့မှာပင် ဝန်ကြီးအရင် အမျိုး သားလူ့အခွင့်အရေးကော်မရှင် ၏ အကြီးအကဲက ပြောကြားခဲ့ သေးသည်။
ပြည်တွင်းမှ ပွဲစီစဉ်သူများ ကမူ ဝန်ကြီး၏ပြောကြားချက် ကြောင့် တုန်လှုပ်မှုမရှိခဲ့ပေ။ ပွဲ မှာ ၎င်း၏ ပိုင်နက်နယ်ပယ်ထဲ တွင်မရှိသဖြင့် ပွဲကို ဆက်လက် ကျင်းပသွားရမည်ဟု ဆိုသည်။
''ဒါဟာ အစ္စလာမ္မစ်နိုင်ငံ တစ်ခုမဟုတ်ပါဘူး။ ဒီပြိုင်ပွဲကလဲ ယဉ်ကျေးမှုပွဲပါ။ ဘာသာရေးပွဲ မဟုတ်ပါဘူး''ဟု ပြည်တွင်းမှစီ စဉ်သူ ရုပ်သံ RTC ၏ ပေါင်းစည်း အတွင်းရေးမှူး အက်ဂျီအက်စ် ဆိုရက်မက်ဂျီက အေအက်ဖ်ပီသို့ ပြောကြားခဲ့သည်။
ထို့အပြင် တခြားဝန်ကြီး အများအပြားက မယ်ကမ္ဘာရွေး ပွဲကိုထောက်ခံမည်ဟု ပြောကြား ခဲ့သေးသည်။

ရန်ကုန်တိုင်းနေ့စဉ်သတင်းစာ

ဘောင်းဘီထဲ ငါးခိုးဝှက် မှောင်ခိုသွင်းသူ ဖမ်းမိ


ဗီ ယက်နမ်လူမျိုး အမျိုးသားတစ်ဦး သည် အပူပိုင်းဒေသ ငါးတစ်မျိုး အား နယူးဇီလန်နိုင်ငံထဲသို့ ခိုး သွင်းရန်ကြိုးပမ်းခဲ့ရာ ၎င်း၏အ တွင်းခံဘောင်းဘီထဲ၌ ဝှက်လျက် ဒယီးဒယိုင်ဖြင့် အကောက်ခွန်ဌာန ကိုဖြတ်ရန်ကြိုးစားစဉ် ၎င်းအိတ် များမှ ရေစက်များကျနေကြောင်း သက်ဆိုင်ရာက သောကြာနေ့ တွင် ပြောကြားခဲ့သည်။
အဆိုပါပုဂ္ဂိုလ်မှာ ယခုအ ပတ်အတွင်း ဩစတြေးလျမှ အောက်ကလန်လေဆိပ်သို့ ဆိုက် ရောက်လာခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်း၏ ဘောင်းဘီအိတ်များမှာ ဖောင်းကားနေပြီး ရေများစိမ့်ထွက် နေခဲ့ရာ သက်ဆိုင်ရာမှ မသင်္ကာ ၍စစ်ဆေးတွေ့ရှိခဲ့ကြောင်း အ ခြေခံစက်မှုလုပ်ငန်းဝန်ကြီးဌာန (MPI) က ပြောကြားခဲ့သည်။
ပထမ၌ အဆိုပါပုဂ္ဂိုလ်က ၎င်းမှာရေငတ်တတ်၍ လေယာဉ် ပေါ်မှ ရေများသယ်လာခြင်းဖြစ် ကြောင်းပြောခဲ့သော်လည်း နောက် ပိုင်းအိတ်ကိုဖွင့်လိုက်ရာ ငါးများ ကို တွေ့ခဲ့ရကြောင်း MPI က ဆိုသည်။

အဆိုပါပုဂ္ဂိုလ်တွင် ငါးခုနစ် ကောင်ပါရှိပြီး အမည်မသိရသည့် ငါးမျိုးများဖြစ်ကြောင်း၊ သူအိတ် ထဲတွင် ပလတ်စတစ်အိတ်များ ဖြင့် ထည့်သွင်းထားခဲ့ကြောင်း ၎င်းက နယူးဇီလန်ရှိသူငယ်ချင်း တစ်ဦးအတွက် ယူလာခဲ့သည်ဟု ပြောခဲ့သည်ဟု ဆိုသည်။

MPI ပြောရေးဆိုခွင့်ရှိသူ ခရစ်ဟတ်ဂီစ်က ပြောကြားရာ တွင် အဆိုပါပုဂ္ဂိုလ်မှာ ဇီဝလုံခြုံ ရေးဥပဒေ Biosecurity Act ဖြင့် အရေးယူခံရမည်ဖြစ်ကြောင်း အ ဆိုပါဥပဒေအရ အများဆုံးပြစ် ဒဏ် ထောင်ငါးနှစ် သို့မဟုတ် နယူးဇီလန်ဒေါ်လာ ၁၀၀၀၀၀ (အမေရိကန်ဒေါ်လာ ၇၈၀၀၀) ဒဏ်ဆောင်ရမည်ဟုဆိုသည်။

 ရန်ကုန်တိုင်းနေ့စဉ်သတင်းစာ

ဆီး က ပြောပြသော သင့်ကျန်းမာရေးအကြောင်း


ကျောက်ကပ်ဆိုသည်မှာ ခန္ဓာကိုယ်အတွက် မရှိမဖြစ်ကလီစာတစ်ခုဖြစ်ပြီး၊ အဓိကအားဖြင့်သွေးကိုဆေးကြောသန့် စင်ပေးသော လုပ် ငန်းအား လုပ်ဆောင်ခြင်းဖြင့်ခန္ဓာကိုယ်အတွင်းရှိ ရေ နှင့် သတ္တုဓာတ်ပမာဏတို့ ကို ထိန်းညှိပေးကာ၊ ပိုလျှံထွက်ရှိလာသော အရည်များ အား ဆီးအိမ်၊ ဆီးပို့ ပြွန်မှ တဆင့် ဆီးအဖြစ်ထွက်ရှိလာခြင်းဖြစ်ပါသည်။ အရွယ်ရောက်သူ တစ်ဦး၏ နေ့ စဉ်ရေသောက်နှုန်းသည် ပျမ်းမျှ ၁-လီတာမျှ သောက်သုံး သင့်ပြီး၊ ဆီးသွားမှု ပမာဏသည် အနဲဆုံး လီတာဝက်ခန့် မှ ၁-
လီတာ ထိစွန့် ပစ်ရပါမည်။ ချွေးထွက်များ သောနေ့ တွင်ရေပို မို သောက်ပေးသင့်သည်။

အမျိုးသား၊အမျိုးသမီး၊ကလေး၊လူကြီးအားလုံး၏ ပုံမှန်ဆီးအရောင်သည် ၀ါဖျော့ဖျော့(သို့ ) အ၀ါရောင်ဖြစ်သည်။

(၁)ရေ သောက်နည်း ခြင်း
(၂)အစားအစာ
(၃)သောက်သုံးသောဆေးဝါးတို့ ကြောင့်လည်း ဆီးအရောင် ယာယီပြောင်းလဲတတ်သည်။

ထိုအကြောင်း(၃)ရပ် ကြောင့် ဆီးအရောင် ၂၄နာရီခန့် ကြာပြောင်းလဲခြင်း သည်ပြသနာမရှိလှသော်လည်း၊ ကျန်းမာရေးတစ်စုံတစ်ရာချို့ ယွင်းမှုကြောင့် *ဆီးအ *ရောင်သိသိသာသာပြောင်းလဲတတ်ပေရာ၊ မိမိကျန်းမာရေးအခြေအနေကို အောက်ပါအကြောင်းအရာတို
ြ့ဖင့် သုံးသပ်နိုင်ပါသည်။

(၁) ကျန်းမာရေးကောင်းသူ၏ဆီးအရောင်သည် အနယ်အနှစ်မပါဘဲ
ကြည်လင်သောဝါဖျော့ဖျော့ဖြစ်ပြီး၊ ရေသောက်များလေ ဆီးအရောင် ဖျော့လေဖြစ်သည်။

(၂)ဆီးထဲတွင် သွေးပါခြင်းသည် သွေးမတိတ်ရောဂါ၊ ကျောက်ကပ်ကျောက်တည်ခြင်း နှင့်ဆီးအိမ်ကင်ဆာတို့ ဖြင့် ဆက်စပ်နေသည်။ အထူးသဖြင့် အသက် ၄၀ ကျော်အမျိုးသားများတွက် ဆီးအိမ်ကင်ဖြစ်နိုင်ချေအလားအ လာများ၍ သတိပြုပါ။

(၃) အချို့ဝမ်းနှုတ်ဆေးများ နှင့် အကြောပြေဆေးများတွင် cascara (သို့ ) sennaဓာတ်ပါရှိသဖြင့် ဆီးသွားသည့်အခါ အညိုရင့်ရင့် (သို့ ) လ္ဘက်ရည် ကြမ်းရောင်ပြောင်းနေတတ်သည်။ အသည်းပျက်စီးခြင်း၊ အသည်းရောင်ရော ဂါ၊ ကျောက်ကပ်အတွင်းသွေးခဲ၍ပျက်စီးခြင်းတို့  ကလည်း ဆီးအရောင်ကို အညိုရင့်ရောင်ပြောင်းစေတတ်သလို၊ကိုကာကိုလာ အရောင်ဆီးပျစ်ပျစ် သွားပါက ဆီးအိမ် နှင့် ကျောက်ကပ်တို့  တွင်ပြင်းထန်သောရော ဂါရနေပါပြီ။ နီးစပ်ရာ ဆရာဝန်ဖြင့် အမြန်ဆုံးဆွေးနွေးတိုင်ပင်ပါ။

(၄) ဆီးလမ်းကြောင်း ပိုးဝင်ခြင်းကြောင့်၊ သွေးဖြူ/နီဥ ဆဲလ်များထဲတွင်
ဘက်တီးရီးယားများတိုးပွားလာကြကာ ဆီးအရောင်သည် နို့ ကဲ့ သို့ 
ဖြူသွားတတ်သည်။ ကျောက်ကပ်ကျောက်တည်းခြင်းကလည်း
ဆီးကိုဖြူစေသည်။

(၅) အနီရောင် (သို့ ) ပန်းရောင်ဆီးသွားခြင်းကို ဆီးထဲတွင်သွေးပါသည်ဟု
ထင်မှတ်မှားလေ့ရှိကြသည်။ အနီရောင်သကြားမုန်လာ နှင့်
ဘယ်ရီသီးအနီရောင်များစားခြင်းဖြင့် ဆီးနီစေသလို၊ anti-psychotics ဓာတ်ပါရှိသောဆေးဝါးအချို့ သောက်သုံးခြင်းက လည်း ဆီးနီစေ ၏။ အကယ်၍ သင့်ခနာကိုယ်ထဲတွင်ခဲဆိပ်တက်လျှင် ဆီးနီရဲစေ သဖြင့် အထူးဂရုစိုက်ပါ။

(၆) ဘီယာသောက်ခြင်းနှင့်ကယ်ရိုတင်းဓာတ်ပါသော မုန်လာဥနီအမြောက် အများစားသုံးခြင်းဖြင့် ဆီးလိမ္မော်ရောင်သွားစေသည်။ ဗီတာ မင်စီအလွန်အကျွံ သောက်သုံးခြင်း၊ ခီမိုဆေးသွင်းကုသခြင်း နှင့်
ပိုးသတ်ဆေးအချို့ ကလည်း ဆီးကိုလိမ္မော်ရောင် ဖြစ်စေတတ်သည်။
သင့်ဆီးသည်လိမ္မော်ရောင်ဖြစ်ပြီး၊ ၀မ်းအဖြူရောင်သွားနေပါက အသည်းရောင်အသားဝါလက္ခဏာ ဖြစ်သည်။ လိုအပ်သောပမဏထက် ဗီတာမင်စီ မှီဝဲခြင်းကကျောက်ကပ်ကိုပျက်စီးစေသည်။

(၇) အကယ်၍ သင်သည် ဗီတာမင်ဘီဓာတ်ကြွယ်ဝသော အားဖြည့်ဆေးသောက်သုံးနေသူဖြစ်ပါက၊
နီအွန်အ၀ါရောင် ဆီးသွားခြင်း အ တွက် စိုးရိမ်ဖွယ်မရှိပါ။

(၈) ထုံဆေး/မေ့ဆေး အချို့ က အစိမ်းရောင်ဆီးသွားစေသလို၊ ကညွတ်အမြောက်အများ
စားသုံးခြင်းဖြင့်လည်း ဆီးအရောင်ကို စိမ်းဖန့်  ဖန့် ဖြစ်၍ ဆီးရနံ
့ဆိုးဝါးစေသည်။

(၉) အော်ဂလီဆန်ပျို့ အန် ပျောက်ဆေးအချို့ သည် ဆီးအပြာရောင် သွားစေတတ်သဖြင့်
စိုးရိမ်ဖွယ်မရှိပါ။

(၁၀) ဦးနှောက်နှင့် အာရုံကြောဂါ ရှိသူ၏ ဆီးသည် မာပယ်လ်ပန်းရနံ
ထွက်လေ့ရှိပြီး၊ ဆီးချိုရောဂါဝေဒနာသည်၏ ဆီးသည် အချို့ နံ့ ထွက်သဖြင့်
မိမိကိုယ်ကို စမ်းစစ်ပါ။

(၁၁) ဆီးအနည်ပါသူ နှင့် ဆီးကျောက်တည်သူများသည် တနေ့ လျှင် ရေ ၃-လီတာမျှသောက်သင့်ပြီး၊ ကွမ်းမစားသင့်ပေ။

ကျောက်ကပ်ပျက်စီးစေသော အဆိုးရွားဆုံးအစား အစာများမှာ ပူစပ်သော အစားအစာများ၊ရေခဲရေ၊ အနီရောင်အသား၊ ဆား၊ ငရုပ် ကောင်း၊ ထညင်း သီး၊ ပြုပြင်ပြောင်းလဲထားသောအရန် သင့် သစ်သီးဖျော် ရည်၊ ပြုပြင်ပြောင်း လဲထားသော ဓာတုအချိုသွားရည်စာအမျိုးမျိုး နှင့် အချိုမှုန့် ၊ ဆို ဒါ နှင့် အဖျော်ယမကာများ၊ အထူး သဖြင့်တရုပ်ပြည်ထုတ် နို့ ထွက်ပစ္စည်း အမျိုးမျိုး၊ ကဖိန်းဓာတ်လွန်ကဲ သော ကော်ဖီ၊လ္ဘက်ရည်တို့ ဖြစ်သည်။အနီရောင်ငရုပ်ပွ၊ ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီ၊ ကြက်သွန်ဖြူ၊ကြက်သွန်နီ၊ ပန်းသီး၊ ကျောက်ဖရုံ သီး၊ ဖရဲသီး၊ စတော်ဘယ်ရီ အပါအ၀င် ဘယ်ရီသီးအမျိုးမျိုး၊ ချယ်ရီး သီး၊ အနီရောင်စပျစ်သီး၊ ကြက်ဥအဖြူရောင်၊ အိုမီဂါ ၃ဖက်ဆီးအက် ဆစ်ကြွယ် ၀သော ငါး၊ သံလွင်ဆီ၊ မြင်းခွာရွက် တို့ သည် ကျောက်ကပ်ကျန်း မာရေးအတွက် အကောင်းဆုံးအစားအစာများဖြစ်သည်။ ထို့ ပြင် ဆီသွားသည့်အခါဆီးကုန်သည်အထိ စိတ်ရှည်ရှည်စွန့် ထုတ်ရန်လိုအပ်ပြီး၊ ဆီးကျန်ခြင်းကြောင့်မလိုလားအပ်သောနောက်ဆက်တွဲ ရောဂါ များ မဖြစ်စေရန် ကြက်သွန်ဖြူပြုတ်ရည်ကို ဆေးမြီးတိုအဖြစ်သောက်
သုံးနိုင်ပါကြောင်း။* *

*ဘာသာပြန်သူ (ပေါက်ပေါက်)*

*မှီငြိမ်း (the urology department at the University of Kansas)*
ကျန်းမာရေးစာတိုများစုစည်းမှု

Myanmar Newsweek ဂျာနယ်တွင် ဖော်ပြခဲ့သည့် အကြမ်းဖက်သမား သုံးဦးကို မြိတ်ကျွန်းစု၌ ဖမ်းဆီးရမိဟူသော သတင်းဓာတ်ပုံတွင် ဖော်ပြခံခဲ့ရသည့် ကာယကံရှင်က နိုင်ငံတော်သမ္မတရုံး အပါအ၀င် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) သို့ တိုင်ကြားထား

သြဂုတ် ၂၇ ရက်က ဖြန့်ချိခဲ့သော Myanmar Newsweek ဂျာနယ်၏ အထူးအချပ်ပို (ဏ) ပြည်တွင်းသတင်း ကဏ္ဍတွင် ဖော်ပြခဲ့သည့် "အကြမ်းဖက်ဖောက်ခွဲရေးသမား သုံးဦးကို မြိတ်ကျွန်းစု၌ ဖမ်းဆီးရမိ" ဆိုသော ခေါင်းစဉ်နှင့်အတူ သတင်းဓာတ်ပုံတွင် အကြမ်းဖက်သမား သုံးဦးနှင့်အတူ ပူးတွဲဖော်ပြခြင်းခံခဲ့ရသည့် ကာယကံရှင်က နိုင်ငံတော်သမ္မတရုံး အပါအ၀င် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)သို့ တိုင်ကြားထားကြောင်း ကာယကံရှင်ဖြစ်သူ ကိုသီဟန်က The Daily Eleven သို့ သြဂုတ် ၃၁ ရက်က ပြောကြားသည်။

"ကျွန်တော့်ပုံကို အကြမ်းဖက်သမားဆိုပြီး ဂျာနယ်မှာ ဖော်ပြခဲ့တဲ့အတွက် သမ္မတရုံး အပါအ၀င် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)ကို တိုင်ကြားထားပါတယ်" ဟု ကိုသီဟန်က ဆိုသည်။

ယင်းသတင်းဓာတ်ပုံမှာ လူမှုကွန်ရက်ဖြစ်သည့် Facebook စာမျက်နှာများတွင် ဖော်ပြထားသည်ကို Myanmar Newsweek ဂျာနယ်မှ သေချာမဆန်းစစ်ဘဲ ဂျာနယ်စာမျက်နှာတွင် ဖော်ပြအသုံးပြုခဲ့ခြင်း ဖြစ်သည်ဟု ယူဆရမိသည်ဟုလည်း ၎င်းကဆက်လက် ပြောကြားသည်။

"အွန်လိုင်းပေါ်က ပုံတစ်ပုံကို အယ်ဒီတာတွေက မရေရာမသေချာဘဲ ဒီလိုပရင့်စာမျက်နှာပေါ်မှာ သုံးလိုက်တဲ့အတွက် အရမ်းစိတ်ပျက်မိပါတယ်။ နောက်ပြီး ဖော်ပြတဲ့ သတင်းကလည်း သာမန်သတင်း မဟုတ်ဘူးလေ" ဟု ကိုသီဟန်က ဆိုသည်။

ယင်းကဲ့သို့ သတင်းဓာတ်ပုံဖော်ပြခဲ့မှုနှင့် ပတ်သက်၍ ဖြေရှင်းပေးရန် အဆိုပါ Myanmar Newsweek ဂျာနယ်တိုက်သို့ ၎င်း၏ရှေ့နေမှ တစ်ဆင့်ပြောထားပြီး ဂျာနယ်တိုက်ဘက်မှ ပြေလည်အောင် ဖြေရှင်းပေးမည်ဟု ပြန်ပြောခဲ့သည်ဟု ကိုသီဟန်က ဆိုသည်။

ယင်းကဲ့သို့ ဂျာနယ်စာမျက်နှာပေါ်တွင် သတင်းဖော်ပြခံရပြီးနောက်တွင် ၎င်း၏လူမှုဘ၀မှာ လုံခြုံမှု မရှိသကဲ့သို့ ခံစားရပြီး လက်ရှိတွင် အလုပ်မှ ခွင့်ယူထားရပြီး အဆိုပါ သတင်းဓာတ်ပုံနှင့် ပတ်သက်ပြီး ဖြေရှင်းနေရကြောင်းလည်း ၎င်းကပြောကြားသည်။

"ခုဆိုရင် ကျွန်တော့်မှာ လုံခြုံမှုမရှိသလို ခံစားနေရတယ်။ အလုပ်ကလည်း ခွင့်ယူထားရတယ်။ လာသမျှ ဖုန်းတွေလည်း ဒိုင်ခံဖြေရှင်း နေရတယ်" ဟု ဆိုသည်။

Myanmar Newsweek ဂျာနယ်ဘက်မှ အဆိုပါကိစ္စအား ပြန်လည်တောင်းပန်ခြင်း မပြုပါက ရှေ့နေမှတဆင့် ဥပဒေကြောင်းအရ တရားစွဲဆိုသွားမည် ဖြစ်ကြောင်းလည်း ကာယကံရှင်က သြဂုတ် ၃၁ ရက် ညနေပိုင်းက The Daily Eleven သို့ ပြောကြားသည်။

Myanmar Newsweek ဂျာနယ် အယ်ဒီတာချုပ်ဖြစ်သူ ဦးဘုန်းကျော်က "အမှန်က ဒီသတင်းဓာတ်ပုံကို ဖြုတ်ခိုင်းထားပြီးသားပါ။ Layout သမားတွေ ပေါ့လျော့သွားလို့ ပါသွားတာပါ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး နောက်အပတ်ထွက်မယ့် ဂျာနယ်မှာ တောင်းပန်ကြောင်း ထည့်ပေးမှာပါ။ တောင်းပန်ဖို့လည်း အဆက်အသွယ် လုပ်နေပါတယ်။ အဆက်အသွယ် မရသေးဘူး" ဟု သြဂုတ် ၃၁ ရက် ညနေ ၆ နာရီက The Daily Eleven သို့ ပြောကြားခဲ့သည်။

Eleven

မလေးရှားမှာ မြန်မာ ၅ဝ ကျော် ဖမ်းဆီးခံရ

မလေးရှားနိုင်ငံအတွင်း တရားမဝင်နေထိုင်သူတွေကို စီမံချက်နဲ့ဖမ်းဆီးတဲ့ အစီအစဉ်သစ်ကို မနက်ဖြန်မှာ စတင်မယ်လို့ ကြေညာထားပေမယ့် ဒီကနေ့မွန်းလွဲပိုင်းက ပီနန်းမြို့မှာ ဖမ်ဆီးခဲ့ရာမှာ မြန်မာနိုင်ငံသား ၅ဝ ကျော် အဖမ်းခံလိုက်ရတယ်လို့ သိရပါတယ်။

မနက်ဖြန်စတင်မယ့် အော်ပရာစီလို့ လူသိများတဲ့ အဲဒစီမံချက်မှာ တရားဝင်စာရွက်စာတန်းမရှိသူတွေ ပြေးစရာမြေမရှိလို့ ကြေညာထားပြီး၊ ရဲ၊ လူဝင်မူကြီးကြပ်ရေး၊ ပြည်သူ့စစ်စတဲ့ ပူးပေါင်းအဖွဲ့တွေက ဖမ်းဆီးစစ်ဆေးမူတွေ ပြုလုပ်သွားမှာဖြစ်ပါတယ်။

ဒီကနေ့ ပီနန်းမြို့မှာ လူစည်ကားတဲ့ဈေးအတွင်း ဝင်ရောက်ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ ပီနန်းမြို့က ကိုဘိုမြက ခုလိုပြောပါတယ်။

“အခုပီနန်းမှာ လူစည်ကားတဲ့နေရာ ဘူကစ်မာတာဂျန်မှာ တော်တော်ဆွဲသွားတယ်၊ လူကခန့်မှန်း လော်လီ နှစ်စီးဆို ၈ဝ လောက်ပါသွားတယ်၊ ခန့်မှန်း ဗမာက ၅ဝ လောက်ပါမယ်ထင်တယ်၊ ဗမာက အများစုဖြစ်နေတယ်၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ ဘင်္ဂလားပါမယ်၊ တရားမဝင်နေတဲ့သူအများစုက ဗမာနဲ့ အင်ဒိုနီးရှားကပိုများတယ်”

အဖမ်းခံရသူ မြန်မာတွေထဲမှာ အများစုဟာ တရားဝင်စာရွက်စာတန်းမရှိသူတွေဖြစ်ပြီး ၁ဝ ဦးလောက်ကတော့ အထောက်အထား စာရွက်စာတမ်းရှိပေမယ့်၊ ပါမလာသူတွေဖြစ်တယ်လို့ သိရပါတယ်။

မလေးရှားနိုင်ငံမှာ စီမံချက်နဲ့ ဖမ်းဆီးမှုတွေမှာ တရားမဝင်နေထိုင်သူတွေများတဲ့ နေအိမ်၊ ရပ်ကွက်တွေကို အဓိကထားပြီး ညပိုင်းတွေမှာ ဝင်ရောက်ဖမ်းဆီးလေ့ရှိပေမယ့် ခုလိုဈေးအတွင်း ဝင်ရောက်ဖမ်းဆီးတာမျိုးတော့ သိပ်မတွေ့ရဘူးလို့ ပီနန်းမှာနေထိုင်တဲ့ မြန်မာတွေက ပြောပါတယ်။ အလားတူဖမ်းဆီးမှုတွေကို ကွာလာလမ်ပူမြို့ မြန်မာစားသောက်ဆိုင်တစ်ဝိုက်မှာ လွန်ခဲ့တဲ့ နှစ်ရက်လောက်ကတည်းက စတင်ခဲ့တာလို့ သိရပါတယ်။

မြန်မာ့သားကောင်း

ယာဉ်စည်းကမ်းမလိုက်နာ၍ ချလံဖြတ်အရေးယူခံရသူ လိုင်းကား ယာဉ်မောင်းမှ ယာဉ်ထိန်းတပ်ဖွဲ့ ၀င်များအား စကေဘာဖြင့်ထိုးခဲ့



ယာဉ်ထိန်းတပ်ဖွဲ့စု(၂၇)မှ ယာဉ်ထိန်းရဲတပ်ကြပ် အုန်းကျော်၊ ဒုတပ်ကြပ် နေလင်းအောင်၊တပ်သား လွင်မျိုးအောင်တို့သည် တာမွေမြို့နယ်၊ ပင်ရွှေညောင်လမ်းနှင့် လေးထောင့်ကန်လမ်းထောင့် လမ်းလယ်တွင် တာဝန်ထမ်းဆောင်နေစဉ် ယာဉ်မောင်းခင်မောင်ဌေး၊ နွယ်အေးရပ်ကွက်၊ ဒေါပုံမြို့နယ်နေသူမာင်းနှင်လာသည့် ယာဉ်လိုင်းအမှတ်(၁၈၇)၊ ယာဉ်အမှတ် အ/------ဘီအမ် အမျိုးအစား ခရီးသည်တင်ယာဉ်မှာ ဘေးတံခါးဖွင့်မာင်းနှင်လာသဖြင့် ချလံဖြတ်၍ အရေးယူခဲ့ပါသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ ယာဉ်မောင်းခင်မောင်ဌေးမှ မကျေနပ်သဖြင့် ၁၀၃၀ အချိန်တွင် လေးထောင့်ကန်လမ်းနှင့် ပင်ရွှေညောင်လမ်း၌ ယာဉ်လမ်းရှင်းရေးတာဝန်ဆောင်ရွက်နေသည့် ယာဉ်ထိန်းတပ်ဖွဲ့ဝင် ရဲတပ်ကြပ် အုန်းကျော်အား ယာဉ်အားရပ်ကာ ဆဲဆိုပြီးဓါးနှင့်ထိုးမည်ဟု ကြိမ်းဝါး၍ မောင်းနှင်ထွက်သွားခဲ့ပါသည်။
ယာဉ်မောင်းခင်မောင်ဌေးမှာ ၁၅၃၀အချိန်တွင် ထပ်မံရောက်ရှိလာပြီး အသင့်ယူဆောင်လာသော စကေဘာဖြင့် လိုက်လံထိုးခဲ့ရာ ရဲတပ်ကြပ်အုန်းကျော်တွင် ယာလက်သန်းပြတ်ရှဒဏ်ရာနှင့် ရဲတပ်သား လွင်မျိုးအောင်တွင် ၀ဲဘက်ခါးထိုးသွင်ဒဏ်ရာများ ရရှိခဲ့သဖြင့် တပ်ဖွဲ့စုမှူးမှ ယာဉ်မောင်းခင်မောင်ဌေးအား အရေးယူပေးရန် တိုင်ကြားခဲ့၍ တာမွေမြို့မရဲစခန်း(ပ)၃၇၉/၂၀၁၃၊ ပြစ်မှုပုဒ်မ-၂၉၄/၃၃၃/၅၀၆ဖြင့် အရေးယူဆောင်ရွက်ထားရှိပြီးတရားခံဖမ်းဆီးရမိရေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Myawady

မြန်မာနိုင်ငံမှ ဘင်္ဂါလီများကို ထပ်မံလက်မခံနိုင်တော့ကြောင်း ဘင်္ဂလားဒေ့ရှ် ပြောကြား

ဘင်္ဂလားဒေ့ရှ်နိုင်ငံ အနေဖြင့် မြန်မာနိုင်ငံမှ တိမ်းရှောင်လာသော ဘင်္ဂါလီ အများအပြားကို လက်ခံထားပြီး ဖြစ်သဖြင့် မြန်မာနိုင်ငံမှ ထပ်မံရောက်ရှိလာမည့် ဘင်္ဂါလီများကို ထပ်မံလက်ခံနိုင်တော့မည် မဟုတ်ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံက သြဂုတ် ၂၉ ရက်က ပြောဆိုလိုက်သည်ဟု The Daily Star ဘင်္ဂလားဒေ့ရှ် သတင်းစာ၏ ဖော်ပြချက်အရ သိရသည်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး Dipu Moni က ထိုအကြောင်းကို ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးအတွက် နိုင်ငံကိုယ်စားလှယ် ခန့်အပ်သည့် အခမ်းအနားတွင် ပြောဆိုခဲ့ခြင်း ဖြစ်သည်။ ဘင်္ဂါလီ ဒုက္ခသည် စခန်းများသို့ မကြာသေးမီက သွားရောက်အပြီးတွင် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးက သူ့အနေဖြင့် မြန်မာနိုင်ငံမှ ဘင်္ဂါလီများကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အနေဖြင့် လူမှုရေး၊ စီးပွားရေး၊ သဘာဝပတ်ဝန်းကျင် သက်ရောက်မှုများကို ခံစားနေရသည့်အတွက် စိုးရိမ်မကင်း ဖြစ်မိကြောင်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ဘင်္ဂါလီ ဒုက္ခသည် စခန်းများတွင် ဘင်္ဂါလီဦးရေ ၃၀၀၀၀ ခန့် ခိုလှုံလျက် ရှိသည်။

ကျွမ်းကျင်သူများ၏ အဆိုအရ မြန်မာနိုင်ငံမှ ခိုလှုံဝင်ရောက်လာသော ဘင်္ဂါလီဦးရေသည် သိန်းဂဏန်းထက် မနည်းနိုင်ကြောင်း ဆိုသည်။

ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး ကိုယ်စားလှယ်အား နိုင်ငံခြားရေးဝန်ကြီးက ဘင်္ဂါလီ ဒုက္ခသည်များနှင့် ပတ်သက်သည့် ပြဿနာ၏ အဖြေသည် မြန်မာနိုင်ငံတွင်းမှာသာ ရှိနေကြောင်းနှင့် မြန်မာနိုင်ငံဘက်ကသာ ပြည်တွင်းရေး ပြဿနာအဖြစ် ဖြေရှင်းရမည်ဖြစ်ကြောင်း ထပ်လောင်းပြောကြားသည်။

ဘင်္ဂလားဒေ့ရှ် အစိုးရအနေဖြင့်မူ အဆိုပါ ဒုက္ခသည်များကို အခြေခံ ၄ တန်းအထိ အခမဲ့ ပညာသင်ပေးခြင်း၊ အသက်မွေးဝမ်းကျောင်းမှု ပညာသင်ပေးခြင်း၊ ကွန်ပျူတာ သင်ပေးခြင်းနှင့် ကျန်းမာရေး စောင့်ရှောက်မှုများ ပြုလုပ်ပေးခြင်းတို့ဖြင့် ၎င်းတို့၏ နေရပ်ဖြစ်သည့် မြန်မာနိုင်ငံသို့ ပြန်ရာတွင် အထောက်အကူဖြစ်စေရန် ဆောင်ရွက်ပေးထားကြောင်း Dipu Moni က ဆိုသည်။

ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး ကိုယ်စားလှယ် Stir က ဘင်္ဂလားဒေ့ရှ် အနေဖြင့် ယခုလို ဒုက္ခသည်ပေါင်း များစွာကို နှစ်ပေါင်း ၃၀ လောက်ထိ ကြာမြင့်အောင် ကောင်းကောင်းမွန်မွန် ထိန်းသိမ်းထားနိုင်သည့်အတွက် ကျေးဇူးတင်ပါကြောင်း ဆိုသည်။

မြန်မာနိုင်ငံဘက်က ဘင်္ဂါလီအရေး ကိစ္စသည် ဘင်္ဂလားဒေ့ရှ်နှင့်လည်း သက်ဆိုင်သော လူဝင်မှုပြဿနာ ဖြစ်သည်ဟု ပြောဆိုနေခဲ့သော်လည်း ဘင်္ဂလားဒေ့ရှ်ဘက်ကမူ ဘင်္ဂါလီ အရေးကိစ္စသည် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးသာ ဖြစ်ကြောင်းနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် မသက်ဆိုင်ကြောင်း၊ အဆိုပါ ဘင်္ဂါလီများသည် ဘင်္ဂလားဒေ့ရှ်မှ ခိုးဝင်ခဲ့သူများ မဟုတ်ကြောင်း ငြင်းဆိုထားသည်။

EMG