ရခိုင်ပြည်နယ်ရှိ တိုက်နယ်ဆေးရုံများအတွက် ဆရာဝန်များ ရက်ပိုင်းအတွင်း စေလွှတ်မည်

ပို့စ်တင်ချိန် - 9/01/2013 10:53:00 AM

နှစ်ပေါင်းများစွာ ကြာမြင့်သည့်တိုင် ဆရာဝန်မရှိ ဖြစ်နေသည့် ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် လေးတောင်နှင့် စကု တိုက်နယ်ဆေးရုံတို့အတွက် အမြဲတမ်းဆရာဝန်များကို ခန့်အပ်ထားပြီးဖြစ်ပြီး ယင်းဆရာဝန်များ မရောက်မီ ယာယီတာဝန်ယူမည့် ဆရာဝန်များကို ရက်ပိုင်းအတွင်း စေလွှတ်သွားမည် ဖြစ်ကြောင်း ရခိုင်ပြည်နယ် ကျန်းမာရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဒေါက်တာအေးငြိမ်း က ပြောကြားသည်။

စကုတိုက်နယ် ဆေးရုံအတွက် ခန့်အပ်ထားသည့် ဆရာဝန်မှာ မိုးကုတ်မှတစ်ဆင့် လာရမည် ဖြစ်သဖြင့် ကြန့်ကြာနေခြင်း ဖြစ်ကြောင်း၊ လေးတောင် တိုက်နယ်ဆေးရုံတွင်လည်း ဆရာဝန် ခန့်အပ်ထားပြီးဖြစ်ရာ ယင်းဆရာဝန် မရောက်မီ ယာယီတာဝန်ယူမည့် စစ်တွေမြို့မှ လက်ထောက်ဆရာဝန် တစ်ဦးကို စေလွှတ်ရန် ညွန်ကြားထားပြီး ဖြစ်ကြောင်း ၎င်းကဆိုသည်။

စက်တင်ဘာလမကုန်မီ အဆိုပါ တိုက်နယ်ဆေးရုံများတွင် အမြဲတမ်းဆရာဝန်များ ရောက်ရှိမည် ဖြစ်ကြောင်း ဒေါက်တာအေးငြိမ်းက ရှင်းပြသည်။

ရမ်းဗြဲမြို့နှင့် ၁၆ မိုင်ခန့် ဝေးကွာသည့် လေးတောင် တိုက်နယ်ဆေးရုံတွင် ၂၀၁၂ ခုနှစ် ဒီဇင်ဘာလမှစတင်ကာ ဆရာဝန် မရှိခြင်းဖြစ်ပြီး ရမ်းဗြဲမြို့နှင့် မိုင် ၂၀ ကျော်ခန့် ဝေးကွာသည့် စကုတိုက်နယ်ဆေးရုံတွင် ၂၀၁၁ ခုနှစ် စက်တင်ဘာလမှ စတင်ကာ ဆရာဝန်မရှိခြင်း ဖြစ်ကြောင်း ဒေသခံများထံ ဆက်သွယ် မေးမြန်းချက်များအရ သိရှိရသည်။

ဆရာဝန် မရှိသဖြင့် ဒေသခံများအတွက် အခက်အခဲ ဖြစ်ပေါ်နေ၍ ဆရာဝန်များ အမြန်ဆုံး ချထားပေးရန် သြဂုတ်လ ၃၀ ရက်နေ့တွင် ရမ်းဗြဲမြို့နယ် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ၏ အတွင်းရေးမှူး ဦးထွန်းထွန်းဦးက တစ်ကိုယ်တော် လမ်းလျှောက်ဆန္ဒပြခဲ့သည်။

ဆန္ဒဖော်ထုတ်ရာတွင် အဆိုပါ တိုက်နယ်ဆေးရုံများတွင် ဆရာဝန်များ အမြန်ဆုံးချပေးရန် စာသားပါသည့် ဆိုင်းဘုတ်ကို ကိုင်ဆောင်ကာ ဇရပ်ပြင်ကျေးရွာမှ ရမ်းဗြဲမြို့သို့ ၁၆ မိုင်ခရီး တစ်ကိုယ်တော် တရားဝင် ခွင့်ပြုချက်ဖြင့် ဆန္ဒဖော်ထုတ်ခဲ့ကြောင်း ဦးထွန်းထွန်းဦးက ဆိုသည်။

ရမ်းဗြဲမြို့နယ်တွင် တိုက်နယ်ဆေးရုံ သုံးခုရှိပြီး ကျောက်နီမော်ဆေးရုံတွင် ဆရာဝန် ရှိကြောင်း ဒေသခံများထံမှ သိရှိရသည်။

The Voice