ဖလမ်းတွင် မြေဆက်တိုက် ပြိုမှု ရွာလုံးကျွတ် ပြောင်းရွှေ့

ပို့စ်တင်ချိန် - 9/01/2013 10:52:00 AM

ချင်းပြည်နယ် မြောက်ပိုင်း ဖလမ်းမြို့နယ် ဇာလိုင်ကျေးရွာတွင် သြဂုတ်လ ၂၃ ရက်နေ့မှ စတင်ကာ ဖြစ်ပေါ်ခဲ့သည့် ဆက်တိုက် မြေပြိုမှုများကြောင့် အဆိုပါကျေးရွာရှိ အိမ်ခြေ ၈၂ လုံးကို ကျေးရွာ လုံးကျွတ် ပြောင်းရွှေ့ နေထိုင်နိုင်ရန် စက်တင်ဘာလ ၅ ရက်နေ့ နောက်ဆုံးထား ကူညီမည် ဖြစ်ကြောင်း ချင်းပြည်နယ် လူမှုရေး ဝန်ကြီး ဒေါက်တာဘမောင်က ပြောကြားသည်။

လက်ရှိ အက်ကြောင်းများ ဖြစ်ပေါ်နေပြီး မြေဆက်လက် ပြိုမည့် အနေအထားများ ဖြစ်ပေါ်နေခြင်းကြောင့် ယင်းကဲ့သို့ ကျေးရွာ ကို ပြောင်းရွှေ့ရန် စီစဉ်ရခြင်း ဖြစ်ပြီး ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာ ချထားရေး ဦးစီးဌာန၊ ကြက်ခြေနီ စသော အဖွဲ့အစည်းများက လိုအပ်သော အကူအညီများ ပေးနိုင်ရန် ပြင်ဆင်နေကြောင်း ၎င်းက ထပ်မံ ပြောကြား သည်။

ယင်းကျေးရွာကို ဖလမ်းမြို့ အနီးရှိ ရေနှင့် လျှပ်စစ်မီး အဆင်ပြေသော လုံပီးကျေးရွာအနီး မြေပြန့်တွင် အကွက်ချထားပေးရန် ပြည်နယ်အစိုးရ တာဝန်ရှိသူများက စီစဉ်နေကြောင်း ဒေါက်တာဘမောင်က ပြောကြားသည်။

ဇာလိုင်ကျေးရွာတွင် သြဂုတ်လ ၂၃ ရက်နေ့မှ စတင်ကာ မြေပြိုမှု ဖြစ်ပွား ခဲ့ခြင်းကြောင့် အဆိုပါ ကျေးရွာရှိ အိမ်ခြေ ၈၂ လုံး ရွာလုံးကျွတ် ပြောင်းရွှေ့ နေထိုင်နေကြရကြောင်း အဆိုပါကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမန်းလျန်ဟရဲက The Voice သို့ ပြောကြားသည်။

“ဖြစ်ချိန်က ဆယ်မိနစ်လောက်ပဲ ကြာတယ်။ အိမ်သုံးလုံး မြေထဲ မြုပ်သွားပြီး သုံးလုံး ပျက်စီးသွား တယ်။ နောက်ရက်တွေမှာ ရွာထဲ အက်ကြောင်းတွေ ပေါ်လာလို့ အခု ဘယ်သူမှ မနေရဲတော့ဘဲ အနီးနားက ကျေးရွာတွေမှာ ပြောင်းရွှေ့ နေထိုင်ကြရတယ်” ဟု ၎င်းက ဆိုသည်။

ယင်းနေ့ မွန်းလွဲ ၃ နာရီ မိနစ် ၃၀ ခန့်က ကျေးရွာဘေးရှိ တိုင်နောက်လို ဗားချောင်း (ဦးတိုင်နောက်၏ တောင်ယာချောင်း) ထိပ်မှ တစ်ဆင့် သစ်ပင်နှင့် မြေများ ပြိုကျလာပြီး နေအိမ်များအပေါ် ကျရောက်ကာ ပျက်စီး ခဲ့ခြင်း ဖြစ်ကြောင်း၊ လူအသေအပျောက် မရှိကြောင်း အဆိုပါကျေးရွာ ဒေသခံများက ပြောကြားသည်။

မြေပြိုမှု ဖြစ်ပွားပြီး နောက်ရက်တွင် ပြည်နယ် ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ လာရောက် ကြည့်ရှုကာ ထောက်ပံ့မှုများ ပေးသွားကြောင်း၊ NGO အဖွဲ့များကလည်း လာရောက် ကူညီကြောင်း ဦးမန်းလျန်ဟရဲက ထပ်မံ ပြောကြားသည်။

“နှစ်ရက် တစ်ခါလောက် အိမ်ကို ပြန်လာပြီး ကြည့်တယ်။ အိမ်နဲ့ မွေးထားတဲ့ တိရစ္ဆာန်တွေလည်း ရှိသေးတော့ စိတ်မချဘူး။ အခုလို မြေ အကြီးအကျယ် ပြိုတာ ဒါရောဆို နှစ်ခါပဲ ကြုံဖူးတယ်။ လွန်ခဲ့တဲ့ နှစ် ၆၀ လောက်က တစ်ခါ ဖြစ်ဖူးတယ်။ အခုလို ကြုံရတာ အရမ်း ဝမ်းနည်းတာပဲ” ဟု အဆိုပါကျေးရွာတွင် မွေးဖွားခဲ့သူ အသက် ၇၅ နှစ် အရွယ်ရှိ ဦးရမ်ဆွမ်းက ဆိုသည်။

ယင်းကဲ့သို့ မြေပြိုကျမှုများ မဖြစ်ပေါ်ခင် မိုးဆက်တိုက် ရွာသွန်းခဲ့ကာ မိုးတိတ်ပြီး နှစ်ရက် အကြာတွင် မြေပြိုမှု ထပ်မံ ဖြစ်ပေါ်ခဲ့ကြောင်း၊ မြေပြိုချိန် တွင် မိုးရွာသွန်းမှု မရှိကြောင်း၊ မြေပြိုကျမည့်နေ့ နံနက်တွင် ချောင်းရေ မှာ နောက်ကျိလာပြီး အနီးနားရှိ အိမ်နှင့် သစ်ပင်များတွင် တုန်ခါမှုများ ခံစား ခဲ့ရကြောင်း အဆိုပါကျေးရွာ ဒေသခံများထံမှ သိရသည်။

ယခုလက်ရှိတွင် ကျေးရွာ ဒေသခံများ အနေဖြင့် ဖလမ်းမြို့နှင့် လိုင်ဇိုး၊ အယ်လ်မွန်ပီးနှင့် လုံပီးကျေးရွာ တို့သို့ ပြောင်းရွှေ့ နေထိုင်နေကြရကြောင်း ယင်းကျေးရွာ အုပ်ချုပ်ရေးမှူးက ထပ်မံ ပြောကြားသည်။

“အခုပစ္စည်းတွေ လာသယ်တာပါ။ အနီးက လိုင်ဇိုးရွာမှာ ပြောင်းနေ ရတယ်။ ပြောင်းဖူးခင်းကလည်း အနှံတွေ ထွက်ခါစဆိုတော့ အဝေးကို ပြောင်းမသွားနိုင်သေးဘူး” ဟု အသက် ၃၈ နှစ်အရွယ်ခန့်ရှိ ဇာလိုင်ကျေးရွာသူ ဒေါ်သော့မဲန်ပါးရ်က ဆိုသည်။

ယင်းကျေးရွာမှာ သက်တမ်း နှစ် ၁၃၀ ခန့်ရှိပြီ ဖြစ်ကြောင်း၊ အိမ်ခြေ ၈၂ လုံး၊ အိမ်ထောင်စု ၇၆ စု၊ လူဦးရေ ၃၄၉ ဦးရှိကြောင်း ကျေးရွာ အုပ်ချုပ်ရေးမှူးရုံး မှတ်တမ်းများအရ သိရသည်။

“ချင်းတောင်မှာ လူဦးရေ ၃၀၀ ကျော်ရှိတဲ့ ရွာဆိုတာ ရွာကြီး တစ်ရွာပါပဲ။ ကျွန်တော်တို့ ရွာဘက်ကနေ ကြည့်ပြီးတော့တောင် တုန်လှုပ်မိတယ်။ သူတို့ဆို ဘယ်လောက် ချောက်ချားလိမ့်မလဲ။ မြေတွေက တဝေါဝေါနဲ့ ပြိုဆင်းလာတာ။ ကျွန်တော်တို့ ရွာမှာလည်း အက်ကြောင်းတော့ မဖြစ်သေးပေမယ့် ရွာသားတွေက စိုးရိမ်စိတ်တော့ ရှိနေကြတယ်” ဟု ယင်းကျေးရွာနှင့် ချောင်း တစ်ဖက်ကမ်းတွင် တည်ရှိသော လိုင်ဇိုး ကျေးရွာသား တစ်ဦးက ဆိုသည်။

မြတ် (ကလေး)