ငွေဖြင့်ဝယ်ယူခံ တရားမ၀င်တရုတ်ဇနီးများ လက်ဆင့်ကမ်းရောင်းချခံရမှုများရှိလာ


13 OCTOBER 2013

တရုတ်နိုင်ငံသို့ရောင်းစားခံရသည့် မြန်မာအမျိုးသမီးများမှာ တရုတ်အမျိုးသားက တရားမ၀င်ဇနီးမယားအဖြစ် ပေါင်းသင်းပြီး ၎င်းတို့အနေဖြင့် တရုတ်အမျိုးသမီးတစ်ဦးနှင့် တရားဝင် လက်ထပ်နိုင်သည့်အခါ ငွေဖြင့်ဝယ်ထားသည့် မြန်မာအမျိုးသမီးအား တခြားလူတစ်ဦးထံ ယွမ်ငွေ(၃)သောင်းနှင့်အထက် (မြန်မာငွေကျပ်သိန်းသုံးဆယ်နှင့်အထက်)ငွေကြေးများဖြင့် လက်ဆင့်ကမ်း ရောင်းချမှုများရှိကြောင်း နေပြည်တော် လူကုန်ကူးမှုတားဆီးရေးရဲတပ်ဖွဲ့မှ သိရသည်။

“အရင်တုန်းကတော့ လူကုန်ကူးတဲ့ပွဲစားတွေက လိမ်လည်ပြီးတော့ စုဆောင်းတယ်။ အခု နောက်ပိုင်းကျတော့ သူတို့ (ပွဲစား တွေ)က ပေါ်တင်စည်းရုံးတာပေါ့နော်။ တရုတ်မယား လုပ်ရမယ်။ ၆လပြည့်ရင် ပြန်လာလို့ရတယ်။ ရွှေတွေ ဘယ်လောက် ဆင် ပေးမယ်။ အိမ်အတွက် ဘယ်လောက်ပေးမယ် ဆိုပြီးတော့ ဒါမျိုးတွေနဲ့စည်းရုံးလာတယ်။”ဟု နေပြည်တော်လူကုန်ကူးမှု တားဆီးရေး ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

တရုတ်နိုင်ငံသို့ လူကုန်ကူးမှုများအတွက် လူကုန်ကူးမှုတားဆီးရေးရဲတပ်ဖွဲ့ဝင်များမှ လွယ်ဂျယ်-ကျန့်ဖုန်း၊ မူဆယ်-ရွှေလီ၊ လောက်ကိုင် နမ့်ခမ်းစသည့် မြန်မာတရုတ်နယ်စပ်၃နေရာ၌ နှစ်နိုင်ငံလူကုန်ကူးမှု ပူးပေါင်းတိုက်ဖျက်ရေးဆိုင်ရာ နယ်စပ် ဆက်ဆံရေးရုံးများ ဖွင့်လှစ်ကာ လူကုန်ကူးမှုလျော့ကျရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

“ အခု လူကုန်ကူးနေကြတဲ့မြန်မာအမျိုးသမီးတွေ ကိုယ်တိုင်က အရင် တရုတ်မယားအဖြစ် ရောင်းစားခံရဘူးတဲ့ အမျိုးသမီးတွေ များတယ်၊ သူတို့ကိုယ်တိုင် ဒီအလုပ် ပြန်လုပ်နေကြတာတွေ့လာရတယ်” ဟု မူဆယ်တည်းခိုခန်းလုပ်ငန်းအသိုင်းအ၀ိုင်းနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

မြန်မာနိုင်ငံ၌ ယခုနှစ်ဇန်န၀ါရီလမှ စက်တင်ဘာလအထိ (၉)လတာကာလအတွင်း လူကုန်ကူးမှု(၆၉)မှုဖြစ်ပွားခဲ့သည့်အနက် (၄၂)မှုမှာ တရုတ်ဇနီးမယားအဖြစ် အဓမ္မထိမ်းမြားလက်ထပ်ရန် ရောင်းစားခဲ့သောအမှုများဖြစ်သဖြင့် မြန်မာနိုင်ငံလူကုန်ကူးမှု့၏ ၆၀%ခန့်မှာ တရုတ်နိုင်ငံသို့ တရုတ်မယားအဖြစ် ရောင်းစားခဲ့မှုများဖြစ်ကြောင်း လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့စာရင်း များအရ သိရသည်။

မူဆယ်မြို့ပန်းနေကြာတည်းခိုခန်း၌ ရန်ကုန်မြို့မှ မိန်းကလေးများကို တရုတ်မယားအဖြစ်ရောင်းစားမည့် လူကုန်ကူးအဖွဲ့နှစ်ဖွဲ့ကို ပြီးခဲ့သည့် အောက်တိုဘာလ ပထမအပတ်အတွင်းက ဖမ်းဆီးရမိခဲ့ကြောင်း နေပြည်တော်လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ သိရှိရသည်။

ဖြစ်စဉ်မှာ သတင်းပေးချက်အရ မူဆယ်မြို့ ပန်းနေကြာ တည်းခိုခန်း၌ ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ်မှ ပြည့်တန်ဆာ လုပ်ငန်းလုပ်ကိုင်သူအမျိုးသမီး ၃ ဦးအား တရုတ်မယားအဖြစ် ရောင်းစားရန်ခေါ်လာသော ဒေါ်စောဥမ္မာ(ခ)မဥမ္မာ ဆိုသူနှင့် ရန်ကုန်မြို့မှ အမျိုးသမီးတစ်ဦးအား တရုတ်မယားအဖြစ်ရောင်းစားရန် ခေါ်ဆောင်လာသည့် မောင်ခန့်ကိုကိုနှင့် မမြတ်ဆုမွန် လင်မယားတို့အား ဖမ်းဆီးရရှိမိခဲ့ခြင်းဖြစ်သည်။

အောက်တိုဘာလ(၆)ရက်နေ့ နံနက်(၉)နာရီက လူကုန်ကူးမှုတားဆီးကာကွယ်ရေးတပ်ဖွဲ့စုမှူးရုံး(မူဆယ်)သို့ တာဝန်သိပြည်သူ တစ်ဦးမှ အမျိုးသမီးတစ်ဦးကို ခေါ်ဆောင်လာပြီး ထိုအမျိုးသမီးမှာ ရန်ကုန်တိုင်းမြောက်ဥက္ကလာပမြို့နယ်နေထိုင်သူဖြစ်ပြီး လူကုန်ကူးပွဲစားများထံမှ ထွက်ပြေလွတ်မြောက်လာသူဖြစ်ကြောင်းပြောဆိုကာ လာရောက်ပို့ဆောင်ပေးခဲ့သဖြင့် ရဲတပ်ဖွဲ့မှ ဆက်လက်မေးမြန်းရာ လူကုန်ကူးခံရခြင်းမှ ထွက်ပြေးလွတ်မြောက်လာသူဖြစ်ကြောင်း နောက်ထပ်၎င်းနှင့် ဘ၀တူနှစ်ဦး တည်းခို ခန်း၌ ကျန်သေးသည်ဟု ထွက်ဆိုခဲ့သည်။

၎င်းအမျိုးသမီးအား မေးမြန်းရာ၌ ဒေါ်စောဥမ္မာ(ခ)မဥမ္မာဆိုသူက ရန်ကုန်မြို့မြောက်ဥက္ကလာပမြို့နယ်မှ ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်သူ အမျိုးသမီး(၃)ဦးကို တရုတ်ပြည်တွင် အလုပ်ပေါကြောင်း၊ တရုတ်ယောက်ျားယူလျှင် ကောင်းကောင်းမွန်မွန် နေရ မည်ဖြစ်ပြီး ကျပ်သိန်း၂၀၊သိန်း၃၀ရမည်။ အပျိုဖြစ်စေ၊အအိုဖြစ်စေ မင်္ဂလာဆောင်ပေးကာ ကလေး(၁)ယောက် မွေးပေးပြီးလျှင် ပြန်လာလို့ရသည်ဟု လိမ်လည်စည်းရုံးကာ မူဆယ်မြို့သို့ ခေါ်ဆောင်လာခဲ့ပြီး တရုတ်နိုင်ငံသို့ သွားရောက်ရန် မူဆယ်မြို့ ပန်းနေကြာတည်းခိုခန်း၌ တည်းခိုနေစဉ် မူဆယ်မြို့လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးတပ်ဖွဲ့စုများက ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

ထို့အတူ အောက်တိုဘာလ(၆)ရက်နေ့နံနက်(၁၁)နာရီအချိန်ခန့်က တာဝန်သိပြည်သူတစ်ဦးမှ မူဆယ်မြို့(၅၅၅)လမ်းရှိ ပန်းနေကြာတည်းခိုခန်းတွင် မင်္သာကာဖွယ်ရှိသော အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ တည်းခိုနေကြောင်း သတင်း ပေးပို့ရာမှ တဆင့်တရုတ်နိုင်ငံ၊ရှမ်းတုန်းပြည်နယ်ရှိ တရုတ်အမျိုးသားတစ်ဦးနှင့် အိမ်ထောင်ကျနေသူ မမြတ်စုမွန်(ခ)ပုံ့ပုံ့၊ မောင်ခန့်ကိုကိုနှင့် တရုတ်နိုင်ငံရွှေလီမြို့တွင် နေထိုင်သူ မသီသီအောင်တို့ပူးပေါင်း၍ မှော်ဘီမြို့နယ်ရှိ မြန်မာအမျိုးသမီးငယ် တစ်ဦးအား ယွမ်ငွေ ၃ သောင်းဖြင့် တရုတ်မယားအဖြစ် ရောင်းစားရန်ကြိုးပမ်းခဲ့မှုကို မူဆယ်လူကုန်ကူးမှု တားဆီးနှိမ်နင်း ရေးတပ်ဖွဲ့စုမှ ဖမ်းဆီး ဖော်ထုတ်ခဲ့သည်ဟု သိရသည်။

လူကုန်ကူးမှုပြစ်ဒဏ်များ၌ လူ ၃ ဦးနှင့်အထက် ပူးပေါင်းဂိုဏ်းဖွဲ့ကာ လူကုန်ကူးမှုကျူးလွန်ပါက အနိမ့်ဆုံးထောင်ဒဏ် အနှစ် ၂၀ မှ ထောင်ဒဏ်တစ်သက်အထိ ချမှတ်ခံရနိုင်သည့်အပြင် ငွေဒဏ်လည်းချမှတ်နိုင်ကြောင်း လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေး ရဲတပ် ဖွဲ့မှ သတင်းများအရ သိရသည်။

မြစ်မခမီဒီယာ

ဓာတ်မတည့်မှုဖြစ်စေပြီး ပန်းနာရင်ကျပ်ထစေသော အရာများ


ချောင်းဆိုးတာ၊အသက်ရှုကျပ်တာနဲ့ချွဲထတာ စတာတွေကိုမကြာခဏခံစား
နေရပါသလား။ဒီဝေဒနာတွေကဓာတ်မတည့်မှုနဲ့ပန်းနာရင်ကျပ်ရောဂါထတာ
ရဲ့အဖြစ်များတဲ့လက္ခဏာတွေဖြစ်ပါတယ်။ဓာတ်မတည့်မှုနဲ့ပန်းနာရင်ကျပ်
ရောဂါလက္ခဏာတွေကိုရှောင်လွဲဖို့အေက်ပါအရာတွေကိုရှောင်ရှားဖို့လိုပါ
တယ်။

ပိုးဟပ်နှင့် အခြားအိမ်ရှိအင်းဆက်များ

အသန့်ရှင်းဆုံးအိမ်တွေမှာတောင်ပိုးဟပ်၊ယင်ကောင်၊မှတ် စတဲ့ အကောင်
တွေရှိတတ်ပါတယ်။ဒီအင်းဆက်ပိုးတွေကထွက်တဲ့ချေးတွေက အသက်ရှူ
လမ်းကြောင်းအပေါ်မကောင်းတဲ့သက်ရောက်မှုဖြစ်စေပြီး ဓာတ်မတည့်မှု
ဖြစ်တတ်ပါတယ်။
ဘယ်လိုရှောင်ရှားရမလဲ--ကြမ်းခင်းနဲ့ဘုံပိုက်ခေါင်းတွေကိုသန့်ရှင်းစင်ကြယ်
အောင်ထားပြီးအိမ်ထဲကိုအင်းဆက်ပိုးတွေမ၀င်ရောက်အောင်ကာကွယ်ပါ။အံ
ဆွဲ၊ဘီဒိုနဲ့အခြားမည်းမှောင်တဲ့အခန်းထောင့်လိုနေရာမျိုးမှာအင်းဆက်တွေ
ကပ်ညှိနေနိုင်တဲ့အတွက်မကြာခဏသန့်ရှင်းရေးပြုလုပ်ပြီးအင်းစက်ချေးတွေကိုဖုန်စုပ်စက်နဲ့ဖယ်ရှားသန့်စင်ပါ။

ဖုန်မှုန်မွှားများ

မဖိတ်ခေါ်ပဲဝင်လာတဲ့အင်းဆက်ပိုးတွေကသေးငယ်လွန်းတာကြောင့်အသက်ရှူလမ်းကြောင်းပြသနာကိုဖြစ်စေနိုင်ပါတယ်။ဖုန်မှုန်မွှားတွေကအရေပြား
ဆဲလ်တွေကိုစားပြီးသူတို့ရဲ့မစင်နဲ့ခန္တာကိုယ်အစိတ်ပိုင်းတစ်ချို့ကိုချန်ထား
ခဲ့ပါတယ်။အဲဒီအရာတွေနဲ့ထိတွေ့ရှူရှိက်မိတဲ့အခါဓာတ်မတည့်မှုဖြစ်စေပြီး
ပန်းနာရင်ကျပ်လက္ခဏာတွေဖြစ်ပေါ်လာတတ်ပါတယ်။
ဘယ်လိုရှောင်ရှားရမလဲ--ခန်းစီး၊လိုက်ကာ၊ကြမ်းခင်း၊အိမ်တွင်းပရိဘောဂ
ပစ္စည်းတွေကိုဖုန်သုတ်ပါ။အိပ်ရာခင်းကိုတစ်ပတ်တစ်ခါလျှော်ပါ။ခေါင်းအုံးနဲ့
မွေ့ရာတွေကိုအမြဲဖုန်းအုပ်ထားပါ။

အချို့အစာများ

မြေပဲနဲ့ပုဇွန်လိုအခွံမာငါးတွေဟာဓာတ်မတည့်မှုကိုဖြစ်စေနိုင်သလိုပန်းနာရင်ကျပ်ရောဂါထစေနိုင်ပါတယ်။
ဘယ်လိုရှောင်ရှားရမလဲ--သင့်ကိုဓာတ်မတည့်မှုဖြစ်စေတဲ့အစာတွေကိုရေး
မှတ်ထားပြီးရှောင်ပါ။

မှိုပိုးများ

သင့်အိမ်တွင်းမှာစိုထိုင်းတဲ့နေရာဟာသင့်ကိုဓာတ်မတည့်မှုဖြစ်စေနိုင်တဲ့နေရာပါ။ရေချိးခန်း၊အ၀တ်လျှော်တဲ့နေရာနဲ့ မြေအောက်ခန်းတို့ဟာဓာတ်မတည့်မှု
ဖြစ်စေပြီးပန်းနာရင်ကျပ်ရောဂါကိုပိုဆိုးစေနိုင်ပါတယ်။
ဘယ်လိုရှောင်ရှားရမလဲ--နှာခေါင်းစည်းတပ်ပြီးမှိုနဲ့ရေညှိတွေကိုဖယ်ရှားသန့်စင်ပါ။အိမ်တွင်းစိုစွတ်
တဲ့နေရာတွေကိုခြောက်သွေ့အောင်ထားပါ။

တိရစ္ဆာန်အညစ်အကြေးများ

အိမ်မွေးတိရစ္ဆန်အမွေးအမျှင်တွေက အ၀တ်အစားနဲ့ပရဘောဂတွေမှာကပ်
ငြိပြီးဓာတ်မတည့်မှုကိုဖြစ်စေနိုင်ပါတယ်။အိမ်မွေးတိရစ္ဆာန်အညစ်အကြေး
တွေကအလွန်သေးငယ်ပြီးရှုသွင်းမိတဲ့အခါ အသက်ရှူလမ်းကြောင်းစနစ်ကို
ထိခိုက်စေနိုင်ပါတယ်။
ဘယ်လိုရှောင်ရှားရမလဲ--ခွေး၊ကြောင်စတဲ့အိမ်မွေးတိရစ္ဆာန်တွေမွေးမြူချင်
ရင်သန့်ရှင်းရေးကိုစနစ်တကျလုပ်ဆောင်ပါ။ဒါမှမဟုတ်သူတို့ကိုသီးခြားနေ
ရာထားပေးပါ။

ဇွန်ခိုင်ဦး(ဆေးဝါးတက္ကသိုလ်)
By- Good Health

ဂျပန် ပြန်လာပြီ


ဂျပန် ရေတပ်သင်္ဘော သုံးစင်းသည် မြန်မာနိုင်ငံတွင် ဒုတိယကမ္ဘာစစ် နောက်ပိုင်း ပထမဦးဆုံး အကြိမ်အဖြစ် ငါးရက်ကြာ ကမ်းကပ်ကာ လုံခြုံရေးတွင်ပါ ပူးပေါင်း ဆောင်ရွက်ရန် ခြေလှမ်းလှမ်းသဖြင့် ၂၀၁၁ နောက်ပိုင်း မြန်ဆန်စွာ တိုးတက်လာသော ဂျပန်-မြန်မာ ဆက်ဆံရေး အရှိန်မြင့်သထက် မြင့်တက်လာခြင်း ဖြစ်သည်။

အိန္ဒိယသမုဒ္ဒရာ ကမ်းရိုးတန်းနိုင်ငံ ဖြစ်ပြီး တရုတ်နှင့် အိန္ဒိယ သမုဒ္ဒရာအကြား ခြားထားသည့်နိုင်ငံ၊ အိန္ဒိယ သမုဒ္ဒရာသို့ တရုတ်၏ ထွက်ပေါက်နိုင်ငံ ဖြစ်သည့် မြန်မာနိုင်ငံသို့ ဂျပန် ရေတပ်သင်္ဘောများ လာရောက် ဆိုက်ကပ်ခြင်းသည် အိန္ဒိယ သမုဒ္ဒရာတွင်း ပျံ့နှံ့လာသော တရုတ်သြဇာကို ထိန်းလိုသည့် ဂျပန့် အိန္ဒိယသမုဒ္ဒရာ ဗျူဟာ၏ အစိတ်အပိုင်း ဖြစ်သည်ဟု ယူဆရသည်။ နှစ်နိုင်ငံ ရေတပ် ပူးတွဲ မလေ့ကျင့်သေးသော်လည်း နောင်တွင် ရေတပ်ချင်း ပူးပေါင်း လေ့ကျင့်ရန် နှစ်ဖက်စလုံးက လိုလားသည်ဟု ဧည့်သည်တော် ဂျပန်ရေတပ် ဗိုလ်ချုပ်ကြီးက ဖွင့်ဟပြောဆိုသည်။

ကမ္ဘာပေါ်တွင် တတိယအကြီးဆုံး သမုဒ္ဒရာဖြစ်ပြီး အာရှ၏ အကြီးဆုံးသော စီးပွားရေး နိုင်ငံများ၏ ကုန်သွယ် လမ်းကြောင်းများကို ပိုင်ဆိုင်ထားသည့် အိန္ဒိယ သမုဒ္ဒရာ၏ အခန်းကဏ္ဍသည် အာရှဒေသ၏ အရေးပါမှု ကမ္ဘာပေါ်တွင် တိုးတက်လာသည်နှင့်အမျှ ကျွဲကူးရေပါ လိုက်လံ မြင့်တက်လာသည်။ တရုတ်နိုင်ငံသည် အိန္ဒိယ သမုဒ္ဒရာတွင်း တရုတ်နိုင်ငံ၏ စီးပွားရေး အကျိုးစီးပွားများကို မြှင့်တင်မည်ဟု မကြာသေးမီကမှ ကြေညာလိုက်သည်။ အာရှတွင်း ပြိုင်ဘက်ကြီးများ ဖြစ်ပြီး သမိုင်းကြောင်း ရှိခဲ့သည့် တရုတ်နှင့် ဂျပန် တင်းမာမှုသည် ယခုနှစ်ပိုင်းတွင် အရှိန်မြင့်လာသည်။ ဒုတိယကမ္ဘာစစ်တွင်း သမိုင်းကြောင်းများကြောင့် ယခင်သိမ်းပိုက်ခံ အာရှနိုင်ငံများက စိုးရိမ်ကြမည် စိုး သောကြောင့် ဂျပန်တပ်မတော်သည် ပြင်ပသို့ ထွက်လှုပ်ရှားလေ့ မရှိသော်လည်း မကြာသေးမီ နှစ်များအတွင်း ဂျပန်တပ်မတော်၏ အခန်းကဏ္ဍသည် ပြင်ပသို့ ဦးတည်လာသည်။ ‘အမေရိကန် အာရှဒေသသို့ ပြန်လည် ဝင်ရောက်ခြင်း မူဝါဒ’ Asia Pivot တွင်လည်း ဂျပန်သည် မဟာဗျူဟာမြောက် မိတ်ဖက်အဖြစ် ပါဝင်လာသည်။

ဂျပန်ရေတပ် သင်္ဘောများ ဆိုက်ကပ်သည့် နေရာသည် သီလဝါ ဆိပ်ကမ်းတွင် ဖြစ်ပြီး ထိုဆိပ်ကမ်း အနီးတွင်ပင် ဂျပန်သည် မြန်မာနိုင်ငံတွင် ရည်ရွယ်ထားသည့် စီးပွားရေး ဇုန်များအနက် အလားအလာ အကောင်းဆုံး ဖြစ်သည့် သီလဝါ စီးပွားရေးဇုန်ကို ဖော်ထုတ်မည် ဖြစ်သည်။ ဂျပန်နိုင်ငံသည် ဆယ်စုနှစ် နှစ်စုကြာ စီးပွားရေး တုံ့ဆိုင်းမှုကို ကျော်လွှားရန် စီးပွားရေး အကြောဆေး ထိုးသွင်း (Economic Stimulus) ရန် ကြိုးစားနေသည်။ သို့သော် ဂျပန်ယန်းဈေးမှာ မာနေသေးသည့်အတွက် ဂျပန်ပြည်တွင်းတွင် ရင်းနှီးမြှုပ်နှံပြီး ထွက်ရှိလာသော ကုန်ပစ္စည်းများသည် ဈေးချိုမည် မဟုတ်သဖြင့် ဂျပန်၏ အစဉ်အလာ နောက်ဖေးခြံဝင်း ဖြစ်သည့် အရှေ့တောင် အာရှတွင် ဂျပန်ကုမ္ပဏီများက ရင်းနှီးမြှုပ်နှံခြင်းဖြင့်သာ ဂျပန့်စီးပွား ပြန်တက်ရန် အလားအလာ ရှိသည်။

လူဦးရေ သန်းခြောက်ဆယ်ရှိသော ဈေးကွက်ကြီး ဖြစ်သည့် မြန်မာနိုင်ငံသည် ဂျပန်နိုင်ငံ ထုတ်ကုန်ပစ္စည်းများ ရောင်းချနိုင်သည့် လောက်လောက်လားလား ဈေးကွက် ဖြစ်သလို လုပ်သားအင်အား ပေါများခြင်း၊ လုပ်အားခ ဈေးချိုခြင်းစသည့် ခွန်အားများ ရှိသဖြင့် မြန်မာနိုင်ငံတွင် ကုန်ပစ္စည်း ထုတ်လုပ်ပြီး မြန်မာနှင့် ဂျပန်မှအပ အခြားတတိယ နိုင်ငံများသို့ ရောင်းချနိုင်သော အလားအလာလည်း ကောင်းမွန် သည်။ ဂျပန်တွင် ဒုတိယအကြီးဆုံး Nissan ကားကုမ္ပဏီ ဒေါ်လာသန်း ၅၀၀ ရင်းနှီးမြှုပ်နှံကာ ကားစက်ရုံ တည်ထောင်မည် ဆိုခြင်းသည် ဂျပန်ရင်းနှီးမြှုပ်နှံမှု မြန်မာနိုင်ငံတွင်း ဝင်လာခြင်း၏ သာဓက ဖြစ်သည်။

ဂျပန်သည် မြန်မာနိုင်ငံကို သံယောဇဉ် ရှိသည်။ ဒုတိယကမ္ဘာစစ် အတွင်းက ဂျပန် အသိမ်းခံရသော နိုင်ငံချင်းတူတူ အခြားအာရှ နိုင်ငံများကဲ့သို့ အခွင့်အခါကြုံတိုင်း ထုတ်ဖော်ခြင်း မဟုတ်ဘဲ မြန်မာကမူ မေ့မေ့ပျောက်ပျောက် ဆက်ဆံသည်ကို ဂျပန်တို့ကလည်း သတိထားမိသည်။ ဂျပန် တော်လှန်ရေး အတွင်းကပင် တကွဲတပြား ထွက်ပြေးသော ဂျပန်တို့ကို မြန်မာ ရွာသူရွာသားတို့က ကောင်းမွန်စွာ စောင့်ရှောက်ထားသည်ကို အမှတ်တရ ရှိကြပြီး ထိုဇာတ်လမ်း၊ မှတ်ဉာဏ်တို့ကို သားစဉ်မြေးဆက် လက်ဆင့် ကမ်းကြသည်။ မြန်မာ တံခါးအဖွင့်တွင် ဂျပန်တို့၏ မြန်မာအပေါ် သံယောဇဉ် ကျန်ရစ်နေဆဲ ဖြစ်ခြင်းက မြန်မာနိုင်ငံအတွက် လက်ဆောင်မွန်ပင်။

ဂျပန် ထုတ်ကုန်များသည် နာမည်ကောင်း ရထားပြီး Japan Brand သည် ယုံကြည်ရသည်ဟု တစ်ကမ္ဘာလုံးက စိတ်ချထားသည်။ ဂျပန်သည် ကောက်ရိုးမီးမဟုတ်၊ ဆူလွယ်နပ်လွယ် ခူးခပ်စားပြီး နောက်တစ်နေရာ ကူးတတ်သည့် အလေ့မရှိ။ သူဝင်သည့် နိုင်ငံကို အခြေခံကောင်းများ တည်ဆောက် ပေးသည့်အတွက် ရေရှည် ဒိုးတူပေါင်ဖက် အတူတွဲပြီး နှစ်ဖက်စလုံး အကျိုးရှိ Win-Win ဖြစ်အောင် ကြိုးစားသည်။ မလေးရှား၊ ထိုင်း၊ အင်ဒိုနီးရှားတို့သည် ဂျပန် ဝင်လာခြင်းဖြင့် ပို့ကုန်များစွာ တင်ပို့နိုင်ပြီး ဖွံ့ဖြိုးမှု လှေကားကို မြန်ဆန်စွာ တက်နိုင်ခဲ့ကြသည်။ ဂျပန် ကုမ္ပဏီများသည် တာဝန်ယူတတ်သည့် ကုမ္ပဏီများ ဖြစ်သည့်အတွက် မြန်မာ့ရေမြေအတွက် အဆင်ပြေလိမ့်မည်။

အရှေ့တောင်အာရှတွင် အကြီးဆုံး စက်မှုဇုန် ဖြစ်လာမည့် ထားဝယ် ဆိပ်ကမ်း စီးပွားရေးဇုန်တွင် ထိုင်းကုမ္ပဏီ အီတာလျံ-ထိုင်း နောက်ဆုတ် သွားပြီးသည့် နောက်ပိုင်း ဂျပန်ကို ပါဝင်ရန် မြန်မာရော ထိုင်းနိုင်ငံ နှစ်ခုလုံးက စည်းရုံးနေကြသည်။ မြန်မာသမ္မတ ဦးသိန်းစိန်နှင့် ထိုင်းဝန်ကြီးချုပ် ယင်းလပ်တို့ နှစ်ဦးလုံးသည် မည်သည့် ထိပ်သီးစည်းဝေးပွဲတွင် ဂျပန် ဝန်ကြီးချုပ်ကို တွေ့တွေ့ ထားဝယ်ကိစ္စကို အဓိက တွန်းနေပုံပေါ်သည်။ ထားဝယ် စီမံကိန်းကို ဂျပန် အကြိုက်တွေ့နိုင်မည့်၊ ဂျပန်နှင့် ကိုက်ညီသည့် ပုံစံမျိုး ပြန်လည် ဖော်ဆောင်ခြင်းဖြင့် အကျိုးရှိနိုင်မည်ဟု မြန်မာအစိုးရက စဉ်းစားသည်။ ဂျပန်သည် ထားဝယ်သို့ ဝင်ရောက်ရန် ချိန်ဆနေသေးသော်လည်း အချက်အချာ နေရာကောင်း ထားဝယ်သည် ဂျပန်အတွက် ‘ပစ်ရမည်မှာ အဆီနှင့် တဝင်းဝင်း’ ဖြစ်လိမ့်မည်။

ယခုအချိန်တွင် ဂျပန်သည် မြန်မာနိုင်ငံကို နယ်ပယ်စုံ၊ နေရာစုံတွင် ကူညီပံ့ပိုးနေသည်။ ငြိမ်းချမ်းရေး ကဏ္ဍတွင် ဂျပန်မှ ဆာဆာကာဝါ ဖောင်ဒေးရှင်း ပါဝင်လှုပ်ရှားသည်။ ရန်ကုန်မြို့တော်ကို အဆင့်မြင့် မြို့တော် ဖြစ်အောင် စီမံရာတွင် ဂျပန့် အကြံဉာဏ်ကို ရယူနေသည်။ ဂျပန်သည် မြန်မာနိုင်ငံက တင်ရှိနေသော ကြွေးမြီ ဘီလီယံပေါင်း များစွာကို ရက်ရက်ရောရော လျှော်ပစ်လိုက်ပြီး ကြွေးအများဆုံး မြန်မာနိုင်ငံကို ကြွေးလျှော်ပေးသော နိုင်ငံဖြစ်လာသည်။ ကမ္ဘာ့ဘဏ်မှ အကြွေး ထပ်ယူနိုင်ရန် လက်ရှိ တင်ရှိနေသော အကြွေးကို သတ်မှတ်ပမာဏ တစ်ခုထိ လျှော့ချနိုင်မှသာ ဖြစ်သောကြောင့် ဂျပန်က အကြွေးကို စိုက်ဆပ်ပေး (Bridge Loan) သဖြင့် အကြွေး ထပ်ရသည်။ ရှယ်ယာ အများဆုံး ထည့်ဝင်ထားသော နှစ်နိုင်ငံအနက် ဂျပန်က တစ်နိုင်ငံဖြစ်သည့် အာရှဖွံ့ဖြိုးရေးဘဏ် (Asian Development Bank) ကလည်း မြန်မာနိုင်ငံတွင်း စီမံကိန်းများကို ပြန်လည် ကူညီ ထောက်ပံ့နေသည်။

လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးတွင်၊ ပညာရေးတွင် စသည် စသည်ဖြင့် ကဏ္ဍစုံ၊ နည်းလမ်း မျိုးစုံတို့ဖြင့် အကြံဉာဏ်အားဖြင့် လည်းကောင်း၊ ရင်းနှီးမြှုပ်နှံခြင်းဖြင့် လည်းကောင်း၊ ငွေကြေး ထောက်ပံ့ခြင်း ထုတ်ချေးခြင်းဖြင့် လည်းကောင်း ပါဝင်ကူညီ ပတ်သက်နေကြသည်။ ဂျပန် ပညာရှင်များတွင် လေသံကြားနှင့် ဖမ်းတရားနာသည့် ခါတော်မီ မြန်မာ့ ရေးရာ ပညာရှင်များ မဟုတ်ဘဲ မြန်မာနိုင်ငံအတွင်း ဝင်ထွက် လေ့လာထားသည့် တကယ့် မြန်မာ့ရေးရာ ပညာရှင်များ ပါဝင်သည်။

အာရှ စီးပွားရေးအင်အားကြီး၊ စိတ်ချ ယုံကြည်ရသည့် ကုန်အမှတ် တံဆိပ်များ ပိုင်ဆိုင်ထားသူ၊ နည်းပညာထိပ်တန်း၊ နှုတ်သာမက လက်ဖြင့်ပါ စောင်မသည့် ဂျပန်ကဲ့သို့ မိတ်ဆွေဟောင်း နိုင်ငံမျိုးနှင့် ပြန်လည် ပေါင်းထုပ်ခြင်းမှာ မြန်မာနိုင်ငံ ပြန်လည် တည်ဆောက်ချိန်တွင် တိုင်းပြီးရက်သည့် ပက္ကလာ၊ မိုးရွာသည်နှင့် အခန့်သင့် ဖြစ်သည်။ မြန်မာရော ဂျပန်ပါ နှစ်ဦးနှစ်ဖက် အကျိုးရှိအောင် ဉဏ်ကြီးကြီးဖြင့် စီမံသွားကြရန်သာ လိုသည်။

ညဥ့်နက်ပိုင်း လူစိမ်းတစ်ဦး နေအိမ်ပေါ်ရှိ ထုတ်တန်းပေါ်မှ ခုန်ဆင်းဓါးဖြင့် ထိုးသူကို ဓါးကိုလုပြီး ပြန်လုံးတိုက်ခိုက်ခုခံနိုင်ခဲ့သည့် ယဉ်ကျေးမှုတက္ကသိုလ်၊ ဂီတပညာအထူးပြုကျောင်းဆင်း မသဇင်


အင်မတန်သတ္တိကောင်းတဲ့ ညီမငယ်တစ်ဦးပါ... ကျနော်တို့အမျိုးသားယဉ်ကျေးမှုနဲ့အနုပညာတက္ကသိုလ်က ဂီတပညာအထူးပြုနဲ့ကျောင်းဆင်းခဲ့သူတစ်ဦးပါ။

ဖြစ်စဉ်ကတော့ ည ၂နာရီ ၃နာရီခန့် မှာမိုးတွေရွာတော့ နောက်ဖေးတံခါးကို ပိတ်ဖို့အသွား မီးဖိုခန်းထဲမှာ လူစိမ်းတစ်ယောက်က ထုတ်တန်းပေါ်ကဆင်း ဓါးနဲ့ထိုးတာပါ လည်ပင်းကို စထိုးမိပါတယ် သတ္တိကောင်းတဲ့ ညီမက အဲဒီလူလက်ထဲကဓါးကိုလုပြီး ပြန်လုံးပါတယ်။

မျက်နှာကို တစ်ချက်ထပ်ထိပါတယ် လူစိမ်းက ဓါးနဲ့ကြိမ်ဖန်များစွာထိုးသော် လည်း ညီမက ပြန်လည်ခုခံကယကွယ်ခဲ့တဲ့အတွက် အရမ်းထိခခိုက်တာမျိုးမဖြစ်ခဲ့ပါဘူး။

နောက်ဆုံးဓါးသွားကွတ်ထွက်ပြီး၊ လူစိမ်းကို ညီမက ပြန်ချုပ်ထားနိုင်ခဲ့ပြီး အော်ဟစ်အကူအညီတောင်းတော့မှ တခြားသူတွေရေက်လာပြီး လူစိမ်းကို ရဲစခန်းပို့နိုင်ခဲ့ပါတယ်။

ခုလောလောဆယ်တော့ရန်ကုန်ဆေးရုံကြီး အခန်း ၈ မှာ ဆေးကုသခံယူလျက်ရှိပါတယ်။ ယဉ်ကျေးမှုတက္ကသိုလ်ဆင်း ညီမငယ်တစ်ဦးအတွက် ကျနော်တို့ TOGETHER ညီအကိုမောင်နှမများသွားရောက် ကူညီစောင့်ရှောက်ခဲ့ကြပါတယ်။

Posted From Ogre MoodTOGETHER network

ဆက်စပ်သတင်း (Mizzima - News in Burmese)
ညဥ့်အချိန်မတော် အိမ်ခန်းထဲရောက်ရှိနေသူက အိမ်ရှင်အမျိုးသမီးအား ဓါးဖြင့်ထိုး

ဇော်ဇော်ထွေး | သောကြာနေ့၊ အောက်တိုဘာလ ၁၁ ရက် ၂၀၁၃ ခုနှစ် ၁၀ နာရီ ၁၇ မိနစ်

ညဥ့်အချိန်မတော် အိမ်ခန်းထဲရောက်ရှိနေသူတစ်ဦးက အိမ်ရှင်အမျိုးသမီးအား ဓားဖြင့်ထိုးခဲ့မှုတစ်ခု အောက်တိုဘာ ၉ ရက် နံနက်က လှိုင်မြို့နယ်ရှိ တိုက်ခန်းတစ်ခုတွင် ဖြစ်ပွားခဲ့သည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးက ထုတ်ပြန်သည်။

အမှုတွင် အောက်တိုဘာ ၈ ရက်ည ၁၀ နာရီက လှိုင်မြို့နယ်၊ (၉)ရပ်ကွက်၊ အင်းစိန်လမ်း၊ (၈)လွှာ၊ တိုက်(၈)နေသူ မသဇင်(၃၂)နှစ်(တယောထိုး)သည်
နေအိမ်တွင် သူငယ်ချင်းမိသားစုများဖြစ်သော ကိုဟိန်းကို၊ မနှင်းညိုအေး၊ မသိင်္ဂီတို့နှင့်အတူ အိပ်ရာဝင်ခဲ့သည်ဟု မှုခင်းမှတ်တမ်းတွင် ဖော်ပြထားသည်။

ထို့နောက် အောက်တိုဘာ ၉ ရက် နံနက် ၃ နာရီ ၂၀မိနစ်အချိန်တွင် မိုးရွာသဖြင့် နေအိမ်ရှေ့ ၀ရန်တာတွင် လှန်းထားသည့်အ၀တ်များအား သိမ်းဆည်းပြီး အခန်းတံခါးများပိတ်ကာ အိပ်ခန်းအတွင်းသို့ ပြန်ဝင်ခဲ့သည်ဟုလည်း ကာယကံရှင်က ရဲအားထွက်ဆိုထားသည်။

ထိုအချိန်တွင် မသိင်္ဂီတို့အိပ်ခန်းပေါ်ရှိ အုတ်ဘောင်ပေါ်တွင် အမည်မသိ လူတစ်ဦး ဒူးထောင်ထိုင်နေသည်ကို တွေ့ရှိ၍ မေးမြန်းခဲ့သည်ဟုလည်း ဆိုထားသည်။ ထိုအခါ အဆိုပါလူငယ်က မသဇင်တို့၏ နေအိမ်အတွင်းမှ ယုဆောင်ထားသည့် အရိုးအသွား ကိုးလက်မရှိ၊ အနက်ရောင်ကော်ရိုးတပ် စတီးဓားပြားဖြင့် ထိုးခဲ့သည်ဟုလည်း ရဲတပ်ဖွဲ့၏ ရဲမှတ်တမ်းတွင် တွေ့ရသည်။

ထို့ကြောင့် မသဇင်တွင် ယာပါးပြတ်ရှ၊ ယာညှပ်ရိုးပြတ်ရှ၊ ယာဒူးပွန်းစုတ်ဒဏ်ရာများရရှိကာ ရန်ကုန်ဆေးရုံကြီးတွင် အတွင်းလူနာ (မစိုးရိမ်ရ)အဖြစ် ကုသခဲ့ရသည်ဟုလည်း ရဲတပ်ဖွဲ့ကဆိုထားသည်။

ဓားဖြင့် ထိုးခဲ့သူမှာ မျိုးဇော် (၁၉)နှစ်၊ ပုံနှိပ်စက်ကိုင်၊ IME ကုမ္ပဏီ၊ တိုက်(၈)၊(ပ)၊ အင်းစိန်လမ်း၊ (၉) ရပ်ကွက်၊ လှိုင်မြို့နယ်ဖြစ်သူဟုလည်း ရဲတပ်ဖွဲ့က အတည်ပြုထားသည်။

၎င်းကိုအရေးယူပေးရန် မသဇင်က အမှုဖွင့်တိုင်တန်းသဖြင့် မြို့နယ်ရဲစခန်းက (ပ)၄၀၇/၂၀၁၃ဖြင့် အမှုဖွင့်ပြီး ပြစ်မှုကျူးလွန်သူကို ဖမ်းဆီးစစ်ဆေးနေကာ ပြစ်မှုထင်ရှားပါက ပုဒ်မ ၄၅၂ဖြင့် တရားစွဲတင်မည်ဟု တိုင်းရဲဌာနက ဆိုထားသည်။

Mizzima - News in Burmese

ကျပ်သိန်း ၄၈၀၀ ကျော် အကုန်အကျခံ ကြက်၊ ဘဲဈေး တည်ဆောက်မည် ဟု ဆို


မန္တလေး၊ အောက်တိုဘာ ၁၂

မန္တလေးမြို့တော် ကြက်၊ ဘဲဈေးကို လာမည့် ၂၀၁၃-၁၄ ဘဏ္ဍာနှစ်အတွင်း ကျပ်သိန်းပေါင်း ၄၈၀၀ ကျော် အကုန်အကျခံ တည်ဆောက်မည် ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ ဈေးနှင့် သားသတ်ဌာန အကြီးတန်း အရာရှိတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
“နေရာကိုလည်း ရွေးချယ်ပြီးပြီ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ကလည်း ခွင့်ပြုထားပါတယ်။ အခုလောလောဆယ် ဆောက်လုပ်ရေး လုပ်ငန်းတွေအတွက် မြေညှိဖို့ လုပ်နေပေမယ့် မိုးရွာထားတော့ မြေတွေက ဗွက်ထနေလို့ လုပ်ငန်းစလို့ မရသေးဘူး” ဟု အဆိုပါ ကော်မတီဈေးနှင့် သားသတ်ဌာန တာဝန်ရှိသူက ဆိုသည်။

အဆိုပါ မန္တလေး ကြက်၊ ဘဲဈေးကို ပုသိမ်ကြီးမြို့နယ် မဲကင်းကုန်းကျေးရွာနှင့် ကျွဲရည်ကုန်း ကျေးရွာအနီး ကွင်းအမှတ် ၄၉၅ ရှိ မြေဧရိယာ ၄ ဒသမ ၃၅ ဧကပေါ်တွင် တိုင်းဒေသကြီး အစိုးရ၏ ဘတ်ဂျက် ကျပ်သိန်းပေါင်း ၄၈၀၀ ကျော် အကုန်အကျခံပြီး မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ အဆောက်အအုံနှင့် ကုန်ရုံဌာနက တာဝန်ယူ တည်ဆောက်မည် ဖြစ်ကြောင်း ၎င်းထံမှ သိရှိရသည်။
“ကြက်ဘဲဈေးရှိတော့ ကောင်းတာပေါ့။ အခုဟာက အသားထုတ်လုပ်ဖို့ထက် ကြက်မွေး၊ ကြက်တောင်၊ ကြက် အညစ်ကြေးကို ဘယ်လို စွန့်ပစ်ရမှန်း မသိရတာက ဒုက္ခတစ်ခုလို ဖြစ်နေတယ်။ အိမ်ရှေ့ ရေနုတ်မြောင်းထဲကို ကြက် အညစ်ကြေးတွေကျရင် စည်ပင် သန့်ရှင်းရေးဌာနက အရေးယူတယ်။ အခုဆောက်မယ့် ဈေးမှာ အမှိုက်သန့်စင်စနစ် ပါတဲ့အတွက် အနည်းဆုံးတော့ အမှိုက်သရိုက် ကိစ္စကို သိပ်အာရုံ မစိုက်ရတော့ဘူးပေါ့” ဟု မဟာအောင်မြေ မြို့နယ် အခြေစိုက် ကြက်ရောင်းဝယ်ရေး လုပ်ကိုင်သူ ဦးဝင်းက ဆိုသည်။

အဆိုပါ တည်ဆောက်မည့် ကြက်၊ဘဲ ဈေးတွင် လူနှင့် ကြက်နေရန်အတွက် အဆောက်အအုံ ၁၂ လုံး တည်ဆောက်ရန် အစီအစဉ် ရှိထားသော်လည်း ဘတ်ဂျက် အနေအထားအရ ကနဦးအနေနှင့် ခန့်မှန်း ကြက်ကောင်ရေ ၅၀,၀၀၀ ကျော်နှင့် လူ ၆၀ ကျော် နေထိုင်နိုင်သည့် အဆောက်အအုံ ခြောက်လုံး၊ အိမ်သာ၊ လျှပ်စစ် ထစရန်စဖော်မာ၊ ရေဆိုးမြောင်း၊ ရေသန့်ရှင်းရေး စနစ်နှင့် အိမ်သာ၊ ဝန်ထမ်း အိမ်ရာတို့ကို ဦးစွာ တည်ဆောက်မည် ဖြစ်ကြောင်း အဆိုပါဌာနထံမှ ထပ်မံသိရသည်။
“သားသတ်ရုံတွေမှာ တိ/ကု ဆရာဝန်တွေ ရှိတယ်လေ။ အဲဒီဆရာဝန်တွေက အသားထုတ်လုပ်မယ့် တိရစ္ဆာန်မှာ ရောဂါကင်းရှင်းမှ အသား ထုတ်လုပ်ခွင့်ပေးတာ။ အခုကြက်သတ်ရုံ မရှိတော့ လူတွေက ကြက်ကို ဖြစ်သလို ကြုံတဲ့နေရာမှာသတ်ပြီး ဈေးမှာ ရောင်းနေကြတာ။ ကြက်သတ်ရုံ တကယ် ဖြစ်လာမယ်ဆိုရင် ဆရာဝန် တစ်ယောက်အနေနဲ့ပဲ ဖြစ်ဖြစ်၊ မန္တလေးသား တစ်ယောက် အနေနဲ့ပဲ ဖြစ်ဖြစ် ကြိုဆိုတယ်” ဟု မဟာအောင်မြေမြို့နယ်ရှိ ပွင့်ဦးဆေးခန်းမှ ဒေါက်တာဇော်ဇော်က ဆိုသည်။
The Voice Weekly

အသက် ၁၂ နှစ် သို့သော် စက်ရုပ် တီထွင်ပညာရှင်


ပုံမှာ မြင်တွေ့နေရတဲ့ ကလေးက အသက် ၁၂ နှစ်ပဲ ရှိပါသေးတယ်။ သို့ပေမယ့် သူ့ရဲ့  အကြီးမားဆုံး အောင်မြင်မှု တစ်ခုကတော့ စက်ရုပ် တီထွင်နိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံမှ Agrawal လို့ အမည်ရတဲ့ ကလေးငယ်ပါ။



အသက် ၄ နှစ်သားအရွယ်ကို ဝဘ်ဆိုဒ်တွေကို စတင်ထိတွေ့မိပြီး ဘာလို့စာတွေမြင်နေရလဲလို့ သူ့အမေကို မေးပါတယ်။ ဒါနဲ့ HTML နဲ့ ရေးထားတာ ဖြစ်ကြောင်း ပြောတာမို့ သူဟာ HTML ကို ၄ နှစ်သားက စလို့ စတင် လေ့လာခဲ့ပါတယ်။ အသက် ၅ နှစ်အရွယ်မှာ ကိုယ်ပိုင်ဝဘ်ဆိုဒ်တစ်ခု တည်ထောင်သွားနိုင်ခဲ့ ပါတယ်။ သူ့ရဲ့  မိဘ ၂ ပါးလုံးက အင်ဂျင်နီယာတွေပါ။ သူ့အသက် ၉ နှစ်ပြည့်မွေးနေ့မှာ ဝေါကီတော်ကီလို စကားပြောလို့ရတဲ့ ရေဒီယို တစ်လုံး ကို လက်ဆောင်ရတော့ ဟာ့ဒ်ဝဲ ပစ္စည်းတွေကို စတင်စိတ်ဝင်စားပါတော့တယ်။ ဒါနဲ့ စက်ရုပ်တွေကို တီထွင်တဲ့အခါမှာ အခြေခံ အသုံးပြုတဲ့ Arduino လို့လို့ Mini Computer Controller ကို လေ့လာခွင့် ရရှိခဲ့ပြီး စိတ်ကြိုက် လေ့လာ ပါတော့တယ်။ အသက် ၁၀ နှစ်အရွယ်မှာ သူဟာ Hacker Dojo လို့ အမည်ရတဲ့ Creative Group ကို ချိတ်ဆက်ဝင်ရောက်ခဲ့ပါတယ်။ ဒီအတွက်လည်း Test အလုပ်ခံရပေမယ့် သူ့ရဲ့  အရည်အချင်းကြောင့် အဖွဲ့မှာ စိန်ခေါ်မှုတိုင်းကို အောင်နိုင်ပါတယ်။

ပညာသင်ကြားခွင့်လည်းရနေတော့ အဖွဲ့ကနေ သူဟာ ဟာ့ဒ်ဝဲပစ္စည်းများ လေ့လာခြင်း၊ စက်ရုပ်တီထွင်ခြင်းတို့ကို ပြုလုပ် ပါတယ်။ အသက် ၁၂ နှစ်သားအရွယ်ရောက်တော့ OLogic အမည်ရ ကုမ္မဏီသို့ သူ့အဖေ ပို့ပေးခဲပါတယ်။ Disney နဲ့ Apple ကုမ္မဏီတို့ လိုအပ်တဲ့ စက်ရုပ်နဲ့ ကိရိယာ တန်ဆာပလာများကို တီထွင်ရောင်းချပေးနေတဲ့ ကုမ္မဏီဖြစ်ပါတယ်။ ယင်းကုမ္မဏီမှာ နွေရာသီကျောင်းပိတ်ရင် ကလေးများ လေ့လာခွင့်ရအောင် Internship များခေါ်ပါတယ်။ Agrawal ဟာ အလုပ်သင် ဝင်ရောက်ခဲ့ပြီး ပစ္စည်းများကို စိတ်ကြိုက်လေ့လာခွင့်ရပါတယ်။

ဖုန်စုပ်စက်နဲ့ သန့်ရှင်းရေး စက်ပစ္စည်းများကို လေ့လာဖို့အတွက် ကုမ္မဏီက ပရောဂျက်ပေးပေမယ့် သူကိုယ်တိုင် စက်ရုပ်တစ်ကောင်ကို စိတ်ကြိုက်ဖန်တီးပါတယ်။ ယင်းစက်ရုပ်အတွက် လိုအပ်တဲ့ ပရိုဂရမ် (Firmware, software) နဲ့ ဟာ့ဒ်ဝဲများကို စိတ်ကြိုက်တပ်ဆင်လိုက်တော့ စေခိုင်းလို့ရတဲ့ ရုံးဝန်ထမ်း တစ်ဦး ဖြစ်လာပါတယ်။ လောလောဆယ်ကတော့ မုန့် နဲ့ ပစ္စည်း တိုလီမုတ်စ သယ်ဖို့အတွက်ပဲ စေခိုင်းလို့ရပါသေးတယ်။ သို့ပေမယ့် အဲ့ဒီလောက်လုပ်ခိုင်းလိုက်နိုင်တာတင် ကြီးမားတဲ့ အောင်မြင်မှု ဖြစ်ပါတယ်။

သူ့အနေနဲ့ ရှေ့ ဆက်ပြီးတော့ ဟင်းချက်နိုင်တဲ့ စက်ရုပ်ကို တီထွင်မှာ ဖြစ်ပြီး ကုန်ကျစရိတ်က အမေရိကန်ဒေါ်လာ ၁ သိန်းရှိမယ်လို့တောင် အင်တာဗျူးမှာ ခန့်မှန်းပေးသွားပါတယ်။ အလုပ်သင် လေ့လာ ကာလပြီးလို့ ကျောင်းပြန်ဖွင့်ရင် သူ့အိမ်မှာပဲ ဆက်လုပ်မှာ ဖြစ်ပါတယ်။ စတူဒီယို အသေးစား ပြုလုပ်ထားပြီး ပစ္စည်းအဟောင်းများနဲ့ စက်ရုပ်တွေ ဖန်တီးမှာ ဖြစ်ပါတယ်။ ကောလိပ်တက်တဲ့အခါ စက်ရုပ် ပညာ ရပ် သို့မဟုတ် ကွန်ပြူတာ ပရိုဂရမ် ပညာရပ် ၂ ခုထဲက တစ်ခုခုကို အထူးပြု လေ့လာသွားမယ်လို့ ဆိုပါတယ်။

Agrawal ဟာ အသက်ငယ်ပေမယ့် သူ့ရဲ့  ကြိုးစားဖန်တီးမှုကြောင့် နေ့ချင်းညချင်း လူသိများလာခဲ့ပါတယ်။ သူတီထွင်တဲ့ စက်ရုပ်အကြောင်းကို အောက်ပါ ဗီဒီယိုမှာ လေ့လာနိုင်ပါတယ်။

အောင်ခမ်း

အိန္ဒိယ အရှေ့ ပိုင်း “PHAILIN” မုန်တိုင်း ဝင်ပြီ


VOA News, 13October 2013  —-  တနာရီလေတိုက်နှုန်း ၁၂၅ မိုင်လောက်နဲ့ အင်အားပြင်း ဆိုင်ကလုန်းမုန်တိုင်းတခု အိန္ဒိယနိုင်ငံ အရှေ့ဘက်ကမ်းရိုးတမ်းကို စနေနေ့က
ဝင်ရောက် တိုက်ခတ်ပါတယ်။
ဘင်္ဂလားပင်လယ်အော်ကနေဝင်ရောက်လာတဲ့ Phailin မုန်တိုင်းဟာ သြရဿ ပြည်နယ်ကို စနေနေ့ နှောင်းပိုင်းက ဝင်ရောက်လာတာ ဖြစ်ပါတယ်။ တနင်္ဂနွေနေ့ မနက်ဘက်ရောက်တဲ့အထိ လေပြင်းတိုက်ခတ်နေမယ်လို့ မိုးလေဝသပညာရှင်တွေက ခန့်မှန်းပါတယ်။ ကုန်းတွင်းပိုင်းကို ဆက်ပြီး ရွေ့လျားသွားတဲ့ မုန်တိုင်းနဲ့အတူ လေပြင်းတိုက်ခတ်မှုကြောင့် ၃ ယောက်ထက်မနည်း သေဆုံးတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
လေပြင်းမုန်တိုင်းကြောင့် သစ်ပင်တွေ အမြစ်ကနေ ကျွတ်ထွက်၊ ဓာတ်အားလိုင်းတွေ ကျိုးကျခဲ့သလို ကမ်းရိုးတမ်းဒေသက အိမ်တွေ ထိခိုက်
ပျက်စီးခဲ့ပါတယ်။ မုန်တိုင်းဖြတ်သွားမယ့်လမ်းကြောင်းတလျှောက်က တဲအိမ်တွေ၊ အဆောက်အဦးတွေအနေနဲ့ လေပြင်းဒဏ်ကို ခံနိုင်မှာ မဟုတ်ဘူးလို့ သဘာဝဘေးဒဏ် စီမံခန့်ခွဲရေးကော်မရှင်နာ T Radha က စနေနေ့က ပြောကြားခဲ့ပါတယ်။
မြေနိမ့်ပိုင်းဒေသတွေလည်း ရေလွှမ်းနိုင်တယ်လို့ သူက ပြောပါတယ်။ အိန္ဒိယနိုင်ငံသမိုင်းမှာ အင်အားအပြင်းဆုံးဖြစ်မယ်လို့ ခန့်မှန်းထားတဲ့ Phailin မုန်တိုင်းကြောင့် လူပေါင်း ၅ သိန်းနီးပါးကို တာဝန်ရှိသူတွေက ဘေးကင်းရာကို ပြောင်းရွှေ့ပေးထားပါတယ်။ မြန်မာနိုင်ငံရဲ့ အနောက်ပိုင်းမှာ
တည်ရှိတဲ့ သြရစ်ဿပြည်နယ်ဖက်ကို ခုလို အင်အားပြင်း မုန်တိုင်းဝင်ရောက်နေပေမယ့် မြန်မာနိုင်ငံဘက်ကိုတော့ သက်ရောက်မှုမရှိနိုင်ဘူးလို့ မိုးလေဝသပညာရှင် ဦးထွန်းလွင်က ပြောပါတယ်ရှင်။
ဗွီအိုအေ(မြန်မာ)

နန်းဝိုးဖန်၏ ခင်ပွန်း ဂျပန်နိုင်ငံသားကို မြန်မာ့မြေဈေးကို ဘယ်လိုကစားပြီး ဘယ်လိုထောင်ကျသွားခဲ့သလဲ


မှတ်မိကြဦးမယ်ထင်ပါတယ် ဂျပန်နိုင်ငံသားနဲ့ လက်ထပ်ထားတဲ့ တိုင်းရင်သူလေးတစ်ယောက် စသုံးလုံးရုံးပေါ်ကနေ ပြုတ်ကျသေဆုံးသွားတဲ့ သတင်း....

အခု သူ့ရဲ့ အမျိုးသား ဂျပန်နိုင်ငံသားကို စွဲချက်တင်တဲ့ သတင်းတစ်ခု ဖတ်လိုက်ရတယ်... အဲဒီမှာ လွတ်တော်အမတ် ဆိုတဲ့လူက ဂျပန်နိုင်ငံသားဖက်ကနေ သက်သက်ညှာညှာစဉ်းစားဖို့ ပြောနေတာ တွေ့ရတော့ အံ့သြမိတယ်....

သူတို့တွေ ဘယ်လိုလုပ်ခဲ့သလဲဆိုတော့ မြို့အပြင်က ရပ်ကွက်တွေမှာ ဒေါင့်ကျတဲ့ နေရာတွေ အချက်ချာကျတဲ့ မြေကွက်တွေကို အရင်ရအောင်ဝယ်တယ်... သူတို့လက်ထဲကို အချက်ချာကျတဲ့ မြေတွေ ရောက်ပြီဆိုတာနဲ့ ရပ်ကွက်အတွင်းပိုင်းက မြေကွက်ကို တစ်ဖက်လက်နဲ့ ဘယ်လိုမှ မပေါက်တဲ့ ဈေးပေးပြီး ဝယ်တယ်....

ရပ်ကွက်အတွင်းပိုင်းက မြေတွေတောင် ဒီဈေး ရနေပြီဆိုတော့.... အဲဒီအရှိန်နဲ့ ဒေါင့်ကွက်တွေ အချက်ချာကျတဲ့ နေရာတွေက မြေဈေးတွေ ပိုတက်လာတယ်... အဲဒီအချိန်ကျမှ တက်ဈေးနဲ့ ရိုက်ထုတ်တာ....

ဒါတောင် အမှုမှာ မိတာ ဒီတစ်မှုတည်းရှိသေးတယ်.... သံလျှင်ဘက်ထွက်ကြည့် တောင်ဒဂုံဘက် ထွက်ကြည့် ဗမာစကားတောင် မပြောတတ်တဲ့ တရုတ်တွေ ခြေရှုပ်နေကြတာ တစ်ပုံကြီးပဲ....

အဲဒီလိုနဲ့ ရန်ကုန်မြို့က မြေဈေးတွေ ခေါင်ခိုက် အဲဒီဒါဏ်ကို ခါးစည်းခံနေရတာ ရန်ကုန်မြို့ အခြေခံလူတန်းစားတွေ....

အခုနေ တစ်လကို သုံးသိန်း ဝင်တယ်ဆိုတဲ့ လူတစ်ယောက်က လခ ကောင်းတယ်လို့ ပြောလို့ရတယ်.... အဲဒီလူတစ်ယောက်တစ်ယောက်အတွက် ကိုယ်ပိုင်အိမ်လေး တစ်ခု ပိုင်ဖို့ ဆိုတဲ့ မျှော်လင့်ချက်.... ရှိလား.....

အဲဒီတော့ တစ်လကို သုံးသိန်းတောင် မဝင်တဲ့ ရန်ကုန်က လူအများစုအတွက် သူတို့ဘဝရဲ့ အိမ်လေးတစ်အိမ် ပိုင်ဆိုင်ဖို့ဆိုတဲ့ မျှော်လင့်ချက် ဘယ်နားရောက်သွားလဲ......

အဲလို ဝိသမ လောဘသားတွေနဲ့ အဲဒီလုပ်ရပ်တွေကို လျစ်လျူရှုနေတဲ့ တာဝန်ရှိတဲ့သူတွေကိုလဲ အံ့သြလို့ မဆုံးဖြစ်မိတယ်....

- စိုးဇေယျာထွန်း

အန်ဒမန်ပင်လယ်အတွင်းမှ မြန်မာရွှေပြောင်းလုပ်သား ၁၃ လောင်း ဆယ်ယူရရှိ


ဘန်ကောက်၊ အောက်တိုဘာ ၁၃

ထိုင်းနိုင်ငံ ရနောင်းဆိပ်ကမ်းအလွန် အန်ဒမန်ပင်လယ်အတွင်း နစ်မြုပ်ခဲ့သော လှေတစ်စင်းမှ မြန်မာရွှေ့ပြောင်းလုပ်သား ၁၃ လောင်းတွေ့ရှိကြောင်း ထိုင်းနိုင်ငံ ရေကြောင်းရဲတပ်ဖွဲ့မှသိရသည်။

ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့ညက တိုက်ခတ်ခဲ့သော မုန်တိုင်းကြောင့်နစ်မြုပ်ခြင်းဖြစ်ကြောင်း ထိုင်းရေကြောင်းရဲမှူး အကရတ်သ် အာရွန်ကပြောသည်။

စနေနေ့ညနေအထိ အမျိုးသားအလောင်း ၁၂ လောင်းနှင့် အမျိုးသမီးအလောင်း ၁ လောင်းတို့ကိုဆယ်ယူရရှိပြီးဖြစ်ကြောင်းသိရသည်။

နစ်မြုပ်သွားသောလှေမှာ ကော့သောင်းမှ ရနောင်းသို့လာသောလှေတစ်စင်းဖြစ်ပြီးမြန်မာရွှေ့ပြောင်းလုပ်သား ၃၀ ခန့်ပါဝင်ကြောင်းသိရသည်။

PP

ref: 13 bodies of Myanmar migrants recovered(Bangkok post)
Popular Myanmar News Journal

အလုပ်သမားတစ်ဦးဓါတ်လိုက်၍သေဆုံး


ရန်ကုန်၊ အောက်တိုဘာ ၁၃

၁၃.၁၀.၂၀၁၃ရက်နေ့ ၀၂၀၀နာရီအချိန်တွင်ထောက်ကြန့်နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် အင်းစိန်ဆေးရုံ၌ ဓါတ်လိုက်သေဆုံးသည့် အမျိုးသားတစ်ဦးရောက်ရှိနေကြောင်း သတင်းအရ
သွားရောက်စစ်ဆေးရာ သေဆုံးသူမှာ ငြိမ်းဇော်၊ နွယ်ခွေကျေးရွာ၊
ထောက်ကြန့်မြို့နေသူဖြစ်ပြီး ၎င်းသည် ၁၂.၁၀.၂၀၁၃ရက်နေ့ ၂၃၀၀နာရီအချိန်တွင် ယန်ယန်ခေါက်ဆွဲစက်ရုံအတွင်း
ရေနွေးငွေ့ဘွိုင်လာတိုင်ကီပေါ်တက်ကာ ရေပြည့်/မပြည့်ကြည့်ရှုစဉ်
ခြေချော်ပြီး ဘွိုင်လာဘေးရှိ မော်တာအား ခြေဖြင့်တိုက်မိရာမှ
မော်တာ၌တပ်ဆင်ထားသော လျှပ်စစ်ဝါယာကြိုးပြတ်ကာ ဓါတ်ကြိုးနှင့်ထိမိဓါတ်လိုက်ခဲ့သဖြင့် ယာလက်ခုံပွန်း၊ အောက်နှုတ်ခမ်းပွန်း
ဒဏ်ရာများရရှိ၍ အင်းစိန်ဆေးရုံသို့ပိုအပ်ခဲ့ရာ သေဆုံးသွားကြောင်း စုံစမ်းသိရှိရသဖြင့် ထောက်ကြန့်နယ်မြေ ရဲစခန်း
သေမှုသေခင်းအမှတ်စဉ်(၁၆/၂၀၁၃)ဖြင့် စုံစမ်းဆောင်ရွက်လျက်
ရှိကြောင်း သတင်းရရှိပါသည်။
Yangon Police

ပြည်ရထားဝန်ထမ်းဟောင်း မိသားစုများကို ဝန်ထမ်း အိမ်ရာမှ ဖယ်ရှားပေးရန် သတိပေး


ပြည်၊ အောက်တိုဘာ ၁၁

ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ပြည်မြို့ မီးရထားနယ်မြေ စက်ခေါင်းရုံရှိ ဝန်ထမ်းအိမ်ရာတွင် နေထိုင်သူ ရထား ဝန်ထမ်းဟောင်း မိသားစုများကို မီးရထားပိုင်မြေ ကျူးကျော်သူများဟု သတ်မှတ်ကာ တာဝန်ရှိသူများက ဖယ်ရှားရန် သတိပေးစာ ထုတ်ထားကြောင်း ဖယ်ရှားခံရသော မိသားစုဝင်များထံမှ စုံစမ်းသိရှိရသည်။

ယခုနှစ်တွင် သတိပေးစာ လေးကြိမ်တိုင်တိုင် ထုတ်၍ ဖယ်ရှားခိုင်းသော ဝန်ထမ်းအိမ်ရာ ဟောင်းတွင် နေထိုင်သူများသည် သေဆုံးသွားပြီ ဖြစ်သော ရထားဝန်ထမ်းဟောင်း၏ မိသားစုများ ဖြစ်ကြပြီး အိမ်ငှားခ စပေါ်ပေးရန် ငွေကြေး မတတ်နိုင်သည့် လက်လုပ်လက်စားများ ဖြစ်သည့်အပြင် ကျောင်းသူ၊ ကျောင်းသား များလည်း ရှိသဖြင့် နေရာ ပြောင်းရွှေ့ပေးရန် အခက်အခဲများ ရှိကြောင်း မီးရထား နယ်မြေ အတွင်းတွင် နေထိုင်သူ ဦးကျော်သောင်းက ပြောကြားသည်။
“၁၉၇၈ ခုနှစ်တည်းက နေလာတာပါ။ ယောက္ခမက တွဲစစ်မှူးပါ။ ဒီလိုနေရာ သတ်သတ်မှတ်မှတ် ရဖို့အတွက် ကျွန်တော်တို့ သားနဲ့၊ မြေးတွေလည်း မီးရထားမှာ ဝန်ထမ်း ပြန်လျှောက်ခဲ့တယ်။ မရခဲ့ဘူး။ ဆိုက္ကား နင်းရတဲ့ အခြေအနေနဲ့ အိမ်စပေါ်တင်ဖို့တောင် မလွယ်ပါဘူးဗျာ” ဟု ၎င်းကဆိုသည်။

သတိပေး အကြောင်းကြားစာ ထုတ်ပြန်ထားသည်မှာ မှန်ကန်ကြောင်း တစ်နိုင်ငံလုံးရှိ မီးရထားမြေ ကျူးကျော် သူများကိုလည်း သတိပေး အကြောင်းကြားစာ ထုတ်ပြန်ထားကြောင်း မြန်မာ့မီးရထား ရန်ကုန်တိုင်း တာဝန်ခံက ပြောကြားသည်။

စက်ရုံဝင်းရှိ ဝန်ထမ်းအိမ် ၂၁ အိမ်မှာ ကျူးကျော်မြေ ဖြစ်၍ တရားဝင်စာနှင့် ဖယ်ရှားခိုင်းခြင်း ဖြစ်ကြောင်း၊ လက်ရှိ နေသူများတွင် ဝန်ထမ်းဟောင်းများ၏ မိသားစု မဟုတ်သည်များလည်း ရှိ ကြောင်း၊ ဖယ်ရှားရန် နောက်ဆုံး သတ်မှတ်ရက်မှာ နို့တစ်စာတွင် မပါကြောင်း ပြည်ဘူတာ စက်ခေါင်းစက်ရုံ အလုပ်ရုံမှူး ဦးသန်းဦးက ပြောကြားသည်။
“ဝန်ထမ်းအိမ်ရာဆိုတာ လုပ်ငန်းခွင်ထဲ ရှိစဉ်ပဲ ခံစားခွင့် ရှိပါတယ်” ဟု ၎င်းကဆိုသည်။

ဖယ်ရှားပေးရမည့် နောက်ဆုံး သတ်မှတ်ရက် မပါရှိသော်လည်း သီတင်းကျွတ်တွင် ဖယ်ရှားခိုင်းပြီး အိမ် ၂၁ လုံးတွင် နေထိုင်သော လူဦးရေ ၅၀ ခန့်မှာ အခြေခံ လူတန်းစားများ ဖြစ်နေသည့်အတွက် ဖယ်ရှားခြင်း မပြုရန် အသနားခံမည် ဖြစ်ကြောင်း ဝန်ထမ်းအိမ်ရာ ဟောင်းတွင် နေထိုင်သူ မိသားစုများထံမှ စုံစမ်းသိရှိရသည်။

စက်ရုံဝင်းအတွင်း ကျူးကျော်တဲများကြောင့် စက်ရုံ လုံခြုံမှု မရှိသဖြင့် ဌာနဆိုင်ရာ ပစ္စည်းများ ပျောက်ဆုံးနိုင်ခြင်း၊ မီးဘေးလုံခြုံမှု စိုးရိမ်ရခြင်း၊ မသမာသူများနှင့် ဆက်စပ်ကာ ပေါက်ကွဲစေနိုင်ခြင်း၊ ဥပဒေနှင့် မလွတ်ကင်းသူများ ခိုအောင်း နေထိုင်၍ ပြဿနာ ဖြစ်ပွားနိုင်ခြင်း၊ စက်ရုံတွင်း ပြင်ပလူများ နေခွင့် မရှိခြင်းတို့ကြောင့် ဖယ်ရှားပေးရန်ဟု သတိပေးစာတွင် ဖော်ပြပါရှိသည်။
The Voice Weekly

တရုတ်နိုင်ငံတွင် ထိုင်ခုံတစ်လုံး ရုတ်တရက် ပေါက်ကွဲ အမျိုးသမီး တစ်ဦး ဒဏ်ရာ ပြင်းထန်စွာ ရရှိ


Saturday, 12 October 2013

တရုတ်နိုင်ငံ ဖူကျန့် ပြည်နယ်တွင် အသက် ၂၄ နှစ်အရွယ်ရှိ မိန်းကလေး တစ်ဦးသည် ကွန်ပျူတာ ရှေ့တွင် ထိုင်နေစဉ် ၄င်းထိုင်နေသော ထိုင်ခုံမှာ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ပြင်းထန်စွာ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ မိန်းကလေးသည် လွင့်စင် လာခဲ့သည့် စတီး အပိုင်းအစများ သူမ၏ ခန္ဓာကိုယ် အတွင်းသို့ ထိုးဖောက်ဝင် ရောက်ခဲ့သဖြင့် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ပြီး သူမ၏ ခန္ဓာကိုယ် အတွင်းမှ ဝက်အူလှည့်ပေါင်း များစွာနှင့် ပလတ်စတစ် အပိုင်းအစများကို အရေးပေါ် ခွဲစိတ် ကုသ၍ ဖယ်ရှားပေး ခဲ့ရကြောင်း သိရသည်။

၎င်းမိန်းကလေးသည်ရေချိုးပြီးနောက် ကွန်ပျူတာ စားပွဲရှေ့ရှိ ထိုင်ခုံတွင် ထိုင်၍ လေမှုတ် စက်ဖြင့် သူမ၏ ဆံပင်ကို အခြောက်ခံနေစဉ် သူမထိုင်နေသည့် ထိုင်ခုံက ရုတ်တရက် ထ၍ ပေါက်ကွဲခဲ့ မှုကြောင့် သတိမေ့ သွားခဲ့ကြောင်း အဆိုပါ မိန်းကလေး၏ အစ်ကို ဖြစ်သူက ဆိုသည်။

ယင်းမိန်းကလေး ထိုင်နေသော ထိုင်ခုံတွင် တပ်ဆင်ထားသည့် ဂက်စ်ထားရှိရာ နေရာ၏ ဖိအားကြောင့် ယခုကဲ့သို့ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ဟန်တူကြောင်း ထိုင်ခုံစက်ရုံမှ ပြောရေး ဆိုခွင့်ရှိသူ တစ်ဦးက ပြောကြားခဲ့ကြောင်း Dangnan နေ့စဉ်ထုတ် သတင်းစာက ဖော်ပြ ခဲ့သည်။
Myawady News

ဗိုက်ခေါက်ထူဗိုက်ပူ သူများအတွက်


ဗိုက်ခေါက်ထူဗိုက်ပူပြီး အဆီ များနေသူတွေအတွက်လက်တွေ့(၇ )ရက်အတွင်း သိသိသာသာ ဗိုက်ချပ်ပြီး အဆီကျစေတဲ့ဆေးနည်းလေးကို မျှဝေလိုက်ပါတယ်

ဆေးနည်းကအလွန်လွယ်ပြီးအကုန်အကျလည်းအလွန်သက်သာပါတယ်
အိမ်မှာရှိတတ်တဲ့ ပစ္စည်းလေးတွေကို ရောစပ်ပြီး အသုံးပြုရမှာပါ ပါဝင်တဲ့ ပစ္စည်းတွေကတော့သံပုရာသီး၊အုံးဆီ ဆေးပူ(ဒဏ်ကြေလိမ်းဆေး) တို့ကို တစ်ခါလိမ်းရုံ ရောစပ်ပြီး လိမ်းပေးရမှာပါ

ဖေါ်စပ်နည်း...
သံပုရာသီး တစ်လုံးရဲ့ ၅ ပုံ တစ်ပုံလောက်ကို လှီးပြီးအကြမ်းပုဂံလုံးထဲကို အရည်ညှစ်ပါ... အကြမ်းပုဂံလုံးထဲသို့ အုံးဆီ သုံးလေးစက်လောက် ထည့်ပေးပါ ထို့နောက်လိမ်းဆေးတစ်မျိုးမျိုး ( ဂဠုန်ရာဇာ,မိဂသီ,ရှမ်းရိုးမ,လင်ဇီး) ကိုတစ်ခါလိမ်းစာအနေတော်ထည့်ပြီး မွှေပေးပါ...

အသုံးပြုနည်း...
ညအိပ်ယာဝင်ခါနီးတိုင်း ဆေးကို ရင်ခေါင်းမှ ၀မ်းဗိုက်သို့ အထက်မှအောက်သို့ ဆွဲချပြီး အသားထဲစိမ့်ဝင်အောင် ပွတ်လိမ်းပေးပါ... ခါးတွင်အဆီရှိပါကခါးမှ ချက်သို့ ပွတ်လိမ်းပေးနိုင်ပါတယ်... တစ်ပါတ်အတွင်း သိသာစွာဗိုက်ချပ်လာသည်ကို... လက်တွေ့ တွေ့မြင် ခံစားရမှာပါ(ညစာကို ပုံမှန်ထက လျှော့စားပေးရင်ပိုပြီးသိသိသာသာ ဗိုက်ချပ်စေပါတယ်)တစ်ပါတ်အတွင်းသိသိသာသာအဆီနှင့်အခေါက်များ လျှော့ကျသွားမှာဖြစ်ပါတယ်...


posted by နှင်းဆီဖူးလေးများ-Love BUDS

MNL Cup 2013 ချန်ပီယံဆုဖလား ကမ္ဘောဇ အသင်း ပထမဆုံး ဆွတ်ခူး


ရန်ကုန်၊ အောက်တိုဘာ ၁၃
ရန်ကုန်၊ သုဝဏ္ဏကွင်းတွင် အောက်တိုဘာ ၁၂ရက် ညနေ ၄နာရီက
MNL Cup 2013 ချန်ပီယံပွဲစဉ်တွင် ကမ္ဘောဇ အသင်းနှင့် မကွေး အသင်းတို့ယှဉ်ပြိုင်ကစားခဲ့ရာ
ကမ္ဘောဇ အသင်းက (၁-၀)ဂိုးဖြင့် အနိုင်ရရှိကာ ချန်ပီယံ ဆုဖလားအား ပထမဆုံး အကြိမ် အဖြစ် ဆွတ်ခူးနိုင်ခဲ့ကြောင်းMFFမှသိရသည်။
ကမ္ဘောဇ အသင်းအတွက်တစ်လုံးတည်းသော အနိုင်ဂိုးအား တိုက်စစ်မှူး စိုးမင်းဦးက ပွဲကစားချိန် ၄၃မိနစ်တွင် သွင်းယူပေးခဲ့ခြင်း ဖြစ်သည်။
ချန်ပီယံ ကမ္ဘောဇ အသင်းအား တစ်ဦးချင်း ဆုတံဆိပ်များ၊ ငွေကျပ် သိန်း(၂၀၀)နှင့်အတူ ချန်ပီယံ ဆုဖလား၊
ဒုတိယ ဆုရရှိခဲ့သည့် မကွေး အသင်းအား တစ်ဦးချင်း
ဆုတံဆိပ်များနှင့် အတူ ငွေကျပ် သိန်း(၁၀၀)၊တို့အား
မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက
ပေးအပ် ချီးမြှင့်ခဲ့ကြောင်းMFFမှသိရသည်။T
Popular Myanmar News Journal

ဗုံးပေါက်ကွဲမှုကြောင့် ချမ်းမြေ့ တည်းခိုခန်းတွင် တည်းခိုသူများကို တောင်ငူ မြို့ပေါ်မှ ထွက်ခွာခွင့် တားမြစ်


တောင်ငူ၊ အောက်တိုဘာ ၁၂

လူနစ်ဦး သေဆုံးခဲ့ရသော ချမ်းမြေ့တည်းခိုခန်း ဗုံးပေါက်ကွဲမှုတွင် လိုအပ်သော စစ်ဆေး အရေးယူမှုများ ပြုလုပ်နိုင်ရန် တည်းခိုခန်းတွင် လာရောက် တည်းခိုနေထိုင်သူများကို တောင်ငူမြို့ပေါ်မှ ထွက်ခွာခွင့် တားမြစ်ထားကြောင်း တောင်ငူမြို့ မြို့မ ရဲစခန်းမှ တာဝန်ရှိသူများနင့် အမှတ် (၁၇) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဖြစ်သူက ပြောကြားသည်။

တောင်ငူမြို့ (၁၇) ရပ်ကွက် ကန်လမ်းရှိ ချမ်းမြေ့ တည်းခိုခန်းတွင် အောက်တိုဘာ ၁၁ ရက်နေ့ည ၈ နာရီ မိနစ် ၅၀ အချိန်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားရာ အသက် ၂၉ နှစ် အရွယ် အမျိုးသားတစ်ဦးနင့် အသက် ၂၂ အရွယ် အမျိုးသမီးတစ်ဦး သေဆုံးပြီး အခြားလူတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း မျက်မြင်တွေ့ရှိသူများထံမှ သိရသည်။
“ကျွန်တော်က ပေါက်ကွဲသံကြားလို့ အခန်းအပြင် ထွက်ကြည့်တော့ အခန်းတံခါးတွေ ကျိုးပဲ့ပျက်စီးနေပြီး လူတစ်ယောက်က ခုံကျိုးတွေကြားမှာ သွေးတွေ အိုင်ထွန်းပြီး လဲကျနေပါပြီ။ ပထမတော့ မိုးကြိုးပစ်တယ်လို့ ထင်တာ။ မိုးတွေကလည်း ရွာနေတော့” ဟု အခင်းဖြစ်ပွားရာ တည်းခိုခန်း အခန်းအမှတ် ၃ တွင် ရန်ကုန်မြို့မှ လာရောက် တည်းခိုနေထိုင်သူ ဦးဝေသိန်းက ရှင်းပြသည်။

လယ်ဝေးမြို့မှ လာရောက် တည်းခိုနေထိုင်သူ မီးရထားရဲတပ်သား အသက် ၂၉ နှစ်အရွယ်ရှိ ဦးနေမျိုးကျော် ဆိုသူသည် အခင်းဖြစ်ပွားရာ ချမ်းမြေ့တည်းခိုခန်း အပေါ်ထပ် အခန်း ၆ /B တွင် ရှိနေပြီး ညောင်လေးပင်မြို့မှ လာရောက် တည်းခို နေထိုင်သူ အသက် ၂၄ နှစ် အရွယ်ရှိ ဒေါ်ယုခိုင်နှင့် အသက် ၂၇ နှစ်အရွယ် ဒေါ်ငြိမ်းသူဆိုသူတို့ နှစ်ဦးသည် အခန်း ၆ တွင် ရှိနေစဉ် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု တောင်ငူမြို့ မြို့မရဲစခန်း၏ ကနဦး စစ်ဆေးချက်များအရ စုံစမ်းသိရှိရသည်။

အဆိုပါ ဗုံးပေါက်ကွဲမှုကြောင့် မီးရထား ရဲတပ်သား နေမျိုးကျော်မှာ အခင်းဖြစ်ပွားရာ နေရာ၌ သေဆုံးခဲ့ပြီး ဒေါ်ယုခိုင် ညောင်လေးပင်မြို့နယ် မြို့မ (၄) ရပ်ကွက် နေသူမှာလည်း တောင်ငူ ပြည်သူ့ဆေးရုံကြီးကို တင်ပို့ ကုသနေစဉ် အဆိုပါည ၁၁ နာရီ ၃၀ မိနစ်အချိန်တွင်သေဆုံး ခဲ့ကြောင်း တောင်ငူမြို့ မြို့မ ရဲစခန်းမှ စုံစမ်းသိရှိရသည်။
“လုံခြုံရေး အင်အားတွေ အခုရက်ပိုင်းမှာ တိုးချဲ့ထားတာပဲ။ အခုဖြစ်စဉ်က ဖြူး ဗုံးတွေတဲ့ ဖြစ်စဉ်နဲ့ ဆက်စပ်နိုင်ပါတယ်။ ဖြစ်တာက နှစ်ရက်လောက်ပဲ ကွာနေတယ်” ဟု တောင်ငူခရိုင် ရဲတပ်ဖွဲ့မှူးက သုံးသပ် ပြောကြားသည်။

အခင်းဖြစ်ပွားသည့် နေ့တွင် ချမ်းမြေ့ တည်းခိုခန်း၌ လာရောက် တည်းခိုနေသူ ၁၁ ဦးခန့် ရှိနေပြီး ဗုံးပေါက်ကွဲမှုကြောင့် သေဆုံးသူ အမျိုးသမီးနှင့် အဖော်ဖြစ်သူ ဒေါ်ငြိမ်းသူတို့ နှစ်ဦးသည် အဆိုပါ တည်းခိုခန်းတွင် လာရောက် တည်းခိုလေ့ရှိပြီး မည်သည့် အလုပ်လုပ်သည်ကို မသိရဘဲ ကျန်တည်းခိုနေသူ အများစုမှာ ကုမ္ပဏီ ဝန်ထမ်းများသာ ဖြစ်ကြောင်း အဆိုပါ တည်းခိုခန်းနှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။

အဆိုပါ ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်ပြီး တောင်ငူမြို့ မြို့မရဲစခန်းက (ပ)၅၃၅/၂၀၁၃ ပေါက်ကွဲစေတတ်သော အက်ဥပဒေပုဒ်မ -၃ အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိပြီး တောင်ငူခရိုင် ဖြူးမြို့နယ် ရန်ကုန်-မန္တလေး လမ်းဟောင်း စာတိုက်ရုံးရှေ့တွင် ရပ်တန့်ထားသော လိုက်ထရပ် အဖြူရောင် ခရီးသည်တင် ကားတစ်စီးပေါ်တွင် အောက်တိုဘာလ ၉ ရက်နေ့ နံနက် ၁၀ နာရီခွဲအချိန်ခန့်က ပေါက်ကွဲနိုင်သေးသော လက်လုပ်ဗုံး တစ်လုံးကို တွေ့ရှိခဲ့ပြီး တောင်ငူမြို့နယ် စစ်မြေပြင် အင်ဂျင်နီယာတပ်ရင်း (၉၁၁) မှ ဖြူးမြို့ နယ်မြေခံတပ်ရင်းသို ပို့ဆောင်ကာ ဖျက်ဆီး ပစ်ခဲ့ရသေးကြောင်း သက်ဆိုင်ရာ ရဲတပ်ဖွဲ့စခန်းများထံမှ စုံစမ်းသိရှိရသည်။

ဇေယျာကို (တောင်ငူ)
The Voice Weekly

မိုးစက်ဝိုင်နှင့်ပတ်သက်၍ အငြင်းပွားမှုများ ထပ်မံထွက်ပေါ်


 ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ)

ယခုရက်ပိုင်းအတွင်း၌ Miss Universe Myanmar မိုးစက်ဝိုင်နှင့်ပတ်သက်သော အငြင်းပွားဖွယ်ရာအကြောင်းအရာများ အွန်လိုင်းတွင်ပေါ်ထွက်လာပြီး ဝေဖန်ငြင်းခုံမှုများ ဖြစ်ပွားလျက်ရှိသည်။

မြန်မာနိုင်ငံ၌ ၂၀၀၉ ခုနှစ်အတွင်းက ဆီဒိုးနားဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့သော Miss Chinese Myanmar 2009 ပြိုင်ပွဲတွင် မိုးစက်ဝိုင်သည် တရုတ်အမည် (Yang Xinrong) ဖြင့် ယှဉ်ပြိုင်ခဲ့သောကြောင့် Miss Universe ပြိုင်ပွဲသို့ မြန်မာနိုင်ငံကိုယ်စားပြုမယ်အဖြစ် ၀င်ပြိုင် သင့်၊ မပြိုင်သင့် မြန်မာအွန်လိုင်း သုံးစွဲကြသူများအကြား အငြင်းပွားနေကြခြင်းဖြစ်သည်။ ထို့အပြင် မိုးစက်ဝိုင်အကြောင်းကို တရုတ်သတင်းဌာနများနှင့် သတင်းစာများက မစ္စ တရုတ်- မြန်မာ ၂၀၀၉ ဆုရရှိခဲ့သူတစ်ဦးအနေဖြင့် မြန်မာနိုင်ငံကိုယ်စားပြုကာ Miss Universe
Myanmar ရွေးချယ်ခံခဲ့ရသည့်အကြောင်းအရာများကို အမွှမ်းတင် ရေးသားနေသည်များကို အချင်းချင်းမျှဝေကြကာ ဝေဖန်နေခြင်း ဖြစ်သည်။

အွန်လိုင်းတွင် အငြင်းပွားနေသော မိုးစက်ဝိုင်အကြောင်း နှင့် ပတ်သက်၍ Miss Universe Myanmar Organization က ၄င်းတို့၏ တရားဝင်ဝက်ဘ်ဆိုက်မှတစ်ဆင့် အောက်တိုဘာ ၉ ရက် တွင် သတင်းထုတ်ပြန်ခဲ့သည်။ သတင်းထုတ်ပြန်ချက်တွင် အထက်ပါကဲ့သို့ သတင်းအမှားဖန်တီးနေသူများကို သိရှိသော်လည်း ၄င်းတို့၏ဂုဏ်သိက္ခာကို ထောက်ထားသောအားဖြင့် ရပ်တန့်ပေးပါရန် တောင်းဆိုလိုကြောင်း ရေးသားထားသည်။
Miss Universe Myanmar Organization မှ ပြောရေးဆိုခွင့်ရှိသူ ကိုချမ်းလင်းသူကလည်း မိုးစက်ဝိုင်သည် Miss Chinese Myanmar 2009 ပြိုင်ပွဲ ၀င်ပြိုင်ခဲ့သည်မှာ ဟုတ်မှန်သော်လည်း ပြိုင်ပွဲသည် Miss ပြိုင်ပွဲသီးသန့် ပြုလုပ်ခဲ့ခြင်းမဟုတ်ဘဲ နိုင်ငံတကာကုန်သည်ကြီးများအသင်း နှစ်ပတ်လည်ပွဲတွင် ပြုလုပ်ခဲ့သည့် ပွဲတစ်ပွဲသာဖြစ်ကြောင်း ၎င်းကပြောသည်။

ထို့အပြင် မိုးစက်ဝိုင်၌ တရုတ်နာမည်မရှိဘဲ နာမည်အရင်းမှာ ဝေေ၀ခိုင်ဖြစ်ကာ Passort အထဲတွင်လည်း ဝေေ၀ခိုင်သာ ဖြစ်ကြောင်း မိုးစက်ဝိုင်ထံမှ အတည်ပြုထားသည်ဟု ၎င်းက ဆက်လက်ပြောသည်။
မိုးစက်ဝိုင်၏မိဘများမှာလည်း မြန်မာနိုင်ငံတွင် မွေးဖွားသည့် နမ့်ခမ်းရှမ်းတိုင်းရင်းသားများဖြစ်ကြောင်း ကိုချမ်းလင်းသူက ပြောသည်။ အွန်လိုင်းတွင်ပျံ့နှံ့နေသော ပုံများမှာလည်း ၀တ်စုံ (၃)စုံ ယှဉ်ပြိုင်ရာမှ တရုတ်ရိုးရာဝတ်စုံနှင့် ယှဉ်ပြိုင်မှုများကို ဖော်ပြခြင်းဖြစ်သည်ဟု ၎င်းက ပြောကြားသည်။

ယင်းကဲ့သို့ ဝေဖန်မှုများကြောင့် ပြိုင်ပွဲအပေါ် တစ်စုံတစ်ရာသက်ရောက်မှုမရှိဘဲ ရုရှားသို့ သွားရောက်ရန် အချိန်ကပ်နေသောကြောင့် မိုးစက်ဝိုင်ကို စခန်းသွင်းလေ့ကျင့်မှုများ ပြုလုပ်နေကြောင်း ၎င်းကဆိုသည်။အင်တာနက်စာမျက်နှာများတွင် မိုးစက်ဝိုင်နှင့် ပတ်သက်၍ ဝေဖန်မှုထွက်ပေါ်သည်မှာ ဒုတိယအကြိမ်ဖြစ်ပြီး ပထမအကြိမ်ကလည်း အငြိမ်းစား ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ မြေးဖြစ်သူနှင့် ပတ်သက်၍ သတင်းများထွက်ပေါ်ခဲ့ရာ အောက်တိုဘာ ၃ ရက် တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ယင်းကိစ္စသည် မဟုတ်မှန်ကြောင်း မိုးစက်ဝိုင်က ပြောခဲ့သည်။ ယင်းသတင်းစာရှင်းလင်းပွဲ ၌ သတင်းထောက်တစ်ဦးက မိုးစက်ဝိုင်အနေဖြင့် ယခင်က ယခုကဲ့သို့ Miss ပြိုင်ပွဲများ ၀င်ရောက်ယှဉ်ပြိုင်မှု ရှိ၊ မရှိ မေးမြန်းခဲ့ရာ ယခုပွဲကဲ့သို့ ပြိုင်ပွဲကြီးများတွင် မယှဉ်ပြိုင်ဖူးသော်လည်း မြန်မာနိုင်ငံ ကုန်သည်ကြီးများအသင်း၏ နှစ်ပတ်လည်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ဖူးကြောင်း မိုးစက်ဝိုင်က ဖြေကြားခဲ့ဖူးသည်။
Miss Universe ၏ တရားဝင် ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင်လည်း မိုးစက်ဝိုင်၏ဓာတ်ပုံကို ဖော်ပြထားပြီဖြစ်ပြီး ပရိသတ်အကြိုက်ဆုအတွက် စတင်မဲပေးနိုင်နေပြီဖြစ်သည်။

မိုးစက်ဝိုင်၏ တရားဝင်ဖေ့စ်ဘွတ်ခ်စာမျက်နှာကိုလည်း အောက်တိုဘာ ၈ ရက်က စတင်ဖွင့်ခဲ့ပြီး ယခုအချိန်အထိ Like လုပ်ထားသူ သုံးသောင်းကျော်ရှိပြီဖြစ်သည်။ ယခုရက်ပိုင်းတွင် ထွက်ပေါ်နေသောသတင်းများနှင့် ပတ်သက်၍ ဝေဖန်သူများရှိသလိုပင် မည်သည့်လူမျိုးဖြစ်စေကာမူမြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ယှဉ်ပြိုင်မည့်သူဖြစ်သောကြောင့် အားပေးကြောင်း ရေးသားထားသူများလည်းရှိကြသည်။
မိုးစက်ဝိုင်သည် နိုဝင်ဘာ ၉ ရက်တွင် ရုရှားနိုင်ငံ မော်စကိုမြို့၌ ပြုလုပ်မည့် မယ်စကြ၀ဠာပြိုင်ပွဲသို့ အောက်တိုဘာ ၁၈ ရက် တွင် သွားရောက်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

7Day Daily

မြန်မာရေချိုငါးပိ ကောလာဟလနှင့်ပတ်သက်၍ ငါးပိ၊ငါးခြောက်၊ငံပြာရည်လုပ်ငန်းရှင်များအသင်း(ယာယီ) စားသုံးသူများထံ ပန်ကြားချက် ယနေ့ထုတ်ပြန်


ရန်ကုန်၊ အောက်တိုဘာ ၁၃
လက်ရှိဖြစ်ပေါ်နေသောမြန်မာရေချိုငါးပိ ကောလာဟလနှင့်
ပတ်သက်၍မြန်မာနိင်ငံ
ငါးပိ၊ငါးခြောက်၊ငံပြာရည်လုပ်ငန်းရှင်များအသင်း(ယာယီ) က စားသုံးသူများထံပန်ကြားချက် ယနေ့ထုတ်ပြန်လိုက်သည်။

၎င်းကြေညာချက်တွင် ယူရီးယားဓါတ်မြေသြဇာ နှင့်ပတ်သက်၍
ခိုင်လုံသော ဓါတ်ခွဲစစ်ဆေး
ခြင်းမရှိ၊မျက်မြင်သက်သေအထောက်အထားလူပုဂ္ဂိုလ်တစ်ဦး
တစ်ယောက်မှမရှိခြင်းကြောင့်ယုံမှားသံသယမရှိစေရန် စားသုံးသူများထံ မေတ္တာရပ်ခံပြန်ကြားကြောင်းဖော်ပြထားသည်။သုတလင်း
Popular Myanmar News Journal

ဇင် ဘာဘွေနိုင်ငံတွင် အမျိုးသမီးများက အမျိုးသားများကို အုပ်စုဖွဲ့မုဒိမ်းကျင့်


ဇင် ဘာဘွေနိုင်ငံတွင် အမျိုးသမီးများက အမျိုးသားများကို အုပ်စုဖွဲ့ မုဒိမ်းကျင့်သည့် ကိစ္စများကြောင့် ရဲတပ်ဖွဲ့မှာ ခေါင်းခြောက်နေကြောင်း သိရသည်။ လွန်ခဲ့သော ၁၁ လအတွင်း အမျိုးသား ၆ ဦးမှာ အမျိုးသမီးများက အုပ်စုလိုက် မုဒိမ်းကျင့်မှု ခံခဲ့ရသည်။

ရဲဌာနက ထိုကိစ္စအတွက် ရှက်ပြီး ရဲမတိုင်သော အမျိုးသားများလည်း ရှိနိုင်ကြောင်း သုံးသပ်ပြောကြားခဲ့သည်။ အသက် ၂၆ နှစ်ရှိ ရဲသားတစ်ဦးသည် ဘူလာဝါယိုတွင် တာဝန်ထမ်းဆောင်နေစဉ် အသေးစား မီနီဘတ်စ်တစ်စင်းက အကူအညီတောင်းသဖြင့် သွားရောက်ခဲ့ရာ ကားထဲရှိ အမျိုးသမီး ၃ ဦးက ၎င်းအား ဝိုင်းချုပ်ခဲ့ကြသည်။ ယင်းသည် ရုန်းကန်ရန် ကြိုးစားသော်လည်း မျက်နှာကို မေ့ဆေးဖြင့် အုပ်ခံရပြီးနောက် သတိလစ်သွားကြောင်း ရဲတပ်ဖွဲ့ အကြီးအကဲ ဩဂက်စတင်းချီဟွာ ကဆိုသည်။ ထို့နောက် ထိုရဲသား သတိပြန်ရလာချိန်တွင် ၎င်းသည် မြို့ပြင်တောအုပ်တွင်း ရောက်နေပြီး အမျိုးသမီး ၃ ဦးက ယင်းကို လိင်ဆိုင်ရာ စော်ကားပြုမူနေသည်ကို သတိပြုမိခဲ့သည်။ ထို့နောက် စိတ်ကျေနပ်သွားသော အမျိုးသမီးများသည် ရဲသားတွင် ပါလာသော ငွေကြေးအနည်းငယ်နှင့် မိုဘိုင်းဖုန်းတို့ကို ရယူကာ ၎င်းအား မြို့ပြင်တွင် ထားခဲ့ပြီး ထွက်ပြေးသွားကြောင်း ချီဟွာက ပြောကြားခဲ့သည်။ ထိုသို့သော လုပ်ဆောင်ချက်နှင့် ပတ်သက်ပြီး အကြောင်းရင်းကို မသိရဟု ချီဟွာကဆိုသည်။

ဇင် ဘာဘွေ ဥပဒေအရ မုဒိမ်းမှုသည် အမျိုးသမီးများ ပြုကျင့်ခံရမှသာ အကျုံးဝင်ပြီး အမျိုးသားများအတွက် သတ်မှတ်မထားချေ။ ပြီးခဲ့သည့်လကလည်း အမျိုးသမီး နှစ်ဦးသည် အသက် ၄၄ နှစ်အရွယ် အမျိုးသားတစ်ဦးအား ၎င်းတို့နှင့် လိင်ဆက်ဆံရန် အတင်းခိုင်းစေခဲ့သည်။
ထိုစဉ်က ယင်းအမျိုးသားသည် အိပ်ယာတစ်ခုကို ဝယ်လာပြီး ကာရိုးအနောက်ပိုင်းရှိ နေအိမ်သို့ သယ်သွားချိန်တွင် အမျိုးသမီးများက ယခုလို ခိုင်းစေခဲ့ခြင်းဖြစ်သည်။

ယမန်နှစ် နိုဝင်ဘာလကလည်း အမျိုးသမီး ၂ ဦးသည် အသက် ၁၈ နှစ် အရွယ် ချာတိတ်တစ်ဦးကို ဟာရာရာရှိ ရိုမန်ကက်သလစ် ဘုရားကျောင်းအတွင်း သော့ခတ်ပိတ်ကာ မုဒိမ်းကျင့်ခဲ့ကြသည်။ ယခုကဲ့သို့ ရဲသားတစ်ဦးအား မီနီဘတ်စ်ပေါ် လိုက်လာသည့် အမျိုးသမီးများက မုဒိမ်းကျင့်ခဲ့ကြောင်း သတင်းထွက်ပေါ်လာပြီးနောက် ပြည်တွင်း သတင်းစာ တစ်စောင်က လမ်းပေါ်မောင်းလာသည့် မီနီဘတ်စ်ကို အလုအယက် ဝိုင်းတားနေသည့် အမျိုးသား အမြောက်အမြားပုံကို ကာတွန်းရေးဆွဲ သရော်ခဲ့ကြောင်း သိရသည်။
Myawady News

အင်တာနက်သုံးစွဲသူများအားလုံး သိထားရတော့မယ့် ဆယ်သွယ်ရေးဥပဒေပုဒ်မများ


အောက်ပါပြုလုပ်မှုများကို ကျူးလွန်ပါက ထောင်ဒဏ် သုံးနှစ် (သို့မဟုတ်) ငွေဒဏ် (သို့မဟုတ်) ဒဏ်နှစ်ရပ်လုံး

၆၆(ဂ) ဆက်သွယ်ရေးကွန်ယက်ကို အသုံးပြု၍ ငွေကြေးနှင့်ပစ္စည်းတစ်ရပ်ရပ်ကို
ခိုးယူခြင်း၊ လိမ်လည်ခြင်း၊ အလွဲသုံးစားပြုခြင်း သို့မဟုတ် ပျက်စီးစေခြင်း။

၆၆(ဃ) ဆက်သွယ်ရေးကွန်ယက်တစ်ခုခုကို အသုံးပြု၍ ပုဂ္ဂိုလ်တစ်ဦးဦးအား ခြောက်လှန့်တောင်းယူခြင်း၊ အနိုင်အထက်ပြုခြင်း၊ မတရားတားဆီးကန့်ကွက်ခြင်း၊ အသရေဖျက်ခြင်း၊ နှောင့်ယှက်ခြင်း၊ မလျော်သြဇာသုံးခြင်း သို့မဟုတ် ခြိမ်းခြောက်ခြင်း။

အောက်ပါပြုလုပ်မှုများကို ကျူးလွန်ပါက ထောင်ဒဏ် တစ်နှစ် (သို့မဟုတ်) ငွေဒဏ် (သို့မဟုတ်) ဒဏ်နှစ်ရပ်လုံး

၆၈ (က) မမှန်ကန်သော သတင်းအချက်အလက်ကို မရိုးမဖြောင့်သောသဘောဖြင့် ဆယ်သွယ်ခြင်း၊ ဖမ်းယူခြင်း၊ ပို့လွှင့်ခြင်း၊ ဖြန့်ချိခြင်း သို့မဟုတ် ပေးဝေခြင်း သို့မဟုတ် ပါဝင်ဆောင်ရွက်ခြင်း။
၆၈ (ခ) သတင်းအချက်အလက် ပို့လွှင့်ခြင်း၊ ဖမ်းယူခြင်း၊ ဆက်သွယ်ခြင်း၊ ပေးဝေခြင်း သို့မဟုတ် ဖြန့်ချိခြင်းကို ခွင့်ပြုချက်မရှိဘဲ တားမြစ်ခြင်း၊ တားဆီးပိတ်ပင်ခြင်း သို့မဟုတ် နှောင့်ယှက်ခြင်း

မြန်မာပြည်သူပြည်သားအားလုံး တရားဥပဒေရဲ့ စောင့်ရှောက်မှုကို ခံယူနိုင်ကြပါစေ။
Update News In Myanmar

လွှတ်တော်၌ မေးခွန်းမေးမြန်းမှုများကို ဖြေကြားရာတွင် ကျောင်းသားများ အလွတ်ကျက်၍ လာဖြေသည့်ပုံစံ ဖြစ်နေ၍ ပညာရေး ဒုတိယ၀န်ကြီးအား အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ပြစ်တင်ပြောကြား

လွှတ်တော်၌ မေးခွန်းမေးမြန်းမှုများကို ဖြေကြားရာတွင် ကျောင်းသားများ အလွတ်ကျက်၍ လာဖြေသည့်ပုံစံ ဖြစ်နေသဖြင့် ပညာရေး ဒုတိယ၀န်ကြီး ဒေါက်တာစန်းလွင်အား အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ပြစ်တင်ပြောကြားသည်။

အောက်တိုဘာ ၁၀ ရက်က ပြုလုပ်သော အမျိုးသားလွှတ်တော်တွင် ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၁၀) လွှတ်တော်ကိုယ်စားလှယ် ဦးနု၊ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၁၁) လွှတ်တော်ကိုယ်စားလှယ် ဦးစိုးအောင်၊ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၂) လွှတ်တော်ကိုယ်စားလှယ် ဦးဖိုးဇော်၊ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၅) အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာဌေးဝင်းတို့၏ ပညာရေးကဏ္ဍနှင့် သက်ဆိုင်သည့် ၀န်ကြီးဌာန၏ စီမံခန့်ခွဲမှု အခြေအနေ၊ ကျောင်းအဆင့် တိုးမြှင့်ပေးရေး၊ ကျောင်းဆောင်သစ် ဆောက်လုပ်ပေးရေးတို့နှင့် စပ်လျဉ်း၍ မေးခွန်းမေးမြန်းမှုများအား ဒုတိယ၀န်ကြီး၏ ပြန်လည်ဖြေကြားချက်ကို လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ထိုသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။

ကျောင်းအဆင့် တိုးမြှင့်ရေးနှင့် ပတ်သက်၍ ဒုတိယ၀န်ကြီး ဒေါက်တာစန်းလွင်က "ပညာရေး ၀န်ကြီးဌာနတွင် ကျောင်းများကို အဆင့်တိုးမြှင့်ပေးနိုင်ရန် ပထမဦးစွာ ကျောင်းသားဦးရေ၊ နယ်မြေဒေသ အခြေအနေတို့ကို အသေးစိတ် စိစစ်ပြီး ပညာသင်နှစ် (တစ်) နှစ်လျှင် တစ်ကြိမ်သာ ကျောင်းအဆင့် တိုးမြှင့်ပေးခြင်းများ ဆောင်ရွက်ပေးလျက် ရှိပါတယ်" ဟု ပြောကြားသည်။

ကျောင်းအဆင့် တိုးမြှင့်မှုနှင့်အတူ ပေါ်ထွက်လာသော လစ်လပ်နေရာများအတွက် ဆရာ၊ ဆရာမများ ပြောင်းရွှေ့ရာထူး တိုးပေးရခြင်းတို့ကြောင့် သင်ကြားရေး အစီအစဉ် ထိခိုက်နိုင်သည့်အတွက် တစ်နှစ်လျှင် တစ်ကြိမ်သာ ဆောင်ရွက်ခြင်းဖြစ်ပြီး ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် မေးခွန်းမေးမြန်းသည့် ကျောင်းများအား အဆင့်တိုးမြှင့်ပေးရန် အစီအစဉ် မရှိသေးကြောင်း၊ ကျောင်းဆောင်သစ် ဆောက်လုပ်ပေးရန်လည်း သတ်မှတ်ခွဲတမ်း ခွဲဝေပြီး ဖြစ်သဖြင့် အစီအစဉ် မရှိသေးကြောင်းနှင့် အခြေခံပညာ မူလတန်းကျောင်း ဖွင့်လှစ်ခွင့် ရရှိရေးအတွက် သက်ဆိုင်ရာကျောင်းမှ မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီး အဆင့်များသို့ တရားဝင် လုပ်ထုံးလုပ်နည်းများနှင့်အညီ အဆင့်ဆင့် တင်ပြထားရန် လိုအပ်ကြောင်း ဒုတိယ၀န်ကြီးက ပြောကြားသည်။

ထိုသို့ ဒုတိယ၀န်ကြီး၏ ဖြေကြားမှုအား အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က "ပြောရမှာအားတော့ အားနာတယ်။ ပြောတော့ပြောရမှာပဲ။ ကျောင်းသားတွေ အလွတ်ကျက်ပြီး ဖြေသလို ဖြစ်နေတယ်။ ဒုဝန်ကြီး လာဖြေတာလည်း အလွတ်ကျက်တာကို လာရွတ်ပြသလို ဖြစ်နေတယ်။ ပထမဦးစွာ ဦးနုရဲ့ မေးခွန်းပေါ့။ .....မန္တလေး (၁၁)က ဦးစိုးအောင်၊ ပဲခူး(၂)က ဦးဖိုးဇော်၊ ဧရာဝတီ (၅)က ဒေါက်တာဌေးဝင်း စသည်ဖြင့် ဒေသရဲ့ လိုအပ်ချက်တွေ လိုအပ်ချက်တောင်းတယ်။ တစ်နှစ်မှာ တစ်ကြိမ်ပဲ လုပ်ပါတယ်။ လုပ်ပါ။ တစ်နှစ်တစ်ကြိမ်ပဲ လုပ်ပါ။ ဒါကို မပြောလိုပါဘူး။ ဒါဝန်ကြီးဌာနရဲ့ အလုပ်ပဲ။ သို့သော် မှတ်သားထားရမယ်။ ဒါတက်လာလို့ရှိရင် အမှန်တကယ် လိုအပ်ခြင်း ရှိ၊ မရှိ ကွင်းဆင်းစစ်ဆေး ရမယ်။ ကိုယ့်မှာလက်တံတွေ ရှိတာပဲ။ မြို့နယ်ပညာရေးမှူးစစ်၊ ခရိုင်ပညာရေးမှူးစစ်၊ တိုင်းပညာရေးမှူးစစ် တကယ်လိုတာလား။ တကယ်လိုတယ်ဆိုရင် မှတ်ထားမယ်။ ဒီနှစ် ဘတ်ဂျက်မမီရင် နောင်နှစ်ဘတ်ဂျက်။ အခု အစိုးရအဖွဲ့ ဘတ်ဂျက်မတင်ရသေးပါဘူး။ RE တောင် မတင်ရသေးဘူး။ ဘတ်ဂျက်ပါအောင် လုပ်လို့ရတာပဲ။ နောက်တစ်ခုကတော့ ဘတ်ဂျက်ကတော့ ပြီးသွားပြီ ထားပါတော့။ ခုနက ပြောသလို အချိန်မရွေး အန္တရာယ်ရှိသော ကိစ္စမျိုး သဘာဝ ဘေးဒဏ်ကြောင့် ဖြစ်ပျက်တဲ့ ကိစ္စမျိုးအတွက် ရန်ပုံငွေရှိဖို့ လိုတယ်။ ၀န်ကြီးဌာနမှာ ရန်ပုံငွေ ရှိရမယ်။ မမျှော်မှန်းနိုင်သော ဘေးဒဏ်ကိစ္စဖြစ်ရင် ချက်ချင်းလုပ်ပေးမယ်။ ၂၄ နာရီအတွင်း လုပ်ပေးမယ်။ ခုနက အန္တရာယ်ရှိတဲ့ကျောင်းဆောင် တကယ်လား။ လက်တွေ့သွားကြည့်။ အန္တရာယ် မရှိအောင် ချက်ချင်းပြင်ပေးမယ်။ အသစ်မဆောက် ပေးနိုင်ရင်တောင် အန္တရာယ် မရှိစေရဘူး။ ဒီလိုတော့ ဖြေဖို့ကောင်းတယ်။ တစ်ကြိမ်လုပ်ပါတယ်။ အဲဒါ ပြီးသွားပါပြီ။ မရှိပါဘူး။ တစ်ကြိမ် လုပ်ပါတယ်။ မရှိပါဘူးဆိုတာ အလွတ်ကျက်ပြီး လာဖြေနေတာနဲ့တူတယ် ဒုဝန်ကြီး။ အဲဒါကြောင့် နောင်လာဖြေတဲ့ အခါမှာ ခုနကလို လုပ်ပါ။ အရင်တစ်ခါ တုန်းကလည်း အရိပ်အမြွက် သင်ပေးလိုက်ပြီးသား ဖြစ်ပါတယ်။ ဟုတ်ပြီနော်။ အဲဒီလိုလေးတွေ။ မိမိရဲ့လုပ်ငန်း စီမံခန့်ခွဲမှုကို နားလည်ပြီးမှ စနစ်တကျ လုပ်ပေးဖို့ လိုတယ်။ လွှတ်တော်ကိုယ်စားလှယ် တွေကလည်း မှတ်သားထားပါ။ ဘတ်ဂျက်မှာထည့်ဖို့ မှတ်သားထားပါ" ဟု ပြောကြားသည်။

Eleven Media Group

Isoflavones ပဲပုပ်ဆေး


Wed, Jun 27, 2012 at 9:49 AM
Isoflavone ဆေးအကြောင်းလေး သိချင်ပါတယ်ဆရာ။ သူငယ်ချင်းက သူ့အမေအတွက် သိချင်တယ်ဆိုလို့ပါ။ အမေ အသက်က ၆၆ နှစ်ပါ။ သွေးဆုံးပြီးသူများအတွက် အားဆေးဆိုလို့ပါ။ ဟုတ်ပါသလား။ ဟုတ်ရင် ဘယ်လောက်ကြာကြာ သောက်သင့်ပါသလဲ သိချင်လို့ပါ။ ဆိုးကျိုးကောင်ကျိုးများလည်း ပြောပြပေးပါဆရာ။

Soy products ပဲပုပ်နဲ့လုပ်တဲ့ အစာတွေ ဆေးတွေက ကျန်းမာရေး အကျိုးကျေးဇူးတွေ ရစေတယ်။

• Ease menopause symptoms သွေဆုံးခါနီးနဲ့ သွေးဆုံးပြီး ခံစားရတာတွေကို သက်သာစေတယ်။
• Osteoporosis အရိုးရောဂါတွေအတွက်ပါ ကောင်းစေလဲပါတယ်။
• Improve bone health အရိုးအားကောင်းစေတယ်။
• Reduce heart disease risk နှလုံးရောဂါ ဖြစ်လာမှာကို ကာကွယ်တယ်။
• Protect against prostate problems ယောက်ျား-ဆီးကျိတ်ရောဂါကို ကာကွယ်တယ်။
• Reduce cancer risk ကင်ဆာဖြစ်မှာကို နည်းစေတယ်။
• Breast cancer ရင်သား-ကင်ဆာကိုပါ ကာကွယ်တယ်လို့ ဆိုပါတယ်။

ပဲပုပ်ထဲက Isoflavones ရဲ့ ဓါတုတည်ဆောက်ပုံဟာ Estrogen နဲ့ ဆင်တယ်။ ဒါကြောင့် ကိုယ်ခန္ဓာကနေ ထုတ်နေတဲ့ (အီစထိုဂျင်) ကို ဟန့်တားရာ ရောက်နိုင်တယ်။ ကောင်းစေတာရော ဆိုးစေတာပါ ဖြစ်နိုင်တယ်။ Natural antioxidants သဘာဝကနေရတဲ့ (အင်တီ-အောက်စီဒင့်) ဖြစ်တယ်။ ကင်ဆာကိုကာကွယ်ရာမှာ အသုံးကျတယ်။

ဝေဖန်သူတွေက ဒီဓါတ်ကြောင့် Epithelial hyperplasia အပေါ်ဖုံးအလွှာ လိုတာထက်ပိုပေါက်ပွါးနိုင်တယ်လို့ ပြောတာပါ။ ဖြစ်မှာကို အခွင့်အလမ်းများစေမယ်။ Goiterလည်ပင်းကြီး နဲ့ Hyperthyroidism လည်ပင်းကြီး ဟော်မုန်းများတာလဲ ဖြစ်စေနိုင်တယ်လို့ ထောက်ပြထားတယ်။ လေ့လာမှုတွေ အများကြီးထဲက အကျိုးရစေတာကို ပြောတာက ပိုများတယ်။

Soy Isoflavones ဆေးကို Ovulation induction ကလေးရချင်တဲ့ အမျိုးသမီးတွေ မျိုးဥထွက်စေဘို့လဲ ပေးတတ်တယ်။ Clomid ဆေးသဘော ပေးကြည့်တာဖြစ်တယ်။ ဆေးပေးနည်းကလဲ အတူတူဘဲ၊ ရာသီဆင်းပြီးပြီးချင်း ပဌမဆုံး ၅ ရက်မှာ ဆေးပေးရတယ်။ Isoflavones 150-200 mg a day ပေးတယ်။ ကလေးမရသေးသူများ ပဲပုပ်စားပါ။

• ၃၁-၁၂-၂ဝဝ၄ လေ့လာမှုတခုက Isoflavones (ISO) ကနေ Dual energy X-ray absorptiometry (DEXA) သုံးပြီး Bone mineral density (BMD) အရိုး သိပ်သည်းဆ အပေါ်သက်ရောက်မှုကို လေ့လာခဲ့တယ်။ သွေးဆုံးကာနီးနဲ့ ဆုံးကာစ ဂျပန်အမျိုးသမီး ၈၁ ယောက်ကို လေ့လာတာဖြစ်တယ်။ ISO (100 mg) ပေးတဲ့ အုပ်စုနဲ့ မပေးတဲ့အုက်စု ၂ ခုခွဲလေ့လာတယ်။ ၂၄ ပါတ်ကြာဆေးပေးတယ်။ လူ ၇ဝ က လေ့လာမှု အဆုံးထိ ပါတယ်။ ကောက်ချက်ကတော့ ISO 100 mg/day ရေရှည်ပေးရင် Menopausal bone resorption ကို ကာကွယ်ရုံသာမကဘဲ BMD များစေတယ်၊ Body fat အဆီနည်းစေတယ်၊ BMI ကျစေတယ်။ ပိန်မယ်။
• ဒါပေမဲ့ Soy isoflavone pills don't prevent bone loss ဒီ Isoflavone ဆေးကနေ အရိုးပျက်စီးတာကို မကာကွယ်နိုင်ဘူးလို့ ၉-၈-၂ဝ၁၁ နေ့ကလာတဲ့ ANI သတင်းမှာပါတယ်။

ဘေးထွက်-ဆိုးကျိုးတွေ = ဝမ်ချုပ်၊ လေပွ၊ ဝမ်းပျော့၊ ပျို့၊ အစာအိမ်အနေရခက်။

Dr. တင့်ဆွေ
Dr. Tint Swe

Colorectal cancer အူမကြီး ကင်ဆာ


ဆရာ ကျေးဇူးပြု၍ COLON CANCER အကြာင်းရှင်းပြပေးပါ။ ကျွန်တော့် အဖေမှာ ခွဲစိတ်ပြီး colon cancer stage 2 ဖြတ်ထုတ်ပြီး အလုံးရဲ့ နုတ်ခမ်းပတ်လည်မှာ cancer cell လွတ်ကြောင်းသိရပါတယ်။

Bowel cancer အူကင်ဆာလို့ ခေါ်တာဟာ Colorectal cancers ဖြစ်တယ်။ Colon cancer အူမကြီး-ကင်ဆာ နဲ့ Rectal cancer အစာဟောင်းအိမ်-ကင်ဆာကို ပေါင်းခေါ်ထားတာ ဖြစ်တယ်။ အမျိုးသားတွေမှာ တတိယမြောက် နဲ့ အမျိုးသမီးတွေမှာ စတုတ္ထမြောက် အဖြစ်အများဆုံး ကင်ဆာဖြစ်တယ်။ ဖွံ့ဖြိုးတိုးတက်နိုင်ငံတွေမှာ ပိုဖြစ်တယ်။ ၆ဝ% ရှိတယ်။ ၂ဝဝ၈ လေ့လာမှုအရ တကမ္ဘာလုံးမှာ လူနာသစ်ပေါင်း ၁့၂၃ သန်းရှိပြီး၊ ၆ သိန်းကျော် သေဆုံးရတယ်။ အူသိမ်မှာ ကင်ဆာဖြစ်တာ ရှားတယ်။

Colon cancer အူမကြီး-ကင်ဆာ အများစုက ကင်ဆာမဟုတ်တဲ့ Polyps အသားပိုကနေစတယ်။ ဖြစ်ကာစမှာ အူမကြီးရဲ့ အတွင်းဆုံးလွှာကနေဖြစ်ပြီး စောစောမသိလို့ ဆေးမကုရင် အူမကြီးရဲ့ ကြွက်သားလွှာအထိ ရောက်လာမယ်။ နောက် ဆက်ပြန့်မယ်။ အူနံရံမှာသာ ဖြစ်နေသေးရင် ကုရတာလွယ်တယ်။ ရောဂါဗေဒအရပြောရရင် ၉၅% က Adenocarcinoma အမျိုးအစားဖြစ်ပြီး ကျန်တာက Lymphoma နဲ့ Squamous cell carcinoma အမျိုးအစားဖြစ်တယ်။

Cause ဘာလို့ဖြစ်သလဲ
• အသက်ကြီးမှ ဖြစ်တာများတယ်။
• ယောက်ျားတွေမှာ ပိုဖြစ်တယ်။
• အမျိုးထဲမှာ တယောက်မက ဖြစ်တတ်တယ်။ ဒါပေမဲ့ ၇၅-၉၅% ဟာ မျိုးဗီဇနဲ့ မပတ်သက်တာ တွေ့ရတယ်။
• လူနေမှုပုံစံ (အစားအသောက်၊ အရက်သောက်၊ ဆေးလိပ်သောက်) ကြောင့်လဲ ဖြစ်နိုင်တယ်။
• Inflammatory bowel disease (Ulcerative colitis and Crohn's disease) ရှိနေသူတွေမှာ ပိုဖြစ်တယ်။
- Crohn's disease ရှိသူထဲက ၁ဝ နှစ်အတွင်း ၂%၊ ၂ဝ နှစ်အတွင်း ၈% နဲ့ ၃ဝ နှစ်အတွင်း ၁၈% အူမကြီး-ကင်ဆာ လာဖြစ်တယ်။
- Ulcerative colitis ရှိနေသူထဲက ၂ဝ% ဟာ ၁ဝ နှစ်နေရင် အူမကြီး-ကင်ဆာဖြစ်လာတယ်။

Diagnosis ရောဂါသေခြာအောင် Sigmoidoscopy or Colonoscopy စမ်းရင်းနဲ့ Tumor biopsy အသားစ ဖြတ်ယူ စစ်ဆေးတာ လုပ်ရတယ်။ Barium enema စအိုကနေ ဆေးသွင်းပြီး ဓါတ်မှန်ရိုက်တာလဲ လုပ်တယ်။ ရောဂါ ဘယ်အထိ ပြန့်နေသလဲ သိအောင် CT scan လုပ်ရတယ်။ Virtual Colonoscopy နောက်ပေါ်နည်းဖြစ်တယ်။ အူမကြီးကို 3-D model CT scan images ပုံတွေ မြင်ရအောင် လုပ်တယ်။ အူထဲကို ကင်မရာထည့်နေစရာမလိုဘူး။ တခုရှိတာက Polyps တွေ့ရင် တခါတည်းခွဲထုတ်လို့ မရတာမို့ Colonoscopy လုပ်ပြီး ထုတ်ရလိမ့်မယ်။

အူမကြီးဆိုတာ ညာဘက်အထက်တန်းနေတာ၊ ကန့်လန့်တန်းနေတာ နဲ့ ဘယ်ဘက်အောက်တန်းနေတာဆိုပြီး ရှိတယ်။ ညာဘက်ဖြစ်တာမျိုးက အူလမ်းပိတ်တာ ဖြစ်ခဲတယ်။ သွေးယိုရာကနေ သွေးအားနည်းနေတာ များတယ်။ ဘယ်ဘက်က ဖြစ်တာ ဆိုရင် အူလမ်းပိတ်တတ်တယ်။

• အထဲမှာ ရောဂါစနေပေမဲ့ ဘာမှမခံစားရဘူး။ ဒါကြောင့် သိရင် နောက်ကျနေတတ်တယ်။
• သိသာတဲ့ ရောဂါလက္ခဏာတွေက
- စအိုကနေ သွေးယိုမယ်၊ ဝမ်းသွားရင်း သွေးပါမယ်။
- ကြာတော့ သွေးအားနည်းလာမယ်။
- လူက ပိန်လာမယ်။ အားယုတ်မယ်။
- ဝမ်းသွားရတာ အရင်လိုမဟုတ်တာဖြစ်မယ်။ ဝမ်းချုပ်တာ၊ ဝမ်းလျှောတာတွေ ဖြစ်မယ်။ ဝမ်းချုပ်တာ များတယ်။ ဝမ်းသွားပြီးပေမဲ့ မကုန်သေးသလို ခံစားရနိုင်တယ်။
- အစားအသောက် ပျက်မယ်။
- ကိုယ်ပူမယ်။
- ပျို့-အန်ချင်တာ ဖြစ်မယ်။ ဗိုက်အောင့်၊ လေထိုး အနေရဆိုးတယ်။

Risk factors ဘယ်လိုလူမျိုးတွေမှာ သတိထားရမလဲ
• Older age ကင်ဆာ ၉ဝ% ဟာ အသက် ၅ဝ ကျော်တွေဖြစ်တယ်။
• Colorectal polyps ကင်ဆာမဟုတ်တဲ့ အသားပိုရှိနေသူ။
• Ulcerative colitis and Crohn's disease ရောဂါရှိနေသူ၊
• Inherited syndromes မျိုးရိုးရှိသူ။
• Low-fiber, high-fat diet အဆီများများစားပြီး အသီးအနှံစားနည်းသူ။
• A sedentary lifestyle ကိုယ်လက်လှုတ်ရှားမှု နည်းသူ။
• Diabetes ဆီးချိုရှိသူ။ Obesity ကိုယ်ခန္ဓာဝသူ။
• Smoking ဆေးလိပ်သောက်သူ။ Alcohol အရက်သောက်သူ။
• Radiation therapy for cancer ကင်ဆာတခုခုအတွက် ဓါတ်ကင်ရသူ။

Stages of colon cancer အဆင့်ခွဲခြားခြင်း
အဆင့် (ဝ) = အူအတွင်းဆုံးအလွှာမှာသာရှိနေသေးတယ်။
အဆင့် (၁) = အူနံရံမှာသာရှိနေသေးတယ်။
အဆင့် (၂) = အူ ကြွက်သားမှာသာရှိနေသေးတယ်။
အဆင့် (၃) = အူအနားက တက်စေ့ကိုရောက်နေယုံသာရှိသေးတယ်။
အဆင့် (၄) = တခြားနေရာတွေအထိရောက်နေပြီ။

Treatments and drugs ဘယ်လိုကုသမလဲ
• Surgery for early-stage colon cancer စောသေးတာအတွက် ခွဲစိတ်ကုသနည်း။
အသားပိုအဆင့်သာ ရှိသေးမယ်၊ ကင်ဆာကသေးမယ်၊ နေရာတခုလေးမှာသာ ကွက်ဖြစ်မယ်ဆိုရင် ခွဲစိတ်ထုတ်ပြစ်မယ်။ Colonoscopy ကရိယာနဲ့ စစ်ဆေးရင်း လုပ်မယ်။ Colorectal Cancer Surgery ခွဲစိတ်ထုတ်ပြစ်တာဟာ အတော် အောင်မြင်တယ်။ တခြားနေရာတွေအထိ ရောက်နေရင်တော့ ခက်တယ်။ ဒါပေမဲ့ ပြန့်နေတဲ့နေရာကလဲ ခွဲထုတ်ရတာဆိုရင် အကျိုးရှိတယ်။
• ရောဂါအဆင့် နောက်ရောက်နေပေမဲ့လဲ ကုသလို့ ထိရောက်တာတွေ ရှိတယ်။ Surgery ခွဲစိတ်ကုသတာ၊ Radiation ဓါတ်ကင်တာ နဲ့ Chemotherapy ဆေးပေးကုတာတွေကို တွဲပြီး ကုသပေးမယ်။ သက်သာနေပြီးသာ ထပ်ဖြစ်တာကိုကုရတာ အတော်ခက်တယ်။ ဒါကိုလဲ Radiation နဲ့ Chemotherapy တွဲလုပ်ပေးရင် အသက်ပိုရှည်စေမယ်။
• အရွယ်အစားပိုကြီးတာဆိုရင် Laparoscopic surgery ကရိယာသုံးပြီး ခွဲထုတ်မယ်။
• Surgery for invasive colon cancer နောက်ကျတဲ့ ကင်ဆာကို ခွဲစိတ်နည်း။ Partial colectomy ဖြစ်နေတဲ့နေရာကို ဖြတ်ထုတ်မယ်။ ဘေးက ကောင်းနေသေးတဲ့ နေရာကိုပါ ထုတ်မယ်။ တက်စေ့လဲ ထုတ်မယ်။ ထိပ်စနှစ်ဘက်ကို ဆက်ပေးလို့ရရင် ဆက်ပေးမယ်။
• ဒါမှမဟုတ် ဝမ်းသွားလမ်းကို ဗိုက်ကနေအသစ်လုပ်ပေးမယ်။ တခါတလေ Temporary colostomy ယာယီ အဲလိုလုပ်ရပြီး။ တခါတလေ Permanent colostomy ရာသက်ပန် လုပ်ပေးရတယ်။
• နောက်ကျနေတဲ့ အူလမ်းပိတ်နေတဲ့ ကင်ဆာဆိုရင် အူလမ်းပွင့်အောင် ခွဲစိတ်တာလုပ်မယ်။ ရောဂါကို တိုက်ရိုက် ကုတဲ့သဘောတော့ မဟုတ်ဘူး။
• တကယ်လို့ အသဲအထိ ရောက်နေတာ တွေ့ရပေမဲ့ လူက ခံနိုင်ရည်ကောင်းနေရင် ကူးစက်နေတဲ့နေရာက ကင်ဆာ အကျိတ်ကို ထုတ်ပေးမယ်။
• Chemotherapy ဆေးပေးကုသနည်းကို ခွဲစိတ်တာ မလုပ်ခင်ဖြစ်ဖြစ် လုပ်ပြီးမှဖြစ်ဖြစ် တွဲလုပ်တာလဲရှိတယ်။ ကင်ဆာ (ဆဲလ်) တွေကို သေစေဘို့ဖြစ်တယ်။ Radiation therapy ဓါတ်ကင်တာနဲ့ တွဲပေးရတာလဲ ရှိတယ်။ 5-flourauracil ဆေးကိုသုံးတာ များတယ်။ ဆေးပေးကုသရတာ ဘေးထွက်-ဆိုးကျိုးတွေတော့ ခံရမယ်။ နောက်ပေါ်ဆေးတွေက ပိုကောင်းလာပါတယ်။
• Radiation therapy ဓါတ်ကင်တယ်ဆိုတာ X-rays ဓါတ်မှန်ရောင်ခြည်နဲ့ ကင်ဆာ (ဆဲလ်) တွေကို သေစေတာဖြစ်တယ်။ ခွဲစိတ်ထုတ်ပေမဲ့ ကျန်နေနိုင်တာကို သေစေမယ်။ အရွယ်အစားကိုလဲ သေးစေလို့ ပိတ်နေတာ၊ ဖိနေတာရှိရင် သက်သာစေမယ်။ ရောဂါ စောစောပိုင်းအဆင့်အတွက် မသုံးဘူး။ ခွဲစိတ်တာ၊ ဆေးပေးတာ နဲ့ ဓါတ်ကင်တာ တွဲလုပ်ရတာတွေလဲရှိတယ်။
• Targeted drug therapy ဆေးပေးနည်းတမျိုးလဲရှိတယ်။ ရောဂါ နောက်ပိုင်းရောက်နေသူတွေအတွက် Bevacizumab (Avastin), Cetuximab (Erbitux) and Panitumumab (Vectibix) ဆေးတွေကိုသုံးတယ်။
• Radiofrequency Ablation (RFA) နည်းဆိုတာ CT scan သုံးပြီး အပူလှိုင်းသုံးပြီး ကင်ဆာအကျိတ်ကို ဖျက်ဆီးပေးတယ်။ ခွဲစိတ်မရတာမျိုးကို လုပ်ပေးတယ်။ အသဲကိုရောက်နေသူဆိုရင် (RFA) နည်းနဲ့ Chemotherapy နည်းတွဲလုပ်မယ်။

ဘယ်လောက်ကြာကြာ နေနိုင်မလဲ
• ရောဂါ ဘယ်လောက်စေစောသိသလဲ။ ဘယ်အတိုင်းအတာအထိ ကုသမှုခံယူသလဲအပေါ်မူတည်တယ်။
• အူမကြီးနံရံမှာသာဖြစ်နေသူက ခွဲစိတ်ကုသမှုခံယူလိုက်ရင် အသက်ကြာကြာရှင်ဘို့ ၈ဝ% ရှိမယ်။
• နောက်ကျမှသိရ-ကုရသူဆိုရင် ၅ နှစ်သက်တမ်းနေနိုင်မှု ၁ဝ% ရှိမယ်။
• ကင်ဆာက တက်စေ့တွေအထိ ရောက်နေသူတွေမှာ ၅ နှစ်သက်တမ်းနှုန်း ၆၅% ရှိတယ်။
• တခြားအင်္ဂါတွေအထိ ရောက်နေသူတွေမှာ ၈% ရှိတယ်။
• နောက် လေ့လာမှုတခုအရ အဆင့် (၁) = ၅ နှစ်သက်တမ်းရှည်နှုန်း ၇၄%၊ အဆင့် (၄) = ၆%၊

အူမကြီးကင်ဆာ ဘယ်လိုကာကွယ်မလဲ
• ဖဲကြိုးပြာဟာ ဒီရောဂါအတွက် သတိပေးချက်ဖြစ်တယ်။
• အူမကြီးကင်ဆာက Warning Signs သတိမပေးတတ်ပါ။ စောစောသိအောင်လုပ်ပါ။
• Digital rectal examination စအိုလမ်းကို စမ်းသပ်ခြင်း နဲ့ Stool occult blood test ဝမ်းထဲမှာ မျက်စိနဲ့ မမြင်ရတဲ့သွေး ပါနေ-မနေ စစ်ဆေးတာ လုပ်ရမယ်။ ဝမ်းထဲမှာ အဲလိုစစ်မှ သွေးတွေ့သူတွေထဲက ၃ဝ-၄၅% ဟာ Colon polyp အသားပိုအဆင့် နဲ့ ၃-၅% ဟာ Colon cancer ကင်ဆာ ရှိနေတာ တွေ့ရတယ်။
• Stool occult blood အပေါင်းပြသူတွေကို Barium enema x-rays, Colonoscopies တွေဆက်လုပ်ရမယ်။
• ဝမ်းထဲသွေး ပါ-မပါစစ်လို့ အနုတ်ပြတိုင်းလဲ ကင်ဆာ မရှိဘူးလို့ အသေအခြာ မပြောနိုင်သေးဘူး။ ၂ဝ% လောက်မှာ အဲလိုဖြစ်တယ်။
• ဝမ်းသွေးစစ်တာ အောင်ပေမဲ့ ဖြစ်နိုင်ခြေစာရင်းထဲပါနေသူတွေကို Flexible sigmoidoscopies or Colonoscopies တွေပါ လုပ်သင့်တယ်။
• အသက် ၅ဝ ကျော်ရင် ၃-၅ နှစ်တခါလုပ်ဘို့ လမ်းညွှန်တယ်။
• Genetic counseling and testing မျိုးဗီဇစစ်ဆေးနည်းတွေ အသစ်ပေါ်လာပြီ။ သွေးစစ်တာပါ။ FAP, AFAP, MYH, and HNPCC တွေရှိသူတွေကို Hereditary colon cancer syndromes လို့ခေါ်တယ်။
• Diet and colon cancer အူမကြီးကင်ဆာနဲ့ အစားအစာ
- အဆီလျှော့ပါ။ အသား၊ ဥ၊ နို့ထွက်အစားအစာတွေ၊ စားသုံးဆီတွေကနေ ရတာတွေကို လျှော့ပါ။
- Fiber (ဖိုက်ဘာ) ဆိုတာ ဟင်းသီးဟင်းရွက်၊ အသီးအနှံတွေ၊ အဖြူဆွတ်နေအောင် လုပ်မထားတဲ့ ဆန်-ဂျုံမှုံ့တွေနဲ့ လုပ်တဲ့ အစာတွေက ရတယ်။ (ဖိုက်ဘာ) က ကျေချက်-ပျော်ဝင်မသွားနိုင်ဘူး။ ဝမ်းထဲမှာ အတိုင်းသားလို ပါနေမယ်။ အစာထဲက Potential carcinogens ကင်ဆာဖြစ်စေနိုင်တာတွေကို ဖယ်ထုတ်ပေးမယ်။ ဝမ်းသွားလွယ်စေလို့ အဲလိုဓါတ်တွေ အထဲမှာ ကြာကြာမနေစေနိုင်ဘူး။
- အစားအစာ ဆင်ခြင်တာကြောင့် အူမကြီးကင်ဆာဖြစ်မှာကို ၄၅% သက်သာစေမယ်။
- Exercise ကိုယ်လက်လှုတ်ရှားနေသူတွေက အူမကြီးကင်ဆာဖြစ်မှာကို ၂၄% သက်သာစေမယ်။

Dr. တင့်ဆွေ
၁၉-၆-၂ဝ၁၂
Dr. Tint Swe

ထိုင်း-မြန်မာ ဆက်ဆံရေးနဲ့ မြန်မာ့ စောင်း

ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထိုင်းဝန်ကြီးချုပ် မစ္စ ယင့်လတ် ရှင်နာဝပ်ကို မြန်မာ့ ရိုးရာ စောင်း လက်ဆောင်ပေးနေစဉ် (ဓာတ်ပုံ – မစ္စ ရင်လတ် ရှင်နာဝပ် ဖေ့စ်ဘုတ်)

လူတဦး က အခြားတဦးကို တူရိယာပစ္စည်း လက်ဆောင်ပေးတာဟာ ဘယ်လို အဓိပ္ပာယ်မျိုးကို ဆောင်ပါသလဲ။

အထူးသဖြင့် နိုင်ငံကိုယ်စားပြု နိုင်ငံ့ထိပ်ပိုင်း တာဝန်ရှိ ပုဂ္ဂိုလ်တဦးက အလားတူ အခြားနိုင်ငံရဲ့ တာဝန်ရှိသူတဦးကို လက်ဆောင် ပေးအပ်ခြင်း ဆိုပါက လေးနက်တဲ့ အဓိပ္ပာယ်တွေ ရှိနိုင်ပါလိမ့်မယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ လလယ်ပိုင်းက မြန်မာ စစ်တပ်ခေါင်းဆောင် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထိုင်းနိုင်ငံ ၀န်ကြီးချုပ် မစ္စ ယင့်လတ် ရှင်နာဝပ်ကို မြန်မာ့တူရိယာ “စောင်းကောက်” တလက် လက်ဆောင် ပေးလိုက်ပါတယ်။ ဘန်ကောက်မြို့မှာ ကျင်းပတဲ့ ထိုင်း-မြန်မာ အဆင့်မြင့် စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူများ အစည်းအဝေးတက်ဖို့ ရောက်လာရင်း ပေးလိုက်တာပါ။

အဲဒီ “စောင်း” တူရိယာ လက်ဆောင်ပေးတဲ့ ဓာတ်ပုံကို မီဒီယာတွေမှာ တွေ့လိုက်ရလို့ ထူးခြားမှုတခု အနေနဲ့ စိတ်ဝင်စားသွား မိပါတယ်။

မြန်မာ့ တူရိယာ စောင်းကောက် ဆိုတာ တေးဂီတ သံစဉ်တွေကို ဖော်ကျူးဖို့ ပြုလုပ်ထားတဲ့ ကြိုးတပ် တူရိယာ တမျိုးပဲ ဖြစ်ပါတယ်။

“စောင်း”ဟာ မြန်မာတွေ အမြတ်တနိုး တန်ဖိုးထားတဲ့ မြန်မာ့ ဂီတ အနုပညာ တူရိယာ ပစ္စည်းလည်း ဖြစ်သလို ကြေး၊ ကြိုး၊ သားရေ၊ လေ၊ လက်ခုပ် ဆိုတဲ့ ကမ္ဘာ့ ဂီတ တီးမှုတ်မှု အနုပညာ အနွယ်ဝင် တမျိုးလည်း ဖြစ်ပါတယ်။

တကယ်တော့ “စောင်း” (Harp) တူရိယာဟာ မြန်မာ တနိုင်ငံတည်း အသုံးပြုတာ မဟုတ်ပါဘူး။ ထိုင်းနိုင်ငံမှာလည်း မြန်မာ စောင်းလို ကြိုးတပ် တူရိယာ အသုံးပြုစရာ ရှိပြီးသားပါ။ စောင်းကို ထိုင်းဘာသာ အရ “ဖင်န်” လို့ ခေါ်တယ်လို့ သိရပါတယ်။

စောင်းဟာ ကမ္ဘာပေါ်ရှိ တူရိယာများ အနက် ရှေးအကျဆုံး ကြိုးတပ် တူရိယာ ဖြစ်ပါတယ်။ စောင်းကို အကြမ်းအားဖြင့် လေးကိုင်းပုံ စောင်းနဲ့ တြိဂံပုံ စောင်းဆိုပြီး ၂ မျိုး ခွဲထားတာရှိပါတယ်။ မြန်မာ့ စောင်းကောက် အမျိုးအစားဟာ လေးကိုင်းပုံ စောင်း အမျိုးအစား ဖြစ်ပြီး အိန္ဒိယက ဆင်းသက်လာဟန် ရှိတယ်လို့လည်း ဆိုပါတယ်။

လေးကိုင်းပုံသဏ္ဌာန် စောင်းကို ရှေးခေတ် အီဂျစ် နိုင်ငံ၊ အိန္ဒိယ တိုင်းနဲ့ ဂျာဗားကျွန်း တို့မှာ ပေါ်ထွန်း ခေတ်စားခဲ့ပြီး ဘီစီ ၃၀၀၀ လောက်ကစလို့ အီဂျစ်ပြည်မှာ ထွန်းကားလာဟန်ရှိတယ်လို့ သိရပါတယ်။ စောင်းကို အီဂျစ်၊ ဗေဗီလုံ၊ ပါရှား၊ ဂျာဗား၊ အိန္ဒိယ စတဲ့ နိုင်ငံ အသီးသီးမှာ အလွန်ရှေးကျတဲ့ ခေတ်ကတည်းက စပြီးရှိနေခဲ့တယ်လို့လည်း ဆိုပါတယ်။

ရှေးဘုရင်များ ခေတ်ကတည်းက စောင်းကို နန်းသုံးတော်ဝင် တူရိယာအဖြစ် သုံးခဲ့ကြပါတယ်။ နန်းတက်ပွဲ အခမ်းအနား၊ မင်း မိဖုရား နန်းဆောင်တွေ နဲ့ မင်းခမ်း မင်းနားတွေမှာ စောင်းတူရိယာကို တီးခတ် အသုံးတော် ခံကြတယ်လို့လည်း သမိုင်း မှတ်တမ်း တွေမှာ တွေ့ရပါတယ်။

ညောင်ရမ်းခေတ် (၁၅၉၇-၁၇၅၁) စာဆို ၀န်ကြီး ပဒေသရာဇာ ကလည်း “စာပေဝတ္ထု၊ ရတုကဗျာ၊ ပျို့လင်္ကာနှင့်၊ သာသည့် သီချင်း၊ အဲစောင်းညှင်း ကို မကင်းမပြတ်၊ ဖတ်ရွတ်လေ့ကျက်၊ တီးမှုတ်လျက်သာ၊ နေကောင်းစွာ”လို့ ဆိုထားတာ မှတ်သားဖူးပါတယ်။ လူသားတို့ ဘဝမှာ စာပေ၊ ဂီတ၊ အနုသုခုမ ပညာတွေနဲ့ နေပျော်အပ်တယ်လို့ စာဆို ၀န်ကြီးရဲ့ ဆိုလိုရင်းကို ယူဆမိပါတယ်။

စောင်းကို အခုအထိလည်း နိုင်ငံတော်အဆင့် အခမ်းအနားတွေမှာ အသုံးပြုနေဆဲ ဖြစ်ပါတယ်။ မနှစ်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ နော်ဝေနိုင်ငံ အော်စလိုမြို့ နိုဗဲလ် ငြိမ်းချမ်းရေး ဆုယူတဲ့ အခမ်းအနားမှာတောင် မြန်မာ စောင်းနဲ့ ဖျော်ဖြေတာကို တွေ့ရပါသေးတယ်။

မြန်မာ စောင်းနဲ့ပတ်သက်ပြီး ဂျပန် နိုင်ငံမှာလည်း လူသိများစေတဲ့ ၀တ္ထုတပုဒ်ကို “မြန်မာ့စောင်း” (Biruma No Tategoto) အမည်နဲ့ပဲ ဂျပန် စာရေးဆရာ ထာကဲရာမမိကျိအို က ရေးသားခဲ့ပါတယ်။ ဒီဝတ္ထုကို အကြိမ်ကြိမ် ရိုက်နှိပ်ခဲ့ရပြီး ရုပ်ရှင်အဖြစ်လည်း ရိုက်ကူးပြသခဲ့လို့ ဂျပန်လူမျိုးတွေ အလွန် စိတ်ဝင်စားခဲ့ကြပါတယ်။ ၀တ္ထုကို ဂျပန် ဘာသာကနေ မြန်မာဘာသာ ပြန်ဆို ထုတ်ဝေ ထားတာလည်း ရှိပါတယ်။

မြန်မာ စောင်းဟာ လွန်ခဲ့တဲ့ ၁၁ ရာစု ပုဂံ ခေတ်ကတည်းက ရှိခဲ့တယ်လို့ ပညာရှင်တွေက ယူဆကြပါတယ်။ ကျန်စစ်မင်း တည်ထားခဲ့တဲ့ ပုဂံ အာနန္ဒာ စေတီ အတွင်းရှိ နံရံကပ် ကျောက်ရုပ်တုတွေမှာ စောင်းကောက်ပုံ တပုံကို အစောဆုံးတွေ့ရှိရလို့ ပုဂံခေတ် ကတည်းက မြန်မာ နိုင်ငံမှာ စောင်း တူရိယာ ခေတ်စားခဲ့တယ်လို့လည်း မှတ်တမ်းတွေမှာ ဖော်ပြထားပါတယ်။

ဒီလို သမိုင်းရာဇ၀င်ရှိတဲ့ မြန်မာ စောင်း တလက်ကို နိုင်ငံတော်အဆင့် လက်ဆောင်ပေးတဲ့နေရာမှာ အသုံးပြုတာဟာ ရည်ရွယ်ချက် ရှိတယ်လို့ ဆိုရပါမယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထိုင်း ၀န်ကြီးချုပ်ကို လက်ဆောင်ပေးဖို့ တခြား တန်ဖိုးရှိတဲ့ ပစ္စည်းတွေ မရွေးချယ်ဘဲ ဘာဖြစ်လို့ ဂီတ တူရိယာ စောင်းကို ရွေးချယ်ခဲ့ရ တာပါလဲ။ စစ်သားကြီး ဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ “စောင်း” တူရိယာ တီးခတ် တတ်သလား၊ မတတ်ဘူးလား၊ ဂီတ အနုပညာ ခံစားတတ်သလား၊ မခံစားတတ်ဘူးလား ဆိုတာတော့ မသိပါ။

တကယ်တော့ ထိုင်းနဲ့ မြန်မာဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း လေး၊ ငါးရာလောက် ကတည်းက ပဋိပက္ခတွေ ရှိခဲ့တဲ့အပြင် မြန်မာ ဘုရင်တွေက တိုက်ခိုက် သိမ်းပိုက်မှုတွေ ပြုလုပ်ခဲ့တာလည်း ရှိခဲ့ပါတယ်။ အထင်အရှား ဆိုရင်တော့ အလောင်းမင်းတရား ဦးအောင်ဇေယျ (နန်းစံ ၁၇၅၂-၁၇၆၀) ကိုယ်တိုင် တိုက်ခိုက်ခဲ့ပါတယ်။ ဟံသာဝတီ ဘုရင် ဘုရင့်နောင် (အေဒီ ၁၅၅၁-၁၅၈၁) ကလည်း ယိုးဒယား (ထိုင်း) ကို သိမ်းပိုက် အောင်ပွဲခံပြီး အခု ချင်းမိုင်လို့ ခေါ်တဲ့ ဇင်းမယ်ကိုလည်း မြန်မာ လက်အောက်ခံ အနေနဲ့ အုပ်ချုပ်ခဲ့တဲ့ ရာဇ၀င် သမိုင်းတွေ ဖြစ်ပွားခဲ့ပါတယ်။

ထိုင်း-မြန်မာ သံတမန် ဆက်ဆံရေးကတော့ မြန်မာနိုင်ငံ လွတ်လပ်ရေး ရတဲ့ ၁၉၄၈ ခုနှစ်က စခဲ့တာ အခုနှစ်ဆိုရင် ၆၅ နှစ် ရှိပါပြီ။

ဒီ သံတမန်ဆက်ဆံရေး ကာလတွေအတွင်းမှာပဲ တင်းမာမှုတွေလည်း ရှိခဲ့ပါတယ်။ ၂၀၀၀ – ၂၀၀၂ ခုနှစ်ဝန်းကျင် မြန်မာ စစ်အစိုးရ လက်ထက်မှာတင်ပဲ နယ်စပ်ပြဿနာ၊ မူးယစ်ဆေးဝါး ပြဿနာနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ပတ်သက်ပြီး တင်းမာ မှုတွေ ရှိခဲ့ပါတယ်။ မြန်မာ အစိုးရဘက်ကဆိုရင် အဲဒီ ပြဿနာတွေနဲ့ပတ်သက်ပြီး သတင်းစာ ရှင်းလင်းပွဲ ၁၀ ကြိမ်မက လုပ်ခဲ့တဲ့ မှတ်တမ်းတွေ ရှိပါတယ်။

တချိန်တည်းမှာပဲ မြန်မာနိုင်ငံရဲ့ အခြေအနေက ကမ္ဘာ့အလယ်မှာ အထီးကျန် နိုင်ငံတနိုင်ငံ ဖြစ်နေပြီး နိုင်ငံရဲ့ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး စတဲ့ ကဏ္ဍ အသီးသီးမှာလည်း ထိုးဆင်းနေတဲ့အခြေအနေ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံ အတွင်းကိုလည်း မြန်မာ ဘက် က ဒုက္ခသည်တွေ၊ အလုပ်သမားတွေ အပါအ၀င် အကြောင်းအမျိုးမျိုးကြောင့် လူပေါင်း သန်းနဲ့ ချီပြီး ရောက်ရှိနေခဲ့တာ အခုအချိန် အထိ ပါပဲ။ အဲဒီလို ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသား အများစုဟာလည်း အခက်အခဲ ဒုက္ခ မျိုးစုံ ကြုံတွေ့ကြရတာတွေ ရှိပါတယ်။

ပြီးခဲ့တဲ့ မေလကုန်ပိုင်းကတော့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို မြန်မာ-ထိုင်း တပ်မတော် နှစ်ရပ် အကြား ချစ်ကြည်ရေး တိုးတက်အောင် လုပ်ဆောင်နိုင်ခဲ့လို့ ဆိုတဲ့ အကြောင်းပြချက်နဲ့ ထိုင်းဘုရင်မင်းမြတ်က တော်ဝင် ဘွဲ့တံဆိပ် ချီးမြှင့် လိုက်ပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကလည်း ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်းမှာ လာရောက် ရင်းနှီးမြှုပ်နှံဖို့ ထိုင်းအစိုးရနဲ့ လုပ်ငန်း ရှင်တွေကို ဖိတ်ခေါ်ခဲ့ပါတယ်။ ဒီလို ဖိတ်ခေါ် ပြောဆိုမှုတွေကြောင့်ပဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စီးပွားရေး ၀င်လုပ်နေပြီလား ၊ ၂၀၁၅ ရွေးကောက်ပွဲ ၀င်ဖို့ ပြင်ဆင်နေတာလား ဆိုတဲ့ ဝေဖန်သံတွေလည်း ထွက်ပေါ် ခဲ့ပါသေးတယ်။

လွန်ခဲ့တဲ့ ဇူလိုင်လအတွင်းက ဟောင်ကောင်မှာ ပြည်ပြေး ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်နဲ့ ထိုင်း ဒု ကာကွယ်ရေး ၀န်ကြီး Yutthasak Sasiprapa တို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နဲ့ ပတ်သက်ပြီး တိတ်တဆိတ် ပြောဆိုခဲ့တယ်လို့ ယူဆရတဲ့ အသံဖိုင် ထွက်ပေါ်လာခဲ့ပါတယ်။ အဲဒီအသံဖိုင်မှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ သမ္မတ ဦးသိန်းစိန်ရဲ့လူယုံတော်၊ စစ်တပ်ကိုထိန်းချုပ် ထားနိုင်တဲ့ အတွက် သြဇာ အာဏာနဲ့ ငွေကြေးချမ်းသာသူ၊ ဒါကြောင့် သူ့ကို အပိုင်စည်းရုံးထားနိုင်ရင် ထားဝယ်ဆိပ်ကမ်းကို ရရှိမှာဖြစ်တယ် ဆိုတဲ့ ပြောဆို ဆွေးနွေးချက်တွေ ပါဝင်တယ်လို့ သိရပါတယ်။

အခု ၁ နှစ် ၂ နှစ်အတွင်းမှာကိုပဲ ထိုင်းဘက်က မြန်မာ ကို အရင်ကနဲ့ မတူတဲ့ ဆက်ဆံရေးမျိုးတွေ ရှိလာတာလည်း သတိထား မိပါတယ်။

ဒီလို အခြေအနေတွေနဲ့ သမိုင်းကြောင်း နောက်ခံတွေ ရှိခဲ့တဲ့ နှစ်နိုင်ငံ ဆက်ဆံရေးဟာ “စောင်း”တလက် လက်ဆောင်နဲ့လည်း သက်ဆိုင်မှု ရှိလာနိုင်မလား ဆိုတာ တွေးတော စရာပါ။ ဂီတ တူရိယာ ပစ္စည်းတခုဟာ နူးညံ့မှု၊ သိမ်မွေ့မှု၊ ငြိမ်းချမ်းမှု အငွေ့အသက် တွေကို ရရှိစေတယ် မဟုတ်ပါလား။

ဒါကြောင့် အခုပေးအပ်လိုက်တဲ့ လက်ဆောင် ပစ္စည်းအရ ထိုင်း-မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေး အနာဂတ်ဟာ အခုထက်ပိုမို ကောင်း မွန် လာမယ့် လက္ခဏာ တရပ်၊ သင်္ကေတ တခုလို့တော့ ယူဆရပါတယ်။ “မလျော့ မတင်း စောင်းကြိုးညင်း” ဆိုတဲ့ စကားလည်း ရှိပါတယ်။

ဒါပေမယ့် “ပိုးသာကုန် မောင်ပုံ စောင်း မတတ်” တို့၊ “ကျွဲပါး စောင်းတီး” တို့ ဆိုတဲ့ မြန်မာ စကားပုံ တွေကိုလည်း သတိရနေ မိပါတယ်။
ကိုစိုး| October 13, 2013
Irrawaddy

ကွမ်းမစားကြစေချင်


သူ့နာမည်က ကိုချိုကြီးပါ…

ကျွန်တော်သူ့ကို (--.၄.၀၆)မှာစတင်တွေ့ဘူးခဲ့တာပါ..
သူဟာမြေလတ်ပိုင်းက အခမဲ့ဆေးခန်းလေး တစ်ခုမှာ လာရောက်ကုသမှုခံယူခဲ့တာပဲ ဖြစ်ပါတယ် ။

အဲဒီမှာသူနဲ့ စတင်တွေ့ခဲ့ရတာပါ…
သူ့ကိုတွေ့တော့ သူ့ရဲ့ထူးခြားမှုကို ပထမဆုံး သတိထားမိပါတယ်…၊

သူဟာ အခြားလူနာများနဲ့ ခပ်ခွာခွာထိုင်ရင်း မျက်နှာကို တဘက်ရှည်လေးတစ်ထည်နဲ့
ပါတ်ထားပါ တယ် .. ခေါင်းမြီးခြုံမလေးတွေလို သူ့မျက်လုံးကိုသာ မြင်နေရပါတယ်…

ဒီလိုနဲ့သူပြသခွင့်ရတဲ့အလှည့်အရောက်မှာ ..သူ ဆေးခန်းထဲကို ဖြည်းဖြည်းပဲ..
ဝင်ရောက်လာပါတယ်..၊ သူ့နံဘေးမှာ အခြားလူနာများလို ဖေးမမယ့်လူနာစောင့်ပါမလာပါဘူး ။

ဒါနဲ့ စပ်းသပ်ခုတင်ပေါ် သူထိုင်ပါတယ်…
ဆရာဝန်နဲ့အတူ စမ်းသပ်မယ့် ဆရာမလေးက သွေးပေါင်ချန်စက် ကလေး
သူ့နဘေးချ ၊ ဆရာဝန်က သူ့ကို မေးပါတယ်…“ဘာဖြစ်တာပါလဲ” ….
သူ့ဆီက စကားပြန်မလာပါဘူး…

နောက်ထပ်တစ်ကြီမ် ထပ်မေးရပြန်ပါတယ်…
“ဘာဖြစ်ပါသလဲ” သူ ဆရာဝန်ကိုကြည့်ပါတယ်.. နောက်ဆရာမလေးကိုကြည့်ပါတယ်…


ဆေးခန်းလေးဟာ တဒင်္ဂ တိပ်နေပါတယ်….
ဖြည်းညှင်းစွာဘဲ သူ့လက်တွေ စတင်လှုပ်ရှားပါတယ် …သူ့မျက်နှာကပါတ်ထားတဲ့.
တဘက်ဝါလေးကို ခွာချလိုက်ပါတယ်…
သူနာပြုဆရာမလေး ရုပ်တရက် ခြေတစ်လှမ်းနောက်ဆုတ်သွားပါတယ်…

ဆရာဟာ
အံ့အားသင့်စွာနဲ့ဘဲ ခေတ္တ ဆိပ်ငြိမ်နေပါတယ်…သူ့ထံက စကားပြောဖို့ ကြိုးစားပါတယ်
တရှဲရှဲ အသံနဲ့ လက်ဟန်ခြေဟန်ဘဲပြနိုင်ပါတယ် သူ..စာရွက်နဲ့ဘောပင်တောင်းနေတာပါ

သူ့ရဲ့ စကားပြော ရာ အထောက်အကူပြု့ / ဋ္ဌာန် ၊ ကရိုင်းတို့ဖြစ်တည်ရာ .နှုတ်ခမ်းတစ်ခုလုံးနဲ့ ပါးတစ်ခြမ်းလုံးဟာ မရှိသလောက်ဖြစ်နေပါပြီ မျက်နှာရဲ့ တစ်ဝက်နီးပါးဟာ အနာအတိနဲ့ ရုပ်တရက်မြင်ရသူတို့ လန့်ဖြန့်သွားလောက်သလို…
အနာများရဲ့အနံ့အသက်ဟာလည်း ဆိုးဝါးလှပါတယ်…

လွန်ခဲ့တဲ့တစ်နှစ်ကျော်က ကွမ်းစားရင်း စဖြစ်ခဲ့တာပါဆိုတဲ့ သူရေးပြတာလေး ဖတ်ရလို့သိ၇ပါတယ် ၊ သူ့အကြောင်းကိုစာနဲ့ရေးပြခဲ့ပါတယ် ..သူ့အသက်က.
၄၀ ကျော်လောက်ပါ… သူ..ကွမ်းကို ခုံမင်စွာစားခဲ့ပါတယ် တဲ့ …

ဘယ်လောက်ထိကြိုက်ခဲ့ပါသလဲဆိုရင် ညအိပ်ရင်း ကွမ်းငုံအိပ်တဲ့ထိပါတဲ့ …
ကွမ်းစားဆေးများကိုလဲ ခုံမင်ပါတယ်..ဆိုင်ကပုံမှန်ယာပေးတာထက် ပိုထည့်ခိုင်းမိပါတယ်တဲ့ …

ဒီလိုနဲ့တနေ့တော့ သူ့ပါးစောင်မှာ အနာသေးသေး ဖြစ်လာပါတယ်…
သူအမှတ်တမဲ့ဘဲထားလိုက်ရာက …အနာက ပိုဆိုးလာပါတယ် …၊ ဆေးခန်းကို သွားပြဖြစ်ပါသေးတယ်
စားဆေးလေး သောက်လိုက်လို့ သက်သာသလိုရှိတော့ နောက်ထပ် ဆေးခန်းကို မရောက်ပြန်ဘူး ။

ဒီတစ်ခါထပ်ဖြစ်တော့ ပါးအပြင်ထိ အနာကဖောက်ထွက်လာပါတော့တယ် သူလက်လှမ်းမှီရာဆေးခန်းများပြရင်း ရန်ကုန်ကိုသွားကုဖြစ်ပါတယ် ၊ သမားတော်ဆီရောက်လို့ သံသယရှိ
တဲ့အတွက် သူ့အသားဆဲလ်ကိုယူပြီး ဓါတ်ခွဲခန်းမှာ စစ်ဆေးကြည့်တော့ ကင်ဆာပါတဲ့…။

သူစိုးရီမ်စိတ်နဲ့ တတ်စွမ်းသမျှ ပျောက်ကင်းနိုင်ဖို့ကြိုးစားပါတယ် … သူပိုင်ဆိုင်မှုဟာ သူ့ရောဂါကို.
ပျောက်ကင်းနိုင်တဲ့ထိ မလုံလောက်တော့ပါဘူး… သူ စိတ်လျှော့လိုက်ပါတယ်….

သူ့ရပ်ရွာမှာဘဲ သူခေါင်းချချင်ပါတယ် ..သူမြို့သူပြန်ပါတယ်…
ဒီလိုနဲ့ ဝေဒနာနဲ့ စိတ်ဒုက္ခကြားမှာ သူ့ရောဂါဟာပိုဆိုးလာပါတယ်…စိတ်ညစ်ညစ်နဲ့နေလာခဲ့ရင်း…

သတင်းတစ်ခု သူကြားပါတယ်…သူနေတဲ့ မြိုလေးမှာ အခမဲ့ဆေးခန်းလေးတစ်ခု ဖွင့်ပါတယ်တဲ့..
သူ့ရဲ့မိတ်ဆွေကောင်းလေးဆီက သီတင်းလေးပါ ။

မိတ်ဆွေလေးက ဆိုက်ကားဆရာလေးပါ…
ဆိုက်ကားခမယူဘဲ နံက်ပိုင်းကုသခွင့်အတွက် တန်းစီရတဲ့ ခုံတန်းလေးမှာ သူ့ကိုပို့ပေးခဲ့ပါတယ် ၊
နောက် ဆိုက်ကားဆရာလေးက သူ့ကိုပြန်လာကြိုပေးပါတယ် ..။

ဒီလိုနဲ့ သူ အခမဲ့ဆေးခန်းလေးမှာ ဆေးကုသ ခံယူခဲ့ပါတယ်…၊ သူသိပါတယ်…သူဟာ မပျောက်ကင်းနိုင်ဘဲ ကင်ဆာဆဲလ်များရဲ့ နှိပ်စက်မှုဒဏ်နဲ့ တစ်နေ့ထက်တစ်နေ့မရဏမင်းရဲ့
ခံတွင်းဝကို တစ်လှမ်းချင်းတိုးနေရသူပါဆိုတာ…။

အခမဲ့ဆေးခန်းလေးရဲ့ တာဝန်ခံဆရာဝန်ကလဲ
သူ့အခြေအနေကိုသိသလို ဆရာမများနဲ့ဆေးခန်းလေးရဲ့တာဝန်ရှိသူတွေလည်း သိကြမှာပါဘဲ
သူ အားနာစွာနဲ့ အီမ်မှာ နှစ်ရက်လောက်ငိုကြွေးနေမိပါတယ်…၊

မမျှော်လင့်ဘဲ အခမဲ့ဆေးခန်းလေးမှာ
ဆေးကုသမှုခံယူနေတဲ့ တစ်ရပ်ထဲနေ လူနာတစ်ယောက် သူ့အိမ်ရောက်လာပါတယ် ဆေးခန်းကိုသူရောက်မလာလို့ စကားကြုံပါးလိုက်တာပါ …

ခရီးစရိတ်လေးပါပေးလွှတ်လိုက်ပါတယ်တဲ့
သူမျက်ရည် ကျမိပါတယ်… ၊ဒီတစ်ခါတော့..သူ့မျက်ရည်ဟာ…သူ့အပေါ်ဂရုတစ်စိုက်ရှိလှပြီး စာနာမှု
အပြည့်နဲ့ ကမ်းလင့်လာတဲ့ မေတ္တာလက်များအတွက်… ကြည်နူးမှုအပြည့်နဲ့ ကျရတဲ့ “ပီတိ”မျက်ရည်စက်
များပါဘဲ….။

သူ့ရင်ထဲမှာကျေနပ်မှု အပြည့်နဲ့ပါ။
သူကိုယ်တိုင်လည်း သိပြီးဖြစ်သလိုဆရာများနဲ့ ဆေးခန်းတာဝန်ရှိသူများလဲ သိပြီးဖြစ်ပါလိမ့်မယ်
သူဟာ သေလူပါ ။

ဒါပေမယ့် သူကျေနပ်ပါတယ် …၀မ်းသာတယ်…ပီတိဖြစ်တယ်…
သူသေရရင်တောင်… လူသားတစ်ယောက်ရသင့်တဲ့ အပြည့်အ၀ စောင့်ရှောက်ကုသမှုကို ခံယူရတဲ့အတွက် …သူ.. ကျေနပ်ပါတယ်…စိတ်ချမ်းသာပါတယ်…

သူဟာ. အခမဲ့ဆေးခန်းလေးမှာ ( ၆ ) လလောက် လာရောက်ကုသမှုခံယူသွားပါတယ်( .၁၂ . ၀၇)
မှာသူဆုံးပါးသွားပါတယ်..။ဆေးကုသမှုခံယူနေစဉ်မှာဘဲ…သူ့ဆန္န သူ့ရဲ့ခွင့်ပြုချက်နဲ့ သူ့ကိုဓါတ်ပုံရိုက်ခဲ့ပါတယ်..၊

သူ့လိုကွမ်းချစ်သူများကိုဆင်ခြင်နိုင်ဖို့ မှတ်တမ်းနဲ့ဓါတ်ပုံအတွက် ကြည်ဖြူစွာခွင့်ပြုချက်ပေးခဲ့ပြီး သူ့ဘ၀နဲ့ရင်းခဲ့ရတဲ့ သင်္ခန်းစာတစ်ခုကို အများသိရှိနိုင်စေဖို့ ခုလိုတင်ပြပေးရခြင်းပါ…။

Posted From Piti Charity Dispensary

လယ်သမား အခွင့်အရေးဥပဒေ သမ္မတ လက်မှတ်ရေးထိုးပြဌာန်း




ပြည်ထောင်စု လွှတ်တော်က အတည်ပြုထားတဲ့ တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေးနဲ့ အကျိုးစီးပွားမြှင့်တင်ရေး ဥပဒေကို နိုင်ငံတော်သမ္မတက လက်မှတ်ရေးထိုးပြီး ဥပဒေအဖြစ် ပြဌာန်းလိုက်ပါတယ်။

အဲဒီ ဥပဒေမှာ တောင်သူတွေရဲ့ အခွင့်အရေးကို အဟန့်အတားဖြစ်စေမယ့် အချက်တွေမပါရှိပေမယ့် အကျိုးစီးပွားကို ဘယ်လိုကာကွယ်ပေးမလဲဆိုတဲ့ အချက်တွေအတွက်တော့ နည်းဥပဒေမှာ ဘယ်လိုပြဌာန်းသွားမလဲဆိုတာကို စောင့်ကြည့်ရအုံးမယ်လို့ ၈၈မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အစည်းရဲ့ လယ်ယာစီးပွားနဲ့ တောင်သူလယ်သမားရေးရာ ဒုတိယတာဝန်ခံ ကိုမျိုးသန့်က ပြောပါတယ်။

ဥပဒေမှာ တောင်သူလယ်သမားတွေ အရင်းအနှီးရရေးအတွက် အစိုးရက သင့်တင့်တဲ့ချေးငွေတွေနဲ့ အကူအညီပေးသွားဖို့၊ လယ်ယာထွက်ကုန် ရောင်းချတဲ့အခါမှာ သင့်တင့်တဲ့ဈေးနှုန်းနဲ့ ဈေးကွက်ရရှိဖို့အတွက် ကူညီဆောင်ရွက်ပေးသွားဖို့နဲ့ သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးမှုတွေနဲ့ ထိခိုက်နစ်နာမှုတွေအတွက် ကူညီထောက်ပံ့တာတွေ အတတ်နိုင်ဆုံး ကူညီပံ့ပိုးပေးဖို့ဆိုတဲ့ အချက်တွေ ပါဝင်ပါတယ်။

မူလဥပဒေကြမ်းမှာ ပညာရှင်တွေနဲ့ တောင်သူလယ်သမားတွေ မလိုလားကြတဲ့ ကောက်ပဲသီးနှံ ဝယ်ယူရေးအဖွဲ့ဆိုတာ မပါဝင်တော့တဲ့အတွက် လွတ်လပ်စွာ စိုက်ပျိုးထုတ်လုပ်ရောင်းချနိုင်ဖို့ အစိုးရက အကူအညီပေးသွားမယ်လို့ပဲ ပါရှိပါတယ်။

RFA Burmese

ရန်ကုန်-ပြည်လမ်း၊ စော်ဘွားကြီးကုန်းကားမှတ်တိုင်တွင် ပေါက်ကွဲမှုဖြစ်ပွား


၁၃.၁၀.၂၀၁၃ရက်နေ့ ၀၀၁၅ အချိန် အင်းစိန်မြို့နယ်၊စော်ဘွားကြီး
ကုန်းရပ်ကွက်၊ ရန်ကုန်-ပြည်လမ်းဘေး ရန်ကုန်ဘက်မှ မင်္ဂလာဒုံဘက်သို့ သွားသည့်ဘက်ခြမ်းကားမှတ်တိုင်ရှိ ခရီးသည်နားနေဆောင်တွင်
ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ရာ လူထိခိုက်ဒဏ်ရာရရှိမှုမရှိဘဲ ခရီးသည်နားနေဆောင် ယာဘက်ကပ်လျက်မြေကြီးတွင် အနက်(၃)လက်မခန့်နှင့် အကျယ်(၁)ပေပတ်လည်ခန့်ရှိ ချိုင့်ခွက် ဖြစ်သွားကာ ခရီးသည်နားနေဆောင်အတွင်းရှိ Natural Clay ဂျပန်အုတ်ကြွပ်အမိုး ကြော်ငြာဆိုင်းဘုတ် (၁၀)ပေခန့် ပျက်စီးပြီး ခရီးသည်နားနေဆောင်ထိုင်ခုံယာဘက်အစွန်း (၆)လက်မခန့်ပဲ့သွား
ခဲ့ပါသည်။

ပေါက်ကွဲမှုဖြစ်ပွားသည့် ပတ်ဝန်းကျင်အား မိုင်းရှင်းလင်းမှုပြုလုပ်စဉ် ၀၁၅၅အချိန် စော်ဘွား ကြီးကုန်းကားမှတ်တိုင်ရှိ Natural Clay ဂျပန်အုတ်ကြွပ်အမိုးကြော်ငြာဆိုင်းဘုတ် ၀ဲဘက်ရှိ စည်ပင်
အမှိုက်ပုံးအနီးတွင် ကြွပ်ကြွပ်အိတ်အနက်ရောင်ဖြင့်ထည့်ထားသည့်
အလျား (၄)လက်မ၊ အနံ (၂)လက်မ၊ ထု (၁)လက်မရှိ C-4ယမ်း၊ ဒီတိုနေတာ၊ နိုးစက်နာရီ၊ ၀ါယာကြိုးများတပ်ဆင်လျက် လက်လုပ်မိုင်း (၁)လုံးအား ထပ်မံတွေ့ရှိသဖြင့် မိုင်းရှင်းအဖွဲ့မှ ရှင်းလင်းခဲ့ပါသည်။

အဆိုပါလက်လုပ်မိုင်းဖေါက်ခွဲသူအား အင်းစိန်မြို့မရဲစခန်း
(ပ)၁၀၉၀/၂၀၁၃၊ ပေါက်ကွဲစေတတ်သော ၀တ္ထုပစ္စည်းများ
အက်ဥပဒေပုဒ်မ ၃အရ အမှုဖွင့်ပြီး စုံစမ်းဖေါ်ထုတ်
ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။


Yangon Police


အိုဘားမားမိသားစုနှင့် မာလာလာ တွေ့ဆုံ




အမျိုးသမီးများ ပညာသင်ကြားခွင့်နှင့် အခြားအခွင့်အရေးများအတွက် တောင်းဆိုလှုပ်ရှားသည့် ပါကစ္စတန်ကျောင်းသူ မာလာလာသည် အမေရိကန်သမ္မတ အိုဘားမား မိသားစုနှင့် အိမ်ဖြူတော်တွင် တွေ့ဆုံခဲ့သည်။ အသက် ၁၆ နှစ်အရွယ် မာလာလာသည် အမေရိကန်သမ္မတ အိမ်ဖြူတော်၏ ဘဲဥပုံခန်းမတွင် သမ္မတအိုဘားမား၊ သမ္မတကတော် မစ်ချယ်လ်၊ သမီးဖြစ်သူ မာလီယာတို့နှင့် သောကြာနေ့က တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

ပါကစ္စတန်တွင် အမျိုးသမီးများ ပညာသင်ကြားခွင့်ရရှိရေး တောင်းဆိုလှုပ်ရှားမှု ပြုလုပ်ခဲ့သည့် မာလာလာအား တာလီဘန်တို့က ပစ်ခတ်သတ်ဖြတ်ခဲ့သည်။ သို့သော် ဦးခေါင်းတွင် သေနတ်ဒဏ်ရာပြင်းထန်းစွာ ရရှိခဲ့သော မာလာလာမှာ ဗြိတိန်တွင် ဆေးကုသမှု ခံယူခဲ့ပြီးနောက် အသက်ဘေးမှလွတ်မြောက်ကာ ပြန်လည် ကျန်းမာလာခဲ့သည်။

မာလာလာသည် ယခုနှစ်အတွက် ငြိမ်းချမ်းရေးနိုဘယ်လ်ဆု ရွေးချယ် ချီးမြှင့်ခံရရန် ရေပန်းစားခဲ့သော်လည်း ဆုနှင့် လွဲချော်ခဲ့သည်။ မာလာလာသည် ငြိမ်းချမ်းရေးနိုဘယ်လ်ဆုနှင့် လွဲချော်ခဲ့သော်လည်း ဥရောပါလီမန်က ရွေးချယ်ချီးမြှင့်သည့် ယခုနှစ်အတွက် Sakharov Prize ကို ရရှိခဲ့သည်။

Planet Myanmar Network