ပြည်ရထားဝန်ထမ်းဟောင်း မိသားစုများကို ဝန်ထမ်း အိမ်ရာမှ ဖယ်ရှားပေးရန် သတိပေး

ပို့စ်တင်ချိန် - 10/13/2013 01:19:00 PM


ပြည်၊ အောက်တိုဘာ ၁၁

ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ပြည်မြို့ မီးရထားနယ်မြေ စက်ခေါင်းရုံရှိ ဝန်ထမ်းအိမ်ရာတွင် နေထိုင်သူ ရထား ဝန်ထမ်းဟောင်း မိသားစုများကို မီးရထားပိုင်မြေ ကျူးကျော်သူများဟု သတ်မှတ်ကာ တာဝန်ရှိသူများက ဖယ်ရှားရန် သတိပေးစာ ထုတ်ထားကြောင်း ဖယ်ရှားခံရသော မိသားစုဝင်များထံမှ စုံစမ်းသိရှိရသည်။

ယခုနှစ်တွင် သတိပေးစာ လေးကြိမ်တိုင်တိုင် ထုတ်၍ ဖယ်ရှားခိုင်းသော ဝန်ထမ်းအိမ်ရာ ဟောင်းတွင် နေထိုင်သူများသည် သေဆုံးသွားပြီ ဖြစ်သော ရထားဝန်ထမ်းဟောင်း၏ မိသားစုများ ဖြစ်ကြပြီး အိမ်ငှားခ စပေါ်ပေးရန် ငွေကြေး မတတ်နိုင်သည့် လက်လုပ်လက်စားများ ဖြစ်သည့်အပြင် ကျောင်းသူ၊ ကျောင်းသား များလည်း ရှိသဖြင့် နေရာ ပြောင်းရွှေ့ပေးရန် အခက်အခဲများ ရှိကြောင်း မီးရထား နယ်မြေ အတွင်းတွင် နေထိုင်သူ ဦးကျော်သောင်းက ပြောကြားသည်။
“၁၉၇၈ ခုနှစ်တည်းက နေလာတာပါ။ ယောက္ခမက တွဲစစ်မှူးပါ။ ဒီလိုနေရာ သတ်သတ်မှတ်မှတ် ရဖို့အတွက် ကျွန်တော်တို့ သားနဲ့၊ မြေးတွေလည်း မီးရထားမှာ ဝန်ထမ်း ပြန်လျှောက်ခဲ့တယ်။ မရခဲ့ဘူး။ ဆိုက္ကား နင်းရတဲ့ အခြေအနေနဲ့ အိမ်စပေါ်တင်ဖို့တောင် မလွယ်ပါဘူးဗျာ” ဟု ၎င်းကဆိုသည်။

သတိပေး အကြောင်းကြားစာ ထုတ်ပြန်ထားသည်မှာ မှန်ကန်ကြောင်း တစ်နိုင်ငံလုံးရှိ မီးရထားမြေ ကျူးကျော် သူများကိုလည်း သတိပေး အကြောင်းကြားစာ ထုတ်ပြန်ထားကြောင်း မြန်မာ့မီးရထား ရန်ကုန်တိုင်း တာဝန်ခံက ပြောကြားသည်။

စက်ရုံဝင်းရှိ ဝန်ထမ်းအိမ် ၂၁ အိမ်မှာ ကျူးကျော်မြေ ဖြစ်၍ တရားဝင်စာနှင့် ဖယ်ရှားခိုင်းခြင်း ဖြစ်ကြောင်း၊ လက်ရှိ နေသူများတွင် ဝန်ထမ်းဟောင်းများ၏ မိသားစု မဟုတ်သည်များလည်း ရှိ ကြောင်း၊ ဖယ်ရှားရန် နောက်ဆုံး သတ်မှတ်ရက်မှာ နို့တစ်စာတွင် မပါကြောင်း ပြည်ဘူတာ စက်ခေါင်းစက်ရုံ အလုပ်ရုံမှူး ဦးသန်းဦးက ပြောကြားသည်။
“ဝန်ထမ်းအိမ်ရာဆိုတာ လုပ်ငန်းခွင်ထဲ ရှိစဉ်ပဲ ခံစားခွင့် ရှိပါတယ်” ဟု ၎င်းကဆိုသည်။

ဖယ်ရှားပေးရမည့် နောက်ဆုံး သတ်မှတ်ရက် မပါရှိသော်လည်း သီတင်းကျွတ်တွင် ဖယ်ရှားခိုင်းပြီး အိမ် ၂၁ လုံးတွင် နေထိုင်သော လူဦးရေ ၅၀ ခန့်မှာ အခြေခံ လူတန်းစားများ ဖြစ်နေသည့်အတွက် ဖယ်ရှားခြင်း မပြုရန် အသနားခံမည် ဖြစ်ကြောင်း ဝန်ထမ်းအိမ်ရာ ဟောင်းတွင် နေထိုင်သူ မိသားစုများထံမှ စုံစမ်းသိရှိရသည်။

စက်ရုံဝင်းအတွင်း ကျူးကျော်တဲများကြောင့် စက်ရုံ လုံခြုံမှု မရှိသဖြင့် ဌာနဆိုင်ရာ ပစ္စည်းများ ပျောက်ဆုံးနိုင်ခြင်း၊ မီးဘေးလုံခြုံမှု စိုးရိမ်ရခြင်း၊ မသမာသူများနှင့် ဆက်စပ်ကာ ပေါက်ကွဲစေနိုင်ခြင်း၊ ဥပဒေနှင့် မလွတ်ကင်းသူများ ခိုအောင်း နေထိုင်၍ ပြဿနာ ဖြစ်ပွားနိုင်ခြင်း၊ စက်ရုံတွင်း ပြင်ပလူများ နေခွင့် မရှိခြင်းတို့ကြောင့် ဖယ်ရှားပေးရန်ဟု သတိပေးစာတွင် ဖော်ပြပါရှိသည်။
The Voice Weekly