SEA Games ကာလ မန္တလေးမှ နေပြည်တော် အထူးယာဉ်များ ၂၄ နာရီပြေးဆွဲမည်




မန္တလေး၊ အောက်တိုဘာ ၂၈

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပမည့် (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ SEA Games ကာလအတွင်း အားကစား ဝါသနာရှင်များနှင့် ဧည့်ပရိသတ်များ ပြိုင်ပွဲများ ကြည့်ရှုရာတွင် သွားလာရေး အဆင်ပြေစေရန်အတွက် မန္တလေးမှ နေပြည်တော်သို့ တစ်နာရီလျှင် တစ်စီးနှုန်းဖြင့် အထူးမှန်လုံ ယာဉ်ကြီးများ ၂၄ နာရီ ပြေးဆွဲပေးသွားမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ပို့ဆောင်ရေး စီမံကိန်းဦးစီးဌာန တာဝန်ရှိသူထံမှ သိရသည်။

မန္တလေးမြို့တော် ပြည်ကြီးတံခွန် မြို့နယ်ရှိ ချမ်းမြရွှေပြည် ယာဉ်ရပ်နားစခန်းမှ နေပြည်တော်နှင့် မန္တလေးတို့သို့ လက်ရှိ ယာဉ် ၂၇ စီး ပြေးဆွဲလျက်ရှိရာ ပွဲတော် ကာလအတွင်း အသွား ၂၄ စီး၊ အပြန် ၂၄ စီး စုစုပေါင်း ယာဉ် ၄၈ စီးဖြင့် ပြေးဆွဲသွားရန် စီစဉ်ထားကြောင်း၊ ခရီးသည် လိုက်ပါ စီးနင်းမှု အခြေအနေအရ လိုအပ်ပါက ထွက်ခွာချိန်နှင့် ယာဉ်စီးရေ ထပ်မံတိုးမြှင့် စီစဉ်ပေးမည် ဖြစ်ကြောင်း အဆိုပါဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

မန္တလေးမှ နေပြည်တော်သို့ ပြေးဆွဲနေသော ယာဉ်လိုင်း အရေအတွက် ၁၁ ခု ရှိပြီး ပွဲတော်ကာလအတွင်း ကားလက်မှတ်ခမှာလည်း အသွား ၄၅၀၀ ကျပ်၊ အပြန် ၄၅၀၀ ကျပ်သာ ကျသင့်မည် ဖြစ်ကြောင်း အဆိုပါဌာန တာဝန်ရှိသူ တစ်ဦးထံမှ ထပ်မံသိရသည်။
“နေပြည်တော်မှာ ပြုလုပ်မယ့် ပြိုင်ပွဲတွေကို သွားကြည့်ရမှာ အဆင်ပြေ သွားတာပေါ့။ ကားခကလည်း ၁၀၀၀ လောက် သက်သာတယ်။ ပြီးတော့ တစ်နာရီခြား တစ်စီးထွက်မှာဆိုတော့ နေပြည်တော်ကို ပြိုင်ပွဲ သွားကြည့်ဖို့ အဆင်ပြေသွားတယ်။ ကိုယ်ကြည့်ချင်တဲ့ ကစားနည်းပြိုင်ပွဲ စမယ့်အချိန်ကို ဒီကနေချိန်ပြီး သွားလို့ ရတာပေါ့” ဟု အားကစားဝါသနာ ရှင်တစ်ဦးဖြစ်သူ မန္တလေးမြို့ခံ အသက် ၂၅ နှစ်အရွယ်ရှိ ဦိးရဲထွန်းက ဆိုသည်။

SEA Games အားကစားပြိုင်ပွဲကို ဒီဇင်ဘာလ ၁၁ ရက်မှ ၂၂ ရက်နေ့အထိ ပထမဦးဆုံး လက်ခံပြုလုပ်မည် ဖြစ်သည်။

The Voice Weekly

မင်္ဂလာတောင်ညွန့်မြို့နယ်၊ ယာဉ် (၁)စီးမီးလောင်မှုဖြစ်




ရန်ကုန်၊ အောက်တိုဘာ ၂၉

၂၉.၁၀.၂၀၁၃ရက်နေ့ ၁၃၅၅အချိန် မင်္ဂလာတောင်ညွန့်မြို့နယ်၊ အထက်ပန်းဆိုးတန်းလမ်းနှင့် ကန်ရိပ်သာလမ်းထောင့်တွင် ယာဉ်မောင်း ဦးစန်းဝင်း (ဘ)ဦးတိုက်၊ (၁၈)ရပ်ကွက်၊ လှိုင်သာယာမြို့နယ်နေသူ
မောင်းနှင်လာသော ၈ဃ/----၊ DBM ပစ်ကပ်အမျိုးအစား အပြာရောင်
ကိုယ်ပိုင်ယာဉ်မှာ အင်ဂျင်ခန်းမှ အပူးချိန်လွန်ကဲ၍ ယာဉ်အားမီးဆွဲလောင်
ခဲ့သဖြင့် မီးသတ်ယာဉ် (၁)စီးဖြင့် ငြိမ်းသတ်ခဲ့ရာ ၁၄၁၀အချိန်တွင် မီးငြိမ်းသွားခဲ့ပါသည်။

အဆိုပါယာဉ်မီးလောင်မှုကြောင့် ယာဉ်၏ရှေ့ခန်းနှင့် ဆိုဖာထိုင်ခုံများ မီးလောင်ပျက်စီးကာ တန်းဘိုးငွေကျပ်(၁၅၀၀၀၀)ဆုံးရှုံးခဲ့သဖြင့် ယာဉ်မောင်းဦးစန်းဝင်းအား မင်္ဂလာတောင်ညွန့်မြို့မရဲစခန်း
(ပ)၇၁၆/၂၀၁၃၊ ပုဒ်မ ၂၈၅ဖြင့် အရေးယူဆောင်ရွက်ထားရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

ထွန်းကိုကို ရဲ့အနုပညာလှုပ်ရှားမှုများ ကိုးရီးယားရုပ်သံတွင်ပြသမည်




မော်ဒယ်သရုပ်ဆောင် ထွန်းကိုကို ရဲ့ တစ်နေ့တာလှုပ်ရှားမှုပုံရိပ်များနှင့် အနုပညာလှုပ်ရှားမှုပုံရိပ်များကို ကိုးရီးယားနိုင်ငံမှာ ထုတ်လွှင့်ပြသဖို့အတွက် Arrirang
ကိုရီးယားရုပ်သံလိုင်းက အောက်တိုဘာ ၂၇ ရက်နေ့က ရိုက်ကူးခဲ့တယ်လို့ သိရပါတယ်။

Popular Journal

ဦးသိန်းစိန် ပါတီသစ် ထောင်မှာလား

” ဦးသိန်းစိန် ပါတီထောင်မယ်ဆိုရင်လည်း တိုင်းပြည်ပြိုကွဲဖို့တော့ မရှိဘူး။ အခုတိုင်းပြည်မှာက အမျိုးသားအကျိုးစီးပွားကိုပဲ လုပ်မယ်ဆိုတဲ့ အမျိုးသားရေးပါတီပေါ်လာရင် ထောက်ခံမယ့် အမျိုးသားရေးစိတ်ဓါတ်ကဲတဲ့ အုပ်စုတွေ ရှိနေတယ်။ အဲဒါကို ဦးသိန်းစိန်က တွက်ချက်ပြီးတော့ ကြားအဖွဲ့တဖွဲ့ထောင်လိုက်ရင် လက်ရှိအတိုင်း ဘာမှမပြောင်းဘဲနဲ့ NLD ရော ကြံခိုင်ရေးရော ငြိမ်သွားလိမ့်မယ်” ဟု ဦးလှဆွေက မှတ်ချက်ပေးသည်။

ထိုကဲ့သို့ အမျိုးသားရေးပါတီ ပေါ်ပေါက်လာပါက ဒေသစွဲ၊ လူမျိုးစွဲ ၊ ၀ါဒစွဲကြီးသော ဗမာလူမျိုးများက ထောက်ခံလိမ့်မည် ဖြစ်ကြောင်း၊ ယခု နိုင်ငံရေးအခြေအနေတွင် NLD ပါတီနှင့် ကြံခိုင်ရေး ပါတီ နှစ်ခုစလုံးကို မကြိုက်ကြသူများ ရှိနေကြောင်း၊ တိုင်းရင်းသားဒေသများတွင်လည်း ဒေသခံပါတီများကသာ အောင်ပွဲခံလိမ့်မည် ဖြစ်ကြောင်း ဦးလှဆွေက သုံးသပ်သည်။

ဧရာဝတီ

UNAIDS ကမ္ဘာလုံးဆိုင်ရာ ကိုယ်စားလှယ်အဖြစ် ဒေါ်အောင်ဆန်းစုကြည် လက်ခံဆောင်ရွက်

ကမ္ဘာတ၀ှမ်း HIV/AIDS ဝေဒနာရှင်များအား အကူအညီပေးရေး ကုသမဂ္ဂ အစီအစဉ် (UNAIDS) က ဝေဒနာရှင်များ အပေါ် ခွဲခြားဆက်ဆံမှု လုံးဝ အဆုံးသတ်ရေး ကိုယ်စားလှယ်အဖြစ် ရွေးချယ် ခန့်အပ်မှုကို ဒေါ်အောင်ဆန်းစုကြည်က လက်ခံလိုက်ကြောင်း UNAIDS သတင်းထုတ်ပြန်ချက်အရ သိရသည်။ UNAIDS အမှုဆောင် ဒါရိုက်တာ Michel Sidibé နှင့် မကြာသေးခင်က နေပြည်တော်၌ တွေ့ဆုံရာတွင် ကမ်းလှမ်းချက်ကို ဒေါ်အောင်ဆန်းစုကြည်က လက်ခံခဲ့ခြင်း ဖြစ်သည်။ “ဒီလို ရွေးချယ်တာဟာ ကျမအတွက် တကယ့်ကို ဂုဏ်ယူစရာပါ။ လူ့အဖွဲ့အစည်းနဲ့ စည်းခြား ဝေးကွာနေရပြီး၊ လူသား ဂုဏ်သိက္ခာနဲ့ အခြေခံ လူ့အခွင့်အရေးရဖို့ မြှင့်တင် စောင့်ရှောက်ရမှာပါ။ ကျမ အနေနဲ့ အသံမဲ့နေသူတွေရဲ့ ပဲ့တင်သံ ဖြစ်ချင်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။ လက်ရှိ မြန်မာပြည်တွင် HIV ရောဂါပိုး ကူးစက်ခံရသူပေါင်း ၄၀၀၀၀ ခန့်ရှိကြောင်း၊ ရောဂါ သံသယရှိပါက လျင်မြန်စွာ စမ်းသပ်မှု ခံယူရန်နှင့် အချိန်မီ ကုသမှု ခံယူရန် လိုအပ်ကြောင်း သိရသည်။

Irrawaddy (Burmese Version)

Facebook ပေါ်မှာ လူမျိုးပေါင်းစုံ (Funny)




၁၊။ Rooster (ကြက်) - Good morning/ မင်္ဂလာရှိသော နံနက်ခင်း လေးပါလို့ Status တင်ရန် တာဝန်ယူထားသူများ

၂။ Lurker (ဘီလူးငှက်) - သင့် Post ကို Like မလုပ်၊ ကွန်းမင့်မပေး သော်လည်း Credit ပေး၍ ပြန်ပြန်တင်ပေးတတ်သူ

၃။ Hyena (ဟိုင်းအီးနား) - ဘာဆိုဘာမှမပြော. ဟားဟား၊ Lol, Lmao. တို့သာ Comment ပေးတတ်သူ

၎။ Mr/Ms Popular - အကြောင်းပြချက်မရှိ Friend list ၄ထောင် ကျော်နေတတ်သူ

၅။ Gamer - Facebook ကိုဂိမ်းကစားဖို့အတွက် အသုံးပြုသူ

၆။ Cynic (အဆိုးမြင်သူ) - လောကကြီးက မကောင်းကြောင်း အမြဲ Status ရေးတင်တတ်သူ

၇။ Collector (စုဗူး) - Post မတင်။ သို့သော် Page တွေအကုန် Like, Group တွေ အကုန်ဝင်တတ်သူ

၈။ Promoter - Event invitation ခဏခဏပို့တတ်သူ

၉။ Liker - ကြိုက်ကြိုက်မကြိုက်ကြိုက် တွေ့ကရာ အကုန် Like လုပ်တတ်သူ

၁၀။ Drama Queen/ King - "ကျေးဇူးဖေဖေ/ ကျေးဇူးမေမေ အစရှိသဖြင့် ကျေးဇူးတင်နေတတ်သူ၊ အချစ်အကြောင်း ခဏခဏ ရေးပြီး တင်သူ

၁၁။ News - ကိုယ်ဘယ်ရောက်နေကြောင်း၊ သူဘယ်ရောက်နေကြောင်း၊ ဘာလုပ်နေကြောင်း အချိန်နှင့် တပြေးညီ တင်တတ်သူ

၁၂။ Photo Crazy - ဘယ်နေရာရောက်ရောက် ကိုယ့်ပုံကိုယ်ရိုက် အမြဲ တင်တတ်သူ

၁၃။ Politic - နိုင်ငံရေးနဲ့ပက်သက်လို့ သိသိမသိသိ Post အမြဲတင်သူ၊ Comment အမြဲပေးသူ

၁၄။ The "Thief" – Steals status updates, posts, articles, news and will probably steal this one
--
Ref: everjokes
Aung Kham ( TSJ Team )
TechSpace Journal

ATM စက်များ ငွေထုတ်ရန် အဆင်မပြေခြင်းမှာ မြန်မာဆက်သွယ်ရေး အင်တာနက်ကြောင့်ဟုဆို




ရန်ကုန်၊ အောက်တိုဘာ ၂၈

အရောင်းဆိုင်များတွင် ဈေးဝယ်ယူရာ၌ ကတ်ဖြင့် ငွေပေးချေနိုင်သည်အထိ တိုးချဲ့လုပ်ဆောင် လာနေသော MPU (Myanmar Pay Union) ကတ်များ ATM စက်များတွင် ငွေထုတ်ယူရာ၌ အဆင်မပြေမှုများ ဖြစ်ရခြင်းမှာ ဘဏ်များ၏ နည်းပညာ အားနည်းချက်ကြောင့် မဟုတ်ဘဲ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) က ဝန်ဆောင်မှု ပေးနေသည့် အင်တာနက်လိုင်း ဆက်သွယ်မှုကြောင့်သာ ဖြစ်ကြောင်း ပြည်တွင်း ပုဂ္ဂလိကဘဏ်များထံမှ သိရသည်။
“အင်တာနက်လိုင်း မကောင်းလို့ ထုတ်လို့ မရတာက ဘဏ်တွေက လုပ်ပေးလို့ မရဘူး။ MPT ရဲ့ Connection နဲ့ပဲ ဆိုင်တယ်” ဟု ကမ္ဘောဇဘဏ်မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ပုဂ္ဂလိကဘဏ်များတွင် Visa Card, Master Card, CUP Card များဖြင့် ငွေကြေးသုံးစွဲမှုကို စတင်လုပ်ဆောင်နေပြီ ဖြစ်သော်လည်း ATM စက်များမှာ မကြာခဏ အသုံးပြုမရ ဖြစ်နေကြောင်း၊ အထူးသဖြင့် ရာသီဥတု မကောင်းသည့် အချိန်များတွင် ATM စက်များမှာ Out of Service သာ ပြနေပြီး အသုံးပြု၍ မရသဖြင့် အခက်အခဲများစွာ ရှိကြောင်း MPU ကတ် သုံးစွဲသူများ၏ ပြောဆိုချက်အရ သိရသည်။

အသက် ၃၂ နှစ်အရွယ် MPU ကတ် သုံးစွဲသူ အမျိုးသားတစ်ဦးက “မိုးအုံ့တဲ့အချိန် ATM စက်မှာ ပိုက်ဆံသွားထုတ်တာ စက်က Out of Service ဖြစ်နေတယ်။ မိနစ် ၃၀ လောက် စောင့်နေရတယ်” ဟု ၎င်း၏ ကြုံတွေ့ခဲ့ရမှုကို ပြောပြသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းကို အောက်တိုဘာ ၂၈ ရက်နေ့ ညနေ ၃ နာရီဝန်းကျင်တွင် ဖုန်းဖြင့် ဆက်သွယ် မေးမြန်းခဲ့သော်လည်း ပြန်လည် ဖြေကြားခဲ့ခြင်း မရှိပေ။

မြန်မာနိုင်ငံတော် ဗဟိုဘဏ်သည် အသေးစားအလတ်စား ငွေကြေး ပေးချေမှုများတွင် ငွေသားအသုံးပြုမှု လျှော့ချနိုင်ရန် ရည်ရွယ်၍ ၂၀၁၁ ခုနှစ် စက်တင်ဘာလတွင် Myanmar Payment Union (MPU) ကို ပြည်တွင်းဘဏ် ၁၅ ခုကျော်ဖြင့် ဖွဲ့စည်းခဲ့ပြီး ATM Card များကို ၂၀၁၁ ခုနှစ် နိုဝင် ဘာလတွင် စတင်အသုံးပြုခွင့် ပေးခဲ့သည်။

Myanmar Payment Unoin (MPU Card) ကိုမူ ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့က စတင်အသုံးပြုခဲ့ပြီး နိုင်ငံခြား ငွေထုတ် ကတ်များဖြစ်သည့် Visa Card, Master Card, CUP Card များကိုလည်း ပြည်တွင်းဘဏ်များနှင့် ချိတ်ဆက် အသုံးပြုလျက်ရှိကာ လက်ရှိ MPU ကတ် အသုံးပြု သူ တစ်သိန်းကျော် ရှိကြောင်း ပုဂ္ဂလိက ဘဏ်များ၏ ထုတ်ပြန်ချက်များအရ သိရသည်။

The Voice Weekly

Google Maps မှ မြေပုံကို Download ချပြီး ကြည့်ခြင်း



Google Maps App က ကိုယ်နဲ့မရင်းနှီးတဲ့ နေရာဒေသတွေကို ရှာဖွေဖို့ အတွက် တော်တော် အသုံးဝင်ပါတယ်။ သို့ပေမဲ့လည်း Data ပမာဏ တော်တော်များများကို အသုံးပြုရတဲ့အတွက် Network မရှိတဲ့ နေရာမျိုးရောက်နေရင် မြေပုံသုံးမရဘဲ အခက်တွေ့တက်ပါတယ်။

မြန်ဆန်တဲ့ အင်တာနက် ရှိတဲ့နေရာမျိုးမှာ Map တွေကို Offline အဖြစ် ကြည့်လို့ရအောင် Download လုပ်ယူထားခဲ့မယ်ဆိုရင် Data Connection မရတဲ့အချိန်မှာလည်း Maps တွေကိုကြည့်ပြီး အသုံးပြုနိုင်သွားမှာ ဖြစ်ပါတယ်။

အဲ့ဒီအတွက် မိမိ Download လုပ်ချင်တဲ့ Map Area ကိုကြည့်နေတဲ့အချိန်မှာ "ok maps" ဆိုတဲ့ စာသားကို Search Bar မှာ ရိုက်ထည့်မယ်ဆိုရင် Pre-Loading Map % လို့ ဖော်ပြမှာ ဖြစ်ပြီး 100% ပြည့်သွားရင်တော့ "The On Screen map area has been cached" လို့ ဖော်ပြကာ Download လုပ်ပြီးသွားမှာ ဖြစ်ပါတယ်။

Cache တွေ များလို့ နေရာလွတ်မကျန်တော့ဘူး ဆိုရင်တော့ Menu ကနေ Clear Cache ကို နှိပ်ပြီး ရှင်းလင်းပစ်နိုင်မှာ ဖြစ်ပါတယ်။

Roy Campbell

အခုလိုမျိုး အသုံးဝင်မဲ့ Tips ပေါင်းများစွာကို Computer Active မဂ္ဂဇင်းကြီးနဲ့ တရားဝင်ပူးပေါင်း စီစဉ်တင်ဆက်ထားတဲ့ TechSpace Journal ရဲ့ Workshop & Tips ကဏ္ဍမှာ ရှာဖွေကာ ဖတ်ရှုနိုင်မှာ ဖြစ်ပါတယ်။ ဂျာနယ် တစ်ခုအဖြစ် သာမက နိုင်ငံတကာမှ နည်းပညာ မဂ္ဂဇင်းကြီးပါ တစ်ခါတည်း ဖတ်ရှုရမဲ့ TechSpace Journal..

TechSpace Journal

ကြံ့ခိုင်ရေးပါတီ နှစ်ခြမ်းကွဲပြီလား


ကြံ့ခိုင်ရေးပါတီ နှစ်ခြမ်းကွဲသွားလျှင်သော်မျှ ဦးသိန်းစိန်နှင့် ဦးရွှေမန်းတို့၏ ပုဂ္ဂိုလ်ရေးအခြေခံ ကွဲပြားမှုသာ ဖြစ်မည် (ကာတွန်း – စိုင်းစိုးကြည်)
၂၀၁၅ ရွေးကောက်ပွဲတွင် သမ္မတရာထူးအတွက် လက်ရှိ သမ္မတ ဦးသိန်းစိန်က ထပ်မံ တာဝန်ထမ်းဆောင်မည်မဟုတ် ဟု ယခင်အပတ်က သူရဦးရွှေမန်း မီဒီယာများသို့ ထုတ်ဖော်ပြောဆိုမှုသည် သမ္မတ၏ သဘောထားမဟုတ်ဟု သမ္မတ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေး ဒုတိယဝန်ကြီး ဦးရဲထွဋ်က တုန့်ပြန် ပြောဆိုလိုက်ပြီးနောက် အုပ်ချုပ်ရေးနှင့် အာဏာရပါတီ အသိုင်းအဝိုင်းကြား ဦးသိန်းစိန်ထောက်ခံသော အုပ်စုနှင့် ဦးရွှေမန်း ထောက်ခံသော အုပ်စု ၂ ခု ပိုမိုပေါ်လွင်လာနေပြီး ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ နှစ်ခြမ်းကွဲတော့မလား ဟု မေးခွန်းထုတ်ရန် ဖြစ်လာနေစေသည်။

သမ္မတဦးသိန်းစိန်အနေဖြင့် ၂၀၁၅ ရွှေးကောက်ပွဲတွင် သမ္မတရာထူး ပါဝင်ယှဉ်ပြိုင်ခြင်းကို သမ္မတကိုယ်တိုင် တိုင်းပြည်သို့ အသိပေးမည် ဖြစ်ပြီး ကြားလူမှ တဆင့် အသိပေးစရာ အကြောင်းမရှိဟု ဦးရဲထွဋ်က အောက်တိုဘာလ ၂၇ ရက်နေ့ထုတ် 7 Day Daily သတင်းစာသို့ ထုတ်ဖော်ပြောဆိုခဲ့သည်။

” ဦးရွှေမန်း ဘယ်လိုသဘောမျိုးနဲ့ ဒါကို ထုတ်ပြောတယ် ဆိုတာတော့ မသိပါဘူး။ ဒါပေမဲ့ သမ္မတကြီးက သူ့သဘောထား ဆုံးဖြတ်ချက်တွေကို ပြည်သူထံ အသိပေးဖို့လိုရင် လိုအပ်တဲ့အချိန်မှာ တိုက်ရိုက် အသိပေးပြောကြားမှာပါ။ အခုလို ကြားလူကတဆင့် ပြည်သူကို အသိပေးဖို့ အကြောင်းမရှိပါဘူး”ဟု သမ္မတပြောရေးဆိုခွင့် ရှိသူက ပြောဆိုကြောင်း 7 Day Daily သတင်းစာတွင် ဖော်ပြထားသည်။

ထိုကဲ့သို့  ၂၀၁၅ ရွေးကောက်ပွဲတွင် မည်သူက ပါတီကို ဦးဆောင်ပြီး သမ္မတရာထူးအတွက် ယှဉ်ပြိုင်မည်ကို နှစ်ဘက်စလုံးက အလျှော့ပေးမည့်ပုံ မပေါ်သောအခါ အာဏာရ ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီတွင် လက်ရှိသမ္မတဦးသိန်းစိန်ကို ထောက်ခံသော အုပ်စုနှင့် လွှတ်တော် နာယက သူရဦးရွှေမန်းကို ထောက်ခံသော အုပ်စုဟူ၍ နှစ်မျိုးပေါ်ပေါက်လာနိုင်ကြောင်း ပါတီနှစ်ခြမ်းကွဲနိုင်သည် အထိ ဖြစ်နိုင်ကြောင်း နိုင်ငံရေးအသိုင်းအဝိုင်းက ထင်မြင်သုံးသပ်လာကြသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီမှာ စစ်တပ်ကျောထောက်နောက်ခံဖြင့် ဖွဲ့စည်းထားသော ပါတီတခုဖြစ်သောကြောင့် အလွယ်တကူ မပြိုကွဲနိုင်သော်လည်း လက်ရှိနိုင်ငံရေး အခြေအနေအရ  သမ္မတဦးသိန်းစိန် ပါတီတခု ထပ်၍ ထူထောင်ပါကလည်း တိုင်းပြည်မပြိုကွဲနိုင်ကြောင်း ကြံ့ခိုင်ရေးပါတီ ဗဟိုကော်မတီဝင်လည်းဖြစ် အမျိုးသားလွှတ်တော်အမတ်ဖြစ်သူ ဦးလှဆွေက ဧရာဝတီသို့ ပြောသည်။

” ဦးသိန်းစိန် ပါတီထောင်မယ်ဆိုရင်လည်း တိုင်းပြည်ပြိုကွဲဖို့တော့ မရှိဘူး။ အခုတိုင်းပြည်မှာက အမျိုးသားအကျိုးစီးပွားကိုပဲ လုပ်မယ်ဆိုတဲ့ အမျိုးသားရေးပါတီပေါ်လာရင် ထောက်ခံမယ့် အမျိုးသားရေးစိတ်ဓါတ်ကဲတဲ့ အုပ်စုတွေ ရှိနေတယ်။ အဲဒါကို ဦးသိန်းစိန်က တွက်ချက်ပြီးတော့ ကြားအဖွဲ့တဖွဲ့ထောင်လိုက်ရင် လက်ရှိအတိုင်း ဘာမှမပြောင်းဘဲနဲ့ NLD ရော ကြံခိုင်ရေးရော ငြိမ်သွားလိမ့်မယ်” ဟု ဦးလှဆွေက မှတ်ချက်ပေးသည်။

ထိုကဲ့သို့ အမျိုးသားရေးပါတီ ပေါ်ပေါက်လာပါက ဒေသစွဲ၊ လူမျိုးစွဲ ၊ ၀ါဒစွဲကြီးသော ဗမာလူမျိုးများက ထောက်ခံလိမ့်မည် ဖြစ်ကြောင်း၊ ယခု နိုင်ငံရေးအခြေအနေတွင် NLD ပါတီနှင့် ကြံခိုင်ရေး ပါတီ နှစ်ခုစလုံးကို မကြိုက်ကြသူများ ရှိနေကြောင်း၊ တိုင်းရင်းသားဒေသများတွင်လည်း ဒေသခံပါတီများကသာ အောင်ပွဲခံလိမ့်မည် ဖြစ်ကြောင်း ဦးလှဆွေက သုံးသပ်သည်။

သို့ရာတွင် သမ္မတ လုပ်ချင်နေသူများနှင့် ပတ်သက်ပြီး သဘောထားမှတ်ချက်မပေးလိုသော်လည်း ပါတီမှာ တဦးတယောက်၏ ဦးဆောင်မှုအောက်တွင် မရှိဘဲ အများဆန္ဒဖြင့် ဖွဲ့စည်းထားသောကြောင့် လုံးဝမပြိုကွဲနိုင်ကြောင်း ကြံ့ခိုင်ရေးပါတီ ဒုတိယဥက္ကဌ ဦးဌေးဦးက ဧရာဝတီသို့ ပြောသည်။

”သမ္မတကတော့ လူတိုင်းလုပ်နိုင်ပါတယ်။ သူ( ဦးရွှေမန်း) လည်းပဲ အရင်တုန်းက ထိပ်ပိုင်းခေါင်းဆောင်ပဲလေ။ လုပ်နိုင်မှာပေါ့။ ကျနော်တို့ ပါတီမှာတော့ ဘယ်သူကို သမ္မတဆိုတာတော့ မသတ်မှတ်သေးဘူး။ မဆွေးနွေးကြသေးဘူး။ လောလောဆယ် စောသေးတယ်။ လက်ရှိတော့ ပါတီဥက္ကဌ ရာထူးကို ဦးရွှေမန်း ယူထားပါတယ်”ဟု ဦးဌေးဦးက ဆိုသည်။

အုပ်ချုပ်ရေးတာဝန်ကို ထမ်းဆောင်နေသောသူများ မည်သည့်ပါတီ နိုင်ငံရေးတာဝန်များကို မထမ်းဆောင်ရဟု ၂၀၀၈ ဖွဲ့စည်းပုံက ဆိုထားသဖြင့် ၂၀၁၂ အောက်တိုဘာလတွင် ပါတီဥက္ကဋ္ဌအဖြစ် ပြန်လည်ရွေးကောက်ခံရသောကြောင့် ရာထူးတာဝန် နှစ်ခုကို ယူထားခဲ့သော ဦးသိန်းစိန်သည် ၂၀၁၃ မေလတွင် ပါတီဥက္ကဋ္ဌရာထူးကို သူရဦးရွှေမန်းထံ လွှဲပေးခဲ့ရသည်။

ယမန်နှစ် ဥရောပခရီးစဉ်အတွင်း ဘီဘီစီနှင့် တွေ့ဆုံမေးမြန်းမှုတွင် သမ္မတဦးသိန်းစိန်က ၂၀၁၅ တွင် ထပ်မံ အရွေးချယ်ခံရန် အစီအစဉ် လတ်တလော မရှိသေးဟု မတင်မကျ ပြောထားပြီး အမေရိကန်ပြည်ထောင်စု ခရီးတွင်မူ လူအများက လိုလားလျှင် သမ္မတရာထူး ထပ်မံထမ်းဆောင်မည်ဟု ပြောဆိုခဲ့ဖူးသည်။ သို့ရာတွင် ယမန်နှစ် မေလအတွင်း အလုပ်ပိ၍  ကျန်းမာရေး အခြေအနေ ကျဆင်းကာ စင်္ကာပူသို့ ဆေးကုသမှု ခံယူရပြီး နှလုံးခုန်စက်များ တပ်ထားရသော ဦးသိန်းစိန်သည် နောက်သက်တမ်း ထမ်းဆောင်ရန် ဖြစ်နိုင်မည်လောဟု မေးခွန်းများလည်း ရှိနေသည်။

ကြံ့ခိုင်ရေးပါတီ ထိပ်တန်းခေါင်းဆောင်များကမူ သမ္မတဦးသိန်းစိန်မှာ ကျန်းမာရေးကောင်းမွန်ကြောင်း၊ လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများ ရှိနေပြီးဖြစ်သောကြောင့် ဒုတိယ သမ္မတသက်တမ်းအတွက် ပြဿနာ မရှိနိုင်ကြောင်း ပြောသည်။

“စက်ကို နှလုံးမှာ ထည့်တယ်ဆိုတာ ဘာပြဿနာမှ မရှိပါဘူး။ ဦးသိန်းစိန် ဂေါက်ရိုက်တာ ကျနော်မြင်ဘူးတယ်။ သူရိုက်လိုက်တာ Drive က တော်တော်ကောင်းတော့ အားလုံးက လက်ခုပ်တွေတီးကြတယ်” ဟု ဦးလှဆွေက ပြောပြီး ”သူ့ကျန်မားရေးအခြေအနေကတော့ အခုကောင်းနေတာပဲ။ သမ္မတကြီး ဖြစ်တဲ့အတွက် လိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုက အချိန်ပြည့်နီးပါးရှိမှာပေါ့။ ကျနော်တို့ထက်တောင် ကျန်းမာရေး ကောင်းနေတယ်”ဟု ဦးဌေးဦးက ဆိုသည်။

သမ္မတဦးသိန်းစိန် ပါတီထောင်၍ ရွှေးကောက်ပွဲဝင်မည်ဆိုပါက စစ်တပ်မှာ ဦးသိန်းစိန်နောက်သို့ လိုက်မည်ဖြစ်ပြီး သမ္မတဆက်ဖြစ်နိုင်ကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေက မျှော်လင့်တွက်ဆနေသည်။

” တပ်ကတော့ လက်ရှိအာဏာရှိတဲ့သူနောက်ကို လိုက်မှာပဲ။ တပ်သဘောက အမိန့်နဲ့သွားတာကိုး။ လက်ရှိသမ္မတကြီးက ရွှေးကောက်ပွဲဝင်မယ် ဆိုတာနဲ့ တပ်က လက်ရှိသမ္မတဘက်ကပဲ ဖြစ်မှာ”ဟု ဦးလှဆွေက ဆိုသည်။

သို့သော် တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ခေါင်းဆောင်လည်းဖြစ် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၏ ဒုတိယတိုင်းမှူးလည်းဖြစ်သူ ဗိုလ်မှူးချုပ်ဝေလင်းကို ဧရာဝတီက မေးမြန်းရာ “တပ်မတော်က သမ္မတ ဘက်ကလည်း မလိုက်ဘူး။ ဦးရွှေမန်း ဘက်ကလည်း မလိုက်ဘူး။ ပြည်ခိုင်ဖြိုးလည်း အတူတူပဲ။ ပြည်ခိုင်ဖြိုး မှန်တယ် ဆိုရင် ကျနော်တို့ ထောက်ခံမှာပဲ။ ဘယ်ပါတီပဲဖြစ်ဖြစ် သူတို့တင်ပြတာတွေ၊ ဆွေးနွေးတာတွေက အပြုသဘောနဲ့ အားလုံးက မှန်တယ်ဆိုရင် ထောက်ခံမှာပဲ” ဟု ပြန်လည်ဖြေကြားခဲ့သည်။

နိုင်ငံရေး ဝေဖန်သုံးသပ်သူများအနေဖြင့် ကြံ့ခိုင်ရေးပါတီ နှစ်ခြမ်းကွဲသွားလျှင်သော်မျှ ဦးသိန်းစိန်နှင့် ဦးရွှေမန်းတို့၏ ပုဂ္ဂိုလ်ရေးအခြေခံ ကွဲပြားမှုသာ ဖြစ်မည်ဖြစ်ပြီး မူဝါဒရေးရာ ကွဲပြားမှု ဖြစ်မလာနိုင်ဟု ယူဆနေကြသည်။

နိုင်ငံရေးသုံးသပ်ဝေဖန်ချက်များကို ရေးသားနေသော ဒေါက်တာရန်မျိုးသိမ်းက ပါတီ နှစ်ခြမ်းကွဲ သွားရန် မဖြစ်နိုင်ဘဲ အသင်း နှစ်သင်းခွဲ ကစားခြင်းမျိုးသာ ဖြစ်နိုင်ကြောင်း၊ နှစ်ခြမ်းကွဲမည်ဆိုပါက အကျိုးမရှိနိုင်ဟု ပါတီထိပ်ပိုင်း ခေါင်းဆောင်များ နားလည်ထားပြီး ဖြစ်သောကြောင့် ထိုကဲ့သို့ စီမံချက်ချ၊ ဗျူဟာချ၊  အလုပ်လုပ်နေခြင်းကို ပိုသတိထားစောင့်ကြည့်ရမည်ဟု ပြောဆိုသည်။

“ဦးသိန်းစိန်နဲ့ ဦးရွှေမန်းရောဟာ ပြည်ခိုင်ဖြိုးပါတီရဲ့ နံပါတ်တစ်ခေါင်းဆောင်နဲ့ ခေါင်းဆောင်ဟောင်းပါ။ ပါတီရဲ့ အသေးစိတ်စီမံချက်အတိုင်း အလုပ်လုပ်နေတယ်လို့ပဲ မြင်ပါတယ်။ ကျနော်ကတော့ ဘက်နှစ်ဘက်လို့ မမြင်ဘူး၊ တဘက်တည်းလို့ပဲ မြင်တယ်။ ပါတီရဲ့ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အဆုံးအဖြတ်အတိုင်း သွားနေတာလို့ မြင်ပါတယ်”ဟု ဒေါက်တာရန်မျိုးသိမ်းက ဆိုသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသူကမူ အစိုးရနှင့် လွှတ်တော် ထိပ်တိုက်တွေ့ဆုံမှုမှတဆင့် ကြံခိုင်ရေးပါတီ နှစ်ခြမ်းကွဲနိုင်ကြောင်း သတင်းများထွက်ပေါ်နေသော်လည်း အမျိုးသားပြန်လည်သင့်မြတ်ရေးကို ထိခိုက်မည့် ပါတီများပြိုကွဲခြင်းကို မလိုလားကြောင်း ပြောသည်။

“အန်တီ(ဒေါ်အောင်ဆန်းစုကြည်) ကိုယ်တိုင်က ဒါတွေကို မြင်တဲ့အတွက် ကျနော်တို့ကို မီးလောင်ရာ ဆီမလောင်းဖို့ မှာထားတယ်။ အခုလို အသံတွေထွက်နေတာကိုလည်း မကြိုက်ဘူး။ အားလုံး ညီညီညွှတ်ညွှတ်နဲ့ သွားချင်တယ်။ တကယ်လို့ မတတ်နိုင်တဲ့အဆုံး ကွဲခဲ့ရင်လည်း တပ်ကို သူ့နေရာမှာပဲသူ ရှိစေချင်တယ်”ဟု ဦးမင်းသူက ဆိုသည်။

သူရဦးရွှေမန်းမှာ အာဏာရှင် အငြိမ်းစား ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် မိသားစုအလိုက် ပိုမိုရင်းနှီးသော ဆက်ဆံရေးရှိသောကြောင့် ယခုအချိန်တွင် ဝှက်ဖဲကို ထုတ်ကစားလိုက်ခြင်းဟု သုံးသပ်ထင်မြင်ချက်များလည်း နိုင်ငံရေးအသိုင်းအဝိုင်းကြား ပြောဆိုနေရာ ယခုကိစ္စကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေက နောက်ကွယ်မှ ကြိုးကိုင်နေခြင်း မဟုတ်ဟု ဦးသန်းရွှေအိမ်သို့ အဝင်အထွက်များသည်ဟု လူပြောများသူ ကြံ့ခိုင်ရေးပါတီ ဒုတိယဥက္ကဌ ဦးဌေးဦးက ဧရာဝတီသို့ ပြောဆိုသည်။

ထို့ပြင် ၂၀၁၁ ခုနှစ် မေလတွင် ဦးသန်းရွှေက သမ္မတရာထူးကို ဦးသိန်းစိန်သို့ လွှဲပြောင်းခဲ့ရာ ဦးရွှေမန်း မှန်းချက်နှင့် နှမ်းထွက် လွဲခဲ့ရကြောင်း နီးစပ်သူများက ထောက်ပြပြောဆိုကြသည်။

irrawaddy

ရင်သားကင်ဆာကို ၁၅မိနစ်အတွင်း ပျောက်ကင်းစေတော့မယ့် တိုးတက်လာတဲ့ လေဆာကုထုံး



ရင်သားကင်ဆာကို၁၅မိနစ်အတွင်း ပျောက်ကင်းအောင် လေဆာနဲ့ကုသလို့ရတဲ့ထိ တိုးတက်မှုတွေရှိလာပါပြီ။ ရင်သားကို ဖယ်ထုတ်စရာလုံးဝ မလိုတော့ပါဘူး။ အဲ့ဒီ့အတွက်ကြောင့် ဆရာဝန်တွေဟာ အရမ်းကို စိတ်လှုပ်ရှားရင်ခုန်နေကြပါတယ်။

အလင်းကုထုံးဟာ အရေပြားကင်ဆာ၊ အဆုတ်ကင်ဆာအပါအဝင် ကင်ဆာ၎မျိုးကို ပျောက်ကင်းအောင် ကုသနိုင်တယ်လို့အတည်ပြုပြီး
ဖြစ်ပါတယ်။ ရင်သားကင်ဆာကို ထိထိရောက်ရောက်ကုသနိုင်ဖို့ကိုလည်း သိပ္ပံပညာရှင်တွေက စမ်းသပ်လုပ်ဆောင်နေကြပါတယ်။

အကျိတ်ပေါ်ကို လေဆာရောင်ခြည်တိုက်ရိုက်ထိုးပြီး အလင်းကို တုံ့ပြန်မှုရှိအောင်လည်း ဆေးတစ်မျိုးသုံးထားမယ်ဆိုရင် ကင်ဆာကို သတ်နိုင်ပါတယ်။ အောင်မြင်သွားမယ်ဆိုရင် အကျိတ်ဘေးပတ်လည်ကရှိတဲ့ ကျန်းမာတဲ့တစ်သျှူးတွေကို ထိခိုက်မှုမရှိစေပဲ ကုသနိုင်ပါလိမ့်မယ်။

ဒါဟာ လေဆာကုထုံးရဲ့ လှပသေသပ်မှုတစ်ရပ်ပါပဲ။
ကုသနည်းကတော့ အလင်းကိုတုံ့ပြန်မှုရှိအောင် အကျိတ်ထဲကို ဆေးထိုးပြီး၊ ကင်ဆာကိုသတ်ဖို့ အကြိတ်ကိုလေဆာနဲ့ ခဏတစ်ဖြုတ်ထိုးရမှာဖြစ်ပါတယ်။

သီဟနိုင်(Ref:dailymail)
credit:MWD


အပြင်မှာမရှိ၊ သို့သော် နိုင်ငံကျော် အဆိုတော်ဖြစ်ရသူ Aimi Eguchi





၂၀၁၁ ခုနှစ် ဇွန်လက ဂျပန်နိုင်ငံမှာ ဖြစ်ပါတယ်။ Aimi Eguchi အမည်ရ အမျိုးသမီးငယ်လေးကို ကမ္ဘာကျော် ဂျပန် ပေါ့တေးဂီတ အဖွဲ့ AKB48 မှာ သတင်းစာ ရှင်းလင်းပွဲဖြင့် တရားဝင် ထည့်သွင်း ခဲ့ပါတယ်။

Playboy မဂ္ဂဇင်းတွေမှာတောင် အဆိုတော်သစ် မိတ်ဆက်ဆိုပြီး Sexy ကျကျ ပုံတွေနဲ့ ဖော်ပြပါတယ်။ အခြားသော မီဒီယာ မိတ်ဆက်မှုများ ပြု လုပ်ပြီး ရုပ်သံ အင်တာဗျူးအစီအစဉ်တွေတောင် လုပ်ပေး ပါသေးတယ်။ သူ့သီချင်းတွေလည်းထွက်ရှိပြီး အဖွဲ့လိုက် ဖျော်ဖြေမှုတွေ ပါ ပြုလုပ်ပေး ပါတယ်။ သို့ပေမယ့် တစ်လမကြာပဲ အမှန်တရားကို ပြန်လည်ကြေညာပေး ခဲ့ပါတယ်။

ယင်းအဖွဲ့ဝင်သစ် Aimi Eguchi ဟာ တကယ့်လူအစစ်မဟုတ်ပဲ ကွန်ပြူတာ နည်းပညာဖြင့် ဖန်တီးသော CGI ပုံရိပ်တစ်ခုသာ ဖြစ်ကြောင်း ဝန်ခံခဲ့ပါတယ်။ သူ့ရဲ့  အသံ၊ မျက်နှာ၊ မျက်လုံး၊ ဆံပင်၊ ဘော်ဒီ အားလုံးကို အဖွဲ့ဝင် အဆိုတော် ၆ ဦးလောက်ကနေ ယူပြီး ပေါင်းစပ်ပေးထား တာ ဖြစ်ပါတယ်။ တကယ်တန်း ကြေညာတော့ ဂျပန်နိုင်ငံတောင်ပိုင်းက လာတဲ့ ၁၆ နှစ်သမီးလေး အဆိုတော် လတ်လတ်ဆတ်ဆတ် လို့ ကြေညာပါတယ်။ လာရောက် ကြည့်ရှု တဲ့ ပရိတ်သတ်တို့ မျက်စိမှား လောက်အောင် လှည့်စားနိုင်တာဟာ ဂျပန်နိုင်ငံက နည်းပညာ ရှင်များရဲ့  ထူးခြား ကျွမ်းကျင်မှု တစ်ခု ဖြစ်ပါတယ်။

AKB48 ဟာ အဖွဲ့ဝင် ၉၁ ဦး ဝန်းကျင်ရှိတဲ့ ကမ္ဘာကျော် ဝင်ငွေ စံချိန်တင် ဂီတ အဖွဲ့ကြီးဖြစ်ပြီး အဖွဲ့ အေ၊ ဘီ၊ စီ အစရှိသဖြင့် ခွဲလို့ ရှိုးပွဲတွေရော၊ အယ်လ်ဘမ်တွေရော ဆက်တိုက်ထုတ်ပါတယ်။ ယနေ့တိုင် လူကြိုက် များနေဆဲ ဖြစ်ပါတယ်။

သို့ပေမယ့် တကယ် ရုပ်ရှင်ထဲကလိုပဲ အပြင်မှာ မရှိတဲ့ လူတစ်ယောက်ကို အဆိုတော် အသစ်အဖြစ် မိတ်ဆက်ပေးလိုက်တဲ့ AKB48 ရဲ့  လုပ်ရပ်က ယနေ့တိုင် ငိုရမလို၊ ရယ်ရမလို အကြောင်းအရာလေး တစ်ခုအဖြစ် ကျန်ရှိခဲ့ကြောင်း သိရပါတယ်။

Aimi Eguchi အကြောင်း အသေးစိတ် ဖတ်ရန် -

http://en.wikipedia.org/wiki/Aimi_Eguchi

-----
Ref: wiki
အောင်ခမ်း ( TSJ Team )
TechSpace Journal


ရှေးဟောင်းယာဉ် ကိုးစီးဖြင့် မြို့ ၁၃ မြို့သို့ လှည့်လည် သွားရောက်မည်



၁၉၃၀ မှ ၁၉၇၀ ဝန်းကျင်က မော်တော်ယာဉ် များဖြစ်သော ရှေးဟောင်း မော်တော်ယာဉ် ကိုးစီးဖြင့် မြန်မာနိုင်ငံ အတွင်းရှိ မြို့ကြီး ၁၃ မြို့နယ်သို့ လှည့်လည် သွားရောက်မည် ဖြစ်ကြောင်း ခရီးစဉ်ကို စီစဉ်သည့် Myanmar Burma Road Classic အဖွဲ့မှ ဒေါ်ခိုင်ဇာနည်က ပြောကြားသည်။

အင်္ဂလန်၊ ဘယ်လ်ဂျီယံနှင့် ဆွစ်ဇာလန်နိုင်ငံတို့မှ မော်တော်ယာဉ် အစီးရေ ကိုးစီးကို တစ်စီးလျှင် ယာဉ်မောင်း နှစ်ဦးစီဖြင့် အောက်တိုဘာလ ၂၈ ရက်နေ့တွင် ရန်ကုန်မြို့မှစတင်၍ မြို့ ၁၃ မြို့သို့ လှည့်လည် သွားရောက်ပြီး ရန်ကုန်မြို့တွင် အဆုံးသတ်မည် ဖြစ်ကြောင်း ၎င်းကပြောကြားသည်။
“ဒီလိုလုပ်ခြင်းဟာ မြန်မာ့ခရီးသွား လုပ်ငန်းရဲ့ ပုံရိပ်ကို တိုးတက်စေသလို ကျွန်တော်တို့ရဲ့ လုပ်ငန်းကိုလည်း အထောက်အကူ ဖြစ်စေတယ်။ ပြီးတော့ ဒီအလုပ်က ဘယ်သူမှ မလုပ်သေးတဲ့ အတွက် လုပ်ဆောင်ရခြင်း ဖြစ်ပါတယ်” ဟု ၎င်းကဆိုသည်။

ရှေးဟောင်း မော်တော်များဖြစ်သည့်အပြင် မြန်မာနိုင်ငံ၏ နယ်လမ်းများ ဖြစ်သည့်အတွက် ယာဉ်ကြံ့ခိုင်မှုကို စိတ်ချရစေရန် နိုင်ငံခြားမှ စက်ပြင်ဆရာနှစ်ဦးနှင့် မြန်မာနိုင်ငံမှ စက်ပြင် အကူနှစ်ဦးအပြင် ယာဉ်တင် Truck တစ်စီး၊ သူနာပြုယာဉ် တစ်စီးနှင့် နိုင်ငံခြား ဆရာဝန်တစ်ဦးလည်း ပါဝင်ကြောင်း ခရီးစဉ်သို့ လိုက်ပါနေသည့် Essence of Myanmar ခရီးသွားကုမ္ပဏီ တာဝန်ရှိသူ ဦးဝင်းထွန်းက ပြောကြားသည်။

၂၃ ရက်ကြာ လှည့်လည် သွားရောက်မည့် အဆိုပါ ယာဉ်တန်းအဖွဲ့သည် ရန်ကုန်၊ တောင်ငူ၊ နေပြည်တော်၊ ပင်းတယ၊ အင်းလေး၊ ကလော၊ ပုပ္ပါး၊ ပုဂံ၊ မန္တလေး၊ ပြင်ဦးလွင်၊ မုံရွာ၊ မကွေး၊ ပြည်မြို့ တို့ကို လှည့်လည် သွားရောက်မည် ဖြစ်ကြောင်း Myanmar Burma Road Classic အဖွဲ့ထံမှ သိရသည်။

The Voice Weekly

ပြည်နှင်ဒဏ်ခံ တရုတ်နိုင်ငံသားများ ပတ်စ်ပို့သစ်ဖြင့် ပြန်ဝင်ရောက်ဟုဆို



ဗီဇာစည်းကမ်း ဖောက်ဖျက်သဖြင့် အမည်ပျက် စာရင်းသွင်းပြီး ပြည်နှင်ဒဏ် ခံရသည့် တရုတ်နိုင်ငံသားများ မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ နိုင်ငံကူး လက်မှတ်အသစ်ဖြင့် ပြန်လည် ဝင်ရောက်လာမှုများ ရှိကြောင်း မန္တလေးတိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါ လေဆိပ်မှ မြန်မာနိုင်ငံတွင်းသို့ ပြန်လည် ဝင်ရောက်လာသူ တစ်လလျှင် နှစ်ဦးခန့် ဖမ်းဆီးမိပြီး လေယာဉ်ဖြင့် နေရပ် ပြန်ခိုင်းရခြင်းများ ရှိကာ ဇူလိုင်လမှ စက်တင်ဘာလအထိ ခြောက်ဦးခန့် ရှိ ကြောင်း ၎င်းကပြောကြားသည်။
“အဓိကက ကျောက်ဆည်နဲ့ မြစ်သားမြို့နယ်တွေမှာ ဖရဲလာစိုက်နေတဲ့ တရုတ်နိုင်ငံသားတွေ များတယ်။ သူတို့ကို အမည်ပျက်စာရင်း သွင်းတာကို ပတ်စ်ပို့ အသစ်ကိုင်ပြီး လာကြတာမှာ လေဆိပ်မှာ မိတာပါ” ဟု အဆိုပါ တာဝန်ရှိသူက ဆိုသည်။

မန္တလေးတိုင်းဒေသကြီးတွင် တရုတ်နိုင်ငံသားများသည် တောင်သူများထံမှ စိုက်ခင်းများကို နှစ်ချုပ်ဖြင့် တစ်လလျှင် အနည်းဆုံး တစ်သိန်းကျပ်ဖြင့် ငှားရမ်းကာ ဖရဲစိုက်ကြကြောင်း အဆိုပါ ဒေသခံ တောင်သူများထံမှ သိရသည်။
“တရုတ်ကုန်သည်တွေ ဧကထောင်ချီ ငှားပြီးတော့ ဖရဲစိုက်နေတာ။ မန္တလေးတိုင်းထဲမှာ လေးဦးလောက် ရှိတယ်” ဟု မန္တလေးတိုင်းဒေသကြီး ကုန်သွယ်မှု မြှင့်တင်ရေး ဦးစီးဌာန တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

အလည်အပတ် ဗီဇာဖြင့် အလုပ်လာရောက် လုပ်ကိုင်နေသူများ တွေ့ရှိပါက စည်းကမ်းနှင့် မညီသဖြင့် အရေးယူမှု ရှိကြောင်း မန္တလေးတိုင်းဒေသကြီး လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မန္တလေးတိုင်းဒေသကြီးအတွင်း စီးပွားရေးဗီဇာဖြင့် အလုပ်လာရောက် လုပ်ကိုင်သူ နိုင်ငံခြားသား ၅၀၀ ဦး ဝန်းကျင်ခန့် ရှိပြီး ပညာရေးလုပ်ငန်း၊ သတ္တု တူးဖော်ရေး လုပ်ငန်းများတွင် အများဆုံး ဖြစ်ကြောင်း ၎င်းက ထပ်မံဆိုသည်။

၂၀၁၃ ခုနှစ် ဇူလိုင်လ ၁၂ ရက်နေ့က အမည်ပျက် စာရင်းဝင်သူ တရုတ်နိုင်ငံသားတစ်ဦး ချမ်းအေးသာစံမြို့နယ်တွင် နေထိုင်လျက် ရှိသည်ကို တွေ့ရှိရ၍ အရေးယူခဲ့သည်။ ယင်းအပြင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကူမင်းလေဆိပ်မှ မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိလာသော ခရီးသည်များထဲမှ မြန်မာနိုင်ငံက အမည်ပျက်စာရင်း ကြေညာထားသူ တရုတ်နိုင်ငံသား Mr. Feng Shuiaing ကို စိစစ် တွေ့ရှိရသဖြင့် သြဂုတ်လ ၂၄ ရက်နေ့တွင် လည်းကောင်း၊ မန္တလေးမြို့ အောင်မြေသာစံ မြို့နယ် ဥပုသ်တော်ရပ်ကွက် ကုသိုလ်တော်ဘုရား တောင်ဘက်မုခ် ရေလယ် ဓမ္မာရုံတွင် တစ်နှစ်ကျော်ကြာမျှ တောင်းရမ်း စားသောက်နေသော တရုတ်နိုင်ငံသားကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနက ၁၉၄၇ ခုနှစ် လူဝင်မှု ကြီးကြပ်ရေး အက်ဥပဒေပုဒ်မ၇ (၂) အရ ယခုနှစ် စက်တင်ဘာလ ၃၁ ရက်နေ့တွင် လည်းကောင်း နေရပ်သို့ ပြန်လည် ပို့ဆောင်ခဲ့သည်။

မန္တလေးတိုင်းဒေသကြီး ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနတွင် ယခုနှစ် ဇန်ဝါရီလမှ စက်တင်ဘာလအထိ ယာဉ်မောင်းလိုင်စင် လာရောက် လျှောက်ထားသည့် နိုင်ငံခြားသားများတွင် တရုတ်လူမျိုး အများဆုံး ဖြစ်ကြောင်း အဆိုပါဌာနမှ မှတ်တမ်းများအရ သိရသည်။
The Voice Weekly

Sea Games တွင် အခမဲ့ ဝင်/ ထွက်ခွင့်ကတ်ပြားများ ပြုလုပ်ပေးရန်စီစဉ်


၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ကစားနည်းများအား အခမြဲ့ကည့်ရှုနိုင်ရန်အတွက် ကတ်ပြားများ ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။


ဖွင့်ပွဲ၊ ပိတ်ပွဲနှင့် ဘောလုံးပြိုင်ပွဲများမှအပ ကျန်အားကစားနည်း ၃၂ မျိုးလုံးကို အခမဲ့ကြည့်ရှုခွင့်ပေးသွားမည်ဖြစ်ရာ အဆိုပါ ဝင်/ထွက်ခွင့် ကတ်ပြားများပြုလုပ်ကာ ကြည့်ရှုနိုင်မည်ဖြစ်ကြောင်း သိရသည်။ ဖွင့်ပွဲ၊ ပိတ်ပွဲနှင့် ဘောလုံးပြိုင်ပွဲများ ကြည့်ရှုရန် လက်မှတ်ဝယ်ထားသူများအနေဖြင့်လည်း အဆိုပါ ဝင်/ ထွက်ခွင့်ကတ်ပြားများနှင့်အတူ ပူးတွဲပြသဝင်ရောက်ကြမည်ဖြစ်ကြောင်း အောက်တိုဘာလ ၂၂ ရက်နေ့ နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြထားချက်အရ သိရသည်။ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် အဆိုပါအားကစားပြိုင်ပွဲကို ဒီဇင်ဘာလ၁၁ ရက်မှ ၂၂ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။


နေပြည်တော်၊ ရန်ကုန်၊ မန္တလေးနှင့် ငွေဆောင်ကမ်းခြေတို့၌ ကျင်းပသွားမည်ဖြစ်ရာ အားကစားနည်းအားလုံးကို ဝင်ရောက်ကြည့်ရှုနိုင်ရေးအတွက် ပြိုင်ပွဲကျင်းပရာအားကစားကွင်း၊ အားကစားရုံအသီးသီးသို့ ဝင်/ ထွက်ခွင့် ကတ်ြပားများ ပြုလုပ်ပေးသွားရန် စီစဉ်ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။ အဆိုပါ ဝင်/ ထွက်ခွင့်ကတ်ပြားများကို နိုဝင်ဘာလဆန်းမှ စတင်ကာ ပြုလုပ်နိုင်မည်ဖြစ်ပြီး ပြုလုပ်ပေးမည့် ရက်စွဲနှင့် အချိန်နေရာတို့ကို ထပ်မံကြေညာသွားမည်ဖြစ်သည်ဟု သိရသည်။ နေပြည်တော်၊ ရန်ကုန်၊ မန္တလေးတို့တွင် နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့်အတူ ပြုလုပ်နိုင်မည်ဖြစ်ကြောင်း သိရသည်။



ထွန်းထွန်း
myanmarinternetjournal

နှစ်နှစ်ခန့် စောင့်ဆိုင်းပြီးနောက် ဒု-ဗိုလ်ချုပ်ကြီးတင်ဦး နေအိမ်သို့ပါဆယ်ဗုံးပို့ ဖောက်ခွဲလုပ်ကြံမှုနှင့်စွပ်စွဲခံရသူ ဇနှီးမောင်နှံ နိုင်ငံကူးလက်မှတ်ရပြီ


နေမျိုး

နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ အတွင်းရေးမှူး (၂) ဒု-ဗိုလ်ချုပ်ကြီး တင်ဦးနေအိမ်သို့ ပါဆယ်ဗုံးပို့ဖောက်ခွဲလုပ်ကြံမှုနှင့် စွပ်စွဲခံရပြီး အပြစ်ဒဏ်ပေးခံရပြီး ပြန်လည်လွတ်မြောက်လာသူ ကိုမိုး ကျော်သူတို့ ဇနီးမောင်နှံနိုင်ငံကူးလက်မှတ်ရရှိရန် နှစ်နှစ်ခန့်စောင့်ဆိုင်းခဲ့ရပြီးနောက် အောက်တိုဘာ ၂၅ ရက်တွင် နိုင်ငံကူးလက်မှတ်ထုတ်ပေးလိုက်ပြီ ဖြစ်သည်ဟု ကာယကံရှင်ကိုမိုးကျော်သူက မဇ္ဈိမကို ပြော သည်။

ကိုမိုးကျော်သူတို့ ဇနီးမောင်နှံသည် ၁၉၉၇ခုနှစ်တွင် ထောင်ဒဏ်စတင်ကျခံခဲ့ ရပြီး ၂၀၀၂ ခုနှစ်တွင် ပြန် လည်လွတ်မြောက်လာခဲ့သည်။ ယင်းနောက် ၂၀၁၁ ခုနှစ် အောက်တိုဘာလတွင် နိုင်ငံကူးလက်မှတ် လျှောက်ထားခဲ့ပြီး နှစ်နှစ်ခန့်အကြာ ယခုနှစ်တွင်မှရရှိခြင်းဖြစ်သည်။

ကိုမိုးကျော်သူက “ကျွန်တော်တို့ ဆေးစစ်ချင်တာပါ၊ ကျွန်တော်ရော၊ ကျွန်တော့်အမျိုးသမီးရော နှစ် ယောက်စလုံးအတွက်ရတာ။ လွယ်လွယ်ကူကူပဲ ရတယ်။ စုစုပေါင်း နှစ်နှစ်လောက်ကြာတာပေါ့။ ရလိုက်တော့ ၀မ်းသာတာပေါ့ဗျာ၊ တခြားမေးတာမြန်းတာမရှိဘူး”ဟု အောက်တိုဘာ၂၈ရက် က ပြော သည်။

၎င်းတို့က နိုင်ငံခြားတွင်ဆေးစစ်လိုကြောင်း အောက်တိုဘာ ၃ ရက်က စာတစ်စောင် ရေးသားတင်ပြပြီး နောက်အောက်တိုဘာ ၂၅ ရက်က ထုတ်ပေးလိုက်ခြင်းဖြစ်သည်။

ထိုသို့ မထုတ်ပေးမီ စက်တင်ဘာ ၁၉ ရက်က ရန်ကုန်မြို့ နိုင်ငံကူးလက်မှတ်ရုံးမှ နိုင်ငံကူးလက်မှတ်ရရန် အာဏာပိုင်များက အကူအညီပေးမည်ဖြစ်ကြောင်းနှင့် စာတင်ရန် ပြောဆိုခဲ့ကြောင်း ကိုမိုးကျော်သူထံမှ သိရသည်။

ထိုသို့ သိရှိရပြီးနောက် ကာယကံရှင်သည် ရန်ကုန်မြို့ နိုင်ငံကူးလက်မှတ်ထုတ်ပေးသည့် ရုံးသို့ သွား ရောက်ကာ နိုင်ငံကူးလက်မှတ်ထုတ်ပေးရန် စာတင်ခဲ့ပြီး နှစ်ပတ်အကြာတွင် နိုင်ငံကူးလက်မှတ် ထုတ် ပေးခြင်း ဖြစ်သည်။

ဗုံးဖောက်ခွဲမှုတွင် ပါဝင်သည်ဟု စွပ်စွဲခံရသူ ထောင်တွင်းအကျဉ်းချခံရသည့် ကိုမိုးကျော်သူ၏ ဇနီးမနီနီ ယဉ်သည် အကျဉ်းထောင်အတွင်း၌ အဆစ်အမြစ်ကိုက်ခဲသည့် ဝေဒနာခံစားခဲ့ရပြီး ယခုအခါ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ဆေးစစ်မည်ဖြစ်ကြောင်း မနီနီယဉ်က ပြောသည်။

“ကျွန်မကတော့ ၀မ်းသာပါတယ်။ အဆင်ပြေပါတယ်။ (နိုင်ငံကူးလက်မှတ်) ရသွားတော့ စိတ်ထဲမှာ နည်း နည်းကျေနပ်ပါတယ်။ ဘန်ကောက်ကို ဆေးစစ်သွားချင်တယ်။ မွေးရာပါ နှလုံးရောဂါ ပြန်စစ်မယ်။ ထောင်ထဲနေခဲ့ရတုန်းက အကြောတွေအရိုးတွေ ထုံကျင်ကိုက်ခဲတာတွေရှိတယ်။ ခြေထောက်တွေနာ တော့ အဲဒါတွေစစ်ကြည့်မယ်” ဟု ပြောသည်။

၂၀၀၇ခုနှစ် ဗုံးပေါက်ကွဲမှုတွင် ဒု-ဗိုလ် ချုပ်ကြီးတင်ဦး၏ သမီးဖြစ်သူမချိုလဲ့ဦး သေဆုံးသွားခဲ့ရပြီး အာဏာ ပိုင်များအနေဖြင့်ဖောက်ခွဲမှုကို စီမံဆောင်ရွက်သူအားဖမ်းဆီးနိုင်ခြင်းမရှိဘဲ၊ နိုင်ငံတော်လုံခြုံမှုအတွက် အရေးကြီးသည်ဟုဆိုကာ ကိုမိုးကျော်သူတို့ဇနီးမောင်နှံအား ထောင်ဒဏ်အသီးသီးအပြစ်ဒဏ်ပေးခဲ့ သည်။

၎င်းတို့က နိုင်ငံကူးလက်မှတ်သည် နိုင်ငံသားတစ်ဦး၏ ရသင့်ရထိုက်သည့် အခွင့်အရေးဖြစ်ရာ ထိုအချိန် ကဗုံးပေါက်ကွဲမှုတွင်လည်း လုံးဝပတ်သက်ခြင်းမရှိကြောင်း သြဂုတ်လပိုင်းက မဇိ္ဈမနှင့် အင်တာဗျူးတွင် ပြောဆိုထားခဲ့သည်။

၁၉၉၇ ခု၌ ပါဆယ်ဗုံးလုပ်ကြံမှုမှ လွတ်မြောက်ခဲ့သော ဒု-ဗိုလ်ချုပ်ကြီးတင်ဦးသည် ၂၀၀၁ခုနှစ် ဖေဖော်ဝါ ရီလက ကရင်ပြည်နယ်၊ ဘားအံမြို့အနီး ရဟတ်ယာဉ်ပျက်ကျသဖြင့် သေဆုံးသွားခဲ့သည်။

Mizzima - News in Burmese

သစ်ပင်တက်ခုတ်သည့် အမျိုးသားတစ်ဦး ဓာတ်လိုက်သေဆုံး


ဇော်ဇော်ထွေး

တွံတေးမြို့နယ်တွင် သစ်ပင်တက်ခုတ်သည့် အမျိုးသားတစ်ဦး အောက်တိုဘာ ၂၇ ရက်က သစ်ပင်ပေါ်တွင် ဓာတ်လိုက်သေဆုံးခဲ့သည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးက ဆိုသည်။

အဆိုပါ သေဆုံးမှုကို မွန်းလွဲ ၂ နာရီခွဲအချိန် သတင်းအရ တွံတေးမြို့နယ် ရဲစခန်းမှ တာဝန်ရှိသူများက သွားရောက်စစ်ဆေးခဲ့ကြပြီး တွေ့ရှိချက်အရ သေဆုံးသူမှာ ဘုရားကြီးကျေးရွာ မြောက်ပိုင်းနေ လယ်လုပ် ကိုင်သူ ကိုချစ်ကိုကို (၁၈)နှစ် ဖြစ်သည်။

၎င်းသည် မိုးရွာပြီးစအချိန် နေအိမ်ရှေ့လမ်းပေါ်ရှိ သရက်ပင်ပေါ်သို့တက်ကာ အပင်၏ အရှေ့ဘက်တွင် ထွက်နေသော သစ်ကိုင်းကို ခုတ်ခဲ့သည်ကို စစ်ဆေးတွေ့ရှိထားသည်ဟု ရဲတပ်ဖွဲ့က ဆိုသည်။

ထို့နောက် ခုတ်ချနေသော သစ်ကိုင်းမှာ တွံတေးမှ ကော့မှူးမြို့နယ်ဘက်သို့ သွယ်တန်းထားသော လျှပ်စစ် ဆားဗစ်ဓာတ်ကြိုးပေါ်သို့ ပြုတ်ကျပြီး သစ်ကိုင်းမှ တစ်ဆင့် ဓာတ်လိုက်ခဲ့သည်ဟုလည်း တိုင်းရဲဌာန၏ မှုခင်းမှတ်တမ်းတွင် တွေ့ရသည်။

ဓာတ်လိုက်မှုကြောင့် ချစ်ကိုကိုတွင် ယာမျက်ခုံးညိုမဲ၊ ယာပါးညိုမဲ ဒဏ်ရာများ ရရှိကာ သစ်ပင်ခွကြား၌ သေဆုံးနေသည်ကို ရဲတပ်ဖွဲ့က တွေ့ရှိခဲ့သည်။

ထို့ကြောင့် အလောင်းကို တွံတေးဆေးရုံသို့ ပို့အပ်ထားပြီး ဓမ္မတာတိုင်း သေဆုံးခဲ့ခြင်း ဟုတ်မဟုတ် သိရှိနိုင်ရန် မြို့နယ်ရဲစခန်းက သေမှုသေခင်းအမှတ် စဉ် ၁၈/၂၀၁၃ဖြင့် အမှုဖွင့်ပြိး စခန်းမှူး ဖြစ်သည့် ဒု-ရဲမှူးသန်းတင့်က စစ်ဆေးနေသည်ဟု သိရသည်။
Mizzima - News in Burmese

မြန်မာဆီးဂိမ်းတွင် ရွှေတံဆိပ်ယူရန်အသင့်ဟု မလေးရှားကရာတေးမယ် ကြုံးဝါး


သောကြာ

မလေးရှား ကရာတေးဒိုမယ် ရှာကီလာက မိမိအနေဖြင့် မြန်မာနိုင်ငံတွင် ပြုလုပ်မည့် ၂၀၁၃ ဆီးဂိမ်းပြိုင်ပွဲ တွင် ရွှေတံဆိပ်ယူရန် အဆင်သင့်ဖြစ်နေပြီဟု မလေးရှားပြည်တွင်း မီဒီယာတစ်ခုဖြစ်သည့် TheStar Online သို့ ပြောကြားလိုက်သည်။

ရှာကီလာသည် လွန်ခဲ့သည့်သုံးလလောက်က ဒဏ်ရာကြောင့် အနားယူခဲ့ရသော်လည်း လက်ရှိအချိန်တွင် ဒဏ်ရာမှ တိုးတက်ကောင်းမွန်လာပြီ ဖြစ်သည်။ ရှာကီလာက “ကျွန်မရဲ့ ကစားသမားဘ၀တစ်လျှောက်မှာ ပထမဆုံး ရွှေတံဆိပ်ဆုယူဖို့ အဆင်သင့်ဖြစ်နေပါပြီ။ ရွှေတံဆိပ်ယူဖို့အတွက် မြန်မာ၊ အင်ဒိုနီးရှား၊ ဗီယက် နမ်တို့နဲ့ အဓိကပြိုင်ရမှာပါ။ ဒါပေမဲ့ အကောင်းဆုံးကြိုးစားယှဉ်ပြိုင်သွားမှာပါ”ဟု ပြောကြားခဲ့သည်။

မလေးရှား ကရာတေးမယ် ရှာကီလာသည် ပြီးခဲ့သည့် ၂၆ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲတွင် -၆၈ ကီလိုကုမိတဲ့ပြိုင်ပွဲတွင် တတိယဆုရရှိခဲ့သလို အသင်းလိုက်ကုမိတဲ့ ပြိုင်ပွဲတွင်လည်း ငွေတံ ဆိပ်တစ်ခုတို့အား နိုင်ငံအတွက်ရယူပေးခဲ့သည်။ အသက် ၂၁ နှစ်အရွယ်ရှိ ရှာကီလာသည် ၂၀၀၈ ခုနှစ် တွင် မလေးရှား လက်ရွေးစင် ကစားသမားတစ်ယောက်အဖြစ် ရွေးချယ်ခံခဲ့ရသူဖြစ်ပြီး သူမသည် နောင်လာမည့် အနာဂတ်တွင် ထွန်းတောက်လာမည့် ကရာတေးကစားသမားတစ်ဦး ဖြစ်လာနိုင်ဖွယ်ရှိကြောင်း မလေးရှား ပြည်တွင်းမီဒီယာများက ခန့်မှန်းထားကြသည်။ မလေးရှား ကရာတေးအားကစားအဖွဲ့သည် ၂၀၁၁ ခုနှစ်၊ အင်ဒိုနီးရှားဆီးဂိမ်းတွင် ရွှေတံဆိပ်လေးခု၊ ငွေတံဆိပ်နှစ်ခုနှင့် ကြေးတံဆိပ်ခုနစ်ခု ရရှိခဲ့သည်။
Mizzima - News in Burmese

မြန်မာ့နယ်စပ် ကုန်သွယ်မှု စုစုပေါင်း၏ ရာခိုင်နှုန်း ၉၀ ကို တရုတ်နှင့် အဓိက ကုန်သွယ်လျက်ရှိ တရားမ၀င် ကုန်သွယ်မှုကိုလည်း တရုတ်နယ်စပ်၌ပင် အများဆုံး ပြုလုပ်နေ၍ ကြပ်မတ်ရန်လို

တရုတ်နှင့် ကုန်သွယ်မှုအဓိက ဆောင်ရွက်နေသည့် မူဆယ်နယ်စပ် ကုန်သွယ်ရေး စခန်းကို တွေ့ရစဉ် (ဓာတ်ပုံ- ထွန်းနေလှိုင်)

နယ်စပ်ကုန်သွယ်မှုကို ရာခိုင်နှုန်း ၉၀ ရှိသော တရုတ်နိုင်ငံနှင့် ကုန်သွယ်မှုကို စနစ်တကျ ကြီးကြပ်ရန် လိုအပ်နေကြောင်း သိရသည်။ တရုတ်နိုင်ငံမှ ထုတ်ပြန်ပေးသော ကုန်သွယ်မှု စာရင်းများအရ တစ်လအတွင်း အမေရိကန်ဒေါ်လာ ၁၇ သန်းကျော် တန်ဖိုးရှိ သစ်တောထွက် ပစ္စည်းများကို ဇုန်ရှောင်ကွင်း လမ်းများမှတစ်ဆင့် မှောင်ခိုတင်ပို့မှု ရှိခဲ့သည်ဟု သိရသည်။ သစ်တောထွက် ပစ္စည်းများ သာမက ကျောက်စိမ်းစသည့် သယံဇာတ ထွက်ကုန်များကို တရုတ်နိုင်ငံသို့ တရားမ၀င် လမ်းကြောင်းများ အသုံးပြုကာ ကုန်သွယ်မှု ရှိနေသဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများက တရုတ်နှင့် ကုန်သွယ်မှုကို စနစ်တကျ ကြီးကြပ်ရန် လိုအပ်ခြင်း ဖြစ်ကြောင်း စီးပွားရေး လုပ်ငန်းရှင် တစ်ဦးက ပြောကြားသည်။

၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်ဝက် အိမ်နီးချင်း လေးနိုင်ငံနှင့် နယ်စပ်ကုန်သွယ်မှု ဆောင်ရွက်ရာတွင် တရုတ်နှင့် ကုန်သွယ်မှု ပမာဏ အများဆုံးဖြစ်ပြီး အမေရိကန်ဒေါ်လာ နှစ်ဘီလျံနီးပါး ကုန်သွယ်နိုင်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဌာန၏ ကုန်သွယ်မှု စာရင်းများအရ သိရသည်။

အိမ်နီးချင်း လေးနိုင်ငံဖြစ်သည့် တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ အိန္ဒိယနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့နှင့် နယ်စပ်ကုန်သွယ်မှု ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ တရုတ်နှင့် ကုန်သွယ်မှု ဆောင်ရွက်ရာတွင် မူဆယ်၊ လွယ်ဂျယ်၊ ချင်းရွှေဟော်၊ ကန်ပိုက်တီး စသည့် နယ်စပ်ကူးသန်း ရောင်းဝယ်ရေး စခန်းများမှ ဆောင်ရွက်ခဲ့ပြီး လက်ရှိဘဏ္ဍာရေး နှစ်ဝက်အတွင်း ကုန်သွယ်မှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၁၉၃၃ သန်းကျော် ရရှိခဲ့ကြောင်း သိရသည်။

ထိုင်းနှင့် ကုန်သွယ်မှု ဆောင်ရွက်ရာတွင် တာချီလိတ်၊ မြ၀တီ၊ ကော့သောင်း၊ မြိတ်၊ နဘုလယ်၊ ထီးခီး၊ မောတောင် စသည့် နယ်စပ်ကူးသန်း ရောင်းဝယ်ရေး စခန်းများမှ ဆောင်ရွက်ခဲ့ပြီး ကုန်သွယ်မှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၃၃၇ သန်းခန့် ရှိကြောင်း သိရသည်။

အိန္ဒိယနိုင်ငံနှင့် ကုန်သွယ်ရာတွင် တမူး၊ ရိဒ်စသည့် စခန်းများမှ ကုန်သွယ်ခဲ့ခြင်းဖြစ်ပြီး ယခုဘဏ္ဍာနှစ်ဝက်အတွင်း ကုန်သွယ်မှု ပမာဏ အမေရိကန်ဒေါ်လာ ၂၁ သန်းကျော် ရှိခဲ့ကြောင်းနှင့် ဘင်္ဂလားဒေ့ရှ်နှင့် ကုန်သွယ်မှု ပြုရာတွင် စစ်တွေ၊ မောင်တော စသည့် စခန်းများမှ ဆောင်ရွက်ခဲ့ပြီး ကုန်သွယ်မှု ပမာဏ အမေရိကန်ဒေါ်လာ ငါးသန်းကျော် ရရှိခဲ့ကြောင်း သိရသည်။ လက်ရှိ ဘဏ္ဍာရေး နှစ်ဝက်ကာလ အတွင်း နယ်စပ်စခန်းများမှ ကုန်သွယ်မှု ပမာဏ စုစုပေါင်းမှာ အမေရိကန်ဒေါ်လာ ၂၂၉၀ သန်းကျော် ရရှိခဲ့ပြီး တရုတ်နှင့်ကုန်သွယ်မှု တစ်ခုတည်းမှ နှစ်ဘီလျံနီးပါး ရရှိခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

လယ်ယာထွက်ကုန်များ၊ တိရစ္ဆာန်ထွက် ပစ္စည်းများ၊ ရေထွက်ကုန်များ၊ သတ္တုတွင်းထွက် ပစ္စည်းများ၊ သစ်တောထွက် ပစ္စည်းများ၊ စက်မှုကုန်ချော အုပ်စုဝင်ထုတ်ကုန်များကို နယ်စပ်ကူးသန်း ရောင်းဝယ်ရေး စခန်းများမှ အိမ်နီးချင်း နိုင်ငံများသို့ တင်ပို့ခဲ့ခြင်းဖြစ်ပြီး အိမ်နီးချင်း နိုင်ငံများမှ လူသုံးကုန် ပစ္စည်းများ၊ လုပ်ငန်းသုံး ကုန်ကြမ်းများ၊ ရင်းနှီးမြှုပ်နှံမှု ကုန်ပစ္စည်းများကို မြန်မာနိုင်ငံသို့ တင်သွင်းခဲ့ကြောင်း သိရသည်။

မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်မှု ပြုလုပ်နိုင်သည့် စခန်းမှာ များပြားသော်လည်း နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်မှု ပြုသည့် ပမာဏမှာမူ မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်မှု ပမာဏထက် များစွာလျော့နည်း နေသေးကြောင်း သိရှိရသည်။

Eleven Media Group

ဆီဒိုးနားဟိုတယ်၏ တိုးချဲ့ ၂၉ ထပ် အဆောက်အအုံသစ် ၂၀၁၆ တွင် ဖွင့်မည်


ဇော်ဝင်းသန်း | 28 October 2013

ဆီဒိုးနားဟိုတယ်၏ တိုးချဲ့ ၂၉ ထပ် အဆောက်အအုံသစ် ၂၀၁၆ တွင် ဖွင့်မည်
ပြည်ပဧည့်သည်အ၀င် တိုးတက်လာသည်နှင့်အမျှ ဟိုတယ်အခန်း လိုအပ်ချက်ဖြည့်ဆည်းရန် ရန်ကုန်မြို့၊ ဆီဒိုးနားဟိုတယ်ဝင်းအတွင်း ၂၉ ထပ် မြင့် ဟိုတယ်သစ်တစ်လုံးကို လက်ရှိ ဟိုတယ်နှင့်တွဲကာ ၂၀၁၅ ခုနှစ်အတွင်း အပြီးတည်ဆောက် အကောင်အထည်ဖော်မည်ဖြစ်ကြောင်း စင်ကာပူ အခြေစိုက် Keppel Land ၏ အမှုဆောင် အရာရှိချုပ် မစ္စတာ Ang Wee Gee က အောက်တိုဘာလ ၂၂ ရက်နေ့က ပြုလုပ်သည့် စီမံကိန်း စတင်သည့် အခမ်းအနားတွင် ပြော ကြားသည်။

"အခုလို လက်ရှိဟိုတယ်ကို ပြန်လည်မွမ်းမံခြင်းနဲ့ အသစ်တိုးချဲ့ တည်ဆောက်ခြင်းက အဆင့်မြင့် ဟိုတယ် အခန်း တောင်းဆိုမှု မြင့်တက်လာချိန် နဲ့ အံကိုက်ဖြစ်ပါတယ်။ အခုလောလောဆယ် တော့ အဆင့်မြင့် ဟိုတယ်အခန်းက ရန်ကန်မှာ နည်းနေပါသေးတယ်။ လက်ရှိ ရန်ကုန်ဆီဒိုးနား ဟိုတယ်မှာဆို ၀န်ထမ်းပေါင်း ၅၀၀ ကျော်လောက်ရှိပါတယ်။ အခုဒီ ၂၉ ထပ် ဟိုတယ်အသစ်ကို ၂၀၁၆ ခုနှစ် စတင်ဖွင့်လှစ်ချိန်မှာ ၀န်ထမ်း ၂၅၀ ကျော်လောက် ထပ်လိုအပ်ပါတယ်။

တစ်နည်းအားဖြင့် မြန်မာ့စီးပွားရေးနယ်ပယ်မှာ အလုပ်အကိုင် အခွင့်အလမ်းတွေကို ဖန်းတီးပေးဖို့ ရာ အခွင့်အလမ်းတစ်ခုလည်း ဖြစ်ပါတယ်။ ခေတ်မီ ဗိသုကာလက်ရာနဲ့ ဆီဒိုးနားဟိုတယ်အသစ် ကြီးက ပြောင်းလဲနေ တဲ့ ရန်ကုန်မြို့ အထပ်မြင့်အဆောက်အအုံတွေမှာ သမိုင်းဝင်နှစ်လိုဖွယ်ဖြစ် မယ်ဆိုတာ ကျွန်တော်တို့ ယုံကြည်ပါ တယ်" ဟု ၎င်းကပြောသည်။

ဆီဒိုးနား ဟိုတယ်သည် နိုင်ငံခြား မှ ရင်းနှီးမြှုပ်နှံထားသည့် ကြယ်ငါးပွင့် အဆင့် ဟိုတယ်အနည်းစုအနက် တစ်ခု အပါအ၀င်ဖြစ်သည်။ လက်ရှိဟိုတယ် အဆောက်အအုံအား ၁၉၉၇ ခုနှစ်တွင် စုစုပေါင်း အခန်း ၃၆၆ ခန်းဖြင့် ဖွင့်လှစ် ခဲ့ခြင်းဖြစ်ပြီး စီးပွားရေးနှင့် အပန်းဖြေ ခရီးသွား ဧည့်သည် များအကြိုက် ဟိုတယ်အဖြစ် ရပ်တည်ခဲ့သည်။

ယခု တိုးချဲ့တည်ဆောက်မည့် ဒုတိယပိုင်း အထပ် ၂၉ ထပ်မြင့် ဟိုတယ်တွင် အခန်း ပေါင်း ၄၂၀ ထည့်သွင်းတည်ဆောက် မည်ဖြစ်ကာ လက်ရှိ အခန်းများနှင့် ပေါင်းပါက ၂၀၁၆ ခုနှစ်တွင် အခန်း ၇၈၆ ခန်း အထိရှိသွားမည်ဖြစ်သည်။ ထို့ပြင် ဟိုတယ်တည်ဆောက်ပြီးချိန် တွင် ဆီဒိုးနားဟိုတယ် အဆောက်အအုံ သည် ရန်ကုန်မြို့ရှိ အထပ်မြင့် အဆောက်အအုံများတွင် အပါအ၀င် ဖြစ်လာမည် ဖြစ်သည်။

လက်ရှိ ဒုတိယပိုင်းတည်ဆောက် ရေးလုပ်ငန်း ကုန်ကျစရိတ်ကို အမေရိ ကန် ဒေါ်လာသန်း ၈၀ သတ်မှတ်ထား သည်။ ထို့ပြင် ယခင်ဟိုတယ် အဆောက် အအုံကိုလည်း လက်ရှိအနေအထား မပျက် ပြင်ဆင်မှုများအတွက် ဒေါ်လာ ၂၅ သန်း ကုန်ကျမည်ဖြစ်ပြီး ယခုနှစ်မကုန်မီ အပြီးသတ် ပြင်ဆင် မည်ဖြစ်သည်။

ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်က မြန်မာနိုင်ငံသည် ၂၀၁၅ ခုနှစ်တွင်ခရီးသည်အ၀င် သုံးသန်းနှင့် ၂၀၂၀ ပြည့်နှစ် တွင် ၇ ဒသမ ၅သန်းအထိ မျှော်မှန်းထားကြေင်း အဆိုပါ အခမ်းအနားတွင် ပြော ကြားသည်။

"ကျွန်တော်တို့ အကြီးစား ခရီးသွား စီမံကိန်းအရ ၂၀၂၀ ပြည့်နှစ်မှာ ခရီးသွား လုပ်ငန်းကနေ ၀င်ငွေ ဒေါ်လာ ၁၀ ဒသမ ၈ ဘီလီလျံအထိ မျှော်မှန်း ထားပါ တယ်။ ကျွန်တော်တို့ရဲ့ ပို့ဆောင် ရေး ပိုမိုကောင်းမွန်ဖို့အတွက် လမ်းတွေ၊ မီးရထားလမ်းတွေကိုလည်း ပြုပြင် တည်ဆောက်ဖို့ ရှိပါတယ်။ဒါ့ပြင် ပဲခူး မြို့မှာလည်း ဟံသာဝတီ အပြည်ပြည် ဆိုင်ရာ လေဆိပ်ကိုလည်း တည် ဆောက်တော့မှာ ဖြစ်ပါတယ်" ဟု ၎င်းက ပြောသည်။

Keppel Land သည် ၁၉၉၃ ခုနှစ် တွင် စတင်ဝင်ရောက်ခဲ့ရာ လက်ရှိ ဆီဒိုနားဟိုတယ် (ရန်ကုန်)နှင့် ဆီဒိုးနား ဟိုတယ် (မန္တလေး)တို့ကို ပိုင်ဆိုင်ထား သည်။ မြန်မာနိုင်ငံရှိ ၎င်း၏ဒုတိယ မြောက်ဟိုတယ်ဖြစ်သည့် ဆီဒိုးနား ဟိုတယ်(မန္တလေး)ကိုလည်း ဒေါ်လာ ခုနစ်သန်း အကုန်အကျ ခံကာ အဆင့်မြင့်ပြင်ဆင်မှုများ ပြုလုပ်သွား မည်ဖြစ်သည်။

Ref : MMTIMES
Shwe Property

မြှုပ်ကွက်များကို ဖော်ထုတ်ခြင်းဖြင့် စာပေနိုဗယ်ဆုရရှိခဲ့သူ


“သူမသည် နိုဗယ်ဆုရရှိသွားသူဆိုသော်လည်း မျက်မှောက်ရေးရာ၊ နိုင်ငံရေးနှင့် အပေါ်ယံကိစ္စများကို စိတ်မဝင်စားသူဖြစ်သည်။ သူမသိချင်သည်က အောက်ခြေက ဖုံးကွယ်ထားသည့် မြှုပ်ကွက်များဖြစ်သည်”

စာပေဆုရခြင်းသည် နိုဗယ်ဆိုရခြင်းထက် ပိုပြီးကြီးကျယ်မြင့်မြတ်သည်ဆိုငြားအံ့ ထိုအဆိုကို ကောင်းစွာလက်ခံသူမှာ အဲလစ် မန်ရိုး ဖြစ်သည်။

“စာရေးဆရာတွေကြားထဲမှာ သူဘယ်သူလဲဆိုတာ တီးတိုးမေးမြန်းနေကြတဲ့ အနေအထားမှာပဲရှိနေသေးတယ်။ သူဟာ သူလို ငါလို စာရေးဆရာတွေထက် မပိုတဲ့သူတစ်ယောက်လို့ ပြောနိုင်တယ်။ ဒါပေမဲ့ သူဟာ အရှိတရားထက်ပိုပြီး သိသင့်တဲ့ သူတစ်ယောက်ဖြစ်ပါတယ်” ဟု ကနေဒါနိုင်ငံသူ စာရေးဆရာမ မာဂရက် အတ်ဝုဒ်ကဆိုခဲ့သည်။

မန်ရိုးသည် ယခု အသက် ၈၂ နှစ်ရှိပြီဖြစ်သည်။ ပြီးခဲ့သည့် အောက်တိုဘာ ၁၇ ရက်နေ့ကထုတ်ပြန်သည့် စာပေဆုဆိုင်ရာ နိုဗယ်ဆုအတွက် ဆုရွေးချယ်ရေးအဖွဲ့က ထုတ်ပြန်လိုက်သည့်စာရင်းတွင် “အဲလစ် မန်ရိုး” ဟုဆိုလိုက်မှ သူဘယ်သူလဲ၊ ဘာကြောင့် နိုဗယ်ဆုရသွားတာလဲဟု သိချင်စိတ်တွေ ဖြစ်လာခဲ့ကြသည်။

မန်ရိုးသည် ကနေဒါနိုင်ငံရှိ စာရေးဆရာများထဲက နိုဗယ်ဆုအဖြစ် အမေရိကန်ဒေါ်လာ ၁ ဒသမ ၂ သန်းရရှိမည့် ပထမဦးဆုံး စာရေးဆရာတစ်ဦးဖြစ်သည်။ ကနေဒါသား ဆော ဘဲလိုးဆိုသူလည်း နိုဗယ်ဆုရဖူးသည်။ သို့သော် ဆော ဘဲလိုးသည် အမေရိကန်ပြည်ထောင်စုသို့ ပြောင်းလာပြီး၊ ချီကာဂိုမြို့တွင် နေထိုင်ကာ နိုဗယ်ဆုကို အမေရိကန်နိုင်ငံသားအနေနှင့် ရယူခဲ့ ခြင်းဖြစ်သည်။

ဝတ္ထုတိုလေးများရေးပြီး နိုဗယ်ဆုရရှိသူ စာရေးဆရာများထဲတွင် မန်ရိုးသည် ရှားရှားပါးပါးဟု ဆိုရမည်ဖြစ်သည်။

“ကျွန်မ စာစရေးတော့ ကနေဒါ စာရေးဆရာအသိုင်းအဝိုင်းနည်းနည်းလောက်ပဲ သိကြတာ။ ကမ္ဘာကသိမယ်တောင် မထင်ဘူး။ ခုတော့ ကနေဒါတစ်နိုင်ငံလုံးသာမက၊ ကမ္ဘာကပါ တစ်လေးတစားနဲ့ ဖတ်နေကြပြီဆိုတာ သိလိုက်ရတယ်” ဟု ပြောကြားခဲ့သည်။

ယခုဆိုလျှင် သူမ၏ စာအုပ်များကို အမေရိကန်ပြည်ထောင်စုတစ်ခုတည်းတွင်ပင် အုပ်ရေ တစ်သန်းကျော် ရောင်းချခဲ့ပြီးဖြစ် သည်။ ဇာတ်ကောင်တစ်ကောင်၏စရိုက်ကို စာမျက်နှာ ၃၀ နှင့် ၄၀ အတွင်းမှာပင် နက်ရှိုင်းစွာ သရုပ်ဖော်နိုင်သူအဖြစ် စာဖတ် သူတိုင်းက အသိအမှတ်ပြုခြင်းခံရသည်။ ဝတ္ထုတိုရေးရာတွင် နိုင်ငံတကာ စံပြုလောက်သည့်စာရင်းတွင် လေးစားစွာ ထည့်သွင်းခံရသူလည်းဖြစ်လာသည်။

ဝေဖန်သူများက သူမ၏ အင်္ဂလိပ်စာအရေးအသား အနုစိတ်မှု၊ အသေးစိတ်သရုပ်ဖော်နိုင်စွမ်း၊ ဇာတ်လမ်းကို အံသြလောက် စရာ ယုတ္တိများနှင့်ဆင်ထားပြီး ကောက်ကြောင်းဖော်သွားနိုင်မှု၊ လစ်ဟာမှုမရှိသည့် အကွက်ဆင်မှုများနှင့် လူတစ်ယောက် ၏စရိုက်ကို ပုံဖော်သွားခြင်းများကလည်း အံ့ဖွယ်ရာဖြစ်ကြောင်း ရေးသားခဲ့ကြသည်။

သူမရေးခဲ့သည့် ဇာတ်လမ်းနောက်ခံများသည် သူမနေထိုင်ရာ ကနေဒါနိုင်ငံ အွန်တေရီယိုမြို့တွင် အခြေခံထားသည်ကများ သည်။ သူမရေးသားသည် ဝတ္ထုများအနက်“တောင်ထိပ်ကလာသည့် ဝက်ဝံ” (The Bear Came Over The Mountain) သည်ထင်ရှားသည်။ ထိုဝတ္ထုထဲတွင် မှတ်ဉာဏ်ပျောက်ဆုံးနေသော အမျိုးသမီးကြီးတစ်ယောက်အကြောင်းကို ရေးသားထားသည်။ သူမကို ဘိုးဘွားရိပ်သာသို့ ပို့ပေးရန် သူမခင်ပွန်းကို သဘောတူလိုက်သည့် ရင်နင့်ဖွယ်ရာဇာတ်လမ်းဖြစ် သည်။ ထိုဝတ္ထုဇာတ်လမ်းကို ၂၀၀၆ ခုနှစ်တွင် ကနေဒါအမျိုးသမီး သရုပ်ဆောင် ဒါရိုက်တာ ဆာရာ ပေါ်လီက သရုပ်ဆောင် ဂျူလီ ခရစ်တီနှင့် ရုပ်ရှင်ရိုက်ခဲ့သည်။ ရုပ်ရှင်ကို “သူမနှင့်ဝေးရာ” (Away from Her) ဟုအမည်ပေးထားသည်။

သရုပ်ဆောင်မင်းသမီးတွင် နုညံ့သည့်သွင်ပြင် ရိုးရာဓလေ့စရိုက်တွေကို အပြည့်ထည့်ပေးထားသည်။ အတိတ်က ခင်ပွန်းသည်၏ သစ္စာမဲ့ခဲ့ပုံများကို ပြန်တွေးပြီး ဆွေးနေသည့် စရိုက်ကိုဖော်ကျူးချက်များသည် ရင်ထဲစွဲငြိစေသည့် ဇာတ်ကွက် များဖြစ်သည်။ လွမ်းတာကို နာတာနဲ့ဖြေသိမ့်ပြီး နောက်ဆုံးတွင် သူမကို ဘိုးဘွားရိပ်သာသို့ပို့ပေးရန် တောင်းဆိုလိုက်ပုံကို စာရေးသူ၏ ပုံဖော်ချက်အတိုင်း ဒါရိုက်တာကလည်း ထပ်တူပြုနိုင်စွမ်းရှိခဲ့သည်။

“Dimension” ဆိုသည့် ဝတ္ထုထဲတွင် မန်ရိုးသည် ဟိုတယ်အလုပ်သမလေး ဒိုရီးအကြောင်း သရုပ်ဖော်ထားသည်။ သူအလုပ် လုပ်သည့်နေရာကို ဘတ်စ်ကား သုံးဆင့်လောက်စီးပြီးမှရောက်သည်။ သို့သော် ဒိုရီးသည် သူမအလုပ်တွင် အလွန် ပျော်ရွှင်သူတစ်ဦးဖြစ်သည်။ ဒိုရီးကို သူမက နုပျိုသော၊ ရည်မွန်သော မိန်းကလေးတစ်ယောက်အဖြစ် ဖော်ကျူးထားသည်။ ရွှေရောင်လှိုင်းတွန့်ဆံပင်နှင့် ကောင်မအလေးတစ်ယောက်၏ ရုပ်ပုံလွှာသည် သူမတစ်ချိန်က ဘဝကောက်ကြောင်းများလားဟု ထင်မှားစရာဖြစ်စေသည်။ ဇာတ်လမ်းကို အမြင့်ဆုံးဆွဲတင်သွားပြီးမှ တဖြည်းဖြည်းပြန်ဆင်းသွားသည့် အရသာမျိုးကို “Dimension” တွင် ခံစားနိုင်သည်။

မန်ရိုးသည် အမေရိကန်ပြည်ထောင်စု National Book Critics Circle ဆုကို ၁၉၉၈ ခုနှစ်တွင် “The Love Of A Good Woman” စာအုပ်နှင့် ရရှိခဲ့သည်။ ကနေဒါနိုင်ငံ၏ အမြင့်ဆုံးစာပေဆုကိုလည်း သုံးကြိမ်တိုင်ရရှိခဲ့ဖူးသည်။

အဲလစ် မန်ရိုးကို ၁၉၃၁ ခုနှစ် ဇူလိုင်လ ၁၀ ရက်နေ့တွင် အွန်တေရီယို၊ ဝင်ဟမ်အရပ်တွင် မွေးဖွားခဲ့သည်။ သူမ၏ မိခင်သည် ဆရာမတစ်ဦးဖြစ်ပြီး ဖခင်မှာ လယ်သမားတစ်ဦးဖြစ်သည်။အထက်တန်းကျောင်းပြီးသည့်နောက်တွင် အွန်တေရီယို အနောက်ပိုင်း တက္ကသိုလ်တွင် သတင်းစာသင်တန်းနှင့် အင်္ဂလိပ်စာဘာသာရပ်များကို တက်ရောက်သင်ကြားခဲ့သည်။ ၁၉၅၁ ခုနှစ်တွင် အိမ်ထောင်ကျသွားသဖြင့် ပညာရေးကို စွန့်လွှတ်ခဲ့ရသည်။

သူမခင်ပွန်းနှင့်အတူ ဗြိတိသျှကိုလမ်ဘီယာ၊ ဗစ်တိုးရီးယားတွင် သွားရောက် အခြေချ နေထိုင်ခဲ့သည်။ ထိုအရပ်တွင် စာအုပ်ဆိုင်တစ်ဆိုင်ကိုဖွင့်ပြီး လင်မယားနှစ်ယောက် အသက်မွေးခဲ့ကြသည်။ မန်ရိုးသည် လူငယ်စဉ်ကပင် ဝတ္ထုများကို စတင် ရေးသားခဲ့သည်။ သို့သော် ၁၉၆၈ ခုနှစ်မှ ပထမဦးဆုံးစာအုပ်ကို ထုတ်ဝေနိုင်ခဲ့သည်။ ထိုစာအုပ်တွင် ဝတ္ထုတိုများကို စုပေါင်းထားပြီး “Dance of the Happy Shades” ဟုအမည်ပေးထားသည်။ ထိုပထမစာအုပ် ထုတ်ဝေကတည်းက ကနေဒါနိုင်ငံတွင် စိတ်ဝင်စားခြင်းခံရသည်။ ၁၉၇၁ ခုနှစ်တွင် ဝတ္ထုတိုများ စုပေါင်းထားသည့် “Lives of Girls and Women” စာအုပ်ကို ထုတ်ဝေခဲ့သည်။

မန်ရိုးသည် ဝတ္ထုတိုလေးများကိုသာ ရေးပြီး စာအုပ်တွေ တစ်အုပ်ပြီးတစ်အုပ် ထုတ်ဝေခဲ့သည်။ သူမ ထုတ်ဝေခဲ့သည့် စာအုပ် များမှာ Who Do You Think You Are? (1978), The Moons of Jupiter (1982), Runaway (2004), The View from Castle Rock (2006) and Too Much Happiness (2009) စာအုပ်များဖြစ်သည်။ ၂၀၁၂ ခုနှစ်တွင် နောက်ဆုံး ထုတ်ဝေခဲ့သည့် စာအုပ်မှာ “Dear Life” စာအုပ်ဖြစ်သည်။

မန်ရိုးကို ပုံပြောကောင်းသူတစ်ဦးအနေဖြင့် ဝေဖန်ချီးကျူးလေ့ရှိကြသည်။ သူမ၏စာပေများသည် စိတ်ကူးယဉ်ဆန်သော၊ စိတ်ဝေဒနာတစ်ခုခုသင့်နေသော သရုပ်မှန်စာပေများဖြစ်သည်ဟုလည်း ဝေဖန်ခဲ့ကြသည်။ အချို့က သူမကို ကနေဒါသူ ချက်ကော့ဟူ၍ပင် ရုရှားစာရေးဆရာကြီးနှင့် တင်စားခိုင်းနှိုင်းခဲ့ကြသည်။ သူမရေးသည့် ဝတ္ထုဇာတ်ကြောင်းအများစုသည် ရွာငယ်လေးများကို အခြေခံလေ့ရှိသည်။ လူမှုရေးလောကအတွင်း ဘဝရပ်တည်ရေးအတွက် ရုန်းကန်တိုက်ခိုက်ရမှုများ၊ ထူးဆန်းသည့် ဓလေ့စရိုက်များ၊ ကိုယ်ကျင့်တရားဆိုင်ရာ ရှုပ်ထွေးမှုများနှင့် ဇာတ်ရှိန်မြင့်အောင်လုပ်တတ်သည်။ မျိုးဆက် ကွာခြားမှုဆိုင်ရာ ပြဿနာ၊ ဘဝနှင့်ဆန္ဒ တစ်သားတည်းမကျသဖြင့် ဖြစ်ပေါ်လာရသည့် ပဋိပက္ခများကိုလည်း သူမရေးသည့် ဇာတ်လမ်းများထဲတွင် သတိပြုမိနိုင်သည်။

၂၀၀၃ ခုနှစ် အင်တာဗျူးတစ်ခုတွင် ၁၉၆၀ ပြည့်နှစ်က သူမရေးခဲ့သည့် ဝတ္ထုများကို အလွန်အံ့သြမိကြောင်း ပြောခဲ့သည်။

“ကျွန်မ သိပ်ကို အံ့သြမိတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မ ၁၉၃၁ ခုနှစ်လောက်မှာ မွေးခဲ့တာဆိုတော့ အဲဒီအချိန်မှာ အရွယ် လေးနည်းနည်းရလာပြီလေ။ အဲဒီအချိန်မှာ ကျွန်မနဲ့ သက်တူရွယ်တူတွေက စကတ်တိုလေးတွေဝတ်ပြီး ပြေးလွှားခုန်ပေါက်နေ ကြတုန်းပဲ” ဟုဆိုခဲ့သည်။

သူမသည် ငယ်ရွယ်စဉ်ကပင် အိမ်ထောင်ကျခဲ့သော်လည်း ကျေးရွာတွင် ပညာတတ်မိခင်နှင့် လယ်သမားဖခင်တို့က မွေးဖွား လာသောကြောင့် စည်းကမ်းတင်းကျပ်သည့် ဘဝနှင့် နေထိုင်ခဲ့ရသူဟူ၍လည်း ပြောနိုင်သည်။

မန်ရိုးသည် ဂျိမ်းစ် မန်ရိုးနှင့် ၁၉၅၁ ခုနှစ်တွင် လက်ထပ်ခဲ့သည်။ ၁၉၅၃ ခုနှစ်တွင် ရှီးလာ၊ ၁၉၅၅ ခုနှစ်တွင် ကက်သရင်းနှင့် ၁၉၅၇ ခုနှစ်တွင် ဂျင်နီဆိုသည့် သမီးသုံးယောက်ကို မွေးဖွားခဲ့သည်။ ကက်သရင်းသည် မွေးဖွားပြီး ၁၅ နာရီအကြာတွင် ကွယ် လွန်သွားခဲ့သည်။

၁၉၆၃ ခုနှစ်တွင် မန်ရိုးမိသားစု ဗစ်တိုးရီးယားသို့ ပြောင်းရွှေ့သွားခဲ့သည်။ စာအုပ်ဆိုင်လေးဖွင့်ကာ ဘဝကို ရုန်းကန်နေထိုင် ခဲ့ရာက ၁၉၇၂ ခုနှစ်တွင် ခင်ပွန်းသည် ဂျိမ်းစ်နှင့် ကွာရှင်းပြတ်စဲခဲ့ကြသည်။

မန်ရိုးသည် အွန်တေရီယိုသို့ပြန်လာပြီး အနောက်ပိုင်းတက္ကသိုလ်သို့ဆက်တက်ကာ စာပေများ စတင်ရေးသားခဲ့သည်။ ၁၉၇၆ ခုနှစ် တွင် LLD ဘွဲ့ကိုရရှိခဲ့သည်။ ၁၉၇၆ ခုနှစ်တွင် ဂျရယ် ဖရမ်းလင်းဆိုသူနှင့် ထပ်မံအိမ်ထောင်ပြုခဲ့သည်။ ဂျရယ်သည် မြေပုံဆွဲ ဆရာနှင့် ပထဝီပညာရှင်တစ်ဦးဖြစ်သည်။ သူတို့နှစ်ဦး တက္ကသိုလ်တွင် တွေ့ဆုံခဲ့ကြခြင်းဖြစ်သည်။ သူတို့ မိသားစု အွန်တေရီယိုပြည်နယ်၊ ကလင်တန်သို့ပြောင်းရွှေ့ပြီး လယ်တောထဲတွင်သွားရောက်နေထိုင်ကြသည်။ နောက်ပိုင်း ကလင်တန်မြို့တွင် သွားရောက်နေထိုင်ခဲ့ကြသည်။ ဒုတိယခင်ပွန်း ဂျရယ်သည် ၂၀၁၃ ခုနှစ် ဧပြီလ ၁၇ ရက်နေ့၊ အသက် ၈၈ နှစ်အရွယ်တွင် ကွယ်လွန် သွားခဲ့သည်။

မန်ရိုး၏ စိတ်ကူးယဉ်ဆန်ဆန် ဝတ္ထုများနှင့် နိုင်ငံရေးဆန်ဆန်ရေးသားနေသော စာရေးဆရာများ၏ ဝတ္ထုများသည် နိုဗယ်ဆု ရွေးချယ်ရန် ယှဉ်ပြိုင်ခြင်းခံခဲ့ရသည်။ လက်တင်အမေရိကမှ မာရီယို ဗားဂတ်စ် လိုဆာနှင့် ဗြိတိန်မှ ဒေါရစ် လက်ဆင်းတို့ကို ကျော်ဖြတ်သွားပြီး ၂၀၁၃ ခုနှစ်အတွက် နိုဗယ်ဆုကို သူမရရှိခဲ့ခြင်းဖြစ်သည်။

၂၀၀၃ ခုနှစ်က အင်တာဗျူးတစ်ခုတွင် သူမအနေဖြင့် လက်ရှိ အဖြစ်အပျက်များကို သိပ်ပြီးစိတ်မဝင်စားကြောင်း အတိတ်ကာလ အမှတ်ရချက်များ၊ ပုံပြင်ဆန်ဆန်အတွေ့အကြုံများ၊ အတင်းအဖျင်းဆန်ဆန် ပြောဆိုမှုများကို အခြေခံပြီး ရေးရခြင်းကို စိတ်ဝင်စားကြောင်း ပြောခဲ့သည်။ သူမခေါင်းစဉ်ပေးကတည်းကိုက တစ်ခုခုရင်ထဲတွင် စွဲငြိသွားစေနိုင်မည့် ခေါင်းစဉ်မျိုးကိုလည်း ပေးတတ်သည်။

“ကျွန်မပြောချင်တဲ့ အကြောင်းအရာက ဘယ်ခေတ်၊ ဘယ်ကာလလို့ ပြောလို့မရဘူး။ ကျွန်မကို စိတ်ကို ထိခိုက်စေတဲ့ အကြောင်းအရာတွေကို ကျွန်မရေးတယ်”

“တချို့က လက်ရှိဖြစ်ပျက်နေတဲ့ အီရတ်နိုင်ငံလိုအကြောင်းကို ရေးကြတယ်။ လက်ရှိအဖြစ်အပျက်အကြောင်းတွေရေးရတာ အဖြစ်အပျက်၊ နေရာ၊ အဝတ်အစား၊ ဂီတတွေကအစ တိကျဖို့လိုတယ်။ သာမန်ဘဝတွေမှာ ကျွန်မက လှုပ်ရှားလိုစိတ်တွေရှိ ပါတယ်။ နိုင်ငံရေးလည်း စိတ်ဝင်စားတယ်။ ကလပ်တွေလည်း တက်တယ်။ ဒါပေမဲ့ ကျွန်မသိချင်တာ အဲဒါတွေမဟုတ်ဘူး။ ပြည်သူတွေရဲ့ အပေါ်ယံဘဝကို ကျွန်မသိချင်တာမဟုတ်ဘူး။ ကျွန်မသိချင်တာ အောက်ခြေကအကြောင်းအရာ။ ဖုံးကွယ် ထားတဲ့အရာတွေ” ဟု မန်ရိုးကပြောခဲ့သည်။

ဘဝတွင် ဖုန်းကွယ်ထားသော အရာပေါင်းများစွာ ရှိနိုင်ပါသည်။ စာရေးသူသည် သူများမြင်သလိုမမြင်၊ သူများမမြင်နိုင်သည် ကို ဖော်ထုတ်နိုင်ခြင်းမှာ စေတနာဖြစ်သည်။ ထိုစေတနာအကျိုးကို သူမခံစားသွားရခြင်းဖြစ်သည်။

Ref : What Lies Beneath, Hillel Italie and Malin Rising; www.nobelprize.org; The Guardian.

The Voice Daily, 22.10.2013

မြို့နယ်ရဲမှူးဦးဆောင်သော မော်တော်ယာဉ် စစ်ဆေးရေးအဖွဲ့အား ကိုယ်ပိုင်ကားတစ်စီးက အရှိန်လျော့မပေးဘဲ ၀င်တိုက်


ဇော်ဇော်ထွေး

စမ်းချောင်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးဦးဆောင်သော ယာဉ်စစ်ပိတ်ဆို့စစ်ဆေးရေးအဖွဲ့အား ကိုယ်ပိုင် ကားတစ်စီးက ရပ်တန့်ခြင်းမရှိဘဲ အရှိန်ပြင်းစွာဖြင့် ၀င်တိုက်မှုတစ်ခု အောက်တိုဘာ ၂၇ ရက် ည ၁၂ နာရီကျော်က ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးက ဆိုသည်။

အမှုတွင် ယင်းနေ့ည ၁၀ နာရီက စမ်းချောင်းမြို့နယ်ရဲမှူး အပါအ၀င် ယဉ်ထိန်းရဲများသည် ပြည်လမ်းရှိ ဟံသာဝတီအ၀ိုင်း ကားမှတ်တိုင်တွင် ပူးပေါင်းယာဉ်စစ်ပိတ်ဆို့ရှာဖွေရေးများ ပြုလုပ်နေစဉ် စမ်းချောင်း မုန့်လက်ဆောင်ကုန်းရပ်ကွက်၊ မကြီးကြီးလမ်းနေ ဦးမြင့်စိုးမောင်းနှင်လာသည့် မတ်တူးအမျိုးအစား ခဲ ရောင် ကိုယ်ပိုင်ယာဉ်သည် အရှိန်ပြင်းစွာဖြင့် မြေနီကုန်းဘက်မှ ဟံသာဝတီ အ၀ိုင်းဘက်သို့ အရှိန်ပြင်းစွာ မောင်းခဲ့သည်ဟု ဆိုထားသည်။

ထို့ကြောင့် ယာဉ်ထိန်းတပ်ဖွဲ့ဝင်များက လက်အချက်ပြမီးချောင်းများဖြင့် အရှိန်လျှော့ပေးရန် တားမြစ်ခဲ့ သော်လည်း လိုက်နာခြင်းမရှိဘဲ ဆက်လက်မောင်းဝင်ခဲ့သည်ဟု မှုခင်းမှတ်တမ်းတွင် ဖော်ပြထားသည်။
ထို့နောက် ယာဉ်စစ်အဆုံးအရောက်တွင် ဘယ်ရီဂိတ်အား စတင်ဝင်တိုက်ခဲ့သည်။ ဆက်လက်၍ လမ်း ဘေးတွင် အစဉ်လိုက်ရပ်ထားသော စမ်းချောင်းရဲတပ်ဖွဲ့ပိုင် ဟိုင်းလတ်အပြာရောင် ရဲကားအား ၀င်တိုက် ခဲ့ခြင်းကြောင့် အဆိုပါဟိုင်းလက်ယာဉ်က ရှေ့တွင်ရပ်ထားသော အလုံရဲတပ်ဖွဲ့ပိုင် နစ်ဆန်းအပြာရောင် ရဲကားအား ထပ်မံတိုက်မှုဖြစ်ပွားခဲ့သည်ဟု ဆိုထားသည်။

ယာဉ်တိုက်မှုကြောင့် ရဲကားနှစ်စီးပျက်စီးခဲ့သည့်အပြင် ဟိုင်းလက်ရဲကားပေါ်တွင် ထိုင်သည့် ဒု-ရဲတပ် ကြပ် တင်ထွန်းနောင်မှာ ယာဉ်တိုက်မှုအရှိန်ကြောင့် ဦးခေါင်းဆောင့်မိပြီး နဖူးအလယ်ပေါက်ပြဲဒဏ်ရာ၊ ယာဘက်မျက်ခုံး ပွန်းပဲ့ဒဏ်ရာ၊ ယာဘက်ဒူးပွန်းပဲ့ ဒဏ်ရာများ ရရှိခဲ့သည်။

အဆိုပါ ယာဉ်တိုက်မှုကြောင့် ယာဉ်မဆင်မခြင်မောင်းနှင်သူ ဦးမြင့်စိုးကို အရေးယူပေးရန် ဒု-ရဲအုပ် ကျော်ခိုင် (ယာဉ်ထိန်း တပ်ဖွဲ့စု ၂၂) က တိုင်တန်းသဖြင့် စမ်းချောင်း ရဲစခန်းက ယာဉ်(ပ)၁၂/၂၀၁၃ ဖြင့် အမှုဖွင့်ပြီး ပုဒ်မ ၃၃၇/၂၇၉ ဖြင့် အရေးယူရန် ဒု- ရဲအုပ် ကျော်ခိုင်ကပင် ဖမ်းဆီးစစ်ဆေးနေသည်ဟု ဆိုသည်။

အဆိုပါ ယာဉ်တိုက်မှုနှင့် ပတ်သက်၍ ယာဉ်တိုက်မှု ဖြစ်ပွားရခြင်း၏အကြောင်းအရင်းအား သိရှိနိုင်ရန် စမ်းချောင်းရဲစခန်းသို့ ဆက်သွယ်မေးမြန်းရာတွင် အထက်မှ ဦးစီးလုပ်ဆောင်နေသောကိစ္စဖြစ်သဖြင့် မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးသို့သာ မေးမြန်းပါရန် ဖုန်းကိုင်ဖြေကြားခဲ့သူက ပြောခဲ့သည်။

မြို့နယ်မှူးရုံးသို့ ဆက်သွယ်မေးမြန်းရာတွင်လည်း ယင်းဖြစ်စဉ်အား အမှုဖွင့်ကိုင်တွယ်နေသော ရဲစခန်း ကိုသာ မေးမြန်းရန် ပြန်လည်ဖြေကြားခဲ့သည်။ ထို့နောက် ရဲစခန်းမှပေးသော ယာဉ်ထိန်းတပ်ဖွဲ့စု ၂၂ ဖုန်း အား ဆက်သွယ်ရာတွင် အဆက်အသွယ် မရရှိခဲ့ပေ။
Mizzima - News in Burmese

စစ်အရာရှိတွေကနေ အဝတ်အစားပဲ ပြောင်းသလား


အရင် စစ်အစိုးရလက်ထက်က အရာရှိကြီးတွေထဲက အများအပြားဟာ အဝတ်အစားပဲ ပြောင်းဝတ်ကြပြီး သူတို့ရဲ့ စိတ်သဘောထားကတော့ မပြောင်းသေးဘူးလို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ အီတလီ နိုင်ငံခြားရေးဝန်ကြီး Emma Bonino နဲ့ တနင်္လာနေ့က ရောမမြို့မှာ တွေ့ဆုံအပြီး ပူးတွဲ သတင်းစာ ရှင်းလင်းပွဲမှာ အဲဒီလို ပြောကြားခဲ့တာပါ။

လက်ရှိ မြန်မာနိုင်ငံက ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေမှာ စစ်ခေါင်းဆောင်တွေအနေနဲ့ ယူနီဖောင်းချွတ် အဝတ်အစားပြောင်းရုံ သဘောလောက်ပဲ တွေ့ရသလား၊ နောက်ပြီး စီးပွားရေး လုပ်ငန်းကြီးတွေမှာ ဦးဆောင် ပါဝင်လာနေကြ သလားဆိုတာကို သတင်းထောက်က မေးရာမှာ ဒေါ်အောင်ဆန်း စုကြည်က‘သူတို့ထဲက အများအပြားက အဝတ်အစားပဲ ပြောင်းသွားရုံပဲ ရှိပါတယ်။ အဝတ်အစား ပြောင်းဝတ်ရတာက စိတ်သဘောထား mindset ကို ပြောင်းဖို့ရာထက် ပိုလွယ်ပါတယ်။ တကယ့်စစ်မှန်တဲ့ ဒီမိုကရေစီ လူ့အဖွဲ့အစည်း ဖြစ်လာအောင်လုပ်ဖို့အတွက် စိတ်သဘောထား ပြောင်းလာကြတဲ့ လူအရေအတွက် အစိုးရအတွင်းမှာ အလုံအလောက်ရှိမရှိ ဆိုတဲ့အချက်က စိုးရိမ်စရာ ဖြစ်ပါတယ်’လို့ ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဥရောပငါးနိုင်ငံခရီးစဉ် နောက်ဆုံးနိုင်ငံအဖြစ် အီတလီကို တနင်္ဂနွေနေ့က ရောက်ရှိခဲ့ပြီး တနင်္လာနေ့မှာတော့ ရောမမြို့မှာ အီတလီ ဝန်ကြီးချုပ် Enrico Letta၊ သမ္မတ Giorgio Napolitano၊ နိုင်ငံခြားရေး ဝန်ကြီး မစ္စ Emma Bonino တို့နဲ့အပြင် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်နဲ့ပါ တွေ့ဆုံခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဥရောပ ခရီးစဉ်တလျောက်လုံးမှာ ပြောခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး အကြောင်းကို အီတလီမှာလည်း ထပ်မံ ပြောခဲ့ပါတယ်။

သူ့ကို ထင်ထင်ရှားရှား ဦးတည်ပြီး ကန့်သတ်ဖို့ ပြဌာန်းထားတဲ့ သမ္မတဖြစ်ခွင့် အရည်အချင်းဆိုင်ရာ အချက်အလက် တစ်ခုတည်းကြောင့် ဖွဲ့စည်းပုံကို ပြင်ချင်တာမဟုတ်ပဲ ဒီဖွဲ့စည်းပုံဟာ အခြေခံအားဖြင့် ဒီမိုကရေစီ နည်းမကျတဲ့အတွက် ပြင်ဆင်ဖို့ လိုနေကြောင်း သတင်းစာ ရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

ဖွဲ့စည်းပုံဥပဒေမပြင်ရင် စစ်တပ်ဟာ အမျိုးသားနိုင်ငံရေးမှာ အထူးအခွင့်အရေး ရနေဦးမှာ ဖြစ်ကြောင်း၊ ဒီလိုဖြစ်လာတဲ့အခါ စစ်တပ်ဟာ နိုင်ငံရေးသာမက စီးပွားရေးနဲ့ လူမှုဖွံ့ဖြိုးရေးတွေမှာလည်း အထူးအခွင့်အရေးတွေ ရနေမှာ ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

အီတလီအစိုးရကလည်း ဖွဲ့စည်းပုံ ပြင်ဆင်ရေးကို ထောက်ခံကြောင်း၊ အီတလီအနေနဲ့ မြန်မာ့ဒီမိုကရေစီ တိုးတက်ရေးကို အားပေး ထောက်ခံသွားမှာ ဖြစ်ကြောင်း အီတလီ နိုင်ငံခြားရေးဝန်ကြီး အမ်မာ ဘိုနီနိုက ပြောခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ အင်္ဂါနေ့မှာတော့ တူရင် မြို့နဲ့ ဘိုလော့ဂနာမြို့တွေဆီ သွားရောက်မှာ ဖြစ်ပါတယ်။ ဗုဒ္ဓဟူးနေ့မှာတော့ ပါးမားမြို့ကို သွားရောက်ပြီး သောကြာနေ့မှာတော့ အီတလီကနေ ရန်ကုန်ကို ပြန်မှာ ဖြစ်ပါတယ်။

BBC burmese

ရည်းစားနှင့် ချိန်းတွေ့ပြီး ယောက်ျားလေးကို ရွှေလက်ကောက်ခိုးယူဟု စွပ်စွဲ


ကိုတိုးကြီး

မုံရွာမြို့၊ ရုံးကြီးရပ်ကွက် ၀င်းယူနတီဟိုတယ်တွင် တည်းခိုခဲ့ပြီးနောက် စုံတွဲတစ်တွဲမှ မိန်းကလေးဖြစ်သူက ရွှေလက်ကောက် ပျောက်ဆုံးသွား သည့်အတွက် သူမနှင့်အတူ တည်းခိုခဲ့သူယောက်ျားလေးကို ခိုးယူပေါင်နှံသူအဖြစ် စွပ်စွဲတိုင်တန်းလိုက်သည့်အတွက် ရဲစခန်းက အမှုဖွင့်လိုက်သည်။

အဆိုပါ မိန်းကလေးမှာ မုံရွာမြို့တွင် အိမ်ငှားနေထိုင်ကာ စာရင်းအင်း ပညာရပ်သင်တန်းများ တက်ရောက် နေသူဖြစ်ပြီး ရည်းစားဖြစ်သူ၏ ချိန်းဆိုချက်အရ အောက်တိုဘာ ၅ ရက်က ၀င်းယူနတီဟိုတယ်တွင် တည်းခိုရန် သွားရောက်ခဲ့ကြောင်း ရဲမှတ်တမ်းများတွင် ဖော်ပြထားသည်။

ခိုးယူခံရသည်ဟု စွပ်စွဲထားသည်မှာ ပလက်တီနမ်မှုတ်ထားသည့် တစ်ကျပ်သားခန့်ရှိသည့် ရွှေထည် လက်ကောက်နှစ်ကွင်းဖြစ်ပြီး ဟိုတယ်တွင် တည်းခိုနေစဉ်အတွင်း မိန်းကလေး၏ လက်ကိုင်ပိုက်ဆံ အိတ်အတွင်း ထည့်ထားခဲ့သည်ဟု ရဲစခန်းတွင် ထွက်ဆိုထားသည်။

ပျောက်ဆုံးသည့်နေ့က ညစာစားရန်အတွက် လက်ကိုင်အိတ်ကို ဟိုတယ်တွင်ထားရှိကာ အပြင်သို့ထွက် သွားခဲ့ပြီးနောက် ညနေ ၆ နာရီခန့်တွင် ဟိုတယ်မှ နေအိမ်သို့ ပြန်လည်ရောက်ရှိသည့်အခါ ရွှေလက် ကောက်များ မပါတော့သည့်အတွက် ရည်းစားဖြစ်သူထံဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့သေးကြောင်း မိန်း ကလေးက ဆိုထားသည်။

သို့သော် သူမ၏ ရည်းစားဖြစ်သူက ရွှေလက်ကောက်များ ရယူထားခြင်း မရှိကြောင်း ငြင်းဆိုခဲ့ပြီး အောက် တိုဘာ ၂၆ ရက်တွင် မုံရွာရဲစခန်းတွင် ရည်းစားဖြစ်သူကို အရေးယူပေးပါရန် တိုင်းတန်းခဲ့ခြင်းဖြစ်သည်။
ထို့နောက် ရဲစခန်းက အမှုဖွင့်ခဲ့ပြီး စစ်ဆေးချက်များအရ ရွှေလက်ကောက်နှစ်ကွင်းကို နန်ချွန်အပေါ်ဆိုင် တွင် ပေါင်နှံထားကြောင်း သိရှိခဲ့ကြသည်။
Mizzima - News in Burmese

SEA Games ပြိုင်ပွဲကျင်းပမည့် ဒီဇင်ဘာလအတွင်း နေပြည်တော်သို့ တိုက်ရိုက်ပျံသန်းရန် စင်ကာပူနှင့် မလေးရှား လေကြောင်းလိုင်းများက အဆိုပြုလွှာ တင်သွင်းထား


(၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ကျင်းပချိန် ဒီဇင်ဘာလအတွင်း နေပြည်တော်သို့ တိုက်ရိုက်ပြေးဆွဲရန် စင်ကာပူ လေကြောင်းလိုင်းနှင့် မလေးရှား လေကြောင်းလိုင်းတို့က အဆိုပြု တင်သွင်းထားကြောင်း သိရသည်။

''စင်ကာပူ လေကြောင်းလိုင်းနဲ့ မလေးရှား လေကြောင်းလိုင်းတို့ဟာ ဒီဇင်ဘာလ အတွင်းမှာ နေပြည်တော်သို့ ပျံသန်းဆင်းသက် လိုကြောင်း အဆိုပြုလွှာများ ရရှိပြီးဖြစ်ပါတယ်'' ဟု ပို့ဆောင်ရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဇင်ယော်က အောက်တိုဘာ ၂၈ ရက်က ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြောကြားသည်။

ထို့အပြင် Thai Air Asia လေကြောင်းလိုင်းမှ နေပြည်တော်-ဘန်ကောက်-နေပြည်တော် ခရီးစဉ်အား တစ်ပတ်လျှင် ခုနစ်ကြိမ်ဖြင့် နိုဝင်ဘာ ၂၈ ရက်မှစတင် ပြေးဆွဲမည်ဖြစ်ကြောင်းနှင့် စက်တင်ဘာ ၃၀ ရက်မှစ၍ လက်ရှိ တစ်ပတ်လျှင် သုံးကြိမ်ဖြင့် နေပြည်တော်-ဘန်ကောက် ခရီးစဉ်ကို ပျံသန်းလျက် ရှိသော Bangkok Airways မှလည်း အောက်တိုဘာ ၂၈ ရက်မှစ၍ တစ်ပတ်လျှင် ခုနစ်ကြိမ် တိုးမြှင့်ပျံသန်း သွားမည်ဖြစ်ကြောင်း၊ နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ တိုက်ရိုက် ဆင်းသက်ရေးအတွက် နိုင်ငံတကာ လေကြောင်းလိုင်းများ ကိုလည်း ဆက်လက်ဖိတ်ခေါ် သွားမည်ဖြစ်ကြောင်းနှင့် နေပြည်တော် အခြေပြု၍ ပြည်တွင်း ခရီးစဉ်များ ပျံသန်းပြေးဆွဲခွင့် အဆိုပြုတင်ထားသည့် FMI လေကြောင်းလိုင်းနှင့် APEX လေကြောင်းလိုင်း များကိုလည်း စိစစ်ခွင့်ပြု သွားမည်ဟုလည်း ဒုဝန်ကြီးက ပြောကြားသည်။

နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ၂၀၀၉ ခုနှစ် ဧပြီ ၇ ရက်တွင် စတင် တည်ဆောက်ခဲ့ပြီး ၂၀၁၁ နှစ် ဒီဇင်ဘာ ၁၉ ရက်တွင် ဖွင့်လှစ်ခဲ့၍ နိုင်ငံတကာ ခရီးစဉ်ပျံသန်းမှုကို ၂၀၁၃ ခုနှစ် ဧပြီ ၁ ရက်မှစ၍ စတင်ဆောင်ရွက်ခဲ့ရာ ခြောက်လတာ ကာလအတွင်း လေဆိပ်ဖွံ့ဖြိုး တိုးတက်ရေး ၀န်ဆောင်မှု မြှင့်တင်ရေး ကာလအဖြစ် ပျံသန်းဆင်းသက်ခနှင့် လေယာဉ်ရပ်နားခများကို ရာခိုင်နှုန်း ၅၀ လျှော့ချပေးခြင်းနှင့် ခရီးသည် ၀န်ဆောင်ခများကို အခမဲ့ ဖြေလျော့ပေးခြင်းများ ပြုလုပ်ထားရှိကြောင်း၊ မြန်မာနိုင်ငံသို့ ပြေးဆွဲလျက်ရှိသော နိုင်ငံတကာ လေကြောင်းလိုင်းများနှင့် ပြည်တွင်းရှိ လေကြောင်းလိုင်းများ အပါအ၀င် ၁၄ လိုင်းကို နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပြေးဆွဲပေးရန်အတွက် တွေ့ဆုံညှိနှိုင်းမှုများ ပြုလုပ်ထားပြီး ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ၂၀၁၃ ခုနှစ် ဒီဇင်ဘာလနှင့် ၂၀၁၄ ခုနှစ်တို့တွင် နေပြည်တော်၌ (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲနှင့် ASEAN Summit တို့ကို ကျင်းပမည်ဖြစ်သည်။

(ဆီးဂိမ်းစ်ပြိုင်ပွဲများ လက်ခံကျင်းပမည့် နေပြည်တော်ရှိ ၀ဏ္ဏသိဒ္ဓိ အားကစားကွင်း (ဓာတ်ပုံ- ကျော်ထက်ထွန်း))
Eleven Media Group

ဩစတြေးလျမြောက်ပိုင်းတွင် ရှားပါးတိရစ္ဆာန်သုံးမျိုးတွေ့ရှိ


[ ဆစ်ဒနီ ၊ အောက်တိုဘာ ၂၈ ၊ Ref-AFP ]

ဩစတြေးလျနိုင်ငံမြောက် ပိုင်းCape York ကျွန်းဆွယ်ပေါ် ရှိ တောင်ထူထပ်သောCape Melville တွင် ရှားပါးသောကျော ရိုးရှိ သတ္တဝါသုံးမျိုးအား သိပ္ပံ ပညာရှင်James Cook နှင့် National Geographic မှ ဓာတ် ပုံသမားအဖွဲ့တို့က ယခုနှစ် စော စောပိုင်းက တွေ့ရှိခဲ့ကြကြောင်း၊ ထိုနေရာဒေသအား ပျောက်ဆုံး နေသောကမ္ဘာဟု အမည်ပေးခဲ့ ကြောင်း သိရသည်။

သစ်ရွက်ပုံအမြီးရှိသော တောက်တဲ့၊ ရွှေရောင်သမ်းသော တွားသွားသတ္တဝါစားသည့် ကင်း လိပ်တစ်မျိုးနှင့် ကျောက်တုံးကြီး များအနီးနေသော အဝါရောင်ဖား တို့သည် မျိုးစိတ်သစ်များဖြစ်ပြီး ထိုဒေသတွင် ဂရင်းနိုက်ကျောက် တုံးကြီး သန်းပေါင်းများစွာရှိနေ ကြောင်းလည်း သိရသည်။

အရှည်ခုနစ်လက်မကျော် ရှိသော သစ်ရွက်ပုံအမြီးနှင့် တောက်တဲ့သည် ဩစတြေးလျ တိုက်တွင် မိုးသစ်တောများ ပျံ့ နှံ့စဉ်ကာလက ရှိခဲ့သောသတ္တဝါ မျိုးဖြစ်ပြီး ရှေးဟောင်းအမွေ အနှစ်ဖြစ်သည်။ ''ယခုကဲ့သို့ ထူးဆန်းသတ္တဝါများရှိနေသော နေရာများ၊ မစူးစမ်းမရှာဖွေခဲ့ သော နေရာများ ကျန်ရှိနေမှုကို အံ့ဩမိတယ်''ဟု သုတေသီ Tim Laman က ပြောသည်။ထိုသတ္တဝါများ နှစ်သန်း ပေါင်းများစွာပျောက်ကွယ်ခဲ့ခြင်း မရှိဘဲ ရှင်သန်နေခြင်းသည် မယုံ ကြည်နိုင်စရာကောင်းကြောင်း၊ အံ့ဖွယ်သူရဲဖြစ်ကြောင်း James Cook တက္ကသိုလ်မှ Conrad Hoskin က ထုတ်ဖော်ပြောသည်။
Yangon Media Group

မိုးရွာစေတဲ့အကြောင်း နဲ့ မိုးရွာနိုင်တဲ့နေရာတွေ


ဆရာ ဒေါက်တာထွန်းလွင် ပြောပြတဲ့ မိုးလေ၀သ အခြေအနေပါ။ အခုလို ပြောပြပေးတဲ့ ဆရာ့ကို အထူးကျေးဇူးတင်ပါတယ်။

လက်ရှိမြန်မာနိုင်ငံမှာ မိုးရွာနေစေတဲ့အကြောင်းကတော့ ဘင်္ဂလားပင်လယ်အော် ထဲမှာ မုန်တိုင်းဖြစ်လို့လည်း မဟုတ်သလို အရှေ့ဖက်ကလာတဲ လေပွေလှိုင်းနဲ့ မုန်တိုင်းအကြွင်းအကျန်တွေကြောင့်လည်း မဟုတ်ပါဘူး။

မိုးရွာစေတဲ့အကြောင်းကတော့ လေစိုင်တွေ စုဆုံမှုကြောင့် ဖြစ်ပေါ်လာရ တဲ့ လေဦးတည်ရာစုဆုံမှု (Streamline Convergence) ကြောင့် စုဆုံရာဒေသ တလျှောက် (အနားတလျှောက်)မှာ တိမ်တွေဖြစ်ပြီး မိုးတွေရွာနေတာ ဖြစ်ပါ တယ်။ မြစ်ဝကျွန်းပေါ်၊ မြန်မာနိုင်ငံအလယ်ပိုင်းနဲ့ အရှေ့ပိုင်းဒေသတွေ ပါနေပါတယ်။ အနည်းဆုံးအောက်တိုဘာလ(၃၀)ရက်နေ့အထိ မိုးရွာနှိုင်ပါတယ်။

ဒေါက်တာထွန်းလွင်
Popular Journal

ဗြိတိန်တွင် နှစ်နှစ်အတွင်း မောင်းသူမဲ့ဘက်ထရီကားများ အသုံးပြုနိုင်မည်


[ အင်္ဂလန် ၊ အောက်တိုဘာ ၂၈ ၊ Ref- Daily Mirror ]

GPS နည်းပညာကို နှစ် ယောက်စီး အသေးစားမော် တော်ယာဉ် ( Pod )များတွင် တပ်ဆင်အသုံးပြုနိုင်တော့မည် ဖြစ်ပြီး ၂၀၁၅ တွင် မောင်းသူမဲ့ GPS စနစ်သုံးဆင်ဆာစနစ် Pod ကားငယ်များကို ကားလမ်းမ များပေါ်တွင် မြင်တွေ့နိုင်တော့ မည်ဟု သိရသည်။မောင်းသူမဲ့အဆိုပါ Pod ယာဉ်ငယ်များသည် အမြန်နှုန်း (12 mph) ဖြင့် မောင်းနှင်နိုင် ပြီး မျက်ကွယ် အရာဝတ္ထုများကို အလိုအလျောက် ရှောင်ရှားနိုင် မည်ဟု သိရသည်။

စီးပွားရေး ဝန်ကြီး ဗင့်ကေဘယ်က ၂၀၁၅ ခုနှစ်တွင် Pod ယာဉ်ငယ်များ ၏ အရေအတွက်မှာ လေးဘီလီ ယံ (လေးဆ)ခန့်အထိ ဈေးကွက် အတွင်း ရောက်ရှိရန် မျှော်မှန်း ထားသည်ဟု ဆိုသည်။ မောင်း သူမဲ့ကားများကို လွန်ခဲ့သောနှစ် က ကယ်လီဖိုးနီးယားတွင် ဂူဂဲလ် မှ မိတ်ဆက်ပြသခဲ့ပြီးဖြစ်ကာ အ မေရိကတွင် မိုင်ပေါင်း ၄၀၀၀၀၀ ခန့်ကို ထိခိုက်မှုတစ်စုံတစ်ရာမ ဖြစ်ပွားဘဲ မောင်းနှင်ခဲ့ကြပြီး ဖြစ်သည်ဟု သိရသည်။

မစ္စတာဗင့်ဘေကယ်က အဆိုပါမောင်းသူမဲ့ကားများ သည် ခေတ်သစ်နည်းပညာမျိုး ဆက်မော်တော်ယာဉ်များ၏ မျိုးဆက်သစ်ဖြစ်လာမည်ဖြစ် ပြီး ဗြိတိန်နိုင်ငံ၏ ဂုဏ်သတင်း ကို မြှင့်တင်ပေးနိုင်မည်ဖြစ်ကာ ပတ်ဝန်းကျင်ညစ်ညမ်းမှုနှင့် ယာဉ် အန္တရာယ်ဖြစ်ပွားမှုတို့ကိုပါ လျှော့ ချပစ်နိုင်မည်ဟု ပြောကြားခဲ့သည်။ အဆိုပါ Pod ကားငယ် များမှာ ဘက်ထရီစနစ်သုံးယာဉ် ငယ်များဖြစ်သည်။

Yangon Media Group

ဒီနေ့မိုးစက်ဝိုင်(Miss Universe 2013)

အကြီးကြည့်ချင်တယ်ဆို ပုံကို ကလစ်နှိပ်
















ရဲရင့်ငယ်

BREAKING NEWS: (10/29/2013 - 10:24 AM)


အိမ်သုံးမီတာ ၁ယူနစ် ၃၅ကျပ်၊ လုပ်ငန်းသုံး ၁ဝဝကျပ်ဖြင့် နိုဝင်ဘာလမှ စတင်ပြောင်းလဲကောက်ခံသွားမည်ဟု ရန်ကုန်လျှပ်စစ်ကြေညာ

FEC လက်မှတ်များ ၂ဝ၁၄ခုနှစ် မတ်လ ၃၁ရက်နေ့ နောက်ဆုံးထား လဲလှယ်အပ်နှံရန် ဗဟိုဘဏ်က ကြေညာချက်ထုတ်ပြန်

ဟောင်ကောင်အခြေစိုက် Tiostone အုတ်ခဲထုတ်လုပ်ရေး ၂ဝ၁၄တွင် ရန်ကုန်-မန္တလေး၌ စက်ရုံဆောက်ရန် ပြင်ဆင်နေ

၂ဝဝ၈ ဖွဲ့စည်းပုံနှင့် တိုင်းရင်းသားတို့လိုလားသော ဖယ်ဒရယ်မူ ထိပ်တိုက်မတွေ့စေရန် ညှိနှိုင်းဖို့ လိုင်ဇာညီလာခံ မနက်ဖြန် စတင်မည်
Kamayut Media

စည်းကမ်းမဲ့ မောင်းနှင်နေသည့် မော်တော်ယာဉ်များကို အမြင့်ဆုံး ထောင်ဒဏ် ခြောက်လအထိ အရေးယူမှု နိုဝင်ဘာ ၁၅ ရက်တွင် စတင်မည်

တာမွေမြို့နယ် အ၀ိုင်းထိပ် ကားမှတ်တိုင်အနီး လမ်းပြောင်းပြန် မောင်းနှင်လာသည့် ခရီးသည်တင် ဘီအမ်တစ်စီးကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)

ရန်ကုန်တိုင်း ဒေသကြီးအတွင်း စည်းကမ်းမဲ့စွာ မောင်းနှင်နေသည့် မော်တော်ယာဉ်များကို နိုဝင်ဘာ ၁၅ ရက်မှ စတင်ကာ အမြင့်ဆုံး ထောင်ဒဏ် ခြောက်လအထိ အရေးယူသွားမည် ဖြစ်ကြောင်း ယာဉ်ထိန်းဒု တပ်ဖွဲ့ခွဲမှူးရုံး (ရန်ကုန်) မှ တာဝန်ရှိသူ ရဲမှူးသာဌေးက အောက်တိုဘာ ၂၈ ရက် နံနက်ပိုင်းတွင် ပြောကြားခဲ့သည်။

တစ်ဖက် ယာဉ်ကြောမှ ပြောင်းပြန် မောင်းနေသည့် ယာဉ်များအပါအ၀င် စည်းကမ်းမဲ့ မောင်းနှင်နေသည့် ယာဉ်မောင်းများကို အနိမ့်ဆုံး ပြစ်ဒဏ်အနေဖြင့် လိုင်စင်ပိတ်သိမ်းပြီး အရေးယူသွားမည် ဖြစ်ကြောင်း သိရှိရသည်။

ယခင်က စည်းကမ်းမဲ့ မောင်းနှင်နေသည့် မော်တော်ယာဉ်များကို စီမံချက် ဒဏ်ငွေများဖြင့် အရေးယူ သော်လည်း လိုက်နာမှု လုံးဝမရှိသောကြောင့် အဆိုပါ စီမံချက်ဒဏ်ငွေကို ပယ်ဖျက်ကာ အမြင့်ဆုံး ထောင်ဒဏ် ခြောက်လအထိ အရေးယူမှု အစီအစဉ်ကို ဥပဒေအတိုင်း သတ်မှတ်ရခြင်း ဖြစ်ကြောင်း သိရသည်။

''စီမံချက် ဒဏ်ငွေရိုက်ပြီး အရေးယူတဲ့ အစီအစဉ်ကိုတော့ အောက်တိုဘာ ၁ ရက်ကစပြီးတော့ ပယ်ဖျက်လိုက်ပါပြီ။ အခု ယာဉ်မောင်းတွေ အနေနဲ့ သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာမှု လုံးဝမရှိတဲ့ အတွက် အမြင့်ဆုံး ထောင်ဒဏ် ခြောက်လအထိ အရေးယူဖို့ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ရဲ့ ခွင့်ပြုချက် ရရှိသွားပါပြီ။ အခုရက်ပိုင်း အတွင်းမှာလည်း ဘယ်လိုမျိုးစည်းကမ်း ဖောက်မှုတွေကို ဘယ်လိုမျိုး အရေးယူသွားမယ် ဆိုတာကို အများပြည်သူ သိအောင် သတင်းထုတ်ပြန် သွားပါမယ်'' ဟု ယာဉ်ထိန်းဒု တပ်ဖွဲ့ခွဲမှူးရုံး(ရန်ကုန်)မှ တာဝန်ရှိသူ ရဲမှူးသာဌေးက ပြောကြားခဲ့သည်။

စည်းကမ်းမဲ့စွာ မောင်းနှင်နေသည့် မော်တော်ယာဉ်များကို ၁၉၆၄ ခုနှစ် မော်တော်ယာဉ်ဥပဒေ ၂၁ အရ စည်းကမ်းဖောက်သည့် ပြစ်ဒဏ်အပေါ် မူတည်၍ လိုင်စင်ပိတ်သိမ်းခြင်းမှ အမြင့်ဆုံး ထောင်ဒဏ် ခြောက်လအထိ အရေးယူသွားမည် ဖြစ်ကြောင်း သိရသည်။

Eleven Media Group

ခြောက်သိန်း… ဘာလုပ်ရမလဲတဲ့လား ၀န်ကြီးဦးစိုးသိန်း


TUESDAY, OCTOBER 29, 2013

ကျုပ် ကြားဖူးတဲ့ ဗမာစကားတစ်ခွန်းရှိတယ်ဗျ။ ခင်ဗျားတို့လည်း ကြားဖူးမှာပါ။  ထမင်းတစ်လုပ်၊ တုတ်တစ်ချက် ဆိုတာလေ။ ခုတော့ ကျုပ်ဗျာ .. စာလေးနည်းနည်းပါးပါးရေးတယ်ဗျာ။

ကျုပ်က ခုတော့ စကားတစ်ခွန်း၊ ဆောင်းပါးတစ်ပုဒ်ဖြစ်နေတာတော့ ကျုပ်စိတ်ထဲမယ် အားနာပါတယ်။ သို့ပေငြားလည်း ကျုပ်ကတော့ သေခါနီး…. အဲ လူငယ်တွေထက်တော့ သေခါနီးတာ သိပ်သေချာပါတယ်၊  ကျုပ်တို့တိုင်းပြည်ကလည်း သူမတူအောင် လွတ်လပ်တဲ့ ဒီမိုကရေစီက ရနေပြန်၊ ကျုပ်လေ တကယ့်ဒီမိုကရေစီကို တွေ့တာကတော့ လွတ်လပ်စွာ ပြောဆိုခြင်းတစ်ခုကိုတော့ တွေ့သဗျ။

စကား၊ စကား ပြောပါများ၊ စကားထဲက ဇာတိပြ  ဆိုတဲ့ စကားလေးကြားဖူးမှာပေါ့။ ရော်… လူတွေ အသံဆိတ်နေရာ၊ ခေါင်းငုံ့နေရာ၊ ဟုတ်ကဲ့ အဘ ဆိုတာကလွဲလို့ ဘာမှပြန်မပြောနိုင်အောင် အဘရှေ့မယ် ကြောက်ဒူးတုန်နေရာကနေ အသံပြုခွင့်၊ ခေါင်းဖော်ခွင့်၊ မဟုတ်ဘူးဗျ လို့ စာနယ်ဇင်းကို ပြန်ပြောခွင့်လေး  ရလာတယ် ...  (ကျုပ်ပြောတာ သေချာနားထောင်နော် .. မဟုတ်ဘူးလို့ ပြောဆို၊ တစ်ခါတစ်ခါ ကြိမ်းမောင်းသလို၊ ခံစားချက်တွေ ဝေမျှသလို ပြောတာ ငြင်းတာ စာနယ်ဇင်းကိုပါပဲ၊ အဘကိုတော့ သူတို့ဘယ်လို ဘယ်ပုံဆက်ဆံသလဲ ကျုပ်လည်း မသိ။)

ကျုပ်မလည်း သတင်းတွေနားထောင်ရာက ရပ်ချင်သပ။ အပုပ်ချနိုင်ငံရေး ဆိုတာလည်း ကျုပ်အဖို့တော့ အူလည်လည်ခင်ဗျ။ အောက်တန်းစား နိုင်ငံရေးသမား ဆိုတာလည်း ကျုပ်က နားမလည်။ ဒါပေမယ့် ကျုပ်က စစ်မှန်တဲ့ ပြည်သူတစ်ဦး။ ကျုပ်တို့လူတန်းစားဗျာ .. ဘယ်လိုမှ ပြည်ပအားကိုး ပုဆိန်ရိုး မဖြစ်ခဲ့တာ အမှန်ဗျ။ ဘယ်ပြည်ပက ဘယ်လိုလူတန်းစားက ကျုပ်တို့လို သူလို ကိုယ်လို ပြည်သူတွေကို ခေါင်းထဲထည့်မှာတုန်း။ ကျုပ်တို့ ဘယ်အဖွဲ့အစည်းထဲမှလည်း မပါ။ မပါချင်လို့ မဟုတ်ပါသကောဗျာ။ ကျုပ်တို့လို လူတန်းစားက အလုပ်လုပ်မှ ထမင်းစားရတာဗျ။ ကျုပ်တို့မှာ ခွင်မရှိဘူး။ ခွင်ပေးမယ့် လူတန်းစားနဲ့ ကျုပ်တို့က အလှမ်းဝေးသပ။ ဒါပေမယ့် ကျုပ်တို့က ဘ၀ပေး အတွေ့အကြုံနဲ့ဗျာ…… နည်းနည်းတော့ တွေးတတ်မြင်တတ်ပါသေးတယ်။

ကျုပ်တို့ ဒီမိုကရေစီခေတ်ဆိုတာ လွတ်လပ်စွာပြောဆိုခွင့်ဆိုတာ၊ ရေးသားခွင့် ဆိုတာ ခုမှ ရေးရေးမြင်ဖူးတာဗျ။ အေးဗျာ… အရင်တုန်းက ဒီမိုကရေစီနဲ့ မထိုက်တန်သေးတဲ့ ပြည်သူလို့ အထင်ခံခဲ့တုန်းက ကျုပ်လည်း ရင်နာခဲ့ပါတယ်။ မင်းတို့ကရော ဒီမိုကရေစီနဲ့ ထိုက်တန်တဲ့ အုပ်ချုပ်သူလားလို့ မေးချင်တာ။ သို့သော်လည်း ကျုပ်က ကြောက်သဗျ။ ဒီနေရာမှာတော့ ကျုပ်နဲ့ သမတကြီးနဲ့ နည်းနည်းတူတယ်ဗျ။ ကျုပ်တို့သမတကြီးလည်း လူရိုးဗျ။ စာနယ်ဇင်းကို တွေ့ရမှာ ကြောက်တယ် ဆိုရင်လည်း ခပ်တည်တည်ပဲ ကြောက်တယ် တဲ့။ ဟော ရင်ဆိုင်ရဲပြန်တော့လည်း နိုင်ငံခြားမှာ hard talk အတွေ့အကြုံရတော့ ခု ရင်ဆိုင်ရဲတော့လည်း ရင်ဆိုင်ရဲပြီဆိုပဲ။ ရော် .. ခင်ဗျားနှယ် သမတကြီးက ကျုပ်ကို ပြောပါ့မလားဗျ။ ကျုပ်လည်း ဂျာနယ်ထဲ ဖတ်ရတာ ပြောရတာလေ။

ကျုပ်လေ ခုတော့ လွတ်လပ်စွာ ပြောဆိုခွင့်တွေ ဘာတွေရတော့ လူတွေက အရမ်းတွေပြောလာတာဗျာ။ အဲဒါ တွေများဖတ်ရရင် ရင်ထဲမယ် ၀မ်းနည်းသလိုလို။ ဇာဂနာတို့ကိုပဲ အားနာရမလိုလို။ တော်ပါဟဲ့ တန်ပါဟဲ့ပဲ ပြော ရမလိုလို။ အနေတော် ခက်သပဗျ။

သမတလုပ်ချင်တယ်အရင်ပြောပြီး နောက်တော့ အခြေခံဥပဒေပြင်ဖို့စိုင်းပြင်းတော့ ကျုပ်တို့လူတန်းစားအတွေး က သူသမတလုပ်ချင်လို့ သူပြင်ချင်တာလို့ မတွေးဘဲ နေမလားဗျ။ စေတနာက စကားတစ်ခွန်းကြောင့် မှေးမှိန် သွားတာ။ ခင်ဗျား ဗျာ …. နိုင်ငံရေးသမားစကားက ဟုတ်သော်ရှိ၊ မဟုတ်သော်ရှိ ငါ့ဖို့ ဆိုတာလေး ရှောင်ရသဗျ။ ဆရာ၊ ဆရာမတွေကြည့်ပါလားဗျ။ တကယ်တော့ ထမင်းစားဖို့ အလုပ်လုပ်တာတွေချည်းပဲ။ ဒါပေသိ ခင်ဗျား ဆရာ၊ ဆရာမက ကလေးတွေ စာတတ်အောင်ဆိုတဲ့ စကားရှေ့တန်းတင်တယ်၊ သူဌေး မဖြစ်ချင်လို့ ဆရာ၊ ဆရာမလုပ်တာ ဆိုတဲ့စကားမျိုးပြောကြတယ်။ ဒါလည်း မှန်သောစကားကို ဆိုခြင်းပါပဲ။ ထမင်းစားဖို့ စာသင်တာလို့ ဆိုရင်လည်း မှန်သောစကားပါပဲ။ ဆရာ အခေါ်ခံချင်လို့၊ ကန်တော့ခံပုဂ္ဂိုလ်ဖြစ်ချင်လို့ ဘယ်ပြောပါလိမ့်မလဲဗျာ။ ဒါကလည်း ကိုယ့်အသက်မွေးဝမ်းကျောင်းအပေါ် ကိုယ့်ဖာသာကိုယ် တန်ဖိုး ထားခြင်းပဲဗျ။

ခင်ဗျား စဉ်းစားကြည့်။ လယ်သမားဗျာ… ကျေးဇူးရှင် တောင်သူဦးကြီးများ ဖြစ်အောင် ကျုပ်တို့တွေ သူတို့ အသက်မွေးဝမ်းကျောင်းကို လေးစားသမှုပြုတယ်ဗျ။ ပြောလို့ရတာပေါ့ဗျာ။ ထမင်းစားဖို့ လယ် စိုက်တာလို့။ ကျုပ်တို့ လူုရိုင်းတွေ မဟုတ်ပေါင်ဗျာ။ ဒါပေမယ့် ကျုပ်တို့ကို အုပ်ချုပ်သူက နည်းနည်းတော့ တန်ဖိုးထားဖို့လိုတယ်ဗျ။ လွှတ်တော်မယ် ဥပဒေပြုအာဏာကို ကိုင်စိုးတဲ့သူတွေတဲ့ဗျ။ အာဏာဆိုတဲ့ စကားလုံးနေရာမယ် အစားထိုးစရာ ဗမာစကားရှိပါ့ဗျာ။ ဥပဒေ ပြုခွင့်လို့ ပြော…….။ ရပါသတဲ့ဗျာ။

ဟိုတစ်လောမယ် ..... ၀န်ကြီးဦးစိုးသိန်းနဲ့ အင်တာဗျူးထင်တယ်ဗျ။ သတင်းစာရှင်းလင်းပွဲတော့ ဟုတ်ဟန်မတူဘူး။ sky net က တွေ့တာနဲ့တူပါတယ်ဗျာ။ ဒီလူဗျာ ဦးအောင်မင်းတို့၊ ဦးခင်ရီတို့ကို ပြောတာများ အောင်မင်း ၊ ခင်ရီ လို့သုံးတာဗျ။ တစ်ကြိမ်မက သုံးတာဗျာ။ သူပြောသမျှ ရုပ်မြင်သံကြားကလွှင့်မယ်ဆိုတာလည်း သိသဗျ။ မေးခွန်းတစ်ခု ကျတော့ စက်ပိတ်ရင် ဖြေမယ်လို့ ဆိုသေး။ နောက်ပြောသေးသဗျ။ ၀န်ကြီးလစာ ခြောက်သိန်း...... ဘာလုပ်လို့ရမှာတုန်း တဲ့။

အေးဗျာ .... ကျုပ် စိတ်မကောင်းဘူး။ သူကပြောသေးသဗျ... သူများတွေကိုသွားကြည့် ကနုတ်ပန်းနဲ့ တဲ့။ ကနုတ်ပန်းထိုင်ခုံကိုပြောတာတူပါရဲ့။ ၀န်ကြီးတွေ အိမ်ထဲမယ် သူ့အိမ်က အသေးဆုံး တဲ့။ အင်္ဂလိပ်စကားလုံးလေယူ လေသိမ်းက ပီသပုံရတယ်။ ကျုပ် ဆရာဝန်မက စာတတ်တယ်လို့ ပြောတာ ကျုပ်ကြားလိုက်တယ်။ ကျုပ်တို့ တိုင်းပြည်မယ် တစ်နေ့လုပ်ခလစာ နှစ်ထောင်လောက်ရ အောင် ရှာတဲ့ လူဦးရေ ဘယ်လောက်ရှိသလဲဗျာ။ ကျုပ်အနားမယ် ဆယ်ယောက်ထက်မနည်းဗျ။

ကားထောင်စား တဲ့ လူဗျာ။ တစ်ရက် တစ်သောင်းခွဲ အမြင့်ဆုံးဗျ။ တစ်လ လေးသိန်းခွဲ ဆိုတာ အသားတင်မဟုတ်ဘူးနော်။ အမြတ်ခွန်ကျန်သေး၊ တာယာလဲစရာ ချန်ရသေး။ ကားပြင်ဖို့ ဖယ်ရသေးဗျ။ ၀န်ထမ်းလစာတွေထဲ သူတို့က ဒုတိယ အမြင့်ဆုံးခံစားရသူတွေဖြစ်မှာပါ။ သမတကြီးက အမြင့်ဆုံးဖြစ်မှာလို့ ကျုပ်ထင်သပ။ မူလတန်းပြဆရာမ ဘယ်လောက်ရသလဲဗျာ။ ခင်ဗျား…. စဉ်းစားပါ။ အရမ်းမပြောပါနဲ့။ ကျူရှင်ဆိုတာ မြို့ပြယဉ်ကျေးမှုပါ။ ကျေးလက်က ၇၀% ပြည်သူတွေရဲ့ ယဉ်ကျေးမှုမဟုတ်ပါဘူး။

အဝေးကြီးသွားမကြည့်နဲ့ဗျ။ အဝေးပြေးလမ်းမဘေးက တဲတွေ။ လူနေမှု အဆင့်အတန်းတွေ။ နောက် အလုပ်သွားကြတဲ့ ကလေးတွေ ရဲ့ ထမင်းဘူးတွေ ဖွင့်ကြည့်ပါဦးဗျာ။ ဆောက်လုပ်ရေး အလုပ်သမားတွေရဲ့ ထမင်းဘူးလေးများ လှစ်ကြည့်ပါဦးဗျာ။ လူဦးရေ နဲ့ သတင်းစာ စောင်ရေ ယှဉ်ကြည့်ပါဦးဗျာ။ လူဦးရေနဲ့ ဂျာနယ်စောင်ရေ အချိုးချကြည့်ပါဦးဗျ။

ကျုပ်တို့လို လူတန်းစားအတွက်က ခြောက်သိန်း ....... အများကြီးပါဗျာ။ စကားတွေ အရမ်း မပြောနဲ့ဗျ။ ကျုပ်လိုကောင်က စိတ်လေတယ်။

ဘာရာဒွါဂျာ (မြန်မာပြည်)

ဟံသာဝတီ လေဆိပ်သစ်ကို တစ်နှစ်လျှင် ခရီးသည် ၁၂ သန်းဆံ့ တည်ဆောက်ရန် သတ်မှတ်ချက်အား ကိုရီးယားနိုင်ငံက ခရီးသည် ၁၀ သန်းဆံ့ အဆောက်အအုံသာ တည်ဆောက်ရန် တောင်းဆို

(Incheon Airport Consortium ကုမ္ပဏီမှ တာဝန်ယူ တည်ဆောက်မည့် ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်နမူနာ ပုံစံအား တွေ့ရစဉ်)

ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်သစ်ကို မြန်မာနိုင်ငံမှ တစ်နှစ်လျှင် ခရီးသည် ၁၂ သန်းဆံ့ တည်ဆောက်ရန် သတ်မှတ်ချက်အား ကိုရီးယားနိုင်ငံက ခရီးသည် ၁၀ သန်းဆံ့ အဆောက်အုံသာ တည်ဆောက်ရန် တောင်းဆိုကြောင်း သိရသည်။

ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်သစ် တည်ဆောက်ရန် ရွေးချယ်ခံရသည့် ကိုရီးယားနိုင်ငံ Incheon Airport ကုမ္ပဏီနှင့် လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနတို့အကြား လေဆိပ် တည်ဆောက်ရေး သဘောတူ စာချုပ်ချုပ်ဆိုရန် ညှိနှိုင်းဆွေးနွေးမှုတွင် ယင်းသို့ တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင် ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်သစ် တည်ဆောက်ရန် ရွေးချယ်ခံရသည့် ကိုရီးယား ကုမ္ပဏီနှင့် လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနတို့ လိုအပ်ချက်များကို အပြန်လှန် ဆွေးနွေးလျက် ရှိသည်။ ယင်းသို့ ဆွေးနွေးမှုတွင် လေဆိပ်အရွယ်အစား၊ တည်ဆောက်ရေး အချိန်ကာလ စသည့်အချက်များအား ညှိနှိုင်းဆွေးနွေးနေပြီး ဒုတိယအကြိမ် ဆွေးနွေးမှု ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

''ဒုတိယအကြိမ် ညှိနှိုင်းမှုမှာ နှစ်ဖက်လိုလား ချက်တွေကို အပြန်လှန် ညှိနှိုင်းပြီး မြန်မာဘက်က ခွင့်ပြုနိုင်တဲ့ အချက်တွေကို ဆွေးနွေးခဲ့ပါတယ်။ သူတို့ဘက်က လေဆိပ်အရွယ်အစားကို ခရီးသည် ၁၀ သန်းဆံ့ တည်ဆောက်ဖို့ တောင်းဆိုပါတယ်။ ဒီအချက်ကိုတော့ ခွင့်မပြုနိုင်တဲ့ အကြောင်းပြောပြီး သူတို့ဘက်က အကြောင်းပြန်မှာကို စောင့်နေပါတယ်'' ဟု လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းဆွေထွန်းက အောက်တိုဘာ ၂၈ ရက်က ပြောကြားခဲ့သည်။

ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်သစ် တည်ဆောက်ခွင့်ရ ကိုရီးယားနိုင်ငံ မှ Incheon Airport ကုမ္ပဏီနှင့် ဆွေးနွေးရာတွင် တင်ဒါတင်သွင်းစဉ်က စည်းကမ်းချက်များအပေါ် အခြေပြု၍ လက်တွေ့ တည်ဆောက်ရာတွင် လိုအပ်မည့် အချက်များကို ဆွေးနွေးခြင်း ဖြစ်သည့်အတွက် တင်ဒါတင်သွင်းစဉ် အရေးကြီးသည့် စည်းကမ်းချက်များနှင့် ကိုက်ညီမှုမရှိဘဲ ကွဲလွဲနေပါက လက်ခံမည် မဟုတ်ကြောင်း လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးတင်နိုင်ထွန်းက ပြောကြားခဲ့သည်။

ယခုကဲ့သို့ လက်တွေ့ညှိနှိုင်းမှုတွင် တင်ဒါစည်းကမ်း ချက်များနှင့် ကွဲလွဲရာတွင် အရေးကြီးသည့် အဓိက အချက်များ ကွဲလွဲမှုအား မည်သည့် နည်းနှင့်မျှ လက်သင့်ခံမည် မဟုတ်ကြောင်းနှင့် အဓိက မကျသည့် အချက်များ ကွဲလွဲမှုကိုမူ လက်ခံညှိနှိုင်း ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ကိုရီးယားနိုင်ငံမှ Incheon Airport Consortium ကုမ္ပဏီသည် ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်သစ်ကြီးအား ပထမအဆင့် အနေဖြင့် ခရီးသည် ၁၂ သန်း ၀င်ဆံ့နိုင်မည့် လေဆိပ်၊ ပြေးလမ်း၊ လေဆိပ် လုပ်ငန်းနှင့် ဆက်စပ်သည့် ၀န်ဆောင်မှု လုပ်ငန်းများအား ၂၀၁၇ ခုနှစ် ဒီဇင်ဘာတွင် အပြီးတည်ဆောက် ပေးရမည်ဖြစ်သည်။

ဒုတိယအဆင့် အနေဖြင့် တစ်နှစ်လျှင် ခရီးသည် သန်း ၃၀ ၀င်ထွက်နိုင်မည့် လေဆိပ် အဆောက်အအုံနှင့် ဆက်စပ် အဆောက်အအုံများ၊ ဟိုတယ်များ၊ ရှော့ပင်းမောလ်များ၊ ကုန်တိုက်ကြီးများနှင့် လူနေတိုက်ခန်းများ၊ ဆက်စပ်လုပ်ငန်းများ ပါဝင်တည်ဆောက် သွားမည်ဖြစ်သည်။

ယင်းအပြင် ဟံသာဝတီ လေဆိပ်တွင် တစ်နှစ်လျှင် တန် ၇၀၀၀ ဆံ့ ကုန်သိုလှောင်ရုံ တစ်ခုအား တည်ဆောက် သွားမည်ဟု သိရသည်။

Eleven Media Group

စီအိုင်ဒီမှ စစ်ဆေးပြီး ငွေစက္ကူအတုဟု တံဆိပ်ရိုက်နှိပ်ထားသည့် ကျပ် ၁၀၀၀ တန် ပြည်သူများလက်သို့ ပြန်လည်ရောက်ရှိ လာခြင်းအပေါ် ဗဟိုဘဏ်က စစ်ဆေးမှုများ ပြုလုပ်နေ


စီအိုင်ဒီ (မှုခင်းစုံစမ်းရေးဌာန) မှ စစ်ဆေးပြီး ငွေစက္ကူ အတုဟု တံဆိပ်ရိုက်နှိပ် ထားသည့် ကျပ် ၁၀၀၀ တန် ငွေစက္ကူမှာ ပြည်သူများ လှည့်လည် သုံးစွဲနေသည့် ငွေများအကြား ပြန်လည် ရောက်ရှိလာသည့် အတွက် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ သတင်းရရှိသည်။
အောက်တိုဘာ ၃ ရက် ရက်စွဲဖြင့် ထုတ်ဝေခဲ့သည့် Daily Eleven သတင်းစာ၏ 'ပြည်သူတွေက ပေးတဲ့စာ' ကဏ္ဍတွင် မြောက်ဥက္ကလာပ မြို့နယ်နေ ကော်ဖီနှင့် စားသောက်ဆိုင် ဖွင့်လှစ်ရောင်းချသူ ဒေါ်မေပပသွယ်မှ ကျပ် ၁၀၀၀ တန် ငွေစက္ကူအား စက်တင်ဘာ ၂၂ ရက်က ရရှိကြောင်း ပေးပို့ခဲ့သည့်အတွက် သက်သေဖြစ်သည့် ငွေစက္ကူ အတုနှင့်တကွ ဖော်ပြခဲ့သည်။
အဆိုပါ ငွေစက္ကူတွင် စစ်ဆေးရေး ဌာနတစ်ခု၏ တံဆိပ်တုံး၊ ငွေစက္ကူ အတုဟူသော တံဆိပ်တုံး၊ လက်ရေးမှတ်ချက်၊ နေ့စွဲများ ပါဝင်နေကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ငွေစက္ကူအတုများ စစ်ဆေး တွေ့ရှိပါက စီအိုင်ဒီသို့ တင်ပြရပြီး စီအိုင်ဒီ၏ ငွေတုဖြစ်ကြောင်း မှတ်ချက်၊ တံဆိပ်တုံးများဖြင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်သို့ ပြန်လည် ပေးပို့ရကြောင်း သိရသည်။
ငွေစက္ကူအတုနဲ့ ပတ်သက်တဲ့ အမှုတော်တော်များများ လိုက်ဖူးပါတယ်။ လုပ်ငန်း သဘောအရဆိုရင် စီအိုင်ဒီလက်ထဲ ရောက်သွားရင် အရွက်အရေအတွက်၊ ပုံသဏ္ဌာန် စတဲ့ အသေးစိတ် အချက်အလက်တွေကို ရှာဖွေပုံစံနဲ့ သိမ်းတာပါ...

ထိုသို့ ငွေစက္ကအတု၏ စစ်ဆေးချက် အပြည့်အစုံဖြင့် ဖော်ပြထားသည့် ငွေစက္ကူ အတုမှာ ဖျက်ဆီးခြင်း၊ သိမ်းဆည်းခြင်း စသည့် အနေအထား တစ်ခုတွင် ရှိမနေဘဲ ပြည်သူများအကြား လှည့်လည်သုံးစွဲ နေမှုအပေါ် စုံစမ်းစစ်ဆေးရေး အဖွဲ့ဖွဲ့၍ စစ်ဆေးမှုများ ပြုလုပ်နေကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ သိရသည်။
''ဒါက ထူးခြားဖြစ်စဉ် ဖြစ်ပါတယ်။ ငွေစက္ကူ အတုပါ'' ဟု ဗိုလ်ဆွန်ပက်လမ်းရှိ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ခွဲမှ လုပ်ငန်းအရာရှိ ဒေါ်ဖြူဖြူဆွေက အောက်တိုဘာ ၂၈ ရက်က အတည်ပြု ပြောကြားသည်။
''ငွေစက္ကူအတုနဲ့ ပတ်သက်တဲ့ အမှုတော်တော်များများ လိုက်ဖူးပါတယ်။ လုပ်ငန်း သဘောအရဆိုရင် စီအိုင်ဒီလက်ထဲ ရောက်သွားရင် အရွက်အရေအတွက်၊ ပုံသဏ္ဌာန် စတဲ့ အသေးစိတ် အချက်အလက်တွေကို ရှာဖွေပုံစံနဲ့ သိမ်းတာပါ။ ဒီလိုသိမ်းထား ပြီးပြီဆိုရင် ဓာတုဗေဒဌာနတို့၊ ဓာတ်ခွဲခန်းတို့၊ ဘိလစ်စာရေးတို့ လက်ထဲမှာပဲ ရှိနေပြီး မီးရှို့ဖျက်ဆီး ပစ်ခြင်းနဲ့ အဆုံးသတ်ပါတယ်။ ဒီလိုမျိုး လုပ်ရမယ့် ငွေတုတစ်ရွက်က ပြည်သူတွေကြားထဲ ပြန်ရောက်နေတယ် ဆိုတာက ဖြစ်လေ့ဖြစ်ထ မရှိသလို ဖြစ်သင့်တဲ့ ကိစ္စလည်း မဟုတ်ပါဘူး။ ပြီးတော့ ကျွန်တော်တို့ နိုင်ငံက အခုဆို ပြသနာပေါင်းစုံနဲ့ ရင်ဆိုင်နေရတဲ့ ကာလမှ ငွေစက္ကူ အတုပြဿနာ ထပ်ဖြစ်လာတာ ကတော့ စိုးရိမ်စရာ ကောင်းပါတယ်'' ဟု Purple Equity Law Firm မှ ဦးဖိုးဖြူက သုံးသပ်သည်။
ယခုလအတွင်း ရန်ကုန်တိုင်း ဒေသကြီးတွင် ကျပ် ၁၀၀၀ တန် ငွေစက္ကူအတု ရွက်ရေ ၈၀၀၀ ကျော် ဖမ်းဆီးခဲ့မိသည့် ဖြစ်စဉ်များ ဖြစ်ပွားခဲ့သည်။ အလားတူပင် စက်တင်ဘာလ အတွင်းကလည်း မန္တလေးတိုင်း ဒေသကြီး အောင်မြေသာစံ မြို့နယ်တွင် ငွေစက္ကူအတု ဖမ်းဆီးရမိသည့် ဖြစ်စဉ်များ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

Eleven Media Group

နိုင်ငံခြားငွေလက်မှတ် FEC များအား သတ်မှတ်ကာလ ကျော်လွန်ပါက ပြန်လည်အပ်နှံ လဲလှယ်ခြင်း ဆောင်ရွက်ပေးနိုင် တော့မည် မဟုတ်ကြောင်း ဗဟိုဘဏ် နှိုးဆော်ချက် ထုတ်ပြန်


နိုင်ငံခြားငွေလက်မှတ် Foreign Exchange Certificate(FEC) များအား သတ်မှတ်ကာလ ကျော်လွန်ပါက ပြန်လည်အပ်နှံ လဲလှယ်ခြင်း ဆောင်ရွက် ပေးနိုင်တော့မည် မဟုတ်သဖြင့် အချိန်မီ လဲလှယ်ကြရန် မြန်မာနိုင်ငံတော် ဗဟိုဘဏ်က နှိုးဆော်ချက် ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံတော် ဗဟိုဘဏ်သည် ပြည်သူများလက်ဝယ်ထားရှိ ပိုင်ဆိုင်သော နိုင်ငံခြား ငွေလက်မှတ်များ ပြန်လည်ရွေးနုတ် ယူခြင်းကို အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိရာတွင် ကနဦး သတ်မှတ် ကာလဖြစ်သည့် ၂၀၁၃ ခုနှစ် ဧပြီ ၁ ရက်မှ ၂၀၁၃ ခုနှစ် ဇွန် ၃၀ ရက်အထိ ကာလ၌ နိုင်ငံခြား ငွေလက်မှတ် လဲလှယ်သူများ၏ ဆန္ဒနှင့်အညီ အပ်နှံလဲလှယ် နိုင်သည့် အစီအစဉ်များ ဆောင်ရွက်ပေးခဲ့ပြီး ဖြစ်ကြောင်း ဗဟိုဘဏ်၏ ထုတ်ပြန်ချက်အရ သိရသည်။
ဆောင်ရွက်နိုင်ရန် စီစဉ်ထားရှိပြီး ယင်းသတ်မှတ် ကာလဖြစ်သည့် ၂၀၁၄ ခုနှစ် မတ် ၃၁ ရက် ကျော်လွန်ပါက နိုင်ငံခြား ငွေလက်မှတ် အပ်နှံလဲလှယ်ခြင်းကို ဆောင်ရွက်ပေး နိုင်တော့မည် မဟုတ်သဖြင့် နိုင်ငံခြားငွေလက်မှတ် လက်ဝယ်ထားရှိ ပိုင်ဆိုင်ကြသူများ အနေဖြင့် အချိန်မီ အပ်နှံလဲလှယ်ရန် ဗဟိုဘဏ်မှ တိုက်တွန်းကြောင်း ထုတ်ပြန်ချက်တွင် ပါဝင်...

အဆိုပါ အပ်နှံလဲလှယ် ပေးခဲ့သည့် အစီအစဉ်များမှာ နိုင်ငံခြား ငွေလက်မှတ် လဲလှယ်သူ စာရင်းဖွင့်လှစ် ထားသော ဘဏ်ရှိ အမေရိကန်ဒေါ်လာ ငွေစာရင်းသို့ ထည့်သွင်းပေးခြင်း (သို့မဟုတ်) အမေရိကန်ဒေါ်လာဖြင့် ငွေသားထုတ်ပေးခြင်း၊ နိုင်ငံခြား ငွေလက်မှတ် လဲလှယ်သူ အမည်ဖြင့် ဘဏ်တွင် သက်ဆိုင်ရာ နိုင်ငံခြား ငွေစာရင်းအသစ် ဖွင့်လှစ် ထည့်သွင်းခြင်း၊ ဗဟိုဘဏ်မှ နေ့စဉ်ထုတ်ပြန်သည့် ရည်ညွန်းငွေ လဲလှယ်နှုန်းကို အခြေခံသော ငွေလဲကောင်တာများ၏ နိုင်ငံခြားငွေ ၀ယ်ဈေးနှုန်းဖြင့် ပြောင်းလဲတွက်ချက် ရရှိသော ကျပ်ငွေကို နိုင်ငံခြားငွေလက်မှတ် လဲလှယ်သူ ဖွင့်လှစ်ထားသော ကျပ်ငွေစာရင်းသို့ ထည့်သွင်းခြင်း၊ နိုင်ငံခြားငွေလက်မှတ် လဲလှယ်သူ အမည်ဖြင့် သက်ဆိုင်ရာဘဏ်၌ ကျပ်ငွေစာရင်းသစ် ဖွင့်လှစ် ထည့်သွင်းခြင်း (သို့မဟုတ်) ကျပ်ငွေဖြင့် ငွေသားထုတ်ပေးခြင်းတို့ ဖြစ်ကြောင်း သိရသည်။
ထို့အပြင် ဗဟိုဘဏ်၏ ထုတ်ပြန်ချက်၌ နိုင်ငံခြား ငွေလက်မှတ်များကို ကနဦး သတ်မှတ် ကာလအတွင်း အကြောင်း အမျိုးမျိုးကြောင့် အပ်နှံလဲလှယ်နိုင်ခြင်း မရှိသူများသည် ကနဦး ကာလအတွင်း မဆောင်ရွက် နိုင်ခြင်းအတွက် ခိုင်လုံသော အကြောင်းပြချက် ရေးသားဖော်ပြ တင်ပြကာ ၂၀၁၃ ခုနှစ် ဇူလိုင် ၁ ရက်မှ ၂၀၁၄ ခုနှစ် မတ် ၃၁ ရက်အထိ နိုင်ငံခြားငွေများ ရောင်းဝယ် ဖောက်ကားသည့် လုပ်ငန်းလိုင်စင်ရ ဘဏ်များတွင် အပ်နှံလဲလှယ် နိုင်ကြောင်း အသိပေး ကြေညာပြီး ဖြစ်ကြောင်း ပါဝင်သည်။
သို့ဖြစ်၍ နိုင်ငံခြားငွေများ ရောင်းဝယ် ဖောက်ကားသည့် လုပ်ငန်းလိုင်စင်ရ ဘဏ်များတွင် နိုင်ငံခြား ငွေလက်မှတ် အပ်နှံလဲလှယ်ခြင်းကို အထက်ဖော်ပြပါ နည်းများဖြင့် ဆောင်ရွက်နိုင်ရန် စီစဉ်ထားရှိပြီး ယင်းသတ်မှတ် ကာလဖြစ်သည့် ၂၀၁၄ ခုနှစ် မတ် ၃၁ ရက် ကျော်လွန်ပါက နိုင်ငံခြား ငွေလက်မှတ် အပ်နှံလဲလှယ်ခြင်းကို ဆောင်ရွက်ပေး နိုင်တော့မည် မဟုတ်သဖြင့် နိုင်ငံခြားငွေလက်မှတ် လက်ဝယ်ထားရှိ ပိုင်ဆိုင်ကြသူများ အနေဖြင့် အချိန်မီ အပ်နှံလဲလှယ်ရန် ဗဟိုဘဏ်မှ တိုက်တွန်းကြောင်း ထုတ်ပြန်ချက်တွင် ပါဝင်သည်။